အခန်း ၆၉၆
Vol. 47 Ch. 696
အခန်း (၆၉၆) - တာအိုသခင် ဉာဏ်ကုန်သွားခြင်းနှင့် တာအိုဧကရာဇ် ပေါင်းစည်းခြင်း အပိုင်း (၂)
စုယွီသည် အရိပ်နီ ရုပ်သေးလောက် မစွမ်းဆောင်နိုင်သော်ငြားလည်း နေ့အလင်းရောင် ဝိညာဉ်ရေ အစစ်အမှန် နဂါးနှင့် မီးနဂါးတို့၏ ထိပ်တိုက် ရင်ဆိုင်မှုမှာ နှစ်ဖက်စလုံး ပျောက်ကွယ်သွားခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့၏။
စုယွီသည် အရိပ်နီ ရုပ်သေးကြီး၏ စွမ်းအားကို အလွယ်တကူပင် ခုခံ ကာကွယ်နိုင်ခဲ့လေသည်။
“နောက်တစ်ခေါက်”
မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်နီ ရုပ်သေးကြီး၏ အောက်ရှိ မြေပြင်မှာ အပြင်းအထန် ပြောင်းလဲသွားပြီး... မရေမတွက်နိုင်သော ဝိညာဉ် နွယ်ပင်များမှာ ကောင်းကင်ယံသို့ ထိုးထွက်လာကာ ရုပ်သေးကြီးကို ချက်ချင်းပင် ချည်နှောင်လိုက်တော့သည်။ ရုပ်သေးကြီးမှ မီးတောက်များ ပေါက်ကွဲ ထွက်ပေါ်လာသော်ငြားလည်း ဝိညာဉ် နွယ်ပင်များမှာ အနည်းငယ်မျှ ထိခိုက်ခြင်း မရှိဘဲ မှော်လက်နက် တစ်ခု၏ အင်အားဖြင့်သာ ကြေမွ ပျက်စီးသွားရတော့၏။
သို့သော်ငြားလည်း ဓာတ်ကြီး ငါးပါး နယ်ပယ်နှင့် ဓာတ်ကြီး ငါးပါး တာအိုတို့၏ စွမ်းအားများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး... မရေမတွက်နိုင်သော မန္တန်စွမ်းအားများဖြင့် အရိပ်နီ ရုပ်သေးကြီးကို တရကြမ်း တိုက်ခိုက်တော့သည်။
ရုပ်သေးကြီး၏ ကိုးရိုးကားရား နိုင်မှုမှာ ဤနေရာတွင် ပေါ်လွင်လာခဲ့ပြီး... စုယွီသည် ၎င်းကို လျင်မြန်စွာပင် ချည်နှောင်နိုင်ခဲ့၏။ ဓာတ်ကြီး ငါးပါး မန္တန်စွမ်းအားများဖြင့် တစ်ကြိမ်မျှ ပြင်းထန်စွာ ဗုံးကြဲ တိုက်ခိုက်လိုက်ပြီးနောက် အရိပ်နီ ရုပ်သေးကြီးမှာ လျှပ်တစ်ပြက်အတွင်း လွင့်စင်သွားတော့သည်။
စုယွီ၏ ဓာတ်ကြီး ငါးပါး နယ်ပယ် မန္တန်များဖြင့် အစွမ်းကုန် တိုက်ခိုက်မှုကို ရုပ်သေးကြီး လုံးဝ မခံနိုင်ပါချေ။
သို့သော် အရိပ်နီ ရုပ်သေးကြီး ပြန်လည် ရောက်ရှိလာချိန်တွင်မူ စုယွီ၏ ဓာတ်ကြီး ငါးပါး မန္တန်များဖြင့် ပြင်းထန်စွာ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရသော်ငြားလည်း ၎င်းမှာ အနည်းငယ်မျှပင် ထိခိုက် ဒဏ်ရာ မရပါချေ။ ကာကွယ်ရေး စွမ်းအားမှာ ပြိုင်ဘက်ကင်းလှပေ၏။
ကာကွယ်ရေး စွမ်းအားပိုင်းတွင်မူ ရုပ်သေးများက အခြားအရာများ အားလုံးထက် သာလွန်လှပေသည်။
စမ်းသပ်ပြီးနောက် စုယွီသည် အလွန် ကျေနပ်သွားကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အရိပ်နီ ရုပ်သေးကြီးကို သူ၏ မှော်နန်းတော် အတွင်းသို့ သိမ်းဆည်းလိုက်၏။
“မဆိုးဘူး... သူ့ရဲ့ ကာကွယ်ရေး စွမ်းအားနဲ့ သူ ပေါက်ကွဲ ထုတ်နိုင်တဲ့ အင်အားက တော်တော်လေး ကောင်းမွန်ပါတယ်...”
