← Chapters

အခန်း (၄၅၄)

Vol. 46 Ch. 454

အခန်း (၄၅၄)

Vol. 46 Ch. 454

“ယွင်ဝူတောင်တန်းထဲမှာ မီးနတ်ဘုရားဂိုဏ်းရဲ့ မရေမတွက်နိုင်တဲ့ တပည့်တွေ အရပ်ရပ်မျက်နှာ အနှံ့အပြားကို ထွက်ပြေးနေကြတယ်။ လောကကြီးမှာ ဘာတွေများ ဖြစ်ပျက်နေတာလဲ”

ဓားကြီးမြင့်မြတ်နယ်မြေ၏ ဗဟိုတပ်မအတွင်း၌ ရေတံခွန်ကဲ့သို့ စီးကျနေသော ငွေရောင်ဆံပင်ရှည်များ ရှိပြီး ပြတ်သားသော အမူအရာနှင့်အတူ အရပ်မြင့်မြင့် ပခုံးကျယ်ကျယ်ဖြင့် မဟာပဏ္ဍိတတစ်ဦး သူ့လက်ထဲရှိ သတင်းအချက်အလက် ကျောက်စိမ်းပြားကို စစ်ဆေးရင်း ရေရွတ်လိုက်သည်။

သူ့အနားတွင် ထိုင်နေသော မဟာပဏ္ဍိတမှာ ၎င်းကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။

“အစ်ကိုကြီးဝူဖုန်း တစ်ယောက်ယောက်က သတင်းအချက်အလက်ကို ပေါက်ကြားအောင် လုပ်လိုက်တာများလား”

မဟာပဏ္ဍိတဝူဖုန်း ခေါင်းခါယမ်းလိုက်သည်။

“မဖြစ်နိုင်တာ။ အစီရင်ခံစာအရ ထွက်ပြေးနေတဲ့ မီးနတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေက လုံးဝ ပရမ်းပတာ ဖြစ်နေတယ်။ ထူးဆန်းတာက ငါတို့စစ်တပ်ဆီကို တည့်တည့်ကြီး ဦးတည်လာနေကြတာ”

မဟာပဏ္ဍိတရွှမ်ကျဲ့မှာ သူ့နားကိုပင် မယုံကြည်နိုင်ဘဲ ခဏတာ ကြက်သေသေသွားခဲ့သည်။

“အစ်ကိုကြီး... နောက်တစ်ခေါက်လောက် ထပ်ပြောပေးလို့ ရမလား”

မဟာပဏ္ဍိတဝူဖုန်းက စကားထပ်မဆိုဘဲ ကျောက်စိမ်းပြားကို သူ့ထံသို့ ကမ်းပေးလိုက်၏။

မဟာပဏ္ဍိတရွှမ်ကျဲ့မှာ ၎င်းကို သေသေချာချာ နှစ်ကြိမ်တိုင်တိုင် ဖတ်ရှုပြီးနောက် ရေရွတ်လိုက်သည်။

“မီးနတ်ဘုရားဂိုဏ်းရဲ့ ဒီလုပ်ရပ်က နားမလည်နိုင်စရာပဲ။ အစ်ကိုကြီး ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

“ငါတို့ စောင့်ဆိုင်းနေပြီး သူတို့ဘာသာသူတို့ လက်ခုပ်ထဲ ခုန်ဆင်းလာအောင် လုပ်ရမှာပေါ့”

မဟာပဏ္ဍိတဝူဖုန်းက ပြန်ဖြေလိုက်သည်။

သူက စကားပြောရင်း အနားရှိ တပည့်တစ်ဦးထံသို့ လှည့်ကာ အမိန့်ပေးလိုက်၏။

“ငါ့ရဲ့ အမိန့်ကို လက်ဆင့်ကမ်းလိုက်စမ်း။ စစ်တပ်တစ်ခုလုံးကို စစ်ဗျူဟာ ခင်းခိုင်းလိုက်”

“ဟုတ်ကဲ့ပါ ဆရာ”

ဘီလူးနတ်ဘုရားကျောင်းတော်၏ မြို့စားသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး မဟာပဏ္ဍိတဝူဖုန်း၏ အမိန့်ကို စစ်တန်းလျားများဆီသို့ ချက်ချင်းပင် လက်ဆင့်ကမ်းလိုက်သည်။

