← Chapters

အခန်း ၆၉၁

Vol. 47 Ch. 691

အခန်း ၆၉၁

Vol. 47 Ch. 691

အခန်း (၆၉၁) - ပါရမီ အသွင်ပြောင်းလဲခြင်း၊ ဓာတ်ကြီး ငါးပါး မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ် (အပိုင်း-၂)

ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားများသည် စုယွီ၏ ပတ်ပတ်လည်တွင် ဝဲပျံနေကြပြီး စကြဝဠာကြီး၏ စွမ်းအားကပင်လျှင် ရင်းနှီးကျွမ်းဝင်သော အသက်ရှူသံများကို ခံစားသိရှိနေပုံရ၏။ သာမန် ကျင့်ကြံသူများအတွက် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားကို စုပ်ယူရန် မလွယ်ကူသော်လည်း မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ် ပိုင်ရှင် ပါရမီရှင်တစ်ဦးမူ အသက်ရှူလိုက်ရုံမျှဖြင့် ဤစွမ်းအားများကို သူ၏ အဆုတ်အတွင်းသို့ ပြည့်လျှံသွားစေနိုင်ပြီး လက်ကို ဆန့်တန်းလိုက်ရုံမျှဖြင့် စကြဝဠာကြီး၏ စွမ်းအားကို ထိတွေ့ကိုင်တွယ်နိုင်ပေသည်။

ဤအရာကကား မွေးရာပါ ပါရမီချင်း ကွာဟချက်ပင် ဖြစ်တော့၏။

ယခုအခါ စုယွီသည် သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ဝိညာဉ်စွမ်းအားများ၏ လှုပ်ရှားမှု အဆင့်အတန်းကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပြီ ဖြစ်၏။ စကြဝဠာကြီး တစ်ခုလုံးက ဂုဏ်ပြုနေကြသည့်အလား၊ ကမ္ဘာမြေကြီး၏ ဝိညာဉ်စွမ်းအားများက သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိတ်အားထက်သန်စွာ စီးဝင်နေကြသည့်အလား ခံစားနေရတော့သည်။ ဓာတ်များနှင့် နေရာလွတ် စွမ်းအားများသည်လည်း စုယွီနှင့် ပိုမို နီးကပ်လာသယောင် ရှိနေ၏။ ဤကဲ့သို့သော ရင်းနှီးကျွမ်းဝင်မှုက ဤစကြဝဠာ စွမ်းအားများကို သူ ထိန်းချုပ်ရန်နှင့် သိမြင်နားလည်ရန်အတွက် များစွာ ပိုမို လွယ်ကူပြီး ထိရောက်မှု ရှိစေတော့သည်။

အခြားနည်းဖြင့် ဆိုရသော်... သူ၏ ဝိညာဉ်အမြစ် အသွင်ပြောင်းလဲမှုသည် အဖက်ဖက်မှ တာအိုတရားအပေါ် စုယွီ၏ အခြေခံနှင့် နားလည်သဘောပေါက်မှုကို မြှင့်တင်ပေးခဲ့ချေပြီ။

သူ၏ ဝိညာဉ်အမြစ်ကို ဓာတ်ကြီး ငါးပါး မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်အဖြစ် ပြောင်းလဲလိုက်ခြင်းနှင့် သူ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းလဲလာပုံ ပေါ်နေခြင်းတို့က လျှို့ဝှက်ဆန်းကြယ် မျိုးစေ့မှ ချန်ရစ်ခဲ့သော ဝိညာဉ်အရည်ကို ဝါးမြို သန့်စင်ခြင်းမှ စုယွီ ရရှိခဲ့သည့် အကြီးမားဆုံးသော အကျိုးအမြတ်များ ဖြစ်ကြပေသည်။ သူ၏ ဝိဉာဉ် ကျင့်ကြံခြင်း အဆင့်၊ ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်နှင့် ဝိဉာဉ်စွမ်းအားတို့မှာမူ ယခင်အတိုင်းပင် မပြောင်းလဲသေးချေ။

‘ဒီမိစ္ဆာသစ်ပင်က ဘယ်လိုမျိုး သစ်ပင်မို့လို့ တစ်ယောက်ယောက်ရဲ့ ဝိညာဉ်အမြစ်နဲ့ ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲပေးနိုင်တဲ့ ဝိညာဉ်အရည်မျိုးကို ချန်ထားနိုင်ရတာလဲ...’

