← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇)

မျက်စိတစ်မှိတ်အတွင်း သုံးရက်တာကာလ ကုန်လွန်သွားခဲ့သည်။

ထိုသုံးရက်တာအတွင်း လင်းယန်သည် အလွန် အလုပ်များနေခဲ့၏။

တစ်ဖက်တွင်လည်း ပြီးခဲ့သည့်အကြိမ်က အတွေ့အကြုံလက်မှတ် ကံထူးခဲ့သော ဟောက်ထျန်မင်းကြီးသည် လာမည့်ရက်အနည်းငယ်အတွင်း လာရောက်ရန် ချိန်းဆိုထားသည်။

လင်းယန်၏ ငါးကန်အတွင်းရှိ ငါးများမှာ ကန်နှင့်မဆံ့အောင် တိုးနေခဲ့၏။

ဝိဉာဉ်စမ်းရေသည် ငါးများ၏ သားပေါက်နှုန်း မြှင့်တင်ပေးနိုင်မှန်း ကြိုသိခဲ့ပါက ထိုစမ်းရေအား မကြာခဏ လောင်းထည့်မိမည်မဟုတ်ပေ။

ယခုအခါ ကန်အတွင်းရှိ တိုးဝှေ့လှုပ်ရှားနေသော ငါးများအား ကြည့်ရှုရင်း လင်းယန်သည် အကျပ်ရိုက်စရာ အခြေအနေတစ်ခုနှင့် ရင်ဆိုင်နေရတော့သည်။

ထိုငါးများမှာ ရှားပါးသောအမျိုးအစားများ မဟုတ်ကြသဖြင့် အွန်လိုင်းမှတစ်ဆင့် ရောင်းချရန် အဆင်မပြေလှပေ။

အကယ်၍ ပါမောက္ခထန်နှင့် အခြားသူများ လင်းယန်၏ စိတ်ကူးအား သိရှိပါက ထိုငါးများ အွန်လိုင်းပေါ်တွင် တင်၍ရောင်းချရန် အပြင်းအထန် တိုက်တွန်းကြမည်မှာ ဧကန်မလွဲ ဖြစ်၏။

စျေးကွက်အတွင်း အလွယ်တကူ ဝယ်ယူနိုင်သော ငါးအမျိုးအစားများ ဖြစ်သော်လည်း ညှီနံ့ လုံးဝမနံဘဲ ဤမျှလောက်အထိ အသားအရသာ ချိုမြိန်လတ်ဆတ်လှသော ငါးမျိုးကိုမူ ပြင်ပတွင် မည်သို့မျှ ရှာဖွေနိုင်မည် မဟုတ်ပေ။

“ငါးကန်ကို ထပ်ပြီး ချဲ့ဖို့ လိုအပ်နေပြီ ထင်တယ်”

လင်းယန်သည် သက်ပြင်းတစ်ချက် ဖွဖွချလိုက်၏။ ငါးကန်ချဲ့ထွင်ခြင်း လုပ်ငန်းသည် ကြီးမားသော လုပ်ငန်းစဉ်ကြီး တစ်ခု ဖြစ်လေသည်။

ပထမဆုံး ရွာလူကြီးထံ အကြောင်းကြားရမည် ဖြစ်၍ ထို့နောက် လျှောက်လွှာတင်ပြီး အထက်မှ ခွင့်ပြုချက်ရရှိမှသာ စတင်လုပ်ကိုင်နိုင်ပေမည်။

မိမိ၏ အိမ်နောက်ဖေးကွင်းပြင်တွင် ငါးကန်အသစ်ကို တူးဖော်ရန် မဖြစ်နိုင်တော့ပေ။

အိမ်နောက်ဖေးသည် ခပ်ကျဉ်းကျဉ်းသာရှိသည်။ အိမ်နောက်ဖေးမှအပြင်သို့ ထွက်လိုက်သည်နှင့် ညာဘက်မျက်နှာစာတွင် ငါးကန်တစ်ခု ရှိနှင့်ပြီး ဖြစ်သည်။

ဘယ်ဘက်ခြမ်းမှာမူ ဟင်းသီးဟင်းရွက်များ စိုက်ထားသည်။

ထိုမှတစ်ဆင့် ဆက်သွားပါက လင်းယန်၏ သစ်သီးခြံသို့ ရောက်သည်။

သို့ဖြစ်ရာ ငါးကန်အသစ်အား မည်သည့်နေရာတွင် တူးဖော်ရပါမည်နည်း။

သို့သော်လည်း သူ၏အဘိုးတွင် မြေရိုင်းတစ်ကွက် ရှိခဲ့ဖူးကြောင်း လင်းယန် ရုတ်တရက် သတိရသွား၏။

ထိုမြေကွက်၏ အကျယ်အဝန်းသည် တော်တော် ကြီးမားလှသည်။

လင်းယန်သည် မိမိ၏မေးစေ့အား ပွတ်သပ်ရင်း ဤကိစ္စအား ရွာလူကြီးနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်ကြောင်း တွေးတောနေမိသည်။

သို့မဟုတ်ပါက ဤမျှများပြားလှသော ငါးများ မည်သို့ ကုန်စင်အောင် စားသုံးနိုင်ပါမည်နည်း။

“အာဟူ... ကန်ထဲကနေ ကုန်းပေါ်ကို ခုန်တက်နေတဲ့ ငါးတချို့ကို ကောက်ပြီးတော့ ရွာထဲက ဦးလေးတွေ၊ ဒေါ်ဒေါ်တွေကို သွားပေးလိုက်ဦး”

လင်းယန်သည် မြေပြင်ပေါ်တွင် တဖျပ်ဖျပ် ခုန်လွှားနေသော ငါးတစ်ကောင်အား မျက်နှာသေဖြင့် ကောက်ယူကာ ကန်ထဲသို့ ပြန်လည်ပစ်ထည့်လိုက်၏။

အကယ်၍ တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းကို မြင်တွေ့ပါက ကောင်းကင်မှ ငါးမိုးများ ရွာကျနေသည်ဟု ထင်မှတ်သွားကြလိမ့်မည်။

“ဪ... ဟုတ်ကဲ့ သူဌေး”

ရန်အာဟူသည် မြေပဲများ အခွံနွှာကာ ပါးစပ်ထဲသို့ တမြုံ့မြုံ့ဝါး၍ ထည့်ရင်း ဆိုသည်။

“ဒါနဲ့ သူဌေး... ဟို အွန်လိုင်းက သူငယ်ချင်းသုံးယောက်က ဒီနေ့ ရောက်လာကြလိမ့်မယ် ထင်တယ်၊ ကျွန်တော့်ရဲ့ ကုန်တင်ကားလေးနဲ့ သွားကြိုမလို့ စဉ်းစားထားတာကို သူတို့ဘာသာသူတို့ လာနိုင်တယ်လို့ ပြောနေကြတယ်”

