← Chapters

အခန်း ၆၉၂

Vol. 47 Ch. 692

အခန်း ၆၉၂

Vol. 47 Ch. 692

အခန်း (၆၉၂) - အဆင့်မြှင့်တင်ခြင်း၊ ပစ္စည်းများ စုဆောင်းခြင်း အပိုင်း (၁)

စုယွီထံတွင် ကျင့်ကြံရန်အတွက် အရင်းအမြစ်များ အမှန်တကယ်ပင် ကြွယ်ဝစွာ ရှိနေသော်လည်း မိမိတို့၏ ဘဝလမ်းကြောင်းတွင် မူလဝိဉာဉ်၏ အဆင့်အတန်းဆီသို့ တက်လှမ်းနိုင်ခြင်း ရှိမရှိ... ထိုနယ်ပယ်၏ တံခါးဝကို ကျော်ဖြတ်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာမူ နောက်ဆုံးတွင် ၎င်းတို့အပေါ်၌သာ လုံးဝ တည်မှီနေပေတော့သည်။

အတိတ်ကာလက စုမိသားစုမှ လူကြီးသူမများကဲ့သို့ပင်... အချို့သောသူများသည် ကျင့်ကြံခြင်း သက်တမ်းတစ်လျှောက် အခြေခံတည်ဆောက်ခြင်း နယ်ပယ်၏ တံခါးဝကိုပင် မကျော်ဖြတ်နိုင်ခဲ့ဘဲ ချီသန့်စင် နယ်ပယ်၏ နဝမအဆင့်သို့ ရောက်ရှိပြီးမှသာ လူ့လောကကြီးကို စွန့်ခွာသွားခဲ့ကြရသည် မဟုတ်ပါလော။

ယွီချန်ချင်းသည်လည်း အမြုတေ ဖွဲ့စည်းခြင်းနယ်ပယ်သို့ အဆင့်ချိုးဖြတ်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲ ပြင်းထန်သော စိတ်ဒဏ်ရာဒဏ်ချက်များကြောင့် မကြာမီ အချိန်အတွင်းမှာပင် ကွယ်လွန်သွားခဲ့ရရှာသည်။

ဤအရာကကား တစ်ဦးတစ်ယောက်ချင်းစီ၏ မွေးရာပါ ပါရမီ အရည်အချင်း ကန့်သတ်ချက်များ ဖြစ်သဖြင့် မည်သူမျှ ပြောင်းလဲပေးနိုင်စွမ်း မရှိချေ။

သို့သော်လည်း သာမန် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက လင်ချင်းရှားနှင့် အခြားသူများမှာမူ စုယွီ ပံ့ပိုးပေးထားသော ဝိညာဉ်သန့်စင်အိုးမှ ထူးကဲလှသော ဝိညာဉ်အရည်များနှင့် အကောင်းဆုံး အရည်အသွေးရှိ ဆေးလုံးများကဲ့သို့သော အပိုဆောင်း ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိထားကြသူများ ဖြစ်ကြ၏။

ယွီခယ်အာမှာမူ စုယွီနှင့်အတူ နှစ်ကိုယ်တူ ကျင့်စဉ်ကို အတူတကွ ကျင့်ကြံခွင့် ရရှိထားသဖြင့် တစ်စုံတစ်ရာသော အတိုင်းအတာအထိ ပါရမီ ပြောင်းလဲနိုင်ခဲ့သည်။

သို့သော်ငြားလည်း ယခုအချိန်တွင် ယွီခယ်အာ၏ အသက်မှာ နှစ်ပေါင်း သုံးရာကျော် ရှိနေပြီ ဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အမြုတေ ဖွဲ့စည်းခြင်းနယ်ပယ် သတ္တမအဆင့်၌သာ ရှိနေသေး၏။ သူမသည် မူလဝိဉာဉ်၏ အရှင်သခင်ကြီး အဆင့်သို့ ရောက်ရှိနိုင်ခြင်း ရှိမရှိကိုမူ စုယွီကိုယ်တိုင်ပင် ကြိုတင်၍ မခန့်မှန်းနိုင်တော့ချေ။

သူမတို့အတွက် စုယွီ လုပ်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ ကျင့်ကြံခြင်း အရင်းအမြစ်အချို့နှင့် ကောင်းမွန်သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန်သာ ဖြစ်တော့သည်။