“တာအိုကိုယ်ပွား ရုပ်သေး ပင်လယ်ပြင်ကနေ ပြန်ရောက်လာရင်... ငါ အစားထိုးလိုက်လို့ ရပြီ... တာအိုကိုယ်ပွား ရုပ်သေးရဲ့ စွမ်းရည်တွေနဲ့ဆိုရင် မူလဝိဉာဉ် သတ္တမအဆင့် အရှင်သခင်ကြီး တစ်ပါးကို ရင်ဆိုင်ဖို့က ပြဿနာ မဟုတ်တော့ဘူးလေ...”
သူသည် တားမြစ်နယ်မြေမှ ထွက်ခွာလာပြီး တာ့ယွီ တောင်ထွတ်ရှိ သူ၏ ဂူစံအိမ်သို့ ပြန်လာခဲ့ကာ... ခြံဝင်းအတွင်းရှိ ကျောက်စားပွဲ နံဘေးတွင် ထိုင်လိုက်တော့၏။
စုယွီသည် ဝိညာဉ် လက်ဖက်ရည်ကို ဖျော်စပ်ရင်း တရားထိုင်နေလေသည်။
သူသည် အစိမ်းရောင် သစ်သား လက်စွပ် အတွင်းရှိ နေရာလွတ်ကို ကြည့်လိုက်၏။
“ငါ့ဆီမှာ ဝိညာဉ်ကျောက်တုံး သိပ်မကျန်တော့ဘူးပဲ...”
သူ့ထံတွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းခန့်သာ ကျန်ရှိတော့၏။
မကြာသေးမီ ကာလများအတွင်း သူသည် အဆောင်လက်ဖွဲ့ ဖန်တီးရန် လိုအပ်သော ကုန်ကြမ်းများကို စုဆောင်းရန် အာရုံစိုက်နေခဲ့သော်လည်း... ထိုကုန်ကြမ်းများလည်း အများအပြား မရှိပါချေ။
ယွင်ရှောင် ဆေးလုံးစံအိမ်၏ ဝင်ငွေ ရှာဖွေနိုင်စွမ်းမှာ သူ၏ ကုန်ကျစရိတ်များကို မီအောင် မလိုက်နိုင်တော့ပါချေ။
ယွင်ရှောင် ဆေးလုံးစံအိမ်မှတစ်ဆင့် အရည်အသွေး အကောင်းဆုံး စတုတ္ထအဆင့် ဆေးလုံးများကို ရောင်းချရန် ကိစ္စနှင့် ပတ်သက်၍မူ... စုယွီသည် ထိုအကြံအစည်ကို စဉ်းစားပြီးနောက် ချက်ချင်းပင် ပယ်ဖျက်ပစ်လိုက်၏။
လက်ရှိတွင် ယွင်ရှောင် ဆေးလုံးစံအိမ်သည် အရည်အသွေး အကောင်းဆုံး တတိယအဆင့် ဆေးလုံးများကိုသာ ရောင်းချနေခြင်း ဖြစ်သည်။ ၎င်းတို့မှာ နာမည်ကြီး လူကြိုက်များသော်ငြားလည်း များစွာ ထူးခြားလှခြင်း သို့မဟုတ် ထင်ပေါ်ကျော်ကြားလွန်းခြင်းမျိုး မရှိပါချေ။
အကယ်၍ သူတို့က စတုတ္ထအဆင့် ဆေးလုံးများကိုပါ အမြောက်အမြား ထုတ်လုပ် ရောင်းချလာနိုင်မည် ဆိုပါက... မဟာ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ခု ကဲ့သို့သော ကြီးမားသည့် အင်အားစုများပင်လျှင် ယွင်ရှောင် ဆေးလုံးစံအိမ်အပေါ် လောဘတက်လာကြမည်မှာ အသေအချာပင်။
ထိုအချိန်သို့ ရောက်လျှင်... ယွင်ရှောင် ဆေးလုံးစံအိမ်သည် ပြဿနာများကို ဆွဲဆောင်ရာ သံလိုက်တုံးကြီး တစ်ခု ဖြစ်လာမည် ဖြစ်ပြီး... သူ နောက်ကွယ်မှနေ၍ လှုပ်ရှား လုပ်ကိုင်နိုင်စွမ်းကိုလည်း ထိခိုက်လာနိုင်ပေလိမ့်မည်။
