အခန်း ၇၀၁
Vol. 47 Ch. 701
အခန်း (၇၀၁) - မိုးပြာငရဲ အင်မော်တယ်နန်းတော်၏ စွက်ဖက်မှုနှင့် အဆင့်မြင့်တစ်ပိုင်း မှော်ရတနာ (အပိုင်း ၂)
သို့သော်ငြား ရုတ်တရက် တပည့်တစ်ဦး ရောက်ရှိလာ၏။ စုယွီ ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် တာ့ယွီ တောင်ထွတ်၏ အခင်းအကျင်းကို ဖွင့်လှစ်ပေးလိုက်၏။ ဧည့်သည်ကို ဝင်ခွင့်ပြုလိုက်တော့သည်။
“ဝင်လာခဲ့”
စုယွီ၏ အေးစက်စက် အသံက တောင်ခြေရှိ လူ၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။
လျိုထျန်းစစ်သည် ရှေ့ရှိ မြူခိုးများ ဖုံးလွှမ်းနေသော လမ်းကို ကြည့်လိုက်၏။ ယခုအခါ မြူခိုးများ ကင်းစင်သွားပြီး တောင်တန်းများကြားရှိ ကျောက်စရစ်ခင်းထားသော လမ်းငယ်လေးတစ်ခု ပေါ်လာ၏။ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားသည်။ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ ထို့နောက် အထဲသို့ လျှောက်ဝင်သွားတော့၏။
တခဏချင်း၌ လျိုထျန်းစစ်သည် တောင်ခါးပန်းရှိ စုယွီ၏ ဂူစံအိမ်သို့ ရောက်ရှိလာ၏။ ခြံဝင်းအတွင်း၌ ထိုင်နေသော လူရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ ဆယ်ကျော်သက် လူငယ်လေးတစ်ဦးအလား နုပျိုလွန်းလှသည်။
အိုမင်းရင့်ရော်သည့် လက္ခဏာ လုံးဝ မတွေ့ရ။ အရှိန်အဝါကလည်း သာမန်မျှသာ။ အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ရှိသူမှ ဟုတ်ပါလေစ။
လျိုထျန်းစစ် အလွန်တရာ အံ့အားသင့်သွား၏။ ဤအကြီးအကဲက သူထက်ပင် ပို၍ နုပျိုနေသေးသည် မဟုတ်ပါလော။
သို့ရာတွင် သူ လာရောက်ရသည့် အကြောင်းရင်းကို တွေးမိသောအခါ စိတ်သက်သာရာ ရသွား၏။ အလွန် ယုတ္တိရှိလှ၏။ အကယ်၍ ဤအကြီးအကဲက သူ့လို သာမန်လူ တစ်ယောက်သာ ဖြစ်နေပါက ဤအခြေအနေမျိုး ပေါ်ပေါက်လာမည် မဟုတ်ချေ။
စုယွီ၏ မျက်လုံးအိမ်များက တည်ငြိမ်နေ၏။ လျိုထျန်းစစ်အား စူးစိုက်ကြည့်ကာ လွှတ်ခနဲ မေးလိုက်သည်။
“မင်း ငါ့ကို ဘာလို့ တွေ့ချင်ရတာလဲ”
လျိုထျန်းစစ်က ရိုသေလေးစားစွာ ခေါင်းငုံ့၍ အဖြေပေးလိုက်၏။
“တပည့်က အကြီးအကဲဆီကို ပစ္စည်းတစ်ခု ပေးဖို့ တခြားလူ တစ်ယောက်ဆီက တာဝန်ပေးအပ်ခံရလို့ပါ ခင်ဗျာ”
စုယွီ၏ မျက်ခုံးများ တွန့်ချိုးသွား၏။
“ဘယ်သူလဲ... ဘာပစ္စည်းလဲ”
လျိုထျန်းစစ်က ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်၏။ ထို့နောက် စုယွီထံသို့ ရိုသေစွာ ကမ်းပေးရင်း ရှင်းပြလိုက်သည်။
“ဒီပစ္စည်းပါ ခင်ဗျာ... အကြီးအကဲအနေနဲ့ ဒါကို သွေးစက်ချပြီး ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်တာနဲ့ အရာအားလုံးကို နားလည်သွားပါလိမ့်မယ်”
သို့သော်ငြား လျိုထျန်းစစ် ထုတ်ယူလာသော ပစ္စည်းကို စုယွီ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်လုံးများ ရုတ်တရက် ပြောင်းလဲသွား၏။ စူးရှသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေ၏။
