← Chapters

အခန်း ၇၀၅

Vol. 47 Ch. 705

အခန်း ၇၀၅

Vol. 47 Ch. 705

အခန်း (၇၀၅) - နှစ်ပေါင်း နှစ်ဆယ် အကြာတွင်တော့

စုယွီသည် ချင်ခယ်ရှင်းနှင့် လီကျုံးတို့ကို တာအိုမိတ်ဆွေ ရှုယွီထံတွင် ထားရစ်ခဲ့လေ၏။ ထို့နောက် သူ၏ ကိုယ်ပွားရုပ်သေးနှင့် အတူ ဟွမ်လင်ကျွန်းသို့ ပြန်လာခဲ့ပြီး ဟေးကျောက် တာအိုကျင့်ကြံသူနှင့် ရွေးချယ်ထားသော သစ္စာခံ လက်အောက်ငယ်သား သုံးရာတို့ကို ခရမ်းရောင်ကျောက်စိမ်းတံခါး ဂူစံအိမ်ဆီသို့ ခေါ်ဆောင်သွားလေတော့သည်။

အခြားတစ်ဖက်တွင်မူ စုယွီသည် နယ်စပ်ဒေသဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကောင်းကင် မိုးကြိုး ကြွက် ဘုရင်နှင့် ၎င်း၏ ကြွက်အုပ်စုကို ပြန်လည် ခေါ်ဆောင်လာရန် မူလက ကြံရွယ်ထားခဲ့ချေ၏။

သို့သော်ငြား အင်မော်တယ် ဂိတ်တံခါးမှ ခြေလှမ်း အထွက်တွင် ကျောချမ်းသွားရပြီး အန္တရာယ် အငွေ့အသက် တစ်ခုက သူ၏ ရင်ထဲသို့ ရုတ်တရက် လှိုင်းထလာတော့သည်။

အင်မော်တယ် ဂိတ်တံခါး အခင်းအကျင်းမှ အထွက်တွင်ပင် စုယွီသည် ခြေလှမ်းများကို လျင်မြန်စွာ ရုပ်သိမ်းလိုက်၏။ သူ၏ သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး နေရာမှ ချက်ချင်း လှည့်ကာ တာ့ယွီ တောင်ထွတ်ဆီသို့ ပြန်လည် ဝင်ရောက်လာလေသည်။

တာ့ယွီ တောင်ထွတ်သို့ ပြန်ရောက်သောအခါ စုယွီ၏ မျက်လုံးများထဲတွင် ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပေ၏။ သူသည် ရွှေပုစဉ်းရင်ကွဲ မျက်လုံးကို အသုံးပြုကာ အင်မော်တယ် နယ်မြေ တံခါး အပြင်ဘက်ရှိ ကောင်းကင်နှင့် မြေကြီးကို စူးစိုက် ကြည့်ရှုလိုက်လေသည်။

ပတ်ဝန်းကျင် တစ်ခွင်ကို အနှံ့အပြား ရှာဖွေ ကြည့်ရှုလိုက်သော်ငြား မည်သည့် ထူးခြားချက်ကိုမျှ သူ မတွေ့ရှိခဲ့ရပေ။

'တစ်ယောက်ယောက်ကများ ငါ့ကို ပစ်မှတ်ထားနေတာလား...'

စုယွီသည် ရင်တွင်း ဘဝင်မကျစွာ တွေးတောလိုက်ပြီး တာ့ယွီ တောင်ထွတ်တွင်သာ နေထိုင်ကာ အေးချမ်းစွာ ကျင့်ကြံရန် ဆုံးဖြတ်လိုက်တော့သည်။

ခေတ္တမျှ ကြာပြီးနောက်... စုယွီသည် မြေကမ္ဘာ အင်မော်တယ် မြို့တော်ဆီသို့ ထိုက်ရွှီကို စေလွှတ်လိုက်ပြီး အရိုင်းနယ်မြေ အတွင်းသို့ ခရီးဆက်ရန် စီစဉ်လိုက်၏။ ကောင်းကင် မိုးကြိုး ကြွက် ဘုရင်နှင့် ၎င်း၏ ကြွက်အုပ်စုကို ပြန်လည် ခေါ်ဆောင်လာရာတွင် ကူညီပေးရန် ဖန်ရှောင်အား အကူအညီ တောင်းခံလိုက်လေသည်။

