← Chapters

အခန်း ၇၀၀

Vol. 47 Ch. 700

အခန်း ၇၀၀

Vol. 47 Ch. 700

အခန်း (၇၀၀) - မိုးပြာငရဲ အင်မော်တယ်နန်းတော်၏ စွက်ဖက်မှုနှင့် အဆင့်မြင့်တစ်ပိုင်း မှော်ရတနာ (အပိုင်း ၁)

စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့၏ ထောက်ခံချက်ဖြင့် အင်မော်တယ်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေတွင် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော ထိုက်ရှီး တာအိုသခင်၊ သို့မဟုတ် အရှင်သခင်ကြီး ထိုက်ရှီးဟု လူသိများသည့် ဘိုးဘေးကြီးတစ်ပါး ထွက်ပေါ်လာလေ၏။ ထိုဘိုးဘေးကြီးမှာ ဟုန်ယွဲ့၏ ဆရာ ဒေါ်လေး ဖြစ်ပြီး၊ တာအိုသခင် ထျန်းယွီ၏ ဆရာ ဒေါ်လေးလည်း ဖြစ်ပေ၏။ သက်တမ်းအားဖြင့် နှစ်ပေါင်း တစ်ထောင်ကျော် ကြာမြင့်နေပြီ ဖြစ်သော အမျိုးသမီး ကျင့်ကြံသူ တစ်ဦး ပင်တည်း။

ဤကဲ့သို့သော အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများမှာ ဂိုဏ်း၏ တည်ရှိမှုကို ခြိမ်းခြောက်လာမည့် အန္တရာယ်ကြီးများနှင့် မရင်ဆိုင်ရပါက ပုံမှန်အားဖြင့် ထွက်ပေါ်လာလေ့ မရှိပေ။

သို့ရာတွင် ယခုတစ်ကြိမ် စုယွီက မာထျန်းလင်အား ဂိုဏ်းသို့ ခေါ်ဆောင်လာချိန်၌ စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့က အရှင်သခင်ကြီး ထိုက်ရှီးကို အထူးတလည် ပင့်ဖိတ်ကာ မာထျန်းလင်အား တပည့်အဖြစ် လက်ခံပေးရန် တောင်းဆိုခဲ့လေသည်။

မာထျန်းလင် ဂိုဏ်းသို့ ဝင်ရောက်လာခြင်းကို ဟုန်ယွဲ့၊ စုယွီနှင့် အရှင်သခင်ကြီး ထိုက်ရှီးတို့ သုံးဦးသာ သိရှိကြပေ၏။

စုယွီက မာထျန်းလင်အား ဂိုဏ်းသို့ ခေါ်ဆောင်လာပြီးနောက် အရှင်သခင်ကြီး ထိုက်ရှီးသည် သူမကို လျှို့ဝှက်နယ်မြေသို့ ခေါ်ဆောင်သွားတော့သည်။

စုယွီသည် တာ့ယွီ တောင်ထွတ်သို့ တစ်ကိုယ်တည်း ပြန်လည်ရောက်ရှိလာပြီးနောက် နက်နက်နဲနဲ တွေးတောနေမိလေ၏။

‘အင်မော်တယ်ဂိုဏ်းမှာ ဖန်းရှောင်နဲ့ ဖန်လုံတို့လို ထိပ်တန်း တပည့်တွေ ရှိနေတယ်.. အခု ထျန်းလင်ပါ ဝင်ရောက်လာပြီဆိုတော့ ဘိုးဘေးကြီးရဲ့ လမ်းညွှန်မှုအောက်မှာ ထျန်းလင်ရဲ့ စွမ်းရည်တွေလည်း ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်..’

‘ဒီလိုဆိုရင် ငါက တာ့ယွီ တောင်ထွတ်မှာပဲ တံခါးပိတ် ကျင့်ကြံနေရင်တောင် ဂိုဏ်းအနေနဲ့ အင်မော်တယ်တစ်သောင်း နန်းတော်လို တခြားဂိုဏ်းတွေက ပါရမီရှင်တွေရဲ့ ရန်စမှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိသွားလိမ့်မယ်..’

