← Chapters

အခန်း (၄၅၉)

Vol. 46 Ch. 459

အခန်း (၄၅၉)

Vol. 46 Ch. 459

လမ်းကြားထဲရှိ လူအားလုံး၏ အကြည့်များမှာ လီပင်အန်းထံသို့ ကျရောက်လာပြီး သူ မည်သို့ ပြန်လည်တုံ့ပြန်မည်ကို စောင့်ကြည့်နေကြလေ၏။

လီပင်အန်းက နှိမ့်ချခြင်းမရှိ၊ ထောင်လွှားခြင်းလည်းမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဦးလေးလျူ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ကျွန်တော်က ဘယ်သူ့အကြွေးမှ အတင်မခံချင်ရုံပါ။ ဦးလေး နားလည်ပေးဖို့ မျှော်လင့်ပါတယ်”

လျူမိသားစုက ငွေတုံးတစ်ထောင်အပြည့်ထည့်ထားသည့် သေတ္တာကြီးကို ဤမျှ လူအများအပြားရှေ့တွင် ပေါ်ပေါ်ထင်ထင် ယူဆောင်လာခြင်းသည် ကောင်းချီးမင်္ဂလာတစ်ခု မဟုတ်ပေ။

စည်းစိမ်ဥစ္စာမှာ လောဘကို နှိုးဆွတတ်သည်ဟူသော ဆိုရိုးစကားရှိသည် မဟုတ်ပါလား။ အကယ်၍ သူသာ ထိုငွေများကို လက်ခံလိုက်ပါက သုံးရက်ပင် ခံမည်မဟုတ်ပေ။

ဤရှင်းပြချက်ကို ကြားရသောအခါမှသာ ဦးလေးလျူ၏ မျက်နှာပေးမှာ အနည်းငယ် ပြေလျော့သွားသည်။ သူ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“မင်းရဲ့ဆန္ဒက အဲဒီလိုဆိုရင် ငါ မတိုက်တွန်းတော့ပါဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားပါရစေ။ မင်း ဒီငွေကို ယူပြီးတာနဲ့ ငါတို့မိသားစုနှစ်ခုကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး”

“ဒါက ဖြစ်သင့်ဖြစ်ထိုက်တာပါပဲ” လီပင်အန်းက တည်ငြိမ်စွာ ပြန်ဖြေသည်။

“ဒါဆိုလည်း မင်းလိုချင်သလောက် ကိုယ့်ဘာသာကိုယ် ယူတော့”

ဦးလေးလျူက ကန့်ကွက်ခြင်းမရှိပေ။

“ကောင်းပါပြီ”

လီပင်အန်းမှာ သေတ္တာထဲမှ ငွေစနှစ်ရာကို ထုတ်ယူပြီး အဝတ်တစ်ခုဖြင့် သေသေချာချာ ထုပ်ပိုးလိုက်၏။

“ဦးလေးလျူ၊ ဒီနေ့ကစပြီး ကျွန်တော်တို့ မိသားစုနှစ်ခုကြားက ပတ်သက်မှုအားလုံး ပြတ်စဲသွားပါပြီ”

“သဘောတူတယ်”

ဦးလေးလျူ အေးစက်စွာ ပြောလိုက်သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်ပြီး အစေခံများနှင့်အတူ လှည့်ထွက်သွားကာ မြင်းရထားပေါ်သို့ တက်လိုက်၏။

ရထားထဲတွင် နေရာယူပြီးနောက် ဘေးတွင်ထိုင်နေသည့် သေသေသပ်သပ် ဝတ်ဆင်ထားသော အမျိုးသမီးက စကားဆိုလာသည်။

“အဲဒီကောင်လေးက အခြေအနေကို သိတတ်သားပဲ”

“စိတ်မပူပါနဲ့ မိန်းမရယ်”

