အခန်း ၁၈၉
Vol. 19 Ch. 189
အခန်း (၁၈၉)
ဒုန်း
ရိုနယ်က စင်မြင့်ကို သူ့လက်သီးနဲ့ ပြင်းပြင်းထန်ထန် ထုချလိုက်တယ်။ ဘာလုပ်ရမှန်းမသိဘဲ ထိတ်လန့်တုန်လှုပ်နေကြတဲ့ သတင်းထောက်တွေအားလုံးက သူ့ဆီကိုပဲ လှည့်ကြည့်လာကြ တော့တယ်။
ရိုနယ်က ပြတ်သားတည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
"မဟာငလျင်ကြီး ရောက်လာတော့မယ်ဆိုတာကို ကျွန်တော်တို့ ကြိုသိခဲ့ပါတယ်။ အစိုးရအနေနဲ့လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေအားလုံးကို စနစ်တကျ လုပ်ဆောင်ထားခဲ့ပြီးပြီ။ ကျွန်တော် အခုချက်ချင်းပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးစီးဖို့ ကယ်လီဖိုးနီးယားကို သွားပါမယ်"
အိမ်ဖြူတော်ရဲ့ အရေးပေါ် ထုတ်ပြန်ချက်က အဲဒီနေရာမှာတင် ပြီးဆုံးသွားခဲ့ပြီး တီဗီစခရင်က ပြောင်းလဲသွားခဲ့တယ်။
ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ တက်ဂယူက ကျွန်တော့်ကို ကြည့်ရင်း မေးလာတယ်။
"ငါတို့ အခု ဘေးကင်းသွားပြီလား"
"ငါတို့ အသက်ရှင်သေးတာပဲ"
ကျွန်တော် တီဗီစခရင်ဆီကို လက်ညှိုးထိုးပြလိုက်တယ်။
"ဒါပေမဲ့ အဲ့ကလူတွေကတော့ သေကုန်ကြပြီ"
ခုနတင်ပဲ ရိုနယ်ကို ပြသနေခဲ့တဲ့ စခရင်ပေါ်မှာ အခုတော့ ဆန်ဖရန်စစ္စကိုမြို့ကြီးကို ပြသနေခဲ့ရပြီ။ လှပပြီး သက်ဝင်လှုပ်ရှားနေခဲ့တဲ့ မြို့ပြကြီးက အခုတော့ အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့ရပြီလေ။
အနောက်ဘက်ကမ်းရိုးတန်းမှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်က အရှေ့ဘက်ကမ်းရိုးတန်းအထိပါ တုန်ခါသွားစေခဲ့တာ ဖြစ်လို့ ပြင်းအားက ဘယ်လောက်တောင် ရှိမလဲဆိုတာ ရှင်းပြနေဖို့တောင် မလိုတော့ပါဘူး။
ဆန်ဖရန်စစ္စကိုမြို့ရဲ့ အထင်ကရနေရာတွေ ဖြစ်ကြတဲ့ ဂိုးဒန်းဂိတ် တံတားကြီး နဲ့ Bay Bridge တို့ကပါ ပြင်းထန်တဲ့ ရိုက်ခတ်မှုကို မခံနိုင်တော့ဘဲ ကျိုးပြတ်ပျက်စီးသွားခဲ့ကြရပါပြီ။
တောင်ခံနိုင်ဖို့ မနည်းကြိုးစားနေရတဲ့ မိုးမျှော်တိုက်ကြီးတွေကလည်း ဒိုမီနိုတုံးတွေလိုမျိုး တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးကုန်ကြပြီး နေရာအနှံ့မှာ မီးခိုးလုံးကြီးတွေနဲ့ ဖုန်မှုန့်တွေ ပြည့်နှက်လို့နေခဲ့တယ်။
ဒါက ကမ္ဘာပျက်ကပ် ရုပ်ရှင်တွေထဲက မြင်ကွင်းတစ်ခုလို ဖြစ်နေခဲ့ပေမဲ့ ဘယ်ရုပ်ရှင်ကမှတော့ အခုလောက်အထိ ထိတ်လန့်စရာ မကောင်းနိုင်တာ အသေအချာပါပဲ။
ကျွန်တော် နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ရပါပြီ။
ကယ်လီဖိုးနီးယားပြည်သူတွေက ဘာဖြစ်လို့ ဒီငလျင်ကို The big oneလို့ အမြဲတမ်း ခေါ်ဆိုနေခဲ့ကြတာလဲဆိုတာကို အခုမှပဲ ကောင်းကောင်းကြီး နားလည်သွားခဲ့ရတော့တယ်။
လွန်ခဲ့တဲ့ နှစ်လလုံးလုံး အမေရိကန်ပြည်ထောင်စုမှာ ကမောက်ကမ ဖြစ်မှုတွေက ကြီးစိုးနေခဲ့တာပါ။
