← Chapters

အခန်း (၄၅၉-၄၆၀)

Vol. 46 Ch. 459-460

အခန်း (၄၅၉-၄၆၀)

Vol. 46 Ch. 459-460

အခန်း (၄၅၉) - အမှောင်သခင်(၁)

မိစ္ဆာနယ်မြေ၏ မြောက်ဘက်ပိုင်းကို နဂါးနယ်မြေအဖြစ်လည်း လူသိများပေသည်။

ကျယ်ပြောလှသော ဤတောရိုင်းမြေပြင်ကြီးတစ်ခွင်တွင် တောင်တန်းကြီးများသည် ဧရာမနဂါးကြီးများသဖွယ် သွယ်တန်းနေပြီး ရှေးဟောင်းသစ်တောကြီးများက မားမားမတ်မတ် ရပ်တည်နေကြသည်။

ပေပေါင်းသောင်းချီ မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများသည် တောင်ငယ်လေးများပမာ ရပ်တည်နေကြပြီး ၎င်းတို့၏ ဖြာထွက်နေသော သစ်ကိုင်းကြီးများက ပေတစ်ထောင်နီးပါး ကျယ်ဝန်းသောဧရိယာကို လွှမ်းခြုံထားသည်။

ပြင်းထန်ပြီး ရှေးကျသော မူလအငွေ့အသက်တစ်ခုက ကောင်းကင်နှင့် မြေကြီးအနှံ့ ပျံ့နှံ့နေလေသည်။

နဂါးနယ်မြေသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဝူယွမ်က အံ့သြတကြီး ရေရွတ်လိုက်သည်။

“ကြီးမြတ်တဲ့ အရှင်သခင် မျိုးနွယ်စုလေးခုထဲက တစ်ခုဖြစ်တဲ့ နဂါးမျိုးနွယ်စုနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်။ ဒီနေရာက ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေက တကယ်ကို ပြည့်ဝလွန်းတယ်”

ဤနေရာရှိ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်စွမ်းအင်သည် သားရဲတိုက်ပွဲနယ်မြေထက် များစွာ ပိုမိုကြွယ်ဝနေပြီး နေရာတိုင်းတွင် သဘာဝရတနာများကို တွေ့မြင်နိုင်ပေသည်။

တွမ့်ထောင်က ရှေ့မှ ဆက်လက်လမ်းပြရင်း ရှင်းပြသည်။

“နဂါးမျိုးနွယ်စုက နဂါးနယ်မြေရဲ့ ဗဟိုချက်မှာ နေထိုင်ကြတာ။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့လိုသေးတယ်”

ဝူယွမ်က ခေါင်းညိတ်ပြပြီး နောက်မှ လိုက်ပါသွားသည်။

မကြာမီမှာပင် ၎င်းတို့သည် နဂါးမျိုးနွယ်စု၏ အကာအကွယ် အစီအရင် အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

တွမ့်ထောင်က ဝူယွမ်ကို ပြုံးပြလိုက်သည်။

“သခင်လေး ဝူယွမ်... ကျွန်တော် အစီအရင်ကို ဖွင့်လိုက်ပါဦးမယ်။ ခဏလောက် စောင့်ပေးပါ”

ထို့နောက် သူ၏လက်ကို ဆုပ်ကိုင်လိုက်ရာ လက်ဖဝါးထဲတွင် အလင်းတန်းများ စုစည်းသွားပြီး အသက်ဝင်နေသော နဂါးမျိုးနွယ်စု တံဆိပ်တစ်ခု ဖြစ်ပေါ်လာသည်။

နဂါးငယ်လေးတစ်ကောင်နှင့် တူသော ထိုတံဆိပ်သည် ရစ်ခွေလိမ်ယှက်နေပြီး အသက်ဝင်မှုနှင့်အတူ အမှန်တကယ် ဖိအားတစ်ခုကိုပါ ထုတ်လွှတ်နေလေသည်။

ဝေါင်း...

တံဆိပ်နဂါးက ဟိန်းဟောက်လိုက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့ရှိ မျက်စိဖြင့်မမြင်နိုင်သော အတားအဆီးထဲသို့ တိုက်ရိုက်ပစ်ဝင်သွားသည်။

ထိုအခါ လေဟာနယ်မှာ ဖြည်းညင်းစွာ လိမ်ကောက်သွားပြီး အက်ကွဲကြောင်းတစ်ခု တိတ်တဆိတ် ပွင့်ဟလာသည်။

“သခင်လေးဝူယွမ်... ကြွပါ”

အစီအရင်အတွင်းပိုင်းသည်ကား နဂါးမျိုးနွယ်စုနေထိုင်ရာ အရပ်ပင်။ ဝူယွမ်သည် ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်လိုက်သည်။ နဂါးမျိုးနွယ်စုသည် အမှန်တကယ်ပင် အစွမ်းထက်လွန်းလှသည်ကို ဝန်ခံရပေမည်။

အစီအရင်အတွင်းရှိ ကောင်းကင်နှင့်မြေကြီး ယွမ်စွမ်းအင်သည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာနှင့်ပင် နှိုင်းယှဉ်နိုင်လောက်အောင် ပြည့်ဝနေလေသည်။ အောက်ဘက်ရှိ ပေပေါင်းသောင်းချီ မြင့်မားသော သစ်ပင်ကြီးများ၏ ပင်စည်များပေါ်တွင် ရှေးဟောင်းဖွဲ့စည်းပုံများ ဖုံးလွှမ်းနေသည်။

ဝူယွမ်ကို အံ့အားသင့်စေဆုံးအရာမှာ ကောင်းကင်ကို ထောက်မထားသည့် တိုင်လုံးကြီးများသဖွယ် ဧရာမသစ်ပင်ကြီးများသည် အသက်ရှင်နေသော သက်ရှိများကဲ့သို့ ကောင်းကင်နှင့်မြေကြီး ယွမ်စွမ်းအားများကို အသွင်းအထုတ် ပြုလုပ်နေခြင်းပင် ဖြစ်သည်။

