အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း (၇၅)
မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်လွန်သွားသည်။လွန်ခဲ့သော ရက်ပိုင်းက ရှီးရွှေရွှာတွင် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားခဲ့၏။
စိုက်ပျိုးရေးဗျူရိုသည် ရှီးရွှေရွာသို့ အဖွဲ့တစ်ဖွဲ့ ဦးဆောင်ရန်အတွက် ပါမောက္ခ သုံးဦးအား စေလွှတ်ခဲ့သည်။ ထိုသူများသည် ရွာအတွင်း၌ စိုက်ပျိုးရေးဆိုင်ရာ စမ်းသပ်မှုတစ်ခုခု လာရောက်လုပ်ဆောင်ကြသည်ဟု ပြောဆိုကြ၏။
၎င်းသည် မျိုးဗီဇပြောင်းလဲထားသော စပါးမျိုးသစ်ကို သုတေသနပြု၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်သည်။
ရိုးရှင်းသော ကျေးလက်ပြည်သူများသည် အခြားသော ကိစ္စရပ်များကို ဝေဝါးစွာ နားလည်နိုင်ကြသော်လည်း စားနပ်ရိက္ခာနှင့် သက်ဆိုင်သော အရာများနှင့် ကြုံကြိုက်ရသည့်အခါတွင် မည်သူမျှ လျစ်လျူရှု၍ မနေနိုင်ကြပေ။
အထူးသဖြင့် သားစဉ်မြေးဆက် စိုက်ပျိုးရေးလုပ်ငန်းဖြင့်သာ အသက်မွေးခဲ့ကြသော ရှီးရွှေရွာသားများများအတွက်မူ ပို၍ အလေးဂရုပြုစရာ ဖြစ်လာသည်။
ရွာ၌ သီတင်းသုံးနေထိုင်စဉ်အတွင်း ပါမောက္ခ ထန်ဟွားမင်သည် ရွာသူရွာသားတို့၏ ဧည့်ဝတ်ကျေပွန်မှုအား အပြည့်အဝ ခံစားခဲ့ရ၏။
ရွာရှိ အရာအားလုံးသည် ကောင်းမွန်လှသော်လည်း အစားအသောက်တစ်ခုသာ အလွန်ညံ့ဖျင်းလှသည်။ စိုက်ပျိုးရေးဗျူရိုသည် ၎င်းတို့အတွက် ထမင်းချက်အမျိုးသမီးနှစ်ဦးအား အထူးတလည် တာဝန်ပေးအပ်ခဲ့သည်။
သို့သော် ထိုအဒေါ်ကြီးနှစ်ဦး၏ အချက်အပြုတ် စွမ်းရည်မှာမူ အားနာပါးနာ ပြောရလျှင် စိတ်ပျက်စရာ ကောင်းလှ၏။
အခက်အခဲများကို မခံနိုင်သော သူများမဟုတ်ကြသော်လည်း ငါးရက်ဆက်တိုက် ဤသို့ စားသောက်ခဲ့ရပြီးနောက် ပါမောက္ခထန်နှင့် အခြားသူများသည် နောက်ဆုံး၌ ဆက်လက်၍ မစားသုံးနိုင်တော့သည့် အခြေအနေသို့ ရောက်ခဲ့ရသည်။
“ဒါတွေက ဘာတွေလဲ”
“ငရုတ်သီး ဝက်သားကြော်က ဘာလို့ ဒီလောက်အထိ အရသာဆိုးရွားနေရတာလဲဆိုတာ တစ်ယောက်ယောက်လောက် ငါ့ကို ပြောပြပေးလို့ ရမလား”
“ဒီအစာတွေကို စားလိုက်ရင် စားပြီးသားတွေတောင် အန်ထွက်လာမလားဘဲ”
ပါမောက္ခ ထန်ဟွားမင်သည် ကောင်းကင်ကြီးကို မော့ကြည့်ကာ ငိုချင်သော်လည်း မျက်ရည်မကျနိုင်ဘဲ ဖြစ်နေ၏။
အခြားသော ပါမောက္ခနှစ်ဦးမှာမူ အစားအသောက်နှင့် ပတ်သက်၍ အနည်းငယ် ညည်းညူကြသော်လည်း ယခုအခါတွင်မူ ကျင့်သားရနေပြီ ဖြစ်သည်။
၎င်းတို့သည် ပါမောက္ခ ထန်ဟွားမင်အား ကူညီရန် စေလွှတ်ခြင်းခံရသူများ ဖြစ်ကြပြီး ယခင်ကတည်းက ရင်းနှီးကျွမ်းဝင်ပြီးသား သူများလည်း ဖြစ်ကြ၏။
“ပါမောက္ခထန်... အောင့်အည်းပြီး စားလိုက်ပါဦး... နောင်ကျရင် ကျင့်သားရသွားမှာပါ”
“ဟုတ်ပါတယ်... ဒါက ရွာရဲ့ အခြေအနေပဲဥစ္စာ”
