← Chapters

အခန်း (၂၁၀၅-၂၁၀၆)

Vol. 211 Ch. 2105-2106

အခန်း (၂၁၀၅-၂၁၀၆)

Vol. 211 Ch. 2105-2106

အခန်း (၂၁၀၅) ဘာစီနီယာလဲ၊ အစ်ကိုကြီးလို့ခေါ်

အောက်ဝူဖားနှင့် ထိုကြီးကြပ်ကွပ်ကဲသူသည် တိုက်ပွဲပုံရိပ်ကို အစအဆုံး ဆက်တိုက်ပင် မပြတ်ကြည့်ရှုနေခဲ့ကြပေသည်။

မည်သည့် ထောင့်ကဏ္ဍကနေပဲ ကြည့်ကြည့်၊ ဖန့်ချန်၏ ထိုခဏချင်းအတွင်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည့် အငွေ့အသက် လှုပ်ခတ်မှုက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ထက် အများကြီး ပိုမိုကျော်လွန်နေခဲ့သည် မဟုတ်ပါလား။

“တကယ်လို့ သူက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်အတန်းကို တကယ်ပဲ ဖုံးကွယ်ထားတာမျိုး မရှိဘူးဆိုရင်တော့…… ဒါက သူ့ရဲ့ နတ်ဘုရားစွမ်းရည်ရဲ့ စွမ်းအားက ခုနစ်ဆောင်နေမင်းခန်းမရဲ့ စံနှုန်းကို ရောက်ရှိနေတာပဲ……”

လင်ယောင်အဆင့်မြင့် မဟာမိတ်အဖွဲ့မှ လာသည့် ထိုကြီးကြပ်ကွပ်ကဲသူက မိမိဘာသာ တိုးညှင်းစွာ ရေရွတ်လိုက်မိတော့၏။

“ခုနစ်ဆောင်နေမင်းခန်းမ စံနှုန်း……”

အောက်ဝူဖား၏ နှလုံးခုန်သံများက မထိန်းချုပ်နိုင်ဘဲ ဒိန်းဒိန်းတုန်အောင် မြန်ဆန်လာခဲ့ရပြီ ဖြစ်ပေသည်။

ကျောင်းတော်ကြီး ခုနစ်ခု၌ ပါရမီရှင်များက ဘယ်လောက်တောင် များပြားလှသနည်း။ ၎င်းတို့သည် ကောင်းကင်ငါးပါးအတွင်းရှိ အထက်တန်းလွှာအကျဆုံး တည်ရှိမှုများကို လွှမ်းခြုံထားခြင်း ဖြစ်ပေသည်။

အပြင်လောက၌ ကျောင်းတော်ကြီး ခုနစ်ခုထက် ပင်ကိုယ်ပါရမီ သန်မာသည့် သူတော်စင်များ ရှိနေနိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။

ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင်တစ်ပါး ဖြစ်သော သူကိုယ်တိုင်ပင်လျှင်၊ ပညာသင်ကြားခဲ့စဉ် အချိန်တုန်းက ကျောင်းတော်အတွင်း၌ အလယ်အလတ်အထက်တန်းအဆင့် သက်သက်မျှသာ ရှိခဲ့ဖူးခြင်း ဖြစ်ပေသည်။

ခုနစ်ဆောင်နေမင်းခန်းမ ဟုတ်လား။ သူ ဝင်ရောက်ဖူးခြင်း မရှိခဲ့သလို၊ ထိတွေ့နိုင်မည့် အခွင့်အရေးပင် စိုးစဉ်းမျှ မရှိခဲ့ဖူးချေ။

ရွှေဟွေးကျောင်းတော်ကိုပဲ ကြည့်ဦးတော့၊ ကျောင်းတော်ကြီး ခုနစ်ခုထဲတွင် အခြေခံအုတ်မြစ် အားအနည်းဆုံး ဖြစ်သော်လည်း၊ သန်မာလှသော လူမျိုးစုကျောင်းတော် ရာပေါင်းများစွာက ဝန်းရံစောင့်ကြပ်ထားခြင်း ဖြစ်ပေသည်။

အကြီးအငယ် တပည့်များ အားလုံး ပေါင်းစပ်လိုက်လျှင်၊ သောင်းနဲ့ချီ သိန်းနဲ့ချီ၍ သေချာပေါက် ရှိပေလိမ့်မည်။

ကျောင်းတော်ကြီး ခုနစ်ခု၏ သန်းနဲ့ချီသော ပါရမီရှင်များအကြားထဲမှ သွေးမြေကျလောက်အောင် တိုက်ခိုက်ကာ လမ်းစတစ်ခု ဖောက်ထွက်ပြီး၊ တူညီသောအဆင့်အတန်းအတွင်းရှိ အရှေ့က အယောက်တစ်ရာအတွင်း ဝင်ရောက်နိုင်မှသာလျှင်၊ ခုနစ်ဆောင်နေမင်းခန်းမ၌ နေရာတစ်နေရာ ရရှိရန် အရည်အချင်း ရှိပေလိမ့်မည်။

ယခုလက်ရှိ ရွှေဟွေးကျောင်းတော်အတွင်းရှိ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်များထဲ၌၊ အရှေ့က အယောက်တစ်ရာအတွင်း ဝင်ရောက်နိုင်သူ တစ်ယောက်မျှ မရှိချေ။

ဒါက ရွှေဟွေးကျောင်းတော်၏ အခြေခံအုတ်မြစ်က အနည်းငယ် အားနည်းနေခြင်းအပြင်၊ ခုနစ်ဆောင်နေမင်းခန်းမ၏ အရည်အချင်း ယှဉ်ပြိုင်မှုက အလွန်တရာ ပြင်းထန်လွန်းခြင်းနှင့်လည်း အများကြီး သက်ဆိုင်နေပေသည်။

ခုနစ်ဆောင်နေမင်းခန်းမ၌ နေရာရရှိထားသူများသည်၊ တူညီသော နောက်ခံနောက်ကြောင်းရှိသည့် တူညီသောအဆင့်အတန်း ကျောင်းတော်တပည့်များကိုပင် အဆင့်ကျော်၍ နှိမ်နင်းသတ်ဖြတ်နိုင်စွမ်း ရှိကြပေသည်။

ထိုသို့ဆိုလျှင်ပင်၊ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၌ ခုနစ်ဆောင်နေမင်းခန်းမသို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင်၊ စွမ်းအင်စုစည်းခြင်း အလယ်လတ်အဆင့်သို့ တက်လှမ်းသွားသည့် အခါတွင်မူ ပြန်လည်ပြုတ်ကျသွားတတ်ကြချေသည်။

ခုနစ်ဆောင်နေမင်းခန်းမ၌ တစ်လျှောက်လုံး နေရာယူထားနိုင်ပြီး ကမ္ဘာကြီးသူတော်စင် အဆင့်အတန်းအထိ တက်လှမ်းနိုင်ခဲ့သည့်သူများသည်မူ၊ ကမ္ဘာအရပ်ရပ်က ကြိုတင်ပြင်ဆင်ထားသည့် ကျင့်ကြံခြင်းအထွတ်အထိပ် သူတော်စင်ကြီးများ ဖြစ်ကြသဖြင့်၊ အဆင့်အတန်းက အလွန်တရာ ထူးခြားမြင့်မြတ်လှပြီး ၎င်းတို့ကဲ့သို့သော ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင်များထက်ပင် တစ်ဆင့် ပိုမိုမြင့်မားကြပေသည်။

