အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း (၁၉၀)
အမေရိကန် သမ္မတကို စွဲချက်တင်ဖို့ မဲခွဲဆုံးဖြတ်မှုက ကိုရီးယားစံတော်ချိန် သန်းခေါင်ယံအချိန်မှာ ပြုလုပ်ခဲ့တာပါ။
Golden Gate ကိုရီးယားရုံးခွဲရဲ့ အဆောက်အဦးတစ်ခုလုံးမှာတော့ မီးတွေ လင်းထိန်လို့နေခဲ့တယ်။ ဝန်ထမ်းအများစုက အိမ်ပြန်ဖို့ကို လက်လျှော့လိုက်ကြပြီး ရုံးမှာပဲ ကျန်နေခဲ့ကြရင်း တီဗီကို စိုးရိမ်တုန်လှုပ်စွာနဲ့ စောင့်ကြည့်နေခဲ့ကြတယ်။
တခြားသော ငွေကြေးဆိုင်ရာ ကုမ္ပဏီတွေမှာလည်း အခြေအနေက အတူတူပဲ ဖြစ်နေလိမ့်မယ်။
ထိုးဆင်းသွားခဲ့တဲ့ အမေရိကန် စတော့စျေးကွက်က စွဲချက်တင်မှု ဥပဒေကြမ်းဟာ အောက်လွှတ်တော်မှာ အပြတ်အသတ် မဲအနိုင်ရပြီး အတည်ပြုနိုင်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ပြန်လည်ဦးမော့ဖို့ ကြိုးစားလာခဲ့တယ်။ ရိုနယ် ရာထူးကနေ နှုတ်ထွက်လိုက်ရင် မရေရာမှုတွေ အားလုံး ပြီးဆုံးသွားလိမ့်မယ်လို့ မျှော်လင့်နေခဲ့ကြတာလေ။
ဟျွန်းဂျူးကလည်း ဝန်ထမ်းတွေနဲ့အတူ တီဗီကြည့်ဖို့အတွက် ရုံးခန်းထဲကနေ ထွက်လာခဲ့တယ်။
အယ်လီက ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာထားနဲ့ ဟျွန်းဂျူးကို မေးလိုက်တယ်။
"ဒါဆို အခု ကန်ဂျင်ဟူက ဘယ်လိုဖြစ်သွားတော့မှာလဲ"
ဟျွန်းဂျူးက သောက်လက်စ စီကရက်ကို ငြှိမ်းလိုက်ရင်း ပြန်ဖြေလိုက်တယ်။
"အရာအားလုံး ပြီးသွားပြီ"
သူကတော့ ဒါကို အစကတည်းက ကန့်ကွက်ခဲ့တာပါ။
ဒါပေမဲ့လည်း သူတို့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် တားဆီးဖို့ မတတ်နိုင်ခဲ့ဘူး။ အရာအားလုံးကို လောင်းကြေးထပ်ခဲ့ရတဲ့ Brexit အခြေအနေနဲ့မတူဘဲ ဒီတစ်ကြိမ်မှာတော့ ကျရှုံးမှုကို ကြုံတွေ့ရတာကလည်း သိပ်တော့ မဆိုးလှပါဘူးလို့ သူ တွေးထားခဲ့တယ်။
ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အခြေအနေတွေက ထိန်းချုပ်မရလောက်အောင် ဆိုးရွားသွားခဲ့ရပါပြီ။ OTK ကုမ္ပဏီရဲ့ ရှယ်ယာတွေ ပိတ်ပင်ခံလိုက်ရပြီး အမေရိကန် သမ္မတက အရေးပေါ် အစီအမံတွေကို ထုတ်ပြန်ခဲ့ရသလို နောက်ဆုံးမှာတော့ မကြုံစဖူး သမ္မတကို စွဲချက်တင်တဲ့အထိပါ ဖြစ်ပျက်သွားခဲ့ရတယ်။
အခုအချိန်မှာတော့ ပိုက်ဆံဆုံးရှုံးဖို့ထက် သူတို့တွေ ကိုရီးယားကို ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါ့မလားဆိုတာကပဲ ပိုပြီး စိုးရိမ်စရာ ဖြစ်နေခဲ့ပြီလေ။
အယ်လီက အလောတကြီးနဲ့ အော်ပြောလိုက်တယ်။
"ငါတို့ အခုချက်ချင်းပဲ အမေရိကန်ကို သွားရမယ်"
ဟျွန်းဂျူးက ခေါင်းညိတ်လိုက်တယ်။
"အဲ့ဒါ အကောင်းဆုံးပဲ၊ အခုချက်ချင်း လေဆိပ်ကို သွားကြစို့"
တကယ်လို့ လေယာဉ်လက်မှတ် မရရင်တော့ ဆိုဆောင်း အီလက်ထရောနစ်ဆီကနေ ကိုယ်ပိုင်လေယာဉ်တစ်စီး ငှားဖို့အထိပါ သူ စဉ်းစားနေခဲ့တာပါ။
ဒါပေမဲ့လည်း သမ္မတရဲ့ နှုတ်ထွက်ကြောင်း ကြေညာချက်ကတော့ အဆုံးထိ ပြီးဆုံးမသွားခဲ့ဘူး။
"ဟာ"
"အို၊ ဘုရားသခင်"
"ဒါကတော့ ရူးချင်စရာပဲ……"
