အခန်း (၄၅၂)
Vol. 46 Ch. 452
“စွမ်းအားက မလုံလောက်သေးဘူး။ အရမ်းကြမ်းလွန်းတယ်။ ခင်ဗျားကိုယ်တိုင်တောင် တာအိုအနှစ်သာရကို နည်းစနစ်ထဲ အပြည့်အဝ မပေါင်းစပ်နိုင်သေးဘူး။ ခွန်အားလည်း အပြည့်ထုတ်မသုံးနိုင်သေးဘူး”
ချောင်ရို့ချန် လေးနက်စွာ ပြောသည်။
၎င်းကို ကြားသောအခါ မဟာပဏ္ဍိတပါပေါင် ချက်ချင်း စိတ်ဝင်စားသွားသည်။ သူ လေးစားစွာ ဦးညွှတ်ပြီး မေးသည်။
“မြင့်မြတ်သားတော် ဒီအဘိုးကြီးကို နည်းနည်းလောက် လမ်းညွှန်ပေးလို့ရမလား”
ချောင်ရို့ချန် ပြန်ဖြေသည်။
“ဒီကိစ္စတွေပြီးသွားရင် ကျွန်တော် ခင်ဗျားကို လမ်းညွှန်ပေးမယ်။ အခုတော့ မီးနတ်ဘုရားဂိုဏ်းကို အရင် ရှင်းရအောင်”
“ကျေးဇူးအများကြီး တင်ပါတယ် မြင့်မြတ်သားတော်”
မဟာပဏ္ဍိတပါပေါင် ပြောပြီးနောက် တစ်ခုခုကို သတိရသွားသည့်အလား ချက်ချင်း မေးလိုက်၏။
“မြင့်မြတ်သားတော် စီနီယာအစ်မကျန်းယန် အဆင်ပြေလောက်လား”
ချောင်ရို့ချန် ပြုံးလိုက်၏။
“ဘိုးဘေးက သာမန်မဟာပဏ္ဍိတမဟုတ်ဘူး။ သူက နတ်ဘုရားကျောင်းတော်မှာ ကျင့်ကြံခဲ့သလို ကျွန်တော့်ဆရာလက်အောက်မှာ တာအိုသင်ကြားခဲ့တာ။ အကွက်တစ်ရာအတွင်းမှာပဲ မီးနတ်ဘုရားဂိုဏ်းခေါင်းဆောင်ကို သေချာပေါက် ဖိနှိပ်နိုင်လိမ့်မယ်”
သူ့စကားအဆုံးတွင် ကောင်းကင်မှ ပုံရိပ်တစ်ခု ပေါ်လာပြီး သူတို့ရှေ့တွင် ရပ်တန့်သွားသည်။
သူမက မဟာပဏ္ဍိတကျန်းယန်ပင်။ သူမသည် နတ်ဆိုးအမြူတေနှင့် ကစားနေပြီး သိုလှောင်လက်စွပ်အတွင်းသို့ ထည့်ကာ တောက်ပစွာ ပြုံးလိုက်၏။
“တစ်ယောက်ယောက် ငါ့အကြောင်း ပြောနေတာလား”
မဟာပဏ္ဍိတပါပေါင် လျင်မြန်စွာ ပြောသည်။
“စီနီယာအစ်မ ကျွန်တော်တို့ အစ်မ အဲ့နတ်ဆိုးကို ဘယ်နှကွက်အတွင်းအနိုင်ယူမလဲဆိုတာ စဉ်းစားနေတာပါ”
မဟာပဏ္ဍိတကျန်းယန် အထင်မြင်သေးစွာ ပြောသည်။
“နတ်ဆိုးဘုရားရဲ့ လက်ဆောင်ကို အားကိုပြီး တာအိုအနှစ်သာရ တစ်စိတ်လောက်ကို နားလည်ထားတဲ့ ရုပ်သေးရုပ်ကများ သူ့ကိုယ်သူ နတ်ဆိုးအရှင်လို့ ခေါ်ရဲသေးတယ်။ သနားစရာ”
“ဘိုးဘေး အရမ်းစွမ်းတာပဲ”
“စီနီယာအစ်မ တကယ် ကြောက်ဖို့ကောင်းတာပဲ”
အကြီးအကဲနှင့် လူငယ်လေး သူ့ကို မြှောက်ပင့် ပြောဆိုတော့၏။
မဟာပဏ္ဍိတကျန်းယန် မျက်လုံးလှန်လိုက်သည်။
“နင်တို့နှစ်ယောက် အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့။ ရတနာတွေကို အရင်သွားရှာရအောင်။ ငါတို့ အဓိကအင်အားစုသုံးစုက ကျင့်ကြံသူတွေ စောင့်နေရင် ဝေစုခွဲတဲ့အခါ နည်းသွားလိမ့်မယ်”
