← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃)

ပါမောက္ခထန်ဟွားမင် နှင့် သူ၏ အဖော်သုံးဦးသည် လင်းယန်၏ နေအိမ်တွင် ကြာကြာ မနေခဲ့ကြပေ။

အကြောင်းမူကား ထိုသူတို့တွင် သည့်ထက်မက ပိုမိုအရေးကြီးသော ကိစ္စရပ်များ ဆောင်ရွက်ရန် ရှိနေသောကြောင့် ဖြစ်၏။

ထို့ကြောင့် သူတို့၏ အပြန်အလှန် စကားဆိုသံများသည် တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုနေကြသည့် ပရိသတ်များ၏ နားဆီသို့ အတိုင်းသား ရောက်ရှိသွားခဲ့လေပြီ။

“မင်းတို့ သေချာကြားလိုက်ကြလား၊ ဘာပျိုးပင်တွေ၊ ဘာစမ်းသပ်မှုတွေလဲဟ”

“ကြားရုံတင် ဘယ်ကမလဲ၊ ဒါပေမဲ့ အဲဒါက ဒီလွှင့်တဲ့သူနဲ့ ဘာဆိုင်လို့လဲ”

“ဒီပါမောက္ခထန်က လင်းယဆီကနေ စိတ်ကူးရပြီးတော့မှ ဒီပျိုးပင်ကို ဖော်ထုတ်နိုင်ခဲ့တာ မျိုးများလား”

“မင်းတို့အားလုံး ပါမောက္ခထန်ဟွားမင်ကို မသိကြဘူးလား၊ ပါမောက္ခ ထန်ဟွားမင်ဆိုတာ စိုက်ပျိုးရေးလောကမှာ တကယ့်ကို နာမည်ကျော်ကြားတဲ့ ပါမောက္ခကြီးဗျ၊ ကျွန်တော့်ရဲ့ ရည်မှန်းချက်က စိုက်ပျိုးရေးတက္ကသိုလ်ကို တက်ရောက်ပြီး ပါမောက္ခထန်ဟွားမင်ရဲ့ တပည့်ဖြစ်ခွင့်ရဖို့ပဲ”

စိုက်ပျိုးရေးပညာရပ်ဖြင့် လောကအကျိုး သယ်ပိုးလိုသော ကျောင်းသားလူငယ်တစ်ဦးသည် မိမိ၏ ပြင်းပြလှသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက်ကို စိတ်အားထက်သန်စွာဖြင့် မှတ်ချက်ပြုလိုက်ခြင်း ဖြစ်၏။

“အခု စိုက်ပျိုးရေးတက္ကသိုလ်မှာ ကျောင်းသားသစ်တွေ ရောက်နေကြပြီလေ၊ ဒါကြောင့်မို့လည်း အခုတလော ကျောင်းမှာ ပါမောက္ခကြီးကို မတွေ့ရတာ ဆန်းတော့မဆန်းပါဘူး၊ ဒါပေမဲ့ သူက တောင်ပေါ်မြို့လို ဝေးလံခေါင်သီတဲ့ အရပ်ဒေသအထိ ဘာကိစ္စနဲ့ သွားရတာလဲဆိုတာတော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်”

“ဘာစမ်းသပ်မှုမျိုးလဲ၊ ကျောင်းကနေ အဲဒီအကြောင်း ပြောသံကြားဖူးသလိုတောင် မရှိပါဘူး”

“Streamerရေ… တစ်ခုခု ပြောပြပါဦးဗျ၊ အားလုံးက ဒါကို သိချင်လွန်းလို့ ရင်တမမ ဖြစ်နေကြပြီ”

လင်းယန်သည် ၎င်း၏ လည်ချောင်းကို တစ်ချက်မျှ ရှင်းလိုက်ပြီးနောက် ဆိုသည်။

“ဒီကိစ္စကိုတော့ လောလောဆယ် လျှို့ဝှက်ထားရဦးမှာ ဖြစ်ပါတယ်”

“ညီလေးလင်း… ငါလည်း မင်းအိမ်ကို လာရပေါင်းများပြီ”

ဆရာဝန်ချင် သည် ဤအိမ်သို့ အကြိမ်ကြိမ် ရောက်ရှိဖူးသဖြင့် မိမိ၏ အိမ်ကဲ့သို့ တံခါးကို အသာအယာ တွန်းဖွင့်ကာ ဝင်လာခဲ့၏။

ခြံဝင်းအတွင်းရှိ ရွှေလင်းယုန်ငှက်ကြီးအား မြင်၍ ထိုသူသည် အံ့ဩချီးမွမ်းခြင်း အသံဖြင့် နှုတ်ခမ်းအား တသပ်သပ် ပြုလျက် မေးမြန်းသည်။

“မင်းက ရွှေလင်းယုန်ငှက်ကိုတောင် ဘယ်လိုနည်းနဲ့ ဆွဲဆောင်လိုက်တာလဲ”

လင်းယန်သည်လည်း မိမိတွင် အပြစ်မရှိကြောင်း ပြသသည့်အနေဖြင့် ပြန်လည် ဖြေကြားလိုက်၏။

“ကျွန်တော် သူတို့ကို ဖိတ်ခေါ်ခဲ့တာ မဟုတ်ပါဘူး၊ သူတို့က ကျွန်တော်တို့ရဲ့ ငန်းဖြူကြီးနဲ့ သွေးသောက်ညီအစ်ကိုတွေလို ဖြစ်နေကြလို့ပါ၊ သူတို့ရဲ့ ညီအိမ်ကို အလည်လာတာ ဘာများ မှားလို့လဲခင်ဗျာ”