သူ ဝယ်ယူခဲ့သော အမြုတေ ဖွဲ့စည်းခြင်းနယ်ပယ်ရှိ အမျိုးသမီး ကျင့်ကြံသူ နှစ်ဆယ်အုပ်စုထဲမှ အကယ်၍ လေးဦး သို့မဟုတ် ငါးဦးခန့်သာ မူလဝိဉာဉ်သို့ အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်မည် ဆိုပါက ထိုအရာသည်ပင်လျှင် အလွန် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခိုဈေးကွက်မှ ထွက်ခွာပြီးနောက် စုယွီသည် ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ် နယ်မြေဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့တော့သည်။

ပန်းပင်လယ်ကြီး ဝန်းရံထားသော အင်မော်တယ် နန်းတော်တစ်ခုအတွင်း၌။

ထိုနေရာသို့ ရောက်ရှိသောအခါ စုယွီသည် စုဇီနှင့် အခြားသူများထံမှ စိတ်မကောင်းစရာ သတင်းတစ်ခုကို ကြားသိလိုက်ရ၏။ အကြောင်းမူကား ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း စုရွီအန်းနှင့် ယွီဝမ်ဇီတို့ နှစ်ဦးစလုံးသည် ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်ကာ ယခုအခါ ဆေးလုံးတောင်ရှိ စုမိသားစု၏ သုသာန်မြေ၌ ကောင်းမွန်စွာ သင်္ဂြိုဟ်ထားပြီး ဖြစ်ကြောင်းပင်။

ဤသတင်းကို ကြားလိုက်ရသော အခိုက်အတန့်၌ စုယွီသည် အတိတ်ကာလကို ပြန်လည် မြင်ယောင်ရင်း ခေတ္တမျှ ငိုင်ငေးသွားရရှာသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် တာ့ယွဲ့ မှောင်ခိုဈေးကွက်၌ ရှိနေစဉ်... မိသားစု ခေါင်းဆောင်သည် သူနှင့်အတူ ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်း ပညာရပ်များကို သင်ယူရန်အတွက် မိသားစုထဲမှ ထူးချွန်သော လူငယ်မောင်မယ် အချို့ကို ရွေးချယ်၍ ထည့်သွင်းပေးခဲ့ဖူး၏။

ထိုလူငယ်များထဲတွင် သူ၏ တူဖြစ်သူ စုရွီအန်းလည်း ပါဝင်ခဲ့ပေသည်။ ထိုအချိန်တုန်းက စုရွီအန်းမှာ အသက် နှစ်ဆယ်ပင် မပြည့်သေးသော လူငယ်လေးတစ်ဦးမျှသာ ရှိသေး၏။

သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်း နှစ်ရာကျော် အချိန်ကာလက ကုန်လွန်သွားခဲ့ချေပြီ။

အတိတ်ကာလက သူနှင့်အတူ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့သော ထိုလူငယ်လေးသည် သူ၏ တာအိုအဖော်နှင့်အတူ လူ့လောကကြီးကို စွန့်ခွာသွားခဲ့ချေပြီ။

စုယွီသည် အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေမိတော့၏။

ထို့နောက်မှ စုယွီက မေးလိုက်သည်။

“အခု မိသားစု ခေါင်းဆောင်အဖြစ် ဘယ်သူက တာဝန်ယူထားလဲ...”

စုကျိက ပြန်လည် ရှင်းပြလိုက်၏။

“ရွီအန်းရဲ့ မြေးဖြစ်တဲ့ စုဝေရှန်းပါ... သူက မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ် ပါရမီကို ပိုင်ဆိုင်ထားပြီး ဒီနှစ်မှာပဲ အခြေခံတည်ဆောက်ခြင်း နယ်ပယ်ရဲ့ နဝမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်လို့ အမြုတေ ဖွဲ့စည်းခြင်းနယ်ပယ်ဆီ အဆင့်ချိုးဖြတ်ဖို့ ပြင်ဆင်နေပါတယ်...”

စုဝေရှန်း...

