← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁) သူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရတနာသိုက်ကြီးလား

လူတိုင်း ထွက်ခွာသွားချိန်တွင် နန်ကုန်းယွီသည် ကျိုယောင်ယောင်ထံသို့ လှည့်ကြည့်လိုက်ပေ၏။

ကျိုယောင်ယောင်၏ ခန္ဓာကိုယ် တုန်ရီသွားသည်။

"စီနီယာ ဘာများ ညွှန်ကြားစရာ ရှိလို့လဲ"

နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

"ပြောစမ်း... မင်း ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"

ဤစကားကို ကြားချိန်၌ ကျိုယောင်ယောင်၏ မျက်နှာအမူအရာသည် အကြောင်းပြချက်မရှိဘဲ အနည်းငယ် ညှိုးနွမ်းသွားပေ၏။

" စီနီယာကို ပွင့်ပွင့်လင်းလင်း ပြောရရင်... ကျွန်မတို့ မျိုးနွယ်စုက လောကကြီးထဲကို ထွက်မလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... ရှောင်ယောင်က ခိုးထွက်လာခဲ့တာပါ"

"ဒါပေမဲ့ မထင်မှတ်ထားဘဲ ရှောင်ယောင်ရဲ့ အထောက်အထားကို သိသွားတဲ့ တာအိုဝင်ရောက်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရတယ်... ရှောင်ယောင်က အပြင်းအထန် ဒဏ်ရာရသွားပြီးတော့ သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်ကို သုံးပြီးမှ လွတ်မြောက်လာခဲ့တာပါ"

"ရှောင်ယောင် နိုးလာတဲ့အချိန်မှ ဒီနေရာကို ရောက်နေမှန်း သိလိုက်ရတယ်... ပြီးတော့ ကျင့်စဉ်အဆင့်ကလည်း ဝိညာဉ်အရှင်မြတ်အဆင့် အစောပိုင်းကို ကျဆင်းသွားခဲ့တယ်"

ထိုစကားကို ကြားချိန်၌ နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။

"အဲ့ဒီလူက မင်းကို ဘာလို့ ချုံခိုတိုက်ခိုက်တာလဲ"

ကျိုယောင်ယောင်သည် နန်ကုန်းယွီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပွင့်ပွင့်လင်းလင်း မပြောရဲသည့်အလား တွေဝေနေသော အမူအရာ ဖြစ်နေပေသည်။

နန်ကုန်းယွီက တစ်ချက်ကြည့်လိုက်၏။

"မင်း မပြောချင်မှတော့ ငါ့ဘာသာငါပဲ ကြည့်လိုက်တော့မယ်"

ကျိုယောင်ယောင်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာပြီး နန်ကုန်းယွီက ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်မည်ဟု ထင်မှတ်ကာ အနည်းငယ် သတိထားသွားပေ၏။

ထွက်ပြေးရန် ပြင်လိုက်သော်လည်း နန်ကုန်းယွီ၏ လှုပ်ရှားမှုကို မမြင်ရသလို အန္တရာယ်ကျရောက်မည့် အရိပ်အယောင်ကိုလည်း မခံစားရသဖြင့် အနည်းငယ် သံသယဖြစ်သွားသည်။

ခေတ္တအကြာတွင် နန်ကုန်းယွီ မျက်လုံးပွင့်လာပြီး နောက်ပြောင်သော လေသံဖြင့် ပြောလိုက်၏။

"သြော်... မင်းက ယစ်မူးအိပ်မက် ဟင်းလင်းပြင် သားရဲကိုး.. ခေါင်းအစ ခြေအဆုံး ရတနာတွေချည်းပဲဆိုတော့ တာအိုဝင်ရောက်ခြင်းအဆင့် ကျင့်ကြံသူက လိုချင်သွားတာ မဆန်းပါဘူးလေ"