“ငါ မှတ်မိသလောက်တော့ မင်းတို့ ရွှေဟွေးကျောင်းတော်မှာလည်း၊ အရင်တုန်းက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မှာ တင် ခုနစ်ဆောင်နေမင်းခန်းမကို ဝင်ရောက်နိုင်ခဲ့တဲ့သူ ရှိခဲ့ဖူးတယ် မဟုတ်လား။

ဒါပေမဲ့ နောက်ပိုင်းမှာ အလယ်လတ်အဆင့်ကို တက်လှမ်းသွားခဲ့ပြီးကတည်းက၊ အခုလက်ရှိ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ထဲမှာတော့၊ ခုနစ်ဆောင်နေမင်းခန်းမမှာ နေရာရတဲ့သူ တစ်ယောက်မှ မရှိတော့ဘူး။”

ထိုကြီးကြပ်ကွပ်ကဲသူက ရုတ်တရက် အောက်ဝူဖားကို လှမ်းကြည့်လိုက်ရင်း -

“မင်းတို့ ဒီတစ်ကြိမ်တော့ တကယ်ပဲ ကံကောင်းသွားတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ငါ့အနေနဲ့ မင်းတို့ဘက်က အထွတ်အထိပ်တာအို သူတော်စင်ကြီးတွေရဲ့ သက်သေခံချက် လိုအပ်တယ်၊ ဒီလူငယ်က ကျင့်ကြံခြင်း အဆင့်အတန်းကို ဖုံးကွယ်ထားတာမျိုး မရှိကြောင်း သက်သေပြရမယ်။

မဟုတ်ရင်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေ အားလုံးကို၊ မင်းတို့ ရွှေဟွေးကျောင်းတော်က ဆယ်ဆ ပြန်လည်ပေးဆပ်ရလိမ့်မယ်။”

“စိတ်ချပါကွာ ငါ ရဲရဲကြီး အာမခံရဲတယ်၊ သူ ကျင့်ကြံခြင်းအဆင့်အတန်းကို ဖုံးကွယ်ထားတာမျိုး လုံးဝမရှိဘူး ”

အောက်ဝူဖား၏ မျက်နှာထက်၌ စိတ်လှုပ်ရှား ဝမ်းမြောက်ခြင်း အရိပ်အယောင်များကို ဖုံးကွယ်ထားရန် မစွမ်းသာတော့ချေ။

သူ ကြီးကြပ်ရသည့် ကျောင်းဆောင်အတွင်းထဲကနေပြီး၊ ခုနစ်ဆောင်နေမင်းခန်းမ၌ နေရာရရှိနိုင်မည့် အရည်အချင်းရှိသော တည်ရှိမှုတစ်ခု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

ဒါက အလွန်တရာ ကြီးမားလှသော ကောင်းမှုကုသိုလ် အောင်မြင်မှုတစ်ခုနှင့် ညီမျှနေသည် မဟုတ်ပါလား။

ဤကဲ့သို့သော အောင်မြင်မှုမျိုးကြောင့် ရရှိလာမည့် ဆုလာဘ်များသည်၊ သူကဲ့သို့သော ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင်တစ်ပါးကိုပင် ရင်ဘတ်ထဲက နှလုံးသားကြီး ပြင်းထန်စွာ တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။

“မင်းရဲ့ အာမခံချက်က အသုံးမဝင်ဘူး၊ အမြန်ဆုံး အထွတ်အထိပ်တာအို သူတော်စင်ကြီးရဲ့ သက်သေခံချက်ကို ယူလာခဲ့၊ ငါ ဒီနေရာမှာပဲ မင်းကို စောင့်နေမယ် ”

ထိုကြီးကြပ်ကွပ်ကဲသူက မျက်လုံးတစ်ချက် ပင့်လိုက်မိပြီး၊ တစ်ဖက်လူတွင် ခုနစ်ဆောင်နေမင်းခန်းမသို့ ဝင်ရောက်နိုင်မည့် အရည်အချင်းရှိသော စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်တစ်ပါး ထွက်ပေါ်လာခဲ့ရုံတင်မက၊ မိမိတို့ လင်ယောင်အဆင့်မြင့် မဟာမိတ်အဖွဲ့၏ ပါရမီရှင်တစ်ယောက်ကိုပါ ခြေနင်းတုံးအဖြစ် အသုံးပြုသွားခဲ့သည်ကို တွေးတောမိလိုက်သောအခါ၊ စိတ်နှလုံးထဲ၌ အလွန်တရာ မသက်မသာ ဖြစ်သွားခဲ့ရတော့သညာ။

“လျော်ထျန်း…… မင်း ဒီနေရာမှာပဲ စောင့်နေ၊ ငါ အခုချက်ချင်း သက်သေခံချက် သွားယူလာခဲ့မယ်။

ဒါ့အပြင် ဒီတစ်ကြိမ်မှာ သူဟာ ကောင်းကင်းငါးပါးစစ်တလင်းထဲကို ပြန်လည်ဝင်ရောက်ပြီး၊ နောက်ထပ် တိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲရမယ်။”

အောက်ဝူဖားက ဆိုလိုက်သည်။

“ဒါကတော့ မဖြစ်နိုင်ဘူး။”

လျော်ထျန်းက လက်ကို ဝေ့ယမ်းလိုက်ရင်း -

“မင်းတို့ ရွှေဟွေးကျောင်းတော်က တကယ့်ကို အတွေးမှားနေတာပဲ။

ဒီလို တည်ရှိမှုမျိုး ရှိနေတာကို ကြိုတင်ပြီးတော့မှ အသိမပေးခဲ့တာက၊ မင်းတို့ရဲ့ လုပ်ထုံးလုပ်နည်း မှားယွင်းမှုပဲ၊ ငါတို့နဲ့ မဆိုင်ဘူး။

သူ့ကို ကန်ထုတ်ပြီးသွားပြီဖြစ်လို့၊ ပြန်ဝင်ချင်တယ်ဆိုရင်တော့၊ နောက်ထပ် နှစ်ပေါင်း ရာစုနှစ်တစ်ခုကို စောင့်ဆိုင်းရလိမ့်မယ်။

ဒါမှမဟုတ် နောက်ပိုင်းကျလို့ သူက ခုနစ်ဆောင်နေမင်းခန်းမရဲ့ တပည့် ဖြစ်လာခဲ့ရင်တော့၊ ဒီအချိန်ကျရင် ကောင်းကင်းငါးပါးစစ်တလင်းထဲကို အချိန်မရွေး ဝင်ရောက်နိုင်လိမ့်မယ် ”

“ဟွန်း”

အောက်ဝူဖားက အေးစက်စက် နှာခေါင်းရှုံ့လိုက်သော်လည်း၊ မျက်နှာထက်က စိတ်လှုပ်ရှား ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အယောင်များကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ သူသည် တစ်ဖက်လူနှင့် အချိန်အကြာကြီး စကားများမနေတော့ဘဲ၊ လှည့်ထွက်ကာ ထွက်ခွာသွားခဲ့တော့ပေသည်။