ဆရာဝန်ချင် သည် မြေပြင်ပေါ်ရှိ တရုတ်ဘဲစစ်စစ် နှင့် တောရိုင်းကြက်တို့အား လက်ညှိုးညွှန်ပြကာ ဆိုသည်။

“ဒီငှက်နှစ်ကောင်ကလည်း မင်းအိမ်ကို အလည်လာတဲ့သူတွေ ပေးခဲ့တဲ့ လက်ဆောင်တွေလို့တော့ ငါ့ကို မပြောနဲ့ဦးနော်”

လင်းယန်သည် ထုံးစံအတိုင်း ပုံမှန်အတိုင်း တုံ့ပြန်ပြောဆို၏။

“ဒါဖြင့်ရင် သူတို့က လက်ဗလာနဲ့ လာရမှာလားခင်ဗျာ”

“ညီလေးလင်း… ဒီသတ္တဝါနှစ်ကောင်လုံးက တရုတ်နိုင်ငံရဲ့ ပထမတန်းစား ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်တွေဆိုတာ မင်းသိရဲ့လား၊ အထူးသဖြင့် ဒီတောကြက်မောက်တိုဆိုရင် မျိုးသုဉ်းလုနီးပါး ဖြစ်နေတဲ့ မျိုးစိတ်ပဲ”

“ကျွန်တော်လည်း ဘာတတ်နိုင်မှာလဲ၊ ကျွန်တော်က လက်ဆောင်တွေကို လက်မခံပါဘူးဆိုတာတောင် သူတို့က အတင်းအကျပ် ပေးနေကြတာကို မတားနိုင်ဘူးလေ”

ဆရာဝန် ချင်သည် သက်ပြင်းတစ်ချက်ကို မသိမသာ ချလိုက်မိရင်း ဆိုသည်။

“မင်းက သတ္တဝါတွေကြားထဲမှာ ဒီလောက် ရေပန်းစားနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး၊ တကယ်လို့သာ ဒီသတ္တဝါတွေက လူသားအသွင်ကို ပြောင်းလဲနိုင်ကြမယ်ဆိုရင် သူတို့အားလုံး မင်းကိုပဲ လက်ထပ်ချင်ကြမှာ သေချာတယ်၊ အဲဒီအခါကျရင် မင်းက ဘယ်ဘက် တစ်ယောက်၊ ညာဘက်မှာ တစ်ယောက် သတို့သမီးလေးတွေ ဝန်းရံနေတော့မှာပေါ့”

ဆရာဝန်ချင် သည် ထိုသို့သော စကားလုံးများအား ပေါ့ပေါ့ပါးပါးပင် ပြောဆိုနေသည်ကို ကြည့်ရှုရင်း လင်းယန်၏ နှုတ်ခမ်းများ တုန်လှုပ်သွားရ၏။

ဤမျှလောက် တည်ငြိမ်အေးဆေးပုံရသော ဆရာဝန်ချင် သည် အဘယ်ကြောင့် လမ်းဘေးလူမိုက်တစ်ဦးကဲ့သို့ စကားကို လက်လွတ်စပယ် ပြောဆိုနေရသည်ကို ၎င်းအနေဖြင့် စဉ်းစား၍ မရနိုင်ပေ။

“ကျွန်တော်ကတော့ အဲဒီလို စည်းစိမ်ကို မခံစားချင်ပါဘူး၊ တကယ်လို့ သူတို့သာ လူသားအသွင် ပြောင်းလဲနိုင်မယ်ဆိုရင် ဆရာဝန်ချင် ဆီကိုပဲ သွားခိုင်းလိုက်ပါ့မယ်”

ဆရာဝန် ချင်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ ဆိုသည်။

“ဒါဆိုရင်တော့ ငါ့စိတ်ကြိုက်ပဲပေါ့၊ ရှေးပဝေသဏီကတည်းက လူသားအသွင် ပြောင်းလဲနိုင်တဲ့ မိစ္ဆာသတ္တဝါတွေက သိပ်ကို လှပကြတာ မဟုတ်လား၊ တီဗီဒရမ်မာ ဇာတ်လမ်းတွဲတွေထဲမှာ အမြဲတမ်း အဲဒီလိုပဲ ပြကြတာပါပဲ”

လင်းယန်မှာ တစ်ဖန် ဆွံ့အသွားကာ ခဏမျှ တိတ်ဆိတ်သွား၏။

ဆရာဝန်ချ င်သည် မိမိ၏ အားလပ်ချိန်များတွင် ဝတ္ထုများ ဖတ်ခြင်းနှင့် တီဗီဇာတ်လမ်းတွဲများ ကြည့်ရှုခြင်းဖြင့်သာ အချိန်ကုန်လွန်စေသလားဟု သံသယဝင်မိသည်။

သို့မဟုတ်ပါက ထိုမျှလောက် စိတ်ကူးယဉ် အတတ်ပညာတွင် မည်သို့လျှင် ကျွမ်းကျင်နေပါအံ့နည်း။

“မင်း မသိပါဘူး… ညွှန်ကြားရေးမှူး လီက ဒီအကြောင်းကို ကြားကြားချင်းပဲ ငါ့ကို ချက်ချင်း လွှတ်လိုက်တာ၊ ငါ အဲဒီအချိန်မှာ ပါတီပွဲတစ်ခုကို တက်နေတာကိုတောင် သူက လုံးဝ ထည့်မတွက်ဘူး၊ သူတို့က ပြောသေးတယ်၊ တကယ်လို့ တောရိုင်းကြက် ဒါမှမဟုတ် တရုတ်ဘဲစစ်စစ် တစ်ခုခု ဖြစ်သွားရင် ငါ့အပြစ်တဲ့၊ မင်း စဉ်းစားကြည့်စမ်း… ငါ့မှာ မတရားခံရတယ်လို့ မထင်ဘူးလား”