ဤစကားကို ကြားလိုက်ရသည်နှင့် ကျိုယောင်ယောင် လန့်ဖြန့်သွားကာ နန်ကုန်းယွီကို စိုးရိမ်တကြီး ကြည့်လိုက်ပေသည်။

ဤအခိုက်အတန့်တွင် သူမသည် အနည်းငယ် နောင်တရသွား၏။

အကယ်၍ ဤလူက သူမကို အစောပိုင်းက ထွက်သွားရန် ပြောခဲ့စဉ်က ပြတ်ပြတ်သားသား ထွက်သွားသင့်ပေသည်။

ဤလူသည် တကယ့်ကို အန္တရာယ်များလွန်းလှ၏။

သို့သော် နန်ကုန်းယွီက ပြုံး၍ ခေါင်းခါလိုက်သည်ကို တွေ့လိုက်ရသည်။

"ကောင်းပြီ... စိတ်လှုပ်ရှားနေစရာ မလိုပါဘူး... မင်းရဲ့ သေးကွေးတဲ့ ခန္ဓာကိုယ်လေးကို ငါက စိတ်ဝင်စားမှာ မဟုတ်ပါဘူး"

ထိုစကားကို ကြားချိန်၌ ကျိုယောင်ယောင်၏ စိတ်နှလုံးသည် သိပ်ပြီးပြေလျော့မသွားချေ။

ဤလူ၏ စကားများတွင် အမှန်နှင့်အမှား မည်မျှပါဝင်သည်ကို မသိပေ။

လူသားများ၏ ကောင်းခြင်း၊ ဆိုးခြင်းအပေါ် မလောင်းကြေးထပ်ရဲချေ။

နန်ကုန်းယွီက အနည်းငယ် ခေါင်းခါလိုက်၏။

"မင်းရဲ့ ကံတရားက ကောင်းလား၊ ဆိုးလား ဆိုတာ ငါလည်း မသိတော့ဘူး"

"ကံကောင်းတယ်လို့ ပြောရအောင်လည်း မင်းရဲ့ ကျင့်စဉ်အဆင့်က ကျဆင်းသွားပြီး အရာအားလုံးကို အစကနေ ပြန်တည်ဆောက်ရတော့မယ်"

"ကံဆိုးတယ်လို့ ပြောရအောင်လည်း တာအိုဝင်ရောက်ခြင်းအဆင့် ကျင့်ကြံသူရဲ့ ချုံခိုတိုက်ခိုက်တာကို ခံရတာတောင် မင်း လွတ်မြောက်လာနိုင်ခဲ့တယ်... တစ်ဖက်လူ မလှမ်းမမီနိုင်တဲ့ နေရာကို ရောက်လာတာလေ"

ထိုစကားကို ကြားချိန်၌ ကျိုယောင်ယောင်၏ မျက်နှာထားမှာ ခါးသီးသွားပြီး သူမ၏ အားနည်းချက်ကို ထိမိသွားသည့်အလား ညှိုးနွမ်းသွားပေ၏။

သူမ နောင်တရမိသည်။

လူကြီးသူမများ၏ သတိပေးချက်ကို နားမထောင်ကာ ခွင့်ပြုချက်မရဘဲ ဆော့ကစားရန် ခိုးထွက်လာပြီး သူမ၏ အထောက်အထားကို မတော်တဆ ဖော်ပြမိခဲ့ခြင်းအတွက် နောင်တရမိပေသည်။

မဟုတ်လျှင် ဤကဲ့သို့သော အခြေအနေသို့ မည်သို့ ကျဆင်းသွားမည်နည်း။

ဤအခိုက်အတန့်တွင် ရှဟယ်၏ စူးစမ်းလိုသော အသံကို ကြားလိုက်ရ၏။

"သခင်လေး... ခုနက ယစ်မူးအိပ်မက် ဟင်းလင်းပြင် သားရဲတိုင်းက အဖိုးတန် ရတနာတွေနဲ့ ပြည့်နေတယ်လို့ ပြောတယ်နော်... အဲ့ဒါတွေက ဘာလုပ်လို့ရလို့လဲ"