ဤယွမ်စွမ်းအား ဖန်တီးသည့်နည်းလမ်းသည် ကမ္ဘာသစ်ပင်နှင့် တစ်ထပ်တည်းကျနေလေသည်။ သို့သော်လည်း စွမ်းဆောင်ရည်မှာ များစွာ နိမ့်ကျနေပြီး ကမ္ဘာသစ်ပင်ကမူ မူလဝိညာဉ်စွမ်းအင်များကိုပါ ထုတ်လုပ်ပေးနိုင်စွမ်း ရှိပေသည်။

တွမ့်ထောင်က ဝူယွမ်၏ အကြည့်ကို သတိပြုမိသွားပြီး ချက်ချင်း ရှင်းပြလိုက်သည်။

“ဒါတွေက ယွမ်သစ်ပင်တွေပါ၊ ရှေးခေတ်ကာလကတည်းက တည်ရှိခဲ့တဲ့ နတ်ဘုရားသစ်ပင်တွေပေါ့။ သူတို့က ယွမ်စွမ်းအားတွေကို ဖန်တီးနိုင်စွမ်း ရှိကြတယ်၊ ယွမ်စွမ်းအား အနည်းငယ်ကို စုပ်ယူလိုက်ရုံနဲ့ အလွန်တရာ များပြားပြီး သန့်စင်တဲ့ ယွမ်စွမ်းအားတွေကို ပြန်လည် ထုတ်လုပ်ပေးနိုင်တယ်”

“ဒီလို အမြဲတမ်း အသွင်းအထုတ် လုပ်နေပြီးတော့ သူတို့ကိုယ်သူတို့ ထိန်းသိမ်းထားနိုင်တယ်၊ ကုန်ခန်းသွားတယ်ဆိုတာ မရှိဘူး”

ဤယွမ်သစ်ပင်များသည် ရှေးဟောင်းမျိုးစိတ်များဖြစ်ပြီး ယနေ့ကမ္ဘာပေါ်တွင် အများအပြားမကျန်ရှိတော့ပေ။ ၎င်းတို့ကို နဂါးမျိုးနွယ်စု၏ အခြေခံအုတ်မြစ်များထဲမှ တစ်ခုအဖြစ်လည်း သတ်မှတ်ထားကြသည်။

ဝူယွမ်က ယွမ်သစ်ပင်များကို စိတ်ဝင်စားဟန်ပြကာ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ ဤယွမ်သစ်ပင်များကိုသာ ကမ္ဘာသစ်ပင်နှင့် ပေါင်းစပ်ပျိုးထောင်လိုက်နိုင်ပါက ကမ္ဘာသစ်ပင်အတွက်ရော ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ ပတ်ဝန်းကျင် တစ်ခုလုံးအတွက်ပါ အကျိုးကျေးဇူး များစွာ ဖြစ်ထွန်းစေမည်မှာ အသေအချာပင်။

သူ၏ ရည်မှန်းချက်ဖြစ်သော ကိုယ်ပိုင်ကမ္ဘာကြီးတစ်ခု ဖန်တီးရေးအတွက် ဤသစ်ပင်များက အလွန်အသုံးဝင်ပေလိမ့်မည်။

သို့သော် ဝူယွမ်သည် ၎င်းတို့ကို တောင်းဆိုခြင်းမပြုခဲ့ပေ။ ရောက်ရောက်ချင်းပင် ပစ္စည်းများ တောင်းဆိုခြင်းက ရိုင်းပျရာကျပေလိမ့်မည်။

တွမ့်ထောင်နှင့်အတူ နဂါးမျိုးနွယ်စုအတွင်းသို့ ဝင်ရောက်လာစဉ် နဂါးမျိုးနွယ်စုမှ လူငယ်အများအပြားနှင့် ဆုံတွေ့ခဲ့ရပြီး ၎င်းတို့အားလုံးက ဝူယွမ်ကို စူးစမ်းလိုစိတ် အပြည့်ဖြင့် လှမ်းကြည့်နေကြသည်။

“သခင်ကြီးချင်းကျီ ပြောဖူးတဲ့ သခင်လေးဝူယွမ် ဆိုတာ သူလား။ ဘာလို့ ဒီလောက် ငယ်ရွယ်နေရတာလဲ။ ငါကတော့ အဘိုးကြီးတစ်ယောက် ဖြစ်မယ်လို့ ထင်နေခဲ့တာ”

“သူက တော်တော်လေးချောတာပဲ”

“သူ့ပုံစံက ငါတို့နဲ့ ရွယ်တူလောက်ပဲရှိမယ်”

“သူက လူသားတစ်ယောက်ဆိုတော့ အသက်တစ်ရာတောင် ပြည့်သေးပုံမရဘူး”

“သူ့ရဲ့ စွမ်းအားက သခင်ကြီးချင်းကျီလို တကယ်ပဲ ကြီးမားနိုင်ပါ့မလား”

“မျိုးနွယ်စုရဲ့ အခက်အခဲတွေကို သူ ဖြေရှင်းပေးနိုင်ပါ့မလားမသိဘူး”

တွမ့်ထောင်က အားနာဟန်ဖြင့် ရှင်းပြသည်။

“သခင်လေး ဝူယွမ်... စိတ်မရှိပါနဲ့။ ကျွန်တော်တို့ မျိုးနွယ်စုက လူငယ်တွေအားလုံးက သခင်ကြီးချင်းကျီကို အရမ်း ကြည်ညိုကြတာ။ သခင်ကြီး ချင်းကျီက သခင်လေးကို ချီးကျူးထားတာ ကြားတော့ သူတို့က စူးစမ်းချင်စိတ်တွေ ဖြစ်နေကြတာပါ။ စိတ်ထဲမထားပါနဲ့”