စစ်တပ်က လူစုဆဲမှာပင် မဟာပဏ္ဍိတဝူဖုန်း၏ ကျောက်စိမ်းပြားဆီသို့ နောက်ထပ် သတင်းစကားတစ်ခု ရောက်ရှိလာခဲ့လေ၏။ သူက ၎င်းကို ဖတ်လိုက်ရသောအခါ မျက်နှာအမူအရာ ညိုမှောင်သွားတော့သည်။

“ဒါက ဘယ်လို အရှုပ်အထွေးကြီးလဲ။ မီးနတ်ဘုရားဂိုဏ်းရဲ့ မဟာပဏ္ဍိတတွေတောင်မှ အခု အသက်လုပြီး ထွက်ပြေးနေကြရတာလား”

၎င်းကို ကြားလိုက်ရသဖြင့် မဟာပဏ္ဍိတရွှမ်ကျဲ့မှာ လန့်ဖျတ်ကာ မတ်တတ်ရပ်လိုက်မိသည်။

“အစ်ကိုကြီး ကျွန်တော့်ကို လာမခြောက်ပါနဲ့။ အကယ်လို့ သူတို့ရဲ့ မဟာပဏ္ဍိတတွေတောင် ထွက်ပြေးနေကြပြီဆိုရင် ကျွန်တော်တို့လည်း နောက်ဆုတ်သင့်တာ မဟုတ်ဘူးလား”

“မဟုတ်ဘူး”

မဟာပဏ္ဍိတဝူဖုန်း ပြတ်သားစွာ ပြန်ဖြေလိုက်သည်။

“ဒါက ငါတို့အတွက် အခွင့်အရေးပဲ။ အစီရင်ခံစာအရ မဟာပဏ္ဍိတ နှစ်ဦးဟာ ဒီအရပ်မျက်နှာဆီကို ပျံသန်းလာနေကြတယ်။ အကယ်လို့ ငါတို့နှစ်ယောက် ပူးပေါင်းပြီး တစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ရင် ကျန်တဲ့သူကို ကိုင်တွယ်ရတာ လွယ်ကူသွားလိမ့်မယ်။ မဟာပဏ္ဍိတနှစ်ဦးကို အနိုင်ယူနိုင်တာက ငါတို့နှစ်ယောက်စလုံးအတွက် နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရရှိစေလိမ့်မယ်”

တုံ့ဆိုင်းမနေတော့ဘဲ မဟာပဏ္ဍိတရွှမ်ကျဲ့ အံကြိတ်ကာ ပြောလိုက်သည်။

“ကျွန်တော် အစ်ကိုကြီးရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါ့မယ်”

“သွားကြစို့”

မဟာပဏ္ဍိတဝူဖုန်း ဘာစကားမှ ထပ်မဆိုတော့ဘဲ ကောင်းကင်ယံထက်သို့ ပျံတက်သွားတော့၏။

မဟာပဏ္ဍိတရွှမ်ကျဲ့ကလည်း သူ၏ စွမ်းအင်အရှိန်အဝါကို လုံးဝ ဖုံးကွယ်ရင်း အမီလိုက်သွားခဲ့သည်။

နှစ်ဦးစလုံးမှာ မီတာဆယ်ဂဏန်းခန့် ရှည်လျားသော ဧရာမဓားကြီးများကို ထုတ်ယူလိုက်ကြပြီး သူတို့၏ နတ်ဘုရားအာရုံကို ရှေ့သို့ ဖြန့်ကြက်လိုက်ကြ၏။

ရေနွေးကြမ်းတစ်ခွက်စာ အချိန်မပြည့်မီမှာပင် တစ်ဦးနောက်တစ်ဦး ကပ်လျက် သူတို့ဆီသို့ ပျံသန်းလာနေသော အရိပ်နှစ်ခုကို မြင်တွေ့လိုက်ရသည်။

သူတို့က တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရှေ့ဆုံးမှ ပျံသန်းလာသော မဟာပဏ္ဍိတဆီသို့ ချက်ချင်းပင် အာရုံစိုက်လိုက်၏။

မီးနတ်ဘုရားဂိုဏ်း၏ မဟာပဏ္ဍိတမှာ ရှေ့တွင် ရှိနေသော အန္တရာယ်ကို သတိမပြုမိဘဲ နီးကပ်လာနေသော ယွင်ဝူတောင်တန်း၏ နယ်စပ်ကို ကြည့်ကာ နောက်ဆုံးတွင် ရင်ထဲမှ အတားအဆီးတစ်ခု ကျဆင်းသွားသလို ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံထက်မှ အလင်းတန်းနှစ်ခုသည် ရုတ်တရက် ကျဆင်းလာလေ၏။

