← Chapters

အခန်း ၇၀၂

Vol. 47 Ch. 702

အခန်း ၇၀၂

Vol. 47 Ch. 702

အခန်း (၇၀၂) - အင်မော်တယ် လက်နက်တုလော... ယွဲ့ အင်မော်တယ် မျှော်စင်

ပေါင်းစည်းသွားပြီးနောက် ဟင်းလင်းပြင် ကြေးအိုးထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလာတော့၏။ ၎င်း၏ လွှမ်းမိုးမှုအောက်တွင် ကြေးအိုး၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်၌ လှိုင်းဂယက်များ ထကြွလာသယောင် ရှိပေသည်။ ထိုသေးငယ်လှသော လှိုင်းဂယက်များကပင် စုယွီ၏ ကျောရိုးထဲသို့ စိမ့်ခနဲ အေးစက်သွားစေလေ၏။

ကံကောင်းထောက်မစွာဖြင့် သူသည် ဟင်းလင်းပြင် ကြေးအိုးအား သန့်စင်ပြီး သူ၏ ကိုယ်ပိုင်အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်လေသည်။ သို့မဟုတ်ပါက ဤအခြေအနေတွင် ကြေးအိုးအား သူ ဆက်လက် အမိန့်ပေးနိုင်စွမ်း ရှိမရှိဆိုသည်မှာ သေချာမည် မဟုတ်ပေ။

စုယွီသည် ဟင်းလင်းပြင် ကြေးအိုး၏ အရှိန်အဝါကို ရုပ်သိမ်းလိုက်၏။ ၎င်းအား ဒန်တျန်အတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်ပြီး ဟင်းလင်းပြင် တာအိုစွမ်းအားဖြင့် ဂရုတစိုက် အာဟာရ ဖြည့်တင်းပေးလိုက်လေသည်။

ပေါင်းစည်းသွားသော ဟင်းလင်းပြင် ကြေးအိုးတွင် ယခုအခါ နောက်ထပ် အကြွင်းအကျန် အခင်းအကျင်း ပုံစံတစ်ခု ရှိလာချေပြီ။

၎င်းတို့၏ စွမ်းအားများ ကွာခြားနေသော်ငြားလည်း အကြွင်းအကျန် အခင်းအကျင်း ပုံစံ နှစ်ခုစလုံးသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ဆက်လက် စုပ်ယူကာ မိမိကိုယ်ကို အာဟာရ ဖြည့်တင်း ထိန်းသိမ်းနေကြပေ၏။

ပေါင်းစည်းခြင်းက ဟင်းလင်းပြင် ကြေးအိုးအား ပိုမို အစွမ်းထက်လာစေခဲ့ပြီး ၎င်း၏ အစစ်အမှန် စွမ်းအားများကို ထုတ်ဖော်ခွင့် ရရှိစေခဲ့လေသည်။

အာရုံလှည့်စားမှု ကျောက်တုံးသည် ဤမြင်ကွင်းကို ကြည့်ရင်း မှင်သက်သွားတော့၏။ စုယွီက ကြေးအိုးကို ဒန်တျန်အတွင်း ပြန်လည် သွင်းယူလိုက်ပြီးနောက်မှသာ နှုတ်မှ တတွတ်တွတ် ရေရွတ်လိုက်လေသည်။

“ဒါက ဘယ်လို မှော်လက်နက် အမျိုးအစားလဲဗျ... သူက အပိုင်းအစ တစ်ခုနဲ့ ပေါင်းစည်းသွားတာလား... အဲဒီ အရှိန်အဝါက အဆင့်မြင့် မှော်လက်နက် တစ်ခုနဲ့ သိပ်မကွာတော့ဘူးနော်”

စုယွီသည် သက်ပြင်းကို ခပ်ဖွဖွ ချလိုက်ပြီး တုံ့ပြန်လိုက်၏။

“ကံကောင်းလို့ အဆင့်မြင့် မှော်လက်နက် အဖြစ်ကို မပြောင်းလဲသွားတာ... မဟုတ်ရင် ကျွန်တော် အဲဒါကို သုံးနိုင်မှာ မဟုတ်ဘူး”