ထိုစကားကို ကြားချိန်၌ ကျိုယောင်ယောင်၏ အမူအရာ တင်းမာသွားပြီး ရှဟယ်ကို မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်ပေသည်။

သူမက တိတ်တဆိတ် ညည်းတွားလိုက်၏။

'မင်း စကားနည်းနည်းလောက် လျှော့ပြောလို့ မရဘူးလား... တကယ်လို့ ဒီသခင်လေးက ငါ့ကို စိတ်ဝင်စားသွားရင် ငါ ဒုက္ခရောက်ပြီ မဟုတ်လား'

သို့သော် နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်ကို တွေ့လိုက်ရသည်။

"မျက်စိကျမနေနဲ့... အခု ဝိညာဉ်အရှင်မြတ်အဆင့် အစောပိုင်းလေးပဲ ရှိသေးတယ်ဆိုပေမဲ့ အရင်က သူကလည်း မဟာကျင့်ကြံသူတစ်ယောက်ပဲလေ... လှည့်ကွက်တွေ အများကြီးရှိလို့..မင်းတို့ ရန်စလို့ရတဲ့ အကောင် မဟုတ်ဘူး"

ထိုစကားကို ကြားချိန်၌ ချွန်းကျီ အပါအဝင် ငါးဦးစလုံးသည် နက်နက်ရှိုင်းရှိုင်း တွေးတောသွားပုံရပေ၏။

သခင်လေးသည် ဝိညာဉ်အရှင်မြတ်အဆင့် အစောပိုင်း ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရပြီး အတိတ်က ကျင့်ကြံသူကြီးဖြစ်ခဲ့သည့်တိုင်အောင် အနည်းငယ်မျှပင် မကြောက်ရွံ့ပေလော။

ထို့ပြင် ဤကျိုယောင်ယောင်သည် သခင်လေးကို အလွန်ကြောက်ရွံ့နေပုံရပေသည်။

ဆိုလိုသည်မှာ သခင်လေးကို ရင်ဆိုင်ရာတွင် သူမက ကြောက်ရွံ့မှုကို ခံစားနေရခြင်း ဖြစ်သည်။

သခင်လေး၏ ကျင့်စဉ်အဆင့်က မည်သည့်အဆင့်တွင် ရှိနေသနည်း။

ဝိညာဉ်အရှင်မြတ်အဆင့် နောက်ပိုင်းဆိုလျှင်ပင် သေမျိုးနယ်ပယ်တွင် မဖြစ်နိုင်ချေ။

အမှန်စင်စစ်မှာ မည်သို့ ဖြစ်နေသနည်း။

ယင်ရွှမ်သည် ကျိုယောင်ယောင်ကို လှမ်းကြည့်လိုက်ပြီး ချက်ချင်း ပြောလိုက်၏။

"သခင်... ကျွန်မတို့ကို ပြောပြပါလား... ကျွန်မတို့က သိချင်ရုံသက်သက်ပါ... သူ သယ်ဆောင်ထားတဲ့ ရတနာက ဘယ်လောက်တောင် တန်ဖိုးရှိလို့လဲ"

ကျိုယောင်ယောင်သည် သူမအား မကျေမနပ် မျက်နှာထားဖြင့် ကြည့်လိုက်၏။

သူမ၏ အကြည့်က 'တူညီတဲ့ သားရဲနတ်ဆိုး မျိုးနွယ်ဖြစ်ပါလျက်နဲ့ ဘာလို့ ငါ့ကို ဒုက္ခပေးချင်ရတာလဲ' ဟု ဆိုလိုနေပုံရပေသည်။

နန်ကုန်းယွီက ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ထားလိုက်ပါတော့... မင်းတို့ ဗဟုသုတ တိုးသွားအောင် ပြောပြတာ ကောင်းပါတယ်"