ဝူယွမ်က ခေါင်းခါပြလိုက်သည်။

“ရပါတယ်... ကျွန်တော်ဂရုမစိုက်ပါဘူး”

သူ၏ လက်ရှိအဆင့်အတန်းနှင့် အသိပညာအရ ဤကဲ့သို့ ဝေဖန်မှုများကို ခံနိုင်ရည်ရှိနေခဲ့ပြီ ဖြစ်သည်။

တွမ့်ထောင်က ဆက်လက်ဦးဆောင်လိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်ဆီ ကျွန်တော်ခေါ်သွားပါ့မယ်”

ဝူယွမ် ရောက်ရှိလာခြင်းကို နဂါးမျိုးနွယ်စု၏ အဆင့်မြင့်အရာရှိများထံ တွမ့်ထောင်က ကြိုတင်အကြောင်းကြားထားပြီး ဖြစ်သည်။

သူတို့နှစ်ဦးသည် ရှေးဟောင်း ကျောက်တိုင်ခန်းမတစ်ခုသို့ ရောက်ရှိလာကြသည်။ ကျောက်တိုင်ခန်းမ အပြင်ဘက်တွင် လူတစ်စုက စောင့်ဆိုင်းနေနှင့်ပြီး ဖြစ်သည်။

ထိုသူများအားလုံးသည် နဂါးမျိုးနွယ်စု၏ အဆင့်မြင့်အရာရှိများ ဖြစ်ကြပြီး ၎င်းတို့တစ်ဦးစီတိုင်း၏ ကိုယ်တွင်းတွင် တိမ်တိုက်များကြားမှ ရုတ်တရက်ထွက်ပေါ်လာသော မိုးကြိုးသံများကဲ့သို့ ဖုံးကွယ်ထားသော အငွေ့အသက်များကို ပိုင်ဆိုင်ထားကြသည်။

ယုံမှားသံသယဖြစ်ဖွယ်မရှိ ဤသူများ၏ စွမ်းအားသည် ဝင်စားခြင်းအဆင့်ထက် ကျော်လွန်နေကြပြီး အချို့မှာ ပို၍ပင် အစွမ်းထက်နေသေးသည်။

ဝူယွမ်က တိတ်တဆိတ် တွေးတောလိုက်သည်။

‘တကယ့်ကို နဂါးမျိုးနွယ်စုပါပဲ... ဒီအခြေခံအုတ်မြစ်က တကယ်ကို ထူးခြားပြောင်မြောက်လွန်းတယ်'

အရှေ့ဆုံးနေရာတွင် အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေသည်။ ထိုအမျိုးသားသည် အလွန်ရိုးရှင်းသော ပိုက်လျှော်အဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ ရုပ်ရည်သွင်ပြင်မှာလည်း အထူးတလည် ထင်ရှားခြင်းမရှိပေ။

တစ်ချက်မျှသာ ကြည့်လိုက်မည်ဆိုလျှင် အလွယ်တကူ လျစ်လျူရှုမိသွားနိုင်သည်။

သို့သော် ဤလူသည် အဖွဲ့ထဲတွင် အကြောက်မက်ဖွယ်ကောင်းဆုံးသော တည်ရှိမှုဖြစ်ကြောင်း ဝူယွမ် ခံစားသိရှိနိုင်သည်။ သူ၏ထံမှ ခံစားရသော အန္တရာယ်အငွေ့အသက်မှာ ချင်းကျီထက် လျော့နည်းခြင်းမရှိပေ။

တွမ့်ထောင်က ရှေ့သို့တက်ကာ ပိုက်လျှော်အဝတ်နှင့် အမျိုးသားကို အရိုအသေပေးလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်”

ပိုက်လျှော်အဝတ်နှင့် အမျိုးသားက တွမ့်ထောင်ကို ခေါင်းညိတ်ပြပြီးနောက် ဝူယွမ်အားကြည့်ကာ ပြုံးရွှင်စွာ နှုတ်ဆက်လာသည်။

“မိတ်ဆွေလေး၊ ဝူယွမ်ဆိုတာ မင်းဖြစ်မယ်ထင်တယ်”

ဝူယွမ်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုလိုက်သည်။

“ဟုတ်ပါတယ်... ကျွန်တော်ပါပဲ”

ယွမ်ချန်က ဝူယွမ်ကို မိတ်ဆက်ပေးသည်။

“ငါက နဂါးမျိုးနွယ်စုခေါင်းဆောင် ယွမ်ချန်ပါ ဒီဘက်ကလူတွေကတော့ နဂါးမျိုးနွယ်စုက အကြီးအကဲတွေပေါ့”

အပြန်အလှန် နှုတ်ခွန်းဆက်စကား အနည်းငယ်ပြောဆိုပြီးနောက် ယွမ်ချန်က သူ၏ အဓိကရည်ရွယ်ချက်ကို စတင်ပြောကြားလာသည်။

“ဒီတစ်ကြိမ် မိတ်ဆွေလေးဝူယွမ်ကို ဖိတ်ခေါ်ရတဲ့ အဓိကအကြောင်းရင်းက ငါတို့မျိုးနွယ်စုမှာ ပြဿနာကြီးတစ်ခု ကြုံတွေ့နေရလို့ပါ”

ယွမ်ချန်က စကားပြောနေရင်း သူ့လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ သူတို့ ခြေထောက်အောက်မှ အလင်းအစီအရင်တစ်ခု ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ လေဟာနယ်များ လိမ်ကောက်သွားပြီး ဝှစ်ခနဲ အသံနှင့်အတူ လူတိုင်းကို လွှမ်းခြုံသွားကာ ပျောက်ကွယ်သွားကြသည်။