တီဗီစခရင်ပေါ်မှာတော့ ပြိုကျပျက်စီးသွားခဲ့တဲ့ မြို့ကြီးတစ်မြို့ရဲ့ မြင်ကွင်းတွေကို ပြသနေပါတယ်။
ဒါက တကယ်ပဲ ဆန်ဖရန်စစ္စကိုမြို့ ဟုတ်ရဲ့လား။
ကိုရီးယားရုံးခွဲမှာ အလုပ်လုပ်နေကြတဲ့ အမေရိကန် နိုင်ငံသား အနည်းငယ်လည်း ရှိနေတာပါ။ မိမိတို့ရဲ့ မိခင်နိုင်ငံမှာ ဖြစ်ပျက်နေခဲ့တဲ့ ကပ်ဘေးကြီးကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့အားလုံး ဆွံ့အသွားခဲ့ကြရပြီး ကြမ်းပြင်ပေါ်ကို လဲကျကုန်ကြရင်း ငိုယိုမိကြတော့တယ်။
လူတိုင်းက ဆွံ့အလွန်းလို့ စကားတစ်လုံးတောင် မပြောနိုင်ကြတော့ဘူး။
ခဏကြာတော့ အယ်လီက မျက်ရည်တွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ ပြောလိုက်တယ်။
"ကန်ဂျင်ဟူ ပြောခဲ့တာ မှန်နေတာပဲ၊ မဟာငလျင်ကြီး တကယ် ရောက်လာခဲ့ပြီ"
ဟျွန်းဂျူးက လဲကျမသွားအောင် စားပွဲခုံကို သူ့လက်နှစ်ဖက်နဲ့ အားပြုပြီး ထိန်းထားလိုက်ရတယ်။
"ဒီကလေးတွေကြောင့် ငါတော့ တကယ် ရူးရတော့မှာပဲ"
တခြားသော ငွေကြေးကုမ္ပဏီတွေနဲ့မတူဘဲ Golden Gateကတော့ မဟာငလျင်ကြီး အပေါ်မှာပဲ လောင်းကြေးထပ်ထားခဲ့တာ ဖြစ်လို့ သူတို့အနေနဲ့ မရေမတွက်နိုင်တဲ့ အကျိုးအမြတ်တွေကို ရရှိတော့မှာ သေချာပါတယ်။
ပျက်စီးသွားခဲ့တဲ့ မြို့ကြီးကို ကြည့်ရင်း ဝမ်းသာရမလား ဝမ်းနည်းရမလား မသိတော့ပေမဲ့ ဘာပဲဖြစ်ဖြစ် သူ့မောင်လေး ဘေးကင်းနေသေးတယ်ဆိုတဲ့ အချက်ကိုပဲ တွေးပြီး စိတ်သက်သာရာ ရလိုက်မိတော့တယ်။
OTK ကုမ္ပဏီရဲ့ ရုံးချုပ်မှာလည်း ဝန်ထမ်း ထက်ဝက်ကျော်လောက်က အိမ်မပြန်ကြသေးဘဲ ရုံးခန်းထဲမှာ တီဗီကို စောင့်ကြည့်နေခဲ့ကြတာပါ။
ကန်ဂျင်ဟူက ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက စျေးကွက်ထဲက ကုန်ကြမ်းတွေကို ဆက်တိုက် သိမ်းကျုံးဝယ်ယူနေခဲ့တာပါ။ ဒါပေမဲ့ သူက ဒီကုန်ကြမ်းတွေကို ဝယ်ယူရတဲ့ ရည်ရွယ်ချက်က ပိုက်ဆံရှာဖို့ မဟုတ်ဘဲ ကပ်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ဖြစ်တယ်လို့ အမြဲတမ်း ပြောခဲ့တယ်။
ဒါပေမဲ့လည်း သူ တကယ်ပဲ ပိုက်ဆံမရှာချင်တာတော့ မဟုတ်ပါဘူး။ ကပ်ဘေးကြီးကို တိတိကျကျ ခန့်မှန်းနိုင်ခဲ့ပြီး လူတိုင်းကိုလည်း အသိပေးထားခဲ့တာပဲလေ။ ဒါကို သုံးပြီး သူ ဘယ်လိုလုပ် အမြတ်မထုတ်ဘဲ နေပါ့မလဲ။
"ဝိုး"
အော်ဟစ်အောင်ပွဲခံနေခဲ့ကြတဲ့ ဝန်ထမ်းတွေက ဟင်နရီနဲ့ မိုက်ကယ်လီတို့ကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့ရဲ့ မျက်နှာအမူအရာတွေကို ချက်ချင်း ပြောင်းလဲလိုက်ကြတယ်။ အမေရိကန် နိုင်ငံသားတွေ ဖြစ်ကြတဲ့ သူတို့ အခုအချိန်မှာ ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်နေရမလဲဆိုတာ တွေးပေးမိတာလည်း ပါတာပေါ့။ ဒါတွေကို ဖယ်ထားရင်တောင်မှ အခုလို ကပ်ဘေးကြီးအပေါ်မှာ ဝမ်းသာအားရ ဖြစ်နေတာက လူသားပီသတဲ့ လုပ်ရပ်တော့ မဟုတ်ဘူးလေ။
ပတ်ဆန်းယော့က မယုံကြည်နိုင်စွာနဲ့ ရေရွတ်လိုက်မိတယ်။
"သူ တကယ်ပဲ မှန်အောင် ခန့်မှန်းနိုင်ခဲ့တာပဲ"