လင်းယန်သည် ခေါင်းညိတ်ပြ၏။

“ဒါဆိုရင်လည်း သူတို့အဆင်ပြေသလိုပဲ ထားလိုက်ပါ၊ လမ်းခရီးတစ်လျှောက်က ရှုခင်းတွေကို သူတို့ဘာသာ ခံစားချင်လို့လည်း ဖြစ်နိုင်တာပဲ”

ယခင်က ချောင်ရှီးဖုန်းနှင့် ပါမောက္ခထန်တို့သည်လည်း ဤနေရာသို့ အငှားယာဉ်ဖြင့် လာရောက်ခဲ့ကြဖူးသည်။

ရှီးရွှေရွာသည် အလွန် အလှမ်းဝေးလှသဖြင့် အပိုဆောင်းငွေ ပေးဆောင်ရမည်။ ထိုသို့မပေးပါက မည်သည့်ယာဉ်များ လာမည်မဟုတ်ပေ။

“သူဌေး... ကျွန်တော်တို့ ရှီးရွှေရွာရဲ့ နောက်ကျောက တောင်ကြီးက တကယ်ပဲ နာမည်ကြီးနေတာလား”

ရန်အာဟူသည် စူးစမ်းလိုစိတ်ဖြင့် သူ၏လက်ကိုင်ဖုန်းကို လင်းယန်အား ပြသရင်း ဆိုသည်။

“ဒီမှာကြည့်ဦး၊ လောက်ရှန်းတောင် ဆိုတဲ့ဟာလေ၊ ဒါ ကျွန်တော်တို့ နောက်ဖေးက တောင်ကြီး မဟုတ်ဘူးလား၊ ဘလော့ဂါတွေက ဒါကို လည်ပတ်စရာနေရာတစ်ခုအနေနဲ့ တင်နေကြတာပဲ၊ သူတို့တွေ ရူးနေကြတာလားမသိဘူး”

လင်းယန်သည် ထိုဗီဒီယိုအား ကြည့်လိုက်မိသောအခါ နှုတ်ခမ်းများ တွန့်ကွေးသွားရ၏။

၎င်းတို့၏ ရှီးရွှေကျေးရွာသည် တောင်တန်းကြီးများကို မှီတွယ်တည်ရှိနေကာ အရပ်မျက်နှာအားလုံးတွင် တောင်တန်းများ ဝန်းရံထားသည်။

တောင်တစ်ခုကို ကျော်ဖြတ်ပြီးသည်နှင့် တစ်ဖက်တွင် အခြားသော တောင်တန်းများစွာ ရှိနေသေးသည်ကို တွေ့မြင်ရပေလိမ့်မည်။

လောက်ရှန်းတောင်သည်လည်း ထိုတောင်များထဲမှ တစ်ခု ဖြစ်၏။

၎င်းသည် လောက်ရှန်းမှ တာအိုဘုန်းကြီးများ မိန့်ကြားဖူးသော လောက်ရှန်းတောင်နှင့်မူ လုံးဝ သက်ဆိုင်ခြင်းမရှိချေ။

ထိုတောင်ကို လောက်ရှန်းတောင်ဟု အမည်ပေးရခြင်း အကြောင်းမှာ ထိုတောင်တစ်ခုလုံးတွင် ရုန်းပျက်စိမ့်ဓာတ်ငွေ့ များ ပြည့်နှက်နေသောကြောင့် ဖြစ်သည်ဟု လူကြီးသူမများ ပြောပြဖူးကြောင်း လင်းယန် သိရှိထားသည်။

ပတ်ဝန်းကျင်ရှိ ရွာသူရွာသားများသည် ထိုနယ်မြေထဲသို့ အလွယ်တကူ ခြေမချရဲကြဘဲ တောင်ခြေအနီးတွင် ထင်းခွေရန် သွားသည်။

လောက်ရှန်းတောင်တွင် တောရိုင်းတိရစ္ဆာန်များ ပေါများ၍ ထိုနေရာသို့ ဝင်ရောက်ခြင်းသည် သေတွင်းထဲ ဆင်းခြင်းနှင့် အတူတူဖြစ်ကြောင်း ပြောကြ၏။ လောက်ရှန်းတောင်သည် သစ်ပင်သစ်တောများ အလွန်တရာ ထူထပ်လှသဖြင့် နေရောင်ခြည်ပင် အနည်းငယ်မျှ ဖြတ်မဝင်ရောက်နိုင်ပေ။

ခြောက်ခြားဖွယ်ရာ ကောင်းခြင်းနှင့် ဆန်းကြယ်နက်နဲခြင်းတို့သည် ထိုလောက်ရှန်းတောင်၏ ဝိသေသလက္ခဏာများပင် ဖြစ်ကြသည်။

လင်းယန်သည် ရွာသို့ ပြန်လည်ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း လောက်ရှန်းတောင်သို့ ယခုထိ မသွားရောက်ဖူးသေးချေ။

အဘိုးဖြစ်သူ မှာကြားခဲ့ဖူးသော

“စူးစမ်းချင်စိတ် လွန်ကဲရင် ဘေးဒုက္ခကြုံတတ်တယ်”

ဟူသော စကားကို သူ အမြဲတမ်း နှလုံးသွင်းထားခဲ့၏။

ဤပတ်ဝန်းကျင်တွင်လည်ပတ်စရာနေရာများစွာ ရှိနေသည် မဟုတ်ပါလား။ ထိုနေရာသို့ မည်သည့်အတွက်ကြောင့် သွားရပါမည်နည်း။

“ဝါး... ဒီဗီဒီယိုက လိုက်ခ် ပေးတဲ့သူ ငါးသန်းကျော်တောင် ရှိနေပြီ၊ လူအများကြီးကလည်း လောက်ရှန်းတောင်ကို စွန့်စားခန်းသွားချင်ကြတယ်လို့ မှတ်ချက်တွေ ပေးနေကြတယ်၊ ကျွန်တော်တို့ ရှီးရွှေကျေးရွာလည်း ဒီရေပန်းစားမှုကို အခွင့်ကောင်းယူလို့ ရနိုင်မယ် ထင်တယ်”

