အခန်း (၄၆၀)
Vol. 46 Ch. 460
“သူတို့ လွတ်အောင် မပြေးနိုင်ပါဘူး၊ လိုက်ဖမ်းကြစမ်း”
ယွီကျစ်ရှီသည် ခါးမှ ဘူးသီးခြောက်တစ်လုံးကို ဖြုတ်ယူ၍ ဖွင့်လိုက်ရာ နတ်ပျားတစ်ကောင် ပျံထွက်လာပြီး နှစ်ပတ်မျှ ဝဲပျံပြီးနောက် မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားလေတော့၏။
ယွီကျစ်ရှီ မဲ့ပြုံးပြုံးရင်း ဆိုလိုက်သည်။
“ဒီလို လှည့်ကွက်မျိုးနဲ့ ငါ့ကို လှည့်စားဖို့ ကြံတယ်ပေါ့လေ။ မိုက်မဲလိုက်တာ”
ကျားနက်ဂိုဏ်းသားများသည် မြင်းကိုယ်စီစီးကာ ယွီကျစ်ရှီနောက်မှနေ၍ မြို့တံခါးဝဆီသို့ အပြင်းနှင်ကာ လိုက်ပါသွားကြလေ၏။
နင်ကျိုး လမ်းမကြီးပေါ်တွင်..
လီပင်အန်းနှင့် လီရင်းရင်းတို့ မောင်နှမနှစ်ယောက်မှာ မြင်းတစ်ကောင်တည်းကို အတူစီးနင်းရင်း မြောက်ဘက်သို့ ဦးတည်နေကြသည်။ လီရင်းရင်း စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“အစ်ကို... ကျွန်မတို့ မြောက်ဘက်ကို သွားနေတာ ထောင်ချောက်ထဲ တိုးဝင်နေသလို ဖြစ်မနေဘူးလား”
“တစ်ခါတလေကျရင် အန္တရာယ်အရှိဆုံးနေရာက အန္တရာယ်ကင်းဆုံး ဖြစ်နေတတ်တယ်”
လီပင်အန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်ရာ လီရင်းရင်းကလည်း သူ့ကို ယုံကြည်သည့်အတွက် ခေါင်းညိတ်လိုက်၏။
နာရီဝက်ခန့် ကြာပြီးနောက် လီပင်အန်းသည် မကောင်းသော ခံစားချက်တစ်ခု ရလိုက်သဖြင့် မြင်းဇာတ်ကြိုးကို ဆွဲလိုက်သည်။
ထို့နောက် အခက်အခဲအချို့ကို သူ ရှင်းလင်းနေစဉ်အတွင်း ညီမဖြစ်သူအား ရှေ့ခရီးကို ဆက်သွားနှင့်ရန် ပြောလိုက်လေသည်။
လီရင်းရင်းက ငြင်းဆန်နေသော်လည်း လီပင်အန်း၏ မျက်နှာမှာ တင်းသွားပြီး မြင်းပေါ်မှ ဆင်းလိုက်လေ၏။
လီရင်းရင်း မြင်းစီး၍ ထွက်ခွာခါနီးမှာပင် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
“ဒီနေ့ မင်းတို့နှစ်ယောက်လုံး လွတ်အောင် မပြေးနိုင်တော့ဘူး”
လူရိပ်နှစ်ခုမှာ ဦးခေါင်းထက်မှ ဖြတ်ပျံသွားပြီး ရှေ့လမ်းမပေါ်သို့ ဆင်းသက်လိုက်ကြသည်။
လီပင်အန်းသည် ထိုသူများကို မှတ်မိသွားသဖြင့် မျက်မှောင်ကုတ်သွားစဉ် မြင်းခွာသံများမှာ တဒုန်းဒုန်းနှင့် နီးကပ်လာတော့သည်။
ပညာတတ်ဆန်ဆန် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဦးဆောင်လာသော ကျားနက်ဂိုဏ်းသားများက ရှေ့သို့ တိုးဝင်လာကြသည်။
လီပင်အန်းသည် လူသတ်ပညာရှိဟု အမည်ပြောင်ရထားသည့် ကျားရဲခန်းမဆောင်၏ ပထမ ဘဏ္ဍာစိုး ယွီကျစ်ရှီကို မြင်လိုက်ရသောအခါ မျက်နှာ ပျက်သွားလေတော့၏။
ယွီကျစ်ရှီက လက်မြှောက်ကာ လူများကို တားလိုက်ပြီး ယုတ်မာ ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။