ကန်ဂျင်ဟူက ကမ္ဘာ့အကြပ်အတည်း အခြေအနေတွေကို ခန့်မှန်းပြီး နာမည်ကြီးလာခဲ့တာ ဖြစ်ပေမဲ့ ပြန်တွေးကြည့်ရင် Brexitနဲ့ ရိုနယ် သမ္မတ ဖြစ်လာတာတွေက သတ်မှတ်ထားတဲ့ မဲခွဲမယ့်ရက်မှာ ဖြစ်ပျက်သွားခဲ့တဲ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ သက်သက်ပါပဲ။
ဒါတွေကို ခန့်မှန်းနိုင်ခဲ့တဲ့ ပညာရှင်တချို့လည်း ရှိနေခဲ့တာပဲလေ။ (ဒါပေမဲ့ အဲဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံပြီး ပိုက်ဆံရခဲ့တဲ့လူကတော့ အနည်းငယ်ပဲ ရှိတာပေါ့)
ဒါပေမဲ့ ငလျင်တွေကတော့ မတူပါဘူး။
ဒါက မဟာငလျင်ကြီး ရောက်လာမလား ဆိုတာထက် ဘယ်အချိန်မှာ ရောက်လာမလဲဆိုတဲ့ မေးခွန်း ဖြစ်နေခဲ့တာပါ။
သေချာတာကတော့ ပတ်ဆန်းယော့အနေနဲ့ ကန်ဂျင်ဟူရဲ့ ဆုံးဖြတ်ချက်က မှားယွင်းလိမ့်မယ်လို့ မတွေးခဲ့ပေမဲ့ ပါမောက္ခ မိုဟန်ရဲ့ စကားတစ်လုံးထဲအပေါ်မှာပဲ အပြည့်အဝ ယုံကြည်ထားဖို့ဆိုတာကတော့ အဓိပ္ပာယ်မရှိဘူးလေ။
"အဲဒီပါမောက္ခက လူလိမ်တစ်ယောက် ဖြစ်နေမလားလို့ ငါ တကယ် စိုးရိမ်ခဲ့တာ"
ဘာပဲဖြစ်ဖြစ် မဟာငလျင်ကြီး အပေါ်မှာ လောင်းကြေးထပ်ဖို့ ညွှန်ကြားချက်ကို ရရှိထားခဲ့တာ ဖြစ်လို့ ပတ်ဆန်းယော့က ခိုင်းတဲ့အတိုင်းပဲ လုပ်ဆောင်ခဲ့တာပါ။ စောနကအထိ သူက သိပ်ပြီး တက်တက်ကြွကြွ မရှိခဲ့ဘူး။
ဒါပေမဲ့ ကန်ဂျင်ဟူက ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရဆီမှာ သူ့ရဲ့ ရှယ်ယာတွေကို အာမခံအဖြစ် အပ်နှံလိုက်ပြီးတဲ့နောက်မှာတော့ အခြေအနေက လုံးဝ ပြောင်းလဲသွားခဲ့ရပါပြီ။
တကယ်လို့ မဟာငလျင်ကြီး သာ တကယ် ရောက်လာရင် ကုမ္ပဏီက အဆမတန် အကျိုးအမြတ်တွေ ရရှိမှာ ဖြစ်ပြီး ရှယ်ယာအပ်နှံမှုကလည်း အလိုအလျောက် ပျယ်ပျယ်သွားမှာပါ။ တစ်ဖက်မှာလည်း တကယ်လို့ မဟာငလျင်ကြီး သာ ရောက်မလာခဲ့ရင် ကုမ္ပဏီက ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမဲ့ ရှယ်ယာတွေကတော့ ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရဆီကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် အမြတ်ရရင် ကုမ္ပဏီပိုင် ဖြစ်ပြီး အရှုံးပေါ်ရင်တော့ ပြည်နယ်အစိုးရက တာဝန်ယူရမယ့် သဘောပါပဲ။
အခြေအနေက ဒီလိုမျိုး ဖြစ်နေခဲ့တာကြောင့် ပတ်ဆန်းယော့က ကုမ္ပဏီရဲ့ ပိုက်ဆံတွေကို အန္တရာယ်များတဲ့ ထုတ်ကုန်တွေမှာ ဘာ စိုးရိမ်စိတ်မှမရှိဘဲ ရင်းနှီးမြှုပ်နှံနိုင်ခဲ့တာပါ။ သူက ဒီအခြေအနေကို အသုံးချပြီး put option တွေကို ဝယ်ယူခဲ့သလို နိုင်ငံခြားငွေလဲလှယ်ရေး စျေးကွက်မှာ ဒေါ်လာနဲ့ ယန်းငွေတွေကို ဆက်တိုက် ဝယ်ယူခဲ့ပြီး ဖွံ့ဖြိုးဆဲ စျေးကွက်တွေရဲ့ ငွေကြေးတွေကိုတော့ ပြန်လည် ရောင်းချခဲ့တယ်။
ကန်ဂျင်ဟူ ပြောခဲ့တဲ့ အချိန်က စက်တင်ဘာလကုန်အထိ ဖြစ်ပြီး အခုဆိုရင် အဲဒီရက်စွဲရောက်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တာပါ။
လူတိုင်းက သူ မှားသွားပြီလို့ တွေးခဲ့ကြတာပေါ့။
ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီအဖြစ်အပျက်က တကယ် ဖြစ်လာခဲ့ပြီလေ။