ဆရာဝန်ချင် သည် သနားစဖွယ် မျက်နှာထားဖြင့် ညည်းတွားရှာ၏။

လင်းယန်သည် ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်သော်လည်း အခြားသော ဝန်ထမ်းများကို မတွေ့ရသဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့ ဆရာဝန် တစ်ယောက်တည်း လာတာလဲ၊ တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ယောက်တည်းနဲ့ ဒီကိစ္စကို ကိုင်တွယ်နိုင်ပါ့မလား”

ဆရာဝန် ချင်သည် မိမိလက်ထဲမှ ဆိုင်ကယ်သော့အား အသာအယာ မြှောက်ပြလိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောသည်။

“ဒါပေါ့… ငါတစ်ယောက်တည်း ဘယ်ကလိမ့်မလဲ၊ ဒီတစ်ကြိမ်မှာ သစ်တောရဲတပ်ဖွဲ့ပါ လိုက်လာကြတာ၊ ခဏပဲ စောင့်လိုက်… အဲဒီလူတွေ ငါတို့နောက်မှာ ရှိနေသေးတယ်၊ လေးဘီးတပ် ကားတွေက ငါ့လို နှစ်ဘီးတပ် ဆိုင်ကယ်ကို မီအောင် မမောင်းနိုင်ကြဘူးလေ”

၎င်းတို့၏ အနီးတွင် ရပ်နေသော ယန်အာဟူသည် တုန်လှုပ်ချောက်ချားသွားဟန်ဖြင့် မေးလိုက်၏။

“မင်း လမ်းတစ်လျှောက်လုံး အရှိန်ကုန် မောင်းလာတာတော့ မဟုတ်ပါဘူးနော်”

ဆရာဝန် ချင်သည် ဖျားနာနေသော တောရိုင်းကြက်အား စစ်ဆေးရန် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ ပြော၏။

“ဘာလို့ အသားကုန် မောင်းရမှာလဲ၊ ငါ ချင် ဆိုတဲ့ ဆရာဝန်က လမ်းစည်းကမ်းတွေကို အလေးစားဆုံး နိုင်ငံသားကောင်းတစ်ယောက်ပါဗျ၊ ဒီတောရိုင်းကြက်က တော်တော်လေးကို ထိတ်လန့် ခြောက်ခြားနေတဲ့ ပုံပဲ”

လင်းယန်သည်လည်း သနားကရုဏာ သက်ရောက်စွာဖြင့် ဆိုသည်။

“တောရိုင်းကြက်တွေက တကယ်တော့ သတ္တိရှိကြပါတယ် ဆရာ၊ သူတို့က ဒေါသကြီးပြီး တိုက်ခိုက်ရတာကို ဝါသနာပါကြတာ၊ ဒါပေမဲ့ ဒါက ရန်သူနဲ့ တွေ့တဲ့အခါတော့ ဟုတ်မှာပေါ့… ရွှေလင်းယုန်နဲ့ တွေ့တဲ့အခါမျိုးမှာတော့ ဘယ်ဟုတ်ပါ့မလဲ၊ ဘယ်သူပဲဖြစ်ဖြစ် ရွှေလင်းယုန်ရဲ့ ဖမ်းတာခံရပြီး ကောင်းကင်ယံမှာ အဲဒီမျှလောက် ကြာအောင် ပျံသန်းခဲ့ရရင် ဘယ်မှာ လန်းလန်းဆန်းဆန်း ရှိနိုင်တော့မလဲ ဟုတ်တယ်မလား”

ဆရာဝန် ချင်သည် ထိုစကားကို ကြားလျှင် ဟက်ဟက်ပက်ပက် ရယ်မောလေတော့သည်။

မကြာမီ အချိန်အတွင်းမှာပင် သစ်တောရဲတပ်ဖွဲ့နှင့် သစ်တောရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် အခင်းဖြစ်ပွားရာ နေရာသို့ လျင်မြန်စွာ ရောက်ရှိလာကြ၏။

၎င်းတို့သည် ကြိုတင် ပြင်ဆင်လာသော သံလှောင်အိမ်များကို ထုတ်ယူ၍ တရုတ်ဘဲစစ်စစ်နှင့် တောရိုင်းကြက်တို့ကို သီးခြားစီ ထည့်သွင်းကြသည်။

သို့ရာတွင် ရွှေလင်းယုန်ငှက်ကြီးနှင့် ပတ်သက်၍မူ ၎င်းတို့အားလုံး အကြံအိုက်နေကြ၏။

အဘယ်ကြောင့်ဆိုသော် ထိုငှက်ကြီးမှာ အလွန်တရာ ကြီးမားသဖြင့် အတင်းအကျပ် ဖမ်းဆီးရန် ကြိုးပမ်းပါက အောင်မြင်နိုင်ခြေ အလွန်နည်းပါးသောကြောင့် ဖြစ်သည်။

ရွှေလင်းယုန်ငှက်ကြီးသည် ခြံဝင်းအတွင်း၌ အဘယ်ကြောင့် လူအများအပြား ရောက်ရှိနေသည်ကို လုံးဝ နားမလည်ပေ။ ယခုအခါတွင် ၎င်းသည် ရေကို ဝလင်စွာ သောက်သုံးထားပြီး ဖြစ်သဖြင့် အလွန်ပင် စိတ်ကျေနပ်လျက် ရှိနေ၏။

လင်းယန်သည် လူတိုင်း ခက်ခဲနေသည်ကို သတိပြုမိသဖြင့် ရွှေလင်းယုန်ငှက်ကြီးထံသို့ ကိုယ်တိုင် ကိုယ်ကျ လျှောက်လှမ်းသွားပြီးလျှင် ဆို၏။