ဦးလေးလျူက သူ့မုတ်ဆိတ်မွှေးကို သပ်ရင်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ဒီနေ့ ငါတို့လာတာက လျူမိသားစုရဲ့ ရက်ရောမှုကို လူတွေမြင်အောင် ပြရုံသက်သက်ပဲ။ သူ အဲဒီငွေကို ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ၊ သူနဲ့သူ့ညီမက မနက်ဖြန် မနက်ခင်းရဲ့ နေရောင်ခြည်ကို မြင်ရတော့မှာ မဟုတ်ဘူး”

အမျိုးသမီးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“ယောကျာ်းရယ်၊ ကျွန်မတို့ ဒီလောက်အထိ လုပ်ဖို့ လိုလို့လား”

“ဟမ့်”

ဦးလေးလျူက နှာမှုတ်လိုက်သည်။

“ဒါက ငါတို့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ ကျားဟွေ့ကို သဘောကျနေတဲ့သူက သူ့ လူ့လောကသံယောဇဉ်အားလုံးကို ဖြတ်တောက်ဖို့ တောင်းဆိုထားတာ။ လီပင်အန်းက သေကိုသေရမယ်။ ငါတို့ လက်မလှုပ်ရင်တောင် နင်ကျိုးမြို့မှာ ငါတို့ကို မျက်နှာရအောင် ဖားချင်တဲ့သူတွေ အများကြီးရှိတယ်”

ထိုစကားကို ကြားသောအခါ အမျိုးသမီး၏ မျက်နှာမှာ တင်းမာသွားလေ၏။

“ရှင်ပြောတာ မှန်တယ်။ အဲဒီ လီပင်အန်းက ကျားဟွေ့ ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်ဖို့အတွက် နင်းခြေရမယ့် ကျောက်တုံးတစ်တုံးသာသာပဲ”

လျူမိသားစုကို ပြန်လွှတ်ပြီးနောက် လီပင်အန်း တံခါးကို ချက်ချင်း ပိတ်လိုက်သည်။

အထဲမှ အကဲခတ်ကြည့်နေသည့် လီရင်းရင်းသည် အပြေးအလွှား ရောက်လာပြီး သူ့ကို နှစ်သိမ့်ပေးရှာသည်။

“အစ်ကို၊ အဲဒီ လျူမိသားစုက တကယ့်ကို ကျေးဇူးကန်းတဲ့ ခွေးအုပ်စုပဲ။ အဲဒီတုန်းက အစ်ကိုသာ သူတို့မိသားစုကို ကယ်တင်ဖို့ ငွေတစ်ရာ မချေးခဲ့ရင်၊ ပြီးတော့ ကျားဟွေ့ မြို့တော်ကိုသွားဖို့ ခရီးစရိတ်တွေ မထောက်ပံ့ခဲ့ရင် သူ ဒီလိုနေရာမျိုးကို ဘယ်လိုလုပ် ရောက်နိုင်ပါ့မလဲ။ အခုတော့ ကျင့်ကြံခွင့်ရသွားတာနဲ့ ငါတို့နဲ့ ပတ်သက်မှုအားလုံးကို အပြတ်ဖြတ်ချင်နေကြတာလား”

သူမ အံ့ဩသွားရသည်မှာ လီပင်အန်း တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။

“ညီမလေး စိတ်မဆိုးပါနဲ့။ ဒီငွေကိုယူပြီး လျှို့ဝှက်လမ်းကနေ မြို့ပြင်ကို အရင်ထွက်နှင့်တော့။ အစ်ကို ကိစ္စတွေပြီးရင် လိုက်လာခဲ့မယ်”

လီရင်းရင်း၏ မျက်နှာလေးမှာ ဖြူလျော်သွားသည်။

“အစ်ကို လျူမိသားစုက ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူးလို့ ပြောချင်တာလား”

“သတိဆိုတာ ပိုတယ်မရှိဘူး ညီမလေး”