ပါမောက္ခ ထန်ဟွားမင်သည် စားပွဲပေါ်သို့ ၎င်း၏ တူကို ဒေါသတကြီး ရိုက်ချလိုက်ကာ ပြောဆိုသည်။
“ရွာရဲ့ အခြေအနေမို့လို့ ဆိုတာ ဘာကို ပြောတာလဲ၊ ဒါဟာ ထမင်းချက်ရဲ့ အပြစ်လို့ပဲ ငါထင်တယ်၊ ပါမောက္ခထန်၊ ပါမောက္ခချန်... ဆက်မစားကြနဲ့တော့၊ ဒါတွေက လူစားဖို့ မဟုတ်ဘူး၊ ငါ မင်းတို့ကို ကောင်းကောင်းမွန်မွန် စားသောက်ရမယ့် နေရာတစ်ခုဆီ ခေါ်သွားမယ်”
ပါမောက္ခ ထန်ဟွာမင်းသည် လင်းယန် ယခင်က ချက်ပြုတ်ပေးခဲ့သော အစားအစာများကို အထူးတလည် လွမ်းဆွတ်နေမိသည်။
သူသည် လူနှစ်ဦးကို အလကားလိုက်စားရန် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ရာ လင်းယန်အနေဖြင့် ကန့်ကွက်လိမ့်မည် မဟုတ်ဟု တွေးနေမိ၏။
လင်းယန်သည် အလွန်အလိုက်သိတတ်သော သူတစ်ဦး ဖြစ်ကြောင်း ချောက်ရှီးဖုန်း ပြောခဲ့ဖူးသည် မဟုတ်ပါလော။
“လာကြ... အပြင်ထွက်ပြီး ပိုကောင်းတဲ့ အစားအစာ သွားစားရအောင်၊ ငါတို့ ဝဝလင်လင်တောင် မစားရဘဲနဲ့ အလုပ်လုပ်ဖို့ ခွန်အား ဘယ်က ရမှာလဲ”
ထန်ဟွားမင်သည် ရှေ့မှ ဦးဆောင်၍ ထွက်ခွာသွားသည်။
ပါမောက္ခထန်နှင့် ပါမောက္ခချန်တို့သည် အံ့အားသင့်လျက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
“ဒါက”
“အားမနာတမ်း ပြောရရင် အဖိုးကြီးချန်... ပါမောက္ခထန်က ဘာကို ဆိုလိုတာလဲ၊ ဒီရွာထဲမှာ ပိုကောင်းတဲ့ အစားအသောက်ကို ဘယ်က သွားရမှာလဲ၊ ငါတို့ မြို့မှာလိုမျိုး အပြင်ထွက်စားလို့ ရတာလည်း မဟုတ်ဘူး”
ပါမောက္ခချန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ ဆိုသည်။
“ထားလိုက်ပါတော့... ငါတို့ သူတို့နောက်ကို လိုက်သွားပြီး ကြည့်ကြရအောင်၊ ပါမောက္ခထန်က ဘယ်တုန်းကမှ လေလုံးထွားတတ်တဲ့သူ မဟုတ်ဘူး၊ သူ တကယ်ပဲ နည်းလမ်းရှိနေတာလည်း ဖြစ်နိုင်တာပဲ”
မြောင်ဟွမ်းသည် ပါမောက္ခ သုံးဦး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်ကို တိုက်ဆိုင်စွာပင် မြင်တွေ့လိုက်ရ၏။
မိမိရှေ့ရှိ အရသာမရှိသော အစားအစာများအား ကြည့်၍ သူမသည် အစားအသောက် ပျက်နေသော တင်းကျန်းအား တို့လိုက်ကာ မေးသည်။
“ဝတုတ်... ပါမောက္ခနဲ့ အခြားသူတွေ ထမင်းစားချိန်ကြီးမှာ ခိုးကြောင်ခိုးဝှက် အပြင်ထွက်သွားတာ ဘာလုပ်မလို့လို့ နင်ထင်လဲ၊ သူတို့ ငါတို့ကွယ်ရာမှာ ကောင်းကောင်းမွန်မွန် သွားစားကြတာတော့ မဟုတ်ပါဘူးနော်”
တင်းကျန်းသည် သက်ပြင်းချလျက် ဆို၏။
“ဒီလို ဝေးလံခေါင်သီပြီး ဆင်းရဲတဲ့ ဒေသမှာ ကောင်းတဲ့ အစားအစာကို ဘယ်မှာ သွားရှာရမှာလဲ၊ ပါမောက္ခထန်နဲ့ အခြားသူတွေ တောလိုက်ပြီး တောကောင်သား သွားရှာစားတာလို့တော့ နင် မပြောချင်ဘူးမလား”
ဝမ်ရှို့သည်လည်း သဘောတူညီစွာ ခေါင်းညိတ်ကာ အားပေးစကားဆိုသည်။