ချောင်ရို့ချန် ပြုံးလိုက်သည်။
“စိတ်ချပါဘိုးဘေး။ မဟာပဏ္ဍိတငါးယောက်နဲ့ မီးနတ်ဘုရားဂိုဏ်းက တပည့်တွေကို ယွင်ဝူတောင်ကနေ ထွက်ပြေးခိုင်းလိုက်တာ သူတို့တွေနဲ့ ပဋိပက္ခဖြစ်အောင်လေ။ သူတို့တွေ ဒီနေရာကို ရောက်လာဖို့ အနည်းဆုံး တစ်ရက် နှစ်ရက်လောက် လိုတယ်”
၎င်းကို ကြားသောအခါ မဟာပဏ္ဍိတပါပေါင် မှင်တက်သွား၏။ အစောပိုင်းက သူ မြင့်မြတ်သားတော်ကို အဘယ့်ကြောင့် မဟာပဏ္ဍိတငါးပါးကို လွှတ်ပေးလိုက်သနည်းဟု မေးချင်သော်လည်း ယခုတော့ သိလိုက်ရ၏။ ရတနာရှာဖွေရာ၌ အချိန်ပိုရရန်ပင်။
သူ သတိကြီးစွာ မေးသည်။
“မြင့်မြတ်သားတော် ကျွန်တော်တို့ အကုန်လုံးယူလိုက်ရင် မသင့်တော်သလို ဖြစ်နေမလားလို့”
ချောင်ရို့ချန် သူ့ကို ပြောစရာစကား ပျောက်ဆုံးစွာ ကြည့်လိုက်သည်။
“ကျွန်တော်တို့ အကုန်လုံးမယူဘူး။ အဖိုးတန်ဆုံးတွေပဲ ယူမှာလေ။ ဘယ်သူက လာကန့်ကွက်မှာလဲ”
“ဟုတ်သားပဲ”
မဟာပဏ္ဍိပါပေါင် သဘောတူညီလိုက်၏။
သူတို့နတ်ဘုရားအာရုံကို သုံး၍ မီးနတ်ဘုရားဂိုဏ်းကို စတင်စစ်ဆေးရှာဖွေတော့သည်။
အချိန်ခဏအကြာတွင်
မဟာပဏ္ဍိတကျန်းယန်၏ မျက်လုံးများတောက်ပသွားပြီး သူမ နှုတ်ခမ်းထောင့်များ ကွေးတက်သွား၏။
“ငါ ဖုန်းကွယ်ထားတဲ့ ထောက်ချောက်တွေကို တွေ့လိုက်ပြီ။ ငါ့နောက် လိုက်ခဲ့”
ချောင်ရို့ချန်နှင့် မဟာပဏ္ဍိတပါပေါင်တို့ ဝမ်းသာသွားကြပြီး သူတို့နောက် အလျင်အမြန် လိုက်ပါလာကြသည်။
သူတို့သုံးဦး ယဇ်ပလ္လင်မှ ထွက်လာပြီးနောက် ကျောက်နံရံတစ်ခုသို့ ရောက်လာသည်။
မဟာပဏ္ဍိတပါပေါင် သူ့အကျင့်အတိုင်း တောင်နံရံကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သည့်အခါ ထူးခြားမှုကို မတွေ့မိချေ။
သူ ရှုပ်ထွေးစွာ ပြောသည်။
“စီနီယာအစ်မကျန်းယန် ကျွန်တော်တို့ နေရာမှားတာလား”
မဟာပဏ္ဍိတကျန်းယန် ပြုံးလိုက်၏။
“ဖုန်းကွယ်ခြင်းအစီအရင်တွေနဲ့ မျက်လုံးကို လှည့်စားမခံနဲ့။ လမ်းဆက်လျှောက်”
ပြောနေရင်း သူမ ကျောက်နံရံထဲသို့ တန်းမတ်စွာ လျှောက်ဝင်သွားသည်။ ၎င်းကို မြင်သောအခါ မဟာပဏ္ဍိတပါပေါင် သူ့နတ်ဘုရားအာရုံကို သံသယဝင်သွား၏။
ချောင်ရို့ချန် ပြုံးကာ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
“ဆရာဦးလေးပါပေါင် စိတ်ဓာတ်မကျပါနဲ့။ ဒါ ခင်ဗျား ကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်လို့ပါ”
“မြင့်မြတ်သားတော် လူတွေကို ဘယ်လိုနှစ်သိမ့်ရမလဲ သိတာပဲ”