နန်ကုန်းယွီသည် ကျိုယောင်ယောင်ကို လှမ်းကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။

"ယစ်မူးအိပ်မက် ဟင်းလင်းပြင် သားရဲရဲ့ သားရေကို ကာကွယ်ရေး လက်နက်တွေ ဖန်တီးရာမှာ သုံးနိုင်တယ်... သားရဲပေါက်အရွယ်ရဲ့ အမွေးကိုတောင် သန့်စင်သော ရတနာတွေ ဖန်တီးရာမှာ ဝိညာဉ်ပစ္စည်းအဖြစ် သုံးနိုင်တယ်... အရွယ်ရောက်ပြီးသားဆိုရင် တာအို ရတနာ ဖန်တီးဖို့အတွက် အဓိက ဝိညာဉ်ပစ္စည်းအဖြစ်တောင် သုံးလို့ရတယ်"

"သူ့ရဲ့ သွေးကတော့ ပိုတောင် ကောင်းသေးတယ်... ဆေးတာအိုမှာ သူတော်စင်အဆင့်ပဲ... သွေးတစ်စက်က ဆေးလုံးရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်တယ်... တာအို ဆေးလုံးတွေ ဖော်စပ်ရာမှာတောင် အကျိုးသက်ရောက်မှု ရှိတယ်... မူးယစ်ဘဝ အိပ်မက်သေမင်း ဆေးလုံး ဖော်စပ်ဖို့ အဓိက ဝိညာဉ်ဆေးမယ်အဖြစ်လည်း သုံးနိုင်တယ်... ဒီ မူးယစ်ဘဝ အိပ်မက်သေမင်း ဆေးလုံးက ကျင့်စဉ်အဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ ပြိုင်ဘက်ကင်း ရတနာတစ်ခုပဲ... တာအိုအရှင်မြတ်အဆင့် ကျင့်ကြံသူ သောက်သုံးရင်တောင် ကျင့်စဉ်အဆင့် အနည်းငယ် တိုးတက်လာနိုင်တယ်"

"ပြီးတော့ သူ့ရဲ့ အတွင်းအမြုတေမှာ နေရာဟင်းလင်းပြင် နိယာမတွေ ပါဝင်တယ်... သန့်စင်နိုင်မယ်ဆိုရင် ပုံရိပ်ယောင် ဒါမှမဟုတ် နေရာဟင်းလင်းပြင် အမျိုးအစား ခန္ဓာကိုယ်တွေ မွေးဖွားလာနိုင်ချေ ရှိတယ်... အနည်းဆုံးတော့ နတ်ဘုရားခန္ဓာတွေပေါ့"

"အထူး ရတနာတစ်ခု ဖြစ်လာအောင်လည်း အနည်းငယ် သန့်စင်နိုင်တယ်... ပုံရိပ်ယောင် နဲ့ လက်တွေ့ကမ္ဘာကြား ကူးသန်းသွားလာဖို့၊ တခြားသူတွေရဲ့ အိပ်မက်တွေကို ပြောင်းလဲဖို့နဲ့ အိပ်မက်ကနေတစ်ဆင့် တခြားသူတွေကို သတ်ဖြတ်ဖို့ သုံးနိုင်တယ်"

"ဒါ့အပြင် သူ့ရဲ့ အရိုးတွေမှာ ပုံရိပ်ယောင်နဲ့ နေရာဟင်းလင်းပြင် ဂုဏ်သတ္တိ နှစ်ခုစလုံး ပါဝင်တယ်... အရွယ်ရောက်ပြီးသား ယစ်မူးအိပ်မက် ဟင်းလင်းပြင် သားရဲရဲ့ အရိုးတွေက တာအို ရတနာ ဖန်တီးဖို့အတွက် လုံလောက်တာထက် ပိုတယ်"

ဤစကားများကို ကြားချိန်၌ အမျိုးသမီးများအားလုံး၏ မျက်နှာပေါ်တွင် အံ့သြမင်သက်မှုများ ထွက်ပေါ်လာပေ၏။