စုယွီသည် နှလုံးခုန်နှုန်း မြန်ဆန်စွာဖြင့် မိမိကိုယ်ကိုယ် အံ့အားသင့်စွာ တွေးတောနေမိ၏။ ထိုလျှို့ဝှက်ဆန်းကြယ် မျိုးစေ့မှာ အမှန်တကယ်ပင် အင်မော်တယ် မျိုးစေ့တစ်ခု မဟုတ်ပါလော။

စုယွီ၏ ဝိညာဉ်အမြစ်သည် အောက်ခြေအဆင့်မှနေ၍ ဓာတ်ကြီး ငါးပါး မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်အထိ ပြင်းထန်စွာ မြင့်တက်လာခဲ့ခြင်း ဖြစ်၏။ အတိတ်တွင် ဖြစ်စေ၊ ပစ္စုပ္ပန်တွင် ဖြစ်စေ တစ်ဦးတစ်ယောက်၏ ဝိညာဉ်အမြစ် အရည်အသွေးကို အသွင်ပြောင်းလဲပြီး မြှင့်တင်ရန် ဖြစ်နိုင်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အင်မော်တယ် လျှို့ဝှက်ချက်ကြောင့် သူ၏ ဝိညာဉ်အမြစ် အရည်အသွေးကို နောက်ဆုံးအကြိမ် အသွင်ပြောင်းလဲခွင့် ရရှိခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ချေပြီ။

တစ်ဦးတစ်ယောက်၏ မွေးရာပါ ပါရမီကို အသွင်ပြောင်းလဲပြီး မြှင့်တင်ရန်မှာ ထင်သလောက် မလွယ်ကူကြောင်း ထင်ရှားလှပေသည်။

ဤတစ်ကြိမ်တွင်မူ စုယွီသည် ထိုဝိညာဉ်အရည်ကို ဝါးမြို သန့်စင်ရန်အတွက် လဝက်နီးပါးခန့် အချိန်ယူခဲ့ရ၏။ သူသည် လျှို့ဝှက်ဆန်းကြယ် မျိုးစေ့ကို မှော်လက်နက် နန်းတော်အတွင်းသို့ ပြန်လည် ထည့်သွင်းသိမ်းဆည်းလိုက်သည်။ ၎င်းသည် မိစ္ဆာသစ်ပင် ခန္ဓာကိုယ်၏ ကျန်ရှိနေသော အစိတ်အပိုင်းဝက်ကို ဆက်လက် စုပ်ယူရန် စိတ်ဝင်စားပုံ မရှိတော့ဘဲ လုံးဝ စုပ်ယူလိုသည့် ရည်ရွယ်ချက် မပြတော့ချေ။

သို့ဖြစ်ပါ၍ စုယွီသည် ၎င်းကို ဖယ်ထုတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။ အသွင်ပြောင်းလဲသွားသော လျှို့ဝှက်ဆန်းကြယ် မျိုးစေ့သည် မိစ္ဆာသစ်ပင်၏ စွမ်းအားများကို ၎င်းအတွက် အသုံးမဝင်တော့ဟု ယူဆပုံရ၏။ ယခု ကျန်ရှိနေသော တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ ကိုယ်ပိုင် ဝိဉာဉ်စွမ်းအားဖြင့် ၎င်းကို ပြုစုပျိုးထောင်ရန်ပင် ဖြစ်တော့သည်။

သို့သော်ငြားလည်း မိစ္ဆာသစ်ပင်၏ ကျန်ရှိနေသော ခန္ဓာကိုယ် အစိတ်အပိုင်းကို လျှော့တွက်၍ မရနိုင်ချေ။ ၎င်းသည် ပဉ္စမအဆင့်မြင့် ဝိညာဉ်သစ်သား တစ်ခု ဖြစ်သဖြင့် ဒုတိယအဆင့် မှော်ရတနာ တစ်ခု သို့မဟုတ် ဒုတိယအဆင့် အဆောင်လက်ဖွဲ့ တစ်ခုကို သန့်စင်ရန်အတွက်ပင် လုံလောက်မှု ရှိပေသည်။

‘ငါ ဝိညာဉ်အဆောင်လက်ဖွဲ့ အချို့ကိုလည်း သန့်စင်နိုင်တယ်... ဆုံးရှုံးမှုတွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် ပစ္စည်းတွေကို စတင် စုဆောင်းရမယ်...’ စုယွီသည် မိမိကိုယ်ကိုယ် တွေးတောလိုက်မိ၏။

