အခန်း (၄၅၈)
Vol. 46 Ch. 458
“စီနီယာအစ်မ ချိုက်ယီ အစ်မရဲ့ သားနဲ့သမီး အခုဆို အသက်ဘယ်လောက်ရှိပြီလဲဟင်”
ကောင်းကင်ယံအထက်တွင်
ချန်ကျင်းကျင်းမှာ ဒေါင်းနတ်ဆိုး၏ ကျောပေါ်၌ ထိုင်နေရင်း စပ်စုသောမျက်နှာပေးဖြင့် မေးလိုက်သည်။
“ဆယ့်ရှစ်နှစ် ပြည့်တော့မယ်”
ချူချိုက်ယီ တိုးညှင်းစွာ ဖြေလိုက်၏။
သူမ အတွေးတို့မှာ လွန်ခဲ့သော ဆယ့်ရှစ်နှစ် သူမ၏ တိုင်းပြည် ပျက်သုဉ်းခဲ့ရသည့် နေ့ရက်ဆီသို့ လွင့်မျောသွားခဲ့သည်။ ထိုစဉ်က သူမသည် မွေးကင်းစ အမြွှာကလေးငယ်နှစ်ဦးကို သူမ၏ သစ္စာအရှိဆုံး နန်းတွင်းအစေခံထံ အပ်နှံခဲ့ပြီး ငွေကြေးအမြောက်အမြား ပေးအပ်ကာ ကလေးများကို အရွယ်ရောက်သည်အထိ ဘေးကင်းရန်ကင်း မွေးမြူစောင့်ရှောက်ရန် မှာကြားခဲ့၏။
လွန်ခဲ့သည့် နှစ်များတစ်လျှောက် လွမ်းဆွတ်တမ်းတမှုများဖြင့် မရေမတွက်နိုင်သော ညပေါင်းများစွာကို ဖြတ်သန်းခဲ့ရသည်။ သို့သော်လည်း တိုင်းပြည်ကို ပျက်စီးစေတတ်သည်ဟု ဆိုကြသည့် သူမ၏ မင်္ဂလာမရှိသောခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ကလေးများထံ သွားရောက်ရှာဖွေရန် မရဲပေ။
သားသမီးများ မည်သို့မည်ပုံ နေထိုင်နေကြသည်။ သို့မဟုတ် ဘေးကင်းရဲ့လား ဆိုသည်ကိုပင် သူမ မသိခဲ့ရချေ။
ကံကောင်းထောက်မစွာ မကြာသေးမီက စီနီယာဦးလေး ရှောင်ပိုင်မှာ ပြန်လာပြီး သတင်းကောင်းပါးခဲ့သည်။ ကလေးများမှာ အသက်ထင်ရှားရှိပြီး ကျန်းမာချမ်းသာစွာ ရှိနေကြလေ၏။
သူမ သားသမီးများ လက်ရှိနေထိုင်ရာ နန်ယန်နိုင်ငံသို့ ရောက်ရှိသွားသည်နှင့် သူမသည် ကလေးများနှင့် ပြန်လည်ဆုံတွေ့နိုင်တော့မည်ဖြစ်သည်။
စီနီယာအစ်မ အတွေးကမ္ဘာထဲတွင် နစ်မျောနေသည်ကို မြင်သောအခါ ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့ တိတ်ဆိတ်စွာ နေလိုက်ကြပြီး မနှောင့်ယှက်ခဲ့ကြပေ။
ပိုင်ကျင်းက ဒေါင်းနတ်ဆိုး၏ ကျောကို ပုတ်လိုက်သည်။
“ချိုက်ယု မြန်မြန်လေး”
“နားလည်ပါပြီ”
ဒေါင်းနတ်ဆိုးမသည် ပြန်ထူးပြီး ချက်ချင်းပင် အရှိန်မြှင့်လိုက်လေတော့၏။
နန်ယန်နိုင်ငံ၊
ဆန်းကြယ်ကောင်းကင်ဒေသအတွင်းရှိ ထင်ရှားပေါ်လွင်မှုမရှိသော လူသားမျိုးနွယ်တို့၏ နိုင်ငံငယ်တစ်ခု
ထိုနိုင်ငံ၏ နယ်နိမိတ်အတွင်း ကျင့်ကြံသူအချို့ ရှိနေသော်လည်း လူဦးရေ၏ အများစုမှာ သာမန်လူသားများသာ။
လူတိုင်းက ကျင့်ကြံခြင်းကို အိပ်မက်မက်ကြသော်လည်း ထိုလမ်းဆီသို့ ဦးတည်ရာကို ရှာဖွေတွေ့ရှိသူမှာ အနည်းငယ်မျှသာ ရှိသည်။
နင်ကျိုးမြို့၊ မြောက်ဘက် ပြင်ပရပ်ကွက်။