နန်ကုန်းယွီ ပြောပြသည်ကို နားထောင်ရင်း ကျိုယောင်ယောင်၏ ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုကြောင့် တုန်ရီလာကာ နန်ကုန်းယွီက စိတ်ကို ရုတ်တရက် ပြောင်းလဲသွားမည်ကို စိုးရိမ်နေပေသည်။

နန်ကုန်းယွီက သူမ ကြောက်ရွံ့နေသည် ကို မြင်ချိန်၌ ခေါင်းအနည်းငယ် ခါယမ်းကာ ပြုံးလိုက်၏။

"ပြီးတော့ နှလုံးကို ဝိုင်အရက်ထဲ စိမ်ပြီး သောက်ရင် ကျင့်စဉ်အဆင့်ကို တိုးတက်စေတဲ့အပြင် ဝိုင်နဲ့ အိပ်မက် နေရာဟင်းလင်းပြင် နိယာမဆိုင်ရာ သိမြင်နားလည်မှုတွေကိုလည်း မြှင့်တင်ပေးနိုင်တယ်"

"ဒါတွေက အဓိကအချက်တွေပဲ... တခြား အင်္ဂါလေးခုနဲ့ အသားတွေက အသုံးဝင်တယ် ဆိုပေမဲ့ ခုနက ပြောခဲ့တဲ့ ငါးခုထက်တော့ အများကြီး နိမ့်ကျတယ်"

နန်ကုန်းယွီသည် စကားပြောပြီးနောက် ကျိုယောင်ယောင်ကို လှမ်းကြည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်ကို တုန်ရီသွားစေပေ၏။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့... ငါ မင်းကို မထိဘူးလို့ ပြောထားပြီးသားဆိုတော့ ဘာမှ လုပ်မှာ မဟုတ်ပါဘူး... ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းရဲ့ သေးကွေးတဲ့ ခန္ဓာကိုယ်လေးနဲ့ဆိုတော့ ငါ မင်းကို သိပ်အထင်မကြီးပါဘူး"

ထိုစကားကို ကြားချိန်၌ ကျိုယောင်ယောင်၏ အမူအရာ အနည်းငယ် ပြေလျော့သွားသော်လည်း နှလုံးသားကမူ တင်းမာနေဆဲဖြစ်ကာ အနည်းငယ်မျှပင် မဖြေလျှော့ရဲချေ။

ဤလူသည် သူအတို့ ယစ်မူးအိပ်မက် ဟင်းလင်းပြင် သားရဲများနှင့် ပတ်သက်၍ အလွန် ရင်းနှီးကျွမ်းဝင်လွန်းလှသည်။ လုပ်ဆောင်ချက် မည်မျှရှိသည်ကိုပင် သူမ ကိုယ်တိုင်ပင် မသိပေ။

ဤလူသည် ကြောက်မက်ဖွယ် ကောင်းလှ၏။

သူမ နောင်တရမိသည်။ တကယ့်ကို နောင်တရမိပေသည်။

သူမ ထွက်မလာသင့်ပေ။ မိခင်ဖြစ်သူကို လွမ်းဆွတ်နေမိသည်။

နန်ကုန်းယွီ မတ်တတ်ထရပ်လိုက်ရာ ကျိုယောင်ယောင်သည် ဗီဇအရ ခြေနှစ်လှမ်း နောက်ဆုတ်သွားပြီး သူ့ကို သတိဖြင့် ကြည့်နေပေ၏။

နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

"ကောင်းပြီ... ဒီ အနောက်ဘက် ဥယျာဉ်ထဲမှာပဲ နေနေလိုက်... ငါ့လူတွေကို အန္တရာယ် မပေးသရွေ့ ငါ မင်းကို အရေးယူမှာ မဟုတ်ဘူး"

"တကယ်လို့ မင်း ထွက်သွားချင်တယ် ဆိုရင်လည်း ရပါတယ်"