(၂) နှစ် ကြာပြီးနောက်။

ထိုနေ့တွင်။

ကိုယ်ပွားရုပ်သေး တစ်ရုပ်သည် အပြင်ဘက်မှ အင်မော်တယ် နန်းတော်အတွင်းသို့ ဝင်ရောက်လာပြီး စုယွီ၏ အမှတ်အသား ကတ်ပြားကို အသုံးပြုကာ တာ့ယွီ တောင်ထွတ်သို့ ချောမွေ့စွာ ရောက်ရှိလာခဲ့လေသည်။

ဂူစံအိမ် အတွင်း၌ စုယွီသည် ရုပ်သေးပညာရပ်ကို အသုံးပြုကာ သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်၏။ ထို့နောက် အဆင့်မြင့်၊ အလယ်အလတ်အဆင့်၊ စတုတ္ထအဆင့် ရှိသော အရိပ်နီ ရုပ်သေး အတွင်းသို့ ဝိညာဉ်တစ်စကို ထည့်သွင်းလိုက်ပြီး ကိုယ်ပွားရုပ်သေး အသစ် တစ်ရုပ် အဖြစ်သို့ ပြောင်းလဲလိုက်လေသည်။

ဝီခနဲ အသံတစ်ချက် မြည်ဟည်းသွား၏။ ဝိညာဉ် ပေါင်းစပ်သွားသည်နှင့်အမျှ အရိပ်နီ ရုပ်သေးသည် သူ၏ သွေးရောင် မျက်လုံးအိမ်များကို ဖွင့်လှစ်လိုက်လေသည်။ ကောင်းကင်ကိုပင် လောင်ကျွမ်းစေမည့် မီးတောက်မီးလျှံ အရှိန်အဝါ တစ်ခုက ထိုအခိုက်အတန့်၌ အသွင်ပြောင်းလဲသွားသကဲ့သို့ ရှိ၏။ ခေတ္တမျှ ပေါက်ကွဲထွက်လာပြီးနောက် ထိုအရှိန်အဝါသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

ကိုယ်ပွားရုပ်သေး၏ ဝိညာဉ် ထိန်းချုပ်မှုအောက်တွင် အရိပ်နီ ရုပ်သေး၏ စွမ်းအားများသည် ကျောရိုးတစ်ခုနှင့် သက်ဝင်လှုပ်ရှားနေသော ဝိညာဉ်တစ်ခု ရှိနေသကဲ့သို့ ခံစားရပြီး အမိန့်ပေးသည်နှင့် တစ်ပြိုင်နက် လှုပ်ရှားရန် အသင့်ဖြစ်နေပေ၏။

ယခင်က အရိပ်နီ ရုပ်သေးသည် သူ၏ စွမ်းအား အပြည့်အဝ၏ ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ် ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်ခဲ့မည် ဆိုလျှင် ယခု ကိုယ်ပွားရုပ်သေး ဖြစ်လာပြီးနောက် စုယွီ၏ ဝိညာဉ် ထိန်းချုပ်မှုအောက်၌ မူလဝိဉာဉ် သတ္တမအဆင့် အရှင်သခင် တစ်ပါးကို လွယ်ကူစွာ ရင်ဆိုင်နိုင်စွမ်း ရှိနေလေပြီ။

မူလဝိဉာဉ် စတုတ္ထအဆင့်နှင့် နှိုင်းယှဉ်နိုင်သော ယခင် ကိုယ်ပွားရုပ်သေး၏ ကိုယ်ထည်ကို ပြန်လည် ရုပ်သိမ်းလိုက်ရင်း စုယွီသည် ကိုယ်ပွားရုပ်သေး အသစ်ကို ကြည့်ကာ တွေးတောနေမိလေသည်။

‘ကိုယ်ပွားရုပ်သေးကို ချင်းရွှမ် အင်မော်တယ် ဂိုဏ်းရဲ့ သမုဒ္ဒရာ ပိုင်နက်ကို ထိန်းချုပ်ခိုင်းရမယ်.. အဲဒီအခါကျရင် ငါက ချင်းရွှမ် ပင်လယ်ရဲ့ စွမ်းအားတွေကို ဖြန့်ကျက်ပြီး တောင်စဉ်ထပ် ပင်လယ် ဒေသ တစ်ခုလုံးမှာ ဖြန့်ကျက်ထားနိုင်လိမ့်မယ်..’

