အခန်း ၆၉၉
Vol. 47 Ch. 699
အခန်း (၆၉၉) - ကြယ်ခူး ဘိုးဘေးကြီး ကျဆုံးခြင်း နှင့် မာထျန်းလင် ဂိုဏ်းဝင်ရောက်ခြင်း အပိုင်း (၃)
ထိုငွေရောင် ဓားပျံအား ဝိညာဉ်စမ်းရေဖြင့် သန့်စင်ဆေးကြောလိုက်၏။ ထို့နောက် အမှတ်တရအဖြစ် မှော်လက်နက် သွန်းလုပ်ရေး အလုပ်ရုံရှေ့၌ ချိတ်ဆွဲထားလိုက်တော့သည်။
မှော်လက်နက် သွန်းလုပ်ခြင်းကို ခေတ္တရပ်နားလိုက်၏။ ထို့နောက် သူ၏ နေ့စဉ် ပုံမှန် ကျင့်ကြံခြင်းကို စတင်လိုက်သည်။
ကျင့်ကြံခြင်း ပြီးဆုံးသွားသည့်နောက်တွင်မူ။
စုယွီက အခြား သတ္တုရိုင်း တစ်မျိုးကို ထုတ်ယူလိုက်၏။ ပထမအဆင့် မှော်လက်နက် သွန်းလုပ်သူ တစ်ဦးအနေဖြင့် သူ၏ စွမ်းရည်များကို တိုးတက်စေရန် အဆင့်နိမ့် မှော်လက်နက် ချပ်ဝတ်တန်ဆာ တစ်ခုကို ဖန်တီးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ဤနည်းဖြင့် နောက်ပိုင်း အချိန်များ၌ စုယွီသည် ဆေးဖော်စပ်သည့် အချိန်အချို့ကို ဖဲ့ယူကာ သူ၏ မှော်လက်နက် သွန်းလုပ်ခြင်း စွမ်းရည်များ တိုးတက်စေရန် အသုံးပြုခဲ့၏။
နှစ်ဝက်ခန့် ကြာမြင့်သွားပြီးနောက် ကောင်းကင်နန်းတော်ကြီးက တာ့ချန် အင်မော်တယ် နယ်ပယ် တစ်ခွင်လုံးမှ အတွင်းစည်း တပည့်များကို စုဆောင်းနေ၏။ ဒေသအသီးသီးမှ သောင်းနှင့်ချီသော လူငယ်လေးများသည် ကောင်းကင်နန်းတော်၏ ကောင်းကင်မြို့တော်ရှိ စမ်းသပ်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တဖွဲဖွဲ ရောက်ရှိလာကြသည်။
နောက်ဆုံး၌ ဤသောင်းနှင့်ချီသော ကလေးငယ်များထဲမှ ကောင်းကင်နန်းတော်သည် အင်အားစု အသီးသီးမှ စေလွှတ်ထားသော သူလျှို တစ်ထောင်ခန့်ကို ဖယ်ရှားပစ်နိုင်ခဲ့၏။
ကောင်းကင်နန်းတော်၏ အတွင်းစည်းသို့ ဝင်ရောက်နိုင်သည့် ပါရမီရှင် အရေအတွက်မှာကား (၃၀၀) ပင် မပြည့်ခဲ့ပေ။
ပါရမီ ထိပ်တန်းအဆင့် မဟုတ်သော်ငြား ကောင်းကင်နန်းတော်သို့ ဝင်ရောက်လိုသော
ကျန်လူငယ်များကိုမူ ကောင်းကင်နန်းတော်၏ အပြင်စည်းသို့ စေလွှတ်လိုက်၏။ သူတို့သည် အပြင်စည်း အကြီးအကဲများ၏ လက်အောက်တွင် ကျင့်ကြံရန် အင်မော်တယ် မြို့တော် အသီးသီးသို့ သွားရောက်ခဲ့ကြရာ စုစုပေါင်း လူဦးရေ (၂၀၀၀) ကျော်မျှ ရှိလေသည်။
သို့ဖြစ်၍ ဤစစ်ဆေးမှုတွင် ကောင်းကင်နန်းတော်သည် တပည့်ပေါင်း (၃၀၀၀) နီးပါးခန့်ကို စုဆောင်းနိုင်ခဲ့၏။
စစ်ဆေးမှု ပြီးဆုံးပြီး ရက်အနည်းငယ် ကြာသောအခါ။
တာ့ယွီ တောင်ထွတ်ကို ကိုယ်စားပြုသော စုယွီသည် အခြားသော တောင်ထွတ်သခင်များ၊ အကြီးအကဲများနှင့်အတူ အင်မော်တယ်တံခါး မဟာခန်းမဆောင်ကြီးသို့ ရောက်ရှိလာ၏။ ယခုမှ စုဆောင်းရရှိထားသော ပါရမီရှင်များကို ခွဲဝေချထားရေးအတွက် အတွင်းစည်း အကြီးအကဲများ ကောင်စီတွင် ပါဝင်ဆွေးနွေးရန် ဖြစ်သည်။
စုယွီက ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်၏။ အခြား တောင်ထွတ်များ အားလုံး စာရင်း တင်သွင်းပြီးချိန်တွင်မူ ပလ္လင်ပေါ်၌ ထိုင်နေသော စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့၏ အကြည့်များက စုယွီထံသို့ ကျရောက်လာသည်။
“ညီငယ်စု... တာ့ယွီ တောင်ထွတ်က တပည့်တွေ မခေါ်တော့ဘူးလား”
ထိုသို့ မေးခွန်းထုတ်ရင်း စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့က အသံလှိုင်းဖြင့် သီးသန့် ဆက်သွယ်လာ၏။
“ဥပမာအားဖြင့်... မင်း အရင်က ပြောဖူးတဲ့ ပါရမီရှင်လေးလေ”