လင်းယန်သည် တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်၏။

“သိပ်ပြီးတော့ စိတ်ကူးမယဉ်ပါနဲ့၊ အကယ်၍ သူတို့တွေ တကယ်ပဲ လောက်ရှန်းတောင်ကို သွားချင်တယ်ဆိုရင် တခြားတစ်ဖက်ကနေပဲ တက်ကြလိမ့်မယ်၊ ကျွန်တော်တို့ ရှီးရွှေကျေးရွာကို ဖြတ်ပြီး သွားကြမှာမဟုတ်ဘူး”

၎င်းတို့၏ ရှီးရွှေကျေးရွာနှင့် လောက်ရှန်းတောင်အကြားတွင် ကြီးမားလှသော တောင်ကြီးတစ်လုံး ခြားနားနေသည်။ လောက်ရှန်းတောင်အား စူးစမ်းလေ့လာရန်အတွက် ဤမျှလောက်အထိ ဒုက္ခခံပြီး မည်သူက ဖြတ်သန်းသွားပါမည်နည်း။

“ကဲပါ... ဒါတွေကို ဆက်ပြီး တွေးမနေနဲ့တော့၊ ဒါတွေက ငါတို့နဲ့ ဘာမှမဆိုင်ဘူး၊ မြန်မြန်ပဲ ငါးတွေကို သွားပို့လိုက်တော့”

မြေပြင်ပေါ်ရှိ ငါးများ မြင်ရသည့်အခါတိုင်း လင်းယန်သည် ခေါင်းကိုက်ရသည်။

တစ်ခါတစ်ရံတွင် အစားအစာများ ကုန်အောင် မစားနိုင်ခြင်းသည် ဆင်းရဲဒုက္ခတစ်မျိုး ဖြစ်၏။

ဟွမ်မောင်နှင့် ပိုင်မောင် ဟုခေါ်သော ကောင်လေးနှစ်ကောင်သည်လည်း ဤအချက်ကို ထောက်ခံကြလိမ့်မည်။

ထိုကောင်လေးနှစ်ကောင်သည် ယခင်က လင်းယန်၏ ငါးကန်သို့လာ၍ ငါးဖမ်းစားရသည်ကို အလွန်နှစ်သက်ခဲ့ကြသော်လည်း ယခုအခါတွင်မူ...။

ဖြူဖွေးသော အမွှေးအမျှင်ရှိသည့် ပိုင်မောင်သည် မြေပြင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းရင်း မိမိအရှေ့တွင် တဖျပ်ဖျပ် ခုန်လွှားကစားနေသော ငါးများအား စိတ်ဝင်စားမှုမရှိဘဲ ကြည့်ရှုနေသည်။

အဝါရောင်အမွှေးရှိသည့် ဟွမ်မောင်သည် ငါးတစ်ကောင်အား လက်ဝါးဖြင့် ဖိထားသော်လည်း ချက်ချင်းစားသောက်ရန် စိတ်မလောဘဲ စနောက်ကျီစယ်ရုံမျှသာ ပြုလုပ်နေ၏။

ကျားမကြီး၏ အစားအစာများတွင် လင်းယန်သည် ငါးအမြောက်အမြား ထည့်သွင်းပေးထားရသည်။

အခြားနည်းလမ်း မရှိတော့ချေ။

ငါးများမှာ အလွန်တရာ များပြားလွန်း၏။

“ဧည့်သည်တွေ ရောက်လာတာလား၊ အရှေ့ဘက်ကနေ အသံတချို့ ကြားလိုက်ရသလိုပဲ”

လင်းယန်သည် အိမ်ရှေ့သို့ ထွက်ကြည့်လိုက်သည်။

ထို့နောက်မှ ရောက်ရှိလာသူမှာ ညွှန်ကြားရေးမှူးလီနှင့်အတူ အလုပ်လုပ်နေသော ရှောင်ဝမ် ဖြစ်ကြောင်းသိသွား၏။

ဤတိရစ္ဆာန်ငယ်လေးများကို စောင့်ရှောက်ကတည်းက လင်းယန်နှင့် ရှောင်ဝမ်တို့သည် ရင်းနှီးကျွမ်းဝင်ခဲ့ကြခြင်း ဖြစ်သည်။

“မင်းက အိမ်နောက်မှာ ရှိနေတာကိုး၊ အားလုံးပဲ အပြင်သွားကြပြီလို့ ငါအောက်မေ့နေတာ”

ရှောင်ဝမ်သည် ပြုံးပြုံးဖြင့် ပြောဆို၏။

“ဒီနေ့ ငါလာတာက ကျားမကြီးရဲ့ အခြေအနေကို လာကြည့်တာပါ၊ သူ မင်းရဲ့အိမ်မှာ နေနေတာလည်း အတော်လေး ကြာပြီဆိုတော့ အဆင်ပြေတယ်ဆိုရင် သူ့ကို သဘာဝတောတောင်ထဲ ပြန်လွှတ်ဖို့က ညွှန်ကြားရေးမှူးလီရဲ့ စိတ်ကူးပဲလေ”

အရွယ်ရောက်ပြီးသား အရှေ့မြောက်ကျားကြီးတစ်ကောင်အား လင်းယန်၏အိမ်တွင် ထာဝရ နေထိုင်ခွင့်ပြုရန် မသင့်တော်ချေ။

ထို့ကြောင့် ၎င်းတို့သည် မနေ့ကပင် ဤကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြသေးသည်။

ကျားမကြီးသည် ဝင်းခြံအတွင်း၌ ၎င်း၏ ခြေလက်များကို ဆန့်တန်းလှုပ်ရှားနေ၏။

ကျားမကြီး၏ သဏ္ဌာန်မှာ ရှောင်ဝမ် ပထမဦးဆုံး မြင်တွေ့ခဲ့ရသည့် အချိန်ထက် များစွာ ကောင်းမွန်လာခဲ့ကာ မိမိ၏ စိတ်အထင်ကြောင့်ပင်လား မသိသော်လည်း ၎င်းသည် ကိုယ်အလေးချိန် တိုးလာသည်ဟု ခံစားရသည်။

တစ်ဖန် ပြန်လည်၍ ကိုယ်ဝန်လွယ်ထားသကဲ့သို့ ဖြစ်နေ၏။

“လင်းယန်... မင်းတို့အိမ်က အစားအသောက်တွေက တကယ်ကောင်းတာပဲ၊ အရှေ့မြောက်ကျားကြီးတောင် ဝဝလင်လင် စားနိုင်တယ်ဆိုတော့ ငါလည်း တစ်ရက်လောက် ထမင်းလာစားဖို့ အခွင့်အရေး ရှာရဦးမယ်”

ရှောင်ဝမ်၏ နောက်ပြောင်သော စကားကို ကြားရသောအခါ လင်းယန်သည် အနည်းငယ် ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။

