အခန်း (၄၅၇)
Vol. 46 Ch. 457
ဝမ်တောက်ကျောင်းတော်
မြောင်တောင်ပေါ်တွင်
ပတ်ဝန်းကျင်လေထုသည် ထုံးစံအတိုင်း အေးချမ်းဆိတ်ငြိမ်လျက် ရှိနေဆဲပင်။
ကျောင်းတော်ကို ရက်အတော်ကြာ လာရောက်စိန်ခေါ်ပြီးနောက် မဟာပဏ္ဍိတမိုးကြိုးနှင့် မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန်တို့နှစ်ဦးစလုံး တံခါးပိတ်ကျင့်ကြံခြင်းဝင်ရန် ရွေးချယ်လိုက်ကြ၏။
ချူဖုန်းကမူ နေ့ရက်များကို ငါးမျှားခြင်း၊ စာဖတ်ခြင်းနှင့် တစ်ခါတစ်ရံ တပည့်များကို ကျင့်ကြံခြင်းလမ်းညွှန်ပြသခြင်းတို့ဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
ထိုညနေ၌ ချူဖုန်း ညစာစားရန် ပြင်ဆင်နေစဉ် ရင်းနှီးသော အသံတစ်သံ သူ့စိတ်ထဲတွင် ထွက်ပေါ်လာလေတော့၏။
[ပိုင်ရှင်၏တပည့် မဟာပဏ္ဍိတမိုးကြိုးသည် တာအိုအနှစ်သာရ နှစ်ခုအား နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ ပိုင်ရှင်သည် ဆုလာဘ်ဆယ်ဆကို ရရှိပါသည်။တာအိုအနှစ်သာရနှစ်ဆယ်ရရှိပါသည် ]
‘ဒီလောက်တောင် မြန်တာလား’
တံခါးပိတ်ကျင့်ကြံသည်မှာ တစ်လခွဲသာ ရှိသေးသည်။မိုးကြိုး ယခုလောက်အထိ တိုးတက်မှုရလိမ့်မည်ဟု ချူဖုန်း မထင်ထားခဲ့ချေ။
ဘေးနားရှိ ပင်းယန် ချူဖုန်း၏မျက်နှာပေါ်မှ ဇဝေဇဝါဖြစ်သွားသော အရိပ်အယောင်ကို သတိပြုမိသွားပြီးလေသံတိုးတိုးဖြင့် မေးလိုက်၏။
“ယောက်ျား ဘာဖြစ်လို့လဲဟင်”
ချူဖုန်းက ခေါင်းခါပြလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ မိုးကြိုး ကျင့်ကြံဆင့်တက်သွားပုံရတယ်”
“အို...”
ပင်းယန် မှင်တက်သွားပြီးမှ ပြုံးလိုက်သည်။
“ဒါဆို သတင်းကောင်းပဲပေါ့”
ချူဖုန်း ခေါင်းညိတ်ပြသည်။
“မှန်တာပေါ့။ ငါတို့ ဒီမှာပဲ သူ့ကို စောင့်ရင်း သူရောက်လာမှ ညစာ အတူတူစားကြတာပေါ့”
လူတိုင်း ငြိမ်သက်စွာ ထိုင်စောင့်နေလိုက်ကြ၏။
မကြာမီမှာပင် မဟာပဏ္ဍိတမိုးကြိုး မျက်နှာတစ်ခုလုံး ပီတိအပြည့်ဖြင့် ခြံဝင်းထဲသို့ ရောက်ရှိလာတော့သည်။
သူ ဝင်ဝင်ချင်းချင်းပင် ချူဖုန်းဘက်သို့ ဦးညွှတ်၍ ဂါရဝပြုလိုက်သည်။
“တပည့်မိုးကြိုး ဆရာ့ကို ဂါရဝပြုပါတယ်”
“အင်း ထပါ”
ချူဖုန်း ပြုံးလျက် ဆိုသည်။
“မင်းရဲ့ မြောင်တောင် ခရီးစဉ်က အသီးအပွင့်တွေ အများကြီး ခံစားခဲ့ပုံရတယ်”
မိုးကြိုးက ပြန်လည်ဖြေကြားသည်။
“ဒါတွေအားလုံးက ဆရာသခင်ရဲ့ လမ်းညွှန်မှုတွေကြောင့်ပါ။ ဦးလေးရွှေတောင်ပံက တပည့်ကို ဦးဆောင်ပြီး တခြားအကြီးအကဲတွေနဲ့ စိန်ခေါ်ယှဉ်ပြိုင်ပေးခဲ့လို့သာ တပည့်အနေနဲ့ အချိန်တိုအတွင်းမှာ အသိအမြင်တွေ အများကြီး ရရှိခဲ့တာပါ”