သို့ဆိုလျှင် သူသည် ဝင်ငွေလမ်းကြောင်း အသစ်တစ်ခုကို မည်သို့ ဖန်တီးရမည်နည်း။
“အဆောင်လက်ဖွဲ့တွေ... အခင်းအကျင်းတွေ... ရုပ်သေးတွေ... ဆေးလုံးတွေ... ပြီးတော့ နောင်အနာဂတ်မှာ မှော်လက်နက် ဖန်တီးတာတွေပါ လုပ်ဖြစ်လာနိုင်တယ်... ဒီအရာတွေ အားလုံးက တိုးတက်လာဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လိုအပ်တယ်... ပြီးတော့ ကျွမ်းကျင်မှု အဆင့်အတန်း တစ်ခုကို ရောက်မှသာ ငါ ပိုက်ဆံ ရှာနိုင်မှာလေ...”
စုယွီ စဉ်းစားခန်း ဝင်နေမိ၏။
“ဒါတင် မကသေးဘူး... ငါ့ရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်း အတွက်လည်း အရင်းအမြစ်တွေ အများကြီး လိုအပ်သေးတယ်...”
သူသည် ဝင်ငွေလမ်းကြောင်း အသစ် တစ်ခုကို ရှာဖွေရန် လိုအပ်နေပေပြီ။
စုယွီသည် ဝိညာဉ် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး ဤကိစ္စကို စဉ်းစားနေမိ၏။
အခြားသော မဟာ မြို့တော်ကြီး တစ်ခု၏ မှောင်ခိုဈေးကွက်တွင် နောက်ထပ် ဆေးလုံးစံအိမ် တစ်ဆိုင် ဖွင့်လှစ်သင့်သလော။
သို့သော်ငြားလည်း ဆေးလုံးစံအိမ် အနေဖြင့် ကြီးမားသော အမြတ်အစွန်းများ ရရှိရန်အတွက်... သူ ကိုယ်တိုင် ဖော်စပ်ထားသော ဆေးလုံးများ လိုအပ်ပေသည်။ မဟုတ်ပါက ဝင်ငွေ အနည်းငယ်မျှသာ ရရှိနိုင်မည် ဖြစ်ရာ လုံးဝ မတန်ပါချေ။
တတိယအဆင့် ဆေးလုံးများ ဖော်စပ်ရင်း အချိန်ဖြုန်းနေရန် သူ့တွင် အချိန် အလုံအလောက် မရှိပါချေ။
လက်စွပ် အတွင်း၌ သိမ်းဆည်းထားသော အဆင့်နိမ့် စတုတ္ထအဆင့် ဆေးလုံး တစ်သောင်းကျော်ကို သူ လှမ်းကြည့်လိုက်၏။ အကယ်၍ ဤဆေးလုံးများကိုသာ ရောင်းချလိုက်မည် ဆိုပါက... သူ ငွေ အမြောက်အမြား ရရှိနိုင်ပေလိမ့်မည်။
သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်အတန်းအတွက်... အဆင့်နိမ့် စတုတ္ထအဆင့် ဆေးလုံးများ မလိုအပ်တော့ပါချေ။ ၎င်းအစား သူ ကိုယ်တိုင် ဖော်စပ်ထားသော အရည်အသွေး အကောင်းဆုံး အလယ်အလတ်အဆင့် ဆေးလုံးများနှင့်အတူ... ဝိညာဉ် အရည်များကိုသာ လိုအပ်နေပြီ ဖြစ်၏။
ဤဆေးလုံးများကို သိမ်းဆည်းထားခြင်းက သိပ်ပြီး အသုံးမဝင်လှပါ။
အခြားသူများကို ဝေမျှပေးရန် သို့မဟုတ် ပင်လယ်လွှမ်းမိုး ဝိညာဉ်လိပ် နှင့် အခြားသော ယဉ်ပါး သားရဲများကို ပေးကမ်းရန်မှလွဲ၍ပေါ့။
ရက်အနည်းငယ် အကြာတွင်..
လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်၊ တာအိုဆရာ ရှုဟိုင် နှင့် မာရှစ်ချင်း တို့ လေးဦးသည် တာ့ယွီ တောင်ထွတ်သို့ လာရောက် လည်ပတ်ကြ၏။ သူတို့ ငါးဦးသား လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောဆိုရန် မစုဝေးဖြစ်ခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
“မိတ်ဆွေတို့... မကြာသေးခင်က ဘာတွေများ အလုပ်များနေကြလဲဗျ...”
စုယွီသည် ဝိညာဉ် လက်ဖက်ရည် ဖျော်စပ်ပေးရင်း သူတို့ လေးဦးကို ပြုံး၍ မေးလိုက်၏။
လော့ချန်ယွီသည် သူမ၏ လှပသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်ကာ ဆိုလာသည်။
“အင်မော်တယ် ဂိုဏ်းရဲ့ ဝင်ခွင့် စာမေးပွဲ စတင်တော့မယ်... ဆရာ က ငါ့ကို ကိုင်တွယ်ဖို့ ခိုင်းထားတယ်... တစ္ဆေ ဓားတောင်ထွတ် က တပည့် အယောက် နှစ်ဆယ် လက်ခံဖို့ ပြင်ဆင်နေတယ်...”
ဤသည်မှာ လော့ချန်ယွီ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း အလုပ်များနေခဲ့သည့် ကိစ္စဖြစ်ပြီး... သူမသည် တောင်ထွတ်သခင်မ ၏ တာဝန်များကို ဖြည်းဖြည်းချင်း လွှဲပြောင်း ရယူနေခြင်း ဖြစ်၏။
တောင်ထွတ်သခင်မ ယွီရော့ သည် ဓားတောင်ထွတ် ကို လွှဲပြောင်း ရယူနိုင်ရန်အတွက် လော့ချန်ယွီ အား ပြုစု ပျိုးထောင်ပေးနေခြင်း ဖြစ်သည်။
တာအိုဆရာမ ချင်းချွမ် သည်လည်း ယွဲ့လန် တောင်ထွတ် ကို လွှဲပြောင်း ရယူရန် ပြင်ဆင်နေ၏။ သူမ၏ ပါရမီသည် အရှင်သခင် ကုလန် ထက်ပင် သာလွန်လှပေသည်။ ယွဲ့လန် တောင်ထွတ် ၏ အကြီးအကဲများ အနက်... သူမသည် အထူးချွန် အပြောင်မြောက်ဆုံး ဖြစ်ပြီး... အရှင်သခင် ယွဲ့လန် ၏ လက်အောက်တွင် လေ့ကျင့် သင်ကြားနေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီ ဖြစ်၏။
စုယွီ အနေဖြင့် ဟေးယွီ အင်မော်တယ် မြို့တော် နှင့် အရိုင်းနယ်မြေ များသို့ သွားရောက် ကျင့်ကြံနေစဉ်... လော့ချန်ယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့သည်လည်း အားလပ်နေခဲ့ခြင်း မရှိပါချေ။
သူမတို့ နှစ်ဦးစလုံးသည် မိမိတို့၏ ဆရာ အသီးသီးထံမှ တာဝန် အချို့ကို လွှဲပြောင်း ရယူထားပြီး ဖြစ်၏။
စုယွီက တာအိုဆရာ ရှုဟိုင် ကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“တာအိုမိတ်ဆွေ ရှုဟိုင်... ခင်ဗျားရော လင်ယွမ် တောင်ထွတ် ကို လွှဲပြောင်း ယူဖို့ ပြင်ဆင်နေတာလား...”