“မြောင်ဟွမ်း... နင်လည်း အစားကိုပဲ သေသေချာချာ စားစမ်းပါ၊ ငါ တခြားရွာသားတွေ စားနေတာကို လှမ်းကြည့်တော့ သူတို့အားလုံး သက်သတ်လွတ် ဟင်းတွေကိုပဲ စားနေကြတာ၊ ငါတို့မှာတော့ အသားဟင်း ချက်ပေးမယ့် အဒေါ်ကြီး ရှိနေသေးတာပဲ မဟုတ်လား၊ ပါမောက္ခထန်က အလုပ်သင် မဆင်းခင်ကတည်းက ဒီက အခြေအနေတွေက မကောင်းဘူးလို့ ပြောထားပြီးသားပဲ”
“ဒါပေမဲ့ ငါတို့က ကိုယ့်သဘောနဲ့ကိုယ် လာခဲ့ကြတာဆိုတော့ ညည်းညူစရာ မရှိပါဘူး၊ မြန်မြန်စားကြရအောင်... စားပြီးရင် ဒေတာတွေ မှတ်တမ်းတင်ရဦးမယ်”
ထိုသို့ ပြောဆိုကြသော်လည်း အမှန်မှာ ဝမ်ရှို့ကိုယ်တိုင်လည်း စား၍မရဘဲ ဖြစ်နေ၏။
အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ အရသာ လုံးဝမရှိခြင်းကြောင့်ပင်။
ပါဝင်ပစ္စည်းများ အားလုံးသည် လတ်ဆတ်လှပြီး ၎င်းတို့၏ အစားအသောက်ကို ချွေတာထားခြင်းလည်း မရှိချေ။
သို့သော် ပြဿနာမှာ ကောင်းမွန်စွာ မချက်ပြုတ်နိုင်ခြင်းဖြစ်သည်။
အလွန်အဖိုးတန်သော ပါဝင်ပစ္စည်းများ ဖြစ်သော်လည်း ကောင်းမွန်စွာ မချက်ပြုတ်ပါက ၎င်းတို့၏ အရသာမှာ ပျောက်ဆုံးသွားရစမြဲ ဖြစ်သည်။
မြောင်ဟွမ်းသည် မျက်လုံးဝေ့ဝဲလိုက်၍ တူကိုချလိုက်ကာ ပြောသည်။
“ပါမောက္ခထန်တို့ ဘာလုပ်နေလဲဆိုတာ ငါသွားကြည့်ဦးမယ်”
ထိုအဖိုးကြီးများသည် ၎င်းတို့၏ ကွယ်ရာ၌ ကောင်းမွန်သော အစားအစာများကို တိတ်တဆိတ် စားသောက်နေကြသည်ဟု သူမ အမြဲတစေ ခံစားနေ၏။
တင်းကျန်းသည်လည်း လျင်မြန်စွာ လိုက်လာကာ ဆိုသည်။
“မြောင်ဟွမ်း... ဒီလောက် အမြန်ကြီး မလျှောက်နဲ့ဦး... ငါ့ကို စောင့်ပါဦး၊ ငါလည်း လိုက်ချင်တယ်”
ထို့ကြောင့် ၎င်းတို့ သုံးဦးသည် ထန်ဟွားမင်နှင့် အခြားသူများ၏ နောက်သို့ ခိုးကြောင်ခိုးဝှက် လိုက်ပါသွားကြ၏။
မြောင်ဟွမ်းသည် ဤလမ်းကို ရင်းနှီးနေသကဲ့သို့ ခံစားရသဖြင့် မေးသည်။
“ဒီလမ်းက လွန်ခဲ့တဲ့ တစ်ခေါက်က ငါတို့ သွားခဲ့တဲ့ လမ်းနဲ့ မတူဘူးလား၊ ယာတောအိမ်ကို သွားတဲ့လမ်းလေ”
“နင် ပြောမှပဲ... တကယ်လည်း နည်းနည်းတူသလို ရှိသားပဲ၊ ဒါဆို... ပါမောက္ခထန်တို့က ငါတို့ကွယ်ရာမှာ ယာတောအိမ်ကိုသွားပြီး ကောင်းကောင်းမွန်မွန် စားဖို့ ကြံစည်နေကြတာပေါ့ ဟုတ်လား”
ဝမ်ရှို့သည် အနည်းငယ် မယုံကြည်နိုင်ဘဲ ဖြစ်နေ၍ ဆိုသည်။
“ဒါပေမဲ့ ဒါက တောင်ပေါ်ရွာလေးတစ်ရွာပဲဥစ္စာ၊ ရွာထဲက ထမင်းချက်တွေ လုပ်တဲ့ အစားအစာက ဘယ်လောက်အထိ အရသာရှိနိုင်မှာမို့လို့လဲ”
ပါမောက္ခ ထန်ဟွားမင်နှင့် ၎င်း၏ အဖော်နှစ်ဦးတို့သည် မိမိတို့နောက်သို့ ကျောင်းသားများ လိုက်ပါလာသည်ကို မသိကြပေ။ အကြောင်းမှာ ထန်ဟွားမင်သည် ယခုအခါ လင်းယန်၏ လက်ရာများကိုသာ အာရုံစိုက်နေမိခြင်းကြောင့် ဖြစ်၏။
“ပါမောက္ခထန်၊ ပါမောက္ခချန်... ငါ ချဲ့ကားပြောနေတာ မဟုတ်ဘူး၊ အဲဒီ ယာတောအိမ်ရဲ့ ပိုင်ရှင်က တကယ်ကို လက်ရာမြောက်တာ”
သူသည် လင်းယန် ချက်ပြုတ်ခဲ့သော ပဲငပိဝက်လက်စတူးဟင်းလျာကို ယခုတိုင် စွဲလမ်းစွာ သတိရနေဆဲ ဖြစ်လေသည်။