“ကောင်လေး... မင်း ဒါကို မျှော်လင့်မထားဘူးမလား။ ငါ မင်းကို စောင့်ကြည့်နေတာ ကြာပြီ”
လီပင်အန်းက ဉာဏ်ဆင်ကာ တောင်းပန်တိုးလျှိုးလိုက်သည်။
“ယွီကျစ်ရှီ... ကျေးဇူးပြုပြီး ငါ့ညီမကို လွှတ်ပေးပါ။ ငါ့အသက်နဲ့ သူ့အသက်ကို လဲပါ့မယ်”
လီရင်းရင်းကလည်း အော်ဟစ်လိုက်ရှာသည်။
“အစ်ကို... မလုပ်ပါနဲ့”
ယွီကျစ်ရှီက တဟားဟား ရယ်မောလိုက်၏။
“မင်းတို့သာ မြစ်ကြောင်းဂိုဏ်းရဲ့ လှေပေါ်ကို ငြိမ်ငြိမ်သက်သက် တက်သွားခဲ့ရင်... ငါ ကရုဏာသက်ပြီး သူ့ကို ချန်ထားခဲ့မိမှာပဲ၊ သူ့လို မိန်းကလေးမျိုးက ရှားမှရှားတာကိုး။ ဒါပေမဲ့ အခုတော့ လမ်းတစ်ခုပဲ ရှိတော့တယ်... ကျူပင်ခုတ်ရင်ကျူငုတ်ပါမချန်ရဘူးကွ မင်းတို့ အတူတူ သေပေတော့။ တိုက်ကြစမ်း”
ကျားရဲခန်းမဆောင်၏ တပည့်များက လက်နက်ကိုယ်စီ ဆွဲထုတ်လိုက်ကြရာ ဓားသွားများမှာ ဝင်းခနဲ လက်ခနဲ ဖြစ်သွားသည်။
ကောင်းကင်ထက်တွင် နေမင်းကို ကွယ်ငြှိမ်းသွားသည့် ကြီးမားလှသော အရိပ်မည်းကြီးကိုမူ မည်သူမျှ သတိမထားမိကြချေ။ အကယ်၍ သူတို့သာ မော့ကြည့်မိပါက ကောင်းကင်ထက်၌ ဝဲပျံနေသော ဧရာမ ဒေါင်းကြီးတစ်ကောင်ကို မြင်တွေ့ကြရမည် ဖြစ်သည်။
ထိုဒေါင်းကြီး၏ ကျောပေါ်တွင်မူ ချန်ကျင်းကျင်းသည် အောက်မှ မောင်နှမနှစ်ယောက်ကို မြင်မြင်ချင်း ရေရွတ်လိုက်သည်။
“စီနီယာအစ်မချိုက်ယီ... အောက်က ကလေးနှစ်ယောက်က အစ်မရဲ့ သားနဲ့ သမီးလား။ ကောင်မလေးက ပေစုတ်စုတ် ဖြစ်နေပေမဲ့ အစ်မနဲ့ ချွတ်စွတ်တူတာပဲ။ သူတို့ ဘာလို့ အလိုက်ခံနေရတာလဲ”
ချူချိုက်ယီမှာ အောက်က ကလေးငယ် နှစ်ယောက်ကို ငုံ့ကြည့်ရင်း မျက်ရည်များ ဝဲတက်လာသည်။
တစ်ချက်ကြည့်ရုံဖြင့် ထိုကလေးများသည် သူမ၏ ပျောက်ဆုံးနေသော သားသမီးများဖြစ်ကြောင်း သူမ သိလိုက်ရလေ၏။ သွေးသားရင်းချာမှာ လုံးဝ မမှားယွင်းနိုင်ချေ။ သူတို့ကို လိုက်လံသတ်ဖြတ်နေသူများမှာမူ သူမ၏ မျက်လုံးထဲတွင် အလောင်းကောင်များအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“သေစမ်း”
ထိုစကားမှာ သူမ၏ နှုတ်ခမ်းဖျားမှ ဓားတစ်စင်းကဲ့သို့ ထွက်ပေါ်လာသည်။
သူမက လက်ကို သာမန်မျှသာ ဝှေ့ယမ်းလိုက်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုမှာ ကောင်းကင်ထက်မှ ကျဆင်းလာတော့လေ၏။
ဝုန်း
နားကွဲမတတ် အသံကြီးနှင့်အတူ လီမောင်နှမကို ဝိုင်းရံထားသည့် ကျားရဲခန်းမဆောင်မှ တပည့်များမှာ မျက်တောင်တစ်ခတ်အတွင်း ပြာအတိ ဖြစ်သွားကြလေသည်။
မြင်းကုန်းနှီးပေါ်တွင် တစ်ကိုယ်တည်း ပုံပျက်ပန်းပျက် ကျန်ရစ်ခဲ့သည့် ယွီကျစ်ရှီတစ်ယောက်သာ လုံးဝ မယုံကြည်နိုင်သော မျက်နှာဖြင့် တောင့်တောင့်ကြီး ဖြစ်နေတော့လေ၏။