ချက်ချင်းဆိုသလိုပဲ အမေရိကန် အပါအဝင် တစ်ကမ္ဘာလုံးက စတော့စျေးကွက်တွေ ထိတ်လန့်တုန်လှုပ်ကုန်ကြပြီး ထိုးဆင်းသွားခဲ့ရတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ရွှေ၊ ရေနံနဲ့ ကုန်ကြမ်းစျေးနှုန်းတွေကတော့ ထိုးတက်သွားခဲ့ပြီး ဝမ်-ဒေါ်လာ ငွေလဲနှုန်းကလည်း ၁,၄၀၀ ဝမ်အထိ ချက်ချင်း ရောက်ရှိသွားတယ်။
မိုးလင်းတာနဲ့ အာရှစျေးကွက်တွေလည်း တစ်ခုပြီးတစ်ခု ထိုးဆင်းကုန်ကြတော့မှာ ဖြစ်လို့ စတော့ ရင်းနှီးမြှုပ်နှံသူတွေ ဒီညတော့ အိပ်ပျော်နိုင်ကြတော့မှာ မဟုတ်ပါဘူး။
အမြတ်ပမာဏ အတိအကျ ကိုတော့ စျေးကွက်ပိတ်ပြီးမှပဲ သိနိုင်မှာ ဖြစ်ပေမဲ့ ဒေါ်လာ သန်း ၁သောင်းထက်မက ကျော်လွန်လိမ့်မယ်ဆိုတာကတော့ အသေအချာပါပဲ။ ဒီပမာဏက မဟာငလျင်ကြီး အတွက် ပြင်ဆင်နေစဉ်အတွင်း ကုန်ကျခဲ့တဲ့ စရိတ်စကတွေအားလုံးကို ကာမိရုံတင်မကဘဲ အများကြီး ပိုလျှံနေဦးမှာပါ။
ပိုက်ဆံက အရေးကြီးတယ်ဆိုပေမဲ့ ပတ်ဆန်းယော့က တခြားအရာတစ်ခုကို တွေးမိသွားခဲ့တယ်။
ပြီးခဲ့တဲ့ တစ်လလုံးလုံး ဖြစ်ပျက်ခဲ့တဲ့ အရာတွေက သူ့ရဲ့ စိတ်ထဲမှာ ဖြတ်ခနဲ ဖြတ်ပြေးသွားခဲ့တာပါ။ ကုမ္ပဏီရှေ့မှာ နေ့တိုင်း လာရောက်ဆန္ဒပြနေခဲ့ကြတဲ့ ကွန်ဆာဗေးတစ်အဖွဲ့တွေ၊ တာဝန်မဲ့တဲ့ သတင်းထောက်တွေ ရေးသားခဲ့ကြတဲ့ သတင်းအမှားတွေ၊ မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးမှုတွေ၊ ရဲတပ်ဖွဲ့က လက်ပိုက်ကြည့်နေခဲ့တာတွေ၊ အစိုးရရှေ့နေတွေရဲ့ ဝင်ရောက်စီးနင်းမှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ အငြင်းပွားစရာ ကိစ္စရပ်တွေ အစရှိတာတွေပေါ့။
ဒီလို အဖြစ်အပျက်တွေက အကြောင်းပြချက်မရှိဘဲ ဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခု ရှိနေမှာ အသေအချာပဲ ဖြစ်ပြီး ဘယ်သူက ဒါကို ကြိုးကိုင်နေလဲဆိုတာကိုလည်း သူ သံသယဝင်မိတာပါပဲ။
"ဒါက ဟိုဆောင်း ငွေစုဘဏ် ကိစ္စအတွက် ကလဲ့စားချေတာ နေမှာပဲ"
သူတို့ရဲ့ ခံစားချက်ကို နားလည်ရတာတော့ မခက်ပါဘူး။ သူတို့က ကန်ဂျင်ဟူတစ်ယောက် ပြိုလဲသွားလိမ့်မယ်လို့ တွေးခဲ့ကြပေမဲ့ ရလဒ်ကတော့ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့ရပြီလေ။
အခုဆိုရင် ကန်ဂျင်ဟူက အမေရိကန်ကို အကြပ်အတည်းထဲကနေ ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ပါပြီ။
ပတ်ဆန်းယော့က သူ့ခေါင်းမှာ စည်းထားတဲ့ ပတ်တီးကို ဖြည်လိုက်ရင်း အော်ပြောလိုက်တယ်။
"မင်းတို့အလှည့်ရောက်ပြီကွ။ ခွေးမသားတွေ"
မဟာငလျင်ကြီး ရဲ့ အန္တရာယ်က လွန်ခဲ့တဲ့ နှစ်လကတည်းက စတင် ပေါ်ပေါက်ခဲ့တာပါ။
အကြောင်းပြချက်ကတော့ နောက်ဆက်တွဲ ငလျင်တွေအပေါ် သတိပြုမိသွားခဲ့ကြလို့ပါပဲ။ အဲဒီအချိန်ကစပြီး ဖက်ဒရယ်အစိုးရနဲ့ ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရတို့က ငလျင်အတွက် ပြင်ဆင်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။