မျက်လုံး ပြန်ပွင့်လာချိန်တွင်မူ ၎င်းတို့ရှေ့ရှိ မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။ ဝူယွမ်မှာ အနည်းငယ်အံ့အားသင့်သွားသည်။

၎င်းတို့၏ အောက်ဘက်တွင် အဆုံးအစမဲ့ကျယ်ပြောလှသော အမည်းရောင်မြူခိုးသမုဒ္ဒရာကြီးတစ်ခု ရှိနေသည်။

ထိုအမည်းရောင်မြူခိုးများသည် ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များဖြင့် လုံးဝ စုစည်းဖြစ်တည်နေခြင်းဖြစ်သည်။

အမည်းရောင်စွမ်းအင်များ ဆူပွက်နေသည်နှင့်အမျှ စူးရှသော အော်သံမျိုးစုံ ထွက်ပေါ်နေပြီး ကမ္ဘာခြားနတ်ဆိုးစွမ်းအင်လှိုင်းများ စုစည်းကာ ထောင်ပေါင်းများစွာသော အမည်းရောင်စပါးအုံးမြွေကြီးများအဖြစ် ပြောင်းလဲသွားပြီး အထက်သို့ ရူးသွပ်စွာ ထိုးတက်လာကြသည်။

သို့သော် ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များ အထက်သို့ ထိုးတက်လာချိန်တွင် အပေါ်ဘက်၌ ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး ဧရာမ ရွှေရောင်အစီအရင်ကြီးတစ်ခု ပေါ်လာသည်။

အစီအရင်အတွင်းမှ ကြီးမားလှသော စွမ်းအားများ ထွက်ပေါ်လာပြီး ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များကို နောက်တစ်ကြိမ်ဖိနှိပ်လိုက်သည်။ သို့ရာတွင် ဤသို့ အပြန်အလှန်ရိုက်ခတ်မှုများကြောင့် ရွှေရောင်အစီအရင်မှာ တဖြည်းဖြည်းမှေးမှိန်လာနေသည်။

ဤမျှသိပ်သည်းပြီး အစွမ်းထက်သော ကမ္ဘာခြားနတ်ဆိုးစွမ်းအင်မျိုးကို ဝူယွမ် ယခင်က တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပေ။ သို့သော် ဝူယွမ်သည် ထိတ်လန့်သွားသည့် အရိပ်အယောင်မျိုး မပြဘဲ အနည်းငယ်ပင် ဝမ်းသာအားရ ဖြစ်သွားသည်။

သူ၏မျက်လုံးထဲတွင် ဤအရာများသည် ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာခြားနတ်ဆိုးများ မဟုတ်ဘဲ ချည်နှောင်ခံထားရသည့် သိုးသူငယ်များသာ ဖြစ်နေလေသည်။

၎င်းက ကမ္ဘာသစ်ပင်အတွက် ဤအရာများမှာ ကြီးမားသော အာဟာရပင် ဖြစ်ပေသည်။

နဂါးမျိုးနွယ်စုဝင်များမှာမူ အမည်းရောင်သမုဒ္ဒရာကြီးကိုကြည့်ကာ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကြသည်။

ယွမ်ချန်က လေးနက်သောအသံဖြင့် ရှင်းပြလာသည်။

“ရှေးခေတ် ကောင်းကင်နဲ့ မြေကြီးစစ်ပွဲကြီးအတွင်းမှာ အဆောင်ဘိုးဘေးရဲ့ကျေးဇူးကြောင့် လူသားတွေဟာ ခက်ခက်ခဲခဲ အောင်ပွဲရခဲ့ပြီး ကမ္ဘာခြားနတ်ဆိုး အမြောက်အမြားကို ဖိနှိပ်ချိပ်ပိတ်နိုင်ခဲ့တယ်”

“အဲဒီအထဲမှာ ဖိနှိပ်ထားတဲ့ နေရာသုံးခုက ကြောက်မက်ဖွယ်အကောင်းဆုံးပဲ... အဲဒါကို ငါတို့က နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်လို့ ခေါ်တယ်၊ နဂါးနယ်မြေရဲ့ အောက်ဘက်မှာ အဲဒီထဲက တစ်ခုရှိနေတယ်”

“အောက်ဘက်မှာ ရေတွက်လို့မရနိုင်တဲ့ ကမ္ဘာခြားနတ်ဆိုးတွေကို ဖိနှိပ်ထားတယ်၊ အဲဒီထဲမှာ ကမ္ဘာခြားနတ်ဆိုးဘုရင်အရေအတွက်တင်ကို ဆယ်ကောင်ကျော်တယ်"

“မူလကတော့ ငါတို့ နဂါးမျိုးနွယ်စုက နဂါးသွေးကြောရဲ့ စွမ်းအားကို အားကိုးပြီး ဒီနတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ကို ပြီးပြည့်စုံစွာ ဖိနှိပ်နိုင်တဲ့ မဟာအစီအရင်တစ်ခုကို ဖန်တီးခဲ့တာပဲ”

“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာက ငါ သံသရာအဆင့်ကို တက်လှမ်းဖို့ ကြိုးစားတုန်းက နဂါးသွေးကြောရဲ့ စွမ်းအားကို စုပ်ယူမိလိုက်တာကြောင့် အစီအရင်မှာ ဟာကွက်တစ်ခု ဖြစ်သွားခဲ့တယ်၊ အဲဒီအခွင့်အရေးကို ယူပြီး ကမ္ဘာခြားနတ်ဆိုးစွမ်းအင်တွေက လွတ်မြောက်လာကြတာပဲ"