‘အဲဒီမှာ ဘာလှုပ်ရှားမှုမှ လုပ်စရာ မလိုဘူး.. တောင်စဉ်ထပ် ပင်လယ် တစ်ခုလုံးကနေ သတင်းအချက်အလက်တွေ အထူးသဖြင့် ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းနိုင်ရင် ရပြီ..’

‘ဒီနည်းနဲ့ဆိုရင် အနာဂတ်မှာ ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုကို ရင်ဆိုင်နိုင်မယ့် စွမ်းအား ငါ ပိုင်ဆိုင်လာတဲ့အခါ သူတို့ကို မိုးကြိုးပစ်သလို ရက်ရက်စက်စက် ချေမှုန်းပစ်နိုင်လိမ့်မယ်..’

သတင်းအချက်အလက်သည် တန်ဖိုးမဖြတ်နိုင်အောင် အရေးကြီးလှပေသည်။

အထူးသဖြင့် အရိုင်းနယ်မြေသို့ သွားရောက်ခဲ့ပြီးနောက် စုယွီသည် ၎င်း၏ အရေးပါမှုကို အမှန်တကယ် နားလည် သဘောပေါက်သွားခဲ့လေ၏။

ထိုသို့ တွေးတောနေစဉ် စုယွီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ထွက်လာသည်။ သည်အတွေးက သူ့ကို အလွန် ဆွဲဆောင်နေလေသည်။

‘ဒါ အလုပ်ဖြစ်နိုင်မလား မသိဘူး..’

သူသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကြီး အတွင်း၌ သတင်းအချက်အလက် စုဆောင်းရေး အင်အားစု တစ်ခုကို တည်ထောင်ချင်နေ၏။

တစ်ဖက်တွင် သူသည် ဂိုဏ်းမှ ထွက်ခွာလေ့ မရှိပေ။ သတင်းအချက်အလက် စုဆောင်းရေး အင်အားစု မရှိပါက ပြင်ပလောကနှင့် ပတ်သက်၍ သူသည် မျက်မမြင် တစ်ယောက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

အခြားတစ်ဖက်တွင်လည်း ဤအင်အားစုက အတိုင်းအတာ တစ်ခုအထိ သူ့အတွက် အရင်းအမြစ် အချို့ကို ရှာဖွေပေးနိုင်စွမ်း ရှိနေလေသည်။

သို့ဆိုလျှင် သူ ဘာလုပ်သင့်သနည်း။ ဤသတင်းအချက်အလက် အင်အားစုကို တည်ထောင်ရန်နှင့် ထိန်းချုပ်ရန် မည်သူ့ကို တာဝန် ပေးအပ်ရမည်နည်း။ မည်သူက ဤအလုပ်ကို လုပ်နိုင်စွမ်း ရှိသနည်း။

‘တာအိုမိတ်ဆွေ ရှုယွီ.. ကောင်းပြီ သူ့ကို သွားမေးကြည့်လို့ ရတယ်.. သူက ဒီလိုကိစ္စတွေကို အကျွမ်းဝင်ဆုံးပဲ.. သူ ဦးဆောင်မယ်ဆိုရင် ပြဿနာ ရှိမှာ မဟုတ်ဘူး..’