ကပ်ဘေးတွေမှာ အလျင်အမြန် တုံ့ပြန်နိုင်ဖို့က ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ ပြောနေဖို့တောင် မလိုပါဘူး။ ကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့ အောင်မြင်မှုက ကပ်ဘေးရဲ့ အစောပိုင်းကာလတွေမှာ ဝန်ထမ်းတွေကို ဘယ်လောက်အထိ စနစ်တကျနဲ့ ထိရောက်စွာ ဖြန့်ကြက်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတာလေ။
စစ်တပ်ရော၊ မီးသတ်တပ်ဖွဲ့တွေပါ ပြင်းထန်တဲ့ ကယ်ဆယ်ရေး လေ့ကျင့်မှုတွေကို အချိန်အတော်ကြာအောင် လုပ်ဆောင်ခဲ့ကြတာပါ။ အဲဒီအချိန်တုန်းကတော့ လူအများစုက ဒါကို အရူးအလုပ်လို့ပဲ တွေးခဲ့ကြတာပေါ့။
ပြည်သူတွေက နောက်ဆက်တွဲ ငလျင်တွေနဲ့ ရိုနယ်ကြောင့် မလိုအပ်ဘဲ လေ့ကျင့်မှုတွေ လုပ်နေရတယ်ဆိုပြီး ညည်းတွားခဲ့ကြပေမဲ့ အဖြစ်အပျက် တကယ် ဖြစ်လာခဲ့တဲ့ အချိန်မှာတော့ ဝေဖန်မှုတွေအားလုံး ပျောက်ကွယ်သွားခဲ့ရပါပြီ။
ကယ်လီဖိုးနီးယား စစ်အခြေစိုက်စခန်း
ရဟတ်ယာဉ်တွေကို တစ်စင်းနဲ့တစ်စင်း မတိုက်မိအောင် သေချာစွာ ထိန်းသိမ်းထားခဲ့တာ ဖြစ်လို့ ပြင်းထန်တဲ့ တုန်ခါမှုဒဏ်ကို ခံခဲ့ရတာတောင်မှ ပျက်စီးသွားတဲ့ ရဟတ်ယာဉ်က မရှိသလောက်ပဲ ဖြစ်နေခဲ့တယ်။
ဗိုလ်မှူးကြီး လူးကပ်စ်က သူ့ရဲ့ လက်အောက်ငယ်သားတွေကို အော်ပြောလိုက်တယ်။
"စစ်တပ်ဆိုတာ ပြည်သူတွေအတွက် ရှိနေတာကွ။ ငါတို့ရဲ့ တာဝန်က ပြည်သူတွေရဲ့ အသက်ကို တတ်နိုင်သမျှ အများဆုံး ကယ်တင်ဖို့ပဲ။ နားလည်ကြလား"
လက်အောက်ငယ်သားတွေက တစ်ပြိုင်ထဲ ပြန်ဖြေကြတယ်။
"နားလည်ပါပြီ"
အခုအချိန်မှာတော့ ရဟတ်ယာဉ်တွေအားလုံးမှာ စက်သုံးဆီတွေ အပြည့်ဖြည့်ထားခဲ့ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေကိုလည်း အဆင်သင့် ပြင်ဆင်ထားခဲ့ကြပါပြီ။ စေလွှတ်ခွင့် အမိန့် ထွက်ပေါ်လာတာနဲ့ ချက်ချင်းပဲ စစ်အခြေစိုက်စခန်းကနေ ရဟတ်ယာဉ် ဒါဇင်ပေါင်းများစွာက တစ်စင်းပြီးတစ်ခု ပျံသန်းထွက်ခွာသွားခဲ့ကြတော့တယ်။
မီးသတ်စခန်းမှာလည်း အလားတူ အခြေအနေမျိုး ဖြစ်ပျက်နေခဲ့တာပါ။
ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ ဒေသကို အရေးပေါ် ကပ်ဘေးဇုန်အဖြစ် ကြေညာခဲ့ပြီး ဓာတ်ဆီဆိုင်တွေကနေ မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို ဖယ်ရှားခဲ့သလို သိုလှောင်ကန်တွေကိုလည်း အကုန်လုံး သွန်ပစ်ခဲ့ကြတယ်။
အဲ့လိုတွေလုပ်ထားခဲ့တာကြောင့်မလို့ အကြီးစား ပေါက်ကွဲမှုတွေတော့ မဖြစ်ပွားခဲ့ပါဘူး။ ဒါပေမဲ့ လျှပ်စစ်လိုင်းတွေ ပြတ်တောက်သွားခဲ့ပြီး ဂတ်စ်ပိုက်လိုင်းတွေ ပျက်စီးကုန်ကာ နေရာအနှံ့မှာ မီးလောင်မှုတွေ ဖြစ်ပွားနေခဲ့တယ်။
မီးလောင်မှုတွေက လူတွေထွက်ပြေးဖို့နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ပိုပြီးတော့ ခက်ခဲစေခဲ့တယ်။
ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေရော မီးသတ်ရဟတ်ယာဉ်တွေပါ ချက်ချင်းပဲ အခင်းဖြစ်ပွားရာ နေရာဆီကို ဦးတည် ပျံသန်းသွားခဲ့ကြတယ်။