မဟာငလျင်ကြီး အပေါ် စိုးရိမ်ထိတ်လန့်မှုတွေကနေ စတင်ခဲ့တဲ့ မတည်ငြိမ်မှုတွေက နောက်ဆုံးမှာ သမ္မတကို စွဲချက်တင်တဲ့အထိ ကူးစက်သွားခဲ့ရတယ်။ သဘာဝဘေးအန္တရာယ်အပေါ် စိုးရိမ်စိတ်တွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ပေါင်းစပ်သွားခဲ့တာကြောင့် အခြေအနေက ထိန်းချုပ်မရလောက်အောင် ဆိုးရွားသွားခဲ့တာပါ။
ဒါတွေအားလုံး ဖြစ်ပျက်နေခဲ့တာတောင်မှ ပါမောက္ခ ကီရန်မိုဟန်နဲ့ ကန်ဂျင်ဟူတို့က သူတို့ရဲ့ အဆိုပြုချက်တွေကို လုံးဝ ပြန်မရုပ်သိမ်းခဲ့ကြသလို သမ္မတ ရိုနယ်ကလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အစီအစဉ်တွေကိုပဲ ဇွတ်အတင်း တွန်းအားပေး လုပ်ဆောင်ခဲ့တယ်။
တစ်ကမ္ဘာလုံးက အမေရိကန်ကို လှောင်ပြောင်ခဲ့ကြတယ်။ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကြီးက အခုလိုမျိုး လှောင်ပြောင်စရာ ဖြစ်လာခဲ့ရတဲ့ တစ်ခုထဲသော အကြောင်းပြချက်ကလည်း ရှိနေခဲ့တာပဲလေ။
Timeမဂ္ဂဇင်း က ကန်ဂျင်ဟူကို "၂၁ ရာစုရဲ့ ရပ်စ်ပူတင်" လို့တောင် သရော်ပြီး ရေးသားခဲ့ကြတယ်။
ရပ်စ်ပူတင်ဆိုတာ ရုရှားအင်ပါယာခေတ်တုန်းက လျှို့ဝှက်ဆန်းပြားတဲ့ အကြားအမြင်ဆရာနဲ့ လိမ်လည်သူ တစ်ယောက်ပါ။ သူ့ကို အကြွင်းမဲ့ ယုံကြည်ခဲ့တဲ့ ရုရှားဧကရာဇ် နီကိုးလပ်စ် ၂က အာဏာလက်လွှတ်ခဲ့ရပြီး ရိုမန်နော့ဗ် မင်းဆက်လည်း သမိုင်းထဲကနေ ပျောက်ကွယ်သွားခဲ့ရတယ်။
နိုင်ငံရေး ဝေဖန်သူတစ်ယောက်ကတော့ "ကန်ဂျင်ဟူက ရိုနယ်ကို သမ္မတ ဖြစ်အောင် လုပ်ပေးခဲ့ပြီး အခုတော့ အဲဒီရာထူးကနေ ပြန်ဖြုတ်ချလိုက်ပြီ" လို့ သုံးသပ်ခဲ့တယ်။
ထူးဆန်းတာက သမ္မတကို စွဲချက်တင်ဖို့ ဦးဆောင်နေခဲ့တဲ့ ဒုတိယသမ္မတ မိုက်ဘောင်ဝါကလည်း ရိုနယ် သမ္မတ ဖြစ်လာဖို့ အဓိက ကူညီပေးခဲ့တဲ့ လူတစ်ယောက် ဖြစ်နေပြန်တာပါပဲ။
ပြည်သူတွေက ဒါကို ထပ်ပြီး မအောင့်အီးနိုင်ကြတော့ဘဲ အုံကြွလာခဲ့ကြတယ်။ ဆန္ဒပြမှုတွေက အမေရိကန်တစ်ဝန်းမှာ တောမီးလိုမျိုး ကူးစက်သွားခဲ့တယ်။ သူတို့က Blue Bell မီးဘေးအန္တရာယ်ကြောင့် သေဆုံးသွားခဲ့ရတဲ့ လူတွေအတွက် ဝမ်းနည်းပူဆွေးနေကြရင်း တစ်ဖက်မှာလည်း ကန်ဂျင်ဟူနဲ့ ရိုနယ်တို့ကို ပြင်းပြင်းထန်ထန် ရှုတ်ချနေခဲ့ကြတာပါ။
ဒင်းဗာ စတီဗင်ဆန်။
နယူးယောက်ပြည်နယ် တက္ကသိုလ်က ကျောင်းသားတစ်ယောက် ဖြစ်တဲ့သူဟာ နယူးယောက်မှာ ရိုနယ်ကို ဖြုတ်ချရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့လူပါ။
ဒါက စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမျိုး မဟုတ်ဘဲ FaceNote ပေါ်မှာ အချိန်နဲ့ နေရာကို တင်ပေးလိုက်ရုံနဲ့တင် စိတ်တူကိုယ်တူ ရှိတဲ့လူတွေ ထောင်နဲ့ချီပြီး အမြဲတမ်း စုမိသွားခဲ့ကြတာပါ။
သူတို့က လမ်းမတွေပေါ်မှာ စီတန်းလှည့်လည်ရင်း ကြွေးကြော်သံတွေကို ဟစ်အော်နေခဲ့ကြတယ်။ ဒီနေ့ကတော့ အောက်လွှတ်တော်မှာ စွဲချက်တင်မှုအတွက် မဲခွဲဆုံးဖြတ်မယ့်နေ့ပါပဲ။ စွဲချက်တင်ဖို့ ဆုံးဖြတ်ချက်က အပြတ်အသတ် အောင်မြင်သွားပြီဆိုတဲ့ သတင်း ထွက်ပေါ်လာတဲ့အခါမှာတော့ ဆန္ဒပြသူတွေအားလုံးက စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်ကြ တော့တယ်။