ချူဖုန်း ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူး။ လာ... ညစာ အတူတူစားရအောင်”
“ဟုတ်ကဲ့ ဆရာ”
မဟာပဏ္ဍိတမိုးကြိုး အလျင်အမြန်ပင် နေရာယူကာ အားလုံးနှင့်အတူ ဝိုင်သောက်ရင်း ပါဝင်ဆင်နွှဲလေတော့သည်။
ဝိုင်အချို့ သောက်ပြီးနောက် ချူဖုန်းက မေးလိုက်၏။
“မိုးကြိုး နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ”
“ဆရာ... တပည့်အနေနဲ့ လောကအနှံ့ လှည့်လည်ပြီး ကျင့်ကြံခြင်းကို ဆက်လုပ်ချင်ပါတယ်။ တစ်ယောက်တည်း တံခါးပိတ် ကျင့်ကြံနေရုံနဲ့တော့ ပိုမြင့်တဲ့ အဆင့်တွေကို ရောက်ဖို့ ခက်ခဲလိမ့်မယ်”
ယခင် အတွေ့အကြုံအရ မိုးကြိုးသည် ပိုမိုသန်မာလာမှသာ မိမိ၏ သားစဉ်မြေးဆက်များကို အမှန်တကယ် ကာကွယ်နိုင်မည်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ချူဖုန်း အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
“ပညာရှိတဲ့ ဆုံးဖြတ်ချက်ပဲ။ ငါ မင်းကို အားပေးပါတယ်။ တောင်ပေါ်ကနေ မထွက်ခင် ငါ့ဆီကို နောက်တစ်ခေါက် လာခဲ့ဦး”
“ဟုတ်ကဲ့ပါ ဆရာ”
မိုးကြိုး ရိုသေစွာ ပြန်ဖြေလိုက်သည်။
အားလုံး ပျော်ပျော်ပါးပါး စကားစမြည် ပြောဆိုနေကြစဉ် ရုတ်တရက် အပြင်ဘက်ဝင်းထဲမှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
“တပည့် ဌာနမှူးချူကို ဂါရဝပြုပါတယ်”
လူတိုင်း တံခါးဝဘက်သို့ လှည့်ကြည့်လိုက်ရာ ပြင်ပရေးရာဌာနမှ အကြီးအကဲရှောင်ပိုင် ရပ်နေသည်ကို မြင်လိုက်ရသည်။
သူသည် ချူဖုန်းနှင့် ဝမ်ပေါင်လဲ့တို့၏ မိတ်ဆွေဟောင်းတစ်ဦးဖြစ်ပြီး တစ်ချိန်က ကြီးကြပ်သူအဖြစ် လူသိများခဲ့သူ ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်က သူသည် တာအိုပေါင်းစည်းခြင်းအဆင့် သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သဖြင့် သူ့ရာထူးမှာ ကြီးကြပ်သူမှသည် အကြီးအကဲအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
ယခုအခါ လူတိုင်းက သူ့ကို အကြီးအကဲရှောင်ပိုင် ဟုသာ ခေါ်ဆိုကြတော့သည်။
ချူဖုန်း ပြုံးလျက် ဆိုလိုက်သည်။
“အစ်ကိုပိုင် ကျွန်တော် အစ်ကို့ကို ဘယ်နှစ်ခါ ပြောရမလဲ။ ကျွန်တော့်ကို ဌာနမှူးလို့ ခေါ်ဖို့ မလိုပါဘူးဆိုတာ”
အကြီးအကဲရှောင်ပိုင် တည်ကြည်စွာ ပြန်ပြောသည်။
“ဌာနမှူးချူ ဝတ္တရားနဲ့ ယဉ်ကျေးမှုကိုတော့ လျစ်လျူရှုလို့ မရပါဘူး”