ဟင်းလင်းပြင် ငါးပါးနန်းတော်၏ အပြင်ဘက်၌……

ဖန့်ချန်သည် အောက်ဝူဖားကို နောက်တစ်ကြိမ် ပြန်လည်မြင်တွေ့လိုက်ရသည့် အချိန်၌၊ ဤ ဂျူလင်မျိုးနွယ်စုကြီး၏ ကြီးကြပ်စစ်ဆေးရေးမှူး၏ မျက်နှာထက်၌ ပျော်ရွှင်ချိုသာလှသော အပြုံးများ ပြည့်နှက်နေခဲ့သည်ကို သတိပြုမိလိုက်ရ၏။

“စီနီယာကြီး…… အကြောင်းအရာတွေကို သဲသဲကွဲကွဲ ရှင်းလင်းပြီးသွားပြီလား ”

ဖန့်ချန်က လက်အုပ်ချီလျက် မေးမြန်းလိုက်သည်။

“ဘာစီနီယာလဲ။ ငါက မင်းထက် အသက်အနည်းငယ် ကြီးရုံတင်ပါ၊ ငါ့ကို အစ်ကိုကြီးလို့ပဲ ခေါ်စမ်းပါ။

ငါက ဂျူလင် မျိုးနွယ်စုက အောက်ဝူဖားပါ၊ ငါ့ကို အစ်ကိုကြီးအောက် လို့ ခေါ်ရင် ရပြီ။”

အောက်ဝူဖားက လေးနက်တည်ကြည်စွာ ဆိုလိုက်တော့၏။

“အစ်ကိုကြီးအောက်”

ဖန့်ချန်က အံ့ဩမှင်သက်သွားခဲ့ရသည်။

“ညီလေး…… မင်း ဒီနေရာမှာ ခဏလောက် စောင့်ဆိုင်းနေဦး၊ ငါ အထဲက ကြီးကြပ်ကွပ်ကဲသူဆီကို သက်သေခံချက်တစ်ခု သွားပေးရဦးမယ်။

ဒီတစ်ကြိမ် မင်းနဲ့ ဖေရန်ထူ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ၊ တာဝန်ယူရတဲ့ ကြီးကြပ်ကွပ်ကဲသူက လင်ယောင်အဆင့်မြင့် မဟာမိတ်အဖွဲ့ဘက်က ဖြစ်နေတာ။

ငါတို့က သူတို့ဘက်နဲ့ သိပ်ပြီးတော့ အဆင်မပြေကြဘူး၊ ဒါကြောင့် လုပ်ထုံးလုပ်နည်းတွေက အနည်းငယ် ရှုပ်ထွေးသွားလိမ့်မယ်။ မင်းရဲ့ ကျင့်ကြံခြင်းက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ထက် မကျော်လွန်ကြောင်းကို သက်သေပြဖို့အတွက်၊ အထွတ်အထိပ်တာအို သူတော်စင်ကြီးရဲ့ သက်သေခံချက် လိုအပ်တယ် ”

အောက်ဝူဖားက ပြုံးလျက် ဆိုလိုက်၏။

အထွတ်အထိပ်တာအို သူတော်စင်ကြီးရဲ့ သက်သေခံချက် လိုအပ်တယ် ဟုတ်လား။

ဖန့်ချန်၏ မျက်ဝန်းထဲ၌ လေးနက်လှသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရသည်။

နောက်တစ်ခဏ၌၊ အောက်ဝူဖားသည် ဟင်းလင်းပြင် အရပ်မျက်နှာဆီသို့ လက်အုပ်ချီ ဦးညွှတ်လိုက်ရင်း -

“ကြီးကြပ်စစ်ဆေးရေးမှူး အောက်ဝူဖား၊ အကြီးအကဲများကောင်စီက စီနီယာကြီးကို ရိုသေစွာ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ”

ရှေးဦးအချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်၊ ခမ်းနားထည်ဝါလှသော တံခါးဝကြီးတစ်ခုသည် ၎င်းတို့နှစ်ယောက်၏ ရှေ့မှောက်၌ ရုတ်တရက် ပွင့်လန်းလာခဲ့တော့သည်။

ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကြီးက ထိုခမ်းနားလှသော တံခါးဝကြီးအတွင်းမှ လှိုင်းတံပိုးများကဲ့သို့ တဟုန်းဟုန်း ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။

ဖန့်ချန်၏ မျက်ဝန်းများသည် နှင်းမြူလွှာတစ်ခု၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်၊ တဖြည်းဖြည်းချင်း ထိုတံခါးဝကြီး၏ ပုံသဏ္ဌာန်ကို သဲသဲကွဲကွဲ မြင်တွေ့နိုင်ခြင်း မရှိတော့ချေ။

“အောက်ဝူဖား…… ဘာအကြောင်းအရာ ရှိလို့လဲ ”

အသံတစ်ခုက ခပ်ဖျော့ဖျော့ ထွက်ပေါ်လာခဲ့သည်။

အောက်ဝူဖားသည် ချက်ချင်းပင် အကြောင်းအရာ အားလုံးကို အစအဆုံး အသေးစိတ် ပြောပြလိုက်တော့၏။

အချိန်အနည်းငယ်မျှ နှုတ်ဆိတ်သွားခဲ့ပြီးနောက်၊ ဖန့်ချန်သည် ရုတ်တရက် မိမိ၏ ကိုယ်ခန္ဓာထက်သို့ စူးစမ်းလှသော အငွေ့အသက်တစ်ခု ရောက်ရှိလာခဲ့သည်ကို ခံစားလိုက်ရသည်။

ဤအငွေ့အသက်သည် သူ၏ ရုပ်ခန္ဓာကိုသာမက၊ တားဆီး၍မရနိုင်သော အရှိန်အဝါဖြင့် သူ၏ အတွင်းကမ္ဘာနယ်မြေအတွင်းသို့ပါ တဟုန်ထိုး တိုးဝင်လာခဲ့ခြင်း ဖြစ်ပေသည်။

အတွင်းကမ္ဘာနယ်မြေအတွင်း၌……

နတ်ဘုရားစွမ်းရည် ကိုယ်ပွားတစ်ခုပြီးတစ်ခုသည် ရှေးဟောင်းဘီလူးကြီးများကဲ့သို့ပင်၊ အရပ်လေးမျက်နှာ၌ မတ်တတ်ရပ်နေခဲ့ကြပေသည်။

ငါးရောင်ခြယ် နတ်နဂါးကြီးသည် အဆုံးအစမရှိသော ကောင်းကင်တိုင်ကြီးကဲ့သို့ပင်၊ တစ်ဖက်က အတွင်းကမ္ဘာနယ်မြေထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေခဲ့ပြီး၊ တစ်ဖက်ကမူ အတွင်းကမ္ဘာ ဟာလာဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်နေခဲ့သည်။

ကရုဏာတံဆိပ်တော်သည်လည်း မဟာကရုဏာဓား၊ မဟာကရုဏာလက်သီး နှင့် မဟာကရုဏာလက်ဝါး အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းထားခဲ့ပြီ ဖြစ်ပေသည်။