ဒင်းဗာက အော်လံကို ကိုင်ပြီး အော်ပြောလိုက်တယ်။
"ဒါက အမေရိကန် ဒီမိုကရေစီရဲ့ အောင်ပွဲပဲ၊ ပြီးတော့ ကျွန်တော်တို့ အမေရိကန် ပြည်သူတွေရဲ့ အောင်ပွဲလည်း ဖြစ်တယ်"
"ယေး"
"ရိုနယ်၊ ရာထူးက ဆင်းပေး"
"ဆင်းပေး၊ ဆင်းပေး"
"ကန်ဂျင်ဟူကို အပြစ်ပေးကြ"
"အပြစ်ပေး၊ အပြစ်ပေး"
ကော်ပိုရိတ် ကြော်ငြာတွေ အမြဲတမ်း ပြသနေကျ ဖြစ်တဲ့ ဧရာမ လျှပ်စစ်ပိုစတာကြီးပေါ်မှာ "သမ္မတရဲ့ အရေးပေါ် ထုတ်ပြန်ချက်" ဆိုတဲ့ စာတန်းနဲ့အတူ သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။
သမ္မတ ရာထူးကနေ နှုတ်ထွက်ရတော့မယ့် မကြုံစဖူး ထူးခြားတဲ့ အခြေအနေကြောင့် ဆန္ဒပြသူတွေတင်မကဘဲ လမ်းသွားလမ်းလာတွေပါ အားလုံး ခြေလှမ်းတွေကို ရပ်တန့်ပြီး လျှပ်စစ်ပိုစတာကြီးနဲ့ သူတို့ရဲ့ စမတ်ဖုန်းတွေကိုပဲ စိုက်ကြည့်နေခဲ့ကြတယ်။
အထက်လွှတ်တော်ရဲ့ မဲခွဲမှု မတိုင်ခင် ဒီလို အရေးကြီးတဲ့ အချိန်မှာ သမ္မတရဲ့ အရေးပေါ် ထုတ်ပြန်ချက် ပေါ်လာတယ်ဆိုတာက အဓိပ္ပာယ် တစ်ခုထဲပဲ ရှိတာလေ။
ဆန္ဒပြသူတွေအားလုံးက ရူးသွပ်မတတ် အောင်ပွဲခံ အော်ဟစ်လိုက်ကြတော့တယ်။
"ဟေး"
ရိုနယ် ရာထူးကနေ နှုတ်ထွက်တော့မယ်ဆိုတာက အခုအချိန်မှာတော့ သေချာသွားခဲ့ပါပြီ။
လမ်းမတွေပေါ်မှာ ပြည့်နှက်နေတဲ့ အော်ဟစ်သံတွေက ကျယ်လောင်လွန်းတာကြောင့် တီဗီက ထွက်လာတဲ့ အသံတွေကိုတောင် မကြားရတော့ဘူး။
အဲဒီအချိန်မှာတင်……
မြေပြင်က ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး လူတွေအားလုံး လဲကျကုန်ကြတော့တယ်။
"ဟမ်… ဘာဖြစ်တာလဲ"
"ဘာတွေ ဖြစ်နေတာလဲ"
"ခုနက ဘာဖြစ်သွားတာလဲ"
ဆန္ဒပြသူတွေက တစ်ယောက် မျက်နှာ တစ်ယောက် မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်မိကြတယ်။ လမ်းမကြီးတစ်ခုလုံးက ခဏလေးအတွင်း အပ်ကျသံကို ကြားရတဲ့အထိ ငြိမ်သက်သွားခဲ့ရပြီ။ အဲဒီအချိန်မှာပဲ ရိုနယ်ရဲ့ အသံက ထွက်ပေါ်လို့လာခဲ့တယ်။
"မဟာငလျင်ကြီး ရောက်လာပြီ"
လူတိုင်းရဲ့ မျက်နှာမှာ မယုံကြည်နိုင်တဲ့ အမူအရာတွေ ဖြစ်နေခဲ့ကြတယ်။
မဟာငလျင်ကြီး ရောက်လာပြီ ဟုတ်လား။ အခုတင်ပဲ ဖြစ်သွားတာက ခဏတာ တုန်ခါမှုသက်သက်ပဲလေ။ ဒါက စွဲချက်တင်ခံရမှာကို ရှောင်လွှဲဖို့အတွက် လုပ်ကြံဖန်တီးထားတဲ့ ဆင်ခြေတစ်ခုများလား။
ဒါပေမဲ့လည်း အဲဒီလျှပ်စစ်ပိုစတာကြီးပေါ်မှာ ဆန်ဖရန်စစ္စကိုမြို့ရဲ့ မြင်ကွင်းတွေကို ရုတ်တရက် ပြသလိုက်တဲ့အခါမှာတော့……
အမေရိကန်မှာ နေထိုင်ရတာ အကောင်းဆုံးနဲ့ ကုန်ကျစရိတ် အများဆုံးလို့ လူသိများတဲ့ မြို့ကြီးက အခုတော့ လုံးဝ ပြိုကျပျက်စီးသွားခဲ့ရပါပြီ။ မြို့ပြရဲ့ အလှအပကို ပုံဖော်ပေးထားခဲ့တဲ့ မိုးမျှော်တိုက်ကြီးတွေကလည်း မြေပြင်ပေါ်ကို ပြိုကျပျက်စီးကုန်ကြပြီလေ။
သတင်းထောက်က တစ်ခုခုကို အော်ပြောနေခဲ့ပေမဲ့ သူ့ရဲ့ အသံက ရဟတ်ယာဉ်သံတွေနဲ့ ဆူညံသံတွေအောက်မှာ ပျောက်ကွယ်နေခဲ့ရတယ်။
