← Chapters

အခန်း (၄၅၃-၄၅၄)

Vol. 46 Ch. 453-454

အခန်း (၄၅၃-၄၅၄)

Vol. 46 Ch. 453-454

အခန်း (၄၅၃) - အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စု၏ ဘုန်းကျက်သရေကို ပြန်လည်ရယူပေးခြင်း(၂)

အမြီးကိုးချောင်းဝိညာဉ်မြေခွေး၏ အရိုးစုရှေ့သို့ ရောက်ရှိလာသောအခါ ရှင်းရှင်းနှင့် သူမ၏ သမီးဖြစ်သူက ဝူယွမ်၏လက်ကို လွှတ်လိုက်ကြပြီးနောက် အရိုးစုရှေ့တွင် ရိုသေစွာ ဒူးထောက်လိုက်ကြသည်။

သူတို့က သူတို့၏ လက်များကို ထူးခြားသော ဘိုးဘေးကန်တော့ခြင်း ကိုယ်ဟန်အနေအထားဖြင့် ထားရှိလိုက်ကြရာ သူတို့၏ အနောက်တွင် သဘာဝအတိုင်း အမွေးပွပွမြေခွေးအမြီးများ ထွက်ပေါ်လာသည်။ ရှင်းချင်တွင် အမြီးသုံးချောင်းရှိပြီး ရှင်းရှင်းတွင် ခြောက်ချောင်းရှိသည်။

အမြီးကိုးချောင်းလုံးက ဝူယွမ်ဘက်သို့ မျက်နှာမူကာ လှုပ်ယမ်းနေသဖြင့် အလွန်တရာ ဆွဲဆောင်မှုရှိသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ရှင်းရှင်းနှင့် ရှင်းချင်တို့ ထိုထူးခြားသော ကိုယ်ဟန်အနေအထားကို ယူလိုက်သည်နှင့်တစ်ပြိုင်နက် အမြီးကိုးချောင်းဝိညာဉ်မြေခွေး၏ အရိုးစုပါးစပ်မှ ရှေးကျပြီး အထီးကျန်ဆန်သော လွမ်းချင်းသီချင်းတစ်ပုဒ် ညည်းညူသံ ထွက်ပေါ်လာသည်။

ရှေးဟောင်းသီချင်းသံက ဤလေဟာနယ်အတွင်း ပဲ့တင်ထပ်သွားရာ ဤအခိုက်အတန့်တွင် သူတို့ ရှေးဟောင်းခေတ်သို့ အိပ်မက်ပြန်မက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤနေရာရှိ ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်များမှာ သိသိသာသာ လှိုင်းထသွားသည်။

ရုတ်တရက် အမြီးကိုးချောင်း ဝိညာဉ်မြေခွေး၏ အရိုးစုပေါ်တွင် သွေးရောင်အလင်းစက်များ စုစည်းလာပြီးနောက် ထိုသွေးရောင်အလင်းစက်များက လူသားပုံသဏ္ဌာန်တစ်ခုအဖြစ် စုစည်းသွား၏။

တောက်ပမှုများ မှေးမှိန်သွားသောအခါ ပြိုင်ဘက်ကင်းလှပသော အမျိုးသမီးအလင်းပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုအမျိုးသမီးမှာ ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အသွင်အပြင်မှာ အလွန်တရာ ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည်။ သူမ၏ လက်ဟန်ခြေဟန်နှင့် ညုတုတုအပြုံးတိုင်းက ကောင်းကင်နှင့် မြေကြီးကိုပင် မှေးမှိန်သွားစေပုံရသည်။

ရှင်းရှင်းနှင့် ရှင်းချင်တို့သည် ပြိုင်ဘက်ကင်းလောက်အောင် လှပဆွဲဆောင်မှုရှိသော အလင်းပုံရိပ်ကို စိုက်ကြည့်လိုက်ကြရာ သူတို့၏ လှပသော မျက်လုံးများမှ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာပြီး အသံနိမ့်နိမ့်ဖြင့် ပြိုင်တူရေရွတ်လိုက်ကြသည်။

“ဘိုးဘေး”

အလင်းပုံရိပ်အမျိုးသမီးက အောက်တွင် ရှိနေသော ရှင်းချင်နှင့် ရှင်းရှင်းကို ညင်သာစွာ ကြည့်လိုက်ပြီးနောက် သူမ၏ သွယ်လျပြီး ဖြူဖွေးသော ကျောက်စိမ်းလက်လေးကို ထိုနှစ်ဦးဆီသို့ ညင်သာစွာ ဆန့်ထုတ်လိုက်သည်။

“ငါ့ရဲ့ မျိုးနွယ်ဝင်တွေ၊ မင်းတို့ နောက်ဆုံးတော့ ငါ့ဆီကို ရောက်လာကြပြီပဲ၊ ငါ့ရဲ့ အမွေအနှစ်ကို လက်ခံလိုက်ကြပါ၊ မင်းတို့ကို ငါစောင့်နေတာ ကြာပါပြီ”