မသေမျိုးသန့်စင်ရေ နှင့် ဝမ်ချွမ်းမြစ်တို့ဖြင့် ဖွဲ့စည်းထားသည့် ကောင်းကင်နိမိတ် မြစ်ပြင်ကျယ်ကြီးသည်လည်း၊ ဖြည်းညှင်းစွာ စီးဆင်းလှုပ်ခတ်နေခဲ့ပေသည်။

ဤစွမ်းအားကြီးက အတွင်းကမ္ဘာနယ်မြေအတွင်းသို့ တိုးဝင်လာခဲ့သည့် အချိန်၌၊ ကောင်းကင်နိမိတ် မြစ်ပြင်ကျယ်ကြီး၏ နက်ရှိုင်းသော အောက်ခြေ၌ တစ်စုံတစ်ခုသော ထူးခြားလှုပ်ခတ်မှု ထွက်ပေါ်လာခဲ့သကဲ့သို့ ရှိခဲ့သော်လည်း၊ ချက်ချင်းပင် ပြန်လည်၍ ငြိမ်သက်သွားခဲ့ရတော့သည်။

မကြာမီအချိန်အတွင်းမှာပင်၊ ဖန့်ချန်သည် ထိုစွမ်းအားကြီးက မိမိ၏ အတွင်းကမ္ဘာနယ်မြေအတွင်းမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း ခံစားလိုက်ရပြီးနောက်၊ ထိုအသံကြီးက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့တော့သည်။

“သူ့ရဲ့ ကျင့်ကြံခြင်းက တကယ်ပဲ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သက်သက်ပဲ၊ ဖုံးကွယ်ထားတာမျိုး မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ အခြေခံအုတ်မြစ်က တကယ့်ကို ထူးခြားကျယ်ပြန့်လှပြီး၊ ခုနစ်ဆောင်နေမင်းခန်းမရဲ့ အငွေ့အသက် တကယ်ပဲ ရှိနေတယ်။ ငါ မင်းကို သက်သေခံချက်တစ်ခု ထုတ်ပေးလိုက်မယ်၊ မင်း ဒါကို ကောင်းကင်ငါးပါးနန်းတော်ဆီကို သွားပြီး အပ်နှံလိုက်တော့ ”

အောက်ဝူဖား၏ စိုးရိမ်ပူပန်နေခဲ့သည့် စိတ်အာရုံက ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားခဲ့ရပြီး၊ ရင်ထဲက သက်ပြင်းကြီးတစ်ခုကို အရှည်ကြီး ချလိုက်မိရင်း၊ ပိုမို၍ စိတ်လှုပ်ရှား ဝမ်းမြောက်သွားခဲ့ရတော့၏။

ရွှေရောင်အလင်းတန်းတစ်ခုက ထိုခမ်းနားလှသော အတွင်းကမ္ဘာ တံခါးဝကြီးအတွင်းမှ လျှပ်စီးကဲ့သို့ ပစ်ထွက်လာခဲ့ပြီး၊ အောက်ဝူဖား၏ လက်ဖဝါးထက်သို့ ကျရောက်လာခဲ့ရာ၊ ယင်းကမူ ကျောက်စိမ်းပြားလေးတစ်ခု ဖြစ်ပေသည်။

“ဘိုးဘေးကြီး ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”

အောက်ဝူဖားက အလျင်အစလို အရိုအသေပြုလိုက်တော့သည်။

“မင်းက လူသားမျိုးနွယ်စု ကျောင်းဆောင် ကရုဏာတောင်က တပည့် မဟုတ်လား။”

ထိုအသံကြီးက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့ပြန်ရာ၊ ယခုတစ်ကြိမ်တွင်မူ၊ အထင်အရှားပင် ဖန့်ချန်နှင့် စကားပြောဆိုနေခြင်း ဖြစ်ပေသည်။

ဖန့်ချန်က အလွန်တရာ ရိုသေကိုင်းညွတ်စွာဖြင့် -

“ဟုတ်ပါတယ်ခင်ဗျာ”

“မင်းရဲ့ ဆရာ ရှူရှန့် က၊ အရင်တုန်းက ပင်ကိုယ်ပါရမီ အတော်အတန် ကောင်းမွန်ခဲ့ပေမဲ့၊ နှမြောစရာကောင်းတာက နောက်ပိုင်းမှာ လမ်းမှားကို လျှောက်လှမ်းမိသွားခဲ့လို့၊ သာမန်လူတွေအကြားထဲမှာ ပျောက်ကွယ်သွားခဲ့ရတယ်။

မင်းအနေနဲ့ သူ့ရဲ့ နောက်ကွယ်က လမ်းဟောင်းအတိုင်း မလိုက်ပါစေနဲ့လို့ မျှော်လင့်ပါတယ် ”

စကားအဆုံး၌၊ အတွင်းကမ္ဘာ တံခါးဝကြီးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ရပြီး၊ လူကို ထိတ်လန့်တုန်လှုပ်သွားစေသည့် ဝိညာဉ်ရေးရာ ဖိအားကြီးကလည်း ထိုအတိုင်းပင် ကွယ်ပျောက်သွားခဲ့ရတော့ပေသတည်း။

“အကြီးအကဲများကောင်စီက စီနီယာကြီးတွေက မင်းကို သတိထားမိသွားပြီ ဖြစ်လို့၊ မင်းအနေနဲ့ စီနီယာကြီးတွေရဲ့ စကားကို နားထောင်ရမယ်။ ကရုဏာတောင်က အချို့ ကျင့်ကြံခြင်း နည်းစနစ်တွေကို၊ မင်း တကယ်ပဲ အလွယ်တကူ မထိတွေ့သင့်ဘူး၊ ကျောင်းတော်ကြီးရဲ့ လမ်းစဉ်အတိုင်းပဲ လျှောက်လှမ်းရမယ်၊ နားလည်လား ”

အောက်ဝူဖားက နူးညံ့စွာ ဆိုလိုက်၏။

စကားအဆုံး၌၊ သူသည် စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင် ငါးပါးနန်းတော်ဆီသို့ လှမ်းလျှောက်သွားခဲ့ရင်း -

“ငါ သွားပြီး သက်သေခံချက် သွားအပ်လိုက်ဦးမယ်၊ သူတို့ကို ပါးစပ်ပိတ်သွားအောင် လုပ်ရမယ်။ မင်း ပြန်သွားပြီးတော့မှ သေချာ တံခါးပိတ် ကျင့်ကြံနေလိုက်တော့၊ နောက်ထပ် ရာစုနှစ်တစ်ခုကျရင်၊ လုံးဝအနိုင်ရတဲ့ မှတ်တမ်းကို ယူဆောင်ပြီး ပြန်လာခဲ့။

ဒီလိုမျိုး၊ နောက်ထပ် အနည်းငယ် ရှိသွားခဲ့ရင်၊ မင်းအတွက် ခုနစ်ဆောင်နေမင်းခန်းမထဲကို ဝင်ရောက်နိုင်မယ့် အခွင့်အရေး ရှိလာလိမ့်မယ် ”

အခန်း (၂၁၀၆) မင်းက အစွမ်းကုန် တောက်ပနေခဲ့ပြီပဲ

ကရုဏာတောင်၌……

ရှူရှန့်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တတ်ရပ်နေခဲ့ပြီး၊ ဖန့်ချန်က ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး ပြောပြပြီးသွားသည့်နောက်၊ သူသည် ဖြည်းညှင်းစွာ ကိုယ်ကိုလှည့်ကာ ဖန့်ချန်ကို စိုက်ကြည့်လိုက်တော့သည်။