တာအိုဆရာ ရှုဟိုင် ကို ဝန်းရံနေသော အရှိန်အဝါမှာ မည်သူမှ မသိလိုက်ခင်မှာပင်... မူလဝိဉာဉ် ပထမအဆင့် သို့ ရောက်ရှိနေခဲ့ချေပြီ။ စုယွီ၏ မေးခွန်းကို ကြားသောအခါ... သူက ခပ်ဟဟ ရယ်မောလိုက်ပြီး ခေါင်းယမ်းကာ ပြန်ဖြေလာ၏။
“မဟုတ်သေးပါဘူးဗျာ... လင်ယွမ် တောင်ထွတ် မှာ အရမ်းကို ပါရမီ ထူးချွန်တဲ့ ဂျူနီယာ တပည့် တစ်ယောက် ရှိပါတယ်... သူက ဂိုဏ်းရဲ့ တာအိုသားတော် အဆင့်အတန်း ကို မရောက်သေးပေမယ့်... လင်ယွမ် တောင်ထွတ် ကို လွှဲပြောင်း ယူဖို့တော့ အရည်အချင်း ပြည့်မီနေပါပြီ...”
“မကြာသေးခင်က မြောက်ဘက် က လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ ကို ခရီးထွက်ခဲ့သေးတယ်... အဲဒီကနေ ပါရမီ အတော်အသင့် ကောင်းတဲ့ တပည့် နှစ်ယောက်ကို ခေါ်လာခဲ့တယ်လေ...”
ထိုအကြောင်းကို ပြောပြရာတွင်... တာအိုဆရာ ရှုဟိုင် ၏ မျက်နှာပေါ်၌ တောက်ပသော အပြုံးတစ်ခု ပေါ်လွင်နေတော့၏။
ယခင်က ရွှမ်လိပ်ကြီး ၏ လှည့်စားမှု အောက်တွင်... သူသည် ကြီးမားသော ဓနဥစ္စာများကို အသုံးပြုကာ နယ်ပယ်ဖြတ်ကျော် နေရာရွှေ့ပြောင်း အခင်းအကျင်း များမှတစ်ဆင့် အခြားသော ကျင့်ကြံခြင်း ကမ္ဘာများသို့ သွားရောက် အတွေ့အကြုံ ရှာဖွေခဲ့ရသည်။
ထိုသို့ အတွေ့အကြုံ ရှာဖွေနေစဉ် အတွင်း ရွှမ်လိပ်ကြီး သည်... အလွန်အမင်း ကံကောင်းလွန်းလှသဖြင့် ၎င်း၏ မျက်လုံးများကိုပင် ကန်းသွားစေလုမတတ် ဖြစ်စေသော ကျင့်ကြံသူ နှစ်ဦးကို သတိပြုမိသွားခဲ့၏။
တာအိုဆရာ ရှုဟိုင် သည် ပြတ်သားစွာ လှုပ်ရှားလိုက်ပြီး... ထိုလူငယ် နှစ်ဦးကို ပြန်လည် ခေါ်ဆောင်လာခဲ့တော့သည်။
ရွှမ်လိပ်ကြီး ၏ အဆိုအရ... ရှုဟိုင် ကိုယ်တိုင်၏ ကံတရားမှာ သိပ်ပြီး ကြီးမားလှခြင်း မရှိသော်ငြား... ထိုလူငယ် နှစ်ဦး၏ ကံတရားနှင့် ပေါင်းစပ်လိုက်ပါက တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အထောက်အကူ ပြုနိုင်ပြီး... နောင်အနာဂတ်တွင် ကြီးမားသော အောင်မြင်မှုများကို မလွဲမသွေ ရရှိနိုင်မည် ဖြစ်ကြောင်း သိရ၏။
ထိုအောင်မြင်မှုများ အားလုံးမှာ... ရွှမ်လိပ်ကြီး စောင့်ကြည့်နေခဲ့သော ထို ‘ကံကောင်းခြင်း၏ သားတော်များ’ အပေါ်တွင်သာ မူတည်နေတော့၏။
ယခင်က တာအိုဆရာ ရှုဟိုင် ၏ ကျင့်ကြံခြင်း အဆင့် မမြင့်မားသေးချိန်တွင်... ထိုသို့သော ‘ကံကောင်းခြင်း၏ သားတော်များ’ နှင့် ကြုံတွေ့ရပါက... ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်သာ ကြိုးစားနိုင်ခဲ့သည်။ သို့သော် ယခုအခါ သူသည် မူလဝိဉာဉ် အရှင်သခင် တစ်ပါး ဖြစ်လာခဲ့ချေပြီ။
ယနေ့မှ စတင်၍... သူသည် ထို ‘ကံကောင်းခြင်း၏ သားတော်များ’ ကို တပည့် အဖြစ် လက်ခံနိုင်ပြီ ဖြစ်၏။
ထို ‘ကံကောင်းခြင်း၏ သားတော်များ’ မှာ တာအိုဆရာ ရှုဟိုင် ၏ ကံကြမ္မာများ ဖြစ်ကြပြီး... သူတို့သည် ရှုဟိုင်၏ တာအိုပင် ဖြစ်တော့၏။
“ခင်ဗျားက တပည့်တွေ လက်ခံခဲ့တယ်လား... ဘာလို့ သူတို့ကို ကျွန်တော်တို့နဲ့ မိတ်မဆက်ပေးတာလဲဗျ...”