ဒါက တကယ့်ကို လက်တွေ့မဆန်တဲ့ မြင်ကွင်းတစ်ခုလို ဖြစ်နေခဲ့ပါတယ်။
လူအနည်းငယ်က သတင်းတွေကို စစ်ဆေးဖို့အတွက် သူတို့ရဲ့ စမတ်ဖုန်းတွေကို အလျင်အမြန် ထုတ်လိုက်ကြတယ်။ သတင်းစာမျက်နှာတစ်ခုလုံးမှာလည်း မဟာငလျင်ကြီး နဲ့ ပတ်သက်တဲ့ သတင်းတွေချည်းပဲ ပြည့်နှက်နေပါတယ်။
[မဟာငလျင်ကြီး ရောက်လာပြီ]
[ဆန်ဖရန်စစ္စကိုမှာ ပြင်းအား ၉.၈ ရှိတဲ့ ငလျင် လှုပ်ခတ်]
[ငလျင် တိုင်းတာမှု သမိုင်းတစ်လျှောက်မှာ အမြင့်ဆုံး ပြင်းအား]
[အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး ကပ်ဘေး]
[ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရက အခြေအနေတွေကို အကဲဖြတ်နေဆဲ]
လူအုပ်ကြီးထဲကနေ အော်ဟစ်ငိုယိုသံတွေ ထွက်ပေါ်လာခဲ့တော့တယ်။
"ဒါက အဓိပ္ပာယ်မရှိတာပဲ"
"ဒါက တကယ် ဖြစ်နိုင်ပါ့မလား"
"ဒီလိုမျိုး ဘယ်လိုလုပ် ဖြစ်လာရတာလဲ"
"အို၊ ဘုရားသခင်"
ဆန္ဒပြမှုကို ဦးဆောင်နေခဲ့တဲ့ ဒင်းဗာက လူတစ်ယောက်ရဲ့ နာမည်ကို ချက်ချင်း သတိရသွားခဲ့မိတယ်။
လူတိုင်းရဲ့ အပြစ်တင် ရှုတ်ချမှုတွေနဲ့ လှောင်ပြောင်မှုတွေကို ခံနေခဲ့ရတာတောင်မှ အရာအားလုံးကို ရင်းပြီး မဟာငလျင်ကြီး အကြောင်းကို တစ်ဦးထဲ သတိပေးနေခဲ့တဲ့လူ။ အခုတော့ အဲဒီသတိပေးချက်က တကယ့် လက်တွေ့ ဖြစ်လာခဲ့ရပြီလေ။
သူက ကိုင်ထားတဲ့ အော်လံကို ကြမ်းပြင်ပေါ် ချလိုက်မိပြီး ငေးငိုင်စွာနဲ့ ရေရွတ်လိုက်မိတော့တယ်။
"ငါ ဘာတွေ လုပ်မိခဲ့တာလဲ"
စောနကတင်ပဲ ဆိုင်းဘုတ်တွေကို ကိုင်ပြီး ကြွေးကြော်သံတွေ အော်ဟစ်နေခဲ့ကြတဲ့ ပြည်သူတွေကလည်း အခုတော့ ထိတ်လန့်တုန်လှုပ်စွာနဲ့ အော်ဟစ်နေကြရပြီ။
"ချီး"
"နောက်ဆက်တွဲ ငလျင်အကြောင်း သတိပေးချက်က အမှန် ဖြစ်နေခဲ့တာပဲ"
"အဲဒီလူ ပြောခဲ့တာတွေက တကယ့်ကို တစ်သွေမတိမ်း မှန်နေခဲ့တာပဲ"
စွဲချက်တင်မှု ဥပဒေကြမ်းကို အပြတ်အသတ် မဲအနိုင်ပေးပြီး အတည်ပြုခဲ့တဲ့ အောက်လွှတ်တော်ထဲမှာတော့ အောင်ပွဲခံတဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။
အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းက အခုဆိုရင် အထက်လွှတ်တော်ဆီကို ဦးတည်နေခဲ့ပါပြီ။ တကယ်လို့ သမ္မတသာ ရာထူးကနေ မနှုတ်ထွက်ရင် သူ့ကို ရာထူးကနေ ဖယ်ရှားဖို့အတွက် ချက်ချင်းပဲ မဲခွဲဆုံးဖြတ်တော့မှာပါ။
ဒါပေမဲ့လည်း…… အဲဒီအချိန်မှာတင် မဟာငလျင်ကြီး က ရောက်ရှိလို့လာခဲ့တယ်။
စောနကတင်ပဲ အော်ဟစ်အောင်ပွဲခံနေခဲ့ကြတဲ့ အောက်လွှတ်တော်ကြီးတစ်ခုလုံးက အခုတော့ ရုတ်တရက် ငြိမ်သက်သွားခဲ့ရပါပြီ။
သူတို့က သမ္မတဟာ ရူးသွပ်နေတဲ့ ပါမောက္ခတစ်ယောက်နဲ့ ကိုရီးယားက စျေးကွက်ကစားသမားတစ်ယောက်ရဲ့ စကားကို ယုံကြည်ပြီး အမေရိကန်ကို ဖျက်ဆီးနေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စွဲချက်တင်ခဲ့ကြတာလေ။
ဒါပေမဲ့လည်း မဟာငလျင်ကြီး တကယ် ရောက်လာခဲ့တဲ့ အချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ရပါပြီ။