“ဒါဆိုရင်တော့ ကျွန်တော့်ဘက်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမှာပေါ့”

“ဒါနဲ့... ဟို ရွှေလင်းယုန်ကြီးကိုကော တောထဲကို ပြန်လွှတ်လိုက်ပြီလား”

ရှောင်ဝမ်က ခေါင်းညိတ်ပြကာ ဆို၏။

“ငါတို့ သူ့ကို ကီလိုမီတာ တစ်ထောင်ကျော်လောက် ဝေးတဲ့ တောတောင်တွေဆီ ပို့လိုက်ပြီ၊ ဒီလောက်အထိ ဝေးဝေးကို ပို့လိုက်ရတာက လမ်းကြောင်းပြန်ရှာပြီး ပြန်ရောက်လာမှာ စိုးလို့လေ၊ ဒါပေမဲ့ အခုတော့ စိတ်ပူစရာမလိုတော့ပါဘူး၊ ဒီလောက်အထိ ဝေးကွာတဲ့ ခရီးဆိုတော့ ဘယ်လိုနည်းနဲ့မှ ပြန်ပျံလာနိုင်မှာ မဟုတ်တော့ဘူး”

လူသားများပင် လမ်းညွှန်စနစ် မပါဘဲ ကီလိုမီတာ တစ်ထောင်ကျော် ခရီးကို သွားရောက်ပါက လမ်းပျောက်နိုင်သည်ဖြစ်ရာ ရွှေလင်းယုန်တစ်ကောင်အဖို့မူ ဆိုဖွယ်ရာမရှိချေ။

လင်းယန်သည် သက်ပြင်းအေးတစ်ချက် ချလိုက်မိကာ ထိုဘိုးတော်ကြီး ထပ်မံရောက်ရှိလာမည်ကို အမှန်ပင် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

စကားဝိုင်းကို တစ်ချိန်လုံး ချောင်းမြောင်းနားထောင်နေသော ငန်းဖြူကြီးသည် သူ၏ ရဲဘော်ရဲဘက်ကြီး ပြန်မလာတော့ကြောင်း ကြားသိရသောအခါ ခေါင်းကို ငိုက်စိုက်ချလိုက်လေသည်။

“ဂွက် ဂွက် ဂွက်”

‘ငါ့ရဲ့ အစ်ကိုကြီးကို ဖျက်ဆီးလိုက်တာ ဒါပဲ ဖြစ်ရမယ်၊ ကီလိုမီတာ တစ်ထောင်ကျော်တောင်’

သူ့ရဲ့ အစ်ကိုကြီးကို မည်သို့သော နည်းလမ်းဖြင့် ရှာဖွေရပါမည်နည်း။

‘ငါ့ရဲ့ အော်ဟစ်သံကို အစ်ကိုကြီး ကြားနိုင်ပါရဲ့လား’

“ကွာ့ ကွာ့ ကွာ့”

ထိုအစ်ကိုကြီး ကြား၊ မကြားကိုမူ မသိရသော်လည်း လင်းယန် အသေအချာ ကြားလိုက်ရသည်။

လင်းယန်သည် ငန်းဖြူကြီး၏ မျက်နှာကို ရိုက်နှက်လိုက်ရင်း ငေါက်ငမ်းလိုက်၏။

“ငါ့အရှေ့မှာ လာပြီး မအော်နဲ့တော့၊ အသံဗလံတွေ အရမ်းညံနေတာ မင်းသိရဲ့လား”

ငန်းဖြူကြီးသည် အလွန်တရာ ဝမ်းနည်းသွားသည်။

ရှောင်ဝမ်သည် ငန်းဖြူကြီးအား အံ့ဩစွာ ကြည့်ရှုရင်း ဆိုကာ အားရပါးရ ရယ်မောသည်။

“လင်းယန်... မင်းရဲ့ ငန်းဖြူကြီးက လူလိုလို ဘာလိုလိုနဲ့ တခြားဘဲငန်းတွေနဲ့ မတူသလိုဘဲ၊ သူဘာတွေအော်နေလဲဆိုတာ ငါတို့မသိပေမဲ့ ငါတို့ကို တစ်ခုခု ပြောချင်နေတဲ့ ပုံစံမျိုးပဲ”

လင်းယန်သည် ပြော၏။

“ဒီကောင်က ရွှေလင်းယုန်ကြီးကို လွမ်းဆွတ်ပြီး သွားတွေ့ချင်နေတာလေ၊ ဘဲငန်းဖြူကြီးတစ်ကောင်နဲ့ ရွှေလင်းယုန်ကြီးတစ်ကောင် ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တည့်အောင် နေနိုင်ကြလဲဆိုတာ ငါလည်း တကယ်ပဲ စဉ်းစားလို့မရဘူး”

လင်းယန်နှင့် ရှောင်ဝမ်တို့ စကားလက်ဆုံကျနေစဉ်အတွင်း ကောင်းကင်ထက်ဆီမှ စူးရှလှသော အော်မြည်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ကျီးး”

အခန်း (၇၈)

ရွှေလင်းယုန်ကြီး ဟူဆန်းဟန်သည် နောက်ဆုံးတော့ ပြန်ရောက်လာခဲ့သည်၊၊

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မည်မျှပင် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့ကြောင်း မိုးနတ်မင်းကြီးသာ အသိဆုံး ဖြစ်မည်၊၊

‘ငါ့ကို ခရီးလိုက်ပို့မယ်လို့ ကတိပေးပြီးတော့ ဘယ်တော့ပြန်လာရမယ်ဆိုတာ ဘာလို့မပြောခဲ့တာလဲ၊ ဒီလူသားတွေဟာ တကယ်ပဲ ယုံကြည်လို့မရဘူး၊ သူတို့ကို ယုံကြည်မိတာ ငါ့အမှားပဲ’

ရွှေလင်းယုန်ကြီးသည် စိတ်ထဲတွင် ကြုံးဝါးနေမိသည်၊၊

ထိုမျှဝေးကွာလှသော ခရီးလမ်းမှ ပျံသန်းလာခဲ့ရသဖြင့် အချိန်များစွာ ကုန်လွန်ခဲ့ရသည်၊၊

ဤသို့ပျံ့သန်းရခြင်းသည် အမှန်တကယ် အားအင်ကုန်ခမ်းစေ၍ အလွန် မောပန်းလှသည်၊၊

မိမိနှင့် ရင်းနှီးကျွမ်းဝင်လှသော အိမ်ဝင်းကျယ်ကြီးအား လှမ်းမျှော်ကြည့်ရှု၍ ရွှေလင်းယုန်ကြီးသည် အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားရသည်၊၊