ဤနေရာသည် ဆင်းရဲသားလူတန်းစားများ ဖြစ်ကြသည့် ဈေးသည်များ၊ အလုပ်သမားများနှင့် လေလွင့်သူမျိုးစုံ နေထိုင်ရာ အရပ်ဖြစ်သည်။
အကျင့်ပျက်ခြစားမှုများနှင့် သွေးထွက်သံယိုမှုများ ရောယှက်နေသည့် ပရမ်းပတာနိုင်လှသော နေရာတစ်ခုလည်း ဖြစ်၏။
အရုဏ်တက်ချိန်တွင် နံနက်ခင်း၏ ပထမဆုံးသော နေရောင်ခြည်မှာ မြို့တော်အပေါ်သို့ နွေးထွေးသော အလင်းတန်းများ ဖြာကျလာစေသည်။
အိမ်တံခါးများ တစ်ခုပြီးတစ်ခု တကျိကျိ မြည်ကာ ပွင့်လာပြီး ဘေးအန္တရာယ် မရှိတော့ကြောင်း သေချာမှသာ သတိကြီးစွာဖြင့် အပြင်သို့ ချောင်းကြည့်ကြပြီး မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို စတင်ကြလေ၏။
လမ်းမများပေါ်တွင် သွေးညှီနံ့များ လှိုင်ထနေသည်။ လမ်းခင်းကျောက်တုံးများပေါ်တွင် မခြောက်တခြောက်နှင့် မည်းနက်နေသော သွေးကွက်များ ထင်ကျန်နေခဲ့၏။
သို့သော် မည်သူမှ အံ့ဩတုန်လှုပ်ခြင်း မရှိကြပေ။ အကြမ်းဖက်မှုများသည် ဤနေရာတွင် နေထိုင်သူတို့၏ ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။
နင်ကျိုးမြို့၏ ရပ်ကွက်များတွင် ဂိုဏ်းငယ်များနှင့် အုပ်စုအမျိုးမျိုးတို့မှာ နယ်မြေလုကာ ညစဉ်ညတိုင်း အဆုံးမရှိ တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ဝူထုံလမ်းကြားထဲတွင်
အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်နှင့် ချောမောသော မျက်နှာပိုင်ရှင်၊ ခါးတွင် ဓားရှည်တစ်လက် ဆွဲကိုင်ထားသည့် လူငယ်တစ်ဦးမှာ လမ်းကြား၏ အဆုံးဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။
သူ့ကို မြင်တွေ့ရသော ဒေသခံများမှာ ကြောက်ရွံ့ခြင်း သို့မဟုတ် ပုန်းကွယ်ခြင်း မရှိကြဘဲ အပြုံးများဖြင့် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေကြ၏။
“လီမိသားစုက ကောင်လေး၊ ပြန်လာပြီလား”
“ဟုတ်ကဲ့”
“လီမိသားစုက ကောင်လေး၊ ထမင်းစားပြီးပြီလား”
“စားပြီးပါပြီ”
လီပင်အန်း နှုတ်ဆက်စကားတိုင်းကို ကြင်နာစွာ တုံ့ပြန်ပြီး တွေ့ဆုံသူတိုင်းအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံသည်။
မကြာမီတွင် သူသည် အိမ်ဝင်းငယ်လေးတစ်ခုသို့ ရောက်ရှိလာလေ၏။ သူက တံခါးကို စနစ်တကျ ခေါက်လိုက်သည်။ သုံးချက်ခေါက်၊ ခဏနား၊ ထို့နောက် နှစ်ချက် ထပ်ခေါက်သည်။
ထိုအစဉ်အတိုင်း သုံးကြိမ်တိုင်တိုင် ပြုလုပ်ပြီးနောက် စောင့်ဆိုင်းနေလိုက်သည်။
ကျိခနဲ မြည်သံနှင့်အတူ တံခါးပွင့်လာ၏။
ညစ်ပေနေသော မျက်နှာငယ်လေးတစ်ခု အပြင်သို့ ထွက်ပေါ်လာသည်။ သူ့ကို မြင်လိုက်ရသောအခါ သူမ တောက်ပစွာ ပြုံးပြလိုက်၏။
“အစ်ကို ပြန်လာပြီပဲ”