ပါမောက္ခ မိုဟန်က ကပ်ဘေးကြီးကို တိတိကျကျ ခန့်မှန်းနိုင်ခဲ့တာ ဖြစ်သလို ကန်ဂျင်ဟူကလည်း အမှန်တရားကို ဖော်ထုတ်ဖို့အတွက် သူ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ရင်းခဲ့တာပါ။ သမ္မတ ရိုနယ်က အမေရိကန်ကို ဖျက်ဆီးနေခဲ့တာ မဟုတ်ဘဲ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံး အစီအမံတွေကို လုပ်ဆောင်နေခဲ့တာ ဖြစ်နေခဲ့ပါတယ်။
သူတို့တွေက အခုလိုမျိုး တကယ့် သမ္မတကောင်းတစ်ယောက်ကို စွဲချက်တင်ဖို့ မဲပေးမိခဲ့ကြတာပဲ။
စွဲချက်တင်ဖို့ အသံကျယ်ကျယ်နဲ့ တောင်းဆိုနေခဲ့ကြတဲ့ အထက်လွှတ်တော်ကလည်း အခြေအနေတွေ ဖြစ်ပျက်ပြီးတာနဲ့ ချက်ချင်းပဲ သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲလိုက်ကြပြီး စွဲချက်တင်မှု ဥပဒေကြမ်းကို ပယ်ချလိုက်ကြတော့တယ်။
နောက်ဆုံးတော့ အောက်လွှတ်တော်ကလူတွေပဲ လူမိုက်ကြီးတွေ ဖြစ်သွားခဲ့ကြရတာပေါ့။
ရစ်ပတ်ဘလစ်ကန် အမတ်တစ်ယောက်က အောက်လွှတ်တော် ဥက္ကဋ္ဌကို မေးလိုက်တယ်။
"ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ"
ဥက္ကဋ္ဌက ကင်မရာ ရှိနေတာကိုတောင် မေ့သွားပြီး ညည်းတွားလိုက်မိတော့တယ်။
"မင်းမေ…… လီးပဲ……"
မဟာငလျင်ကြီး ရောက်လာတော့မယ်ဆိုတာကို ကျွန်တော် ကြိုသိခဲ့တာပါ။
ဒါပေမဲ့ ဒါက တကယ့် လက်တွေ့ ဖြစ်လာခဲ့တဲ့ အချိန်မှာတော့ ကျွန်တော် စိတ်ကို ပြန်မစုစည်းနိုင်တော့ဘူး။ လက်တွေ့ မြင်ကွင်းက ကျွန်တော် စိတ်ကူးယဉ်ခဲ့တာတွေထက် ပိုပြီး ဆိုးရွားလွန်းနေခဲ့တယ်။
လူပေါင်း ဘယ်လောက်တောင် သေဆုံးသွားခဲ့ရပြီလဲဆိုတာကို တွေးမိရုံနဲ့တင် ကျွန်တော့်ရဲ့ ခြေလက်တွေက တုန်လှုပ်ခြောက်ခြားလာရတယ်။
ဒီ မဟာငလျင်ကြီး နဲ့ နှိုင်းယှဉ်ရင် မက္ကဆီကိုမှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်နှစ်ခုက ကလေးကစားစရာလိုမျိုး ဖြစ်သွားခဲ့ရပါပြီ။
ကျွန်တော့်ရဲ့ စိတ်ထဲမှာ ကမောက်ကမ ဖြစ်နေခဲ့ရတယ်။
ကျွန်တော် တကယ်ပဲ အကောင်းဆုံး လုပ်ဆောင်ခဲ့ရဲ့လား။ ဒီထက်မက ပိုပြီး ကောင်းအောင် လုပ်နိုင်ခဲ့ပေမဲ့ မလုပ်မိခဲ့တာများလား။
အချိန်က တိုတောင်းလွန်းခဲ့တယ်။ တကယ်လို့ ကျွန်တော်တို့မှာ နောက်ထပ် တစ်လ၊ မဟုတ်ဘူး၊ နောက်ထပ် နှစ်ပတ်လောက်ပဲ အချိန်ပို ရခဲ့ရင်တောင်မှ……
"မင်း ဘာလုပ်နေတာလဲ"
"ဟမ်"
ကျွန်တော် လှည့်ကြည့်လိုက်တဲ့အခါ ခုနတင်ပဲ တီဗီမှာ ပေါ်နေခဲ့တဲ့ ရိုနယ်က ကျွန်တော့်ဘေးနားမှာ မတ်တပ်ရပ်နေတာပါ။
သူက ကျွန်တော့်ရဲ့ ကျောကို သူ့လက်ဝါးနဲ့ ပြင်းပြင်းထန်ထန် ပုတ်ပေးရင်း ပြောလာတယ်။
"ငါတို့ အခုချက်ချင်းပဲ ကယ်လီဖိုးနီးယားကို သွားကြမယ်။ ငါ့နောက်ကို လိုက်ခဲ့"
ကျွန်တော် ဘာဖြစ်လို့လဲလို့ ပြန်မမေးတော့ဘဲ ငေးငိုင်စွာနဲ့ပဲ ခေါင်းညိတ်လိုက်မိတော့တယ်။
"ဟုတ်ကဲ့။ နားလည်ပါပြီ"
ကျွန်တော် တက်ဂယူကို ပြောလိုက်တယ်။