“ကံကောင်းလို့ ငါတို့ အစွမ်းကုန် ကြိုးစားဖိနှိပ်ထားနိုင်ခဲ့ပေမဲ့ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်ဆိုတာ ရင်ဆိုင်ရ အရမ်းခက်ခဲလွန်းတယ်၊ အခုဆိုရင် ငါတို့ရဲ့ ဖိနှိပ်နိုင်စွမ်းက တဖြည်းဖြည်း အကျိုးသက်ရောက်မှုလျော့နည်းလာပြီ”

အခန်း (၄၆၀) - အမှောင်သခင်(၂)

“တကယ်လို့ ကမ္ဘာခြားနတ်ဆိုးတွေသာ လွတ်မြောက်သွားမယ်ဆိုရင် နဂါးနယ်မြေတစ်ခုလုံး ပျက်စီးသွားရုံတင်မကဘူး... နောက်ထပ် ကောင်းကင်နဲ့ မြေကြီးစစ်ပွဲကြီးတစ်ခု ထပ်ဖြစ်လာနိုင်တယ်”

ယွမ်ချန်၏ စကားများကို ကြားပြီးနောက် ဝူယွမ်မှာ မျက်လုံးပင် ပြူးသွားရသည်။

‘အဆင့်တက်ဖို့အတွက် နဂါးသွေးကြောရဲ့ စွမ်းအားကို စုပ်ယူခဲ့တယ်၊ အဆင့်တက်ပြီးတော့လည်း ကမ္ဘာခြားနတ်ဆိုးတွေကို ဖြေရှင်းလို့မရဘူးဆိုရင် ခင်ဗျား ဘာလို့အဆင့်တက်ခဲ့တာလဲ'

သို့သော် ထိုကဲ့သို့ နာကျင်စေမည့်စကားများကို နဂါးမျိုးနွယ်စုအား သူ ထုတ်မပြောခဲ့ပေ။ သူကိုယ်တိုင်လည်း အလွန်အမင်း နောင်တရနေမည်မှာ သေချာသည်။ သို့မဟုတ်ပါက ဤမျှ နှိမ့်ချနေမည်မဟုတ်ပေ။

ဝူယွမ်က ခဏမျှစဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။

“လျှံကျနေတဲ့ နတ်ဆိုးစွမ်းအင်တွေကို ဖြေရှင်းဖို့က ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ တစ်ခါတည်းနဲ့ အပြတ်ရှင်းဖို့ဆိုရင်တော့ အခက်အခဲ နည်းနည်းရှိနိုင်တယ်”

ယွမ်ချန်က သက်ပြင်းတစ်ချက်ချလိုက်ပြီးပြောသည်။

“လျှံကျနေတဲ့ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်တွေကို ဖြေရှင်းနိုင်တယ်ဆိုရင်ပဲ ကောင်းနေပါပြီ၊ အနည်းဆုံးတော့ ငါတို့အတွက် အချိန်ရလာနိုင်တာပေါ့”

“နေပါဦး... အခက်အခဲ နည်းနည်းရှိတယ်လို့ ပြောတာက ဖြေရှင်းနိုင်တယ်လို့ ဆိုလိုတာလား၊ မိတ်ဆွေလေးဝူယွမ်... ကျေးဇူးပြုပြီး ငါတို့ကို ကူညီပေးပါ၊ နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ရဲ့ ပြဿနာကိုသာ ဖြေရှင်းနိုင်မယ်ဆိုရင် ငါတို့ နဂါးမျိုးနွယ်စုက ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ဆန္ဒရှိပါတယ်”

ဝူယွမ်က ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။

“အရင်ဆုံး ကျွန်တော်ကြိုးစားကြည့်ပါ့မယ်”

သူက ရှေးဟောင်းကျောက်တိုင်ကို ထုတ်ယူလိုက်သည်။

“ဖိနှိပ်စမ်း”

ရှေးဟောင်းကျောက်တိုင်က ပျံသန်းထွက်ပေါ်လာပြီး တောက်ပသော အဝါရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ကျောက်တိုင်ကိုယ်ထည်ပေါ်တွင် သိပ်သည်းသော ရူန်းစာလုံးများ ပေါ်ထွက်လာသည်။

မကြာမီမှာပင် သေးငယ်သော ရှေးဟောင်းကျောက်တိုင်လေးသည် ပေပေါင်းသောင်းချီ မြင့်မားသော နတ်ဘုရားကျောက်တိုင်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။

နတ်ဘုရားကျောက်တိုင်ကြီးသည် ကမ္ဘာခြားနတ်ဆိုးသမုဒ္ဒရာကြီး၏ အထက်တွင် နေရာယူလိုက်ရာ ထိုကြမ်းတမ်းရက်စက်သော ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များ ချက်ချင်းပင် ဖိနှိပ်ခံလိုက်ရသည်။

“ဖိနှိပ်လိုက်နိုင်ပြီ”

“ဖိနှိပ်လိုက်နိုင်ပြီကွ”

“ဒါက ဘယ်လိုနတ်ဘုရားရတနာမျိုးလဲ၊ အရမ်းကို အစွမ်းထက်လွန်းတယ်။ ဒဏ္ဍာရီထဲက နတ်ဘုရားရတနာမှတ်တမ်းမှာ အဆင့်သုံးနေရာက မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်များ ဖြစ်နေမလား”

“မဟုတ်လောက်ဘူး... မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်တောင် ဒီနတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ကို ဖိနှိပ်ဖို့ ခက်ခဲလိမ့်မယ်”

“မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ထက် ပိုအစွမ်းထက်တဲ့ ကျောက်တိုင်ပုံစံနတ်ဘုရားရတနာ ရှိတယ်လို့ တစ်ခါမှမကြားဖူးပါဘူး”

နဂါးမျိုးနွယ်စုဝင်များအားလုံး ဆွံ့အသွားကြသည်။ ဝူယွမ်တွင် ဤမျှအစွမ်းထက်သော နတ်ဘုရားရတနာ ရှိနေလိမ့်မည်ဟု ၎င်းတို့ အမှန်တကယ် မထင်မှတ်ထားခဲ့ပေ။