မဟာပဏ္ဍိပါပေါင်သည် ချောင်ရို့ချန်ကို မျက်နှာမည်းဖြင့် ကြည့်လိုက်၏။
“ဟားဟားဟား”
ချောင်ရို့ချန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူတို့နှစ်ဦး မဟာပဏ္ဍိတကျန်းယန် နောက်သို့ လိုက်သွားပြီး ကျောက်နံရံကို ဖြတ်သန်းသွား၏။ သူတို့မျက်စိရှေ့တွင် လူတစ်ယောက်စာ သွားရန် နေရာရှိသော မှောင်မည်းနေသည့် လမ်းကျဉ်းလေးတစ်ခု ရှိသည်။
လမ်းပြပေးနေသော မဟာပဏ္ဍိတကျန်းယန်သည် သူမ လက်ထဲတွင် သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ထား၏။ သူမ လေသံက တည်ငြိမ်နေသည်။
“ငါ့ခြေလှမ်းတွေကို သေချာကြည့်။ ဒီလိုဏ်ဂူလေးထဲမှာ ထောက်ချောက်တွေ အများကြီး ရှိတယ်။ တစ်ချက်ကလေးမှားသွားရင်တောင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာလိမ့်မယ်”
“ဟုတ်ကဲ့”
သူတို့နှစ်ဦး ပြိုင်တူ ပြန်ဖြေလိုက်ပြီး နတ်ဘုရားအာရုံဖြင့် မဟာပဏ္ဍိတကျန်းယန်၏ လှုပ်ရှားမှုများကို အာရုံစိုက်လိုက်သည်။
သိပ်မကြာခင် သူတို့ မဟာပဏ္ဍိတကျန်းယန် ထူးဆန်းသည့် ပုံစံတစ်ခုဖြင့် လျှောက်နေကြောင်း တွေ့လိုက်ရ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာပြီး သူတို့ မည်မျှကြာ လမ်းလျှောက်ခဲ့မှန်း မသိကြတော့ပေ။ နောက်ဆုံးတွင် နက်မှောင်သည့် ဂိတ်တံခါးကို မြင်လိုက်ရ၏။
၎င်းက ထူထဲသည့် နတ်ဆိုးအရှိန်အဝါများ ရစ်ပတ်နေသည့် တံခါးတစ်ခုဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသဖြင့် မဟာပဏ္ဍိတပါပေါင် အလွယ်တကူ မချဉ်းကပ်ရဲပေ။
သူ မဟာပဏ္ဍိတကျန်းယန်ကို ကြည့်လိုက်၏။ နတ်ဘုရားကျောင်းတော်မှ စွမ်းအားကြီး ကျင့်ကြံသူ မည်သို့ကိုင်တွယ်မည်ကို သိချင်သည်။
မဟာပဏ္ဍိတကျန်းယန် တံခါးကို သေချာစွာ လေ့လာပြီးနောက် လက်ကို မြှောက်ကာ မဟာပဏ္ဍိတပါပေါင် ယခင်က မမြင်ဖူးသော စကားလုံးတစ်လုံးကို ရေးဆွဲလိုက်သည်။
ထိုစကားလုံးပေါ်လာသည်နှင့် အနက်ရောင်နတ်ဆိုးအရှိန်အဝါများ ပျောက်ကွယ်သွားကာ သာမန်ကျောက်တုံးတံခါးတစ်ချပ် ပေါ်လာ၏။
“ဒီလိုမျိုး ဖြေရှင်းလိုက်တာလား”
မဟာပဏ္ဍိတပါပေါင် သူမြင်လိုက်ရသည်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။
ချောင်ရို့ချန် ပြုံးလိုက်သည်။
“ဆရာဦးလေး အဲ့စာလုံးကို အထင်မသေးနဲ့။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင် အဲ့တာ ရှေးဟောင်းတာအိုစာလုံးဖြစ်မယ်။ တာအိုကို ကိုယ်စားပြုတယ်”