“အင်း”
လီပင်အန်း ခေါင်းညိတ်ပြလိုက်ပြီး သူ့ညီမငယ် လီရင်းရင်းကို ကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“မနေ့ညက အိမ်မှာ အားလုံး အဆင်ပြေရဲ့လား”
“ဘာပြဿနာမှ မရှိဘူး။ ကျားနက်ဂိုဏ်းက ဒါ အစ်ကို့အိမ်မှန်း သိတာပဲ။ ဘယ်သူမှ လာမနှောင့်ယှက်ရဲပါဘူး”
လီရင်းရင်းက လိမ္မာစွာ ပြောလိုက်သည်။ လွန်ခဲ့သော သုံးနှစ် သူတို့မွေးစားမိခင် ကွယ်လွန်သွားကတည်းက မောင်နှမနှစ်ယောက်မှာ တစ်ဦးကိုတစ်ဦးသာ အမှီသဟဲပြုပြီး နေထိုင်ခဲ့ရသည်။
ညီမဖြစ်သူကို ကာကွယ်ရန်အတွက် လီပင်အန်းမှာ စာပေဆက်လက်သင်ကြားရမည့် အခွင့်အရေးကို စွန့်လွှတ်ကာ ကျားနက်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး သွေးထွက်သံယိုများနှင့် အန္တရာယ်များလှသော ဘဝကို ဖြတ်သန်းခဲ့ရ၏။
အစပိုင်းတွင် သူမသည် အမှောင်ထုကို အလွန်ကြောက်ရွံ့ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျင့်သားရသွားလေတော့သည်။
“မင်းစားဖို့ ကောင်းတာလေးတွေ ယူလာတယ်။ အထဲဝင်ရအောင်”
လီပင်အန်း အိမ်ထဲသို့ ဝင်၍ သူ့ကျောပေါ်က ထုပ်ပိုးထားသော အထုပ်ငယ်လေးကို ချလိုက်သည်။
လီရင်းရင်းက ထိုအထုပ်ကို လှမ်းယူပြီး စိတ်အားထက်သန်စွာ ဖွင့်ကြည့်လိုက်၏။
အထဲတွင် အငွေ့တထောင်းထောင်း ထနေသော အသားပေါင်းမုန့်တစ်ခြင်းနှင့် ကြက်ကင်တစ်ကောင် ရှိနေသဖြင့် သူမ မျက်လုံးများမှာ ဝမ်းသာအားရဖြစ်ကာ တောက်ပသွားသည်။
သို့သော် မကြာမီပင် သူမ၏မျက်နှာတွင် သံသယရိပ်များ ဖြတ်ပြေးသွားလေ၏။
“အစ်ကို၊ ဒီနေ့ ဘာလို့ စားစရာတွေ အများကြီး ပါလာတာလဲ။ ကျင့်ကြံဖို့နဲ့ မြို့တော်ကိုသွားပြီး အစ်မ ကျားဟွေ့ကို ရှာဖို့အတွက် ငွေစုနေတာ မဟုတ်ဘူးလား”
လီပင်အန်းက ရယ်မောလိုက်သည်။
“ငါ ရှောင်ဟွေကို သွားရှာမှာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ငါ့ညီမလေးကို အငတ်ထားရမယ်လို့ မဆိုလိုပါဘူး..ဟုတ်တယ်မလား”
လီရင်းရင်း ချိုသာစွာ ပြုံးလိုက်လေ၏။
“အစ်ကိုက အကောင်းဆုံးပဲ။ အစ်ကို့အတွက် ညီမလေး ဆက်ပြီး ငွေစုပေးမယ်နော်”
“ဒီ ငွေမက်တဲ့ ကောင်မလေးကတော့”
သူက နွေးထွေးစွာ ရယ်မောရင်း စနောက်လိုက်သည်။
လီပင်အန်း စကားဆိုနေစဉ် လီရင်းရင်း၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
မောင်နှမနှစ်ယောက်မှာ ကျောက်စားပွဲဝိုင်းတွင် ထိုင်ကာ မနက်စာကို အတူတူစားလျှက် ပျော်ရွှင်စွာ စကားစမြည် ပြောနေကြသည်။
စားသောက်ပြီးနောက် လီရင်းရင်းသည် ကြက်ကင်တစ်ဝက်ကို နေ့လယ်စာနှင့် ညစာအတွက် သိမ်းဆည်းရန် မီးဖိုချောင်ထဲသို့ ယူသွားလိုက်သည်။