“ဝင်လာပြီး ကျွန်တော်တို့နဲ့အတူ သောက်ပါဦး။ မိုးကြိုးလည်း မကြာခင်ကပဲ တိုးတက်မှုအသစ်တွေ ရထားတယ်”
ချူဖုန်း ချန်ကျင်းကျင်းကို အချက်ပြရင်း ပြောလိုက်သည်။
ချန်ကျင်းကျင်းသည် အဓိပ္ပာယ်ကို ချက်ချင်းနားလည်ကာ နောက်ထပ် ပန်းကန်နှင့်ခွက်ယောက်တစ်စုံ သွားရောက်ယူဆောင်ရန် အလျင်အမြန် ထွက်သွားတော့လေ၏။
အကြီးအကဲရှောင်ပိုင်က အနည်းငယ် ဦးညွှတ်ကာ ဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဌာနမှူးချူ။ ဒါပေမဲ့ အဲဒါမတိုင်ခင်ကျွန်တော့်မှာ ဂျူနီယာချိုက်ယီနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိလို့ပါ”
“ကောင်းပြီလေ”
ချူဖုန်း ထပ်မမေးတော့ဘဲ မဟာပဏ္ဍိတမိုးကြိုးနှင့်အတူ ဝိုင်ဆက်သောက်နေလိုက်သည်။
ချူချိုက်ယီ ရုတ်တရက် ထရပ်လိုက်ပြီး မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် အကြီးအကဲ ရှောင်ပိုင်ကို ကြည့်ကာ မေးလိုက်၏။
“ဦးလေး ကျွန်မ ကလေးနှစ်ယောက်ကို ရှာတွေ့ပြီလား”
ပျော်ရွှင်စရာကောင်းနေသော စားသောက်ပွဲ၏ လေထုမှာ တစ်ခဏအတွင်း ငြိမ်သက်သွားသည်။
လူတိုင်း၏ အကြည့်များက ချူချိုက်ယီထံသို့ ကျရောက်သွားကြ၏။
ပိုင်ကျင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“စီနီယာအစ်မ... အစ်မမှာ ကလေးတွေ ရှိတာလား”
ချူချိုက်ယီက ခေါင်းညိတ်ပြပြီးနောက် ချူဖုန်း၏ရှေ့တွင် ဒူးထောက်လိုက်သည်။
“ဆရာ... ဒီတပည့်ဟာ အရင်က ဆရာ့အပေါ် ကိစ္စတစ်ခုကို ဖုံးကွယ်ခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ချူဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာလို့ အရင်က မပြောခဲ့တာလဲ”
ချူချိုက်ယီက တိုးညင်းစွာ ဖြေသည်။
“ဆရာ... အဲဒီအချိန်တုန်းက တပည့်မှာ အခြေချစရာ နေရာမရှိခဲ့သလို၊ ကလေးတွေကို ပြန်တွေ့ရဖို့လည်း မမျှော်လင့်ရဲခဲ့ပါဘူး။ တပည့်အနေနဲ့ ပိုပြီးသန်မာလာအောင်ပဲ ကြိုးစားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကျမှပဲ သူတို့ကို လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့ပြီး ပြင်ပရေးရာဌာနက စီနီယာအစ်ကိုတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့တာပါ”
သူမ စိတ်ထဲတွင်မူ ဤအရာသည် သေးငယ်သော ကိစ္စလေးတစ်ခုသာဖြစ်ပြီး လေးစားရသော ဆရာကို အလုပ်ရှုပ်အောင် မလုပ်လိုခြင်းသာ။
ချူဖုန်း၏ မျက်နှာအမူအရာမှာ နူးညံ့နေဆဲပင်။
“ဒါက မင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပဲ။ ငါ ဝင်မစွက်ဖက်ပါဘူး။ မင်း သင့်တော်သလိုပဲ စီမံပါ”