သူ၏ မျက်ဝန်းများထဲ၌ အလင်းတန်းများ ဖြတ်သန်းလှုပ်ခတ်သွားပုံရကာ -

“ဖန့်ချန်…… မင်းက မင်းရဲ့ဆရာကို တမင် အခွက်ပြောင်နေတာလား”

“မပြောင်ပါဘူး "

ဖန့်ချန်က မှင်သက်သွားခဲ့ရပြီး၊ ထို့နောက်တွင် ချက်ချင်းပင် ခေါင်းယမ်းလိုက်ရင်း -

“တပည့်က ဘယ်လိုလုပ်ပြီး ဒီကိစ္စကို စနောက်စရာအဖြစ် သုံးရမှာလဲ”

ရှူရှန့်က ပြုံးလိုက်ပြီး -

“ငါတို့ ကရုဏာတောင်က တခြားတောင်ကုန်းတွေထက် အနည်းငယ်မျှ ပိုပြီးတော့ အစွမ်းထက်တယ်ဆိုတာကို၊ ဒီဆရာ သိတာပေါ့ ”

“ဒါပေမဲ့ မင်းရဲ့ အစ်ကိုကြီးကနေစလို့ အောက်က မင်းနဲ့ ဝမ်ချုံစန်းအထိ၊ အများဆုံးရှိလှ ကျောင်းတော်ရဲ့ ကာကွယ်ရေးဆရာတွေ ပြုစုပျိုးထောင်ပေးလိုက်တဲ့ ပါရမီရှင်တွေထက် တစ်ဆင့် ပိုပြီး သန်မာရုံသက်သက်ပဲ ရှိတာ။”

“ခန့်မှန်းခြေအားဖြင့်တော့…… ကျောင်းတော်ရဲ့ အမာခံတပည့်တွေနဲ့ အဆင့်တူလောက်ပေါ့။”

“ဒါမှမဟုတ် အမာခံတပည့်တွေရဲ့ အထဲမှာတောင်၊ အဆင့်အတန်းက အနည်းငယ် နောက်ဘက်ကို ရောက်နေဦးမှာ ”

“ဒါကလည်း ငါတို့ ကရုဏာတောင်က ကျောင်းတော်ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေရဲ့ မနာလိုမှုကို ခံရပြီး၊ အမာခံတပည့် ဖြစ်မယ့် လမ်းစဉ် ပိတ်ဆို့ခြင်း ခံလိုက်ရလို့ပဲ။ ဒါကြောင့်လည်း ဒီဆရာက တခြားလမ်းစဉ်တစ်ခုကို ရှာဖွေပြီး၊ မင်းတို့အတွက် စင်ကြယ်သော ဗောဓိသီးကို ရယူပေးနိုင်ခဲ့လို့ ရလာတဲ့ ရလဒ်တွေပဲ ”

သူက စကားကို ခဏမျှ ရပ်တန့်လိုက်ပြီး -

“မင်းတို့က အဲဒီအမာခံတပည့်တွေလိုမျိုး ကဏ္ဍအသီးသီးက ပံ့ပိုးကူညီမှုတွေကို မရရှိနိုင်ဘူး ဆိုပေမဲ့၊ အနည်းဆုံးတော့ စင်ကြယ်သော ဗောဓိသီးနဲ့ ပတ်သက်ရင်တော့၊ ကရုဏာတောင်က မင်းတို့ကို စိုးစဉ်းမျှ လိုလေသေးရှိအောင် ထားမှာ မဟုတ်ဘူး ”

“ဒီလောက်ကြီးမားလှတဲ့ ကျောင်းတော်ကြီးတစ်ခုလုံးမှာ၊ ကရုဏာတောင်လိုမျိုး တပည့်တွေကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ နေရာက လက်ချိုးရေလို့ ရနိုင်လောက်အောင် နည်းပါးလှတယ် ”

ဤနေရာသို့ ရောက်သောအခါ၊ ရှူရှန့်သည် စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး၊ လေးနက်တည်ကြည်စွာဖြင့် -

“ငါတို့ ကရုဏာတောင်ရဲ့ မဟာနတ်ဘုရားစွမ်းရည် သုံးခုက၊ စွမ်းအားအပိုင်းမှာ တခြားလူတွေထက် အများကြီး သာလွန်တယ်ဆိုတာကို ဆရာ သိပါတယ်။ ပုံမှန်အချိန်တွေမှာ မင်းတို့ကို အနည်းငယ် ဖုံးကွယ်ခိုင်းထားတာကလည်း၊ မင်းတို့ အပြင်လောကမှာ တခြားလူတွေရဲ့ စောင့်ကြည့်ခြင်း မခံရအောင် ကာကွယ်ပေးချင်လို့ပဲ ”

“ဒါပေမဲ့ ခုနစ်ဆောင်နေမင်းခန်းမရဲ့ အဆင့်အတန်းမျိုးအထိ ရောက်ဖို့ဆိုရင်တော့၊ အနည်းငယ်မျှ လိုအပ်နေဦးမှာ အမှန်ပဲ။”

“မင်းရဲ့ အစ်ကိုကြီးကိုပဲ ကြည့်ဦးတော့၊ ခုနစ်ဆောင်နေမင်းခန်းမရဲ့ တူညီသောအဆင့်အတန်းတွေနဲ့ ယှဉ်လိုက်ရင်၊ အနည်းဆုံး အဆင့်တန်း နှစ်ပုံလောက် လိုအပ်နေသေးတာ။”

“ဒါပေမဲ့ အရေးမကြီးပါဘူး၊ မင်းရဲ့ အစ်ကိုကြီးက တည်ငြိမ်စွာနဲ့ အဆင့်တက်လှမ်းနိုင်ပြီး၊ သေချာ အသက်ရှင်နေသရွေ့တော့၊ နောင်လာမယ့် အနာဂတ် ခရီးလမ်းက သူတို့ထက် နိမ့်ကျသွားမှာ မဟုတ်ပါဘူး။”

“ပြီးတော့ ငါတို့ ကရုဏာတောင်ရဲ့ 'အပြင်ပန်း သူတော်စင်၊ အတွင်းပိုင်း ဧကရာဇ်' တာအိုလမ်းစဉ်ကလည်း၊ အခြေခံအုတ်မြစ်ကို အကြာကြီး စုဆောင်းပြီးမှ တစ်ချက်တည်းနဲ့ အစွမ်းကုန် တောက်ပလာရမယ့် လမ်းစဉ်မျိုးပဲ။ အစွမ်းကုန် တောက်ပလာမယ့် အဲဒီနေ့ရက်ကို စောင့်ဆိုင်းနိုင်သရွေ့တော့၊ အရာရာက အဆင်ပြေသွားလိမ့်မယ်။”

ထိုနေရာသို့ ရောက်သောအခါ၊ ရှူရှန့်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်တက်သွားခဲ့ရပြီး၊ ဆန်းကြယ်လှသော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။