ယခင် တိုက်ပွဲတွင် သူသည် ကြေးမုံလမင်း အဆောင်လက်ဖွဲ့များနှင့် နတ်ဘုရားသတ် အဆောင်လက်ဖွဲ့များ အားလုံးနီးပါးကို အသုံးပြုခဲ့ရသဖြင့် စုစုပေါင်း အချပ်ရေ ထောင်ချီ၍ ကုန်ဆုံးခဲ့ရသည်။ ဤပမာဏကို ပြန်လည် ဖြည့်တင်းရန်အတွက် နှစ်ပေါင်း နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် အချိန်ယူရဦးမည် ဖြစ်၏။

ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရပေမည်။

ဤအရာသည် စတုတ္ထအဆင့်လတ် အဆောင်လက်ဖွဲ့များ ဖန်တီးခြင်းတွင် သူ၏ ကျွမ်းကျင်မှုကို ဆက်လက် မြှင့်တင်ရန်အတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်လာလိမ့်မည်။ ပစ္စည်းများ စုဆောင်းခြင်း ကုန်ကျစရိတ်အတွက်မူ... ၎င်းကို ယွင်ရှောင် ဆေးလုံးစံအိမ်ကပင် လျော်ကြေးပေးမည် ဖြစ်၏။ အကြောင်းမူကား သူသည် ယွင်ရှောင် ဆေးလုံးစံအိမ်တွင် ရောင်းချရန်အတွက် တတိယအဆင့်မြင့် ဆေးလုံးများကို သန့်စင်ပေးနေခဲ့သောကြောင့်ပင် ဖြစ်သည်။

၎င်းအပြင် သူသည် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခိုဈေးကွက်ရှိ ကြီးမားသော ကုန်သွယ်ရေး အဖွဲ့အစည်းအချို့၏ စွမ်းအားများကို အသုံးပြု၍ သူ လိုအပ်သော ပစ္စည်းများကို စုဆောင်းနိုင်သေး၏။ လက်ရှိ အခြေအနေတွင် ယွင်ရှောင် ဆေးလုံးစံအိမ်၏ အကျိုးအမြတ်များသည် သူ၏ ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း၊ ရုပ်သေး သွန်းလုပ်ခြင်းနှင့် အခင်းအကျင်းများ စသည်တို့၏ ကုန်ကျစရိတ်ကို သီချင်းအေးအေးဖြင့် ဖြည့်ဆည်းပေးနိုင်ဆဲ ဖြစ်သည်။

သို့ဖြစ်ပါ၍ သူသည် ဤနှစ်များအတွင်း သက်သောင့်သက်သာရှိပြီး လွတ်လပ်သော ဘဝတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ခြင်း ဖြစ်ကာ ၎င်းသည် လင်ချင်းရှားနှင့် အခြား အမျိုးသမီး နှစ်ဦးတို့၏ ယွင်ရှောင် ဆေးလုံးစံအိမ်ကို ကောင်းမွန်စွာ စီမံခန့်ခွဲမှုကြောင့် အများကြီး သက်ဆိုင်ပေသည်။

‘လောလောဆယ် ငါ့ရဲ့ ကျင့်ကြံခြင်းကို အရင် ဆက်လုပ်တာပေါ့...’

သူ၏ အတွေးအားလုံးကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် စုယွီသည် သူ၏ စိတ်ကို ကြည်လင်စေရန်အတွက် ပုစဉ်းပိုးတုံးလုံး အချိန်တာအို ကျင့်စဉ်ကို အသက်သွင်းလိုက်၏။ ယ သူ၏ ပတ်ပတ်လည်တွင် အချိန်စီးဆင်းမှုကို ပြောင်းလဲစေသော အချိန်နယ်ပယ်ကို ချက်ချင်းပင် စုစည်းလိုက်ကာ ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို အသုံးပြု၍ စတင် ကျင့်ကြံလိုက်တော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်များ ကုန်လွန်သွားခဲ့ပြီး ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ချေပြီ။