မျက်စိတစ်မှိတ်အတွင်း၌ သူ၏ ရှေ့တွင် ရပ်နေသော လျိုထျန်းစစ်သည် မြေကြီးထဲသို့ ဖိချခံလိုက်ရ၏။ တစ်ကိုယ်လုံး သွေးများ ယိုစီးကျလာသည်။ ပြင်းထန်သော နာကျင်မှုကြောင့် အော်ဟစ်လိုက်တော့သည်။
“အား”
လျိုထျန်းစစ် အကြောက်တရားဖြင့် အော်ဟစ်လိုက်၏။ သူ၏ ကိုယ်ခန္ဓာကြီးမှာ ကြီးမားလှသော အလေးချိန်တစ်ခုအောက်တွင် ကြေမွသွားသကဲ့သို့ ခံစားလိုက်ရသည်။ အရေပြားများ ပေါက်ကွဲထွက်လာ၏။ အရိုးများ ကျိုးကြေသွားတော့သည်။
အထိတ်တလန့်ဖြင့် လျိုထျန်းစစ် အော်ဟစ်တောင်းပန်တော့သည်။
“အကြီးအကဲ... တပည့်ကို သနားပါ... ကျေးဇူးပြုပြီး သနားပါ ခင်ဗျာ”
“တပည့်က အကြီးအကဲဆီ ပစ္စည်းလေး လာပို့ရုံပါ ခင်ဗျာ...”
“ဗြုန်း...”
စုယွီက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်၏။ လျိုထျန်းစစ်သည် ပါးရိုက်ခံလိုက်ရသကဲ့သို့ လွင့်စဉ်သွားတော့သည်။ သူ၏ မျက်နှာမှာ ဝက်ခေါင်းအလား ရောင်ကိုင်းသွား၏။ သွေးများ ပန်းထွက်လာသည်။ မြေကြီးပေါ်သို့ ခွေကျသွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
စုယွီ၏ အသံက လျိုထျန်းစစ်၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။
“ဒါ ဘာလဲဆိုတာ မင်း သိလား”
လျိုထျန်းစစ် ယူဆောင်လာသော ကြေးဝါရောင် အမိန့်ပေးကတ်ပြားကို စုယွီ ယူလိုက်၏။ ၎င်း၏ အပေါ်တွင် စာလုံးတစ်လုံး ထွင်းထုထားသည်။ ကောင်းကင်။
ဤအရာက မိုးပြာငရဲ အင်မော်တယ်နန်းတော်၏ ကောင်းကင်အဆင့် အမိန့်ပေးကတ်ပြား ဖြစ်၏။
အရိုင်းနယ်မြေတွင် သူ့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော ယွီလုံနန်းတော်၏ အကြီးအကဲကို သူ ပြန်လည် အမှတ်ရသွား၏။ ထိုသူ၏ မူလဝိညာဉ်ကို စစ်ဆေးရန် ကြိုးစားချိန်တွင် ကန့်သတ်ချက် တစ်ခုကြောင့် ပေါက်ကွဲသွားခဲ့သည် မဟုတ်ပါလော။
အေးစက်သော လူသတ်လိုစိတ်များက စုယွီ၏ မျက်လုံးအိမ်များမှ လျှံကျလာသည်။
'ငါ့ဆီကို ကောင်းကင်အဆင့် ကတ်ပြား လာပို့တာလား... သူတို့က ငါ့ကို မိုးပြာငရဲ အင်မော်တယ်နန်းတော် အတွက် ခွေးတစ်ကောင်လို အစေခံစေချင်နေတာလား...'
စုယွီ၏ တုံ့ပြန်မှုကို မြင်သောအခါ လျိုထျန်းစစ်က အထိတ်တလန့်ဖြင့် အသံလှိုင်း ပို့လွှတ်လိုက်၏။
“အကြီးအကဲစု... အင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲက အကြီးအကဲနဲ့ ဆွေးနွေးချင်လို့ပါ ခင်ဗျာ... အင်မော်တယ်နန်းတော်ကို ဝင်ရောက်ခြင်းက အင်မော်တယ်ဂိုဏ်းကို အလုပ်အကျွေးပြုတာနဲ့ မဆန့်ကျင်ပါဘူး... ဆန့်ကျင်ဘက် အနေနဲ့ အင်မော်တယ်နန်းတော်ရဲ့ သတင်းအချက်အလက်တွေ၊ အရင်းအမြစ်တွေနဲ့ဆိုရင် အကြီးအကဲရဲ့ အနာဂတ်က သေချာပေါက် တဟုန်ထိုး တိုးတက်လာမှာပါ... အကြီးအကဲက ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင် နေရာကိုတောင် လုယူနိုင်ပြီး နန်းတော်သခင် အသစ် ဖြစ်လာနိုင်ပါတယ် ခင်ဗျာ...”