လီပင်အန်း အေးဆေးစွာ‌ ပြောလိုက်၏။

“သူတို့ ကိုယ်တိုင် လက်မလှုပ်ရင်တောင် သူတို့ဆီက မျက်နှာသာရချင်လို့ ဖားချင်တဲ့ တခြားအင်အားစုတွေက သေချာပေါက် လှုပ်ရှားကြလိမ့်မယ်။ ငါတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက ဒီကနေ ထွက်သွားပြီး တခြားနေရာမှာ ဘဝသစ်စဖို့ပဲ”

သစ္စာဖောက်ခံရသော်လည်း လီပင်အန်း စိတ်ဓာတ်ကျမသွားပေ။

နှစ်ပေါင်းများစွာ သွေးထွက်သံယိုများနှင့် အခက်အခဲများကို ဖြတ်သန်းခဲ့ရသဖြင့် သူ့နှလုံးသားမှာ သံမဏိကဲ့သို့ ခိုင်မာနေပြီဖြစ်သည်။

မည်သည့်အရာနှင့် ကြုံတွေ့ရပါစေ သူက အမြဲတမ်း တည်ငြိမ်စွာ ရင်ဆိုင်တတ်၏။

“အစ်ကိုက ညီမလေးနဲ့ တူတူမလိုက်ဘူးလား”

သူမ ဝေခွဲမရစွာ မေးလိုက်သည်။

“ငါတို့ တူတူထွက်သွားရင် လူအာရုံစိုက်မှုကို ခံရလွန်းလိမ့်မယ်။ ဒါ့အပြင် အစ်ကို့မှာ အရင်ဆုံး ဖျောက်ဖျက်ပစ်ရမယ့် အန္တရာယ်ရှိတဲ့ အရာတစ်ခု ရှိသေးတယ်”

သူက ခါးတွင်ချိတ်ထားသော အထုပ်ငယ်လေးကို ပုတ်ရင်း ပြောလိုက်သည်။

လီမိသားစုအတွက် ထိုငွေနှစ်ရာက အသုံးဝင်သော်လည်း သေတွင်းထဲ တိုးမည့်အစား အသက်ရှင်သန်ခွင့်ကို ဝယ်ယူရန်အတွက် သုံးစွဲခြင်းက ပို၍ ထိုက်တန်ပေသည်။

လီရင်းရင်းက ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ၊ အစ်ကို့စကားကို နားထောင်ပါ့မယ်။ ညီမလေး အခုပဲ အထုပ်အပိုးတွေ သွားပြင်လိုက်မယ်”

“ကောင်းပြီ”

သူမ ထွက်သွားသည်နှင့် လီပင်အန်းသည် အထုပ်ကို ပခုံးတွင် လွယ်လိုက်ပြီး ကျားနက်ဂိုဏ်း၏ ဌာနချုပ်ဆီသို့ အပြေးအလွှား သွားလေ၏။

နာရီဝက်ခန့်အကြာတွင် သူသည် ကျားရဲအဆောင်အတွင်းသို့ ရောက်လာခဲ့သည်။

အဆောင်ခန်းမကြီးအတွင်းရှိ ခေါင်းဆောင်ထိုင်ခုံပေါ်တွင် သန်မာထွားကျိုင်းသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ထိုင်နေလေ၏။

လီပင်အန်းကို မြင်သောအခါ သူက မုတ်ဆိတ်မွှေးကို သပ်ရင်း ပြုံးလိုက်သည်။

“ပင်အန်း၊ မင်း ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ငါ ကြားတယ်”

လီပင်အန်းက လက်နှစ်ဖက်ကို ရိုသေစွာ ဆုပ်ကိုင်ပြီး ဂါရဝပြုလိုက်သည်။

“အဆောင်မှူး၊ ကျွန်တော် ပြဿနာအနည်းငယ်နဲ့ ကြုံနေရတာ မှန်ပါတယ်။ အဆောင်မှူးရဲ့ လမ်းညွှန်မှုကို လာတောင်းခံတာပါ”