လီပင်အန်းနှင့် လီရင်းရင်းတို့မှာမူ သူတို့မျက်စိရှေ့မှောက်တွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မှင်တက်ကာ ကြက်သေ သေနေကြသည်။
သူတို့ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်ယံမှ ဆင်းသက်လာသော ဧရာမ သားရဲကြီးတစ်ကောင်ကို မြင်လိုက်ရ၏။
ဒုန်း
ယွီကျစ်ရှီမှာ အရိပ်မည်းကြီး ကျဆင်းလာသည်ကို မြင်သောအခါ လန့်ဖျန့်သွားပြီး မြင်းပေါ်မှ လိမ့်ကျသွားတော့သည်။ သူစီးလာသော မြင်းပင်လျှင် ကြောက်လန့်တကြား လဲကျသွားပြီး မလှုပ်ရှားနိုင်တော့ချေ။
အရိပ်မည်းကြီး မြေပြင်သို့ နီးကပ်လာသည်နှင့်အမျှ ကောင်းကင်မှ လူရိပ်သုံးခု ဆင်းသက်လာပြီး ထိုသတ္တဝါကြီး၏ အနက်ရောင်ပုံရိပ်သည်လည်း သူတို့ဘေးတွင် လူသားပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲရပ်တန့်သွားသည်။
“နတ်ဆိုး.. ပုံသဏ္ဌာန်ပြောင်းလဲနိုင်တဲ့ နတ်ဆိုးကြီး”
ယွီကျစ်ရှီ၏ အော်ဟစ်သံသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေလေ၏။
ဖြန်း
ချိုက်ယုဟိုက ယွီကျစ်ရှီ၏ ပါးကို ရိုက်ချလိုက်သည်။
“ငါက နတ်ဆိုးဘုရင်ကွ။ မင်းက ဘာမို့လို့ ငါ့ကို သဏ္ဌာန်ပြောင်းနတ်ဆိုးလို့ ခေါ်ရဲတာလဲ”
ချန်ကျင်းကျင်းက သူ့ပုခုံးကို ပုတ်ကာ ဆိုလိုက်သည်။
“ချိုက်ယု ဒီလို သာမန်လူသားတွေကို ရှင်းပြပြီး ဘာလို့ အချိန်ဖြုန်းနေတာလဲ။ သူတို့အတွက်ကတော့ တာအိုတည်ဆောက်ခြင်း ရှိတဲ့သူတွေကိုတောင်မှ နတ်ဘုရားတွေလို့ ခေါ်ကြတဲ့ဟာ”
“မှန်တာပေါ့”
ချိုက်ယုမှာ ယွီကျစ်ရှီကို လျစ်လျူရှုလိုက်ပြီး ချူချိုက်ယီကို ကြည့်လိုက်၏။
ချူချိုက်ယီသည် အောက်က ကလေးငယ်နှစ်ယောက်ကို ရပ်ကြည့်နေရင်း မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေလေ၏။
လီပင်အန်းနှင့် လီရင်းရင်းတို့သည် သူတို့ရှေ့မှောက်ရှိ နတ်ဘုရားမသဖွယ် အမျိုးသမီးကို ကြည့်ရင်း ဝေခွဲမရ ဖြစ်နေကြသည်။ သူတို့ ငယ်စဉ်က မိခင်ဖြစ်သူ၏ ပုံတူပန်းချီကားကိုသာ မြင်ဖူးခဲ့ကြသော်လည်း ယခု ရှေ့တွင် ရပ်နေသည့် နတ်ဘုရားမသည် ထိုပုံရိပ်နှင့် ထပ်တူကျနေခဲ့၏။
သူမ ငိုကြွေးနေသည်ကို မြင်ရသည်မှာ သူတို့ကိုလည်း အလိုလို ငိုချင်စိတ် ပေါက်လာစေသည်။
သို့သော် သူတို့ကို မွေးစားခဲ့သည့် မိခင်ကမူ သူတို့၏ အမိအရင်းမှာ စစ်မက်အရေးအခင်းအတွင်း သေဆုံးသွားခဲ့ပြီဟု ပြောခဲ့ဖူးသည်။ သို့ဆိုလျှင် သူမ အဘယ်ကြောင့် ယခု ဤနေရာတွင် ရပ်နေနိုင်ရသနည်း။
“အမေ အမေလားဟင်”
လီရင်းရင်းက မဝံ့မရဲဖြင့် မေးလိုက်သည်။
“အမေပါပဲ ကလေးတို့ရယ်။ အမေ နောက်ဆုံးတော့ သမီးတို့မောင်နှမကို ပြန်တွေ့ပြီ”