စစ်တပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အန္တရာယ်အရှိဆုံး ဇုန်တွေကို ဗဟိုပြုပြီး လုပ်ငန်းတွေကို စတင် လုပ်ဆောင်ခဲ့ကြတယ်။
ထိခိုက်မှု နည်းပါးတဲ့ ဆင်ခြေဖုံး ဒေသတွေမှာတော့ ကယ်ဆယ်ရေး ဝန်ထမ်း ရှားပါးမှုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့တွေကို အဲဒီနေရာတွေဆီ စေလွှတ်ခဲ့ရတယ်။
မဟာငလျင်ကြီး က ကယ်လီဖိုးနီးယား တစ်ခုလုံးကို တုန်ခါသွားစေခဲ့တာ ဖြစ်ပါတယ်။
အချိန်ပြည့် ပြသနေခဲ့တဲ့ ကပ်ဘေးဆိုင်ရာ ထုတ်လွှင့်မှုတွေက အခုလို အခြေအနေမျိုးမှာ ကြီးမားတဲ့ အထောက်အကူ ဖြစ်စေခဲ့တယ်။ မာရီယိုက သူ့ရဲ့ မိသားစုကို ခေါ်ပြီး ဗီလာအိမ်ကြီးထဲက ကာကွယ်ရေး အဆောက်အဦးထဲကို အလျင်အမြန် ဝင်ရောက် ပုန်းအောင်းခဲ့ရင်း ငလျင်တွေ ငြိမ်သက်သွားမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်။
အဲဒီအချိန်မှာပဲ အချက်ပြသံတစ်ခုနဲ့အတူ ရေဒီယိုကနေ အသံ ထွက်ပေါ်လာခဲ့တယ်။
"CK4875၊ အသံကြားရရင် ပြန်ထူးပေးပါ"
မားရီယိုက ရေဒီယိုကို ချက်ချင်း ကိုင်လိုက်ပြီး ပြန်ဖြေလိုက်တယ်။
"CK4875၊ ကြားရပါတယ်"
"ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အခုချက်ချင်း ထွက်ခွာပေးဖို့ ဖြစ်နိုင်မလားခင်ဗျာ"
မားရီယိုက တုန်လှုပ်နေတဲ့ သူ့ရဲ့ မိသားစုကို လှည့်ကြည့်လိုက်တယ်။ သူတို့က မသွားဖို့အတွက် ခေါင်းခါပြနေကြတာပါ။
သူ့အနေနဲ့ GPS နဲ့ ရေဒီယိုစနစ်တွေကို လာရောက် တပ်ဆင်ပေးခဲ့တဲ့ ဝန်ထမ်းလေး ပြောခဲ့တဲ့ စကားကို သတိရသွားခဲ့မိတယ်။
'တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် ခင်ဗျားရဲ့ ရဟတ်ယာဉ်က တခြားလူတစ်ယောက်အတွက် တကယ့်ကို ကြီးမားတဲ့ အကူအညီ ဖြစ်လာပါလိမ့်မယ်'
အခုအချိန်မှာတော့ အကူအညီလိုအပ်နေသူက သူ့ရဲ့ အကူအညီကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်ဆိုင်းနေရရှာမှာပါ။
မားရီယိုက ရေဒီယိုထဲကို ပြောလိုက်တယ်။
"သေချာတာပေါ့၊ ကျွန်တော် အခုချက်ချင်းပဲ ထွက်ခွာခဲ့ပါမယ်"
"အသက်ရှင်ကျန်ရစ်သူတွေ ရှိတဲ့နေရာကို GPS ကနေတစ်ဆင့် ပေးပို့ပေးပါမယ်"
"နားလည်ပါပြီ"
မာရီယိုက ရဟတ်ယာဉ်ပေါ်ကို တက်လိုက်တယ်။ ဝန်ထမ်းလေး တပ်ဆင်ပေးခဲ့တဲ့ GPS ပေါ်မှာတော့ တည်နေရာတွေ ပေါ်လာခဲ့တယ်။
သူ့သမီးရဲ့ ရင်ခွင်ထဲမှာ ရှိနေတဲ့ မြေးလေးက ရဟတ်ယာဉ်ပေါ် တက်နေတဲ့ အဖိုးဖြစ်သူကို မျက်လုံးဝိုင်းလေးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။
"အဖိုး ဘယ်သွားမလို့လဲဟင်"
မာရီယိုက သူ့မြေးလေးကို ကြည့်ပြီး လက်မထောင်ပြလိုက်တယ်။
"အဖိုး လူတွေကို သွားကယ်ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါမယ်။ ဒီယေဂို"
Silicon Valley၊ ပါလိုအာတို။
အစိုးရရဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အစီအစဉ်တွေ ရှိနေခဲ့တာတောင်မှ ပြည်သူအများစုကတော့ မြို့ထဲမှာပဲ ကျန်နေခဲ့ကြတယ်။ သူတို့ရဲ့ အိုးအိမ်တွေနဲ့ လုပ်ငန်းတွေက ဒီမှာပဲ ရှိနေခဲ့တာ ဖြစ်လို့ စွန့်ခွာသွားဖို့ဆိုတာ မလွယ်ကူဘူးလေ။