“ချွင်”

မိုးကြိုးနှင့် ဖျက်ဆီးခြင်း အရှိန်အဝါများကို သယ်ဆောင်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားချီနှစ်ခုမှာ သူ့ထံသို့ရောက်လာခဲ့သည်။

၎င်းတို့က ရှောင်တိမ်းရန် အလွန်ပင် မြန်ဆန်လွန်းလှ၏။ ထိုမဟာပဏ္ဍိတမှာ အလောတကြီးဖြင့် သူ၏ ကာကွယ်မှုကို မြှင့်တင်လိုက်ရသည်။

ဘုန်း

နားကွဲလုမတတ် ပေါက်ကွဲသံနှင့်အတူ မီးနတ်ဘုရားဂိုဏ်း၏ မဟာပဏ္ဍိတမှာ ဓားချီနှစ်ခုစလုံး၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားတော့လေ၏။

“ညီလေး ရွှမ်ကျဲ့ ဒီတစ်ယောက်က မင်းအပိုင်ပဲ။ မှတ်ထား... ဘယ်သူ့ကိုမှ အသက်ရှင်လျက် မထားခဲ့နဲ့”

မဟာပဏ္ဍိတဝူဖုန်း စကားပြောရင်း သူ့အကြည့်ကို လေထဲတွင် ရပ်တန့်နေသော အခြား မီးနတ်ဘုရားဂိုဏ်း၏ မဟာပဏ္ဍိတဆီသို့ လှည့်လိုက်သည်။

မဟာပဏ္ဍိတမိုယာမှာ ဧရာမဓားကြီးကို ကိုင်ဆောင်ထားသော သူ့ရှေ့မှ မဟာပဏ္ဍိတအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“မင်းတို့လို ကိုယ့်ကိုယ်ကိုယ် လမ်းမှန်ကျင့်ကြံသူလို့ ခေါ်တဲ့ ကောင်တွေက ဂုဏ်သိက္ခာ လုံးဝမရှိကြဘူး။ မီးနတ်ဘုရားဂိုဏ်းရဲ့ ဌာနချုပ်တုန်းက ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်က ဂိုဏ်းချုပ် မကျဆုံးသရွေ့ ငါတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်လို့ ရှင်းရှင်းလင်းလင်း ကတိပေးခဲ့တာ”

မဟာပဏ္ဍိတဝူဖုန်း မျက်မှောင်အနည်းငယ်ကြုံ့လိုက်သည်။

ဝမ်တောက်ကျောင်းတော် မြင့်မြတ်သားတော်ဟူသော အမည်က သူ့အတွက် စိမ်းသက်နေလေ၏။

သို့သော်လည်း ဤမြင့်မြတ်သားတော်မှာ မည်သူပင်ဖြစ်စေ သူသည် ထိုလူအား ကျေးဇူးပြုခဲ့ခြင်း ဖြစ်သည်။ မီးနတ်ဘုရားဂိုဏ်း၏ မဟာပဏ္ဍိတတစ်ဦးကို အားစိုက်ထုတ်စရာမလိုဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခွင့်ပေးခဲ့ခြင်း ဖြစ်နေ၏။

“ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော် မင်းတို့ကို ပေးခဲ့တဲ့ ကတိက ငါတို့ ဓားကြီးမြင့်မြတ်နယ်မြေနဲ့ ဘာမှမဆိုင်ဘူး”

မဟာပဏ္ဍိတဝူဖုန်း ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ဘာ...”

မဟာပဏ္ဍိတမိုယာ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားလေတော့သည်။

သူက ငတုံးမဟုတ်ပေ။ သူ့မီးနတ်ဘုရားဂိုဏ်းမှာ မြင်မြတ်နယ်မြေ နှစ်ခုတည်းတင်မကဘဲ ထိုထက်မကသော အင်အားစုများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံနေရကြောင်း ချက်ချင်းပင် နားလည်သွား၏။

“တောက်... သေစမ်း။ ဒီနေ့တော့ မင်းတို့လို လျှာနှစ်ခွနဲ့ ကိုယ့်ကိုယ်ကိုယ် လမ်းမှန်ကျင့်ကြံသူတွေလို့ခေါ်တဲ့ ကောင်တွေနဲ့ ငါ အေသခံတိုက်မယ်ကွ”