“လူမိုက်”
ထိုစကားကို ကြားပြီးနောက် စုယွီက လျိုထျန်းစစ်ကို ထပ်မံ၍ ပါးရိုက်လိုက်ပြန်၏။ ခေါင်းပင် ပြုတ်ထွက်လုမတတ် ဖြစ်သွားသည်။ အရေပြားများ ပေါက်ကွဲထွက်သွား၏။ ဦးခေါင်းခွံပင် ကွဲအက်လုနီးပါး ဖြစ်သွားတော့သည်။
'နန်းတော်သခင်... အကယ်၍ ငါက တကယ်ပဲ ကောင်းကင်အင်မော်တယ်နန်းတော်ရဲ့ နန်းတော်သခင် ဖြစ်ချင်တယ်ဆိုရင် ဘာလို့ လမ်းလွှဲကနေ သွားနေစရာ လိုတော့မှာလဲ...'
'ငါသာ ဂိုဏ်းတူအစ်ကိုကြီးဆီမှာ အလှည့်ကိုးကြိမ် အမြုတေဖွဲ့စည်းခြင်းကို တိုက်ရိုက် ထုတ်ဖော်ပြသလိုက်မယ်ဆိုရင်... ဒီကောင်းကင်အင်မော်တယ်နန်းတော် တစ်ခုလုံးမှာ နန်းတော်သခင် နေရာအတွက် ငါ့ကို ဘယ်သူက ယှဉ်ပြိုင်ရဲတော့မှာလဲ...'
'ဒီအချက်ကို အသုံးချပြီး မိုးပြာငရဲ အင်မော်တယ်နန်းတော်နဲ့ အပေးအယူ လုပ်ရမှာလား... ရယ်စရာပဲ...'
ထိုအခိုက် လျိုထျန်းစစ်ကို ဖမ်းဆွဲကာ စုယွီသည် တာ့ယွီ တောင်ထွတ်မှ တိုက်ရိုက် ထွက်ခွာသွားပြီး ပင်မတောင်ထွတ်ဆီသို့ ရောက်ရှိလာ၏။ စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့ကို ရှာဖွေတွေ့ရှိသွားသည်။ လျိုထျန်းစစ်နှင့် မိုးပြာငရဲ အင်မော်တယ်နန်းတော်၏ ကောင်းကင်အဆင့် အမိန့်ပေးကတ်ပြားကို ဖြေရှင်းရန်အတွက် နန်းတော်သခင်ထံသို့ လွှဲပြောင်းပေးလိုက်တော့သည်။
စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့သည် မိုးပြာငရဲ အင်မော်တယ်နန်းတော်၏ ကောင်းကင်အဆင့် အမိန့်ပေးကတ်ပြားကို မြင်လိုက်ရသောအခါ အဘယ်အရာ ဖြစ်ပျက်ခဲ့သည်ကို ချက်ချင်း သဘောပေါက်သွား၏။
အေးစက်စက် အပြုံးတစ်ခုက စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့၏ မျက်နှာပေါ်တွင် ပေါ်လာသည်။ လျိုထျန်းစစ်အား စောင်းငဲ့ကြည့်ကာ မှတ်ချက်ချလိုက်၏။
“ငါ နားလည်ပြီ... ဒီကိစ္စကို ငါကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမယ်... မိုးပြာငရဲ အင်မော်တယ်နန်းတော်က စည်းကျော်လာပြီ... သူတို့က သင်ခန်းစာ မရသေးတာ ထင်ရှားတယ်...”
“ညီငယ်... ပြန်ပြီးတော့ ကြိုးကြိုးစားစား ကျင့်ကြံလိုက်ဦး... အို... မေ့လို့... အရင်တုန်းက ဒီအလယ်အလတ်အဆင့် မှော်ရတနာကို ညီငယ်ကို ပေးဖို့ ငါ မေ့သွားတယ်...”