လတ်တလောတွင်မူ ၎င်းသည် ကိုင်တွယ် နိုင်စွမ်း ရှိနေဆဲပင်။ ဟင်းလင်းပြင် ကြေးအိုးသည် အစွမ်းထက်လှသော်ငြားလည်း ၎င်းအား အသက်သွင်းရန် သူ၏ ခွန်အား အားလုံးကို အသုံးချလိုက်ပါက ၎င်း၏ စွမ်းအား အချို့ကို ထုတ်ဖော် ပြသနိုင်မည် ဖြစ်လေသည်။

ဟင်းလင်းပြင် ကြေးအိုးသည် စုယွီ၏ စွမ်းအားများကို အလုံးစုံ စုပ်ယူသွားမည်တော့ မဟုတ်ပါချေ။

ဤအချက်ကို စဉ်းစားမိသောအခါ စုယွီ၏ ရင်ထဲတွင် သူ၏ ကျင့်ကြံခြင်း အဆင့်ကို တိုးတက်စေရန် အလောတကြီး ဖြစ်နေသော စိတ်ဆန္ဒများ ပြင်းပြလာတော့၏။

အကယ်၍ သူသာ ဟင်းလင်းပြင် ကြေးအိုး၏ အစစ်အမှန် စွမ်းအားကို ထုတ်ဖော်လိုပါက သူ၏ လက်ရှိ မူလဝိဉာဉ် တတိယအဆင့် ကျင့်ကြံခြင်း အပေါ်တွင် အားကိုးနေရခြင်းမှာ ခက်ခဲ ပင်ပန်းလှပေသည်။

သူသာ ဓာတ်ကြီး ငါးပါးကို မကျင့်ကြံထားခဲ့လျှင်၊ သူ၏ အခြေခံ အုတ်မြစ်မှာ အလှည့် ကိုးကြိမ် အမြုတေဖွဲ့စည်း‌ခြင်း မူလဝိဉာဉ် မဟုတ်ခဲ့လျှင်၊ သူ၏ ဝိဉာဉ် စွမ်းအင်များသည် မူလဝိဉာဉ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ညီမျှလောက်အောင် မသိပ်သည်းခဲ့လျှင် ဟင်းလင်းပြင် ကြေးအိုးအား အသက်သွင်းရန် အရည်အချင်းပင် ပြည့်မီလိမ့်မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာပင် သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်သည် စောစောပိုင်းကပင် အသွင်ပြောင်းလဲသွားခဲ့ပြီး ထိပ်တန်း အဆင့်မှ မြေကမ္ဘာ အဆင့်သို့ ပြောင်းလဲသွားကာ သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်ကို မြှင့်တင်ပေးခဲ့ပြီး သူ့အား ထိပ်တန်း ပါရမီရှင် ကျင့်ကြံသူများ စာရင်းဝင် ဖြစ်လာစေခဲ့လေသည်။

ယခုအခါ မူလဝိဉာဉ် တတိယအဆင့်တွင် တည်ငြိမ်စွာ ကျင့်ကြံနေသဖြင့် စတုတ္ထအဆင့်သို့ အဆင့်ချိုးဖြတ်ရန် သူသည် အနှစ် ၃၀ ကျော်မျှသာ လိုအပ်တော့မည် ဖြစ်၏။

မူလဝိဉာဉ် ပထမအဆင့်တွင် ရှိနေစဉ်က အချိန်နှင့် နှိုင်းယှဉ်ပါက သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်ပေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အာရုံလှည့်စားမှု ကျောက်တုံးက ဆိုလေ၏။

