အခန်း (၄၅၁)
Vol. 46 Ch. 451
“မဟုတ်...မဟုတ်ဘူး”
မီးနတ်ဘုရားဂိုဏ်းခေါင်းဆောင် နှိမ်ချစွာ ဦးညွှတ်၍ ပထမဆုံး ပြောလာသည်။
“မြင့်မြတ်သားတော် နားလည်မှု မလွဲပါနဲ့။ ကျွန်တော်တို့ ခင်ဗျားကို မဆန့်ကျင်ရဲပါဘူး။ ကျွန်တော်တို့ ခင်ဗျားကို နတ်ဘုရားအဖြစ် ကိုးကွယ်ချင်ပါတယ်။ ကျွန်တော်တို့ကို အခွင့်အရေးပေးဖို့ မြင့်မြတ်သားတော်ကို တောင်းဆိုချင်ပါတယ်”
သူ စကားပြောပြီးသည်နှင့် မီးနတ်ဘုရားဂိုဏ်း၏ မဟာပဏ္ဍိတများသည် ထောက်ခံသည်။
“ဟုတ်တယ်။ ကျွန်တော်တို့ မြင့်မြတ်သားတော်ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်ဖို့ ဆန္ဒရှိပါတယ်”
မီးနတ်ဘုရားဂိုဏ်းတပည့်များ ဒူးထောက်လိုက်ကြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“မြင့်မြတ်သားတော်ကို သေတဲ့အထိ အလုပ်အကျွေးပြုချင်ပါတယ်”
ရုတ်တရက် အပြောင်းအလဲသည် မဟာပဏ္ဍိတပါပေါင်၊ ခြင်္သေ့ရူးမင်းသားနှင့် ကျန်သည့်သူများကို လုံးဝ ကြောင်အသွားစေသည်။
မီးနတ်ဘုရားဂိုဏ်းမှ သူများ သူတို့သိက္ခာကို စွန့်လွှတ်ပြီး မြန်မြန်ဆန်ဆန် အညံ့ခံလာမည်ဟု မထင်ထားပေ။
‘အခု သူတို့ တိုက်ခိုက်ရဦးမလား’
“ဟမ့်”
ချောင်ရို့ချန် အေးစက်စွာ နှာမှုတ်သည်။
“ဝိညာဉ်နဲ့ ခန္ဓာကို ရောင်းစားထားတဲ့ လူပြက်တစ်သိုက်။ မင်းတို့အဆင့်နဲ့ ငါ့ခွေးဖြစ်ချင်လို့တောင် မရဘူး။ ဒီနေ့ ငါ မင်းတို့ တစ်ယောက်မကျန် သတ်ပြစ်မယ်”
သူ့စကားက ခြင်္သေရူးမင်းသားနှင့် ကျန်သည့်သူများကို စိတ်ခွန်အားများဖြင့် ပြည့်သွားစေသည်။
“မြင့်မြတ်သားတော် တရားမျှတပါတယ်”
“မြင့်မြတ်သားတော် ပြောတာမှန်ပါတယ်။ နတ်ဆိုးတွေကို သေချာပေါက် ဖယ်ရှားရပါမယ်”
မီးနတ်ဘုရားဂိုဏ်းမှ လူများသည် ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားကြ၏။
“မြင့်မြတ်သားတော် ချောင်ပိတ်ခံရတဲ့ယုန်တောင် ပြန်ကိုက်တတ်တယ်။ မင်းတစ်ယောက်တည်း ဒီလူတွေအားလုံးကို ကာကွယ်နိုင်မှာတဲ့လား”
မီးနတ်ဘုရားဂိုဏ်းခေါင်းဆောင် အံကြိတ်ရင်း ချောင်ရို့ချန်ကို ကြည့်လိုက်သည်။
“ဟမ့်”
ချောင်ရို့ချန် ညင်သာစွာ ရယ်မောပြီး သူ့လက်ထဲက ဓားကျောက်စိမ်းကို မြှောက်ကာ မီးနတ်ဘုရားဂိုဏ်း မဟာပဏ္ဍိတများကို ကြည့်လိုက်၏။
“ဒါဆို ဘယ်သူ အရင်သေမလဲ ကြည့်တာပေါ့”