မဟာပဏ္ဍိတကျန်းယန် ခေါင်းညိတ်သည်။
“ဟုတ်တယ်။ တာအိုဆိုတဲ့စကားလုံးကို ရေးလိုက်တာ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက စီနီယာမိုးမြေ တာအိုဟောကြားတုန်း နားထောင်ရင်း နားလည်ခဲ့တာ”
၎င်းကို ကြားသောအခါ မဟာပဏ္ဍိတပါပေါင် မနာလိုသွား၏။
‘သူတို့ ဘာလို့မဟာပဏ္ဍိတမိုးမြေကို ဘာလို့ မသိရတာလဲ’
မဟာပဏ္ဍိတကျန်းယန် မရှင်းပြတော့ပေ။ သူမ လက်ကို ဝှေ့ယမ်းလိုက်တော့ အက်ကွဲသံများ ထွက်လာပြီး ဧရာမတံခါးကြီး ထွက်လာသည်။
သူတို့ရှေ့တွင် ကြီးမားကျယ်ဝန်းသည့် ရတနာတိုက်ကြီး ပေါ်လာသည်။
မဟာပဏ္ဍိတပါပေါင် သက်ပြင်းရှိုက်လိုက်မိသည်။
“မီးနတ်ဘုရားဂိုဏ်းက ဒီလောက်တောင် ချမ်းသာတာလား”
မဟာပဏ္ဍိတကျန်းယန် ပြုံးလိုက်၏။
“ သူတို့မှာ အုတ်မြစ်တော့ ရှိတယ်။ ရတနာတွေကို ငါတို့သုံးယောက် ညီတူညီမျှ ခွဲဝေကြမယ်။ မီးနတ်ဘုရားဂိုဏ်းရဲ့ ကျန်တဲ့ဟာတွေကိုတော့ တခြားသူတွေ ယူပါလေ့စေ”
“ကောင်းတယ်”
မဟာပဏ္ဍိတပါပေါင် စိတ်လှုပ်ရှားသွားသည်။
တစ်ချိန်တည်းမှာပင်
ညနက်လာပြီး ကမ္ဘာကြီးကို အမှောင်ထုက စိုးမိုးလာသည်။
ယွင်ဝူတောင် အပြင်ဘက်တွင် အဓိကအင်အားစုသုံးစုသည် စုဝေးနေကြပြီး ငှက်တစ်ကောင်ပင် မလွတ်နိုင်အောင် တောင်ကို ဝန်းရံထားကြသည်။ သူတို့စစ်တပ်သည် မီးနတ်ဘုရားဂိုဏ်းကို တစ်ချက်တည်းဖြင့် ဖျက်စီးရန် ကြံရွယ်ထား၏။
အင်အားစုသုံးခုမှ ကင်းထောက်များသည် ယွင်ဝူတောင်သို့ ဝင်လာပြီး ဂိုဏ်း၏ ကင်းစောင့်များကို ရှင်းလင်းခဲ့သည်။
တစ်ချိန်တည်းမှာ
အဖွဲ့အသီးသီးမှ တပ်မှူးများသည် တူညီသည့် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်၏။
“မီးနတ်ဘုရားဂိုဏ်းက သူတွေကို အပြတ်ရှင်းကြ”
မြင့်မြတ်နယ်မြေသုံးခုသည် သူတို့စစ်တပ်နှင့်အတူ ယွင်ဝူတောင်သို့ ချီတက်သွားကြ၏။ မီးနတ်ဘုရားဂိုဏ်းမှ လူများ မလွတ်မြောက်စေရန် လမ်းကြောင်းတိုင်းကို စောင့်ကြပ်ရန် လူအနည်းငယ် ထားခဲ့သည်။
ခြင်္သေ့ရူးဘုရင့်နိုင်ငံ၏ ရှေ့တန်းတွင်
မဟာပဏ္ဍိတရွှမ်ကျင်းသည် ဗဟိုစခန်းမှ သူ့တပည့်များကို အမိန့်ပေးနေသည်။
သူ မှောင်မည်းနေသော ကောင်းကင်ကြီးကို ကြည့်ပြီး တီးတိုးရေရွတ်သည်။
“မြင့်မြတ်သားတော်နဲ့ ကျန်တဲ့သူတွေ အခုတိုက်ခိုက်နေပြီလား မသိဘူး”
သူ စကားပြောပြီးသည်နှင့် အမူအရာက ရုတ်ခြည်းပြောင်းလဲသွားသည်။
“ရန်သူတွေ လာပြီ။ တိုက်ခိုက်ဖို့ ပြင်ကြ”
သူ အော်ဟစ်လိုက်၏။