စုယွီသည် သူ၏ ဝိညာဉ်အမြစ်မှာ ဓာတ်ကြီး ငါးပါး မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်အဖြစ် အသွင်ပြောင်းလဲသွားပြီးနောက် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ အံ့မခန်း တိုးတက်လာသည်ကို တွေ့ရှိရသဖြင့် အလွန်အမင်း ဝမ်းမြောက်သွားရတော့သည်။ ဓာတ်ကြီး ငါးပါး မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်၏ ပိုင်ရှင်တစ်ဦး အနေဖြင့် သူသည် နောက်ဆုံးတွင် သူ၏ မွေးရာပါ ပါရမီကို အခြေခံ၍ ပါရမီရှင်တစ်ဦးဟူသော ဂုဏ်သတင်းနှင့်အညီ ရှင်သန်နိုင်ပြီ ဖြစ်လာတော့၏။

အဆုံးစွန်တွင်မူ လော့ချန်ယွီ၊ တာအိုပညာရှင် ချင်းချွမ်နှင့် နတ်သမီး ဖုန်းလင် စသူတို့သည်ပင်လျှင် မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။ ယခုအခါ သူ၏ မွေးရာပါ ဝိညာဉ်အမြစ် ပါရမီသည် သူတို့နှင့် တန်းတူ ဖြစ်သွားခဲ့ချေပြီ။

တစ်နှစ်အကြာ၌။

တာ့ယွီတောင်ထွတ်၏ တားမြစ်နယ်မြေ။

စုယွီ၏ အရှိန်အဝါသည် ပိုမို ပြင်းထန်ပြီး မြင့်မားလာသည်နှင့်အမျှ တားမြစ်နယ်မြေအတွင်းရှိ သိပ်သည်းလှသော ကမ္ဘာမြေကြီး၏ ဝိညာဉ်စွမ်းအားများသည် သူ့ထံသို့ တဟုန်ထိုး စီးဝင်လာကြတော့သည်။ စုယွီ၏ ခန္ဓာကိုယ်အတွင်း၌ စတုတ္ထအဆင့်မြင့် ဝိညာဉ်အရည် အစက်အချို့သည်လည်း လျှံကျလာသော ဝိညာဉ်အရှိန်အဝါများကို ထုတ်လွှတ်ပေးနေပြီး ၎င်းက ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို ဤအရှိန်အဝါများအား ဓာတ်ကြီး ငါးပါး ဝိဉာဉ်စွမ်းအားအဖြစ် ပြောင်းလဲကာ သူ၏ ဒန်တျန်အတွင်းသို့ စီးဝင်စေ၏။

နာရီအနည်းငယ် အကြာတွင် စုယွီသည် စတုတ္ထအဆင့်မြင့် ဝိညာဉ်အရည် (၁၀) စက်ကို ဝါးမြို သန့်စင်ပြီးနောက် တားမြစ်နယ်မြေအတွင်း၌ စုဆောင်းထားသော ကမ္ဘာမြေကြီး၏ ဝိညာဉ်စွမ်းအား အများစုကို စုပ်ယူလိုက်ကာ သူ၏ ကျင့်ကြံခြင်း အရှိန်အဝါကို တည်ငြိမ်သွားစေတော့သည်။ သူ၏ ယခင် ကျင့်ကြံခြင်း အချိန်ကာလကို ထည့်သွင်း တွက်ချက်မည် ဆိုပါက စုယွီသည် မူလဝိဉာဉ်၏ ဒုတိယအဆင့်မှ တတိယအဆင့်သို့ တက်လှမ်းရန်အတွက် နှစ်ပေါင်း သုံးဆယ်ကျော် အချိန်ယူခဲ့ရခြင်း ဖြစ်၏။

ဤအရှိန်အဟုန်သည် အမှန်တကယ်ပင် သူ မူလဝိဉာဉ်၏ ပထမအဆင့်၌ ရှိနေစဉ်ကထက် များစွာ ပိုမို မြန်ဆန်လှ၏။ ၎င်းသည် အသွင်ပြောင်းလဲသွားသော ဝိညာဉ်အရည်၏ သက်ရောက်မှုနှင့် ပိုမို အားကောင်းလာသော ဓာတ်ကြီး ငါးပါး ကျင့်စဉ်တို့ကြောင့်ပင် ဖြစ်လာရတော့သည်။ ယခုအခါ စုယွီ၏ ဝိညာဉ်အမြစ်သည် ဓာတ်ကြီး ငါးပါး မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သဖြင့် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ သိသိသာသာ ထပ်မံ မြင့်တက်လာခဲ့ပြန်ပြီ ဖြစ်၏။