စုယွီသည် လွန်ခဲ့သော နှစ်အနည်းငယ်က သူ မိသားစုဆီသို့ ပြန်လာစဉ်က တွေ့ဆုံခဲ့ဖူးသော ထိုလူငယ်လေး၏ ပုံရိပ်ကို ပြန်လည် သတိရလိုက်မိ၏။ ထိုစဉ်က စုဝေရှန်းမှာ အသက် နှစ်ဆယ့်ခြောက်နှစ်အရွယ်ရှိ အခြေခံတည်ဆောက်ခြင်း နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေသော ပါရမီရှင် လူငယ်လေး တစ်ဦး ဖြစ်သည်။

ယခုအခါ ဆယ်စုနှစ်တစ်ခုကျော် အချိန်ကာလ ကုန်လွန်သွားခဲ့ပြီ ဖြစ်သဖြင့် စုဝေရှန်း၏ အသက်မှာလည်း နှစ်ပေါင်း လေးဆယ်ခန့် ရှိနေပေပြီ။

သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းနှင့် အသက်အရွယ် အရဆိုပါက သူသည် စုမိသားစု၏ ခေါင်းဆောင်တာဝန်ကို လွှဲပြောင်းရယူရန် အမှန်တကယ်ပင် သင့်တော်လှပေသည်။

“ငါတို့ အတူတူ အိမ်ပြန်ကြစို့...”

စုယွီသည် စုကျိ၊ ယွီခယ်အာ၊ မာထျန်းလင်နှင့် အခြားသူများကို ခေါ်ဆောင်ကာ နယ်မြေကူးပြောင်းခြင်း အခင်းအကျင်းမှတစ်ဆင့် မိသားစု တည်ရှိရာ ဆေးလုံးတောင်သို့ တိတ်တဆိတ် ပြန်လာခဲ့ကြပြီး စုရွီအန်းနှင့် မိသားစုဝင် လူငယ်လေးများ၏ ဂူဗိမာန်များရှေ့၌ လှိုက်လှဲစွာဖြင့် ဂါရဝပြုလိုက်ကြတော့၏။

အတိတ်ကာလက မိသားစုဝင် လူကြီးသူမ စုယွင်နှင့် အခြားသူများကို နှုတ်ဆက် ခွဲခွာခဲ့ရသည့် အချိန်မှသည်... ယခုအခါ သူ၏ တူဖြစ်သူ စုရွီအန်းကဲ့သို့သော မျိုးဆက်သစ် လူငယ်များကိုပါ ထပ်မံ နှုတ်ဆက် ခွဲခွာရပြန်ချေပြီ။

နောင်အနာဂတ်တွင် သူသည် မည်မျှလောက်သော လူပေါင်းများစွာကို ထပ်မံ၍ နှုတ်ဆက် ခွဲခွာရဦးမည်ကို စုယွီကိုယ်တိုင်ပင် မသိတော့ချေ။ သို့သော်လည်း အင်မော်တယ် လမ်းကြောင်းကြီးကကား လွန်စွာ ရှည်လျားလှပြီး သူသည် ယခုထက်တိုင် စတင်ခြင်း အမှတ်အသား၌သာ ရှိနေသေး၏။ သူ၏ အင်မော်တယ် ခရီးစဉ်က ယခုမှသာ စတင်ခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလော။

နောင်အနာဂတ်တွင် သူသည် ပိုမိုများပြားလှသော မိသားစုဝင်များ၊ မိတ်ဆွေသင်္ဂဟများနှင့် သူ၏ တာအိုအဖော်များကိုပင်လျှင် ထပ်မံ နှုတ်ဆက် ခွဲခွာရလိမ့်မည်ကို သူ ကြိုတင်၍ မြင်ယောင်နေမိတော့သည်။

စုဝေရှန်းသည် ပါရမီ အကျိုးပေး အလွန်ကောင်းမွန်လှပြီး သူ၏ ကျင့်ကြံခြင်းမှာ မီးဓာတ် လမ်းကြောင်း ဖြစ်၏။ စုယွီသည် မူလဝိဉာဉ် မီးဓာတ် ကျင့်စဉ်တစ်ခုနှင့် စတုတ္ထအဆင့်နိမ့် မီးဓာတ် ဆေးဖော်စပ်ခြင်း ပညာရပ် အမွေအနှစ် တစ်ခုကို ထိုလူငယ်လေးထံသို့ လက်ဆင့်ကမ်း အမွေပေးလိုက်တော့သည်။

သူက စုဝေရှန်းအား ကြည့်ကာ လေးနက်စွာ မှာကြားလိုက်၏။

' သေသေချာချာ ကျင့်ကြံပါ... မင်းအဘိုးရဲ့ မျှော်လင့်ချက်တွေကို အပျက်စီးမခံနဲ့ နော်...'