ဒါ့အပြင် ပညာရှင်တွေနဲ့ နိုင်ငံရေးသမား အများစုကလည်း ကပ်ဘေးကြီး ဖြစ်လာနိုင်ခြေကို ဆက်တိုက် ငြင်းဆိုနေခဲ့ကြတာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ စိတ်အေးနေခဲ့ကြတာလည်း ပါတာပေါ့။
လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတင် ဒီမှာ ရှိတဲ့ အိုင်တီကုမ္ပဏီတွေရဲ့ ရုံးချုပ်တွေနဲ့ သုတေသန ဓာတ်ခွဲခန်းတွေက ပုံမှန်အတိုင်း လည်ပတ်နေခဲ့ကြတာပါ။ ဒါပေမဲ့ အစိုးရရဲ့ ဖိအားပေး ပိတ်ခိုင်းမှုတွေကြောင့် လုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်လို့ အလုပ်လက်မဲ့ ဖြစ်နေခဲ့ကြတဲ့ လူတွေက မိုးမျှော်တိုက်ကြီးတွေထဲက ဘားတွေမှာ စုမိနေခဲ့ကြရင်း နေ့ခင်းကြောင်တောင် အရက်သောက်နေခဲ့ကြတာပါ။
မြှားပစ်တဲ့ ပစ်မှတ်သင်ပုန်းပေါ်မှာ ဓာတ်ပုံနှစ်ပုံကို ကပ်ထားခဲ့ကြတယ်။
အဲဒါကတော့ ရိုနယ်နဲ့ ကန်ဂျင်ဟူတို့ရဲ့ ဓာတ်ပုံတွေပါပဲ။ လူတွေက အဲဒီဓာတ်ပုံတွေကို မြှားနဲ့ပစ်ပြီး ကစားနေခဲ့ကြတာ ဖြစ်လို့ ဓာတ်ပုံတွေမှာ အပေါက်တွေ အများကြီး ဖြစ်နေခဲ့ရပါပြီ။
နံရံမှာ ချိတ်ဆွဲထားတဲ့ တီဗီအကြီးကြီးပေါ်မှာတော့ ရိုနယ် ရာထူးကနေ နှုတ်ထွက်မယ့်အကြောင်း ကြေညာချက် ထွက်ပေါ်နေခဲ့တယ်။
"အဲဒီလူကို ဘယ်သူက သမ္မတအဖြစ် မဲပေးခဲ့တာလဲ"
"ကန်ဂျင်ဟူရဲ့ စကားကို ယုံကြည်မိလို့ အခုလိုမျိုး ဖြစ်ရတာပဲ"
လူတိုင်းက အရက်သောက်ရင်း ပျော်ရွှင်စွာနဲ့ ရယ်မောနေခဲ့ကြတယ်။
တီ တီ တီ
ဒါပေမဲ့ အဲဒီအချိန်မှာတင် လူတိုင်းရဲ့ စမတ်ဖုန်းတွေဆီကနေ အချက်ပေးသံတွေ တစ်ပြိုင်ထဲ ထွက်ပေါ်လာခဲ့တော့တယ်။
[ဆန်ဖရန်စစ္စကို တောင်ဘက် ကမ်းရိုးတန်းအလွန်မှာ ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီ]
[အနီးနားမှာ ရှိတဲ့ ပြည်သူများအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းပေးကြပါရန်]
"ဘာဖြစ်တာလဲ"
"ဒါက တကယ်ပဲလား……"
ပထမတော့ လူတိုင်းက ဒါကို ပြက်လုံးတစ်ခုလို့ပဲ တွေးခဲ့ကြတာ။
ဒါပေမဲ့ အဲဒီအချိန်မှာတင်……
ဝုန်း
ပြင်းထန်တဲ့ ရိုက်ခတ်မှုတစ်ခုက အဆောက်အဦးတစ်ခုလုံးကို တုန်ခါသွားစေခဲ့တယ်။
"အား"
"ကယ်ကြပါဦး"
ပြတင်းပေါက် မှန်တွေအားလုံးက ဗုံးမှန်သလိုမျိုး တစ်ပြိုင်ထဲ ကွဲကြေသွားခဲ့ပါတယ်။ မျက်နှာကြက်မှာ ချိတ်ဆွဲထားတဲ့ မီးဆိုင်းကြီးတွေကလည်း သူတို့ရဲ့ ခေါင်းပေါ်ကို ပြုတ်ကျကုန်ကြတော့တယ်။
လူတွေက ဦးခေါင်းကို လက်နဲ့အုပ်ပြီး စားပွဲခုံတွေအောက်ကို ဝင်ရောက် ပုန်းအောင်းလိုက်ကြရတယ်။ အဆောက်အဦးကြီးက ဘယ်ညာ၊ ရှေ့နောက် ဆက်တိုက် ပြင်းပြင်းထန်ထန် ယိမ်းထိုးနေတာပါ။
တီဗီစခရင်ကြီး မှောင်မသွားခင်လေးမှာတင် သတင်းတင်ဆက်သူရဲ့ အလောတကြီး အော်ပြောလိုက်တဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။
"မဟာငလျင်ကြီး လှုတ်ခတ်လာပါပြီ၊ လူတိုင်း ထွက်ပြေးကြ……"
ခုနကတင်ပဲ ကန်ဂျင်ဟူရဲ့ ဓာတ်ပုံကို မြှားနဲ့ ပစ်နေခဲ့တဲ့ လူဖြူကြီးက ချက်ချင်းပဲ ငိုချလိုက်မိတော့တယ်။