ဝူယွမ်က အခြေအနေကို ရှင်းပြလာသည်။

“အခုလောလောဆယ် ကမ္ဘာခြားနတ်ဆိုးစွမ်းအင်တွေကို အတင်းအဓမ္မ ဖိနှိပ်ထားရုံပါပဲ၊ ဒါက ယာယီဖြေရှင်းနည်းပဲ... အပြီးအပိုင် ကုစားတာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော် ရှေးဟောင်းကျောက်တိုင်ကို ပြန်ရုပ်သိမ်းလိုက်ရင် ကမ္ဘာခြားနတ်ဆိုးစွမ်းအင်တွေ ချက်ချင်း ပြန်လွတ်မြောက်လာလိမ့်မယ်”

နဂါးမျိုးနွယ်စုဝင်များ၏ မျက်နှာပေါ်သို့ ရေအေးတစ်ခွက် ပက်လောင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် တည်ငြိမ်သွားကြသည်။ ဝူယွမ်က ဤကဲ့သို့သော နတ်ဘုရားရတနာမျိုးကို သူတို့၏ နဂါးမျိုးနွယ်စုထံသို့ ပေးအပ်မည် မဟုတ်သည်မှာ သေချာပေသည်။

ဝူယွမ်က အားလုံးကို မှာကြားလိုက်သည်။

“ခင်ဗျားတို့ ဒီမှာစောင့်နေကြ... ကျွန်တော် အောက်ဆင်းပြီး သွားကြည့်လိုက်ဦးမယ်”

စကားအဆုံးတွင် ဝူယွမ်သည် ရှေးဟောင်းကျောက်တိုင်အတွင်းသို့ ဝင်ရောက်သွားလေသည်။ နတ်ဆိုးအကျဉ်းထောင်နှင့် ကြုံတွေ့ရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

ယခင်က ကစဉ်ကလျားမိစ္ဆာပင်လယ်ရှိ ရွှမ်လင်းကျွန်းတွင် မီးတောက်သခင် ဖိနှိပ်ထားသော နတ်ဆိုးအကျဉ်းထောင်နှင့် ကြုံတွေ့ခဲ့ဖူးသည်။

သို့သော် ထိုအချိန်က ဝူယွမ်၏စွမ်းအားမှာ လုံလောက်မှု မရှိသေးဘဲ ရှေးဟောင်းကျောက်တိုင်နှင့် ကမ္ဘာသစ်ပင်တို့မှာလည်း အလျင်အမြန် ကြီးထွားနေဆဲအဆင့်၌သာ ရှိနေသေးသဖြင့် ဤမျှများပြားသော ကမ္ဘာခြားနတ်ဆိုးများကို ဖိနှိပ်စုပ်ယူရန် မလုံလောက်ခဲ့ပေ။

ယခုမူကား ကွဲပြားသွားခဲ့ပြီဖြစ်သည်။ ယွမ်ဂိုဏ်းကို ဖျက်ဆီးပြီး ယွမ်ဂိုဏ်း၏ ကမ္ဘာခြားနတ်ဆိုးများအားလုံးကို စုပ်ယူပြီးနောက် ကမ္ဘာသစ်ပင်သည် အလွန်အစွမ်းထက်သော အဆင့်တစ်ခုသို့ ကြီးထွားရောက်ရှိလာခဲ့ပြီး သာမန် ကမ္ဘာခြားနတ်ဆိုးဘုရင်များကို အလွယ်တကူ ဝါးမျိုနိုင်စွမ်းရှိနေလေပြီ။

ထို့အပြင် ဝူယွမ်သည် ဘိုးဘေးအဆောင်အများအပြားနှင့် နတ်ဘုရားရတနာများကိုလည်း ရရှိထားသေးသည်။ ထို့ကြောင့် စမ်းသပ်ကြည့်ရန် ပြဿနာမရှိနိုင်တော့ပေ။

ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ဝင်ရောက်ပြီးနောက် ဝူယွမ်သည် သူ၏ ဝိညာဉ်စွမ်းအင်ကို ကမ္ဘာသစ်ပင်အတွင်းသို့ တိုက်ရိုက်ပေါင်းစပ်လိုက်သည်။

ယန်၊ ဟွမ်နှင့် ဟွမ်ယွင်တို့ကို ခေါ်ဆောင်ကာ ကမ္ဘာသစ်ပင်၏ သစ်မြစ်များအနောက်သို့ လိုက်ပါပြီး နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်နှင့် အမှောင်သခင်၏အခြေအနေကို စုံစမ်းရန် မြေအောက်နတ်ဆိုးနှိမ်နင်းရေးအကျဉ်းထောင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

ကမ္ဘာသစ်ပင်၏ ထူထဲသော သစ်မြစ်ကြီးများသည် ကမ္ဘာခြားနတ်ဆိုးသမုဒ္ဒရာထဲသို့ ထိုးဆင်းသွားပြီး အမှောင်အတိကျနေသော နတ်ဆိုးစွမ်းအင်ကမ္ဘာအတွင်း ရူးသွပ်စွာ ဖြတ်သန်းသွားသည်။

သစ်မြစ်များအတွင်းရှိ ဝိညာဉ်ခန္ဓာကိုယ်လေးခုလုံးသည် အမှောင်သခင်၏ အငွေ့အသက်ကို အာရုံခံမိသွားကြသည်။ သစ်မြစ်များသည် အလျင်အမြန် တိုးဝင်သွားပြီး အမှောင်သခင်ရှိနေသည့် နတ်ဆိုးအကျဉ်းထောင်၏ ဗဟိုချက်ဆီသို့ ချဉ်းကပ်သွားကြသည်။

ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်များ သောင်းကျန်းနေပြီး ကမ္ဘာသစ်ပင်၏ သစ်မြစ်များကို ဝါးမျိုရန် ကြိုးစားနေကြသော်လည်း ကမ္ဘာသစ်ပင်မှ ဖန်တီးထားသော အတားအဆီးက ဤကမ္ဘာခြားနတ်ဆိုးစွမ်းအင်များကို ထိရောက်စွာ ဖယ်ရှားထားနိုင်လေသည်။

နတ်ဆိုးအကျဉ်းထောင်အတွင်းရှိ အရာအားလုံးကို ဝူယွမ် မြင်တွေ့လိုက်ရသည်။ ၎င်းမှာ အဆုံးမရှိသည့် အမည်းရောင် အလင်းအကာအကွယ်ကြီး ဖြစ်သည်။

အလင်းအကာအကွယ်အထက်တွင် အမည်းရောင်ရူန်းစာလုံးများ ပြန့်ကျဲနေသည်။ ထိုရူန်းစာလုံးများသည် အမှောင်ဘိုးဘေးအဆောင်မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ဝူယွမ် မှတ်မိလိုက်သည်။

ဤအလင်းအကာအကွယ်မှာ ဧရာမအစီအရင်ကြီးတစ်ခု ဖြစ်သော်လည်း ယခုအခါ ၎င်းအပေါ်တွင် မှေးမှိန်နေသော အက်ကွဲကြောင်းအချို့ ပေါ်ထွက်နေသည်။

အက်ကွဲကြောင်းများထဲမှ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်စီးကြောင်းများ စိမ့်ထွက်လာပြီး အထက်ရှိ နတ်ဆိုးသမုဒ္ဒရာထဲသို့ စီးဝင်နေလေသည်။

အမည်းရောင်အလင်းအကာအကွယ်ကို ဖြတ်၍ ဝူယွမ်ကြည့်လိုက်ရာ အတွင်းဘက်တွင် လွင့်မျောနေသော မရေမတွက်နိုင်သည့် အမည်းရောင မျှော်စင်ကြီးများကို မြင်တွေ့လိုက်ရသည်။

အမည်းရောင် မျှော်စင်တစ်ခုစီတိုင်းတွင် ဧရာမ အမည်းရောင်သံကြိုးကြီးများ ရစ်ပတ်ထားပြီး ထိုသံကြိုးများက ဆန့်ထွက်ကာ အမည်းရောင်မျှော်စင်များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည်။

ရှေးဟောင်းရူန်းစာလုံးများက ဤအမည်းရောင် သံကြိုးများကို ဖုံးလွှမ်းထားပြီး အလွန်အစွမ်းထက်သော လှိုင်းဂယက်တစ်ခုကို ထုတ်လွှတ်နေလေသည်။

အမည်းရောင်မျှော်စင်များအတွင်းမှ မရေမတွက်နိုင်သော ဆိုးယုတ်သည့် နတ်ဆိုးစွမ်းအင်များ ရူးသွပ်စွာ ထွက်ပေါ်လာသော်လည်း ၎င်းတို့ အပြင်ထွက်ရန်ကြိုးစားတိုင်း အမည်းရောင်သံကြိုးများ၏ စုပ်ယူမှုကို ခံလိုက်ရသည်။

ထို့နောက် ရှေးဟောင်း ရူန်းစာလုံးများ တောက်ပလာသည်နှင့်အတူ နတ်ဆိုးစွမ်းအင်များအားလုံး အပြည့်အဝ ဝါးမျိုခံလိုက်ရလေသည်။

ကမ္ဘာသစ်ပင်၏ သစ်မြစ်များသည် အမည်းရောင် အလင်းအကာအကွယ်ရှိ အက်ကွဲကြောင်းများကို ထိုးဖောက် ဝင်ရောက်သွားကြသည်။

ထိုအမည်းရောင်မျှော်စင်များအားလုံးသည် ကမ္ဘာခြားနတ်ဆိုးများကို ချိတ်ပိတ်ထားခြင်းဖြစ်သည်။ အတွင်းရှိ ကမ္ဘာခြားနတ်ဆိုးအများစုမှာ စစ်သူကြီးအဆင့်နှင့် အထက်တွင်ရှိနေကြောင်း ဝူယွမ် အာရုံခံသိလိုက်သည်။

စစ်သူကြီးအဆင့် ကမ္ဘာခြားနတ်ဆိုးများသည် ဝင်စားခြင်းအဆင့်ကျင့်ကြံသူများနှင့် ညီမျှပေသည်။ အကြမ်းဖျင်း တွက်ချက်ကြည့်ပါက စစ်သူကြီးအဆင့်တစ်ထောင်ကျော်ခန့် ရှိနေလေသည်။

အရမ်းများလွန်းလှသည်။ အင်မတန်ကို များပြားလွန်းလှပေသည်။

ထို့အပြင် ဤသည်မှာ ဖိနှိပ်ထားသော အရေအတွက်၏ တစ်စိတ်တစ်ပိုင်းသာရှိသေးသည်။

ဤအနည်းငယ်မျှသော မြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ထိုနှစ်က ကောင်းကင်နှင့် မြေကြီးစစ်ပွဲကြီးသည် မည်မျှ ခက်ခဲကြမ်းတမ်းခဲ့မည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

ဂါးး...