ထိုအတောအတွင်း လီပင်အန်းမှာ ဒဏ်ရာများကို ကုသရန် သူ့အခန်းထဲသို့ ပြန်လာခဲ့သည်။ ကျားနက်ဂိုဏ်းသို့ မဝင်ရောက်မီက သူက စာပေနှင့် ပညာသင်ကြားခြင်းကို အဓိကထားခဲ့သော်လည်း အခြေခံကိုယ်ခံပညာနှင့် ဆေးဝါးပညာအချို့ကိုလည်း လေ့လာခဲ့ဖူးသည်။
သို့သော် ဂိုဏ်းထဲသို့ ဝင်ပြီးနောက်တွင်မူ သူ့ဘဝသည် အမြဲတစေ တိုက်ခိုက်ခြင်းနှင့် လေ့ကျင့်ခြင်းများဖြင့်သာ ပြည့်နှက်နေခဲ့၏။
သူ ဤသို့ ပြုလုပ်ရခြင်းမှာ အကြောင်းရင်းနှစ်ချက်ကြောင့်ပင်။ ပထမတစ်ခုမှာ သူ့ညီမကို ကာကွယ်ရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာ သူ၏ စေ့စပ်ထားသူ လျူကျားဟွေ့နှင့် လက်ထပ်နိုင်ရန် ငွေစုရန် ဖြစ်သည်။
သူ ဒဏ်ရာများကို ကုသလိုက်သည်။
ခေတ္တအနားယူပြီးသောအခါ မွန်းတည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်၏။
သူသည် ကျားနက်ဓားသိုင်းကို လေ့ကျင့်ရန် ပြင်ဆင်နေစဉ်မှာပင် တံခါးခေါက်သံ အစီအရီ ထွက်ပေါ်လာသည်။
ဒုန်း၊ ဒုန်း၊ ဒုန်း…
“ဘယ်သူလဲ”
လီပင်အန်း တံခါးဘက်သို့ လှည့်ကာ ခပ်အေးအေး မေးလိုက်သည်။
“ပင်အန်း၊ ငါပါ”
သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ ရင်းနှီးနေသော အသံ ထွက်ပေါ်လာသည်။
ထိုအသံကို ကြားလိုက်ရသောအခါ လီပင်အန်း၏ မျက်နှာပေါ်တွင် နေရောင်ခြည်ကဲ့သို့ တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး တံခါးကို အမြန်သွားဖွင့်ပေးလိုက်သည်။
တံခါးဝတွင် ရပ်နေသူမှာ ပိုးဖဲကတ္တီပါများနှင့် ရတနာများ ဆင်ယင်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။
“ဦးလေးလျူ၊ အထဲကို ကြွပါဦး”
“မလိုပါဘူး”
ဦးလေးလျူ၏ လေသံမှာ အေးစက်ပြီး အကွာအဝေးတစ်ခု ခြားထားသကဲ့သို့ ဖြစ်နေသည်။
“ငါ ဒီနေ့ လာတာက မင်းကို ပြောစရာတစ်ခု ရှိလို့ပါ။ ပြောပြီးရင် ပြန်မှာ”
ကျားနက်ဂိုဏ်းအတွင်း ကိုယ်ပိုင်နေရာတစ်ခု တည်ဆောက်ထားနိုင်ခဲ့သော လီပင်အန်းမှာ ငတုံးတစ်ယောက် မဟုတ်ပေ။
ထိုစကားတစ်ခွန်းတည်းနှင့်ပင် သူက တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို ရိပ်မိလိုက်သည်။
“ဦးလေး ဘာပြောချင်လို့လဲဆိုတာ သိပါရစေ”
ဖြောင်း၊ ဖြောင်း…
ဦးလေးလျူက လက်ခုပ်တီးလိုက်သည်။
မကြာမီ အစေခံနှစ်ဦးမှာ သေတ္တာကြီးတစ်လုံးကို မကာ ချဉ်းကပ်လာကြ၏။
“ဖွင့်လိုက်”
“ဟုတ်ကဲ့ပါ သခင်ကြီး”
အစေခံများက အမိန့်ကို နာခံပြီး သေတ္တာအဖုံးကို ဖြည်းညှင်းစွာ မလိုက်ကြသည်။
အထဲတွင် တောက်ပနေသော ငွေတုံးများ အပြည့်ရှိနေ၏။