“မင်းက မဟာနတ်ဘုရားစွမ်းရည် သုံးခုလုံးကို နားလည်သဘောပေါက်သွားပြီ ဖြစ်လို့၊ ငါတို့ ကရုဏာတောင်ရဲ့ မဟာနတ်ဘုရားစွမ်းရည် သုံးခုမှာ၊ ပိုပြီးတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ နောက်ခံနောက်ကြောင်းတစ်ခု ရှိနေသေးတယ်ဆိုတာကို မင်း သိလား”

“ကရုဏာတံဆိပ်တော် လား”

ဖန့်ချန်က ဆိုလိုက်၏။

“……”

ရှူရှန့်၏ မျက်နှာထက်က အပြုံးများက တဖြည်းဖြည်းချင်း အေးခဲတောင့်တင်းသွားခဲ့ရပြီး၊ သူ၏ မျက်ဝန်းများက အလွန်တရာ လေးနက်တည်ကြည်စွာဖြင့် ဖန့်ချန်ကို စိုက်ကြည့်လာခဲ့ကာ -

“မင်း ဒါကို ဘယ်ကနေပြီး သိတာလဲ”

“တတိယမြောက် မဟာနတ်ဘုရားစွမ်းရည်ကို နားလည်သဘောပေါက်သွားတဲ့ အချိန်တုန်းကလား”

“ဘာအဓိပ္ပာယ်လဲ”

ရှူရှန့်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး၊ ထို့နောက်တွင် သူ၏ မျက်ဝန်းများထဲ၌ တဖြည်းဖြည်းချင်း မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ ပြည့်နှက်လာခဲ့ကာ၊ သူ၏ လေသံက ရုတ်တရက် ပြာယာခတ်သွားခဲ့ပြီး တိုးညှင်းစွာဖြင့် -

“မင်းရဲ့ အတွင်းကမ္ဘာနယ်မြေကို ဖွင့်စမ်း၊ ငါ တစ်ချက်လောက် ကြည့်ပါရစေ ”

ဖန့်ချန်က အတွင်းကမ္ဘာနယ်မြေကို ဖွင့်လှစ်လိုက်ပြီး၊ ရှူရှန့်နှင့်အတူ ယင်းအတွင်းသို့ ပူးတွဲဝင်ရောက်လာခဲ့ကြပေသည်။

ရှူရှန့်သည် ဤနေရာအတွင်းရှိ များပြားလှသော နတ်ဘုရားစွမ်းရည်များကို တစ်ချက်တည်းဖြင့် မြင်တွေ့လိုက်ရသော်လည်း၊ သူက ယင်းတို့ကို ဂရုမစိုက်ချေ။

ကောင်းကင်နိမိတ်ဖြစ်စဥ် အတွင်းကမ္ဘာနယ်မြေ ဖြစ်သဖြင့်၊ တစ်ပိုင်းသူတော်စင် အဆင့်မှာ တင် များပြားလှသော နတ်ဘုရားစွမ်းရည်များကို စုစည်းထားနိုင်ခြင်းက အလွန်တရာ သာမန်ဖြစ်ပြီး၊ ဤနတ်ဘုရားစွမ်းရည်များ၏ စွမ်းအားကလည်း အလွန်တရာ ရိုးရှင်းလှသဖြင့်၊ အထူးတလည် အာရုံစိုက်နေရန် မလိုအပ်ချေ။

သူ၏ အကြည့်က ပထမဆုံး အချိန်မှာပင် ကရုဏာတောင်၏ မဟာနတ်ဘုရားစွမ်းရည် သုံးခုထက်သို့ ကျရောက်သွားခဲ့ရတော့သည်။

ရှူရှန့်သည် မဟာနတ်ဘုရားစွမ်းရည် သုံးခုကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့မိရာ၊ သူ၏ မျက်ဝန်းထဲ၌ ရုတ်တရက် တုန်လှုပ်ခြောက်ခြားသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

အဘယ်ကြောင့်ဆိုသော် ဤမဟာနတ်ဘုရားစွမ်းရည် သုံးခု၏ အငွေ့အသက်များက၊ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်စကားပြောနေကြသကဲ့သို့ ရှိနေသောကြောင့် ဖြစ်ပေသည်။

၎င်းက အကောင်ငယ်လေး သုံးကောင်က တိုးတိုးတိတ်တိတ် ကုန်းတိုက်စကား ပြောနေကြသကဲ့သို့ပင်။

“မဟန်ဘူး”

ရွှီရှန့်က ဝတ်ရုံလက်အင်္ကျီကို ရုတ်တရက် လွှဲယမ်းလိုက်ရာ၊ သူ၏ ကိုယ်ခန္ဓာထက်မှလည်း မဟာနတ်ဘုရားစွမ်းရည် သုံးခု၏ အငွေ့အသက်များ တဟုန်းဟုန်း ပေါက်ကွဲထွက်ပေါ်လာခဲ့ရတော့သည်။

နောက်တစ်ခဏ၌၊ သူ၏ ရှေ့မှောက်ရှိ မဟာနတ်ဘုရားစွမ်းရည် သုံးခုက ရုတ်တရက် အတူတူ ပေါင်းစပ်သွားခဲ့ကြပြီး၊ ကရုဏာတံဆိပ်တော် အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းသွားခဲ့ကြ၏။

ကြောက်မက်ဖွယ်ကောင်းသော ကရုဏာတံဆိပ်တော်၏ အငွေ့အသက်ကြီးက၊ နဂါးငွေ့တန်း ဂလက်ဆီအတွင်းမှ တဟုန်ထိုး စီးဆင်းကျလာသည့် ရေတံခွန်ကြီးကဲ့သို့ပင်၊ မိုးမြေတစ်ခွင်လုံးကို ဖုံးလွှမ်းလျက် ရှူရှန့်၏ ကိုယ်ခန္ဓာထက်သို့ ဖိနှိပ်ကျရောက်လာခဲ့ရတော့သည်။

ရှူရှန့်၏ မျက်အိမ်များက မျက်စိတစ်မှိတ်အတွင်းမှာပင် နီမြန်းသွားခဲ့ရပြီး၊ မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက်က လျှောကျလာခဲ့ကာ၊ မြေပြင်ထက်သို့ ညင်သာစွာ ကျရောက်ပြီး အပိုင်းပိုင်း ကွဲကြေသွားခဲ့ရသည်။

“အပြင်ပန်း သူတော်စင်၊ အတွင်းပိုင်း ဧကရာဇ်…… အပြင်ပန်း သူတော်စင်၊ အတွင်းပိုင်း ဧကရာဇ်…… မင်းက အစွမ်းကုန် တောက်ပနေခဲ့ပြီပဲ……”

ရှူရှန့်က မိမိဘာသာ တိုးညှင်းစွာ ရေရွတ်လိုက်မိရာ၊ သူ၏ လေသံထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သလို၊ ငိုရှိုက်သံ အနည်းငယ်လည်း ရောနှောနေခဲ့ပေသည်။

ဖန့်ချန်သည်လည်း သူက ကရုဏာတံဆိပ်တော်၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်းလား၊ သို့မဟုတ် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ခြင်းကြောင့်လား ဆိုသည်ကို သဲသဲကွဲကွဲ မသိနိုင်တော့ချေ။