သူမ၏ နူးညံ့သော အသံက အံ့မခန်း ဆွဲဆောင်မှုကို ထုတ်လွှတ်နေသည်။ ရှင်းရှင်းနှင့် ရှင်းချင်တို့၏ မျက်လုံးများ တွေဝေသွားကြပြီး သူတို့က အလင်းပုံရိပ် အမျိုးသမီး၏ လက်ဖဝါးကို ထိတွေ့လိုသဖြင့် မသိမသာ သူတို့၏ လက်များကို ဆန့်ထုတ်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ဝူယွမ်သည် သူ၏ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်ပြီး ၎င်းကို ဧရာမ လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲကာ အလင်းပုံရိပ်အမျိုးသမီး၏ လက်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ကာ တားဆီးလိုက်သည်။

“မင်း ဘာလုပ်တာလဲ၊ မင်းက ငါတို့ မျိုးနွယ်စုဝင် မဟုတ်ဘူး”

ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော အမျိုးသမီးက ဝူယွမ်ကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် သူမ၏ လေသံက ချက်ချင်း အေးစက်သွားသည်။

“ငါ့ရဲ့ မျိုးနွယ်ဝင်တွေ၊ မင်းတို့ ငါ့ရဲ့ အမြီးကိုးချောင်း မျိုးနွယ်စုရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကိုတောင် မေ့သွားကြပြီလား၊ ဘိုးဘေးဝိညာဉ်ခန်းမဆောင်ထဲကို လူသားတစ်ယောက် ခေါ်လာရဲတယ်ပေါ့”

ရှင်းရှင်းနှင့် ရှင်းချင်တို့သည် ဝူယွမ်ကို မျက်လုံးများထဲတွင် တွေဝေမှုများ၊ လေးနက်သော မျက်နှာအမူအရာများဖြင့် ကြည့်လိုက်ကြပြီး ရှင်းရှင်းက အလောတကြီး မေးခွန်းထုတ်သည်။

“သခင်ကြီးဝူယွမ်၊ ဘာလို့ ကျွန်မတို့ ဘိုးဘေးကို ရှင်တိုက်ခိုက်ရတာလဲ”

ဝူယွမ်က ထိုအမျိုးသမီးကို စိုက်ကြည့်ကာ အေးတိအေးစက် လှောင်ပြောင်လိုက်သည်။

“သူမက မင်းတို့ဘိုးဘေး မဟုတ်ဘူး”

ရှင်းရှင်းက မယုံကြည်နိုင်စွာဖြင့် ပြန်လည်တုံ့ပြန်သည်။

“ဒါပေမယ့် သူမဆီကနေ ငါတို့နဲ့ တူညီတဲ့ သွေးမျိုးဆက်ခံစားချက်ကို ငါ တကယ်ခံစားရတယ်”

ဝူယွမ်က ရှင်းရှင်းကို ပြန်မဖြေတော့ဘဲ ဆွဲဆောင်မှုရှိသော အမျိုးသမီးအလင်းပုံရိပ်ကိုသာ စိုက်ကြည့်ကာ အချက်ကျကျ ထိုးနှက်လိုက်သည်။

“မင်းက ဘယ်ကမ္ဘာခြားနတ်ဆိုးဘုရင်လဲ လူကြီးမင်း၊ မင်းရဲ့ စစ်မှန်တဲ့ ရုပ်ဆိုးလှတဲ့ပုံစံကို ပြစမ်းပါ၊ အမြီးကိုးချောင်းဝိညာဉ်မြေခွေးအဖြစ် ဟန်မဆောင်ပါနဲ့၊ မင်းတို့ ကမ္ဘာခြားနတ်ဆိုးမျိုးနွယ်စုက အရမ်းရုပ်ဆိုးလွန်းလို့ အမြီးကိုးချောင်း ဝိညာဉ်မြေခွေးရဲ့ သန့်စင်တဲ့ အလှအပကို ညစ်ညမ်းစေတယ်”

ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ပြန်လည်မေးမြန်းသည်။

“မင်းက ဘယ်သူလဲ၊ ငါ့ရဲ့ သန့်ရှင်းသော မျိုးနွယ်စု တည်ရှိမှုကို မင်း ဘယ်လိုသိတာလဲ”

ဝူယွမ်က အေးအေးလူလူပင် ပြုံးလိုက်သည်။

“ငါလား၊ ငါက မင်းတို့ သန့်ရှင်းသော မျိုးနွယ်စုက လူတွေကို အထူးသုတ်သင်ပေးတဲ့သူပဲ၊ မင်းတို့ သန့်ရှင်းသောမျိုးနွယ်စုရဲ့ သေမင်းတမန်ပေါ့”

ယခု ကမ္ဘာခြားနတ်ဆိုးတစ်ကောင်နှင့် တွေ့ဆုံရသဖြင့် သူ စိတ်သက်သာရာရသွားသည်။

“ကြွား၀ါတဲ့ စကားလုံးတွေပဲ၊ မင်း တစ်ယောက်တည်းနဲ့ ငါ့ကိုယှဉ်နိုင်မယ် ဟုတ်လား၊ ကိစ္စတွေက နည်းနည်းမျှော်လင့်မထားတာမျိုး ဖြစ်သွားပေမယ့် မင်း အတင်းဝင်လာပြီဆိုမှတော့ သူတို့နဲ့အတူ ဒီမှာပဲ မြေမြှုပ်ခံလိုက်တော့”

အလင်းပုံရိပ်အမျိုးသမီးက လှောင်ပြောင်လိုက်ပြီးနောက် ကျောက်စိမ်းလက်ကို တင်းတင်းဆုပ်လိုက်သည်။