စုယွီနှင့် အခြားသူများမှာ ထိုသတင်းကို ယခုမှသာ သိရှိလိုက်ရသဖြင့် အံ့အားသင့်သွားကြ၏။
တာအိုဆရာ ရှုဟိုင် က ပြန်ဖြေလာ၏။
“သူတို့က တရားဝင် တပည့်တွေ မဖြစ်ကြသေးပါဘူး... အင်မော်တယ် ဂိုဏ်းရဲ့ ဝင်ခွင့် စာမေးပွဲ ပြီးသွားတဲ့အခါ... စီနီယာ ဦးလေး တွေ၊ အဒေါ် တွေနဲ့ တွေ့ဖို့ အချိန်တစ်ခု စီစဉ်ပေးပါ့မယ်ဗျာ...”
စုယွီက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီးနောက်... မာရှီချင်း ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“တာအိုမိတ်ဆွေ မာ ရဲ့ အစီအစဉ်တွေကရော ဘယ်လိုရှိလဲဗျ...”
မာရှီချင်းမှာ များစွာ တိတ်ဆိတ်သွားခဲ့ပြီး... မေးခွန်းကို ကြားပြီးနောက် ခေတ္တမျှ ငြိမ်သက်နေ၏။ နောက်ဆုံးတွင် သူက ပြန်ဖြေလာသည်။
“ကျင့်ကြံပြီးရင်... ကြယ်ခူး မျှော်စင် ဆီကို ပြန်သွားမှာပါ...”
“ဒါက ကျွန်တော့် ဆရာ နဲ့ ဘိုးဘေးကြီး ရဲ့ တစ်သက်တာ ဆန္ဒပါပဲ...”
မာရှီချင်း၏ မျက်နှာမှာ အနည်းငယ် အိုမင်းရင့်ရော်လာပြီး... ဆံပင်ဖြူ အချို့ပင် ထွက်ပေါ်လာသည်ကို မြင်တွေ့နိုင်သည်။ မြေဆရာ တစ်ဦး၏ လမ်းစဉ်ကို လေ့လာလိုက်စားရင်း... သူ၏ သက်တမ်းနှင့် စိတ်ခွန်အားများကို များစွာ အသုံးပြုခဲ့ရကြောင်း သိသာ ထင်ရှားလှ၏။
မာရှီချင်း၏ မန္တန်စွမ်းအား နှင့် တာအို အုတ်မြစ်မှာ များစွာ မကြီးမားလှသော်ငြား... မြေဆရာ လမ်းစဉ် အပေါ် သူ၏ ပါရမီမှာမူ မေးခွန်းထုတ်စရာ မလိုအောင်ပင် ထူးချွန် ပြောင်မြောက်လှပေသည်။
မဟုတ်ပါက ဤမျှ တိုတောင်းသော အချိန်ကာလ အတွင်း... ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင် အဖွဲ့အစည်း ဖြစ်သော ကြယ်ခူး မျှော်စင် ၏ တာအိုသားတော် တစ်ဦး ဖြစ်လာနိုင်မည် မဟုတ်ပါချေ။
သို့သော်လည်း...ကြယ်ခူး မျှော်စင် ကို တစ်ယောက်တည်း အားဖြင့် ပြန်လည် သိမ်းယူရန် ဆိုသည်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပါချေ။
အရေးကြီးဆုံး အချက်မှာ... ကြယ်ခူး မျှော်စင် ၏ ကျန်ရစ်သူများ မဟုတ်ဘဲ... လညွှန် နန်းတော် နှင့် အင်မော်တယ်တစ်သောင်း နန်းတော် တို့၏ ဘိုးဘေးများပင် ဖြစ်တော့၏။
“ဖြည်းဖြည်းချင်းပေါ့ဗျာ... အလောတကြီး မလုပ်ပါနဲ့... ကျွန်တော်တို့က သူတို့ကို ထိပ်တိုက် ရင်ဆိုင်ဖို့ အစွမ်းအစ မရှိသေးပါဘူး... ဒါပေမဲ့ နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်လိုက်ရင်တော့... ကျင့်ကြံခြင်း ကမ္ဘာရဲ့ ခေတ်သစ်ကို ရောက်လာတဲ့အခါ... ကျွန်တော်တို့ ဝင်ပါရမယ့် အချိန် ရောက်လာမှာပါ...”