‘သွားပါပြီ၊ ထိုလူသားအတွက် လက်ဆောင်ယူလာဖို့ မေ့သွားပြီ’

ရွှေလင်းယုန်ကြီးသည် အိမ်ဝင်းအတွင်း တစ်ပတ် ပျံသန်းဝဲပြီးနောက် ထိုပြဿနာကို သတိပြုမိသည်၊၊

‘ဟင်၊ ဟိုဒါက ဘာလဲ’

ရွှေလင်းယုန်ကြီး၏ ထက်မြက်လှသော မျက်လုံးအစုံသည် မိမိနှင့် မျိုးနွယ်တူ ငှက်တစ်ကောင်အား ကောင်းကင်ယံထက်၌ လှမ်းမြင်လိုက်ရသည်၊၊

ထိုငှက်အား ဖမ်းဆီး၍ ထိုလူသားထံ လက်ဆောင်အဖြစ် ပေးအပ်ရမည်ဟု တွေးလိုက်သည်၊၊

လင်းယန်သည် ကောင်းကင်ယံ၌ ပျံသန်းဝဲနေသော ရွှေလင်းယုန်ကြီးအား ကြည့်လေလေ ပိုမိုရင်းနှီးလာလေလေသကဲ့သို့ ခံစားလာရသဖြင့် ရေရွတ်လိုက်မိသည်။

“ဒီဒေသမှာ ရွှေလင်းယုန်တွေ ဒီလောက်တောင် အောင်အောင်မြင်မြင် သားဖောက်နိုင်ကြလို့လား”

နိုင်ငံတော်၏ ပထမတန်းစား ကာကွယ်စောင့်ရှောက်ရေးစာရင်းဝင် ဖြစ်သည့် ဤကဲ့သို့သော သတ္တဝါများသည် သဘာဝအလျောက် အလွန်ပင် ရှားပါးလှသည်၊၊

သို့သော်လည်း လင်းယန်အဖို့ တစ်ပတ်အတွင်းတွင် နှစ်ကောင်တိုင်တိုင် မြင်တွေ့လိုက်ရသဖြင့် အလွန်ပင် ထူးဆန်းအံ့ဩမိသည်၊၊

လင်းယန်သာမက ရှောင်ဝမ် သည်လည်း အံ့အားသင့်သွားရကာ ဆိုသည်။

“မဖြစ်နိုင်တာ၊ အရင်က ရှီးရွှေရွာ အနီးအနားမှာ ရွှေလင်းယုန်ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး၊ ကြည့်ရတာ ထိုရွှေလင်းယုန်ရဲ့ ခြေသည်းတွေမှာ ခြေရာခံကိရိယာ တပ်ဆင်ထားပုံရတယ်”

“ယေဘုယျအားဖြင့် ပြောရရင်တော့ ကျွန်တော်တို့ သစ်တောရေးရာဦးစီးဌာနကနေ ဘေးမဲ့လွှတ်တဲ့ သတ္တဝါတွေကိုပဲ တစ်ဖက်က ကာကွယ်စောင့်ရှောက်ဖို့နဲ့ တစ်ဖက်ကလည်း သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့အတွက် ဒါမျိုးတပ်ဆင်လေ့ရှိတာ၊ ဒါဆို ဒီရွှေလင်းယုန်က ကျွန်တော်တို့ သစ်တောရေးရာဦးစီးဌာနက လွှတ်လိုက်တဲ့ကောင်များ ဖြစ်နေမလား”

ရှောင်ဝမ်သည် သေသေချာချာစဉ်းစားသော်လည်း သစ်တောရေးရာဦးစီးဌာနမှ ရွှေလင်းယုန်တစ်ကောင်အား ဘေးမဲ့လွှတ်ခဲ့ဖူးသည့် အချိန်အား မည်သို့မျှ စဉ်းစား၍မရနိုင်ပေ၊၊

အကြောင်းမူကား ရွှေလင်းယုန်ဆိုသည်မှာ သဘာဝရိုင်းစိုင်းသည့် စိတ်ရိုင်းသွေး အပြည့်ရှိသော သတ္တဝါများ ဖြစ်သည်၊၊

၎င်းတို့သည် လူသားများနှင့် ထိတွေ့ဆက်ဆံလေ့ မရှိကြသဖြင့် ၎င်းတို့အား ဘေးမဲ့လွှတ်ရန်မှာ သူတို့နှင့် မသက်ဆိုင်သကဲ့သို့ ရှိနေသည်၊၊

ထိုစဉ် ရှောင်ဝမ်သည် လွန်ခဲ့သော နှစ်ရက်ခန့်က ကီလိုမီတာ တစ်ထောင်ကျော် ဝေးကွာသော အရပ်ဒေသသို့ မိမိကိုယ်တိုင် သွားရောက်ပို့ဆောင်ခဲ့ရသည့် ရွှေလင်းယုန်ကြီးအား ရုတ်တရက် သတိရမိကာ တစ်ကိုယ်လုံး တောင့်တင်းအံ့ဩသွားကာ တွေးမိသည်။

“ဒီကောင်ကြီးက ထိုအရှင်သခင်ကြီးများ ဖြစ်နေမလား”

ဤနေရာသည် ကီလိုမီတာ တစ်ထောင်ကျော် ဝေးကွာလှသော ရှီးရွှေရွာ ဖြစ်သည်၊၊ ရွှေလင်းယုန်ကြီးသည် မည်မျှပင် စွမ်းဆောင်ရည် ထက်မြက်သည်ဖြစ်စေ ဤလမ်းခရီးအား ရှာဖွေနိုင်လိမ့်မည် မဟုတ်ကြောင်း တွေးမိသော်လည်း ရှောင်ဝမ်သည် မကောင်းသော အတိတ်နိမိတ်အား ခံစားလိုက်ရသဖြင့် မိမိ၏အကောင့်ထဲသို့ အလျင်အမြန်ဝင်ရောက်ကာ ရွှေလင်းယုန်ကြီး၏ တည်နေရာ နောက်ခံအချက်အလက်အား စစ်ဆေးကြည့်ရှုလိုက်သည်၊၊

ထိုအခါ ရွှေလင်းယုန်ကြီးသည် အမှန်တကယ် အနီးအနား၌ ရှိနေကြောင်း သိရှိသွားရသဖြင့် နှုတ်ခမ်းများ တုန်လှုပ်ခြောက်သွေ့သွားကာ ပြောလိုက်သည်။