သွေးရောင်ပင်လယ်ကြီးက ရုတ်တရက် ပြင်းပြင်းထန်ထန် ဆူပွက်လာပြီးနောက် ဆက်တိုက်ဆိုသလို ရေပန်းထွက်သံများနှင့်အတူ ရေတွက်၍မရနိုင်သော သွေးရောင် သံကြိုးများ သွေးရောင် ပင်လယ်အတွင်းမှ ဟိန်းဟောက်ထွက်ပေါ်လာကာ ဝူယွမ်ဆီသို့ လျှပ်စီးပမာ ပြေးဝင်လာလေသည်။

ဝူယွမ်က ဂရုမစိုက်စွာဖြင့် ဝေဖန်လိုက်သည်။

“ကမ္ဘာခြားနတ်ဆိုးဘုရင်တစ်ပါးအနေနဲ့ မင်းက အနည်းငယ် အားနည်းလွန်းတယ်”

ချက်ချင်းပင် သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ ကစဉ်ကလျားသန္ဓေသားက လည်ပတ်သွားပြီး ၎င်းအပေါ်ရှိ ဘိုးဘေးအဆောင်ခြောက်ခု၏ ရူန်းသင်္ကေတများ လင်းလက်သွားကာ သူ၏ မျက်ခုံးနှစ်ခုကြားမှ အလင်းတန်းခြောက်ခု ပစ်လွှတ်ထွက်ပေါ်သွားလေသည်။

မတူညီသော အရောင်များဖြင့် တောက်ပနေသည့် အလင်းတန်းခြောက်ခုက ရူန်းအလင်းတိုင်များအဖြစ် ပြောင်းလဲသွားပြီး ပြိုင်ဘက်၏ သွေးရောင် သံကြိုးများကို လွယ်ကူစွာ ကြေမွသွားစေခဲ့သည်။

ရူန်းစွမ်းအားများက ကြိုးများအဖြစ် ပြောင်းလဲသွားပြီး အလင်းပုံရိပ် အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းသို့ ယှက်နွှယ် ထိုးဖောက်ဝင်ရောက်သွားလေသည်။ ချက်ချင်းပင် အလင်းပုံရိပ်အမျိုးသမီးက ကြေကွဲကြောက်မက်ဖွယ်ကောင်းသော စူးရှသည့် အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

“မိုးကြိုးဘိုးဘေးအဆောင်၊ ဝါးမျိုခြင်းဘိုးဘေးအဆောင်၊ မီးတောက်ဘိုးဘေးအဆောင်၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းဘိုးဘေးအဆောင်၊ ရေခဲဘိုးဘေးအဆောင်၊ လေဟာနယ်ဘိုးဘေးအဆောင်၊ ဘိုးဘေးအဆောင်ခြောက်ခု”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းက ဘိုးဘေးအဆောင် ခြောက်ခုလုံးကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားရတာလဲ၊ မင်း အတိအကျ ဘယ်သူလဲ၊ အဆောင်ဘိုးဘေးလား၊ မဖြစ်နိုင်တာ၊ အဆောင်ဘိုးဘေးက သေသွားပြီပဲ၊ မဟုတ်သေးဘူး၊ ဒါတွေက စစ်မှန်တဲ့ ဘိုးဘေးအဆောင်တွေမဟုတ်ဘူး”

အလင်းပုံရိပ်အမျိုးသမီးက လျင်မြန်စွာ သတိပြုမိသွားပြီး သူမ၏ လက်များက အမျိုးမျိုးသော လက်ဟန်သင်္ကေတများကို လျင်မြန်စွာ ဖန်တီးလိုက်ကာ စူးရှစွာ အော်ဟစ်လိုက်သည်။

“မိစ္ဆာတိုင်အကျဉ်းထောင်”

သွေးရောင်ပင်လယ်ကြီး ပေါက်ကွဲထွက်လာပြီး သွေးရောင်ဝဲဂယက်များ ထွက်ပေါ်လာကာ ရူးသွပ်စွာ လည်ပတ်သွားသဖြင့် ကောင်းကင်ယံတွင် သိပ်သည်းစွာ ဆွဲဆန့်ထားသော သွေးရောင် အလင်းတိုင်များ ပြင်းပြင်းထန်ထန် ပစ်လွှတ်ထွက်ပေါ်လာလေသည်။

ဤသွေးရောင် အလင်းတိုင်များပေါ်တွင် အမည်းရောင်စွမ်းအင်အမျှင်တန်းများ ယှက်နွှယ်နေသည်။

ဝူယွမ်က အေးစက်စက် အော်ဟစ်လိုက်သည်။

“အသေးအဖွဲ လှည့်ကွက်လေးတစ်ခုနဲ့၊ ငါ့ရှေ့မှာ လာပြီးဟန်ပြရဲတယ်ပေါ့၊ မိစ္ဆာကောင်ကြီး၊ သေစမ်း”

ကစဉ်ကလျားသန္ဓေသား လည်ပတ်သွားပြီး ဝိညာဉ်စွမ်းအင်များ ရူးသွပ်စွာ ဆူပွက်ထွက်ပေါ်လာကာ ရိုက်နှိပ်ထားသော ဘိုးဘေးအဆောင် ခြောက်ခုကို ထိန်းချုပ်လိုက်လေသည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်က အမည်းနှင့် အဖြူ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ ကမ္ဘာခြားနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားလေသည်။