ပါမောက္ခထန်နှင့် ပါမောက္ခချန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထန်ဟွားမင်သည် အလွန်အမင်း ချဲ့ကားပြောဆိုနေသည်ဟု ထင်နေကြ၏။
၎င်းတို့ သုံးဦး အပြင်ဘက်သို့ လှမ်းမြန်းလိုက်သည်နှင့် တပြိုင်နက် ဟင်းလျာ၏ မွှေးပျံ့သော အနံ့အသက် ရရှိလိုက်ကြသည်။
ပါမောက္ခ ထန်ဟွားမင်သည် အနံ့အား ရှူလိုက်ကာ ရေရွှတ်သည်။
“တကယ် မွှေးတာပဲ၊ ဒီနေ့က ဝက်လက်ပေါင်းဟင်းလား”
ပါမောက္ခထန်နှင့် ပါမောက္ခချန် မှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ထန်ဟွာမင်း၏ နှာခေါင်းသည် ဘယ်အချိန်ကတည်းက ဤမျှအထိ ကောင်းသွားရသနည်း။
ထန်ဟွားမင်သည် တံခါးကို အသာအယာ တွန်းဖွင့်ကာ အတွင်းသို့ ဝင်ရောက်သွားကာ လှမ်း၍ မေးလိုက်၏။
“မောင်လင်း ရှိလား”
နေ့လယ်စာ ပြင်ဆင်ပြီးစီးသွားသော လင်းယန်သည် ခေါင်းပြူထွက်လာကာ ဆိုသည်။
“အော်... ပါမောက္ခထန်ပါလား၊ ဘာကိစ္စရှိလို့လဲခင်ဗျာ”
ထန်ဟွားမင်သည် အလကားစားမည့် အရေးကို မပြောသေးဘဲ ထိုင်ခုံ၌ ဝင်ထိုင်၍ ၎င်းကိုယ်တိုင် ရေနွေးကြမ်း တစ်ခွက်ကို ငှဲ့လိုက်ရင်း ဆိုသည်။
“အမှန်တော့ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ မင်းရဲ့ စိုက်ပျိုးရေး ထောက်ပံ့ကြေး ငွေတွေ ရောက်ပြီလားဆိုတာ လာမေးတာပါ၊ မရောက်သေးရင် ငါ လိုက်ပြောပေးမလို့... မင်းက အလုပ်များပြီး မေ့နေမှာ စိုးလို့လေ၊ ငါ့ကို အားနာပြီး မမေးရဲမှာလည်း စိုးရိမ်မိတယ်၊ ဒီနှစ်ယောက်ကတော့ ငါနဲ့အတူ ဒီပရောဂျက်ကို သုတေသနလုပ်ဖို့ လာခဲ့ကြတဲ့ ပါမောက္ခထန်နဲ့ ပါမောက္ခချန်တို့ ဖြစ်ကြတယ်”
လင်းယန်သည် လက်သုတ်လိုက်ကာ ပါမောက္ခနှစ်ဦးကို နှုတ်ဆက်လိုက်၏။
ပါမောက္ခ ထန်ဟွားမင်သည် ဤမျှအထိ စိတ်အားထက်သန်စွာ ဂရုစိုက်လိမ့်မည်ဟု မထင်မှတ်ထားသဖြင့် လင်းယန်သည် စိတ်လှုပ်ရှားသွားရကာ ပြန်ဖြေသည်။
“ပါမောက္ခထန်က ဒီအတွက်နဲ့ အထူးတလည် လာခဲ့ပေးတာ တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ ငွေတွေက ဒီနေ့ပဲ ရောက်လာပါတယ်”
မြေကွက် အဆဲ နှစ်ဆယ် အတွက် ထောက်ပံ့ကြေးငွေမှာ ယွမ် ခြောက်သောင်း ခန့် ဖြစ်သဖြင့် လင်းယန်သည် အလွန် ကျေနပ်နေမိ၏။
ထို့ပြင် ၎င်းတို့ လုပ်ဆောင်နေသော စမ်းသပ်မှုများသည် တိုင်းပြည်အတွက် အကျိုးရှိစေသော အရာများ ဖြစ်ရာ တရုတ်နိုင်ငံသား တစ်ဦးအနေဖြင့် လင်းယန်သည်လည်း ၎င်းတို့၏ သုတေသနလုပ်ငန်းများ အောင်မြင်ရန် မျှော်လင့်မိသည်။
“ရပါတယ်... ရပါတယ်၊ ဒါက ငါကိုယ်တိုင် စတင်ခဲ့တဲ့ ကိစ္စပဲဥစ္စာ... ဒါကြောင့် ပိုပြီး မေးမြန်းပေးရမှာပေါ့၊ ဒီနေ့ ဝက်လက်ပေါင်း ချက်ထားတာ... အနံ့က တော်တော်မွှေးတာပဲ”
လင်းယန်က ခေါင်းညိတ်ပြကာ ထမင်းစားဖိတ်လိုက်သည်။
“ပါမောက္ခတို့ ထမင်းစားပြီးကြပြီလားခင်ဗျာ၊ မစားရသေးရင် ဒီမှာပဲ တူတူ သုံးဆောင်သွားပါလား”