“မင်း ဆန္ဒရှိတဲ့အတိုင်းပေါ့”

ထိုသို့ပြောပြီး ဝူဖုန်းမှာ သူ့ ဧရာမဓားကြီးကို နောက်တစ်ကြိမ် ထပ်မံမြှောက်တင်လိုက်သည်။

ခဏအကြာတွင် ကောင်းကင်ယံကို တုန်ခါသွားစေသော ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

အောက်ခြေတွင်လည်း မဟာပဏ္ဍိတရွှမ်ကျဲ့မှာ ဒဏ်ရာရနေသော မီးနတ်ဘုရားဂိုဏ်း၏ မဟာပဏ္ဍိတနှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည်။

သူတို့၏ ပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက ဓားကြီးမြင့်မြတ်နယ်မြေ၏ မဟာပဏ္ဍိတ နှစ်ဦးမှာ တည်ငြိမ်အေးဆေးလျက် ရှိသည်။

အချိန်ကိုက်မှုနှင့် အသာစီးရမှု နှစ်ခုစလုံးတွင် အရာအားလုံးက သူတို့ဘက်၌ ရှိနေ၏။

သို့သော်လည်း မီးနတ်ဘုရားဂိုဏ်း၏ မဟာပဏ္ဍိတ နှစ်ဦးမှာမူ ပိုမို၍ စိတ်ပျက်အားငယ်လာကြသည်။

သူတို့ရှေ့တွင် ရှိနေသော ရန်သူနှစ်ဦးထက် မီးနတ်ဘုရားဂိုဏ်း၏ ဌာနချုပ်တွင် ရှိနေဆဲဖြစ်သော ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော်ကို ပိုမိုကြောက်ရွံ့နေကြ၏။

အကယ်၍ ထိုကောင်လေးသာ ရောက်ရှိလာပါက သူတို့ အသက်ရှင်သန်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။

တစ်နာရီကြာပြီးနောက်တွင် မီးနတ်ဘုရားဂိုဏ်း၏ မဟာပဏ္ဍိတတစ်ဦး သေဆုံးသွားခဲ့ပြီး အခြားတစ်ဦးဖြစ်သူ မဟာပဏ္ဍိတမိုယာမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိသွားတော့သည်။

မဟာပဏ္ဍိတဝူဖုန်းမှာ သွေးအလိမ်းလိမ်း ဖြစ်နေသော မိုယာကို ငုံ့ကြည့်လျက် အေးစက်စွာ ပြောလိုက်သည်။

“ပြောစမ်း... အဲဒီ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော် ဆိုတာ တစ်ကယ်တမ်း ဘယ်သူလဲ”

“ဟီး ဟီး ဟီး...”

မဟာပဏ္ဍိတမိုယာက ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ဒါဆို မင်းတို့ အဘိုးကြီးတွေက ဘာမှမသိကြသေးဘူးပေါ့။ ငါ အထင်မမှားဘူးဆိုရင် အဲဒီ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်က အခုအချိန်မှာ ငါ့မီးနတ်ဘုရားဂိုဏ်းရဲ့ ရတနာတွေကို လုယက်နေလောက်ပြီ။ မင်းတို့တွေ ဒီမှာ အသက်ပေးပြီး သွေးထွက်သံယို တိုက်ခိုက်နေကြ။ သူချန်ထားခဲ့တဲ့ အကြွင်းအကျန် အမှိုက်စတွေကိုပဲ မင်းတို့ ရလိမ့်မယ်”

မဟာပဏ္ဍိတရွှမ်ကျဲ့၏ မျက်နှာမှာ ညိုမည်းသွား၏။

“နတ်ဆိုးအိုကြီး သေခါနီးအချိန်မှာတောင် ငါတို့ကြားထဲမှာ သွေးခွဲစကားတွေ လာပြောနေသေးတယ် ဟုတ်လား”

မိုယာက လှောင်ပြုံး ပြုံးလိုက်သည်။

“တကယ်လို့ မြင့်မြတ်သားတော်က ပိုသန်မာမနေရင် မင်းတို့လို အသုံးမကျတဲ့ မဟာပဏ္ဍိတတွေက မီးနတ်ဘုရားဂိုဏ်းရဲ့ တံခါးဝကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ ငါတို့က ရိုးရိုးလေးပဲ အကွက်ချခံလိုက်ရတာ။ ခြေလှမ်းတစ်ချက် မှားယွင်းသွားတာနဲ့ အဲဒီ မြင့်မြတ်သားတော်က ငါတို့အားလုံးကို တွက်ချက်ပြီးသား ဖြစ်နေခဲ့တာ”

စကားပြောပြီးသည်နှင့် သူ့ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာလေ၏။

“ဟွန်း...”