“လင်းယန်... ဒီရွှေလင်းယုန်ကြီးက လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော်တို့ တွေ့ခဲ့တဲ့ကောင်နဲ့ တပုံစံတည်းပဲဗျ”

လင်းယန်သည် မယုံကြည်နိုင်လောက်အောင် ဖြစ်ကာ မေးမြန်းသည်။

“မင်းပဲ ထိုရွှေလင်းယုန်ကို ကီလိုမီတာ တစ်ထောင်ကျော် ဝေးတဲ့နေရာကို ပို့လိုက်ပြီဆို၊ ဘယ်လိုဖြစ်ပြီး ပြန်ခေါ်လာတာလဲ”

“ကျွန်တော်တို့ ပြန်ခေါ်လာတာ မဟုတ်ဘူးဗျ၊ အချက်အလက်တွေအရ ဆိုရင်တော့ သူက သုံးရက်တိုင်တိုင် ဒီကိုပျံပြီး ပြန်လာခဲ့တာ”

“ဘာကြီး”

ထိုစကားကို ကြားရသောအခါ လင်းယန်သည် အမှန်တကယ် ထိတ်လန့်တုန်လှုပ်သွားကာ ရေရွတ်မိသည်။

“ရွှေလင်းယုန်တွေမှာ တကယ်ပဲ ဒီလိုစွမ်းရည်မျိုး ရှိကြတာလား”

ရွှေလင်းယုန်ကြီးသည် မည်မျှပင် ခွန်အားဗလနှင့် ပြည့်စုံသည်ဖြစ်စေ လမ်းခရီးကို မည်သို့ သိရှိနိုင်ပါမည်နည်း၊၊

ရှောင်ဝမ်သည် ထိုအရာအား မည်သို့မျှ အဖြေရှာမရနိုင်ပေ။

ရန်အာဟူသည် အနည်းငယ် စိတ်လှုပ်ရှားသွားကာ

“ဒါကတော့ တကယ်ကို အံ့ဩစရာပဲဟေ့၊ ဒါဟာ ရွှေလင်းယုန်တွေက တိုက်လေယာဉ်များလားဘဲ၊ ကီလိုမီတာ တစ်ထောင်ကျော် ဝေးတဲ့နေရာကနေ ပျံသန်းလာနိုင်တယ် ဟုတ်လား၊ ဒါဟာ ငန်းဖြူကြီးနဲ့ ရှိတဲ့ ညီအစ်ကိုသံယောဇဉ်ကြောင့်များလား”

ရန်အာဟူသည် စိတ်လှုပ်ရှားနေသော ငန်းဖြူကြီးအား လှမ်းကြည့်၍ ဆိုသည်။

“မင်းရဲ့ အစ်ကိုကြီးက ဒီလောက်တောင် စွမ်းလိမ့်မယ်လို့ ငါမထင်ထားမိဘူး”

ငန်းဖြူကြီးသည်လည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် အော်မြည်သည်။

“ဂါးဂါး... ဂါးဂါး”

၎င်း၏အစ်ကိုကြီးသည် မည်သို့လျှင် မစွမ်းဘဲ ရှိပါမည်နည်း၊၊ ထိုကောင်သည် ၎င်း၏အစ်ကိုကြီး အရင်းခေါက်ခေါက် ဖြစ်သည်၊၊

ယခုအချိန်မှစ၍ အစ်ကိုကြီး၏ အကာအကွယ်ကို ရရှိတော့မည်ဖြစ်ရာ တစ်ရွာလုံးတွင် မည်သူ့ကိုမျှ ကြောက်ရွံ့စရာမလိုဘဲ လွတ်လပ်စွာ သွားလာနိုင်တော့မည် ဖြစ်သည်၊၊

ငန်းဖြူကြီးအား မည်သူ ရန်စသည်ကို စောင့်ကြည့်ရမည်၊၊

လင်းယန်သည် မိုးကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရာ ရွှေလင်းယုန်ကြီးသည် တိကျသော ဦးတည်ချက်တစ်ခုသို့ ပျံသန်းနေသည်အား မြင်တွေ့ရသည်၊၊

၎င်းသည် လျင်မြန်ဆန်၍ တိကျသော လှုပ်ရှားမှုများဖြင့် ကောင်းကင်ယံထက်ရှိ အခြားသော ငှက်တစ်ကောင်ကို ဖမ်းဆီးလိုက်ကာ ၎င်းတို့ရှိရာသို့ ဦးတည်ပျံသန်းလာခဲ့သည်၊၊

“နေပါဦး... ထိုရွှေလင်းယုန် ဖမ်းလာတဲ့အကောင်က ကြည့်ရတာ တစ်ခုခုနဲ့ ရင်းနှီးနေသလိုပဲ”

လင်းယန်၏ မျက်လုံးသူငယ်အိမ်သည် ရုတ်တရက် ကျုံ့ဝင်သွားကာ စိတ်ထဲတွင် မကောင်းသော အကြားအမြင်တစ်ခု ပေါ်ပေါက်လာသည်၊၊

ရှောင်ဝမ်သည် မျက်မှောင်ကုပ်ကာ သေချာ ကြည့်၍ ဆိုသည်။

“မှောင်မှောင်မည်းမည်း အမွှေးအတောင်တွေ... ကြည့်ရတာ သိန်းငှက်ဖြူ နဲ့ တူတယ် မဟုတ်လား”

လင်းယန်သည် အမှန်တကယ် မည်သို့ပြောရမှန်း မသိအောင် ဖြစ်သည်၊၊

ထိုကောင်ကြီးသည် ပြန်ရောက်လာသော်လည်း ရောက်ရောက်ချင်း အဘယ်ကြောင့် အနီးအနားရှိ သိန်းငှက်ဖြူတစ်ကောင်ကို ဖမ်းဆီးရသနည်း၊၊

သိန်းငှက်ဖြူသည် သိန်းငှက်မျိုးနွယ်စုတွင် ပါဝင်သော ငှက်တစ်မျိုး ဖြစ်ကာ စွန်ရဲကြီး ဟုလည်း ခေါ်ဆိုနိုင်ပါသည်၊၊

ထိုအကောင်သည် လက်ရှိတွင် တရုတ်နိုင်ငံ၏ ပထမတန်းစား ကာကွယ်စောင့်ရှောက်ရေး သားရဲတိရစ္ဆာန် ဖြစ်သည်၊၊

ဤကောင်ကြီးသည် အဘယ်ကြောင့် ကာကွယ်စောင့်ရှောက်ရေး တိရစ္ဆာန်များကိုသာ လိုက်လံဖမ်းဆီးနေရသနည်း၊၊ မည်သို့သော အငြိုးအတေးများ ရှိနေ၍နည်း၊၊