“ဘိုးဘေးကြီးတွေက ငါ့ကို မလိမ်ခဲ့ဘူး၊ ငါ့ကို မလိမ်ခဲ့ဘူးကွ ငါတို့ ကရုဏာတောင်ရဲ့ လမ်းစဉ်က၊ အမှန်တကယ်ပဲ 'အပြင်ပန်း သူတော်စင်၊ အတွင်းပိုင်း ဧကရာဇ်' တာအိုလမ်းစဉ်ဆီကို ဆိုက်ရောက်နိုင်တာပဲ။”

“ဒါက ထူးခြားတဲ့ နတ်ဘုရားစွမ်းရည်ပဲကွ ထူးခြားတဲ့ နတ်ဘုရားစွမ်းရည် ”

“ဆရာ…… ကရုဏာတံဆိပ်တော် ရှိသွားတာနဲ့ တင်၊ အပြင်ပန်း သူတော်စင်၊ အတွင်းပိုင်း ဧကရာဇ် ဖြစ်သွားတာလား ”

ဖန့်ချန်က မေးမြန်းလိုက်သည်။

ရှူ

ရှန့်သည် လှိုင်းတံပိုးကဲ့သို့ လှုပ်ခတ်နေသည့် မိမိ၏ စိတ်အာရုံကို တဖြည်းဖြည်းချင်း ဖိနှိပ်ချုပ်ချယ်လိုက်ပြီး၊ မိမိကိုယ်ထက်က နတ်ဘုရားစွမ်းရည်ကို ရုတ်သိမ်းလိုက်တော့၏။ အပြင်လောက၏ ခြိမ်းခြောက်မှု မရှိတော့သောအခါ၊ ကရုဏာတံဆိပ်တော်သည်လည်း နောက်တစ်ကြိမ် မဟာနတ်ဘုရားစွမ်းရည် သုံးခုအဖြစ် ပြန်လည်ကွဲပြားသွားခဲ့ရပြီး၊ မည်သည့် ထူးခြားဆန်းပြားသည့် ဖြစ်စဉ်ကိုမျှ ထုတ်ဖော်ပြသခြင်း မရှိတော့ချေ။

“မှန်တာပေါ့၊ တခြားလူတွေရဲ့ လမ်းစဉ်က ဘယ်လိုလျှောက်လှမ်းရလဲဆိုတာကို ငါမသိသလို၊ သိဖို့လည်း စိတ်မဝင်စားဘူး။”

“ဒါပေမဲ့ ငါတို့ ကရုဏာတောင်ရဲ့ လမ်းစဉ်မှာတော့၊ ကရုဏာတံဆိပ်တော် ဆိုတာ 'အပြင်ပန်း သူတော်စင်၊ အတွင်းပိုင်း ဧကရာဇ်' ရဲ့ သက်သေပြချက်ပဲ။”

“မင်းက အခု ဒီလမ်းစဉ်ထက်ကို တက်လှမ်းနိုင်ခဲ့ပြီ၊ ဒါက ငါတို့ ကရုဏာတောင်ရဲ့ မျိုးဆက်ဆက်က ဆရာတွေအားလုံး တောင့်တခဲ့ကြပေမဲ့ လက်လှမ်းမမီနိုင်ခဲ့ကြတဲ့ လမ်းစဉ်မျိုးပဲ။”

“ဒီဆရာ တကယ့်ကို ရှက်ရွံ့မိပါတယ်၊ အခုအချိန်အထိ၊ ကရုဏာတံဆိပ်တော်ကို စုစည်းနိုင်ခြင်း မရှိသေးဘူး။”

ရှူရှန့်က သက်ပြင်းတစ်ချက် ချလိုက်မိတော့၏။

စကားအဆုံး၌၊ သူသည် ဖန့်ချန်ကို လှမ်းကြည့်လိုက်ရာ၊ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

“မင်း ဆရာ့ကို နည်းနည်းလောက် ပြောပြစမ်းပါဦး၊ ကရုဏာတံဆိပ်တော်ကို ဘယ်လိုမျိုး စုစည်းလိုက်တာလဲ။ ဒါ့အပြင် ဒီထဲမှာ တစ်ခုခု လျှို့ဝှက်ချက် ရှိနေလား။”

" ဘာလျှို့ဝှက်ချက်မှ မရှိဘူးထင်တာပဲ တတိယမြောက် မဟာနတ်ဘုရားစွမ်းရည်ကို နားလည်သဘောပေါက်သွားပြီးတဲ့ နောက်မှာတော့၊ အလိုအလျောက်ပဲ၊ ကရုဏာတံဆိပ်တော်အဖြစ် ပြောင်းလဲသွားတာပါ ”

ဖန့်ချန်က အမှန်အတိုင်းပင် ပြောပြလိုက်၏။

“ဘာလျှို့ဝှက်ချက်မှ မရှိဘူး ဟုတ်လား…… အင်း၊ မျိုးဆက်ဆက်က ဆရာတွေ ပြောခဲ့ကြတာ တကယ်ပဲ မှန်ကန်နေတာပဲ။ ဒီနည်းလမ်းမှာ ဘာဖြတ်လမ်းနည်းမှ ရှိမနေဘူး၊ အောင်မြင်ခြင်းနဲ့ မအောင်မြင်ခြင်းက၊ အားလုံး ကောင်းကင်ရဲ့ အလိုအတိုင်းပဲ……”

ရှူရှန့်က မိမိဘာသာ ရေရွတ်လိုက်မိသည်။

ထို့နောက်တွင်၊ သူသည် ရုတ်တရက် ဖန့်ချန်ကို လှမ်းကြည့်လိုက်ရင်း၊ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

“ဖန့်ချန်…… ရွှေဟွေးကျောင်းတော်က ငါတို့ ကရုဏာတောင်ကို အထင်သေးနေကြတာ မဟုတ်လား။ ငါ့ ကရုဏာတောင်ရဲ့ အမာခံတပည့် ဖြစ်မယ့် လမ်းစဉ်ကို ဖြတ်တောက်ပစ်ချင်နေကြတာ မဟုတ်လား။”

“မင်းက အခု အမာခံတပည့် အဆင့်အတန်းတင် ဘယ်ကမလဲ၊ မင်းက 'အပြင်ပန်း သူတော်စင်၊ အတွင်းပိုင်း ဧကရာဇ်' တာအိုလမ်းစဉ်ထက်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်လို့၊ ငါ့အတွက် ကောင်းကင်ငါးပါးနန်းတော်ထဲမှာ အားရပါးရ သွားပြီး ရိုက်နှက်စမ်းပါ ”

“ခုနစ်ဆောင်နေမင်းခန်းမအထိ ရောက်အောင် ရိုက်နှက်စမ်းကွာ တကယ်လို့ တစ်စုံတစ်ယောက်က မင်းကို အမာခံတပည့် လုပ်ခိုင်းလာခဲ့ရင်၊ မင်း ငါ့အတွက် သူတို့ကို အားရပါးရ ငြင်းပယ်ပစ်လိုက်စမ်း ”

“ငါတို့ ကရုဏာတောင်ရဲ့ လမ်းစဉ်က၊ မင်းရဲ့ အလှည့်ကျမှတော့၊ အကြီးအကျယ် တိုးတက်ပြန့်ပွားလာရတော့မယ် ”