“ဒီလူတွေက မင်းကို ခရီးတစ်ခု ခေါ်သွားဖို့ လာကြတာ၊ မင်း အခြားနေရာတွေကို သွားပြီး မကြည့်ချင်ဘူးလား၊ အဲဒီမှာဆိုရင် ဒီထက်မက ပိုပြီး အရသာရှိတဲ့ သားကောင်တွေ ရှိနိုင်တယ်နော်”

ရွှေလင်းယုန်ငှက်ကြီးသည် ထိုစကားကို ကြားရလျှင် မျက်လုံးများ အရောင်တောက်သွားကာ အော်မြည်သည်။

“ကျိ… ကျိ…”

‘ငါ့ရဲ့ ညီလေးကိုလည်း တစ်ပါတည်း ခေါ်သွားမယ်၊ ငါနဲ့ ငါ့ညီလေးနဲ့ လောကကြီးကို အတူတူ လှည့်လည် ကြည့်ရှုကြမယ်’

လင်းယန်သည်လည်း ဂရုမစိုက်ဟန်ဖြင့် ဆို၏။

“ကောင်းပြီ… ကောင်းပြီ… မင်း အရင်သွားနှင့်၊ မင်းရဲ့ ညီလေးကလည်း မကြာခင် ရောက်လာလိမ့်မယ်၊ ငါ သူ့ကို အိမ်ထဲခေါ်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပေးလိုက်ဦးမယ်၊ လှောင်အိမ်ထဲကိုသာ ဝင်လိုက်ပါ… ဒီလူတွေက မင်းကို ပိုပြီး ကျယ်ပြောတဲ့ ကမ္ဘာကြီးဆီ ခေါ်သွားကြလိမ့်မယ်”

ရွှေလင်းယုန်ငှက်ကြီးသည် လင်းယန်၏ စကားကို အပြည့်အဝ ယုံကြည်သွားသဖြင့် လင်းယန် ဖွင့်လှစ်ပေးထားသော လှောင်အိမ်အတွင်းသို့ အသာအယာ လှည့်လည် ဝင်ရောက်သွားသည်။

“ကျိ… ကျိ…”

‘ညီလေး… ငါ အရင်သွားနှင့်ပြီနော်… မင်းလည်း အမှီလိုက်ခဲ့ဦး’

ငန်းဖြူကြီးသည်လည်း ၎င်း၏ ခေါင်းကို အပြင်းအထန် ညိတ်ပြလျက် ပြန်လည်အော်မြည်သည်။

“ဂါး… ဂါး… ဂါး…”

“ငါ့ကို စောင့်နေပါဦး အစ်ကိုကြီး… ငါ လာရှာပါ့မယ်၊ ငါနဲ့ ငါ့အစ်ကိုကြီးနဲ့ ဘယ်တော့မှ အကြာကြီး ခွဲမနေနိုင်ဘူး၊ အစ်ကိုကြီး… ငါ့ကို သေချာပေါက် စောင့်နေရမယ်နော်”

လင်းရန်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်မိ၍ ထိုမြင်ကွင်းအား ဆက်၍ မကြည့်လိုတော့ချေ။

အဘယ်ကြောင့်ဆိုသော် ဤတိရစ္ဆာန်ငယ်လေးများ၏ စကားကို ၎င်းတစ်ဦးတည်းကသာ နားလည်နေရသောကြောင့် ဖြစ်၏။ ထိုသတ္တဝါများ နေ့စဉ်နှင့်အမျှ ဆူညံစွာ အော်မြည်နေကြသည်ကို ကြားရသည်မှာ ၎င်းအတွက် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ရသည်။

သို့သော်လည်း ယခုအခါတွင်မူ ဒုက္ခပေးတတ်သော ဤဘိုးတော်ကြီးကို အောင်မြင်စွာ နှင်ထုတ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် စိတ်အေးသွားရ၏။

ထိုငှက်ကြီးသည် နောက်ထပ် တစ်ဖန် ထူးဆန်းသော အရာများကို ယူဆောင်လာဦးမည်လားဟု စိုးရိမ်ပူပန်နေရသည့် ဘေးမှ ကင်းဝေးသွားခဲ့ပြီ ဖြစ်သည်။

လင်းယန်သည် သက်ပြင်းအသာ ချနိုင်ခဲ့သော်လည်း ငန်းဖြူကြီးမှာမူ ခရီးထွက်ရန် အဆင်သင့် ဖြစ်နေသည့် အသွင်ဖြင့် အော်မြည်၏။

“ဂါး… ဂါး… ဂါး”

‘သခင်… ငါ အဆင်သင့် ဖြစ်နေပြီ၊ ငါတို့ အစ်ကိုကြီးကို ဘယ်တော့ သွားရှာကြမှာလဲ၊ ငါနဲ့ ငါ့အစ်ကိုကြီးနဲ့ ခဏလေးတောင် ခွဲမနေနိုင်ဘူး’

လင်းယန်သည် စိတ်အနှောင့်အယှက် ဖြစ်သွားသဖြင့် ၎င်း၏ ခေါင်းတစ်ချက်မျှ ရိုက်နှက်လိုက်ကာ သစ်တောရေးရာ ဦးစီးဌာနနှင့် သစ်တောရဲတပ်ဖွဲ့၏ ကားများ ဝေးရာသို့ မောင်းနှင်သွားသည်ကို အတည်ပြုပြီးမှသာ ပြော၏။