“ငါ.. တစ်ခုခုကို သတိရသွားသလိုပဲ... ရှေးဟောင်း နတ်ဘုရား အင်မော်တယ် နန်းတော်မှာ တုန်းက မဟာယာန အဆင့်ရှိတဲ့ တာအို ကျင့်ကြံသူ တစ်ယောက်က ပြောဖူးတယ်... ကျင့်ကြံသူတွေ အကြားမှာ တာအို လက်နက်တွေဟာ မှော်လက်နက်တွေရဲ့ အထက်မှာ ရှိနေတဲ့ အမြင့်ဆုံး ထိပ်သီးတွေပဲတဲ့”

“ဒါပေမဲ့ တာအို လက်နက်တွေဆိုတာ သာမန် ကျင့်ကြံသူ တစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ အရာမျိုးတော့ မဟုတ်ဘူးနော်”

“အဲဒါနဲ့ ယှဉ်လိုက်ရင် အင်မော်တယ် လက်နက်တွေ... ဒါမှမဟုတ် အင်မော်တယ် လက်နက်တု တွေကမှ ကျင့်ကြံခြင်း အင်အားစုတွေ အတွက် ရယူပိုင်ဆိုင်ဖို့ ပိုလွယ်ကူသေးတယ်”

“ငါတို့ရဲ့ မှော်လက်နက်တွေနဲ့ ယှဉ်လိုက်ရင် တာအို ဒါမှမဟုတ် အင်မော်တယ် လက်နက်တု တွေရဲ့ စွမ်းအားက ငါတို့ စိတ်ကူးယဉ်ကြည့်လို့ ရနိုင်တဲ့ အရာတွေ ထက်ကို အများကြီး ပိုပြီး ကြီးမားတယ်”

“မှော်လက်နက်တွေမှာ ကိုယ့်ဘာသာ အနာကျက်နိုင်စွမ်း .. ပေါင်းစည်းနိုင်စွမ်း လုံးဝ မရှိဘူးလေ”

ဤစကားကို ကြားသောအခါ စုယွီသည် အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်၏။

“စီနီယာ.. ဆိုလိုချင်တာက ဒီကြေးအိုးလေးရဲ့ မူလ ပုံစံက တာအို ဒါမှမဟုတ် အင်မော်တယ် လက်နက်တု တစ်ခု ဖြစ်နိုင်တယ် ဆိုတဲ့ သဘောလား”

အာရုံလှည့်စားမှု ကျောက်တုံးက ကမန်းကတန်း ပြင်ဆင် ပြောဆိုလိုက်လေသည်။

“မဟုတ်ဘူး... မဟုတ်ဘူး... ငါ ဆိုလိုချင်တာက ဒီလက်နက်ဟာ အဲဒီလို လက်နက်တွေရဲ့ အပိုင်းအစတွေကနေ ဖန်တီးထားတာ ဖြစ်နိုင်ပြီး အဲဒီ စွမ်းအား တချို့ကို ပိုင်ဆိုင်ထားတာ ဖြစ်နိုင်တယ်လို့ ပြောတာပါ”

“ဖြစ်နိုင်ရင်... မင်း အနေနဲ့ ဒီလက်နက်ရဲ့ အပိုင်းအစတွေကို ဆက်ပြီး စုဆောင်းနိုင်တယ်... ပြီးတော့ သူ တကယ် ဘာလဲ ဆိုတာကို သိရအောင် ပေါင်းစပ်ကြည့်လို့ ရတာပေါ့”

တာအိုနှင့် အင်မော်တယ် လက်နက်တု ဟု ခေါ်ဆိုသော အရာများသည် အလွန် မြင့်မားသော အဆင့်တွင် ရှိနေသဖြင့် စုယွီရော အာရုံလှည့်စားမှု ကျောက်တုံး ပါ ၎င်းတို့ကို နားလည်နိုင်စွမ်း မရှိကြချေ။ သူတို့ နှစ်ဦးစလုံး ထိုအရာများနှင့် ပတ်သက်၍ အသိပညာ သို့မဟုတ် နားလည်မှု အလွန် နည်းပါးလှပြီး အထူးသဖြင့် စုယွီတွင် ပို၍ပင် နည်းပါးလှပေသည်။