သူကမူ တည်ငြိမ်စွာပင် အင်မော်တယ် ဂိတ်တံခါး အတွင်း၌သာ ဆက်လက် နေထိုင်ရန် ရွေးချယ်လိုက်လေသည်။

တစ်လခန့် အကြာတွင်... စုယွီ၏ ညွှန်ကြားချက်အရ အင်မော်တယ် တစ်ပါးသည် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခို ဈေးကွက်မှ ရင့်မှည့်နေသော ဝိညာဉ် သစ်သီး အချို့ကို သယ်ဆောင် လာခဲ့လေ၏။

စုယွီသည် အုပ်ချုပ်ရေး ခန်းမဆောင်မှ အမြုတေဖွဲ့စည်း‌ခြင်း ဖြစ်တည်ခြင်း အတွက် လိုအပ်သော ဆေးဘက်ဝင် ပစ္စည်းများကို စုဆောင်းကာ ဆေးဖော်စပ်ရန် ပြင်ဆင်လိုက်တော့သည်။

အမြုတေဖွဲ့စည်း‌ခြင်း ဖော်စပ်ခြင်း ဆေးသည် အဆင့်နိမ့် စတုတ္ထအဆင့် ဆေးတစ်လုံးနှင့် ဆင်တူပေ၏။ ၎င်းကို ဖန်တီးရာတွင် အခက်အခဲ သိပ်မကြီးမားလှသော်ငြား အချိန် အလွန် ကုန်ဆုံးစေပြီး ဝိညာဉ် စွမ်းအင်များကို အလွန်အမင်း ကုန်ခန်းစေလေသည်။

ယခင်က စုယွီသည် အမြုတေဖွဲ့စည်း‌ခြင်း ဖော်စပ်ခြင်း ဆေးကို တစ်ကြိမ်တစ်ခါမျှ မဖန်တီးခဲ့ဖူးပေ။ ထို့ကြောင့် ယခု တစ်ကြိမ်တွင် သူသည် အထူး အာရုံစိုက်ကာ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ် အပေါ်၌ အစွမ်းကုန် နှစ်မြှုပ်ထားလေသည်။

ဆယ်ရက်ခန့် ကုန်လွန်သွားခဲ့ချေပြီ။

ပင်မ တောင်ထွတ်ရှိ ဆေးလုံးစံအိမ် အတွင်း၌... ဆေးဖော်စပ်ရာ အခန်း၏ ကျောက်တံခါးကြီး ပွင့်လာသည်နှင့် အတူ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အကြီးအကဲ ဟောက်ပုချွမ်၏ မျက်လုံးများ အရောင် တောက်သွားတော့၏။ စုယွီ ထွက်လာသည်ကို မြင်မြင်ချင်းပင် သူက နှုတ်ခွန်းဆက်ကာ မေးမြန်းလိုက်လေသည်။

“အကြီးအကဲစု... အခြေအနေ ဘယ်လိုနေလဲ”

“မဆိုးပါဘူး...”

စုယွီက ခပ်ဖွဖွ ပြုံးပြ ခေါင်းညိတ်ရင်း ပြန်လည် ဖြေကြားလိုက်ပြီး သူ၏ လက်တစ်ချက် ဝှေ့ယမ်းမှုနှင့် အတူ ကျောက်စိမ်း ပုလင်း တစ်လုံးကို ဟောက်ပုချွမ်ထံသို့ ပေးပို့လိုက်၏။

ဟောက်ပုချွမ်သည် ကျောက်စိမ်း ပုလင်းကို လျင်မြန်စွာ ဖမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်လေသည်။ အတွင်း၌ မျက်စိကျိန်းမတတ် တောက်ပနေသော ဆေးရောင်ဝါများ ဖြာထွက်နေသည့် ရွှေရောင် ဆေးလုံး နှစ်လုံးကို တွေ့လိုက်ရ၏။ ပြင်းထန်ပြီး ထူးဆန်းသော ရနံ့သည် နေရာအနှံ့ ပျံ့နှံ့သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပါးလွှာသော ရွှေရောင် အလင်းဝန်း တစ်ခုသည် ပတ်ဝန်းကျင် ကောင်းကင်နှင့် မြေကြီး တစ်ခွင်သို့ လွှမ်းခြုံသွားပြီး ထိုရနံ့ကို ပိုမို သိသာ ထင်ရှားလာစေတော့သည်။

ထို ဆေးလုံး နှစ်လုံး၏ အရည်အသွေးကို ကြည့်ရင်း ဟောက်ပုချွမ် အလွန်တရာ အံ့အားသင့်သွားရတော့၏။

“နှစ်လုံးစလုံးက အဆင့်မြင့် အရည်အသွေးတွေပဲလား...”