“ခုနစ်ဆောင်နေမင်းကျောင်းတော်ကို အလဲထိုးပစ်ပြီး၊ သမိုင်းတွင်ကျန်ရစ်အောင် လုပ်စမ်းကွာ ”

“ဆရာ…… ကျွန်တော်တို့တွေ အေးအေးဆေးဆေး နေဖို့ မလိုဘူးလား”

ဖန့်ချန်က အံ့ဩမှင်သက်စွာဖြင့် မေးမြန်းလိုက်၏။

“အေးအေးဆေးဆေး နေတယ်ဆိုတာ ဘာလဲ။ ငါတို့ ကရုဏာတောင်က ဘယ်တုန်းကများ အေးအေးဆေးဆေး နေခဲ့ဖူးလို့လဲ။ အဲဒါက စွမ်းအားမရှိတဲ့သူတွေ ရှာကြံတဲ့ ဆင်ခြေသက်သက်ပဲ”

“ကျန်းတောက်ယွဲ့တို့ အုပ်စုကတော့ အေးအေးဆေးဆေး နေဖို့ လိုအပ်ဦးမှာ ဖြစ်ပေမဲ့၊ မင်းအတွက်တော့ မလိုဘူး။ မင်းက သူတို့နဲ့ မတူဘူး၊ မင်းက အခု ငါ့ရဲ့ မျက်နှာပန်းပဲ၊ စိတ်ကြိုက်သာ သွားပြီး ချစမ်းပါ။”

“တစ်ခုခု ပြဿနာဖြစ်လာခဲ့ရင်လည်း၊ ငါတို့ ကရုဏာတောင်က အားလုံးကို တာဝန်ယူဖြေရှင်းပေးနိုင်တယ်။”

“အခုလက်ရှိ ကရုဏာတောင်မှာ အင်အားနည်းနည်းပဲ ရှိနေပြီး၊ ဒီဆရာကိုယ်တိုင်ကလည်း ကမ္ဘာကြီးသူတော်စင် သက်သက်ပဲလို့ မထင်မှတ်လိုက်နဲ့ဦး ”

“ငါတို့ ကရုဏာတောင်ကနေ ထွက်ခွာသွားခဲ့ကြတဲ့ သူတော်စင်တွေကတော့၊ တစ်ယောက်ချင်းစီတိုင်းကလည်း ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ရဲ့ အဓိက ကျောထောက်နောက်ခံတွေချည်းပဲ”

“ပြီးတော့ ကောင်းကင်နိမိတ်ဖြစ်စဥ် တည်ရှိမှုတွေလည်း ရှိသေးတာပဲ၊ တကယ်လို့ တစ်စုံတစ်ယောက်က မင်းကို ရန်ပြုဖို့၊ မင်းကို ပစ်မှတ်ထားဖို့ ရဲလာခဲ့ရင်တော့၊ ငါ မျိုးဆက်ဆက်က ဘိုးဘေးကြီးတွေ အားလုံးကို ဖိတ်ခေါ်ပြီး မင်းအတွက် ကျောထောက်နောက်ခံ ပြုပေးခိုင်းလိုက်မယ် ”

ရွှီရှန့်က ထူးခြားစွာ ရယ်မောလိုက်တော့၏။

ဖန့်ချန်သည် အတွေးနက်သွားခဲ့ရပြီး၊ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားခဲ့ပုံရပေသည်။

ကရုဏာတောင်၏ အလုပ်လုပ်ပုံ လုပ်ထုံးလုပ်နည်း အခြေခံတရားကို၊ သူသည် တဖြည်းဖြည်းချင်း သဲသဲကွဲကွဲ နားလည်သွားခဲ့ပြီ ဖြစ်သည်။

စွမ်းအားမရှိသေးတဲ့ အချိန်မှာတော့၊ အေးအေးဆေးဆေးနဲ့ လူမှုဆက်ဆံရေး လုပ်ရမယ်။

စွမ်းအားက ထူးခြားထက်မြက်လာတဲ့ အချိန်ကျမှတော့၊ ဟိတ်ဟန်အပြည့်နဲ့ အလုပ်ကိစ္စတွေကို လုပ်ဆောင်ရမယ်။

အချုပ်အားဖြင့်ဆိုရသော်၊ ပါးနပ်ထက်မြက်နေရမည် ဖြစ်ပေသည်။

အကျိုးအမြတ်မရှိတဲ့ အလုပ်ကို မလုပ်ဘဲ၊ အကျိုးအမြတ်ရှိတဲ့ အလုပ်ဆိုရင်တော့၊ အကြီးအကျယ်ကို ဇောက်ချလုပ်ကိုင်ရမည် ဖြစ်သည်။

“ဒါပေမဲ့ မင်းရဲ့ ထူးခြားတဲ့နတ်ဘုရားစွမ်းရည်ကတော့၊ အပြင်လောကကို စောစောစီးစီး မပြသသင့်သေးဘူး၊ ဒီအချက်ကတော့ အနည်းငယ် ရှုပ်ထွေးတယ်။ မဟုတ်ရင်တော့…… အရင်ဦးဆုံး အနည်းငယ် ဖုံးကွယ်ထားဦးမလား။ မင်း ကမ္ဘာကြီးသူတော်စင် အဆင့်အတန်း ရောက်တဲ့အထိ စောင့်မလား၊ ဟင့်အင်း မရဘူး၊ ကောင်းကင်နိမိတ်ဖြစ်စဥ် သူတော်စင် အဆင့်အတန်း…… အင်း၊ အထွတ်အထိပ်တာအို သူတော်စင် အဆင့်အတန်း ရောက်မှပဲ၊ တစ်ကမ္ဘာလုံး ကျော်ကြားအောင် လုပ်မလား ”

ရွှီရှန့်က တိုးညှင်းစွာ ရေရွတ်လိုက်မိပြီး၊ စိတ်နှလုံးထဲ၌ အနည်းငယ် တွေဝေတုံ့ဆိုင်းနေခဲ့ပုံရပေသည်။

အချိန်အတော်ကြာအောင် တွေးတောပြီးနောက်၊ သူသည် လက်ကို ဝေ့ယမ်းလိုက်ရင်း -

“ထားလိုက်ပါတော့၊ မင်းဘာသာမင်းပဲ ဆုံးဖြတ်လိုက်တော့ကွာ။ မင်းက ကရုဏာတံဆိပ်တော်ကို စုစည်းနိုင်ခဲ့ပြီ ဖြစ်လို့၊ ငါ ချမှတ်ပေးလိုက်တဲ့ လမ်းစဉ်က မင်းနဲ့ ကိုက်ညီချင်မှ ကိုက်ညီတော့မှာ။ မင်း ဘယ်လိုလျှောက်လှမ်းချင်လဲ၊ အဲဒီအတိုင်းပဲ လျှောက်လှမ်းတော့၊ မင်းရဲ့ နောက်ကွယ်မှာ ကျောထောက်နောက်ခံ တောင်ကြီးတစ်လုံး ရှိနေတယ်ဆိုတာကို မှတ်မိနေဖို့ပဲ လိုအပ်တယ်။”

“ဟုတ်ကဲ့ပါ၊ ဆရာ။”

ဖန့်ချန်က အမိန့်ကို နာခံလိုက်တော့သည်။

All Chapters