မတ်တပ်ရပ်နေသည့် ဂိုဏ်းခေါင်းဆောင်သည် ချောင်ရို့ချန်လက်ထဲမှ ဓားကျောက်စိမ်းကို မြင်သည့်အခါ ခြေလှမ်းတစ်ဝက် နောက်ဆုတ်မိသွားသည်။
လေထဲတွင် လွင့်မျောနေသည့် မဟာပဏ္ဍိတကျန်းယန် လှောင်ပြောင်လိုက်၏။
“ချန်ချန်လေး ဒီအရူးတွေကို နောက်မနေနဲ့တော့။ သူ့ကို ငါ့ဆီထာလိုက်”
“ဟုတ်ကဲ့”
ချောင်ရို့ချန် လေးစားစွာ ပြန်ဖြေသည်။
မဟာပဏ္ဍိတကျန်းယန် အေးဆေးစွာ ပြောသည်။
“မီးနတ်ဘုရားဂိုဏ်းချုပ် နင် ဒီနေ့ ငါ့ကို အနိုင်ယူနိုင်ရင် သွားခွင့်ပေးမယ်”
မီးနတ်ဘုရားဂိုဏ်းခေါင်းဆောင်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ပေါ်လာသည်။
သူ ထိုဓားကို ရင်ဆိုင်ရန် သတ္တိမရှိချေ။ သို့သော် ဤအမျိုးသမီးနှင့် ရင်ဆိုင်ရပါက သူ မနိုင်လျှင်တောင် ထွက်ပြေးဖို့ အခွင့်အရေးတစ်ခု ရှာနိုင်သေး၏။
မဟာပဏ္ဍိတကျန်းယန် ပြုံးလိုက်သည်။
“သေချာတာပေါ့”
“ကောင်းပြီလေ”
ဂိုဏ်းခေါင်းဆောင် မဆိုင်းမတွ သဘောတူလိုက်သည်။
“ဒါပေမဲ့ ဒီနေရာက အရမ်းကျဉ်းလွန်းတယ်။ အပြင်မှာ တိုက်ခိုက်ရဲလား”
“မင်းဆန္ဒကို ဖြည်းဆည်းပေးမယ်”
မဟာပဏ္ဍိတကျန်းယန် သူ့ရည်ရွယ်ချက်ကို လွယ်ကူစွာ ဖောက်မြင်နိုင်သည်။ သို့သော် သူမတွင် အထွတ်အထိပ်ရတနာတစ်ခု ရှိသဖြင့် ဂိုဏ်းခေါင်းဆောင်၏ ထွက်ပြေးမည့်အကြံမှ အိပ်မက်တစ်ခုသာ။
နောက်တစ်ခဏတွင် ပုံရိပ်နှစ်ခုသည် နေရာမှ ပျောက်ကွယ်သွားသည်။
ထို့နောက် ချောင်ရို့ချန် မဟာပဏ္ဍိတရွှယ်ထုံကို ကြည့်လိုက်၏။
“အဘိုးကြီး ခင်ဗျား အသက်ရှင်ချင်လား”
မဟာပဏ္ဍိတရွှယ်ထုံ၏ မျက်နှာ ချက်ချင်း တောက်ပသွားသည်။ သူ ထပ်တလဲလဲ ခေါင်းညိတ်သည်။
“မြင့်မြတ်သားတော် ကျွန်တော့် နတ်ဆိုးသွေက မသန့်စင်ပါဘူး။ ကျွန်တော့်အသက်ကို ချမ်းသာပေးရင် သွေးကို ဖောက်ထုတ်ပြစ်ပြီး မြင့်မြတ်သားတော်ရဲ့ မြင်းထိန်းအဖြစ် တစ်ဘဝလုံး ခစားပါ့မယ်”
“ကျုပ်တော့ ခင်ဗျား ခုနက မာနကြီးနေတာကို ပိုကြိုက်တယ်”
ချောင်ရို့ချန် ပြုံးဖြီးလိုက်၏။
“အသက်ရှင်ချင်တယ်ပေါ့။ ကောင်းပြီလေ။ ကျုပ်ကို အနိုင်ယူလိုက်။ ဒါဆို အသက်ချမ်းသာပေးမယ်”
“ကျွန်တော် မတိုက်ရဲဘူး။ ဒီအဘိုးကြီးက မြင့်မြတ်သားတော်ကို လက်မရွယ်ရဲပါဘူး”
မဟာပဏ္ဍိတရွှယ်ထုံ ထိုသို့ပြောနေသော်ငြား သူ့အကြည့်သည် ချောင်ရို့ချန်၏ ဓားကျောက်စိမ်းပေါ်သို့ ကျရောက်နေသည်။
ချောင်ရို့ချန် ပြုံးလိုက်၏။
“စိတ်မပူနဲ့။ ကျုပ် ဓားကျောက်စိမ်းကို မသုံးဘူး”
“….”