လေဟာနယ်ဘိုးဘေးအဆောင်က အဖြူရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်ပြီး အမျိုးသမီး၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ဖြတ်တောက်ကာ သီးခြားဖြစ်သွားစေသည်။

မိုးကြိုးဘိုးဘေးအဆောင်က သူမ၏ ခေါင်းအထက်တွင် လွင့်မျောနေပြီး ခရမ်းရောင် လျှပ်စီးတိုင်များကို ပစ်ချလိုက်လေသည်။

မီးတောက်ဘိုးဘေးအဆောင်က သူမ၏ အောက်ခြေကို ဖြတ်သန်းသွားပြီး ၎င်း၏ အနီရင့်ရောင် မီးတောက်များက အဆုံးအစမရှိ လောင်ကျွမ်းနေသည်။

နောက်ဆုံးတွင် ဝါးမျိုခြင်းဘိုးဘေးအဆောင်က ဧရာမ အမည်းရောင်ဝဲဂယက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ အလင်းပုံရိပ်အမျိုးသမီးကို ဝန်းရံထားပြီး သူမ ထုတ်လွှတ်လိုက်သော အမည်းရောင်စွမ်းအင်များကို အဆက်မပြတ် ဝါးမျိုနေလေသည်။

သူတို့သည် စစ်မှန်သော ဘိုးဘေးအဆောင်များ မဟုတ်ကြဘဲ ဘိုး‌ဘေးအဆောင်၏ စွမ်းအားတစ်ဝက်ကိုသာ ပိုင်ဆိုင်ထားကြသော်လည်း ဘိုးဘေးအဆောင်များ၏ နတ်ဘုရားစွမ်းအား အကျိုးသက်ရောက်မှုများကိုမူ အပြည့်အစုံ ပိုင်ဆိုင်ထားကြသဖြင့် ဤကဲ့သို့ ကျန်ရှိနေသော ကမ္ဘာခြားနတ်ဆိုးကို ကိုင်တွယ်ဖြေရှင်းရန်မှာ အလွန်လွယ်ကူလှပေသည်။

“အား”

အလင်းပုံရိပ်အမျိုးသမီးက စူးရှစွာ အော်ဟစ်လိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ မငြိမ်မသက်ဖြစ်နေကာ အသက်လုရင်း ခြိမ်းခြောက်စကားဆိုသည်။

“မင်း ငါ့ကိုသတ်ရင် အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုလည်း ထာဝရ တိတ်ဆိတ်ခြင်းထဲကို ကျရောက်ပျက်စီးသွားလိမ့်မယ်”

ရှင်းရှင်းက အခြေအနေမှန်ကို သိရှိသွားပြီး ဒေါသတကြီးမေးခွန်းထုတ်လိုက်သည်။

“ဘာလို့လဲ၊ နင်က အတိအကျဆို ဘာလဲ၊ ပြီးတော့ ငါတို့ ဘိုးဘေးနဲ့ ဘယ်လိုဖြစ်ပြီး ပတ်သက်နေရတာလဲ”

အလင်းပုံရိပ်အမျိုးသမီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ရယ်မောကာ အမှန်တရားကို ဖွင့်ဟသည်။

“မင်းတို့ ဘိုးဘေးဆိုတဲ့ အဲဒီ ငမိုက်သားက ငါတို့ဘုရင်သုံးပါးကို သူမရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ဖိနှိပ်ဖို့ တကယ်ပဲ ကြိုးစားခဲ့တာလေ၊ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ငါတို့ သုံးယောက်ရဲ့ အသိစိတ်က သူမကို ပြန်ပြီး ဖိနှိပ်နိုင်လိမ့်မယ်လို့ သူမ ဘယ်လိုလုပ်သိမှာလဲ”

“ဒီနှစ်တွေအတွင်းမှာ မင်းတို့ အမြီးကိုးချောင်း မျိုးနွယ်စုက လူမိုက်တွေက သေဖို့အတွက် တစ်ယောက်ပြီး တစ်ယောက် လာခဲ့ကြတာပဲ၊ ဟားဟား”

“မင်းတို့ မြင်လား၊ ဒီသွေးရောင် ပင်လယ်ကြီးက အမြီးကိုးချောင်း မျိုးနွယ်စုက လူတွေရဲ့ အသက်သွေးတွေနဲ့ ဖွဲ့စည်းထားတာ”

သူမက ဝူယွမ်ကို ကြည့်လိုက်ရာ မည်သည့်ကြောက်ရွံ့မှုကိုမျှ မပြသဘဲ ဆက်လက်ပြောဆိုသည်။

အခန်း (၄၅၄) - အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စု၏ ဘုန်းကျက်သရေကို ပြန်လည်ရယူပေးခြင်း(၂)

“ငါတို့ သုံးယောက်ရဲ့ အသိစိတ်က နှစ်ပေါင်းသောင်းချီကြာအောင် သူမနဲ့ တင်းကျပ်စွာ ယှက်နွှယ်နေခဲ့တာ၊ ဟဲဟဲ၊ အကယ်၍ မင်းက ငါတို့သုံးယောက်ရဲ့ အသိတရားကို ဖျက်ဆီးချင်ရင် သူမလည်း လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်”