စုယွီက တုံ့ပြန်လိုက်လေသည်။

“ဒီ အမြုတေဖွဲ့စည်း‌ခြင်း ဖော်စပ်ခြင်း ဆေး နှစ်လုံးကို သေချာ သိမ်းထားပေးပါ အကြီးအကဲဟောက်... နောက်ထပ် လိုအပ်မယ့် အမြုတေဖွဲ့စည်း‌ခြင်း ဆေးဖော်စပ်ဖို့ ပစ္စည်း နှစ်စုံလောက် ထပ်ပြီး စုဆောင်းပေးဖို့ အကူအညီ တောင်းပါရစေ”

ဟောက်ပုချွမ်က ဝမ်းသာအားရဖြင့် ဖြေကြားလိုက်၏။

“ပြဿနာ မရှိပါဘူး... ရက်အနည်းငယ်လောက် အချိန်ပေးပါ... အကြီးအကဲစု ဆီကို ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးပါ့မယ်”

စုယွီအား နှုတ်ဆက်ပြီးနောက် ဟောက်ပုချွမ်သည် အဆင့်မြင့် အမြုတေဖွဲ့စည်း‌ခြင်း ဖော်စပ်ခြင်း ဆေး နှစ်လုံးကို သိမ်းဆည်းလိုက်လေသည်။ အင်မော်တယ် နယ်မြေ အတွင်းမှာပင်လျှင် အမြုတေဖွဲ့စည်း‌ခြင်း ဖော်စပ်ခြင်း ဆေးများ သိပ်မများပြားလှပါချေ။ အရည်အသွေး မြင့်မားသော ဆေးလုံးများမှာမူ အထူးသဖြင့် တာအိုမိတ်ဆွေ ထျန်းယွီ တံခါးပိတ် ကျင့်ကြံသွားပြီးနောက်ပိုင်း ပို၍ပင် ရှားပါးလှပေသည်။

ယခုအခါ စုယွီက သူ၏ စွမ်းရည်များကို ပြသလိုက်ပြီ ဖြစ်ရာ အနာဂတ်တွင် အင်မော်တယ် ဂိတ်တံခါး၏ အမြုတေဖွဲ့စည်း‌ခြင်း ဖော်စပ်ခြင်း ဆေးများ၏ အရည်အသွေးမှာ သေချာပေါက် အာမခံချက် ရှိသွားခဲ့ချေပြီ။

ဟောက်ပုချွမ်သည် သက်ပြင်း တစ်ချက်ကို လွတ်လပ်စွာ ချလိုက်မိ၏။ အမြုတေဖွဲ့စည်း‌ခြင်း ဖော်စပ်ခြင်း ဆေးသည် အနာဂတ်တွင် အင်မော်တယ် ဂိတ်တံခါး အတွင်းရှိ အမြုတေဖွဲ့စည်း‌ခြင်း အဆင့် အရှင်သခင်ကြီးများ၏ အရေအတွက်နှင့် အရည်အသွေး အပေါ်တွင် တိုက်ရိုက် သက်ရောက်မှု ရှိနေပေသည်။ မည်သည့် အင်အားစုကမျှ ပေါ့ပေါ့တန်တန် သဘောမထားသင့်သော မဟာဗျူဟာမြောက် အရင်းအမြစ်များထဲမှ တစ်ခုပင် ဖြစ်လေသည်။

စုယွီ၏ ဆေးဖော်စပ်ခြင်း စွမ်းရည်သည် အကြီးအကဲဟောက် ၏ ကြီးမားလှသော ပြဿနာ တစ်ရပ်ကို ဖြေရှင်းရာတွင် များစွာ အထောက်အကူ ပြုခဲ့သည်မှာ အမှန်ပင်တည်း။

ဤ အမြုတေဖွဲ့စည်း‌ခြင်း ဖော်စပ်ခြင်း ဆေး အသုတ်တွင် စုယွီသည် အရည်အသွေး မြင့်မားသော ဆေးလုံး လေးလုံးကို ဖန်တီးနိုင်ခဲ့၏။ ထက်ဝက်ကို သူ၏ ကိုယ်ပိုင် အဖြစ် သိမ်းဆည်းထားပြီး ကျန်ရှိနေသည်များကို အင်မော်တယ် ဂိတ်တံခါး၏ သိုလှောင်ရုံ အတွက် ချန်ထားခဲ့လေသည်။