၎င်းအား အမှန်တကယ် အကျဉ်းထောင်ထဲသို့ ပို့ဆောင်စေချင်နေ၍လား။ လင်းယန်သည် ရုတ်တရက် အလွန်အမင်း အားအင်ကုန်ခမ်း သွားရသကဲ့သို့ ခံစားလိုက်ရသည်၊၊

ဤရွှေလင်းယုန်ကြီးသည် မိမိ၏ နေရာကို လုယူရန် ကြိုးပမ်းနေခြင်းများ ဖြစ်နေမလား။ ကီလိုမီတာ တစ်ထောင်ကျော် ဝေးကွာသော အရပ်သို့ ပို့ဆောင်ထားပါသော်လည်း မူလလမ်းကြောင်းအတိုင်း ပြန်လည်ရောက်ရှိလာနိုင်သည်၊၊

မိမိတွင် ရှိသမျှ အစွမ်းအစများနှင့် နည်းလမ်းများ အားလုံး ကုန်ဆုံးသွားသကဲ့သို့ လင်းယန် ခံစားလိုက်ရလေသည်၊၊

“ကျိန်း... ကျိန်း”

ရွှေလင်းယုန်ကြီးသည် မိမိကိုယ်မိမိ အလွန်ပင် ယဉ်ကျေးသိမ်မွေ့သည်ဟု ထင်မှတ်ကာ မိမိဖမ်းဆီးလာသော သိန်းငှက်ဖြူအား လင်းယန်၏ ရှေ့မှောက်သို့ ချပေးလိုက်သည်၊၊

‘ငါယူလာတဲ့ ခရီးဆောင်လက်ဆောင်ကို မင်းသဘောကျရဲ့လား၊ သဘောကျတယ်ဆိုရင် ငါ့ကို မြိန်ရှက်လှတဲ့ အစားအစာတစ်ခုခု လုပ်ပေးပါလား၊ ဒီလောက်အဝေးကြီးကို တောက်လျှောက်ပျံလာရတာ ငါတကယ် ပင်ပန်းနေပြီ’

ပြောလိုဟန် ရှိချေသည်၊၊

မြေပြင်ပေါ်တွင် မလှုပ်မယှက် ရှိနေသော သိန်းငှက်ဖြူအား ကြည့်ရှု၍ လင်းယန်သည် နောက်ဆုံးတော့ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားကာ ရေရွတ်လိုက်သည်။

“နေဦး... ဒီသိန်းငှက်ဖြူက အတုကြီး ထင်တယ်”

လင်းယန်သည် ထိုသိန်းငှက်ဖြူအား ဂရုတစိုက် ကောက်ယူကြည့်လိုက်ရာ ထိုအရာသည် သိန်းငှက်ဖြူအယောင်ဆောင်ထားသော ဒရုန်း တစ်စင်းဖြစ်ကြောင်း သိရှိသွားသည်၊၊

“ဒရုန်းကြီးလား”

လင်းယန်နှင့် ရှောင်ဝမ်တို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် ဝေခွဲမရမှုများကို မြင်တွေ့လိုက်ရသည်၊၊

ရှောင်ဝမ်၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း တည်ကြည်လေးနက်သွားကာ ဆိုသည်။

“ဒီဒရုန်းကို ငှက်ရဲ့ ခန္ဓာကိုယ်အကြွင်းအကျန် သဘာဝရုပ်တုနဲ့ ပြုလုပ်ထားတာပဲ၊ အကယ်၍ ကျွန်တော်တို့ လက်ထဲကို ရောက်မလာဘူးဆိုရင် ကောင်းကင်ထက်မှာ ပျံသန်းနေတုန်း အစစ်နဲ့ အတုကို ဘယ်လိုမှ ခွဲခြားနိုင်မှာ မဟုတ်ဘူး”

“ ကျွန်တော် အရင်က ညွှန်ကြားရေးမှူးလီ ပြောဖူးတာ ကြားဖူးတယ်၊ အမေရိကန်ပြည်ထောင်စုက ဒီလိုနယ်ပယ်မျိုးမှာ သုတေသနတွေ ပြုလုပ်နေတယ်ဆိုတာ၊ ဒါကြောင့် ဒီအရာကို ဘယ်နေရာမှာ အသုံးပြုတယ်ဆိုတာ မပြောဘဲနဲ့ သိနိုင်ပါတယ်”

လင်းယန်သည် နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်မိသည်၊၊

ထိုအယောင်ဆောင်မှုသည် အလွန်ပင် လက်ရာမြောက်လှသဖြင့် ၎င်းသည် သူလျှိုလုပ်ငန်းနှင့် ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရန်အတွက် အသုံးပြုခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်၊၊

၎င်းတို့သည် ဤအရာအား မတော်တဆ ရှာဖွေတွေ့ရှိလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ၊၊

“ဒါက ကိစ္စသေးသေးလေးမဟုတ်ဘူး၊ အရင်ဆုံး ဒီဒရုန်းက ဘာတွေကို ရိုက်ကူးသွားလဲဆိုတာနဲ့ အချက်အလက်တွေကို ပေးပို့သွားခြင်း ရှိ၊ မရှိ ဆိုတာကို ကြည့်ရမယ်”

ဒရုန်းကို အချိန်အတော်ကြာ စစ်ဆေးပြီးနောက် လင်းယန်သည် နောက်ဆုံးတွင် မန်မိုရီကဒ် တစ်ခုကို ထုတ်ယူနိုင်ခဲ့သည်၊၊

ထိုကတ်အား မိမိ၏ လက်ကိုင်ဖုန်းအတွင်းသို့ ထည့်သွင်းကြည့်ရှုလိုက်သောအခါ ထိုဒရုန်းသည် အဓိက ကာကွယ်စောင့်ရှောက်ရေး နယ်မြေများကို မှတ်တမ်းတင် ရိုက်ကူးထားကြောင်း တွေ့ရှိသွားသည်၊၊

ထိုအဓိက ကာကွယ်စောင့်ရှောက်ရေး နယ်မြေများသို့ သစ်တောရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် လွယ်ကူစွာ ဝင်ရောက်ခွင့်မရှိဘဲ ဝင်ရောက်လိုတိုင်း အထက်လူကြီးများထံသို့ လျှောက်လွှာတင်ပြရသည့် နေရာများ ဖြစ်ကြသည်၊၊