“အဲဒီအခါကျရင် ဒီအမြီးကိုးချောင်း မျိုးနွယ်စုက ပြန်လည်မြင့်တက်လာဖို့ ဘာအခွင့်အရေးမှ ရှိတော့မှာ မဟုတ်ဘူး”

ဝူယွမ်က တခစ်ခစ်ရယ်မောလိုက်သည်။

“မင်းတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ၊ မင်းတို့က အကြွင်းအကျန် သုံးခုသာသာပဲ၊ မင်းတို့အားလုံးကို ငါ့ရဲ့ ကမ္ဘာသစ်ပင်အတွက် မြေဩဇာအဖြစ် ငါ သိမ်းလိုက်မယ်”

ထိုသို့ပြောပြီးနောက် ဝူယွမ်၏ ရှေ့ရှိ သေးငယ်သော ရှေးဟောင်းကျောက်တိုင်မှ အစိမ်းရောင် အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အနည်းဆုံး ထောင်နှင့်ချီသော သေးငယ်သည့် အစိမ်းရောင် အကိုင်းအခက်များ ပစ်လွှတ်ထွက်ပေါ်လာသည်။

အစိမ်းရောင်အလင်းတန်းက အလင်းပုံရိပ်အမျိုးသမီးအတွင်းသို့ ဝင်ရောက်သွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အစိမ်းရောင်အလင်းတန်းက လွှမ်းခြုံထားလိုက်လေသည်။

ထိုအစိမ်းရောင်အကိုင်းအခက်များက သူမ၏ခန္ဓာကိုယ်အတွင်းမှ အမည်းရောင် စွမ်းအင်အမျှင်တန်းများကို ဖယ်ရှားပစ်လိုက်ပြီး ၎င်းတို့ကို စုပ်ယူကာ သန့်စင်ပစ်လိုက်လေသည်။

ကမ္ဘာသစ်ပင်၏ စွမ်းအားက အရာခပ်သိမ်း လုပ်ဆောင်နိုင်စွမ်းရှိသည်၊ ၎င်းက အမြီးကိုးချောင်းဝိညာဉ်မြေခွေး၏ ကျန်ရှိနေသော အသိတရားကို မထိခိုက်စေဘဲ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များကို စုပ်ယူနိုင်ရုံသာမက သူမ၏ အသိတရားကိုလည်း ကာကွယ်ပေးနိုင်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ အမည်းရောင် စွမ်းအင်များမှာ အပြည့်အဝ ဝါးမျိုခြင်းခံလိုက်ရပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းမှ နုပျိုသော ပန်းရောင် အလင်းတန်းတစ်ခု ဝေဝါးဝါးဖြင့် ပြန့်ကျဲထွက်ပေါ်လာသည်။

သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများ ပြန်လည်ပွင့်လာပြီး သူမက ဝူယွမ်နှင့် အမျိုးသမီးနှစ်ဦးကို ကြည့်ကာ ပြုံးပြလိုက်သည်။ ထိုအပြုံးတွင် အံ့မခန်း ညှို့ယူဖမ်းစားနိုင်စွမ်း ရှိနေ၏။

ဝူယွမ်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“အမြီးကိုးချောင်းဝိညာဉ်မြေခွေး”

“နောက်ဆုံးတော့ ဖိနှိပ်မှုကနေ လွတ်မြောက်သွားပြီပဲ၊ သူငယ်ချင်းလေး၊ ကျေးဇူးတင်ပါတယ်”

အမြီးကိုးချောင်းဝိညာဉ်မြေခွေးက ဝူယွမ်ကို ကျေးဇူးတင်စွာ စိုက်ကြည့်လိုက်သည်။ သူမ၏ အသိစိန်က ဖိနှိပ်ခံထားရသော်လည်း ပြင်ပကမ္ဘာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူမ ကောင်းကောင်းသိရှိထားသည်။

ရှင်းရှင်းနှင့် ရှင်းချင်တို့၏ မျက်လုံးများ မှုန်ဝါးသွားကြပြီး ပီတိမျက်ရည်များဖြင့် လှမ်းခေါ်လိုက်ကြသည်။

“ဘိုးဘေး”

အမြီးကိုးချောင်းဝိညာဉ်မြေခွေး၏ မျက်လုံးများက ညင်သာမှုများနှင့် နောင်တများ ပြည့်နှက်နေလျက် ရှင်းရှင်းနှင့် သူမ၏သမီးဖြစ်သူကို ကြည့်လိုက်သည်။

ထို့နောက် သူမက လက်မောင်းများကို ဆန့်ထုတ်ကာ သူတို့ကို ဖက်ထားလိုက်ပြီး တိုးညှင်းစွာ ဆိရှာသည်။

“ငါ့ရဲ့ သွေးချင်း မျိုးနွယ်ဝင်တွေ၊ ဒီဘိုးဘေးက မင်းတို့အပေါ် အမှားလုပ်ခဲ့တာပါ”

ရှင်းရှင်းက မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

“ဘိုးဘေး၊ ကျွန်မတို့ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုမှာ အတိအကျဆို ဘာတွေ ဖြစ်ခဲ့တာလဲ”

ညှိုးငယ်သော အရိပ်အယောင်တစ်ခု အမြီးကိုးချောင်းဝိညာဉ်မြေခွေး၏ မျက်လုံးများထဲတွင် တဖျပ်ဖျပ်လက်သွားပြီး သူမက သက်ပြင်းချကာ ရှင်းပြသည်။