မူလဝိဉာဉ် တတိယအဆင့်၌ သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ ပထမအဆင့်၌ ရှိနေစဉ်ကထက် များစွာ ကျော်လွန်နေချေပြီ။ အကယ်၍ ဤအတိုင်းဆိုပါက သူသည် မူလဝိဉာဉ် စတုတ္ထအဆင့်သို့ အဆင့်ချိုးဖြတ်ရန်အတွက် အချိန်အတော်ကြာ ယူရဦးမည် မဟုတ်ချေ။ နှစ်ပေါင်း သုံးဆယ်ကျော် အချိန်ကာလသည်ပင် လုံလောက်မှု ရှိပေလိမ့်မည်။

“ဟူး...”

စုယွီသည် သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီး သူ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။ သူ၏ အကြည့်များအတွင်းမှ နတ်ဘုရား အလင်းတန်းများ ဖြာထွက်လာတော့သည်။ သူ၏ ပတ်ပတ်လည်ရှိ ကမ္ဘာမြေကြီးသည်ပင်လျှင် သူ၏ အရှိန်အဝါ သက်ရောက်မှုအောက်တွင် ဂယက်လှိုင်းများ ထင်ကျန်ရစ်ခဲ့၏။ သူ၏ ကျင့်ကြံခြင်း အရှိန်အဝါသည် ယခင် မူလဝိဉာဉ် ဒုတိယအဆင့်၌ ရှိနေစဉ်ကထက် ပိုမို သန့်စင်လာခဲ့ပြီ ဖြစ်ရာ အမှန်စင်စစ် ၎င်းသည် မူလဝိဉာဉ် ဆဋ္ဌမအဆင့်ရှိ သာမန် အရှင်သခင်ကြီး တစ်ဦး၏ အရှိန်အဝါထက်ပင် များစွာ ပိုမို ကြွယ်ဝနေပေလိမ့်မည်တကား။

စုယွီသည် သူ၏ လက်ရှိ ကျင့်ကြံခြင်း အရှိန်အဝါကို ဆန်းစစ်လိုက်ပြီးနောက် သူ တစ်ကြိမ် တွေ့ဆုံဖူးခဲ့သော အင်မော်တယ် တစ်သောင်း နန်းတော်၏ တာအိုသားတော် ကူရှောက်ခွန်းနှင့် နှိုင်းယှဉ်ကြည့်လိုက်၏။

နှစ်ဦးစလုံးသည် မူလဝိဉာဉ် တတိယအဆင့်၌ ရှိနေကြသော်လည်း အကယ်၍ ကူရှောက်ခွန်းသည် သူ့ကို လာရောက် ရင်ဆိုင်မည် ဆိုပါက သူသည် ထိုရန်သူကို လက်ဝါးတစ်ချက်တည်းဖြင့် အသာကလေး ရိုက်ထုတ်နိုင်လိမ့်မည်ဟု တွက်ဆလိုက်ရသည်။

စုယွီသည် ခြေလှမ်း အနည်းငယ်အတွင်းမှာပင် ကူရှောက်ခွန်း၏ ရုပ်ခန္ဓာကို ချေမှုန်းပစ်နိုင်ပြီး ၎င်း၏ မူလဝိဉာဉ် ဝိညာဉ်ကို ဖမ်းဆီးနိုင်ပေသည်။

ဟုတ်ပါ၏.. ဤအရာသည် ထိုရန်သူက သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းထက် ကျော်လွန်သော ရတနာများကို အသုံးမပြု ဟူသော အချက်အပေါ်တွင် အခြေခံထားခြင်း ဖြစ်၏။ အကယ်၍ ရန်သူက သူ့ကို မတိုက်ခိုက်နိုင်တော့သည့် အခြေအနေအောက်တွင် ဝိညာဉ်ခွဲဖြာ ကိုယ်ပွား တစ်ခုအား ဆင့်ခေါ်လိုက်မည် ဆိုပါကမူ ဆွေးနွေးစရာ အကြောင်းမရှိတော့ချေ။ အကြောင်းမူကား ထိုဝိညာဉ်ခွဲဖြာ ကိုယ်ပွားသည် တာအိုသားတော် ကူရှောက်ခွန်း တစ်ယောက်တည်း မဟုတ်တော့သောကြောင့်ပင်။