ပါမောက္ခ ထန်ဟွားမင်သည် ဤစကားအား စောင့်ဆိုင်းနေခြင်း ဖြစ်သော်လည်း ၎င်း၏ သွားရည်များကို ထိန်းချုပ်ကာ အားနာဟန်ဆောင်၍ ငြင်းပယ်လိုက်၏။
“အားနာစရာကြီးဗျာ”
သို့သော် ၎င်း၏ အပြုအမူမှာမူ စိတ်ရင်းကို ဖော်ပြနေတော့သည်။ အကြောင်းမှာ ၎င်း၏ လက်ယာဘက် လက်သည် စားပွဲပေါ်ရှိ တူကို အငမ်းမရ လှမ်း၍ ကိုင်တွယ်လိုက်ပြီ ဖြစ်ခြင်းကြောင့်ပင် ဖြစ်၏။
ပါမောက္ခထန်နှင့် ပါမောက္ခချန်တို့သည် တဖန် ဆွံ့အသွားကြပြန်သည်။
ဤမျှလောက်အထိ အလွယ်တကူ ဝင်ရောက်စားသောက်နိုင်ပါသလော။
၎င်းတို့သည် ပါမောက္ခထန်အား ယခုမှသာ အသစ်တဖန် ပြန်လည်သိမြင်ရသကဲ့သို့ ခံစားလိုက်ရ၏။ ဖြောင့်မတ်တည်ကြည်လှသော ပါမောက္ခထန်ကဲ့သို့သော သူတစ်ဦးသည် တစ်နေ့သောအခါ၌ အလကားစားရရန်အတွက် အခြေအမြစ်မရှိသော အကြောင်းပြချက်တစ်ခုကို လုပ်ကြံဖန်တီးလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။
သို့သော်လည်း ဤအစားအစာများသည် တကယ်ပင် အရသာရှိလှပုံရသည်။
အခန်း (၇၆)
ခြံဝင်းအတွင်းသို့ ဝင်ရောက်ရာ တံခါးမကြီးသည် ပွင့်နေသဖြင့် မြောင်ဟွမ်းနှင့် အခြားသူများသည် တိတ်တဆိတ် ဆိုက်ရောက်လာကြသောအခါ ခြံဝင်းအတွင်း၌ ပါမောက္ခတို့တစ်ဖွဲ့ ပျော်ရွှင်ချမ်းမြေ့စွာ စားသောက်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
“ပါမောက္ခတွေက တို့ကွယ်ရာမှာ စားကောင်းသောက်ကောင်းတွေစားနေကြတာပဲ၊ အဲဒါ ဝက်လက်ပေါင်း မဟုတ်လား”
မြောင်ဟွမ်းသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးနှစ်စုံ ဝိုင်းစက်သွားကာ တံတွေးခက်ခက်ခဲခဲ မျိုချလိုက်ရ၏။ သူတို့သည် တံခါးအပြင်ဘက်မှ မွှေးကြိုင်သော အနံ့ကို ရရှိနေကြသည်။
တင်းကျန်းသည် အားကျသံဖြင့် ဆိုသည်။
“တအားမွှေးတာပဲ၊ ဗိုက်တောင်ဆာလာပြီ”
ဝမ်ရှို့ ပြော၏။
“တို့တွေ ဒီမှာ သူများစားနေတာကို ချောင်းကြည့်နေတာ မသင့်တော်ပါဘူး၊ ပါမောက္ခသာ သိသွားရင် တို့ကို သေချာပေါက် ပြန်ဆူလိမ့်မယ်”
ထိုလူစုထဲတွင် မြောင်ဟွမ်းသည် သတ္တိအကောင်းဆုံး ဖြစ်သည်။ သူသည် မထောက်မညှာ နှာခေါင်းရှုံ့လျက် ဆိုသည်။
“နင့်ကို တုံးအတဲ့ကောင်လို့ မခေါ်ရင် ဘယ်လိုခေါ်ရမလဲ၊ နင်က ဘာလို့ သတ္တိနည်းနည်းမှမရှိရတာလဲ”
ထိုသို့ရွဲ့စောင်းလိုက်ပြီးနောက် မြောင်ဟွမ်း ပြောသည်။
“ဘယ်သူက စားနေတာကို ချောင်းကြည့်နေလို့လဲ၊ တို့သုံးယောက်က ပါမောက္ခတွေကို တွေ့ဖို့ သီးသန့်လာခဲ့တာလေ၊ လယ်ကွင်းမှာ ပြဿနာတစ်ခု ရှိနေတယ် မဟုတ်လား၊ ပြဿနာရှိနေမှတော့ တို့တွေ ပါမောက္ခတွေဆီမှာ အကြံဉာဏ် သေချာပေါက် တောင်းရမှာပေါ့”
မြောင်ဟွမ်းသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုကာ ခြံဝင်းအတွင်းသို့ ပထမဆုံး ဝင်သွားသည်။
“ပါမောက္ခထန်၊ ပါမောက္ခထန်၊ ပါမောက္ခချန်…သမီးတို့ ပါမောက္ခတို့ဆီ သွားရှာတာ မတွေ့လို့၊ ရွာသားတွေက ဒီဘက်ကို သွားတယ်ပြောလို့ပါရှင့် “