“ဟိုတုန်းက ငါက ကမ္ဘာခြားနတ်ဆိုးဘုရင်သုံးပါးကို ဖိနှိပ်ဖို့ ငါ့ရဲ့ မိစ္ဆာဝိညာဉ်ကို လောင်ကျွမ်းစေခဲ့တာ၊ သူတို့နဲ့အတူ သေဆုံးဖို့ ရည်ရွယ်ခဲ့ပေမယ့် ဒီကောင်တွေရဲ့ ခိုင်မာတဲ့ အသက်စွမ်းအားကို ငါ အထင်သေးခဲ့မိတယ်၊ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွေက ရှည်လျားတဲ့ နှစ်တွေတစ်လျှောက် ပျောက်ကွယ်သွားခဲ့ပေမယ့် အဲဒီကောင် သုံးယောက်ရဲ့ အသိစိတ်တွေကတော့ ပြန့်ကျဲမသွားခဲ့ဘူး"

“အဲဒီအစား သူတို့က တကယ်ကြီး ပေါင်းစပ်နိုင်ခဲ့ကြပြီး ငါ့ရဲ့ အသိစိတ်နဲ့ တင်းတင်းကြပ်ကြပ် ယှက်နွှယ်သွားခဲ့တယ်၊ နောက်ဆုံးမှာ ငါ့ရဲ့ အသိစိတ်ကို ကျူးကျော်ပြီး ငါ့ကို ဖိနှိပ်ခဲ့ကြတာ”

အမြီးကိုးချောင်းဝိညာဉ်မြေခွေးက ခါးသီးစွာ ပြောဆိုနေပြီး မျက်ရည်များပင် ကျလာခဲ့သည်။

“အမြီးကိုးချောင်းမျိုးနွယ်ဝင်တွေကြားမှာ သွေးမျိုးဆက်ဆက်သွယ်မှု ရှိတယ်၊ ပြီးတော့ အဲဒီကောင်သုံးယောက်က ငါ့ခန္ဓာကိုယ်ကိုသုံးပြီး မျိုးနွယ်ဝင် အားလုံးရဲ့ သွေးမျိုးဆက်တွေကို နှောင့်ယှက်ဖို့ ရက်စက်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြတယ်”

“မျိုးနွယ်ဝင် အားလုံး အဲဒီအမြင့်မြတ်ဆုံးနယ်ပယ်ကို မရောက်နိုင်အောင် တားဆီးထားတာ၊ အပြင်က မျိုးနွယ်ဝင်တွေမှာ တခြား နည်းလမ်းမရှိတော့လို့ အဖြေရှာဖို့ ဘိုးဘေးဝိညာဉ် ခန်းမဆောင်ဆီကို မင်းတို့လိုပဲ လာခဲ့ကြတာပေါ့"

“ဒါပေမယ့် ငါ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို အဲဒီကောင် သုံးယောက်က သိမ်းပိုက်ထားခဲ့ပြီးသားလေ၊ ဒီနှစ်တွေအတွင်းမှာ မျိုးနွယ်ဝင်တွေ တစ်ယောက်ပြီး တစ်ယောက် ဒီကို လာတာကို ငါ အကူအညီမဲ့စွာ စောင့်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်"

“ပြီးတော့ နောက်ဆုံးမှာ သူတို့ရဲ့ လှည့်စားမှုကို ခံရပြီး ဒီသွေးရောင် ပင်လယ်ထဲကို ကိုယ့်ဟာခုန် ခုန်ချခဲ့ကြလို့ သွေးစွမ်းအင်တွေအဖြစ် ပြောင်းလဲသွားခဲ့ကြတာ၊ ငါ မျိုးနွယ်ဝင်တွေအပေါ် အပြစ်ကျူးလွန်မိခဲ့တယ်၊ ဒီနှစ်တွေအတွင်း မင်းတို့တတွေ အများကြီး နာကျင်ခံစားခဲ့ရမှာပဲ”

ရှင်းရှင်းနှင့် ရှင်းချင်တို့က သူတို့၏ဘိုးဘေးကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်ကြပြီး ၎င်းမှာ အမြီးကိုးချောင်းဝိညာဉ်မြေခွေး၏ အပြစ်မဟုတ်ဘဲ ကမ္ဘာခြားနတ်ဆိုးများ၏ ရက်စက်မှုသာဖြစ်ကြောင်း ပြောဆိုလိုက်ကြသည်။

ဝူယွမ်က ရှေ့သို့တစ်လှမ်းတိုးကာ မေးလိုက်သည်။

“ဒီကမ္ဘာခြားနတ်ဆိုးသုံးကောင်ကို ကိုင်တွယ်ဖြေရှင်းပြီးပြီဆိုတော့ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုလည်း အခု ပြန်လည်ကောင်းမွန်လာနိုင်ပြီမဟုတ်လား”

အမြီးကိုးချောင်းဝိညာဉ်မြေခွေးက ခေါင်းညိတ်လိုက်ပြီး တိုးညှင်းစွာ ဆိုသည်။

“ဒီသွေးရောင်ပင်လယ်ကြီးက နှစ်ပေါင်းသောင်းချီအတွင်း အမြီးကိုး‌ေချာင်းမြေခွေးမျိုးနွယ်စုရဲ့ အစွမ်းထက်တဲ့ အဖွဲ့ဝင်တွေရဲ့ အနှစ်သာရတွေနဲ့ ဖွဲ့စည်းထားတာပါ၊ အဲဒီအထဲမှာ အဲဒီကမ္ဘာခြားနတ်ဆိုးဘုရင်သုံးပါးရဲ့ သန့်စင်တဲ့ စွမ်းရည်တွေလည်း ပါဝင်နေပါတယ်”