စုယွီကို ပြန်မလွှတ်မီ စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့သည် တစ်စုံတစ်ခုကို အမှတ်ရသွားသကဲ့သို့ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်၏။ ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လက်ဝါးအရွယ်အစားခန့် ရှိသော ငွေရောင် သုံးချောင်းထောက် ကြေးအိုး တစ်ခု ပေါ်ထွက်လာပြီး စုယွီထံသို့ တွန်းပို့ပေးလိုက်သည်။
ငွေရောင် သုံးချောင်းထောက်ကြေးအိုးကို စုယွီ ဖမ်းဆုပ်လိုက်မိသည့် အခိုက်အတန့်မှာပင် သူ၏ မျက်လုံးအိမ်များက ရုတ်တရက် ကျဉ်းမြောင်းသွားတော့၏။
ဒန်တျန်အတွင်းရှိ ငွေဖြူရောင် ဟင်းလင်းပြင် မှော်ရတနာ အပိုင်းအစသည် ရုတ်တရက် တုန်ခါသွားသည်။ ဒန်တျန်ထဲမှ အတင်း ရုန်းထွက်ကာ ဤသုံးချောင်းထောက်ကြေးအိုးလေးနှင့် ပေါင်းစည်းချင်နေသကဲ့သို့ ပြင်းထန်သော လှိုင်းလုံးတစ်ခုကို ထုတ်လွှတ်လာ၏။
စုယွီက မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ ထုတ်ဖော်ပြသခြင်း မရှိချေ။ သူက ရိုသေစွာ ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီးရဲ့ ရက်ရောတဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ”
ဟုန်ယွဲ့က အသာ ရယ်လိုက်၏။
“စိတ်မပူပါနဲ့ကွာ... ညီငယ့်ရဲ့ ပါရမီနဲ့ဆိုရင် အင်မော်တယ်ဂိုဏ်းက မင်းရဲ့ ကျင့်ကြံခြင်းကို သံသယကင်းကင်းနဲ့ ထောက်ပံ့ပေးမှာပါ... တစ်ခုခု လိုအပ်ရင် စီမံခန့်ခွဲရေးနန်းတော်ကို တိုက်ရိုက် အကြောင်းကြားလိုက်ပါ... သူတို့ကို မင်းအတွက် စုဆောင်း ရှာဖွေခိုင်းလိုက်”
“မင်း နောက်ထပ် လုပ်ရမှာက ကျင့်ကြံဖို့ပဲ... တခြား ဘာကိုမှ ဂရုစိုက်နေစရာ မလိုဘူး... ဥပမာ... ဒီလောက် အသေးအဖွဲ ကိစ္စတွေကို အင်မော်တယ်ဂိုဏ်းနဲ့ ညီငယ့်ရဲ့ အစ်ကိုကြီးက တာဝန်ယူ ဖြေရှင်းပေးလိမ့်မယ်”
“ဘုန်း...”
အရှင်သခင်ကြီး ဟုန်ယွဲ့၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် လျိုထျန်းစစ်မှာ အသားစ၊ သွေးစများ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဟုန်ယွဲ့၏ စွမ်းအားအောက်တွင် ထိုအကြွင်းအကျန်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။ လျိုထျန်းစစ်သည် ဝိညာဉ်ပါ ပြန့်ကျဲသွားကာ အသက်ရှင်သန်ခွင့် လုံးဝ ပျက်သုဉ်းသွားတော့သည်။
စုယွီသည် ပင်မတောင်ထွတ်မှ ထွက်ခွာလာပြီး တာ့ယွီ တောင်ထွတ်သို့ အလျင်စလို ပြန်လာခဲ့၏။ အာရုံလှည့်စားမှု ကျောက်တုံးဖြင့် တည်ဆောက်ထားသော တားမြစ်နယ်မြေ အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ချက်ချင်းပင် ငွေဖြူရောင် သုံးချောင်းထောက်ကြေးအိုးလေးကို ထုတ်ယူလိုက်၏။
ငွေဖြူရောင် ကြေးအိုး၏ အရှိန်အဝါကို ခံစားမိသွားသောအခါ အာရုံလှည့်စားမှုမှာ ထိတ်လန့်သွားတော့သည်။
“နောက်ထပ် အလယ်အလတ်အဆင့် မှော်ရတနာ တစ်ခုလား... အဲဒါ ဘယ်က ရလာတာလဲ”
စုယွီက ခပ်အေးအေးပင် ရှင်းပြလိုက်၏။
“ကျွန်တော်ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ပေးလိုက်တာလေ”
စုယွီက သူ့ရှေ့ရှိ ငွေဖြူရောင် ကြေးအိုးလေးကို ကြည့်လိုက်သည်။ ၎င်း၏ သတ္တုအရောင်နှင့် အရှိန်အဝါတို့မှာ သူ၏ ဒန်တျန်အတွင်းရှိ ဟင်းလင်းပြင် မှော်ရတနာ အပိုင်းအစနှင့် တစ်ထပ်တည်း တူညီနေပေသည်။
ရုတ်တရက် တုန်လှုပ်သွားမိ၏။
'ဒီအလယ်အလတ်အဆင့် ကြေးအိုးကလည်း ကျိုးပဲ့နေတဲ့ ရှေးဟောင်းပစ္စည်း တစ်ခုများ ဖြစ်နေမလား...'