အေးစက်စွာ နှာခေါင်းရှုံ့ရင်း မဟာပဏ္ဍိတဝူဖုန်း သူ၏ ဧရာမဓားကြီးကို အောက်သို့ လွှဲယမ်းချလိုက်ရာ မဟာပဏ္ဍိတမိုယာ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ဖုန်မှုန့်များအဖြစ် ကြေမွပျက်စီးသွားတော့သည်။

“ငါ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖို့ ကြိုးစားနေတာလား။ မင်းက နုပါသေးတယ်ကွ”

သူ့အနားတွင် မဟာပဏ္ဍိတရွှမ်ကျဲ့က လေးနက်စွာ ပြောလိုက်သည်။

“အစ်ကိုကြီး... အဲဒီ နတ်ဆိုးအိုကြီးက လိမ်နေတာ မဟုတ်ဘူး ထင်တယ်။ အကယ်လို့ သူပြောတာ အမှန်တွေဆိုရင် ကျွန်တော်တို့တွေ သူတစ်ပါးအတွက် အလုပ်အလကား လုပ်ပေးလိုက်ရတာ မဟုတ်ဘူးလား”

မဟာပဏ္ဍိတဝူဖုန်း တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါတို့ ရှေ့မှာ ရှိနေတဲ့အရာကို အရင်ဆုံး ကိုင်တွယ်ကြရအောင်။ အဲဒီ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော် ကိစ္စကတော့….ငါတို့ မြင့်မြတ်နယ်မြေ နှစ်ခု ရောက်သွားတာနဲ့ သူ ဘာတွေပဲ ယူထားယူထား လက်ထဲကနေ အတင်းအဓမ္မ ပြန်ထုတ်ခိုင်းလို့ ရတယ်။ လောလောဆယ်တော့ သူက ငါတို့ လိုချင်တဲ့ ရတနာတွေကို ရှာဖွေပေးဖို့ ကူညီပေးနေတာသက်သက်ပဲ”

မဟာပဏ္ဍိတရွှမ်ကျဲ့ ချီးကျူးဂုဏ်ပြုသည့် အနေဖြင့် လက်မထောင်ပြလိုက်သည်။

“အစ်ကိုကြီးကတော့ အမြဲတမ်း ထက်မြက်နေတာပဲ”

တစ်ချိန်တည်း၌

ငရဲကိုးထပ် မြင့်မြတ်နယ်မြေ၏ စစ်မြေပြင်တွင်

ငရဲကိုးထပ်မြင့်မြတ်နယ်မြေ၏ မဟာပဏ္ဍိတ နှစ်ဦးသည်လည်း သူတို့၏ မီးနတ်ဘုရားဂိုဏ်း ပြိုင်ဘက်များကို သတ်ဖြတ်ပြီး ဝမ်တောက်ကျောင်းတော် မြင့်မြတ်သားတော်နှင့် ပတ်သက်သည့် သတင်းအချက်အလက် အချို့ကို မေးလိုက်ကြ၏။

သူတို့ထဲမှ တစ်ဦးက ပြောလိုက်သည်။

“အစ်ကိုကြီး ကွေ့လီ.. မီးနတ်ဘုရား နတ်ဆိုးပုံဆောင်ခဲ ကိုတော့ အခြားသူရဲ့ လက်ထဲကို လုံးဝ အကျဆုံးမခံနိုင်ဘူး”

မဟာပဏ္ဍိတကွေ့လီ အသာအယာ ခေါင်းညိတ်လိုက်၏။

“စိတ်ချပါ။ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်က အဲဒီအရာနဲ့အတူ ဘယ်တော့မှ လွတ်မြောက်သွားမှာ မဟုတ်ဘူး။ ငါ့ရဲ့ အမိန့်ကို ချမှတ်လိုက်။ ချီတက်မှုကို အရှိန်မြှင့်တင်စမ်း။ ငါတို့ မီးနတ်ဘုရား မိစ္ဆာပုံဆောင်ခဲကို သေချာပေါက် ရယူရမယ်”

“ဟုတ်ကဲ့ပါ ဆရာ”

All Chapters