“ဒီစွမ်းအင်တွေကို မျိုးနွယ်ဝင်တွေဆီ ငါ ပြန်ပေးလိုက်တာနဲ့ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုဟာ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေမယ့် အင်အားနဲ့ ပြန်လည်မြင့်တက်လာလိမ့်မယ်”

ရှင်းရှင်းက အတိုင်းမသိ ဝမ်းသာအားရ ရေရွတ်လိုက်သည်။

“ဒါဆိုရင် အရမ်းကောင်းတာပဲ၊ ကျွန်မတို့ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စု နောက်ဆုံးတော့ ဒီနေ့ကို စောင့်နေရကျိုး နပ်ခဲ့ပြီ”

ရှင်းချင်က ဝူယွမ်ကို ကြည့်ကာ ညုတုတုလေသံလေးဖြင့် ဆိုရှာသည်။

“ကျေးဇူးတင်ပါတယ် သခင်ကြီးဝူယွမ်”

…….

ကမ္ဘာခြားနတ်ဆိုးများနှင့် ပတ်သက်သော ရှုပ်ထွေးပွေလီလှသည့် ပြဿနာများကို ဖြေရှင်းပြီးနောက် အမြီးကိုးချောင်း မြေခွေးမျိုးနွယ်စုဝင်များအားလုံးမှာ သက်ပြင်းချနိုင်ခဲ့ကြပြီး သူတို့၏ တင်းမာနေသော စိတ်နှလုံးများလည်း သိသိသာသာ ပြေလျော့သွားခဲ့သည်။

“ငါ တကယ်ကိုအံ့ဩမိတယ်၊ မင်းမှာ ဘယ်လိုလုပ်ပြီး ဘိုးဘေးအဆောင်တွေရဲ့ ပြည့်စုံတဲ့ ရူန်းသင်္ကေတအများကြီး ရှိနေရတာလဲ”

အမြီးကိုးချောင်းဝိညာဉ်မြေခွေးက ဝူယွမ်ကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။

“ဒီဘိုးဘေးအဆောင် ခြောက်ခုလုံးကို မင်း မြင်ဖူးတယ်ပေါ့လေ”

“ဟုတ်တယ်၊ ကျွန်တော် အားလုံးကို မြင်ဖူးတယ်” ဝူယွမ်က ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ခေါင်းညိတ်ပြလိုက်သည်။

အမြီးကိုးချောင်းဝိညာဉ်မြေခွေးက ဆက်လက်၍ မေးခွန်းထုတ်သည်။

“ဒါဆိုရင် ဝါးမျိုခြင်း ဘိုးဘေးအဆောင်ရဲ့ လက်ရှိ ပိုင်ရှင်က ဘယ်သူလဲ”

“အဲဒါ ကျွန်တော့်ညီ လင်းတုန်ပဲ၊ သူလည်း အခု အမြီးကိုးချောင်း ရွာမှာ ရှိနေပါတယ်” ဝူယွမ်က ပြုံးကာ ဖြေကြားလိုက်သည်။

သူမနှင့် ဝါးမျိုခြင်းသခင်ကြီးတို့ကြားတွင် ခိုင်မာသော သံယောဇဉ်ကြိုးတစ်ခု ရှိနေကြောင်း ဝူယွမ် ကောင်းကောင်း သိရှိထားသည်။

ဝူယွမ်သည် ရှေးဟောင်းကျောက်တိုင် လေဟာနယ်ကို ချက်ချင်း ဖွင့်လှစ်လိုက်ပြီး လင်းတုန်ကို ခေါ်ထုတ်ကာ မိတ်ဆက်ပေးလိုက်သည်။

“ညီလေး၊ ဒါက စီနီယာ အမြီးကိုးချောင်းဝိညာဉ်မြေခွေးပဲ၊ သူက စီနီယာ ဝါးမျိုခြင်း သခင်ကြီးနဲ့ တစ်ခေတ်တည်းမှာ ကြီးပြင်းခဲ့တဲ့သူ”

“စီနီယာ၊ သူက လက်ရှိ ဝါးမျိုခြင်း ဘိုးဘေးအဆောင်ကို ထိန်းချုပ်နေတဲ့သူပါ၊ ညီလေး၊ မင်းရဲ့ ဝါးမျိုခြင်း ဘိုးဘေးအဆောင်ကို စီနီယာကို ပြလိုက်ပါဦး”

ထိုစကားကို ကြားသည်နှင့် လင်းတုန်က သူ၏ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ချက်ချင်း ထုတ်ဖော်ပြသလိုက်သည်။

အမြီးကိုးချောင်းဝိညာဉ်မြေခွေးက အမည်းရောင်ဝဲဂယက်ကြီးနှင့် တူလှသော ဝါးမျိုခြင်း ဘိုးဘေးအဆောင်ကို စိုက်ကြည့်ရင်း အတိတ်က အမှတ်ရစရာများကို ပြန်လည်တွေးတောနေသကဲ့သို့ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