“သွားရှာရမှာပေါ့… မင်းကလွဲလို့ အခြားသူ ရှိဦးမလား၊ နောက်ထပ် မင်း ကယောင်ကတမ်းတွေ အော်နေဦးမယ်ဆိုရင် ငါ မင်းကို သံအိုးကြီးထဲထည့်ပြီး ငန်းစွပ်ပြုတ် လုပ်ပစ်မယ်၊ နောင်ကို အဲဒီလို မရိုးသားတဲ့ မိတ်ဆွေတွေကို အိမ်ကို ဘယ်တော့မှ ခေါ်မလာခဲ့နဲ့၊ မင်းက ငါ့ကို ထောင်ထဲ မပို့ရရင် မကျေနပ်နိုင်ဘူး ဖြစ်နေတာလား”

ငန်းဖြူကြီးသည် မိမိ၏ သခင်က လှည့်စားလိုက်ကြောင်း သိရှိသွားသောအခါ အလွန်တရာ ထိတ်လန့်သွားပြီး နှလုံးကြေကွဲသွားဟန်ဖြင့် အော်မြည်သည်။

“ဂါး… ဂါး… ဂါး”

‘သခင်… ငါက သခင်ကို ဒီလောက် ယုံကြည်ခဲ့တာကို… သခင်က ငါ့ကို ဘယ်လိုဖြစ်လို့ လိမ်ညာရက်ရတာလဲ၊ အို… သခင်က တကယ့်ကို နှလုံးသား မရှိတဲ့သူပဲ၊ ဘာဖြစ်လို့ ငါနဲ့ ငါ့အစ်ကိုကြီးကို ခွဲပစ်ရတာလဲ’

လင်းရန်သည် ၎င်းအား နှစ်မီတာခန့် ဝေးကွာသော နေရာသို့ ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရင်း မောင်းထုတ်လေသည်။

“မင်း ငါ့အနားကို ထပ်လာပြီး ငိုချင်းချနေဦးမယ်ဆိုရင် နောက်အပတ်ကစပြီး မင်းရဲ့ အစာ လျှော့ကျွေးမယ်၊ အော်… ဒါနဲ့… မင်းသာ နောက်တစ်ခါ အိမ်ကနေ ထွက်ပြေးဖို့ ကြံရွယ်ဦးမယ်ဆိုရင် ဒီအိမ်ကို ပြန်လာဖို့ လုံးဝ စဉ်းစားမနေနဲ့တော့”

ထိုစကားကို ကြားရ၍ ငန်းဖြူကြီးသည် ချက်ချင်းပင် ညှိုးသွားရရှာလေတော့သည်။

အခန်း (၇၄)

ဒေါက်တာချင်သည် လင်းယန်၏ ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖြေရှင်းပုံကို ကြည့်ရှု၍ ထိုခြေကန်ချက်သည် မိမိထံသို့ ရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် အကြည့်ကို လွှဲဖယ်လိုက်သည်။

“အခြားကိစ္စမရှိလျှင် ငါ အခု ပြန်တော့မည်၊ နောင်ကို ငါ အနားယူနေတဲ့ အချိန်တွေမှာ ပြဿနာ လာမရှာကြနဲ့ဦး”

ဒေါက်တာချင်၏ လေသံတွင် မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များ ဖြင့်ဆိုသည်။

“ဒီလိုသာ ဆက်ဖြစ်နေရင် ငါ ဘယ်လိုလုပ် ရည်းစားရနိုင်တော့မှာလဲ”

“ခဏလောက် စောင့်ပါဦး ဒေါက်တာချင်၊ အမှန်တော့ ကျွန်တော့်ကို ကိစ္စတစ်ခုလောက် ကူညီပေးပါအုံး”

လင်းယန်သည် မိမိ၏ နောက်ဖေးခြံထဲမှ ဝက်အကြောင်းကို ရုတ်တရက် သတိရသွားကာ ပြောသည်။

“ကျွန်တော့်မှာ ဝက်သုံးကောင် ရှိတယ်မဟုတ်လား၊ အဲဒီထဲက တစ်ကောင်က ရုတ်တရက်ကြီး အစာမစားတော့ဘဲ အစာမဝင်တဲ့ ရောဂါဖြစ်နေသလိုပဲ၊ ဘာဖြစ်တာလဲဆိုတာကို ကြည့်ပေးပါဦး၊ ဒီအတိုင်း ဆက်ထားလို့တော့ မဖြစ်ဘူး၊ အစာငတ်ပြီး ပိန်လှီသွားရင် ကျွန်တော် ဘယ်လိုလုပ် ပိုက်ဆံရှာရတော့မှာလဲ”

ဒေါက်တာချင်သည် သက်ပြင်းချရင်း မိမိ၏ ဆေးသေတ္တာအား ကောက်ကိုင်လိုက်၍ ညည်တွားလေသည်။

“ငါ အတိတ်ဘဝက မင်းအပေါ် အကြွေးတစ်ခုခု တင်ခဲ့ဖူးတာ နေမှာပါ၊ ဒါမှမဟုတ်ရင် ငါ့ဘဝတစ်သက်တာလုံး မင်းအတွက် ကျေးကျွန်တစ်ယောက်လို ဘာလို့ အလုပ်အကျွေး ပြုနေရမှာလဲ”

လင်းယန်သည် ရန်အာဟူအား မျက်စိတစ်မှိတ်ပြကာ ဆိုသည်။

“မင်း ဒေါက်တာချင်အတွက် ရေတစ်ခွက် သွားမခပ်ပေးဘူးလား၊ သူ ဒီလောက်အချိန်အကြာကြီး အလုပ်ရှုပ်နေတာကို မမြင်ဘူးလား”

ရန်အာဟူသည် ဖုန်းကို ကိုင်ထားဆဲဖြစ်သည်ကို မြင်လျှင် ရှုလီသည် ချက်ချင်းပင် ထိုအလုပ်ကို ဝတ္တရားတစ်ခုလို ကူညီလုပ်ဆောင်ပေးလေသည်။