နောက်တစ်ဆင့် အနေဖြင့် သူသည် ကျွမ်းကျင်မှု မျက်နှာပြင်ဆီသို့ လှမ်းကြည့်လိုက်၏။

[ကျင့်ကြံခြင်းအဆင့် - မူလဝိဉာဉ် တတိယအဆင့်]

[သက်တမ်း - (၂၈၇) / (၂၆၆၁) နှစ်]

[ကျင့်စဉ်များ - ဓာတ်ကြီး ငါးပါးကျင့်စဉ် (မူလဝိဉာဉ် တတိယအဆင့်၊ ကျွမ်းကျင်မှု ၀.၀၁%)၊ ကောင်းကင်အင်မော်တယ် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် (စတုတ္ထအဆင့်၊ ကျွမ်းကျင်မှု ၈၉.၉၁%)၊ သွေးဝေလငါး လမင်းမြိုကျင့်စဉ် (စတုတ္ထနယ်ပယ်.. ကျွမ်းကျင်မှု ၇၀%)၊ အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ (ပြီးပြည့်စုံခြင်း)... ရွှေပုစဥ်းရင်ကွဲ ကျင့်စဉ် (စတုတ္ထအဆင့်၊ ကျွမ်းကျင်မှု ၅၆.၂၆%)]

[မန္တန်များ - သစ်သားနွယ်ပင်မန္တန် (ပြီးပြည့်စုံခြင်း)... ယင်ယန်လွတ်မြောက်ခြင်းကျင့်စဉ် (ပြီးပြည့်စုံခြင်း)၊ ကောင်းကင်ပိုင်းဖြတ် နတ်ဘုရားကျင့်စဉ် (ပြီးပြည့်စုံခြင်း)၊ ပုစဉ်းပိုးတုံးလုံး အချိန် တာအို ကျင့်စဉ် (အဆင့်မြင့်အဆင့်၊ ကျွမ်းကျင်မှု ၃၂.၁၁%)၊ ဟင်းလင်းပြင် လွတ်မြောက်ခြင်းမန္တန် (အစပြုအဆင့်၊ ကျွမ်းကျင်မှု ၈၉.၄၅%)]

မျက်နှာပြင်ကို ကြည့်ရင်း စုယွီသည် စိတ်ထဲမှ တွေးလိုက်မိ၏။

‘ငါ့ရဲ့ သက်တမ်းက နောက်ထပ် (၁၄၆) နှစ် တိုးလာပြန်ပြီပဲ...’

အချိန်တာအို၏ သက်ရောက်မှုကို ထည့်မတွက်ဘဲ ထားဦး... သူသည် နောက်ထပ် နှစ်ပေါင်း နှစ်ထောင့်သုံးရာ သို့မဟုတ် လေးရာခန့်အထိ ဆက်လက် ရှင်သန်နိုင်ဦးမည် ဖြစ်သည်။ သူ၏ သက်တမ်းသည် ဝိညာဉ်ခွဲဖြာခြင်း နယ်ပယ်၏ အရှင်သခင်ကြီးများထက်ပင် ကျော်လွန်သွားနိုင်ခြေ ရှိ၏။ မျက်နှာပြင်ပေါ်တွင် သူ၏ အသက်မှာ အဘယ်ကြောင့် (၂၈၇) နှစ်သာ ရှိနေသေးရသနည်း ဆိုပါက ၎င်းသည် ပုစဉ်းပိုးတုံးလုံး အချိန် တာအို ကျင့်စဉ်နှင့် အချိန်တာအို နိယာမတို့၏ သက်ရောက်မှုကြောင့် ဖြစ်ပေသည်။ သို့မဟုတ်ပါက စုယွီ၏ လက်ရှိ အစစ်အမှန် အသက်အရွယ် အရဆိုလျှင် နှစ်ပေါင်း သုံးရာကျော် ရှိနေရမည် ဖြစ်၏။