မိတ်ဆွေဟောင်း တစ်ဦး၏ ပုံရိပ်က စုယွီ၏ စိတ်ထဲတွင် ချက်ချင်း ပေါ်ထွက်လာတော့သည်။

သို့သော်ငြား တာအိုမိတ်ဆွေ ရှုယွီသည် ထိုက်ရွှီ ခန်းမဆောင်မှ လာသူ ဖြစ်၏။ သူတို့နှစ်ဦး နှစ်ပေါင်းများစွာ မိတ်ဆွေ ဖြစ်ခဲ့ကြသော်လည်း အကန့်အသတ်မရှိ ယုံကြည်၍ မရနိုင်ကြောင်းတော့ သေချာလှပေသည်။

စုယွီ ဆက်လက် စဉ်းစားလိုက်သည်။

‘ဒါကြောင့် တာအိုမိတ်ဆွေ ရှုယွီ အပြင် ဒီအင်အားစုကို ဦးဆောင်ဖို့ ဒါမှမဟုတ် ငါ့ကိုယ်စား စောင့်ကြည့်ပေးဖို့ တခြား တစ်ယောက်ယောက် လိုအပ်သေးတယ်..’

သူ စေခိုင်းနိုင်သည့် လူများကို သေချာစွာ ပြန်လည် သုံးသပ်ကြည့်လိုက်၏။ အမျိုးသမီး သုံးဦး၊ လင်းချင်းရှား၊ တာ့ယွဲ့ နန်းတော်မှ လူများနှင့် သူ၏ ဝမ်းကွဲအစ်မ စုဇီတို့ပင်။

သို့သော် သေချာ တွေးတောပြီးနောက် ဤလူများထဲမှ မည်သူမျှ မသင့်တော်ကြောင်း သူ ကောက်ချက်ချလိုက်မိသည်။ ထို့ပြင် လူအင်အား လိုအပ်ချက်လည်း ရှိနေသေးသည် မဟုတ်ပါလော။

တာအိုမိတ်ဆွေ ရှုယွီနှင့် ဦးစွာ သွားရောက် ဆွေးနွေးရန် ရှိနေသဖြင့် ပိုင်ဟွာ ဂိုဏ်း၏ လျှို့ဝှက်နယ်မြေရှိ နေရာရွှေ့ပြောင်း အခင်းအကျင်းမှ တစ်ဆင့် တာ့ယွဲ့ နန်းတော်သို့ ပြန်သွားရန် ကိုယ်ပွားရုပ်သေးကို စုယွီက ချက်ချင်းပင် အမိန့်ပေးလိုက်လေသည်။

သို့သော်ငြား ကိုယ်ပွားရုပ်သေးကို စုယွီ စေလွှတ်လိုက်ပြီးနောက် မကြာမီမှာပင် လူရိပ်တစ်ခုက တာ့ယွီ တောင်ထွတ် အပြင်ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့၏။

“တစ္ဆေ တောင်ထွတ်က တပည့် လျိုထျန်းစစ်.. အကြီးအကဲစုယွီကို တွေ့ခွင့်ပြုဖို့ တောင်းဆိုပါတယ် ခင်ဗျာ..”

ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသော အမြုတေဖွဲ့စည်း‌ခြင်း အဆင့်ရှိ တပည့် တစ်ဦးသည် ရိုသေစွာဖြင့် ခေါင်းငုံ့အရိုအသေပေးကာ တာ့ယွီ တောင်ထွတ်ဆီသို့ သူ၏ တောင်းဆိုချက်ကို အော်ဟစ် ပြောဆိုလိုက်လေသည်။

တာ့ယွီ တောင်ထွတ် အတွင်းမှ နေ၍ စုယွီက သူ၏ အော်ဟစ်သံကို ကြားလိုက်ရပြီး မျက်မှောင်ကုတ်လိုက်မိ၏။

‘တစ္ဆေ တောင်ထွတ်..’

သူသည် တစ္ဆေ တောင်ထွတ်မှ အကြီးအကဲများ ဖြစ်စေ၊ တောင်ထွတ်သခင် ဖြစ်စေ မည်သူ့ကိုမျှ မသိကျွမ်းပါပေ။

All Chapters