မြောင်ဟွမ်းသည် ပြုံးရွှင်စွာဖြင့် ပြောသည်။
“စပါးစိုက်ခင်းနဲ့ ပတ်သက်ပြီး သမီး သိပ်နားမလည်တဲ့ ပြဿနာတစ်ခု ရှိနေလို့၊ ဒါကြောင့် သမီးတို့ သုံးယောက်က ပါမောက္ခဆီ အကြံဉာဏ်တောင်းဖို့ သီးသန့်လာခဲ့တာ၊ တအားမွှေးတာပဲ၊ ဘာတွေစားနေကြလဲဟင်၊ ဟယ်... ငါးပေါင်းတောင် ရှိတာပဲလား၊ သမီး ဒီကို ရောက်ကတည်းက ငါးမစားရသေးဘူး”
ပါမောက္ခထန်နှင့် ပါမောက္ခချန် တို့မှာ ဆက်စားရနိုးနိုးနှင့် ကြောင်ကြည့်နေကြသည်။
ထိုမိန်းကလေးသည် မေးခွန်းမေးမြန်းရန် ရောက်ရှိလာခြင်း ဖြစ်ပါသလော။
ပါမောက္ခသုံးဦး၏ သံသယဖြစ်ဖွယ် ကြည့်ရှုခြင်းအား ရင်ဆိုင်ရသောအခါ မြောင်ဟွမ်းသည် အပြစ်ကင်းစင်ဟန်ဖြင့် မျက်တောင်ခတ်နေမိ၏။
ထို့ကြောင့် လင်းယန်သည် ပန်းကန်လုံးနှင့် တူသုံးစုံကို ထပ်မံဖြည့်ဆည်းပေးလိုက်ရသည်။
မြောင်ဟွမ်း၊ တင်းကျန်းနှင့် ဝမ်ရှို့တို့သည် လတ်ဆတ်ဆွဲဆောင်မှုရှိသော အသွင်ဖြင့် ထိုင်လိုက်ကြသည်။
“အရသာရှိလိုက်တာ၊ ဒါက ငါ့ဘဝမှာ စားဖူးတဲ့ အကောင်းဆုံးအစားအစာပဲ”
တင်းကျန်းသည် မည်သည့်ချဲ့ကားမှုမျှ မပါဝင်ကြောင်း ကျိန်ဆိုနိုင်သည်။
ထိုသူသည် ထမင်းပန်းကန်လုံးကြီး သုံးလုံးကို စားသောက်ပြီးဖြစ်သော်လည်း လိုအင်မပြည့်သေးသည့် အလား ဖြစ်နေ၏။
၎င်း၏ ဝမ်းဗိုက်သည် အလွန်အမင်း ပြည့်အိမနေပါက ပန်းကန်ပြားပေါ်ရှိ ဟင်းရည်များကိုပင် လျှာဖြင့် ရက်လိုက်မိသည်။
အလွန် အရသာရှိသည်။ အကယ်၍ ထိုကဲ့သို့ နေ့စဉ်စားသောက်ရပါက ဝေးလံခေါင်ဖျားသော တောင်ပေါ်ရွာလေးတွင် နေထိုင်ရသည်ကို မည်သူက ဂရုစိုက်နေပါမည်နည်း။
ထိုသုံးဦးကို ကြည့်ရှုရင်း ယန်အာဟူသည် ထိုသုံးယောက်သည် ၎င်း၏ အစားအစာများကို လုယူစားသောက်ရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ခံစားလိုက်ရ၏။
မြောင်ဟွမ်းသည် လင်းယန်အား ပြုံး၍ ကြည့်ကာ ဆိုသည်။
“အစ်ကိုလင်း... ကျွန်မကို ဟင်းချက်နည်း သင်ပေးလို့ ရမလား၊ အဲဒါဆိုရင် အားတဲ့အချိန်ကျရင် ပါမောက္ခသုံးယောက်အတွက် ချက်ကျွေးလို့ရတာပေါ့၊ သုတေသနဌာနက ငှားထားတဲ့ အန်တီက ဟင်း သိပ်မချက်တတ်ဘူး၊ ပါမောက္ခသုံးယောက်လုံး ပိန်သွားတာကို ကြည့်ပါလား”
မြောင်ဟွမ်းသည် သက်ပြင်းချလျက် ညည်းတွားသည်။
“သမီးသာ ဟင်းချက်တတ်ရင် သူတို့ ဒီလို ဒုက္ခခံရမှာ မဟုတ်ဘူး”
ထိုမိန်းကလေးငယ်သည် မည်သည့်အရာကို လုပ်ဆောင်ရန် ကြိုးပမ်းနေခြင်း နည်း။
ထိုသူတို့သည် မြောင်ဟွမ်း၏ စစ်မှန်သော ရည်ရွယ်ချက်မှာ ထင်မှတ်ထားသကဲ့သို့ မဟုတ်ကြောင်းသိသွားကြသည်။
ထိုမိန်းကလေးသည် ဟင်းချက်ရန် သင်ယူလိုခြင်း လုံးဝမရှိပေ။
ထိုမျှမကဘဲ ထိုနေရာသို့ ရေရှည်လာရောက်၍ အလကား စားသောက်လိုခြင်းသာ ဖြစ်သည်။