အကြီးအကဲရှောင်ပိုင် ချူချိုက်ယီထံသို့ ကျောက်စိမ်းပြားတစ်ပြား ကမ်းပေးရင်း အားနာဟန်ဖြင့် ပြောလိုက်သည်။
“ဂျူနီယာချူ... ဒီထဲမှာ မင်း ကလေးတွေရှိတဲ့ နေရာပါတယ်။ မင်းက မိသားစုကိုပဲ ရှာနေတာလို့ ပြောခဲ့လို့ ငါလည်း သိပ်ပြီး အသေးစိတ် မစုံစမ်းဘဲ လူတွေကိုပဲ လိုက်ရှာခိုင်းလိုက်တာ”
ချူချိုက်ယီ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“အကြီးအကဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မလိုပါဘူး။ ဒါက ကျွန်မရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ သူတို့ ဘယ်မှာရှိလဲဆိုတာ သိရတာနဲ့တင် လုံလောက်ပါပြီ”
ထိုစဉ် ချန်ကျင်းကျင်းသည် မီးဖိုချောင်ထဲမှ ပန်းကန်နှင့် ခွက်ယောက်အသစ်များကို ကိုင်ဆောင်ကာ ထွက်လာလေ၏။
ချူချိုကိယီ၏ မျက်နှာပေါ်မှ ခံစားချက်ပြင်းထန်နေမှုကို မြင်သောအခါ သူမ အလိုလို မေးလိုက်မိသည်။
“စီနီယာအစ်မ ဘာဖြစ်လို့လဲ”
ချူချိုက်ယီ၏ နှုတ်ခမ်းများ တုန်ရီသွားပြီး မျက်ဝန်းများတွင် မျက်ရည်များက ဝဲတက်လာတော့သည်။
“ငါ... ငါ့ကလေးတွေကို နောက်ဆုံးတော့ ရှာတွေ့ပြီ”
“အင်...”
ချန်ကျင်းကျင်း မျက်တောင်လေးတခတ်ခတ်ဖြင့် မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်ရှာသည်။
“သမီး တစ်ခုခု အရေးကြီးတာကို လွတ်သွားသလိုပဲ”
ချူဖုန်းက ချက်ချင်းပင် ဆိုလိုက်သည်။
“နင်ကတော့လေ... မိန်းကလေး ဖြစ်ပြီး နေရာတကာ စပ်စုချင်နေတာပဲ၊ ပြန်ထိုင်စမ်း”
“ဟုတ်...”
ချန်ကျင်းကျင်းမှာ အနည်းငယ် စိတ်ကောက်သွားဟန်ဖြင့် မိမိနေရာသို့ ပြန်ထိုင်လိုက်ရာ ပိုင်ကျင်းက ဘေးသို့ တိုးလာပြီး တိုးတိုးတိတ်တိတ် ပြောပြလေသည်။ မကြာမီမှာပင် သူမ နားထောင်ရင်းနှင့် အံ့အားသင့်သွားလေတော့၏။
စားသောက်ပွဲက ဆက်လက်ကျင်းပနေသော်လည်း ချူချိုက်ယီမှာ အသာအယာ ခွင့်တောင်းကာ စောစောစီးစီး ထွက်ခွာသွားခဲ့သည်။
နောက်နေ့ မွန်းတည့်ချိန်သို့ ရောက်သောအခါ ချူချိုက်ယီသည် ချူဖုန်းကို လာရောက်နှုတ်ဆက်လေသည်။
ချူဖုန်းသည် သူမ ကလေးများကို သွားရောက်ရှာဖွေတော့မည်ကို သိသဖြင့် တုံ့ဆိုင်းခြင်းမရှိ ခွင့်ပြုလိုက်လေ၏။
သူမ ထွက်ခွာတော့မည့်ဆဲဆဲတွင် ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့နှစ်ဦးစလုံး ရုတ်တရက် အတူတူ ရှေ့သို့ ခုန်ထွက်လာကြသည်။
“ဆရာ သမီးတို့လည်း စီနီယာအစ်မရဲ့ ခရီးစဉ်မှာ အတူတူ လိုက်သွားလို့ရမလားဟင်”