၎င်းကို ကြားလိုက်ရသောအခါ မဟာပဏ္ဍိတများ ဇဝေဇဝါဖြစ်သွားကြ၏။
မဟာပဏ္ဍိတပါပေါင် စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်သည်။
‘အရူးတွေ မြင့်မြတ်သားတော်က တာအိုအနှစ်သာရကို နားလည်ထားပြီးသား’
“မြင့်မြတ်သားတော် ကျွန်တော့် အင်အားကို စမ်းသပ်ချင်လို့လား”
မဟာပဏ္ဍိတရွှယ်ထုံ သတိကြီးစွာ မေးလာသည်။
“မင်း ထင်ချင်သလိုထင်”
ချောင်ရို့ချန် ပြောပြီးနောက် မဟာပဏ္ဍိတပါပေါင်ကို ကြည့်လိုက်၏။
“ဆရာဦးလေး ကြိုက်တဲ့ တစ်ယောက်ကို ရွေးလိုက်။ ကျန်တဲ့မဟာပဏ္ဍိတငါးယောက်ကိုတော့ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပေးမယ်။ ငါတို့ သုံးယောက် တိုက်ခိုက်လို့မပြီးခင် ယွင်ဝူတောင်ကနေ ထွက်ပြေးနိုင်ရင် ငါတို့ မင်းတို့နောက် မလိုက်တော့ဘူး”
“မြင့်မြတ်သားတော် မနောက်ပါဘူးနော်”
မဟာပဏ္ဍိတတစ်ယောက် တုံ့ဆိုင်းစွာ မေးလာသည်။
“ဒီမြင့်မြတ်သားတော်က သူ့စကားကို ဘယ်တော့မှ မရုတ်သိမ်းဘူး”
ချောင်ရို့ချန် တမင်တကာ စကားကို ရပ်တန့်လိုက်ပြီး ထပ်လောင်းပြောသည်။
“မီးနတ်ဘုရားဂိုဏ်းက တပည့်တွေအတွက်တော့ ဟေးယောက်ကလွဲရင် ကျန်တဲ့လူတွေ ထွက်ပြေးတော့။ မင်းတို့ မြန်မြန်ပြေးရင် ပိုကောင်းမယ်။ ငါ ဖမ်းမိလို့ကတော့ မင်းတို့နတ်ဆိုးအမြူတေတွေ ငါ့ဟာ ဖြစ်လာလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် မြင့်မြတ်သားတော်”
မိစ္ဆာတပ်မှူးတစ်ယောက် ဟေးယောက်ကို လူအုပ်ထဲမှ ဆွဲထုတ်လိုက်ပြီး ကျင့်ကြံခြင်းကို ဖျက်ဆီးကာ ချောင်ရို့ချန် ခြေထောက်အောက်သို့ ပစ်ပေးလိုက်၏။
“သွားခွင့်ပြုပါဦး မြင့်မြတ်သားတော်”
ထိုသို့ ပြောပြီးနောက် တပ်မှူး လှည့်မကြည့်ဘဲ ထွက်ပြေးတော့သည်။
ချက်ချင်းပင် ကွင်းဆက်တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာ၏။ ယဇ်ပလ္လင်ပတ်လည်က နတ်ဆိုးများသည် အရပ်မျက်နှာအနှံ့သို့ ဝရုန်းသုန်းကာ ပြေးတော့သည်။
ချောင်ရို့ချန် စုန့်ကျောက်ယီကို ပြောလိုက်သည်။
“မိန်းမ လူတိုင်းကို ဦးဆောင်ပြီး သတ်ဖြတ်တော့”