ဒန်တျန်အတွင်းရှိ အပိုင်းအစကို ထုတ်ယူရန် လောမကြီးဘဲ စုယွီက တင်ပျဉ်ခွေ ထိုင်လိုက်၏။ သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တာအိုစွမ်းအားများ တဝီဝီ မြည်ဟည်းလာသည်နှင့်အတူ ဟင်းလင်းပြင် တာအိုစွမ်းအား၏ ဖိနှိပ်မှုကို အားကိုးကာ ငွေဖြူရောင် ကြေးအိုးလေးအပေါ် သူ၏ ဝိညာဉ်အာရုံ အမှတ်အသားကို အောင်မြင်စွာ ခတ်နှိပ်လိုက်သည်။
ထို့နောက် ဤအလယ်အလတ်အဆင့် ဟင်းလင်းပြင် မှော်ရတနာကို တဖြည်းဖြည်းချင်း သန့်စင်ရန် စတင်လိုက်တော့၏။
ဟုန်ယွဲ့၏ အဆိုအရ ဤကြေးအိုးမှာ ဟင်းလင်းပြင် မှော်လက်နက် တစ်ခု ဖြစ်၏။
သို့သော် သူ၏ လက်ထဲရှိ အပိုင်းအစသည် သူ၏ ဟင်းလင်းပြင် တာအိုစွမ်းအား တည်ငြိမ်မှုကို ပိုမို မြှင့်တင်ပေးနိုင်စွမ်း ရှိ၏။
'အကယ်၍ ဒီပစ္စည်း နှစ်ခုသာ ပေါင်းစည်းသွားမယ်ဆိုရင် ဘာတွေများ ဖြစ်လာမလဲ...'
လဝက်ကျော်မျှ အချိန်ယူပြီးနောက် စုယွီသည် ဟင်းလင်းပြင် ကြေးအိုးကို အပြည့်အဝ သန့်စင်ကာ ထိန်းချုပ်နိုင်ခဲ့ပြီတည်း။ ထိုအခါမှသာ ဟုန်ယွဲ့ ဆိုလိုသော ဟင်းလင်းပြင် မှော်လက်နက်၏ အဓိပ္ပာယ်ကို သူ ကောင်းစွာ နားလည်သွားတော့၏။
အကြောင်းမူကား ဤကြေးအိုးပေါ်တွင် ကျိုးပဲ့နေသော အခင်းအကျင်း ကန့်သတ်ချက် ပုံစံတစ်ခု ပါရှိနေသောကြောင့်ပင် ဖြစ်သည်။
ဤပုံစံ၏ အရှိန်အဝါက ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသော်ငြား မပြည့်စုံသေးပါချေ။
သို့တိုင်အောင် ဤမပြည့်စုံသော ပုံစံကပင် ဟင်းလင်းပြင် ကြေးအိုးကို အလယ်အလတ်အဆင့် မှော်ရတနာ တစ်ခု၏ အဆင့်သို့ ရောက်ရှိစေခဲ့သည် မဟုတ်ပါလော။
၎င်းသည် ပဉ္စမအဆင့် ပုံစံတစ်ခု ဖြစ်နိုင်ခြေ အလွန်များလှပေသည်။ ဟင်းလင်းပြင် ကြေးအိုး၏ မူလ ဟင်းလင်းပြင် စွမ်းအားနှင့် ပေါင်းစပ်ကာ ကြေးအိုး၏ ဟင်းလင်းပြင် စွမ်းအားကို ဖန်တီးပေးထားခြင်း ဖြစ်၏။
ဤကြေးအိုးလေးဖြင့်ဆိုလျှင် သူသာ လုံလောက်စွာ သတိထားပါက သာမန် ဝိညာဉ်ခွဲထွက်အဆင့် အင်အားကြီးသူ တစ်ဦး သို့မဟုတ် ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင် တစ်ဦး အတွက်ပင် သူ့ကို သတ်ဖြတ်ရန် ပို၍ ခက်ခဲသွားနိုင်သည်။
“ပြီးတော့... ဒီအပိုင်းအစ ရှိသေးတယ်”