“ဒီကိစ္စက လွယ်မှာ မဟုတ်ဘူး”

ထိုအမျိုးသားက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ကျင့်ကြံသူတွေဆိုတာ ငါတို့လို သာမန်လူတွေ ရန်စရဲတဲ့အထဲမှာ မပါဘူး”

လီပင်အန်း ထပ်မံ ဦးညွှတ်လိုက်သည်။

“ကျွန်တော် ကျင့်ကြံသူတွေကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ နင်ကျိုးမြို့ကနေပဲ ထွက်သွားချင်တာပါ။ နောက်ဖြစ်လာမယ့် ကိစ္စတွေကိုတော့… ကံကြမ္မာအတိုင်းပဲ လွှတ်ထားလိုက်ပါတော့မယ်”

ကျားရဲအဆောင်မှူးက ခေါင်းခါလိုက်သည်။

“ကျင့်ကြံသူတွေရဲ့ စွမ်းအားကို အထင်သေးနေတုန်းပဲ။ မင်းက ငါ့ရဲ့ အမည်ခံတပည့်တစ်ယောက် ဖြစ်နေတာမို့ ငါ မင်းကို ထွက်ပေါက်တစ်ခု ပေးမယ်။ ဒီနေ့ သန်းခေါင်ယံမှာ မြစ်ကြောင်းဂိုဏ်းက နင်ကျိုးမြို့ပြင်ကို အစေခံတစ်သိုက် ပို့ဆောင်ဖို့ ရှိတယ်။ မင်းနဲ့မင်းညီမ အဲဒီအထဲမှာ ရောနှောပြီး ဒီခရိုင်ကနေ ထွက်သွားလို့ရတယ်”

“ကျေးဇူးတင်ပါတယ် အဆောင်မှူး”

လီပင်အန်းသည် ခါးတွင်ချိတ်ထားသော အထုပ်ကို လက်နှစ်ဖက်ဖြင့် အဆောင်မှူးထံသို့ ပေးအပ်လိုက်၏။

အဆောင်မှူးက အထုပ်ကို ပေါ့ပေါ့ပါးပါးပင် ချိန်တွယ်ကြည့်လိုက်ပြီးနောက် တိုကင်ပြား တစ်ခုကို ပစ်ပေးလိုက်သည်။

“ဒီတိုကင်ပြားကို ယူသွားပြီး ဒီည ဆိပ်ကမ်းကို သွားလိုက်၊ အဲဒီမှာ လူတစ်ယောက်က မင်းကို လာကြိုလိမ့်မယ်”

“တပည့် ခွင့်ပြုပါဦး”

လီပင်အန်း တိုကင်ပြားကို လက်ခံရယူပြီး လှည့်ထွက်သွားခဲ့သည်။

သူ အပြင်သို့ လှမ်းထွက်သွားသည်နှင့် ပညာရှိပုံစံ ပေါက်နေသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အဆောင်ထဲမှ ထွက်လာ၏။

“အဆောင်မှူး.. တကယ်ပဲ ဒီကောင်လေးကို ကူညီမလို့လား”

အဆောင်မှူး လှောင်ပြုံး ပြုံးလိုက်သည်။

“အမည်ခံတပည့်တစ်ယောက်နဲ့ အနာဂတ် ကျင့်ကြံသူတစ်ယောက်…ဘယ်သူက ပိုအလေးသာလဲဆိုတာ ငါ မသိဘူးလို့ ထင်နေတာလား။ ဒါ့အပြင် လျူမိသားစုက ကောင်မလေး ဝင်သွားတဲ့ ကျင့်ကြံရေးဂိုဏ်းက နှလုံးသားမဲ့ချိုင့်ဝှမ်းလို့ ခေါ်တယ်။ အဲ့ဒီက တပည့်တွေက သံယောဇဉ်တွေကို ဖြတ်တောက်ရတာလေ..”