"ချီး…… ကန်ဂျင်ဟူ ပြောခဲ့တာ မှန်နေတာပဲ"
တခြားလူတွေလည်း အတူတူပဲ ခံစားနေကြရတယ်။
"ငါတို့ ဘာဖြစ်လို့ သူ့စကားကို မကြားချင်ယောင်ဆောင်ခဲ့ကြတာလဲ"
"ဘယ်သူက မဟာငလျင်ကြီး မလာဘူးလို့ အာမခံခဲ့တာလဲဗျာ"
ဘယ်လောက်တောင် အချိန်ကြာသွားခဲ့ပြီလဲ မသိရဘူး။
နောက်ဆုံးတော့ တုန်ခါမှုတွေက ရပ်တန့်သွားခဲ့ပါပြီ။
"ပြီးသွားပြီလား"
"ငါတို့…… အသက်ရှင်သေးတာလား"
"အို၊ ဘုရားသခင်။ ကျေးဇူးတင်ပါတယ်"
သူတို့တွေ အဆောက်အဦး ပြင်ပကို ထွက်ဖို့အတွက် မတ်တပ်ရပ်လိုက်ကြတယ်။ ဒါပေမဲ့ ဓာတ်လှေကားက အလုပ်မလုပ်တော့သလို လှေကားထစ်တွေကလည်း ပြိုကျပျက်စီးနေခဲ့ပါပြီ။
အဲဒီအချိန်မှာတင် အဆောက်အဦးကြီးက ထပ်ပြီးတော့ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြန်တယ်။
"နောက်ဆက်တွဲ ငလျင်ပဲ"
ငလျင်က မပြီးဆုံးသေးဘူး။
အဆောက်အဦးကြီးက ဘေးဘက်ကို အနည်းငယ် စောင်းသွားခဲ့တယ်။ ဒီအတိုင်းသာဆိုရင် မကြာခင်မှာ လုံးဝ ပြိုကျပျက်စီးသွားတော့မှာ အသေအချာပါပဲ။
လူတစ်ယောက်က အော်ပြောလိုက်တယ်။
"ခေါင်မိုးပေါ်ကို သွားကြစို့"
ပုံမှန်အားဖြင့်တော့ မတော်တဆမှုတွေ မဖြစ်အောင် ခေါင်မိုးပေါ် တက်တဲ့ တံခါးတွေကို ပိတ်ထားလေ့ ရှိတာပါ။ ဒါပေမဲ့ အခုက အရေးပေါ် ကပ်ဘေးဇုန်အဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်လို့ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ဖို့အတွက် တံခါးတွေကို မဖြစ်မနေ ဖွင့်ထားပေးခဲ့ကြရတာလေ။
သူတို့တွေ လှေကားတွေအတိုင်း အပေါ်ကို အပြေးအလွှား တက်သွားခဲ့ကြတယ်။
သူတို့ ခေါင်မိုးပေါ်ကို ရောက်သွားတဲ့ အချိန်မှာတော့ ထိတ်လန့်စရာ မြင်ကွင်းကြီးက ဆီးကြိုနေခဲ့ပါတယ်။
မြို့ပြရဲ့ အလှအပကို ပုံဖော်ပေးထားခဲ့တဲ့ မိုးမျှော်တိုက်ကြီးတွေ အကုန်လုံး ပြိုကျပျက်စီးကုန်ကြပြီလေ။ လမ်းမကြီးတွေကလည်း အက်ကွဲကြောင်းကြီးတွေ ဖြစ်နေခဲ့ပြီး လူတွေရော ယာဉ်တွေပါ မြေကြီးထဲကို ကျွံဝင်ကုန်ကြတော့တယ်။
ဒါက တကယ်ပဲ ပါလိုအာတိုမြို့ကြီးရဲ့ မြင်ကွင်း ဟုတ်ရဲ့လား။
လူတွေက စိတ်ပျက်အားငယ်စွာနဲ့ ကြမ်းပြင်ပေါ်ကို လဲကျကုန်ကြတော့တယ်။
"ဒါက တကယ့် အိပ်မက်ဆိုးတစ်ခုပဲ"
"ဒီလိုမျိုး ဘယ်လိုလုပ် ဖြစ်လာရတာလဲ……"
"ငါတို့ ကြိုပြီး ရွှေ့ပြောင်းထားခဲ့ရမှာ"
"ငါ ဒီလိုမျိုး မသေချင်ဘူး၊ ကယ်ကြပါဦး"
"ငါတို့အားလုံး သေရတော့မှာပဲ"
ရုတ်တရက် ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်သွားသလိုမျိုး ခံစားလိုက်ရတယ်။
လူတိုင်း စိတ်ပျက်အားငယ်နေကြတဲ့ အချိန်မှာပဲ မိန်းကလေးငယ်တစ်ယောက်က အော်ပြောလိုက်တယ်။
"မဟုတ်ဘူး၊ ဟိုမှာ ကြည့်လိုက်ဦး"
မိန်းကလေးငယ်လေးက ကောင်းကင်ဆီကို လက်ညှိုးထိုးပြ လိုက်တာကြောင့် လူတိုင်း တစ်ပြိုင်ထဲ မော့ကြည့်လိုက်မိကြတယ်။
အဲဒီနေရာမှာတော့ နေရောင်ခြည်ကိုတောင် ကာကွယ်ထားနိုင်လောက်တဲ့အထိ မရေမတွက်နိုင်တဲ့ ရဟတ်ယာဉ်အုပ်စုကြီးက သူတို့ဆီကို ဦးတည် ပျံသန်းလာနေကြပါပြီ။