အကြောင်းမူကား ဝိညာဉ် သစ်သီးမှလွဲ၍ ဤအမြုတေဖွဲ့စည်း‌ခြင်း ဖော်စပ်ခြင်း ဆေးများ အတွက် အသုံးပြုခဲ့သော ဆေးဘက်ဝင် ပစ္စည်း အားလုံးမှာ အုပ်ချုပ်ရေး ခန်းမဆောင်မှ ရရှိခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

အနည်းနှင့် အများ ဆိုသလို အကြီးအကဲဟောက် မှ တစ်ဆင့် ၎င်းတို့ကို သိုလှောင် သိမ်းဆည်းရန်အတွက် အချို့တဝက်ကို ချန်လှပ်ထားခဲ့ရပါသည်။

တာ့ယွီ တောင်ထွတ်သို့ ပြန်ရောက်သောအခါ စုယွီသည် အမြုတေဖွဲ့စည်း‌ခြင်း ဖော်စပ်ခြင်း ဆေး နှစ်လုံးနှင့် ဝိညာဉ် အရည် အရင်းအမြစ် အချို့ကို တာအိုမိတ်ဆွေ ရှုယွီထံသို့ ပေးပို့ရန် အမိန့်ပေးလိုက်၏။ ဆေးတစ်လုံးမှာ လင်းချင်းရှား အတွက် ဖြစ်ပြီး ကျန်တစ်လုံးမှာ တာအိုမိတ်ဆွေ ရှုယွီ ကိုယ်တိုင် အတွက် ဖြစ်လေသည်။

သူတို့ နှစ်ဦးစလုံး၏ ကျင့်ကြံခြင်း အဆင့်များသည် အမြုတေဖွဲ့စည်း‌ခြင်း နယ်ပယ်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မူလဝိဉာဉ်သို့ အဆင့်ချိုးဖြတ်နိုင်ရန် အခွင့်အလမ်း အလွန် များပြားလှပေသည်။

သူတို့ အောင်မြင်နိုင်မည် လား၊ မအောင်မြင်နိုင်ဘူးလား ဆိုသည်ကတော့ သူတို့ အပေါ်တွင်သာ မူတည်နေတော့၏။

တစ်နှစ် ကုန်လွန်သွားပြီးနောက်... လင်းချင်းရှားသည် မူလဝိဉာဉ် ပထမအဆင့်သို့ အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်ခဲ့ကြောင်း သတင်းစကား ပါးလာခဲ့လေသည်။ သို့သော်ငြား တာအိုမိတ်ဆွေ ရှုယွီမှာမူ ယွဲ့ အင်မော်တယ် မျှော်စင်၏ ကနဦး လည်ပတ်မှု လုပ်ငန်းစဉ်များနှင့် အလုပ်များနေသဖြင့် အဆင့်တက်လှမ်းရန် မကြိုးစားရသေးပါချေ။

ယွဲ့ အင်မော်တယ် မျှော်စင်၏ ပင်မ ဌာနချုပ်ကို ခရမ်းရောင်ကျောက်စိမ်းတံခါး ဂူစံအိမ်တွင် တည်ဆောက်ထားလေသည်။ အစောပိုင်းတွင် ဟေးကျောင် တာအိုကျင့်ကြံသူ၏ အဖွဲ့မှ လူများနှင့် ဖွဲ့စည်းထားမည် ဖြစ်ပြီး ကောင်းကင် မိုးကြိုး ကြွက် ကြွက်အုပ်စုများဖြင့် ဖြည့်တင်းထားကာ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် တစ်ဝိုက်တွင် သတင်းအချက်အလက် စုဆောင်းရေး လမ်းကြောင်းများကို ဦးစွာ တည်ဆောက်မည် ဖြစ်၏။

ထို့နောက် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ အတွင်းရှိ အခြားသော အင်အားစု အသီးသီး၏ အင်မော်တယ် မြို့တော်တိုင်းတွင် သတင်းအချက်အလက် စုဆောင်းရန်အတွက် စခန်းတစ်ခုစီ တည်ဆောက်သွားမည် ဖြစ်လေသည်။