“လျူမိသားစုရဲ့ အပြုအမူတွေကို ကြည့်ရသလောက် အဲဒီကောင်မလေးရဲ့ သံယောဇဉ်ဖြတ်တောက်ခြင်းက ဒီကောင်လေးဆီ ဦးတည်နေတာပဲ။ ငါသာ သူ့ကို သေစေချင်ရင် အစောကြီးကတည်းက သတ်လို့ရတယ်။ ဘာလို့ ငါက သူ့ကို ကူညီနေရမှာလဲ”

ထိုစကားကို ကြားသောအခါ အမျိုးသား၏ မျက်နှာတွင် ခဏမျှ သံသယများ ဖြစ်ပေါ်သွားပြီးနောက် အကျယ်ကြီး ရယ်မောလိုက်တော့သည်။

“ဟားဟား… အဆောင်မှူးရဲ့ အကွက်က တကယ့်ကို ပြောင်မြောက်တာပဲ။ အဲဒီ ဂျူနီယာမလေးကို ကျေးဇူးဆပ်ခွင့် ရရုံတင်မကဘဲ မြစ်ကြောင်းဂိုဏ်းကိုပါ အထိနာအောင် လုပ်လိုက်တာပဲ။ ဖြစ်နိုင်တာကတော့ နောက်ရက်အနည်းငယ်အတွင်းမှာ မြစ်ကြောင်းဂိုဏ်းဆိုတာ ရှိတော့မှာတောင် မဟုတ်ဘူး”

အဆောင်မှူးက သတိပေးလိုက်သည်။

“အခုက ဝမ်းသာရမယ့် အချိန်မဟုတ်သေးဘူး။ အဲဒီကောင်လေးက မအဘူး။ သူ့ကို စောင့်ကြည့်ဖို့ လူအချို့ကို တာဝန်ပေးလိုက်။ တကယ်လို့ သူ ထွက်ပြေးဖို့ ကြိုးစားရင် ဖမ်းဆီးလိုက်။ ဩော်… ပြီးတော့ ဒီဘူးသီးခြောက်ကို ယူသွားဦး”

သူက ခါးမှ ဘူးသီးခြောက်ဘူးကို ထုတ်ပြီး ကမ်းပေးလိုက်လေ၏။

ထိုအမျိုးသားက ဘူးသီးခြောက်ကို စစ်ဆေးကြည့်ပြီးနောက် လက်မထောင်ကာ ချီးကျူးလိုက်သည်။

“အဆောင်မှူးက တကယ့်ကို ကျွန်တော်တို့ ကျားနက်ဂိုဏ်းရဲ့ ဗျူဟာပညာရှင်ပါပဲ။ အဲဒီ တိုကင်ပြားပေါ်မှာ နတ်ပျားရည်တွေ သုတ်ထားတယ်လို့ ကျွန်တော် လောင်းရဲတယ်။ သူ မြို့ပြင်ကို ရောက်လို့ အဲဒါကို လွှင့်ပစ်လိုက်ရင်တောင် နတ်ပျားတွေက သူ့နောက်ကို ဆက်လိုက်နေမှာပဲ”

“ငါ့အကြောင်းနားလည်တဲ့သူက ငါ့ရဲ့ အစီအစဥ်တွေကို သိတာပဲ။ မင်း ဒါကို သွားပြီး ကိုင်တွယ်လိုက်မလား”

အဆောင်မှူးက မေးလိုက်သည်။

“အဆောင်မှူးရဲ့ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”

ထိုအမျိုးသားက ပြန်ဖြေပြီး ဘူးသီးခြောက်ကို ယူကာ ထွက်ခွာသွားခဲ့လေ၏။

အိမ်သို့ ပြန်ရောက်သောအခါ လီပင်အန်းသည် အိပ်ရာဘေးရှိ လျှို့ဝှက်အကန့်ကို အရင်ဆုံး ဖွင့်လိုက်ပြီး အဆောင်မှူး ပေးလိုက်သော တိုကင်ပြားကို အထဲသို့ ထည့်လိုက်သည်။