“နင်တို့ မိန်းကလေးနှစ်ယောက်ကတော့ ဘာလို့ အမြဲတမ်း ပြဿနာရှာဖို့ ကြံနေကြတာလဲ”
ချူဖုန်းက မတတ်သာသလို ဆိုလိုက်၏။
ပိုင်ကျင်းက အလျင်အမြန် ဆင်ခြေပေးသည်။
“သမီးမှာ စီးနင်းစရာ သားရဲရှိတယ်လေ။ စီနီယာအစ်မချိုက်ယီ သွားချင်တဲ့နေရာကို ပိုပြီး မြန်မြန်ဆန်ဆန် ရောက်အောင် ကူညီပေးနိုင်မှာပါ”
ချူဖုန်း၏ မျက်ဝန်းများက စဉ်းစားဟန်ဖြင့် လှုပ်ခတ်သွားပြီးနောက် ချူချိုက်ယီဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဒီကိစ္စကတော့... ချိုက်ယီ... မင်းအပေါ်မှာပဲ မူတည်တယ်”
မိန်းကလေးငယ်နှစ်ဦးမှာ ချက်ချင်းပင် ချူချိုက်ယီ၏ ဘေးတွင် ဝိုင်းအုံလာကြပြီး မျှော်လင့်တကြီး မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။
“စီနီယာအစ်မ သမီးတို့ လိုက်ခဲ့လို့ ရမလား”
ချူချိုက်ယီသည် တစ်ခဏမျှသာ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုလည်း ဂျူနီယာညီမလေးနှစ်ယောက်ကို ဒုက္ခပေးရတော့မှာပေါ့”
သူမသည် မည်သူ့ကိုမျှ ဒုက္ခမပေးချင်သော်လည်း ဂျူနီယာညီမလေးများ အတူ လိုက်ပါလာမည်ဆိုသောကြောင့် သူမ စိတ်နှလုံးထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာသည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”
မိန်းကလေးနှစ်ဦးသည် အပြင်ထွက်လည်ရတော့မည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားစွာ မျက်နှာများ ဝင်းပသွားကြလေ၏။
“အဟမ်း...”
ချူဖုန်းက ရည်ရွယ်ချက်ရှိရှိဖြင့် ချောင်းဟန့်လိုက်ရာ သူတို့အာရုံများက ပြန်လည်၍ ရောက်ရှိလာသည်။
မိန်းကလေးနှစ်ဦးစလုံးမှာ ချက်ချင်းပင် ကိုယ်ကိုမတ်မတ်ရပ်လိုက်ကြပြီး သူတို့၏ နောက်ပြောင်နေသော အပြုံးများမှာ ပျောက်ကွယ်သွားကာ တည်ကြည်သော အမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။
“အပြင်ရောက်ရင်... ချိုက်ယီရဲ့ ညွှန်ကြားချက်တွေကို သေချာနာခံရမယ်။ မဟုတ်ရင်တော့... နောက်တစ်ခါ တောင်ပေါ်ကနေ ဘယ်တော့မှ ဆင်းဖို့ မစဉ်းစားနဲ့တော့”
သူတို့၏ ဆိုးသွမ်းသော ဗီဇများကို သိထားသဖြင့် ချူဖုန်း၏ လေသံမှာ ပြတ်သားတည်ကြည်သွားသည်။
“ဟုတ်ကဲ့ ဆရာ”
မိန်းကလေးနှစ်ဦးသည် ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြကြသည်။
ချူဖုန်းက ဘာမှ ထပ်မပြောတော့ပေ။
“ချိုက်ယီ... မင်းတို့ သွားနိုင်ပြီ”
“ဆရာ... တပည့်တို့ သွားခွင့်ပြုပါဦး”
ချူချိုက်ယီ ချူဖုန်းကို ဦးညွှတ်ဂါရဝပြုပြီးနောက် မိန်းကလေးနှစ်ဦးနှင့်အတူ လှည့်၍ ထွက်ခွာသွားလေတော့သည်။