' အမိန့်အတိုင်း ပါ ဘိုးဘေး...'

စုယွီ၊ စုကျိနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ရင်း စုဝေရှန်း၏ ကိုယ်ဟန်အနေအထားက တည်ကြည် ခန့်ညားလျက် ရှိနေ၏။ သူသည်လည်း စုယွီ၏ အနောက်သို့ လိုက်ပါကာ ကြီးကျယ်ခမ်းနားသော အင်မော်တယ် ဂိုဏ်းကြီးအတွင်း၌ ကျင့်ကြံလိုသော ဆန္ဒ ပြင်းပြလှသော်လည်း ယခုအချိန်တွင်မူ ထိုသို့ လုပ်ဆောင်ရန် မဖြစ်နိုင်သေးချေ။

အကြောင်းမူကား ယခုအခါ သူသည် စုမိသားစုတစ်ခုလုံး၏ အရှင်သခင် ခေါင်းဆောင် ဖြစ်နေသောကြောင့်ပင်။ ယခုအချိန်တွင် သူ၏ အရေးကြီးဆုံးသော တာဝန်မှာ မိသားစုအတွက် မားမားမတ်မတ် ရပ်တည်ပေးရန်နှင့် မိသားစု၏ စွမ်းအားများနှင့် အခြေခံ အုတ်မြစ်များကို တစ်စစ စုဆောင်းကာ လူမှုရေး အဆင့်အတန်း ကဏ္ဍတွင် ကြီးမားသော အသွင်ပြောင်းလဲ တိုးတက်မှုများကို ယူဆောင်လာပေးရန် ဖြစ်သည်။

သူ၏ ဘိုးဘေးများက စုမိသားစုကို သာမန် ချီသန့်စင် မိသားစုအဆင့်မှနေ၍ ကြီးမားသော အမြုတေ ဖွဲ့စည်းခြင်းနယ်ပယ် မိသားစုအဆင့်သို့ ဦးဆောင် လမ်းပြပေးခဲ့ကြသကဲ့သို့ပင်။

သူ၏ နောင်အနာဂတ် ရည်မှန်းချက်မှာမူ စုမိသားစုကို အမြုတေ ဖွဲ့စည်းခြင်းနယ်ပယ် မိသားစုအဆင့်မှနေ၍ ကြီးကျယ်ခမ်းနားသော မူလဝိဉာဉ်၏ အထက်တန်းစား မိသားစုကြီး တစ်ခုအဖြစ်သို့ ရောက်ရှိလာစေရန်ပင် ဖြစ်တော့သည်။

ထိုအခါကျမှသာ ၎င်းတို့သည် ယခင် စုမိသားစု၏ မျိုးဆက်အဆက်ဆက် ချန်ရစ်ခဲ့သော အခြေခံ အုတ်မြစ်ပေါင်းများစွာကို အပြည့်အဝ ဆက်ခံပြီး အသုံးချနိုင်ကြပေလိမ့်မည်။

ထိုအရာကကား မိသားစု ခေါင်းဆောင်တစ်ဦး အနေဖြင့် သူ၏ အစစ်အမှန် တာဝန်ဝတ္တရားပင် ဖြစ်ပေသည်။

စုယွီနှင့် အခြားသူများကို နှုတ်ဆက် ခွဲခွာပြီးနောက် စုဝေရှန်းသည် မိသားစုဝင်များကို ဦးဆောင်ကာ မိသားစုမြေပြင်သို့ ပြန်လာခဲ့ကြပြီး မိသားစု၏ နောင်အနာဂတ် အစီအစဉ်များအတွက် ဆွေးနွေးတိုင်ပင်ရန် လူကြီးသူမများကို ချက်ချင်းပင် ဆင့်ခေါ်လိုက်တော့သည်။

“ငါတို့ မိသားစုရဲ့ အဓိက အာရုံစိုက်မှုကတော့ ပြည်နယ်အသီးသီး၊ ဈေးကွက်တွေနဲ့ အင်မတန် စည်ကားလှတဲ့ အင်မော်တယ် မြို့တော်တွေမှာ ဆေးလုံးမျှော်စင်တွေကို ဆက်လက် တည်ထောင်သွားဖို့ပဲ... ပါရမီရှင် လူငယ်တွေကို မိသားစုထဲ ဝင်ရောက် လက်ထပ်လာအောင် ဆွဲဆောင်ရမယ်... မိသားစု တိုးတက် ဖွံ့ဖြိုးမှုကို အရှိန်အဟုန်နဲ့ မြှင့်တင်ပြီး ဝိညာဉ်အမြစ် ပါရမီရှိတဲ့ မိသားစုဝင် မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးရမယ်…”