“ဟုတ်ပြီ”
စုန့်ကျောက်ယီ ပြန်ဖြေပြီး တာအိုပေါင်းစည်းခြင်းအဆင့်ဖိအားကို ချက်ချင်းထုတ်လွှတ်လိုက်သည်။
“လူတိုင်းအမိန့်နာခံ။ နတ်ဆိုးတွေကို ငါနဲ့အတူ လိုက်နှိမ်နှင်း”
ခြင်္သေရူးမင်းသား နှင့် ကျန်သည့်သူများ သဘောပေါက်သွားပြီး အလျင်အမြန် ပြောလိုက်၏။
“ကျွန်တော်တို့ အမိန့်နာခံပါမယ်”
မဟာပဏ္ဍိတပါပေါင် နတ်ဆိုးမဟာပဏ္ဍိတများထဲမှ တစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောသည်။
“မင်းပဲ”
“ငါ မင်းကို ကြောက်မယ်များ ထင်လား”
ထိုနတ်ဆိုးမဟာပဏ္ဍိတ အေးစက်စွာ နှာမှုတ်လိုက်ပြီး မဟာပဏ္ဍိတပါပေါင်ကို ဦးစွာ တိုက်ခိုက်သည်။
ကျန်သည့် မဟာပဏ္ဍိတငါးပါးသည် အချိန်မဆွဲတော့ဘဲ ချက်ချင်း လှည့်ပြေးတော့၏။
မြင့်မြတ်သားတော် သူ့စကား ရုတ်သိမ်းသွားမလား ရုတ်မသိမ်းဘူးလားဆိုတာ မည်သူမှ လောင်းကြေးမထပ်ရဲချေ။
မျက်စိတ်တစ်မှိတ်အတွင်း မီးနတ်ဘုရားဂိုဏ်း၏ ယဇ်ပလ္လင်သည် ပရမ်းပတာဖြစ်သွားပြီး နတ်ဆိုးအားလုံး လူစုခွဲ ပြေးနေကြတော့သည်။
မဟာပဏ္ဍိတပါပေါင်နှင့် နတ်ဆိုးမဟာပဏ္ဍိတတို့သည် ယဇ်ပလ္လင်ပေါ်တွင် ထိပ်တိုက်ရင်ဆိုင်နေကြ၏။
ချောင်ရို့ချန် မဟာပဏ္ဍိတရွှယ်ထုံကို ကြည့်လိုက်၏။
“စလိုက်ကြစို့”
ထိုစကားနှင့်အတူ သူ့ကိုယ်ပေါ်မှ အင်မော်တယ်အလင်းတန်းတစ်မျှင် ထွက်ပေါ်လာပြီး အရှိန်အဝါသည်လည်း လုံးဝ ပြောင်းလဲသွား၏။
ထိုသည်ကို မြင်သော် ပြောပြလို့မရသည့် အကြောင်းအရင်းတချို့ကြောင့် မဟာပဏ္ဍိတရွှယ်ထုံ ကြောက်ရွံ့မှုကြောင့် ချမ်းစိမ့်သွားသလို ခံစားလိုက်ရ၏။
“မြင့်မြတ်သားတော် ခွှင့်လွှတ်ပါ”
သူ ပြောလိုက်သည့်အခိုက် ခန္ဓာကိုယ်မှ နတ်ဆိုးအရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ သူ့အရေပြားသည် လူအရေမှ နတ်ဆိုးအရေအဖြစ် ပြောင်းလဲသွားသည်။ မြင်ကွင်းက ရွံ့ရှာဖွယ်အတိပင်။
ချောင်ရို့ချန် ပြုံးလိုက်သည်။
“ဒါ မင်းပြောတဲ့ မသန့်စင်တဲ့ နတ်ဆိုးသွေးလား။ မင်းကြည့်ရတာ လိမ်နေတယ်ထင်တယ်”