ရန်အာဟူသည် စိတ်မလုံမလဲဖြင့် ပြောသည်။

“ကျေးဇူးပဲ”

ရှုလီသည် အေးစက်စွာ နှာခေါင်းရှုံ၍ ပြန်ပြောသည်။

“ရှင့်ကို ကူညီပေးတာမဟုတ်ဘူး၊ လင်းယန်အတွက် လုပ်ပေးရင်းနဲ့ တစ်ပါတည်း လုပ်ပေးလိုက်တာ”

ရေအေးအေး တစ်ခွက်ကြီးကို သောက်ပြီးနောက် ဒေါက်တာချင်သည် ဝက်ခြံထဲတွင် မှိန်းနေသော ဝက်မလေးအား လှမ်းကြည့်သည်။

ထိုစဉ် တောဝက်ဘုရင်သည် အမြီး တရမ်းရမ်းဖြင့် ထိုဝက်မလေးအနားသို့ တိုးကပ်သွားသော်လည်း မထင်မှတ်ဘဲ အနားသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အခြားတိရစ္ဆာန်သည် တောဝက်ဘုရင်၏ မျက်နှာကို ဆောင့်ကန်လိုက်သည်။

တောဝက်ဘုရင်သည် ကြောင်တောင်တောင်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေမိသည်။

“ဘယ်သူလဲ၊ ဘယ်နေရာလဲ၊ ခုနက ဘာဖြစ်သွားတာလဲ”

မိမိသည် အစွမ်းထက်လှသော တောဝက်တို့၏ အရှင်သခင် ဘုရင်ကြီး ဖြစ်သည်မဟုတ်လော။

မိမိသည် အိမ်မွေးဝက်မတစ်ကောင်၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသည်လော။

တောဝက်ဘုရင်သည် ဒေါသတကြီး ရန်မူရန် ပြင်ဆင်လိုက်သော်လည်း ထိုဝက်မလေး၏ ခက်ထန်လှသော အကြည့်နှင့် ဆုံမိသောအခါ ရုတ်တရက် လန့်ဖျန့်သွားကာ နောက်သို့ နှစ်လှမ်းမျှ ဆုတ်ခွာသွားလေသည်။

Liveကြည့်နေသောပရိသတ်များသည် ဤမြင်ကွင်းကို မြင်သောအခါ မရယ်ဘဲ မနေနိုင်ကြတော့ပေ။

“မဟုတ်မှလွဲရော... ဒါ ငါတို့ ပြီးခဲ့တဲ့ရက်က မြင်ခဲ့တဲ့ တောဝက်ဘုရင် ဟုတ်ရဲ့လား”

“အကောင်ချင်း လဲလိုက်တာများလား၊ ဒါက အရင်ပုံစံနဲ့ လုံးဝမတူတော့ဘူး၊ မဟုတ်ဘူး... အတိအကျ ပြောရရင် ရုပ်ချင်းတူပေမဲ့ အရင်ကလို ခက်ထန်တဲ့ အသွင်အပြင်မျိုး လုံးဝမရှိတော့ဘူး”

“ဒုတိယနောင်တော်က ဘာလို့ ဒီလောက်တောင် ကြောက်တတ်နေရတာလဲ၊ မင်းက အစွမ်းထက်တဲ့ တောဝက်ဘုရင်ပဲ၊ အိမ်မွေးဝက်တစ်ကောင်ကိုတော့ မကြောက်သင့်ဘူး မဟုတ်လား”

ဤအခြေအနေသည် ဒေါက်တာချင်အား တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသည်။ဤမြင်ကွင်းကို မြင်သောအခါ သူ၏စိတ်ထဲ၌ အတွေးတစ်ခုလျှပ်ခနဲဝင်သွားသည်။

ထိုတွေးဆချက်ကို အတည်ပြုရန်အတွက် သူသည် အကာအကွယ်ဝတ်စုံ ဝတ်ဆင်ကာ ဝက်ခြံထဲသို့ ဝင်ရောက်၍ ဝက်မလေး၏ ဝမ်းဗိုက်အား လက်ဖြင့် စမ်းသပ်ကြည့်လေသည်။

ထို့နောက် တည်ကြည်သော မျက်နှာထားဖြင့် လင်းယန်အား ကြည့်ကာ ဆိုသည်။

“မင်းရဲ့ဝက်က ကိုယ်ဝန်ရှိနေပြီ ထင်တယ်”

“ဗျာ”

လင်းယန်သည် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကာ မေးမြန်းသည်။

“ဆရာ နောက်နေတာလား၊ အဖြူလေးမှာ ကိုယ်ဝန်ရှိနေပြီလို့ ပြောတာလား”

ပြစ်မှုကျူးလွန်သူ တရားခံဖြစ်သော တောဝက်ဘုရင်မှာမူ ဘာမှမသိနားမလည်သည့်အလား အမြီးကို အပြစ်ကင်းစင်စွာ ရမ်းနေဆဲ ဖြစ်လေသည်။

“ဒါ အမှန်ဖြစ်ဖို့ များပါတယ်၊ အစာမစားချင်တာကလည်း ကိုယ်ဝန်ရှိနေတဲ့ဒဏ်ကြောင့်ပဲ၊ မယုံရင်လည်း စစ်ဆေးမှုတစ်ခု လုပ်ကြည့်လို့ရတယ်”

လင်းယန်က ခေါင်းခါယမ်းလျက် ဆိုသည်။

“ဆရာက နာမည်ကြီး ဒေါက်တာချင်ပဲ၊ စစ်ဆေးနေဖို့ ဘာလိုဦးမှာလဲ”