ရှောင်ဝမ်သည် ထိုအရာအား မြင်သောအခါ ဆွံ့အသွား၍ လက်သီး တင်းတင်းဆုပ်ကာ ဆိုသည်။

“ရဲကို ဖုန်းဆက်ရမယ်၊ ဒီလိုကိစ္စမျိုးကို ရဲတပ်ဖွဲ့ထံ ချက်ချင်း အကြောင်းကြားရမယ်၊ ဒါဟာ ကျွန်တော်တို့ သစ်တောရေးရာဦးစီးဌာနက ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်သွားပြီ”

ဤသူလျှိုဒရုန်းသည် မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မသိရှိရသေးသော်လည်း ၎င်းတို့သည် မည်သည့်နေရာမှ လာသည်ဖြစ်စေ ယခုအခါ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာအား ထိပါးစော်ကားလိုက်ပြီ ဖြစ်သည်၊၊

မိမိတို့အနေဖြင့် ဤအရာအား လုံးဝ သည်းခံခွင့်မရှိပေ၊၊

ဤကိစ္စအား အသေအချာ စုံစမ်းစစ်ဆေးရမည်၊၊

လင်းယန်သည် ချက်ချင်းပင် ဖုန်းထုတ်ယူ၍ ရဲတပ်ဖွဲ့ထံသို့ ဆက်သွယ်ကာ ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းလင်းပြောကြားလိုက်သည်၊၊ ရဲတပ်ဖွဲ့သည် ဤကိစ္စကို အလွန်ပင် အလေးအနက်ထားရှိသဖြင့် တစ်နာရီခန့်အကြာတွင် လင်းယန်၏ အိမ်ဝင်းတံခါးဝသို့ ရဲကားနှစ်စင်း ဆိုက်ရောက်လာခဲ့သည်၊၊

လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး၊ ရှစ်ဦးခန့်သည် ကားပေါ်မှ ဆင်းသက်လာကြပြီးကာ မေးသည်။

“ခွင့်ပြုပါဦး၊ ဒါ ရဲဘော် လင်းယန်ရဲ့ အိမ်ပါလား”

လင်းယန်သည် ရှေ့သို့ လှမ်းကာဆိုသည်။

“ကျွန်တော် လင်းယန် ပါ”

“မင်္ဂလာပါ၊ ကျွန်တော်ကတော့ နိုင်ငံတော်လုံခြုံရေးဌာန တောင်တန်းမြို့ခွဲ ရဲ့ တတိယတပ်ဖွဲ့စုခွဲမှူး ရှောက်ကျိန့်ယွမ် ဖြစ်ပါတယ်၊ ကျွန်တော်တို့ အခြေအနေကို ယေဘုယျအားဖြင့် နားလည်ထားပြီးပါပြီ၊ အခု ဒရုန်းက အခု ဘယ်မှာလဲ”

လင်းယန်သည် ဒရုန်းအား တစ်ဖက်လူထံသို့ ကမ်းပေးလိုက်ကာ ပြောကြားသည်။

“ကျွန်တော်တို့ ဒီဒရုန်းထဲက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို စစ်ဆေးကြည့်ပြီးပါပြီ၊ အရင်က သိရှိထားတဲ့ ဗဟုသုတတွေအရ ဆိုရင်တော့ ဒီဒရုန်းဟာ သတင်းအချက်အလက်တွေ စုဆောင်းဖို့အတွက် ငှက်အသွင် တမင်တကာ ဖန်တီးထားတဲ့ သူလျှိုဒရုန်းတစ်စင်း ဖြစ်တယ်လို့ သံသယရှိပါတယ်”

ရှောက်ကျိန့်ယွမ်က ခေါင်းညိတ်ကာ ပြောသည်။

“မင်းတို့ရဲ့ သံသယဟာ ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်၊ ဒါနဲ့ ဒီဒရုန်းကို ဘယ်သူက အရင်ဆုံး စတင်တွေ့ရှိခဲ့တာလဲဆိုတာ ကျွန်တော်တို့ကို တစ်ချက်လောက် ပြန်ပြောပြပေးနိုင်မလား”

ရန်အာဟူသည် အနီးအနားတွင် ဝိဉာဉ်စမ်းရေအား သောက်သုံးနေသော ရွှေလင်းယုန်ကြီးအား လက်ညှိုးထိုးပြကာ သွက်လက်စွာဖြေလိုက်သည်။

“ဒီရွှေလင်းယုန်ကြီးက စတွေ့ခဲ့တာပါ”

“ဟင်”

ရှောက်ကျိန့်ယွမ်သည် ဇဝေဇဝါဖြစ်သွားရကာ ဆိုသည်။

“ဒီရွှေလင်းယုန်ကြီးက ဟုတ်လား”

ရန်အာဟူသည် ဖြစ်ပျက်ခဲ့သမျှ ဇာတ်ကြောင်းအလုံးစုံ ၎င်းတို့အား ပြန်လည်ရှင်းပြလိုက်သည်၊၊

ထိုအခါ ရှောက်ကျိန့်ယွမ်သည် အံ့ဩတုန်လှုပ်သွားကာ မေးသည်။

“ဒါဆို... ငှက်အသွင် ဆောင်ထားတဲ့ ဒီဒရုန်းကို ကောင်းကင်ယံထက်ကနေ ဒီရွှေလင်းယုန်ကြီးက အမှန်တကယ်ပဲ လိုက်လံဖမ်းဆီးချပစ်ခဲ့တာပေါ့”

လင်းယန်သည် ခေါင်းညိတ်၍ ဖြေသည်။

“ဟုတ်ပါတယ်”

ရှောက်ကျိန့်ယွမ်သည် ဒရုန်းနှင့် မန်မိုရီကတ်ကို မိမိ၏နောက်ကွယ်ရှိ နည်းပညာရှင်များထံသို့ လွှဲအပ်လိုက်သည်၊၊ ထိုအချက်အလက်များ နှိုင်းယှဉ်စစ်ဆေးစေကာ လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း ရှိ၊ မရှိ စစ်ဆေးခိုင်းလိုက်သည်၊၊

“ဒီရွှေလင်းယုန်ကြီးကတော့ တကယ်ကို အရေးပါတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ပေးခဲ့တာပဲ၊ သူသာ မရှိရင် ဒီဒရုန်းဟာ အနီးအနားမှာ အချိန်အတော်ကြာအောင် ပျံသန်းနေပေမယ့် ကျွန်တော်တို့ သတိပြုမိမှာ မဟုတ်ဘူး”

ရှောက်ကျိန့်ယွမ်၏ မျက်နှာသည် တည်ကြည်လေးနက်နေသည်၊၊ ဤကိစ္စသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များနှင့် သက်ဆိုင်နေသဖြင့် အလွန် အရေးကြီးသည်၊၊

All Chapters