မြေကမ္ဘာ အင်မော်တယ် နန်းတော်၏ သိုင်းကျမ်းတိုက်တွင်ပင် ဤကဲ့သို့သော လက်နက်များနှင့် ပတ်သက်သည့် မှတ်တမ်း တစ်စုံတစ်ရာကိုမျှ စုယွီ မတွေ့ဖူးခဲ့ပါချေ။

အာရုံလှည့်စားမှု ကျောက်တုံးမှာလည်း ပြန့်ကျဲနေသော မှတ်ဉာဏ် အပိုင်းအစ အချို့ကိုသာ ဖော်ထုတ်နိုင်ခဲ့ခြင်းရယ်ပါ။

သို့ဖြစ်သော်ငြားလည်း အာရုံလှည့်စားမှု ကျောက်တုံး၏ စကားများက စုယွီ၏ ရင်ထဲတွင် လှိုင်းဂယက်များ ထစေခဲ့တော့၏။

'ဒီလိုဆိုရင် ချီသန့်စင် အိုးရော.. ငါ ပိုင်ဆိုင်ထားတဲ့ ဟင်းလင်းပြင် ကြေးအိုးရော နှစ်ခုစလုံးက မူလက တာအို ဒါမှမဟုတ် အင်မော်တယ် လက်နက်တုတွေ ဖြစ်နိုင်တာပေါ့လေ... ဒီလို ရတနာမျိုးတွေဆိုရင် ရှေးဟောင်း နတ်ဘုရား အင်မော်တယ် နန်းတော်ရဲ့ အင်အား ကြီးမားတဲ့ အချိန်မှာတောင် အစောင့်အရှောက် ရတနာတွေ အဖြစ် သေချာပေါက် သတ်မှတ်ခံခဲ့ရမှာပဲ...'

'ချီသန့်စင် အိုးနဲ့ ဟင်းလင်းပြင် ကြေးအိုးတွေက အခုဆိုရင် အလယ်အလတ်အဆင့် မှော်လက်နက်တွေ ဖြစ်နေပြီ... အဲဒီ အပိုင်းအစတွေမှာ သူတို့ရဲ့ အရင်က စွမ်းအား ဘယ်လောက်တောင် ပါဝင်နေမလဲ မသိဘူး... ပြီးတော့ အပိုင်းအစ ဘယ်လောက်များများ ပြန့်ကျဲနေသေးလဲ...'

စုယွီသည် မအောင့်အည်းနိုင်တော့ဘဲ စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရတော့၏။ ဤအရာများသည် အင်မော်တယ် တစ်ပါး၏ အောက်တွင် ရှိနေသူများ အတွက် အမြင့်မြတ်ဆုံး ရတနာများပင် ဖြစ်လေသည်။

ထို့ပြင် သူ၏ လက်ထဲတွင် ၎င်းတို့ထဲမှ နှစ်ခုတောင် ရှိနေနိုင်သည် မဟုတ်ပါလော။

ခေတ္တမျှ ကြာပြီးနောက် စုယွီ၏ စိတ်ထဲတွင် တစ်ကြိမ်သာ ဆုံတွေ့ဖူးသော ကောင်းကင် လှည့်လည်သူ ကုန်သည် ဟူသည့် ပုဂ္ဂိုလ် တစ်ဦး၏ ပုံရိပ် ပေါ်လာတော့၏။ ထိုပုဂ္ဂိုလ်၏ အသိပညာနှင့် ကျင့်ကြံခြင်း အဆင့်အတန်းအရဆိုလျှင် ဤအကြောင်းအရာနှင့် ပတ်သက်၍ ပိုမို သိရှိနိုင်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် သူတို့နှင့် ထပ်မံ ဆုံတွေ့ရန် အခွင့်အရေးမှာ အလွန် နည်းပါးလှပေသည်။

သူသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ၏ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို စတင် လည်ပတ်စေလိုက်လေသည်။