"မင်း ဒီကနေပဲ ကိုရီးယားကို ပြန်နှင့်တော့။ ငါ ဒီမှာ အလုပ်တွေ ဖြတ်ပြီးတာနဲ့ မင်းဆီကို လိုက်လာခဲ့မယ်။ အယ်လီနဲ့ အစ်မ ဟျွန်းဂျူးကိုလည်း ငါ့စကား ပါးပေးပါဦး။ အာ…. ပြီးတော့ စီနီယာ ဆန်းယော့နဲ့ ဟင်နရီကိုလည်း ပြောပေးပါဦး"
"အေးပါ၊ သတိထားသွားဦးနော်"
ပစ္စည်းတွေကို သီးသန့် ထုပ်ပိုးနေဖို့ အချိန်မရှိတော့ဘူး။
ကျွန်တော် ရိုနယ်ရဲ့ နောက်ကို လိုက်သွားတဲ့အချိန်မှာ သူ့ရဲ့ လက်ထောက်က တားဆီးဖို့ ကြိုးစားလာတယ်။
"ကယ်လီဖိုးနီးယားက အန္တရာယ်များပါတယ်။ သမ္မတကြီး။ သမ္မတကြီးအနေနဲ့ ဒီမှာပဲ နေနေတာက ပိုပြီး……"
ရိုနယ်က သူ့ကို ပြတ်ပြတ်သားသားပဲ ဟောက်လိုက်တော့တယ်။
"အဲဒီ အန္တရာယ်များတဲ့ နေရာမှာ ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေတဲ့ ပြည်သူတွေ ရှိနေတာကွ။ မင်းက ဘေးကင်းတဲ့ နေရာမှာ ပုန်းအောင်းနေပြီး တခြားလူတွေကိုပဲ သွားကယ်ခိုင်းဖို့ တွန်းအားပေးနေတာလား"
ကျွန်တော်တို့ အဆောက်အဦး ပြင်ပကို ရောက်တဲ့အခါ ဒုတိယသမ္မတ မိုက်ဘောင်ဝါက အဲဒီမှာ ရပ်နေခဲ့တယ်။ သူက သူ ဘာလုပ်မိခဲ့လဲဆိုတာကိုတောင် မသိတော့တဲ့ ပုံစံနဲ့ စိတ်လွတ်နေခဲ့ရပါပြီ။
သူလည်း အခြေအနေတွေက ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့တာ အသေအချာပါပဲ။
"ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်……"
ရိုနယ်က သူ့ရဲ့ ပုခုံးကို အသာအယာ ပုတ်ပေးရင်း ပြောလိုက်တယ်။
"အခုအချိန်မှာ အခြေအနေတွေကို ပြန်လည် ထိန်းချုပ်ဖို့က ပထမဦးစားပေးပဲ။ ကျွန်တော် အခုချက်ချင်းပဲ အခင်းဖြစ်ပွားရာ နေရာကို သွားမယ်၊ ခင်ဗျားကတော့ အိမ်ဖြူတော်မှာ ကျန်ခဲ့ပြီး အခြေအနေတွေကို ထိန်းချုပ်ပေးပါ"
သူ ပြောခဲ့သလိုပဲ။ ကျွန်တော်တို့က ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက်ပဲ အင်အားအားလုံးကို စုစည်းထားဖို့ လိုအပ်တာပါ။ ကျန်တဲ့ အသေးစိတ် ကိစ္စတွေကိုတော့ ဒါတွေ အားလုံး ပြီးဆုံးသွားမှပဲ ရှင်းလင်းကြတာပေါ့။
ဒုတိယသမ္မတ မိုက်ဘောင်ဝါရဲ့ မျက်လုံးတွေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ရပါပြီ။
"အာ…. ကျွန်တော် နားလည်ပါပြီ"
ယာဉ်တန်းက အနီးအနားမှာ ရှိတဲ့ လေဆိပ်ဆီကို တန်းတန်းမတ်မတ် ဦးတည် မောင်းနှင်သွားခဲ့ကြတယ်။
လေဆိပ်မှာတော့ အမေရိကန် သမ္မတရဲ့ တရားဝင် လေယာဉ်ဖြစ်တဲ့ Air Force Oneက ပျံသန်းဖို့အတွက် အဆင်သင့် ဖြစ်နေပါတယ်။
ရိုနယ်က တည်ကြည်တဲ့ မျက်နှာထားနဲ့ လေယာဉ်ပေါ်ကို အရင်ဆုံး တက်သွားခဲ့ပြီး ကျန်တဲ့လူတွေကလည်း သူ့နောက်ကနေ လိုက်ပါသွားခဲ့ကြတယ်။
သတင်းသတ်မားတွေကတော့ ဒီမြင်ကွင်းကို ကင်မရာထဲမှာ မှတ်တမ်းတင်ဖို့အတွက် ကင်မရာခလုတ်တွေကို ဆက်တိုက် နှိပ်နေခဲ့ကြတော့တယ်။
လူတစ်ယောက်ရဲ့ ဘဝမှာ Air Force One လေယာဉ်ပေါ်ကို တက်ခွင့်ရဖို့ဆိုတာ ဘယ်လိုမျိုး ရှင်သန်ဖို့လိုလဲ။
ကျွန်တော်က အမေရိကန် နိုင်ငံသားတောင် မဟုတ်ဘဲ ကိုရီးယား လူမျိုးတစ်ယောက် ဖြစ်နေခဲ့တာလေ။