နန်းတော်သခင်၏ အသံလှိုင်းစကားကြောင့် စုယွီ အနည်းငယ် အံ့အားသင့်သွား၏။ ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် အစည်းအဝေး ပြီးဆုံးမှသာ နန်းတော်သခင် ဖြစ်သူ ဂိုဏ်းတူအစ်ကိုကြီးနှင့် ဤကိစ္စကို ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။
တောင်ထွတ် အသီးသီးမှ ခေါ်ယူမည့် တပည့်စာရင်းများကို အတည်ပြုပြီးနောက် တောင်ထွတ်သခင် အားလုံး ထွက်ခွာသွားကြ၏။
တောင်ထွတ်သခင် အားလုံးထဲတွင် စုယွီ သိကျွမ်းသူဟူ၍ နှစ်ဦးသာ ရှိ၏။ တစ်ဦးမှာ တစ္ဆေဓား တောင်ထွတ်သခင် အရှင်သခင်ကြီး ယွီရော့ ဖြစ်ပြီး အခြားတစ်ဦးမှာ လင်ယွဲ့ တောင်ထွတ်မှ အရှင်သခင်ကြီး ပင်ဖြစ်သည်။
ထိုနှစ်ဦးနှင့် နှုတ်ဆက်စကား ဆိုပြီးနောက် အားလုံး ထွက်ခွာသွားသည်ကို သူ လိုက်ကြည့်နေလိုက်သည်။
အင်မော်တယ်တံခါး မဟာခန်းမဆောင်ကြီး အတွင်း၌ သူနှင့် စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့ နှစ်ဦးတည်းသာ ကျန်ရှိနေချိန်တွင် စုယွီက မတ်တတ်ရပ်ကာ နန်းတော်သခင်ကို အရိုအသေပေးလိုက်၏။
“ဂိုဏ်းတူအစ်ကိုကြီး... ကျွန်တော်တို့ ဂိုဏ်းထဲမှာ ဝိညာဉ်ခွဲထွက်အဆင့်ကို ရောက်နေတဲ့ အမျိုးသမီး အကြီးအကဲများ ရှိမရှိ သိချင်ပါတယ်”
စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့က မျက်ခုံးပင့်လျက် စုယွီကို ကြည့်လာ၏။
“မင်းက အဲဒီ ပါရမီရှင်လေး အတွက် ဝိညာဉ်ခွဲထွက်အဆင့် ဆရာ တစ်ယောက် ရွေးပေးချင်နေတာလား”
ယခုအခါ မာထျန်းလင်သည် မူလဝိဉာဉ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ သူမ၏ ဝိညာဉ်ခန္ဓာ စွမ်းအားများကိုလည်း အနည်းနှင့်အများ ဆိုသလို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
အခြားသူများ၏ အနိုင်ကျင့် မခံရတော့မည်မှာ သေချာသလောက် ရှိနေလေပြီ။
ထို့ကြောင့် စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့၏ အမေးစကားကို ကြားသောအခါ မာထျန်းလင်၏ ကျင့်ကြံခြင်း လမ်းစဉ်ကို အမှန်တကယ် လမ်းညွှန်ပေးနိုင်မည့် ဆရာတစ်ဦး ရှာဖွေပေးရန် အချိန်ကျပြီဟု စုယွီ တွေးလိုက်မိသည်။
ဝိညာဉ်ခွဲထွက်အဆင့် ရှိသော အကြီးအကဲ တစ်ဦးဆိုလျှင် အသင့်တော်ဆုံး ဖြစ်ပြီး အမျိုးသမီး တစ်ဦး ဖြစ်ပါက ပို၍ ကောင်းမွန်ပေမည်။
ဆုံးဖြတ်ချက် ချပြီးနောက် စုယွီက စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့ထံသို့ အသံလှိုင်းဖြင့် သတင်းပို့လိုက်၏။
“သူမက ဝိညာဉ်ခန္ဓာ ပိုင်ရှင်ပါ”
စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့၏ မျက်နှာပေါ်ရှိ အမူအရာက ချက်ချင်းပင် အံ့ဩမှုအဖြစ် ပြောင်းလဲသွားတော့သည်။ သူက စုယွီကို အံ့အားသင့်စွာဖြင့် ခေတ္တမျှ စိုက်ကြည့်နေမိ၏။
ထောင့်တစ်နေရာတွင် ပုန်းကွယ်ကာ စကားတစ်ခွန်းမျှ မဟဘဲ နေနေသော စုယွီကို အမှတ်မထင် မြင်လိုက်ရချိန်၌ ယခင်က မာထျန်းလင် အတွက် အမြုတေဖွဲ့စည်းခြင်း တာအိုကျင့်စဉ်များကို စုယွီ တောင်းဆိုခဲ့ဖူးကြောင်း သတိရသွားသဖြင့် အပြုံးဖြင့် လှမ်းမေးလိုက်ခြင်းသာ ဖြစ်၏။
စုယွီ ဖုံးကွယ်ထားသော ပါရမီရှင်လေးမှာ တကယ့် ဝိညာဉ်ခန္ဓာ ပိုင်ရှင် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
ဤအခိုက်အတန့်၌ စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့သည် စုယွီအား ကြည့်ရင်း အောင့်အည်း မထားနိုင်တော့ဘဲ တဟားဟား ရယ်မောလိုက်တော့သည်။
“ဟား ဟား ဟား... အို... ငါ့ညီငယ်... မင်းက တကယ့်ကို တို့ဂိုဏ်းရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေးပဲ ကွ”