စုယွီက နှစ်သိမ့်ပေးလိုက်၏။
ထို့နောက်... စုယွီသည် တာအိုဆရာ ရှုဟိုင် သွားရောက်ခဲ့သော အခြား ကျင့်ကြံခြင်း ကမ္ဘာများ အကြောင်း... အထူးသဖြင့် လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ အကြောင်းကို စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။
“ကျင့်ကြံခြင်း ကမ္ဘာကြီးက အကျယ်ကြီးပါ... ဒီနေရာကို ‘ချန်းကျိုး နယ်ပယ် ကျင့်ကြံခြင်း ကမ္ဘာ’ လို့ တရားဝင် ခေါ်ဆိုသင့်တယ်... ဒါမှမဟုတ် ‘ကောင်းကင် အင်မော်တယ် နယ်ပယ်’ သို့မဟုတ် ‘အရှေ့ပိုင်း အင်မော်တယ် နယ်ပယ်’ လို့လည်း ခေါ်ကြတယ်လေ...”
တာအိုဆရာ ရှုဟိုင် က ရှင်းပြလာ၏။
“တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ဆိုတာ... ချန်းကျိုး နယ်ပယ် ထဲက နေရာ တစ်ခု သက်သက်ပါပဲ... ချန်းကျိုး နယ်ပယ် ထဲမှာ အဲဒီလို ဒေသမျိုး ဆယ့်လေးခုလောက် ရှိတယ်...”
“ကျွန်တော် သွားခဲ့တဲ့ လန်ဟူ ကျင့်ကြံခြင်း ကမ္ဘာ ဆိုတာလည်း... အဲဒီအထဲက တစ်ခုပါပဲ... ကောလဟာလတွေ အရ... ချန်းကျိုး နယ်ပယ် ရဲ့ ဗဟို ဒေသမှာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တွေထက် ကျော်လွန်တဲ့ သက်ရှိတွေ ရှိနေတယ်လို့ ဆိုကြတယ်... သူတို့ကို ‘တာအိုသခင်’ တွေ... ပြီးတော့ ‘ရုပ်မဲ့ တာအိုသခင်’ တွေ လို့ ခေါ်ကြတယ်... အဲဒီထက် ပိုသွားရင်တော့... ဒဏ္ဍာရီလာ ‘ပေါင်းစပ် ဝိညာဉ် တာအိုသားတော်’ တွေတောင် ရှိသေးတယ်တဲ့...”
“ဒါပေမဲ့ အဲဒီကို သွားဖို့က နည်းနည်းတော့ အလှမ်းဝေးလွန်းတယ်... နယ်ပယ်ဖြတ်ကျော် နေရာရွှေ့ပြောင်း အခင်းအကျင်း တွေ အများကြီးကို ဖြတ်သွားရမှာ ဆိုတော့... ကျွန်တော့်မှာ အဲဒီလောက် ဝိညာဉ်ကျောက်တုံး တွေ အများကြီး မရှိဘူးလေ…”