တိရစ္ဆာန်ကိုဆေးကုသရာတွင်ဖြစ်စေ၊ လူသားကိုကုသရာတွင်ဖြစ်စေ ကျွမ်းကျင်သော ဆရာဝန်များသည် လက်ဖြင့် ပွတ်သပ်စမ်းသပ်ခြင်း မပြုဘဲ အကြည့်မျှဖြင့်ပင် ကိုယ်ဝန်ရှိ၊ မရှိကို ခွဲခြားသိမြင်နိုင်ကြသည် မဟုတ်လော။

ဒေါက်တာချင်သည် ဤသို့ ပြောကြားခဲ့သဖြင့် သူ၏ ဝက်မလေးတွင် ကိုယ်ဝန်ရှိနေပြီဟူသောအချက်မှာ အလွန် သေချာသလောက် ရှိနေပြီ ဖြစ်သည်။

လင်းယန်သည် တောဝက်ဘုရင်အား ဒေါသတကြီး စိုက်ကြည့်ကာ ဆိုသည်။

“မင်းလို ကောင်စုတ်လေးက ငါ့ကို အမြတ်ထုတ်ဖို့ ကြိုးစားနေတာပဲ၊ ငါက မင်းကို အစာကောင်းကောင်းကျွေး၊ ဆေးကုပေးထားတာကို မင်းက ငါ့ရဲ့ဂေါ်ဖီထုပ်ကို လာခိုးစားတယ်ပေါ့လေ”

ရန်အာဟူသည် ဤစကား ကြားသောအခါ ချောင်းတစ်ချက်ဟန့်လျက် ထောက်ပြသည်။

“အဟမ်း... သူဌေး၊ အဲဒါက နည်းနည်းတော့ လွန်သွားပြီ၊ ကျွန်တော်တို့ မွေးတာ ဝက်တွေလေ၊ ဂေါ်ဖီထုပ်တွေ မဟုတ်ဘူး”

လင်းယန်သည် အေးစက်စွာ နှာခေါင်းရှုံ့လျက် ဆိုသည်။

“ဘာလို့ မဟုတ်ရမှာလဲ၊ ဒီဝက်တွေကို အကောင်ပေါက်လေးတွေ ဘဝကတည်းက ငါဝယ်ပြီး သေချာ ဂရုစိုက်မွေးခဲ့တာ၊ တောဝက်တစ်ကောင်က လာပြီး ဖျက်ဆီးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး”

အင်တာနက် အသုံးပြုသူများသည် အူလှိုက်သည်းလှိုက် ရယ်မောကြသည်။

“ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်၊ စတွင်မာ ရဲ့ ရုပ်က တကယ့်ကို သူကိုယ်တိုင် စိုက်ထားတဲ့ ဂေါ်ဖီထုပ်ကို ဝက်စားသွားတဲ့ ရုပ်မျိုးပဲ”

“ဝက်တစ်ကောင်ရဲ့ အမြတ်ထုတ်ခြင်းကို ခံလိုက်ရတာ မဟုတ်ဘူးလား၊ အဲဒါကလည်း တောဝက်ဘုရင် ဖြစ်နေသေးတယ်”

“ဒါနဲ့ အမှန်အတိုင်း ပြောရရင် အိမ်မွေးဝက်နဲ့ တောဝက် မျိုးစပ်လိုက်ရင် ဘယ်လိုဝက်မျိုး ထွက်လာမလဲဆိုတာ ငါ တကယ် စိတ်ဝင်စားမိတယ်”

“သာမန်ဝက်တွေနဲ့တော့ ကွာခြားလိမ့်မယ် မထင်ဘူး၊ ငါတို့ဒေသမှာတော့ ဒီလိုမျိုးစပ်ဝက်သားကို သီးသန့်ရောင်းတဲ့ နေရာတွေရှိတယ်၊ မျိုးစပ်အောင်မြင်ဖို့ နှုန်းက အလွန်နည်းတာမို့ မျိုးစပ်ဝက်သားက အရမ်းဈေးကြီးတယ်လို့ ကြားဖူးတယ်”

“ဒီလို အဆိုလည်း ရှိသေးတာလား၊ ငါတော့ ဗဟုသုတအသစ် ရသွားပြီ”

လင်းယန်၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ကာ ဒေါက်တာချင်သည် ဆိုသည်။

“အမှန်တော့ ဒါက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး၊ အိမ်မွေးဝက်နဲ့ တောဝက်ရဲ့ မျိုးဆက်က နှစ်ကောင်စလုံးရဲ့ အားသာချက်တွေကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားတဲ့ သားကောင်းတွေ ဖြစ်လာနိုင်တယ်၊ အဲဒီအချိန်ကျရင် မင်း ပိုပြီး ဈေးကောင်းကောင်းနဲ့ ရောင်းလို့ရတာပေါ့”

လင်းယန်သည် ထိုစကားကြောင့် အံ့အားသင့်သွားကာ မေးမြန်းသည်။

“ဆရာ ပြောတာ ဘာအဓိပ္ပာယ်လဲ”

“မင်း တောဝက်သား စားဖူးသလား”

ဒေါက်တာချင်သည် ပြန်လည် မေးခွန်းထုတ်လေသည်။

လင်းယန်က ခေါင်းညိတ်လျက် ဖြေသည်။

“ဒါပေါ့... စားဖူးတာပေါ့”

သူ ငယ်စဉ်အခါက တောဝက်များသည် ကာကွယ်စောင့်ရှောက်ထားသည့် တိရစ္ဆာန်များ မဟုတ်ကြသေးသဖြင့် ပတ်ဝန်းကျင်ကျေးရွာများမှ လူများသည် တောဝက်များကို မကြာခဏ အမဲလိုက်လေ့ ရှိကြသည်။

တောဝက်သားသည် အသားအနည်းငယ် မာကြော၍ အမျှင်ကြမ်းသော်လည်း ၎င်း၌ ထူးခြားသော လတ်ဆတ်သည့် အနံ့ ရှိကာ ဝါးရသည်မှာ အလွန် အရသာရှိလှသည်။