"ကောင်းကင်ပေါ်က အိမ်ဖြူတော်" လို့ လူသိများတဲ့ Air Force Oneပေါ်မှာတော့ သမ္မတရုံးခန်း၊ အစည်းအဝေးခန်း၊ ဆေးဘက်ဆိုင်ရာ အခန်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေး စနစ်တွေ အပြည့်အဝ တပ်ဆင်ထားတာပါ။
အစည်းအဝေးခန်းထဲမှာတော့ ရိုနယ် အပါအဝင် အဓိက အာဏာပိုင်တွေ အားလုံး စုစည်းနေခဲ့ကြပြီး ကျွန်တော်လည်း အဲဒီအစည်းအဝေးမှာ ပါဝင်ခဲ့ရတယ်။ မြင်ကွင်းတစ်ခုလုံးကိုလည်း မှတ်တမ်းတင်နေခဲ့ကြတယ်။
ရိုနယ်က ကျွန်တော့်ကို မေးလာတယ်။
"OTK ကုမ္ပဏီအနေနဲ့ အမေရိကန်မှာ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဘယ်လောက်အထိ သိုလှောင်ထားခဲ့ပြီးပြီလဲ"
"ကျွန်တော် စာရင်းနဲ့ ပမာဏတွေကို ကပ်ဘေး တုံ့ပြန်ရေး ဌာနချုပ်ဆီကို တင်ပြထားခဲ့ပြီးပါပြီ။ အခုအချိန်မှာလည်း တရုတ်နဲ့ ဗီယက်နမ်လို နိုင်ငံတွေကနေ ပစ္စည်းတွေကို ဆက်တိုက် ထုတ်လုပ်ပြီး သယ်ယူပို့ဆောင်နေတုန်းပါ"
ပထမပိုင်း ထုတ်လုပ်မှုတွေကိုတော့ ရေကြောင်းကနေ သယ်ယူခဲ့တာ ဖြစ်ပေမဲ့ စက်တင်ဘာလလယ် နောက်ပိုင်းမှာတော့ အရေးပေါ် အခြေအနေကြောင့် လေကြောင်းလိုင်းတွေကိုပဲ အသုံးပြုခဲ့ရတာပါ။ သယ်ယူပို့ဆောင်ရေး စရိတ်က ၁၀ ဆကျော်လောက် မြင့်တက်သွားခဲ့ရပေမဲ့ တခြား ရွေးချယ်စရာ လမ်းတော့ မရှိခဲ့ဘူး။
"ငါတို့ အမေရိကန်မှာ ရှိတဲ့ ပစ္စည်းတွေအားလုံးနဲ့ ထပ်ပြီး ရောက်လာမယ့် ပစ္စည်းတွေကိုပါ အကုန်လုံး သိမ်းယူ အသုံးပြုမယ်။ ကုန်ကျစရိတ်တွေကိုတော့ လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားမှပဲ စာရင်းရှင်းကြတာပေါ့"
ကျွန်တော် ခေါင်းငြိမ့်ပြီး သဘောတူလိုက်တယ်။
"ဒါတွေ အားလုံးက အမေရိကန်အတွက် ပြင်ဆင်ထားခဲ့တာ ဖြစ်လို့ စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်ခင်ဗျာ"
အဲဒီနောက် ကျွန်တော် ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်ဆီကို Video Callနဲ့ ဆက်သွယ်လိုက်တယ်။
စခရင်ပေါ်မှာတော့ ပါမောက္ခ မိုဟန် ပေါ်လာခဲ့ရတယ်။ သူက ဖိစီးမှုတွေကြောင့် အတော်လေး ပိန်ကျသွားခဲ့တဲ့ ပုံစံ ဖြစ်နေပါတယ်။
ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်က ဆန်ဖရန်စစ္စကိုနဲ့ ကီလိုမီတာ ၅၀၀ ကျော်လောက် ဝေးကွာတာ ဖြစ်ပေမဲ့လည်း ရိုက်ခတ်မှုဒဏ်ကနေ မလွတ်မြောက်နိုင်ခဲ့ဘဲ သူ့ရဲ့ နောက်ကွယ်က သုတေသန ဓာတ်ခွဲခန်းတစ်ခုလုံး ကမောက်ကမ ဖြစ်နေရတာပါ။
စာအုပ်တွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေခဲ့ပြီး စက်ပစ္စည်းတွေကလည်း ပျက်စီးလို့နေခဲ့တယ်။
ပါမောက္ခ မိုဟန်က စိတ်ပျက်အားငယ်နေတဲ့ ပုံစံ ဖြစ်နေပါတယ်။ ကပ်ဘေးကြီး ရောက်လာတော့မယ်ဆိုတာကို ကြိုသိနေခဲ့တာ တောင်မှ မတားဆီးနိုင်ခဲ့ရတဲ့အတွက် အပြစ်ရှိသလို ခံစားနေရတာ ဖြစ်လောက်မှာပါ။ သူ့ရဲ့ ခံစားချက်ကို ကျွန်တော် ကောင်းကောင်းကြီး နားလည်ပေးနိုင်ပါတယ်။
"နောက်ဆက်တွဲ ငလျင်တွေကတော့ တစ်ခဏလောက်အထိ ဆက်ပြီး လှုပ်ခတ်နေဦးမှာပါ။ ပြင်းအားကတော့ အရင်လောက် မကြီးမားနိုင်ပေမဲ့ တစ်ခုချင်းစီက ငလျင်အဆင့်လောက်အထိတော့ ရှိနိုင်ပါတယ်"