ထိုမြင်ကွင်းမှာ ပတ်ဝန်းကျင်ရှိ ဘေးလူများစွာ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ ငွေများကို မြင်လိုက်ရသောအခါ အချို့မှာ အံ့ဩတုန်လှုပ်မှုကြောင့် အသက်ရှူပင် မှားသွားကြ၏။
လမ်းကြားအတွင်း တိုးတိုးတိုးတိုး ပြောသံများ ပျံ့နှံ့သွားတော့သည်။
“ဆင်းရဲတဲ့ လျူမိသားစုက ရုတ်တရက်ကြီး ဘယ်လိုလုပ် ဒီလောက် ငွေတွေ အများကြီး ရလာတာလဲ”
“တိုးတိုးနေစမ်း။ ငါ ကြားတာတော့ လျူမိသားစုရဲ့ သမီးကြီးကို မြို့တော်က ကျင့်ကြံသူတစ်ယောက်က သဘောကျသွားလို့တဲ့။ အခု သူ ဂိုဏ်းကြီးတစ်ခုထဲ ဝင်ခွင့်ရသွားတော့ လျူမိသားစုတစ်ခုလုံးပါ လိုက်ပြီး မျက်နှာပွင့်သွားတာပေါ့”
“…”
လီပင်အန်းမှာ စကားလုံးတိုင်းကို ရှင်းလင်းစွာ ကြားလိုက်ရသော်လည်း သူ့မျက်နှာရိပ်မှာ ပျက်ယွင်းမသွားပေ။ သူက တည်ငြိမ်သော လေသံဖြင့်သာ မေးလိုက်သည်။
“ဦးလေးလျူ၊ ဒါက ဘာသဘောလဲ”
ဦးလေးလျူက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ပင်အန်း၊ ငါ မင်းကို ဖုံးကွယ်မထားတော့ပါဘူး။ ကောလာဟလတွေက အမှန်ပဲ။ ကျားဟွေ့က ကျင့်ကြံရေးဂိုဏ်းထဲကို ဝင်သွားပြီ။ သူတို့က သူ့ကို လူ့လောကရဲ့ သံယောဇဉ်တွေ ဖြတ်တောက်ဖို့ ညွှန်ကြားထားတယ်။
“လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်းတို့မိသားစု ငါတို့ အခက်အခဲဖြစ်နေချိန်မှာ ငွေတစ်ရာ ချေးပေးခဲ့လို့ ငါက ကျေးဇူးဆပ်တဲ့အနေနဲ့ ကျားဟွေ့နဲ့ မင်းကို ထိန်းမြှားပေးပါမယ်လို့ ကိုယ်တိုင် ကတိပေးခဲ့တာ”
“ဒါပေမဲ့ ကံကြမ္မာက တခြားလမ်းကို ရွေးချယ်သွားပြီ။ မင်းတို့နှစ်ယောက်က ဖူးစာမပါကြတော့ဘူး။ ငါ အနည်းဆုံး လုပ်ပေးနိုင်တာကတော့ မင်းတို့ပေးခဲ့တာထက် ဆယ်ဆ ပြန်ပေးဖို့ပဲ။ နည်းတယ်လို့ မထင်ဖို့ မျှော်လင့်ပါတယ်”
“ဒါ… ကျားဟွေ့ရဲ့ ဆုံးဖြတ်ချက်ပဲလား”
လီပင်အန်းက တိုးညှင်းစွာ မေးလိုက်သည်။
“မှန်တယ်”
ဦးလေးလျူက တွေဝေခြင်းမရှိ ပြန်ဖြေလိုက်၏။
“ဒါဆိုရင်လည်း ဒီစေ့စပ်မှုကို ဒီနေရာတင်ပဲ အဆုံးသတ်လိုက်ကြရအောင်။ ကျွန်တော် ငွေတစ်ထောင် မလိုချင်ပါဘူး။ လွန်ခဲ့တဲ့အချိန်က ချေးပေးခဲ့တဲ့ ငွေတစ်ရာနဲ့ သူ့အတွက် ဒီနှစ်တွေတစ်လျှောက် ကျွန်တော် သုံးစွဲခဲ့တာတွေကိုပဲ ပြန်ပေးပါ”
လီပင်အန်း၏ တည်ငြိမ်သော စကားကြောင့် အနီးနားရှိ လူတိုင်းမှာ ဆွံ့အသွားကြလေ၏။
ဦးလေးလျူ၏ မျက်နှာမှာလည်း အုံ့မှိုင်းသွားသည်။
“ပင်အန်း၊ မင်းက လျူမိသားစုကို အထင်သေးနေတာလား”
ထိုစကားလုံးများနှင့်အတူ လမ်းကြားအတွင်းရှိ လေထုသည် ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။