လင်းယန်သည် ထိုအရသာကို အတော်ပင် နှစ်သက်ခဲ့ဖူးသည်။

၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် သာမန်ဝက်သားသည် ပိုမိုနူးညံ့သော်လည်း အနည်းငယ် ညှီစို့စို့ အနံ့ ရှိတတ်သည်။

“ဒါဆိုရင် မင်း သိမှာပေါ့၊ တောဝက်သားရဲ့ အားနည်းချက်က အသားမျှင်ကြမ်းတာဖြစ်ပြီး အိမ်မွေးဝက်သားကတော့ နူးညံ့တယ်၊ မျိုးစပ်ဝက်ကလေးတွေက ရောဂါဒဏ်ခံနိုင်ရည် မြင့်မားပြီး အသားလည်း အရသာရှိလိမ့်မယ်၊ အဲဒါ မကောင်းဘူးလား”

လင်းယန်သည် ရုတ်တရက် သဘောပေါက်သွားသည့်အလား ရေရွတ်သည်။

“ဟုတ်သားပဲ၊ ဒါဆို ဆရာ့စကားအရဆိုရင် ကျွန်တော်က ဒုတိယနောင်တော်ကြီးကို ကျေးဇူးတင်ရမှာပေါ့ ဟုတ်လား”

ဒေါက်တာချင်သည် ရယ်မောလျက် ဆိုသည်။

“အဲဒါကတော့ မင်းတို့ မိသားစုကိစ္စပါပဲ”

“ကဲ... ဒါဆိုရင် နောက်မှ မင်းရဲ့ ဝီချက် ကနေ ဝက်မတွေ သားမွေးခါနီး ဂရုစိုက်ရမယ့် လမ်းညွှန်စာအုပ်အချို့ကို ပို့ပေးလိုက်မယ်၊ မင်း ဖတ်ကြည့်လိုက်ဦး”

ဒေါက်တာချင်သည် အစက ကိုယ်ဝန်ဆောင် ဝက်မကြီးအတွက် လိုအပ်သော အားဖြည့်စာအချို့ကို လင်းယန်ထံ ပို့ပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတို့ ကိုယ်တိုင်ဖော်စပ်ထားသော ဝက်စာများအား ပြန်လည်တွေးတောမိသောအခါ ထိုသို့ ကူညီရန် စဉ်းစားခြင်းသည် လိုအပ်သည်ထက် ပိုလျှံနေကြောင်း ခံစားရသည်။

တစ်နေ့တာလုံး အလုပ်ရှုပ်ပြီးနောက်၊ ဒေါက်တာချင် ပြန်လည်ထွက်သွားသောအခါ လင်းယန်သည် တိုက်ရိုက်ထုတ်လွှင့်မှု ရပ်လိုက်သည်။

သူသည် အကြောဆန့်လျက် မေးလိုက်သည်။

“ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှု ရလဒ်တွေ ဘယ်လိုလဲ”

“ဟို ဟောက်ထျန်မင်းကြီး ဆိုတဲ့လူကို ဆက်သွယ်ဖို့ မမေ့နဲ့ဦး၊ သူတို့ သုံးယောက် ဘယ်တော့လာမလဲဆိုတာ မေးပြီး စီစဉ်စရာရှိတာတွေ စီစဉ်ထားရမယ်”

“သူတို့ကို နောက်ထပ် ခုနစ်ရက် ဒါမှမဟုတ် ရှစ်ရက်လောက်နေမှ လာခိုင်းတာ အကောင်းဆုံးဖြစ်လိမ့်မယ်၊ ဒီရက်ပိုင်းမှာ ငါတို့ စပါးစိုက်တာ၊ ပျိုးထောင်တာတွေနဲ့ အလုပ်ရှုပ်နေတာမို့ သူတို့ကို ဧည့်ခံဖို့ အချိန်ရှိမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့ရဲ့ ပရိသတ်တွေ ရောက်လာပြီဆိုရင်တော့ သူတို့ကို ဒီအတိုင်း ပစ်ထားလို့ မဖြစ်ဘူး မဟုတ်လား”

ရန်အာဟူသည် တည်ကြည်စွာ ခေါင်းညိတ်လျက် ဆိုသည်။

“ဒီနေ့ ဒေတာအချက်အလက်တွေက ကောင်းရုံတင်မကဘူး၊ တကယ့်ကို အံ့ဩစရာကောင်းလောက်အောင်ကို ကောင်းတာ”

ထိုသို့ပြောပြီးနောက် ရှုလီ သည် မိမိအနားတွင် ရပ်နေသည်ကို သတိရသွားကာ နှာခေါင်းကို ပွတ်သပ်ရင်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ စကားလမ်းကြောင်းကို လွှဲကာ ဆိုသည်။

“ကျွန်တော် ထင်တာတော့ ဟောက်ထျန်မင်းကြီး ဆိုတဲ့ အိုင်ဒီ က နည်းနည်း ရင်းနှီးနေသလိုပဲ၊ အားလုံးလည်း မြင်ဖူးကြလိမ့်မယ် ထင်တယ်”

လင်းယန်က ထိုအရာကို အလေးအနက်မထားဘဲ ဆိုသည်။

“ဒါက စနစ် ကနေ ပေးထားတဲ့ ကျပန်း အိုင်ဒီ ဖြစ်မှာပါ၊ ဒါကြောင့် လူတိုင်းမှာ ဒီနာမည် ရှိနေနိုင်တာပေါ့”

“ဖြစ်နိုင်ပါတယ်”

ရန်အာဟူက ပြန်ပြောလာသည်။

All Chapters