အချိန်အတန်ကြာပြီးနောက် သူမက လင်းတုန်ကို မေးလိုက်သည်။

“မင်း ဝါးမျိုခြင်းသခင်ကြီးရဲ့ အမွေအနှစ်ကို ရထားပြီးပြီလား”

“ဝါးမျိုခြင်းသခင်ကြီးရဲ့ အမွေအနှစ်လား” လင်းတုန်က နားမလည်နိုင်စွာဖြင့် ခေါင်းယမ်းကာ ဖြေကြားလိုက်သည်။

“ကျွန်တော် မသိပါဘူး”

ထို့နောက် လင်းတုန်က အလျင်အမြန်ပင် ထပ်မေးလိုက်သည်။

“စီနီယာ၊ အဲဒီအကြောင်း ခင်ဗျားသိလို့လား”

အမြီးကိုးချောင်းဝိညာဉ်မြေခွေးက ခဏမျှ စဉ်းစားပြီးနောက် ရှင်းပြသည်။

“သူက နောက်ဆုံးမှာ သူ့ရဲ့ ဝါးမျိုခြင်းနတ်ဘုရားနန်းတော်ထဲမှာပဲ ကျဆုံးသွားခဲ့တာ၊ ဒါကြောင့် သူ့ရဲ့ အမွေအနှစ်ကို မင်း ရချင်ရင် ဝါးမျိုခြင်းနတ်ဘုရားနန်းတော်ကို မဖြစ်မနေ ရှာဖွေရမယ်၊ ပြီးတော့ အဲဒီ ဝါးမျိုခြင်းနတ်ဘုရားနန်းတော်က မိစ္ဆာနယ်မြေအတွင်းမှာ ရှိနေတယ်”

“ဝါးမျိုခြင်းနတ်ဘုရားနန်းတော်က လေဟာနယ်ထဲမှာ ပုန်းကွယ်နေပြီး အမြဲတမ်း လွင့်မျောနေတဲ့ လေဟာနယ်တစ်ခု ဖြစ်တာကြောင့် သူ့ရဲ့ တည်နေရာက လုံးဝ အတည်တကျ မရှိဘူး၊ သူ့ရဲ့ အတိအကျ တည်နေရာကို မင်းတို့ ကိုယ်တိုင်ပဲ ကြိုးစားရှာဖွေရလိမ့်မယ်”

“ဒါပေမယ့် အဲဒီ လေဟာနယ်က အချိန်တစ်ခုကြာတိုင်း ထုတ်ဖော်ပြသတတ်တယ်၊ မင်းမှာ ဝါးမျိုခြင်း ဘိုးဘေးအဆောင် ရှိနေတဲ့အတွက် မင်းက ဒီလောကမှာ အဲဒါကို ပထမဆုံးအာရုံခံနိုင်တဲ့သူ ဖြစ်လာလိမ့်မယ်”

“ဒါပေမယ့် အဲဒီကောင်က အသက်ရှင်စဉ်တုန်းက မာနကြီးပြီး ခေါင်းမာတယ်၊ ပြီးတော့ သူ့ရဲ့ စံနှုန်းတွေကလည်း အရမ်းမြင့်တယ်၊ မင်းမှာ ဝါးမျိုခြင်းဘိုးဘေးအဆောင် ရှိနေရင်တောင် သူ့ရဲ့ အမွေအနှစ်ကို ရဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး”

“အခုလို အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ” လင်းတုန်က စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဝူယွမ်က တဖြည်းဖြည်း မှေးမှိန်လာသော အမြီးကိုးချောင်းဝိညာဉ်မြေခွေးကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။

“စီနီယာ၊ ခင်ဗျားရဲ့ အခြေအနေကို ကြည့်ရတာ ဆက်ပြီးတောင့်ခံထားဖို့ ခက်ခဲလိမ့်မယ် ထင်တယ်၊ ပြန်လည် နာလန်ထူလာအောင် ကျွန်တော့်ရဲ့ ရှေးဟောင်းကျောက်တိုင်ထဲကို အရင် ဝင်ပြီး အနားယူလိုက်ပါလား”

အမြီးကိုးချောင်း ဝိညာဉ်မြေခွေးက ထိုစကားကို ကြားသောအခါ အနည်းငယ် ပြုံးရုံသာ ပြုံးလိုက်ပြီး သူမ၏ အကြည့်များက ဝါးမျိုခြင်းဘိုးဘေးအဆောင်မှ ဖန်တီးထားသော ဝဲဂယက်ကြီးအပေါ်တွင်သာ စူးစိုက်နေသည်။

“ငါက ဝိညာဉ်ခန္ဓာကိုယ် သက်သက်ပါပဲ၊ ငါ ပျောက်ကွယ်သွားဖို့ဆိုတာ အချိန်တိုအတွင်း ဖြစ်လာမယ့် ကိစ္စပါ၊ အဲဒီကောင်နဲ့ အတူရှိနေဖို့ကလည်း အခွင့်အရေးကောင်း တစ်ခုပါပဲ”

“ဘိုးဘေး”

ရှင်းရှင်းနှင့် ရှင်းချင်တို့က သူတို့၏ ဘိုးဘေး မကြာမီ ပျောက်ကွယ်သွားတော့မည်ကို သိရှိသဖြင့် မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများ အပြည့်ဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

All Chapters