“မင်းတို့ ဟင်းချက်တဲ့လူ ငှားထားတာလား၊ ငါ့ကို စောစောကတည်းက ပြောရမှာ၊ ပါမောက္ခထန်က ငါ့သူငယ်ချင်းရဲ့ သူငယ်ချင်းဆိုတော့ ငါ့သူငယ်ချင်းလည်း ဟုတ်တာပေါ့၊ ရွာထဲမှာ အစားအသောက်အတွက် ဘာလို့ ဒီလောက် ဒုက္ခခံနေရတာလဲ၊ စားချင်တဲ့အချိန်တိုင်းသာ လာခဲ့ကြပါ၊ မင်းတို့က ပါမောက္ခထန်ရဲ့ ကျောင်းသားတွေဆိုတော့ ပါမောက္ခတွေနဲ့အတူ လိုက်ခဲ့ကြပေါ့”
လင်းယန်သည် အလွန် သဘောထားကြီးစွာဖြင့် ပြောဆိုသည်။ပါမောက္ခထန်သည် လက်ကိုဝေ့ယမ်းလျက် ပြော၏။
“ဒါတော့ မဖြစ်ဘူး၊ တို့တွေ ရွာမှာနေ နေတာတောင် မင်းအတွက် အများကြီး ဒုက္ခများနေပါပြီ”
သို့သော် လွန်ခဲ့သော နှစ်ရက်အတွင်း ထိုသူတို့စားသောက်ခဲ့ရသော အစားအစာများ၏ ညံ့ဖျင်းမှုအား ထည့်သွင်းစဉ်းစားကာ ပါမောက္ခထန်သည် စိတ်ကူးပြောင်းလဲသွားပြီးနောက် ဆိုသည်။
“တို့တွေ မင်းရဲ့ အစားအသောက်အတွက် ပိုက်ဆံပေးရင် ဘယ်လိုလဲ”
လင်းယန်က ခေါင်းညိတ်လျက် ပြန်ပြော၏။
“ရပါတယ်၊ တစ်ယောက်ကို တစ်နပ်စာ တစ်ဆယ့်ငါးယွမ်ပါ”
မြောင်ဟွမ်၏ မျက်လုံးများ ဝိုင်းစက်သွားကာ ရေရွတ်မိသည်။
“ယွမ်တစ်ဆယ့်ငါး”
လင်းယန်သည် အံ့အားသင့်သွား၏။ တစ်ဆယ့်ငါးယွမ်သည် အလွန်အမင်း ဈေးကြီးနေ၍ ဖြစ်ပါသလော။
“ဒါဆို တစ်ယောက်ကို ဆယ်ယွမ်ဆိုရင်ကော”
တင်းကျန်းနှင့် ဝမ်ရှို့တို့ နှစ်ဦးလုံး တုန်လှုပ်သွားကြကာ မေးကြသည်။
“ဘာ... ဆယ်ယွမ်လား၊ အစ်ကိုလင်း... အစ်ကို အလှူအတန်း လုပ်နေတာတော့ မဟုတ်ဘူးမလား”
ပါမောက္ခထန်သည် အလျင်အမြန် ဆို၏။
“တစ်နပ်ကို ဆယ်ယွမ်ဆိုတာ တအားနည်းလွန်းတယ်၊ အပြင်မှာ တစ်ခါပြင်တွေတောင် ထမင်းတစ်နပ်တောင် အခုခေတ်မှာ နှစ်ဆယ်ယွမ် ပေးရတယ်၊ တို့တွေ ဒီဈေးနဲ့ ဘယ်လိုလုပ် အမြတ်ရမှာလဲ၊ ရှောင်လင်း... မင်းက စီးပွားရေးလုပ်နေတာလေ၊ တို့တွေ အသိအကျွမ်းတွေ ဖြစ်နေရုံနဲ့ မင်းအပေါ် အခွင့်အရေးမယူသင့်ပါဘူး”
အခြားပါမောက္ခ နှစ်ဦးကလည်း ထိုအမြင်ကို ထောက်ခံကြသည်။
လင်းယန်သည် ခေတ္တမျှ ဆိုင်းငံ့သွားကာ ရှင်းပြသည်။
“တစ်နပ်ကို ဆယ်ယွမ်မဟုတ်ပါဘူး၊ တစ်နေ့ သုံးနပ်အတွက် ဆယ်ယွမ်ပါ”
ထိုဈေးနှုန်းကြောင့် ထိုသူတို့ခြောက်ဦးလုံး ဆိတ်ဆိတ် ဖြစ်သွားကြရသည်။
တစ်နေ့ သုံးနပ်အတွက် ဆယ်ယွမ်ဆိုသည်မှာ ပုံအားဖြင့် အလကားပေးသည်နှင့် တူနေသည် မဟုတ်ပါလော။
ထိုသို့ဖြစ်ပါလျက် အလှူအတန်း လုပ်ဆောင်နေခြင်း မဟုတ်ဟု မည်ကဲ့သို့ ဆိုနိုင်ပါမည်နည်း။
ပါမောက္ခထန်သည် အနည်းငယ် ရယ်မောဖွယ်ရာ ဖြစ်သည်ဟု ယူဆကာ ပြောသည်။
“ရှောင်လင်း... မင်း ဒီလိုလုပ်ဖို့ မလိုပါဘူး၊ တို့တွေ ဒီမှာ စမ်းသပ်မှုတွေ လုပ်ဖို့အတွက် အထက်က ထောက်ပံ့ကြေး ရထားတာဆိုတော့ အစားအသောက် စရိတ်ကို ချွေတာဖို့ မလိုပါဘူး၊ တို့ ဆုံးဖြတ်လိုက်ပြီ၊ တို့တွေ မင်းကို တစ်လကို စံနှုန်းအတိုင်း ယွမ်တစ်သောင်း ပေးမယ်၊ အခုကစပြီး တို့ခြောက်ယောက်လုံး ဒီမှာပဲ စားမယ်”
“ယွမ်တစ်သောင်း”