စုယွီသည် သူ၏ ဒန်တျန် အတွင်းရှိ ဟင်းလင်းပြင် ကြေးအိုး၏ စွမ်းအားများနှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စတင် လေ့ကျင့်တော့၏။ ၎င်းမှာ ဟင်းလင်းပြင်ကို ခိုင်မာစေခြင်း ဖြစ်စေ၊ နယ်နိမိတ်များကို ချိုးဖျက်ခြင်း ဖြစ်စေ သူသည် ဟင်းလင်းပြင် ကြေးအိုး၏ စွမ်းအားကို လွတ်လပ်စွာ မထိန်းချုပ်နိုင်မီ ၎င်းကို ကောင်းစွာ နားလည် သဘောပေါက်ရန် လိုအပ်လှပေသည်။

ဤနည်းဖြင့်သာ နတ်ဘုရား ဝိညာဉ် နယ်ပယ်မှ သိုင်းပညာရှင် တစ်ဦး သို့မဟုတ် ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင် တစ်ဦး၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူသည် တည်ငြိမ်စွာ တုံ့ပြန်နိုင်လိမ့်မည် ဖြစ်တော့သည်။

...

အခြား တစ်နေရာတွင်မူ။

မိုးပြာငရဲ အင်မော်တယ် နန်းတော်၏ အမာခံ စခန်းတစ်ခု အတွင်း၌။

အမျိုးသား တစ်ဦးသည် လျိုထျန်းစစ် ကျဆုံးသွားကြောင်း ခံစားလိုက်ရပြီး.. မျက်ခုံးတန်းများ ချက်ချင်း တွန့်ချိုးသွားတော့၏။ လျိုထျန်းစစ် ကျဆုံးသွားခြင်းက မြေကမ္ဘာ အင်မော်တယ် နန်းတော်မှ ဟင်းလင်းပြင် တာအိုစွမ်းအား ပိုင်ရှင် အရှင်သခင်ကြီးအား စည်းရုံး သိမ်းသွင်းမည့် အစီအစဉ်မှာ ချောမွေ့မှု မရှိကြောင်း၊ သို့မဟုတ် ကျရှုံးသွားပြီ ဖြစ်ကြောင်း အချက်ပြနေလေသည်။

ဤကိစ္စမှာ အလွန် အရေးကြီးလှပေရာ ခေတ္တမျှ မှန်းဆ တွေးတောပြီးနောက် အင်မော်တယ် နန်းတော်၏ အကြီးအကဲထံသို့ သတင်းပို့ရန် အလျင်စလို ထွက်ခွာသွားလေတော့သည်။

အချိန် အတန်ကြာပြီးနောက်. အကြီးအကဲက အမိန့် နှစ်ခုကို ချမှတ်လိုက်၏။

ပထမ အမိန့်မှာ စုယွီနှင့် ဆက်သွယ်ရန် အခွင့်အရေးများကို ဆက်လက် ရှာဖွေရန် ဖြစ်ပြီး သူ့ကို ဖမ်းဆီးကာ နန်းတော်သို့ ပြန်လည် ခေါ်ဆောင်လာရန်ပင် ဖြစ်သည်။

အတိုချုပ် ဆိုရလျှင် စုယွီကို မည်သည့် တန်ဖိုးပေးရပါစေ သိမ်းသွင်းရမည် ဖြစ်၏။

ဒုတိယ အမိန့်မှာ မြေကမ္ဘာ အင်မော်တယ် နန်းတော် အတွင်းရှိ သတင်းအချက်အလက် ကွန်ရက်ကို တိုးချဲ့ရန် အစွမ်းကုန် ကြိုးပမ်းရန် ဖြစ်ပြီး မြေကမ္ဘာ အင်မော်တယ် နန်းတော် အတွင်းရှိ မိုးပြာငရဲ အင်မော်တယ် နန်းတော်၏ ယခင် လွှမ်းမိုးမှုကို ပြန်လည် ထူထောင်ရန် သို့မဟုတ် ထိုထက်ပင် ကျော်လွန်ရန် ဖြစ်တော့သည်။

All Chapters