ယွဲ့ အင်မော်တယ် မျှော်စင်သည် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်တွင် ခိုင်မာသော အုတ်မြစ် တစ်ခု ရရှိပြီးနောက်မှသာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ အခြားသော ဒေသများသို့ စတင် တိုးချဲ့ကာ အမှောင်ထု အတွင်း၌ တဖြည်းဖြည်းချင်း စိမ့်ဝင် ပုန်းကွယ် နေမည်ပင်။

ဤ လုပ်ငန်းစဉ်သည် မခန့်မှန်းနိုင်လောက်အောင် များပြားလှသော အရင်းအမြစ်များနှင့် အချိန်များကို သေချာပေါက် စားသုံးသွားလိမ့်မည်။

၎င်းသည် အချိန်တို အတွင်း ပြီးမြောက်နိုင်မည့် ကိစ္စ မဟုတ်သကဲ့သို့ ရိုးရှင်းလှသော လုပ်ငန်း တစ်ရပ်လည်း မဟုတ်ပါချေ။

တာ့ယွီ တောင်ထွတ်တွင်မူ... စုယွီ၏ မူလ ခန္ဓာကိုယ်သည် တိတ်ဆိတ်စွာ ကျင့်ကြံနေလေသည်။ ကျန်ရှိနေသော ဝိညာဉ် သစ်သီး နှစ်လုံး၏ ဆေးဘက်ဝင် ပစ္စည်းများမှ သူသည် အမြုတေဖွဲ့စည်း‌ခြင်း ဖော်စပ်ခြင်း ဆေးများကို ထပ်မံ ဖန်တီးခဲ့ရာ စုစုပေါင်း ကိုးလုံး ထွက်ရှိလာခဲ့၏။ အရေးပေါ် အရန် အဖြစ် သုံးလုံးကို သိမ်းဆည်းထားပြီး ကျန်ရှိနေသည်များကို ဆေးလုံးစံအိမ် အတွင်း၌ သိုလှောင်ထားလိုက်လေသည်။

သူသည် ဆေးဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်းနှင့် ရုပ်သေး ဖန်တီးခြင်းများ အတွက် လိုအပ်သော များပြားလှသည့် ပစ္စည်းများကို အုပ်ချုပ်ရေး ခန်းမဆောင်မှ ထုတ်ယူခဲ့လေသည်။

ငါးနှစ်တာ အချိန်ကာလသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကုန်လွန်သွားခဲ့ချေပြီ။

ဟွမ်လင်ကျွန်းမှ လူများနှင့် အတူ သူ၏ ကိုယ်ပွားရုပ်သေး ပြန်လည် ရောက်ရှိလာခဲ့ပြီး တာအိုမိတ်ဆွေ ရှုယွီနှင့် ပူးပေါင်းကာ ယွဲ့ အင်မော်တယ် မျှော်စင်၏ အုတ်မြစ်ကို တည်ဆောက်ခဲ့လေသည်။ ယွင်ရှောင် ဆေးလုံးစံအိမ်ကို အပေါ်ယံ အဖွဲ့အစည်း အဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြပြီး ယွဲ့ အင်မော်တယ် မျှော်စင်ကိုမူ ၎င်း၏ အခြေစိုက် စခန်းများ တိုးချဲ့ရန်အတွက် လျှို့ဝှက် အင်အားစု အဖြစ် ထားရှိခဲ့ကြ၏။

လုပ်ငန်း လည်ပတ်မှုများကို ပြုပြင် မွမ်းမံရန်အတွက် သုံးနှစ်ကြာ အချိန်ယူခဲ့ပြီးနောက် ယွဲ့ အင်မော်တယ် မျှော်စင်သည် နောက်ဆုံးတွင် ၎င်း၏ ကနဦး အဆင့်များမှ ရုန်းထွက်နိုင်ခဲ့ပြီး လမ်းကြောင်းမှန်ပေါ်၌ စတင် လည်ပတ်လာနိုင်ခဲ့လေပြီ။

ကျယ်ပြောလှသော အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ဒေသ အတွင်း၌ ယွဲ့ အင်မော်တယ် မျှော်စင်သည် နှစ်အနည်းငယ် အတွင်း စခန်းပေါင်း သုံးဆယ်ကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့၏။

အင်အားစု အသီးသီး၏ အင်မော်တယ် မြို့တော်များနှင့် ဈေးကွက်များကို အဓိက ဆုံမှတ်များ အဖြစ် သတ်မှတ်ကာ သူတို့သည် အမှောင်ထု အတွင်း၌ စတင် ပုန်းကွယ်နေကြတော့သည်။

All Chapters