သူ့ရဲ့ စကားကြောင့် လူတိုင်းရဲ့ မျက်နှာတွေ တင်းမာသွားခဲ့ရတယ်။
ဒါပေမဲ့ ဒါက အဆုံးသတ် မဟုတ်သေးဘူး။
"မီတာ ဆယ်ဂဏန်းလောက် မြင့်တဲ့ ဆူနာမီကလည်း မကြာခင်မှာ ရောက်ရှိလာတော့မှာပါ။ တကယ်လို့ ကျွန်တော်တို့သာ ကြိုတင် မပြင်ဆင်ထားခဲ့ရင် လူသေဆုံးမှုက ထိန်းချုပ်မရလောက်အောင် မြင့်တက်သွားလိမ့်မယ်"
ဆူနာမီက ငလျင်ထက် ပိုပြီးတော့ ဆိုးရွားတဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်နေတာာပါ။ တောင်အာရှ ငလျင်တုန်းကရော တိုဟိုကု ငလျင်တုန်းကပါ သေဆုံးသူ အများစုက ဆူနာမီကြောင့် ရေနစ်သေဆုံးခဲ့ကြရတာလေ။
"ငလျင် တိုင်းတာရေး စင်တာကကော ဘေးကင်းရဲ့လား"
"အများစုကတော့ ပုံမှန်အတိုင်း လည်ပတ်နေဆဲပါပဲ"
"အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့်ပေးပါ။ ပြီးတော့ ကပ်ဘေး တုံ့ပြန်ရေး ဌာနချုပ်ဆီကိုလည်း သတင်းအချက်အလက်တွေ ဆက်တိုက် ပေးပို့ပေးပါ"
"နားလည်ပါပြီ"
အမေရိကန်တစ်ဝန်းမှာ ရှိတဲ့ ရေဒီယိုနဲ့ ရုပ်သံလိုင်းတွေအားလုံး ယာယီ ရပ်ဆိုင်းသွားခဲ့ပြီး သမ္မတရဲ့ အရေးပေါ် ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တော့တယ်။
ရိုနယ်က တည်ငြိမ်ပြီး ပြတ်သားတဲ့ ပုံစံနဲ့ စခရင်ပေါ်မှာ ပေါ်လာခဲ့ရပြီ။
"ငလျင် လှုပ်ခတ်မှုက မပြီးဆုံးသေးပါဘူး။ နောက်ဆက်တွဲ ငလျင်တွေနဲ့ ဆူနာမီကလည်း ရောက်လာဦးမှာပါ။ အန္တရာယ်ဇုန်ထဲမှာ ရှိနေတဲ့ ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းပေးကြဖို့ တောင်းဆိုချင်ပါတယ်။ တကယ်လို့ ရွှေ့ပြောင်းဖို့ ခက်ခဲနေမယ်ဆိုရင်တော့ အသက်ကယ် အင်္ကျီတွေကို ဝတ်ဆင်ထားကြပြီး စာပွဲခုံတွေအောက်မှာ ပုန်းအောင်းရင်း ဦးခေါင်းကို အကာအကွယ် ပေးထားကြပါ။ ကျွန်တော် ထပ်ပြီး ပြောချင်တာကတော့ အစိုးရအနေနဲ့ ကပ်ဘေး တုံ့ပြန်ရေး ပြင်ဆင်မှုတွေကို အပြည့်အဝ လုပ်ဆောင်ထားခဲ့ပြီးပြီ ဖြစ်ပါတယ်။ စစ်တပ်၊ မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက် စေတနာ့ဝန်ထမ်းတွေကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင် လုပ်ဆောင်နေကြပြီ ဖြစ်လို့ အသက်ရှင်ကျန်ရစ်သူတွေကို သေချာပေါက် ကယ်တင်ပေးသွားမှာပါ။ နောက်ဆုံး လူတစ်ယောက်ကို ကယ်တင်နိုင်တဲ့အထိ ကျွန်တော်တို့ လက်လျှော့သွားမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်က ခင်ဗျားတို့နဲ့အတူ ရှိနေမှာပါ။ အမေရိကန်ပြည်ထောင်စုအတွက် ဆုတောင်းပေးကြပါဦး"
နောက်ရက်မှာတော့……
Timeမဂ္ဂဇင်းက အထူးထုတ် စာစောင်တစ်ခုကို ထုတ်ဝေခဲ့တယ်။
ပုံမှန် အနီရောင် ဘောင်အစား အနက်ရောင် ဘောင်နဲ့ ပုံဖော်ထားတဲ့ မျက်နှာဖုံးပေါ်မှာတော့ တည်ကြည်တဲ့ မျက်နှာထားနဲ့ Air Force One လေယာဉ်ပေါ်ကို တက်လှမ်းနေတဲ့ ကန်ဂျင်ဟူရဲ့ ပုံရိပ်ကို ပြသထားခဲ့တယ်။
မျက်နှာဖုံးရဲ့ ခေါင်းစဉ်ကတော့ "ပရောဟိတ် ကန်" ပဲ ဖြစ်နေခဲ့ပါတော့တယ်။