သူက အဆောင်မှူး၏ စကားကို မယုံကြည်သကဲ့သို့ ထိုအဘိုးကြီး၏ အကြံအစည်ကိုလည်း ရိပ်မိပြီးသား ဖြစ်သည်။ သူ့ကို မြစ်ကြောင်းဂိုဏ်း၏ လှေပေါ်သို့ ပို့ဆောင်ခြင်းဖြင့် ထိုဂိုဏ်းကိုပါ ဆွဲထည့်ရန် ကြံစည်နေခြင်းပင်။

သူ့ခန့်မှန်းချက်မှာ မှန်ကန်နေ၏။ ထိုမြေခွေးအိုကြီးမှာ အမြဲတမ်း အကျိုးအမြတ် အများဆုံးရရန် တွက်ချက်တတ်သော စုန်းပြူးတစ်ကောင်သာ။

၎င်းသည် လီပင်အန်းအတွက် နာရီအနည်းငယ်ခန့် အချိန်ဆွဲနိုင်မည့် အခွင့်အရေး ဖြစ်သွားခဲ့သည်။

ပြင်ဆင်မှုများ ပြီးစီးပြီးနောက် သူသည် အိမ်ဦးခန်းမကြီးထဲသို့ သွားလိုက်၏။ သူတို့ ဤအိမ်ကို ဝယ်ယူခဲ့ရသည့် အဓိက အကြောင်းရင်းမှာ လမ်းကြားများစွာကို ဖြတ်သန်းသွားနိုင်သည့် လျှို့ဝှက်မြေအောက်လမ်းတစ်ခု ရှိနေသောကြောင့်ဖြစ်ပြီး ၎င်းက မြို့ပြင်သို့ အလျင်အမြန် ထွက်ပြေးနိုင်စေသည်။

သူက တံခါးကို ပိတ်လိုက်ပြီး မြေအောက်လမ်း အဝင်ဝဆီသို့ လျှောက်သွားခဲ့သည်။ ၎င်းကို ဖွင့်ပြီးနောက် သူသည် အဝတ်အစားများ လဲလှယ်ကာ ရုပ်ဖျက်လိုက်ပြီး အလျင်အမြန် ထွက်ခွာသွားတော့လေ၏။

မှောင်ရိပ်ခိုနေသော မျက်လုံးအချို့မှာ လီမိသားစု၏ နေအိမ်ကို စူးစိုက်ကြည့်နေကြသည်။ အချိန်များ ကုန်ဆုံးသွားပြီးနောက် စောင့်ကြည့်နေသူတစ်ဦးက တိုးတိုးတိုးတိုး ရေရွတ်လိုက်သည်။

“တစ်ခုခုတော့ မှားနေပြီ။ လီပင်အန်းက ပုံမှန်မဟုတ်ဘူး”

သူ့ဘေးရှိ ကျားနက်ဂိုဏ်းသားများက အလိုအလျောက် မေးလိုက်ကြသည်။

“ခေါင်းဆောင် ဘာဖြစ်လို့လဲ”

“လီအိမ်က တိတ်ဆိတ်လွန်းနေတယ်။ တကယ်လို့ သူတို့ ဒီည ထွက်ပြေးဖို့ ပြင်နေတာဆိုရင် အထုပ်အပိုးတွေ ပြင်နေရမှာလေ။ အခုက ဘာအသံမှကို မကြားရဘူး။ အထဲကို ဝင်ရှာကြစမ်း”

ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ဂိုဏ်းသားများမှာ လီမိသားစု ခြံဝင်းထဲသို့ ခုန်ဝင်သွားကြ၏။

ခဏအကြာတွင် သူတို့ ပြန်လည် သတင်းပို့ကြသည်။

“ဒီအခန်းထဲမှာ မရှိဘူး”

“ဒီအခန်းထဲမှာလည်း မရှိဘူး”

“…”

All Chapters