စုဝေရှန်းက ယခင် စုဖုန်း ချမှတ်ခဲ့သော လူဦးရေ တိုးပွားရေး နည်းဗျူဟာကို ဆက်လက် ကိုင်စွဲလျက် အားပေးမြှင့်တင်ရေး အစီအမံ အသစ်များကို စတင် အကောင်အထည်ဖော်လိုက်တော့သည်။

' အကြင်သူသည် မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ် ပါရမီရှိတဲ့ ကလေးကို မွေးဖွားပေးနိုင်လျှင် ထိုသူသည် မိမိကလေးရဲ့ အရှိန်အဝါကြောင့် မိသားစုရဲ့ လူကြီးသူမတစ်ဦး ဖြစ်လာနိုင်ခွင့် ရှိသည်...'

' မိသားစုအတွက် ဝိညာဉ်အမြစ် ပါရမီရှိစသော မိသားစုဝင် အလုံအလောက် ပြုစုပျိုးထောင်ပေးနိုင်သရွေ့ ထိုသူသည်လည်း ဤကြီးမားသော ပံ့ပိုးကူညီမှုအပေါ် အခြေခံပြီး မိသားစုရဲ့ လူကြီးသူမတစ်ဦး ဖြစ်လာနိုင်သည်...'

ထိုကဲ့သို့သော လူကြီးသူမများသည် တကယ့် အစစ်အမှန် အာဏာ ခွန်အားများ ရှိချင်မှ ရှိလိမ့်မည် ဖြစ်သော်လည်း ၎င်းတို့ ရရှိမည့် အဆင့်အတန်း၊ အရင်းအမြစ်များနှင့် အကျိုးခံစားခွင့်များမှာမူ အမှန်တကယ်ပင် လက်တွေ့ကျလှပေ၏။

စုဝေရှန်း၏ အမြင်အရ ဤနည်းဗျူဟာသည် စုမိသားစု အလျင်မြန်ဆုံး ကြီးထွားလာစေရန်အတွက် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်တော့သည်။

စုမိသားစုတွင် အရင်းအမြစ် ချို့တဲ့ခြင်း လုံးဝ မရှိချေ။

၎င်းတို့ ချို့တဲ့နေသောအရာမှာ ပါရမီရှင်များနှင့် ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများသာ ဖြစ်ကြ၏။

၎င်းတို့တွင် အမြုတေ ဖွဲ့စည်းခြင်းနယ်ပယ်ရှိ ကျင့်ကြံသူ အရေအတွက် နည်းပါးနေသေးသည်။

ဤအရာအားလုံးကိုမူ စုမိသားစုဝင်များ တိုးပွားလာပြီး မျိုးဆက်သစ် လူငယ် အမြောက်အမြား ထွက်ပေါ်လာသည့် အချိန်ကျမှသာ ပိုမို မြန်ဆန်စွာ ရရှိနိုင်ပေလိမ့်မည်။

စုဝေရှန်းက အမြုတေ ဖွဲ့စည်းခြင်း ဆေးလုံးများ၊ အဆင့်မြင့် မှော်ရတနာများနှင့် ဆန်းကြယ်လှသော အရည်အသွေး အမြင့်ဆုံး မှော်ရတနာများကိုပင် ဆုလာဘ်များအဖြစ် ထုတ်ဖော် ပြသလိုက်သောအခါ... ထိုအခြင်းအရာက တာ့ယွဲ့ ပြည်နယ်အတွင်းရှိ ကျင့်ကြံသူများကိုသာမကဘဲ ယခင်က သိမ်းပိုက်ခံထားရပြီး ဖြစ်သော ဖီးနစ်သက်ဆင်း နယ်မြေနှင့် ဇီကွမ်း နယ်မြေအတွင်းရှိ စွမ်းအားစုများနှင့် ကျင့်ကြံသူ အားလုံးကိုပါ အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားစေတော့သတည်း။

All Chapters