စုယွီက ဒန်တျန်အတွင်းမှ အပိုင်းအစကို ဆင့်ခေါ်လိုက်၏။ ၎င်းမှာ သူ တစ်ခါက ထိုက်ရွှီ အရှင်သခင်ကြီးထံမှ ရရှိခဲ့သော ဟင်းလင်းပြင် ပစ္စည်းတစ်ခု၏ အပိုင်းအစလေး ဖြစ်သည်။ အပိုင်းအစလေး တစ်ခုသာ ဖြစ်သော်ငြား ၎င်း၏ အရှိန်အဝါက အဆင့်နိမ့် မှော်ရတနာ တစ်ခုနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေဆဲပင်။
ပစ္စည်း တစ်ခုလုံးအနေဖြင့် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်ရုံဖြင့် သိနိုင်၏။
ယခုအခါတွင်မူ။
စုယွီက အပိုင်းအစကို ဆင့်ခေါ်လိုက်ရာ ဟင်းလင်းပြင်၏ တဝီဝီ မြည်ဟည်းသံ နှစ်ချက်နှင့်အတူ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နှင့် မြေကြီး လင်းထိန်သွားတော့၏။
စူးရှတောက်ပသော ငွေဖြူရောင် နတ်ဘုရားအလင်းတန်းပင်။
“ဘုန်း...”
ဟင်းလင်းပြင် နေရာတစ်ခုလုံး တုန်ခါသွားသကဲ့သို့ ရှိသည်။ အပိုင်းအစလေးမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင် ကြေးအိုးလေးနှင့် ချက်ချင်း ပေါင်းစပ်သွားတော့၏။
စူးရှတောက်ပသော နတ်ဘုရားအလင်းတန်း၊ တုန်ခါနေသော ဟင်းလင်းပြင် နေရာနှင့် ထွက်ပေါ်လာသော မြင်ကွင်းတို့က အာရုံလှည့်စားမှု တားမြစ်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ဤဖြစ်စဉ်မှာ တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာမြင့်ခဲ့ပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားတော့၏။
လက်ဝါးအရွယ်အစားခန့် ရှိသော ကြေးအိုးလေး တစ်ခုမှာ လေထဲတွင် တွဲလောင်းကျနေသည်။ ယခင်က ၎င်း၏ အရှိန်အဝါနှင့် နှိုင်းယှဉ်ပါက ယခုအခါ သိသိသာသာ ထူးခြားသော အသွင်ပြောင်းလဲမှု တစ်ခု ရှိနေလေပြီ။
၎င်းထံမှ ဖြာထွက်နေသော ဟင်းလင်းပြင် လှိုင်းဂယက်များမှာ အလွန် ဖိနှိပ်မှု ပြင်းထန်လှရာ ပိုင်ရှင်ဖြစ်သူ စုယွီပင်လျှင် ဖိအားတစ်ခုကို ခံစားလိုက်ရ၏။ သူသာ သတိမထားပါက ကြေးအိုးလေးမှ ပေါက်ကွဲထွက်လာသော ဟင်းလင်းပြင် လှိုင်းဂယက်များ၏ စုပ်ယူဖျက်ဆီးခံရမည့်အလား ပင်။
“ဒါက...”
“အခု အဆင့်မြင့် မှော်ရတနာ တစ်ခု ဖြစ်သွားပြီလား...”
စုယွီက အသံကို နှိမ့်လိုက်၏။ အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
သို့သော် မဟုတ်သေးပေ... တစ်ခုခု လွဲချော်နေသလို ရှိနေဆဲပင်။ အသေအချာ စစ်ဆေးကြည့်သောအခါ ၎င်းသည် အလယ်အလတ်အဆင့် မှော်ရတနာမှ အဆင့်မြင့် မှော်ရတနာသို့ အသွင်ကူးပြောင်းမှုကို အပြည့်အဝ မပြီးစီးသေးကြောင်း တွေ့ရ၏။
အကောင်းဆုံးအနေဖြင့် အဆင့်မြင့်တစ်ပိုင်း မှော်ရတနာ ဟုသာ ဖော်ပြနိုင်လိမ့်မည်။