မဟာပဏ္ဍိတရွှယ်ထုံ ရှေ့မတိုးချေ။ ချောင်ရို့ချန် လက်ထဲတွင် ဓားကျောက်စိမ်း ရှိနေသေးသည်။
ယခုလို မသိသာသည့် အတွေးက ချောင်ရို့ချန် မျက်လုံးများမှ မလွတ်မြောက်ပေ။
သူ ဓားကျောက်စိမ်းကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်၏။
“မင်းလို အဆင့်နိမ့်ကောင်ကို သတ်ဖို့ လှည့်ကွက်တွေ မလိုဘူးကွ”
မဟာပဏ္ဍိတရွှယ်ထုံ အခွင့်အရေးကို ဆုပ်ကိုင်းရင်း ရှေ့သို့ ခုန်တက်ကာ လကသည်းဖြင့် ကုပ်လိုက်၏။
“မင်း ကောင်စုတ်လေး မင်းရဲ့ မောက်မာမှုအတွက် သေရမယ်”
“ဟမ့်”
ချောင်ရို့ချန် အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
မဟာပဏ္ဍိတရွှယ်ထုံသည် သူ့ကို လက်သီးဖြင့် ထိုးလာသည်ကို မြင်သောအခါ ရူးနှမ်းစွာ ပြုံးလိုက်သည်။
‘မာနကြီးလိုက်တဲ့ကောင်။ နောက်နှစ် ဒီနေ့က မင်းနှစ်ပတ်လည်နေ့ပဲ’
ဘုန်း
လက်သီးနှင့် လက်သည်းထိပ်တိုက်ရင်ဆိုင်မိသွားပြီးဧရာမပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
မဟာပဏ္ဍိတရွှယ်ထုံ သူ့လက်မောင်းတစ်လျှောက် နာကျင်မှုလှိုင်းလုံးကြီး တက်လာသည်ကို ခံစားရပြီး သူ့တစ်ကိုယ်လုံး နောက်သို့ လွင့်စင်သွား၏။
ချောင်ရို့ချန် သူ့ကို နားနေချိန်မပေးဘဲ နောက်တစ်ချက် ထပ်ထိုးလိုက်သည်။
“မဟုတ်ဘူး”
လက်သီးက သူ့နဖူးထံ ပျံသန်းလာသည်ကို မြင်သောအခါ မဟာပဏ္ဍိတရွှယ်ထုံ အော်ဟစ်လိုက်၏။
ခရက်
ရှင်းလင်းသည့် အက်ကွဲသံထွက်ပေါ်လာပြီး မဟာပဏ္ဍိတရွှယ်ထုံ၏ ခေါင်းသည် ဖရဲသီးတစ်လုံးအလား ပေါက်ကွဲသွားကာ နေရာအနှံ့ သွေးများ ပက်ဖြန်းကုန်သည်။
“တာအိုအနှစ်သာရ”
မဟာပဏ္ဍိတရွှယ်ထုံ၏ ဝိညာဉ်သည် အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှ ထွက်ကာ ယဇ်ပလ္လင်အပြင်ဘက်သို့ ပျံပြေးတော့၏။
“မဟာပဏ္ဍိတစ်ပါးဖြစ်ထိုက်ပါတယ်။ ခင်ဗျားကို နှိမ်နှင်းဖို့ ကျုပ်လက်သီးသုံးချက်တောင် သုံးရတယ်”
ချောင်ရို့ချန် ထပ်ထိုးလိုက်၏။
“ပြင်းထန်တာအိုနတ်ဘုရားလက်သီး”