သူ၏ စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်၏။ သူ၏ ကျင့်ကြံခြင်းတွင် အဆင့်ချိုးဖြတ်မှုတစ်ခု ပြုလုပ်ပြီးနောက် စုယွီသည် စိတ်ကြည်လင် လန်းဆန်းစွာဖြင့် အင်မော်တယ် ဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီး အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်နှင့် ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ် နယ်မြေသို့ တစ်ဖန် ပြန်လည် သွားရောက်ခဲ့ပြန်သည်။ ယွင်ရှောင် ဆေးလုံးစံအိမ်၌ စုယွီသည် နန်းတော်အတွက် လိုအပ်သော တတိယအဆင့် အရည်အသွေး အမြင့်ဆုံး ဆေးလုံးများကို ချန်ထားခဲ့ပြီး ထိုနေရာတွင် ရက်အနည်းငယ်ကြာအောင် နေထိုင်ခဲ့၏။

နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံအားထုတ်ပြီးနောက် လင်ချင်းရှားသည် ယခုအခါ စိတ်ဝိညာဉ် စုစည်းခြင်း နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ မူလဝိဉာဉ်၏ အရှင်သခင်ကြီး အဆင့်သို့ အဆင့်ချိုးဖြတ်ရန်အတွက် သူမ၏ အခြေခံကို ပြုပြင်မွမ်းမံနေပြီ ဖြစ်သည်။ လင်ပင်းနှင့် ရန်ယွီမင်တို့မှာမူ မကြာသေးမီကမှ စိတ်ဝိညာဉ် စုစည်းခြင်း နယ်ပယ်၏ နဝမအဆင့်သို့ အဆင့်ချိုးဖြတ်နိုင်ခဲ့ကြ၏။

သူတို့သည်လည်း မူလဝိဉာဉ်နှင့် မဝေးတော့ချေ။

စုယွီ ရှေးဟောင်း သန့်စင်သော မိစ္ဆာတောအုပ်မှ လုယူခဲ့သော မူလဝိဉာဉ် သစ်ပင်သည် မကြာသေးမီကမှ ပန်းပွင့်ပြီး အသီးသီးခဲ့ချေပြီ။ ဝိညာဉ်အရည် ပုလင်း၏ အဆက်မပြတ် ရေလောင်းပေးမှုအောက်တွင် ဝိညာဥ်သစ်ပင်သည် အသီးသုံးလုံး သီးပွင့်လာခဲ့၏။ ၎င်းကို လှမ်းကြည့်လိုက်ရုံဖြင့် စုယွီက ထိုအသီးများသည် နှစ်အနည်းငယ်အတွင်းမှာပင် ရင့်မှည့်လာလိမ့်မည်ဟု တွေးလိုက်မိသည်။

‘မူလဝိဉာဉ် ဝိညာဉ်သီးတွေ ရင့်မှည့်လာတာနဲ့ ငါ မူလဝိဉာဉ် ဆေးလုံး အုပ်စုတစ်စုကို သန့်စင်နိုင်မယ်... အဲဒီအခါကျရင် ချင်းရှား၊ လင်းပင်းနဲ့ ယွီမင်တို့ အားလုံး မူလဝိဉာဉ် အဆင့်ချိုးဖြတ်ဖို့ ကြိုးစားနိုင်ကြလိမ့်မယ်...’

‘ယူခေါင်ရ်က မွေးရာပါ ပါရမီ နည်းနည်း လျော့နည်းပေမဲ့ သူမကလည်း မကြာသေးမီကမှ စိတ်ဝိညာဉ် စုစည်းခြင်း နယ်ပယ်ရဲ့ သတ္တမအဆင့်သို့ ကျင့်ကြံနိုင်ခဲ့တယ်... မမကျိလည်း ရှိသေးတယ်... သူမကလည်း မူလဝိဉာဉ် ဆေးလုံးကို လိုအပ်နေတာပဲ...’

ထပ်မံ တွက်ချက်ကြည့်လိုက်သောအခါ စုယွီသည် မူလဝိဉာဉ် ဆေးလုံးကို လိုအပ်နေသော လူအတော်များများ ရှိနေကြောင်း သိလိုက်ရသည်။ ၎င်းတို့အနက်တွင် တာ့ယွဲ့နန်းတော်မှ လူများနှင့် လင်းချင်းရှား ဝယ်ယူခဲ့သော အမျိုးသမီး ကျင့်ကြံသူ နှစ်ဆယ်တို့ ပါဝင်နေ၏။

ထိုလူများ အားလုံးကိုလည်း မူလဝိဉာဉ်၏ အရှင်သခင်ကြီးများ ဖြစ်လာစေရန်အတွက် ပြုစုပျိုးထောင်ပေးနိုင်ပေသည်။

All Chapters