ချူချိုက်ယီမှာ မျက်တောင်တစ်ခတ်အတွင်း ရှေ့သို့ ရောက်ရှိလာပြီး သားသမီးနှစ်ယောက်ကို ဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
ယွီကျစ်ရှီသည် ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် အဆုံးအစမဲ့သော မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားလိုက်ရလေ၏။
‘ဒါက ကျားနက်ဂိုဏ်းရဲ့ နိဂုံးပဲ’
သူတို့သည် အင်မော်တယ်ကျင့်ကြံသူများကြားက ရန်ငြိုးတွင် ဝင်ပါမိခဲ့ကြပြီ ရလဒ်က ဘာပဲဖြစ်ဖြစ် ကျားနက်ဂိုဏ်းမှာ ဤအင်မော်တယ်သုံးဦး၏ လက်ချက်ဖြင့် အကုန်အစင် သုတ်သင်ရှင်းလင်းခံရပေတော့မည်။
သူ အဆုံးစီရင်ရန် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
သို့သော် ချန်ကျင်းကျင်းက ထိုအခွင့်အရေးကို မပေးဘဲ လက်ညှိုးဖြင့် လှမ်းတို့ကာ သူ့ကို တစ်ကိုယ်လုံး လှုပ်မရအောင် တောင့်ခဲသွားစေလိုက်သည်။
“သေချင်တယ်ပေါ့။ အဲဒီလောက် မလွယ်ဘူး။ ပြောစမ်း ငါ့အစ်မရဲ့ ကလေးတွေကို လာသတ်ဖို့ နင်တို့ကို ဘယ်သူ ခိုင်းတာလဲ”
ယွီကျစ်ရှီ ငြင်းဆန်ချင်သော်လည်း စကားလုံးများက နှုတ်မှ အလိုအလျောက် ပွင့်အံထွက်လာလေ၏။ သူ ကျားရဲခန်းမအဆောင်မှူး၏ အစီအစဉ်အားလုံးကို အစအဆုံး အကုန် ဖွင့်ဟဝန်ခံလိုက်ရတော့သည်။
ထိုအရာကို ကြားလိုက်ရသောအခါ ချူချိုက်ယီ၏ မျက်နှာမှာ မုန်တိုင်းထန်တော့မည့် တိမ်တိုက်များကဲ့သို့ မည်းမှောင်သွားတော့သည်။
မိခင်တစ်ယောက်၏ ရက်စက်ပြတ်သားမှုမှာ နိုးထလာခဲ့ပြီ ဖြစ်သည်။
သူမ ကလေးများကို လွှတ်ပေးလိုက်၏။
“ကလေးတို့... အမေ မင်းတို့အတွက် ကလဲ့စားချေပေးမယ်။ ကျားနက်ဂိုဏ်းနဲ့ လျူမိသားစုကို အမေကိုယ်တိုင် သွားပြီး သတ်ပစ်မယ်”
“အမေ... ပင်အန်း ကိုယ့်လက်နဲ့ကိုယ် ကလဲ့စားချေချင်ပါတယ်”
လီပင်အန်းမှာ ဒူးထောက်လိုက်ပြီး တည်ကြည်ပြတ်သားသော မျက်နှာထားဖြင့် ဆိုလိုက်သည်။
“အမေ... ရင်းရင်းလည်း အဲဒီလူဆိုးတွေကို ကိုယ်တိုင်ပဲ စာရင်းရှင်းချင်ပါတယ်”
လီရင်းရင်းသည်လည်း အစ်ကိုဖြစ်သူ၏ ပုံစံအတိုင်း လေးနက်သော သန္နိဋ္ဌာန်ဖြင့် ဒူးထောက်လိုက်လေ၏။
ချူချိုက်ယီ အသာအယာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ... အမေ ခွင့်ပြုတယ်။ ကျားနက်ဂိုဏ်းကို နောက်ထပ် ရက်အနည်းငယ်လောက် အသက်ဆက်ခွင့် ပေးထားလိုက်ကြတာပေါ့။ ကဲ... အခု အမေ့ကို ပြောပြပါဦး၊ လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်လုံးလုံး သမီးတို့ ဘယ်လို ဖြတ်သန်းခဲ့ကြလဲဆိုတာ”
“ဟုတ်ကဲ့ပါ အမေ”
မောင်နှမနှစ်ယောက်စလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ကြလေတော့သည်။