အသံကျယ်ကြီး ထွက်ပေါ်လာပြီး တာအိုအနှစ်သာရများ ပါဝင်နေသည့် လက်သီးကြီးတစ်ခုသည် ထွက်ပြေးနေသည့် မဟာပဏ္ဍိတရွှယ်ထုံ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်၏။
ပြင်းထန်သည့် ထိုးနှက်ချက်အောက်တွင် မဟာပဏ္ဍိတရွှယ်ထုံ၏ ဝိညာဉ်သည် လုံးဝဖျက်ဆီးခံလိုက်ရပြီး နောက်ဆုံးစကားတောင် မချန်ရစ်နိုင်လိုက်ပေ။
ချောင်ရို့ချန်၏ တိုက်ပွဲကြာချိန်က မဟာပဏ္ဍိတပါပေါင်နှင့် တိုက်ခိုက်နေသည့် နတ်ဆိုးမဟာပဏ္ဍိတကို ထိတ်လန့်သွားစေသည်။
မဟာပဏ္ဍိတပါပေါင် ပြိုင်ဘက်၏ ဟာကွက်ကို ဆုပ်ကိုင်လိုက်ပြီး ရင်ဘက်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
ဘုန်း
နတ်ဆိုးမဟာပဏ္ဍိတ နောက်သို့ လွင့်စင်သွားပြီး နံရံတစ်ခုကို ဝင်တိုက်ကာ ဧရာမတွင်းပေါက်ကြီးတစ်ခု ဖြစ်အောင်လုပ်လိုက်သည်။ နံရံကြီးလည်း ပြိုကျသွား၏။
မဟာပဏ္ဍိတပါပေါင် လဲကျသွားသည့် ရန်သူကို လွတ်မြောက်ခွင့်မပေးချေ။ သူ နတ်ဆိုးကို အပျက်အစီးများကြားမှ ဆွဲထုတ်ပြိး အဆက်မပြတ် ထိုးကြိတ်နေသည်။
“မင်း ငါနဲ့တိုက်နေတာကို စိတ်လွတ်ရဲတယ်ပေါ့လေ။ ငါ့ကို အလေးမထားတာလား”
ဖြောင်း
နတ်ဆိုးမဟာပဏ္ဍိတ ပြန်မဖြေနိုင်ခင် သူ့ခေါင်းကို နောက်ထပ်လက်သီးတစ်ချက် လာထိမှန်သည်။
“ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတဲ့”
နတ်ဆိုးမဟာပဏ္ဍိတ မတရားသလို ခံစားရ၏။
‘မင်း ငါ့ကို စကားပြောဖို့တောင် အခွင့်အရေးမပေးဘူးလေ’
ချောင်ရို့ချန် ထိုမြင်ကွင်းကို ကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။
“ဆရာဦးလေး သူ့ကို ကိစ္စဖြတ်လိုက်တော့။ ကျွန်တော်တို့ သူတို့ရတနာတိုက်ကို ရှာဖို့လိုသေးတယ်”
“ငါ အဓိကအလုပ်တောင် မေ့တော့မလို့”
မဟာပဏ္ဍိတပါပေါင် ပြောပြီး နတ်ဆိုးမဟာပဏ္ဍိ၏ နတ်ဆိုးအမြူတေကို ချေမွလိုက်၏။ ထို့နောက် အထဲမှ ဝိညာဉ်ကို ထုတ်ကာ လက်ထဲတွင် ဖျက်ဆီးလိုက်သည်။
သူ နတ်ဆိုးမဟာပဏ္ဍိတကို ကိစ္စတုံးပြီးနောက် ချောင်ရို့ချန်ကို မေးသည်။
“မြင့်မြတ်သားတော် ငါ့စွမ်းရည်က မင်းမျက်လုံးထဲဝင်သေးလား”