ယခုအခါ လင်းယန်သည် အံ့အားသင့်ရမည့် အလှည့် ဖြစ်သွားသည်။
“ပါမောက္ခထန်... ဒါက နည်းနည်း များလွန်းမနေဘူးလား၊ ကျွန်တော်တို့က ကျေးလက်မှာ နေတာဆိုတော့ အစားအသောက်အတွက် အဲဒီလောက် ပိုက်ဆံမကုန်ပါဘူး၊ ဟင်းသီးဟင်းရွက်တွေကလည်း အိမ်မှာစိုက်ထားတာတွေပဲလေ၊ တစ်လကို ယွမ်တစ်သောင်း ဆိုတာ များလွန်းတယ်”
လင်းယန်သည် တိုင်းပြည်အတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်နေကြသည့် သုတေသီများကို အလွန်အမင်း လေးစားမိသည်။
၎င်းသည် တိုင်းပြည်အတွက် မည်သည့်ပံ့ပိုးမှုမျှ ထိထိရောက်ရောက်မပြုလုပ်နိုင်ခဲ့ပေ။
ယခုအခါ အခွင့်အရေး ရရှိခဲ့သဖြင့် တတ်နိုင်သည့်ဘက်မှ အစွမ်းကုန် ကူညီပေးရန်ဆုံးဖြတ်ထားသည်။
အကယ်၍ ထိုသို့ ကြိုးစားအားထုတ်ကြသော သုတေသီများသည် ကောင်းမွန်စွာ စားသောက်ဝတ်ဆင်ရပါက ၎င်းတို့၏ စီမံကိန်းများတွင် ပိုမိုအာရုံစိုက်နိုင်ရန် အင်အားများ ရှိလာသည်။
“မများပါဘူး၊ မများပါဘူး၊ ဟင်းချက်တဲ့လူ နှစ်ယောက်ကိုလည်း ဒီစံနှုန်းအတိုင်းပဲ ပေးတာ၊ သူတို့တောင် လစာရသေးတယ်၊ အမှန်အတိုင်း ပြောရရင် တို့ အဘိုးကြီးတွေက မင်းအပေါ် အမြတ်ထုတ်လိုက်တာပါ၊ ဒါကြောင့် ကျေးဇူးပြုပြီး ထပ်ပြီး ငြင်းမနေပါနဲ့တော့၊ ဒါမှမဟုတ်ရင် မင်းဆီမှာ မစားဘဲနေဖို့ပဲရှိတော့တယ်”
ပါမောက္ခထန်က ပြုံးလျက် ပြောသည်။
ထိုမျှအထိ ပြောဆိုလာရာ လင်းယန်သည် မည်ကဲ့သို့ ငြင်းပယ်နိုင်ပါမည်နည်း။
သဘောတူညီရန်သာ ရွေးချယ်စရာ ရှိတော့သည်။
“အခုကစပြီး သမီးတို့အတွက် မနက်စာကို အာဟူကို နေ့တိုင်း လာပို့ခိုင်းလိုက်မယ်၊ အဲဒါဆို သမီးတို့ လာစရာမလိုတော့ဘူး၊ အကယ်၍ နေ့လယ်စာစားဖို့ လာဖို့ အချိန်မရှိရင် ကျွန်တော့်ဆီ စာပို့လိုက်ပါ၊ ကျွန်တော် လူတစ်ယောက်ယောက်နဲ့ ပို့ပေးပါ့မယ်”
ပါမောက္ခထန်သည် ထိုတောင်းဆိုချက်အား ငြင်းပယ်ခြင်း မပြုခဲ့ပေ။ ပုံမှန်အားဖြင့် ၎င်းတို့၏ စီမံကိန်းများ အလုပ်ရှုပ်လာသောအခါ အစားစားရန် အချိန်မရှိခြင်းသည် သဘာဝကျသဖြင့် မြောင်လယ်ကွင်းသို့ အစားအစာ ပို့ခိုင်းလေ့ ရှိသည်။
ပါမောက္ခထန်နှင့် အခြားခြောက်ဦး ထွက်ခွာသွားပြီးနောက် လင်းယန်သည် စားပွဲပေါ်ရှိ ကျန်ရှိသော အစားအစာများကို သိမ်းဆည်းကာ ခွေးခွက်ထဲသို့ လောင်းထည့်ပေးလိုက်၏။
သို့သော် ဟန်ဟော့သည် ခေါင်းကိုပင် မဖော်ပေ။
ထိုသူတို့သည် ခြံဝင်းတံခါးမကြီး ရှိရာဘက်သို့ တောင့်တသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။
“ဝုတ်…ဝုတ်…ဝုတ်”
ထိုခွေးသည် အားနည်းသော လေသံဖြင့် အော်ဟစ်သည်။
လင်းယန်သည် ၎င်း၏ ခေါင်းကို ပုတ်လျက် မေး၏။
“ဒီကောင် ဖျားနေတာလား”
ပန်းသီးကို ဝါးစားနေသော ယန်အာဟူပြောသည်။
“ငါ့အထင်တော့ အချစ်ဖျား ဖျားနေတာ ထင်တယ်၊ ဝံပုလွေမလေး ဘယ်တော့ ပြန်လာမလဲဆိုတာ ဖုန်းဆက်ပြီး မမေးကြည့်ဘူးလား”