ရုတ်တရက် အမည်းရောင် မျှော်စင်အုပ်စုထဲမှ ဧရာမ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ဒီရေလှိုင်းများ ဆောင့်တက်လာသကဲ့သို့ အမည်းရောင် မြူခိုးများ တိုက်ခတ်လာပြီး ပေတစ်ထောင်ရှည်လျားသော နတ်ဆိုးစွမ်းအင်စပါးအုံးမြွေကြီးအဖြစ် ပြောင်းလဲကာ ကမ္ဘာသစ်ပင်၏ သစ်မြစ်များဆီသို့ ခုန်အုပ်လာလေသည်။

ဝူယွမ်က သက်ပြင်းချလိုက်သည်။

“ဒီလို စုပေါင်းထားတဲ့ကောင် နောက်တစ်ကောင်ပါလား။ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ အသက်ရှင်သန်နိုင်စွမ်းက တကယ်ကို ပြင်းထန်လွန်းတယ်”

ဤကဲ့သို့သော အရာကို သူ မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ အမြီးကိုးချောင်းဝိညာဉ်မြေခွေး ဘိုးဘေးနယ်မြေနှင့် ထျန်းရွှမ်နန်းတော်တို့တွင် ကမ္ဘာခြားနတ်ဆိုးအသိစိတ်များစွာ ပေါင်းစပ်ဖြစ်ပေါ်လာသော အလားတူမိစ္ဆာကောင်မျိုးများကို ယခင်က ကြုံတွေ့ခဲ့ဖူးသည်။

ယခု သူ့ရှေ့မှောက်ရှိ နတ်ဆိုးစွမ်းအင် စပါးအုံးမြွေကြီးအတွင်းတွင် ကမ္ဘာခြားနတ်ဆိုး အမြောက်အမြား၏ ပြိုကွဲနေသော အသိစိတ်များ ပေါင်းစုံဖြစ်ပေါ်လာသည့် ကြမ်းတမ်းရက်စက်သော အသိစိတ်များစွာ ပါဝင်နေလေသည်။

ဤမိစ္ဆာကောင်၏ အသိစိတ်မှာ ရှုပ်ထွေးကစဉ်ကလျား ဖြစ်နေသော်လည်း ကမ္ဘာသစ်ပင်သစ်မြစ်များ၏ တွန်းလှန်ဖယ်ရှားသည့် အငွေ့အသက်ကို သိရှိသွားပုံရကာ ရူးသွပ်စွာ တိုက်ခိုက်လာခြင်းဖြစ်သည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

နတ်ဆိုးစွမ်းအင် စပါးအုံးမြွေကြီးက အဆက်မပြတ် ကိုက်ခဲနေသော်လည်း ကမ္ဘာသစ်ပင် သစ်မြစ်များ၏ အတားအဆီးစွမ်းအားကို မည်သို့မျှ မဖောက်ထွင်းနိုင်ခဲ့ပေ။

ကမ္ဘာသစ်ပင်၏ သစ်မြစ်များသည် အမည်းရောင်မျှော်စင်အုပ်စု၏ ဗဟိုချက်အထက်သို့ ရောက်ရှိသွားချိန်တွင် အောက်ဘက်ရှိ ဧရာမ ရှေးဟောင်းအမည်းရောင်သံကြိုးကြီးများ စုစည်းသွားပြီး အမည်းရောင်ပလ္လင်ကြီးတစ်ခုအဖြစ် တိုက်ရိုက်ဖြစ်တည်သွားသည်ကို ဝူယွမ် မြင်တွေ့လိုက်ရသည်။

ထိုပလ္လင်ပေါ်တွင် အနည်းငယ်သွယ်လျသော ပုံရိပ်တစ်ခုက မတ်မတ်ထိုင်နေလေသည်။ သူမ၏ ခန္ဓာကိုယ်မှာ ရှေးပဝေသဏီကတည်းက ထိုနေရာတွင် ရှိနေခဲ့သကဲ့သို့ မလှုပ်မယှက် ငြိမ်သက်နေသော်လည်း ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေနိုင်သော ကြောက်မက်ဖွယ် လှိုင်းဂယက်တစ်ခုက သူမ၏ပတ်ပတ်လည်တွင် ရိုက်ခတ်နေဆဲပင်။

ဝူယွမ်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“အမှောင်သခင်”

ဒိုင်း...

ထိုအချိန်မှာပင် ပလ္လင်ထံမှ အမည်းရောင်သံကြိုးတစ်ချောင်း ပစ်ထွက်လာပြီး ၎င်းတို့နောက်မှ လိုက်ပါလာသော နတ်ဆိုးစွမ်းအင် စပါးအုံးမြွေကြီးကို ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သည်။

“ဒီသခင်ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်ရဲတာ ဘယ်သူလဲ”

နတ်ဆိုးစွမ်းအင်စပါးအုံးမြွေကြီး ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ကြည်လင်အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ပလ္လင်ပေါ်ရှိ ပုံရိပ်သည် နှစ်ထောင်ပေါင်းများစွာ မှိတ်ထားခဲ့သော မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

သူမ၏ မျက်လုံးများထဲတွင် အမှောင်အတိကျနေပြီး အေးစက်မှုများနှင့်အတူ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ကြောက်မက်ဖွယ်ဖိအားတစ်ခု ပျံ့နှံ့နေလေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် နိုးထလာသော အမှောင်သခင်သည် လူတစ်ယောက်ကို မြင်တွေ့လိုက်ရခြင်း မဟုတ်ဘဲ ထူထဲချောမွေ့ကာ အလင်းရောင်များဖြာထွက်နေသည့် အံ့မခန်းသစ်မြစ်ကြီးတစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။

ဝှစ်...

အမှောင်သခင်က ဖြူဝင်းပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့သော သူမ၏လက်ကို ဆန့်ထုတ်ကာ ကမ္ဘာသစ်ပင်၏သစ်မြစ်ကို ဆုပ်ကိုင်လိုက်သည်။

“တကယ့်ကို ထူးဆန်းတဲ့ခံစားမှုပဲ”

“ဒါက ဘာကြီးလဲ”

သူမစိတ်ထဲတွင် မေးခွန်းတစ်ခု ဖြစ်ပေါ်လာလေသည်။

All Chapters