စကားပြောပြီးနောက် နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး ချင်းလင်တို့အဖွဲ့ကို ခေါ်ကာ လှည့်ထွက်သွားပေ၏။

သူ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ကျိုယောင်ယောင်သည် မအေးချမ်းမှုကို ခံစားနေရဆဲ ဖြစ်သည်။

"ဒါက ငါ့ရဲ့ စိတ်ထင်ယောင်ထင်မှား ဖြစ်တာ နေမှာပါ"

သူမက တိုးတိုးလေး ရေရွတ်လိုက်၏။

ထွက်သွားချင်သော်လည်း ထွက်မသွားရဲပေ။

သူမး ကြောက်ရွံ့နေသည်။

အကယ်၍ ဆက်နေပါက အသတ်ခံရပြီး ရတနာများ အလုခံရမည်ကို ကြောက်ရွံ့နေသကဲ့သို့ တစ်ချိန်တည်းမှာပင် ထွက်သွားပါက နန်ကုန်းယွီက သူမအား မလေးစားမှုနှင့် မယုံကြည်မှုအဖြစ် ခံစားသွားရမည်ကိုလည်း စိုးရိမ်နေပေ၏။

ထိုအချိန်ရောက်လျှင် သားရဲကို သတ်ပြီး ရတနာ လုယူရန် အကြောင်းပြချက် ရှိသွားပေလိမ့်မည်။

တစ်ခဏမျှ ကျိုယောင်ယောင်သည် အနည်းငယ် ဝေခွဲမရ ဖြစ်နေပေသည်။

သေချာပေါက်ပင်၊ သူမ တမင်သက်သက် ကျန်ရစ်ခဲ့ရသည့် အခြားအကြောင်းရင်းတစ်ခုလည်း ရှိသေး၏။

သူမ ဒဏ်ရာရထား၏။

နိယာမ ဒဏ်ရာ။

ထို တာအိုဝင်ရောက်ခြင်းအဆင့် ကျင့်ကြံသူ၏ နိယာမ တိုက်ခိုက်မှုကြောင့် နိယာမ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်လေသည်။

အရိုးတွင် ကပ်နေသော လောက်ကောင်များကဲ့သို့ သူမ၏ခန္ဓာကိုယ်တွင် ကပ်တွယ်နေသော လောကနိယာမ စွမ်းအားများကို မဖယ်ရှားနိုင်ပါက သူမ၏ ကျင့်စဉ်အဆင့်သည် ပြန်လည်ကောင်းမွန်လာရန် မဖြစ်နိုင်ရုံသာမက ရှိနေသည့်အဆင့်ပင် ဆက်လက် ကျဆင်းနေမည် ဖြစ်သည်။

ထို့ပြင် နိယာမ စွမ်းအားများကို ရှင်းလင်းရန် နည်းလမ်း မရှိသေးချေ။

ကျင့်စဉ်အဆင့် ကျဆင်းသွားပြီး လောကနိယာမကို အသုံးမပြုနိုင်ခြင်းကို မဆိုထားနှင့်၊ လောကနိယာမကို အသုံးပြုနိုင်လျှင်ပင် လောကနိယာမ စွမ်းအားသည် လောကနိယာမ စွမ်းအားကို တန်ပြန်၍ မရနိုင်ချေ။

အကယ်၍ ယစ်မူးအိပ်မက် ဟင်းလင်းပြင် သားရဲသည် အနည်းငယ် ထူးခြားမှု မရှိဘဲ၊ နိယာမ စွမ်းအားများထံမှ ပျက်စီးဆုံးရှုံးမှု အများစုကို ခုခံရန် လျှို့ဝှက်ပညာရပ်များကို အသုံးမပြုခဲ့ပါက ကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သူမသည် မျှော်လင့်ချက် တစ်စွန်းတစ်စကို ရင်ဘတ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။

သခင်လေး၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည်ဆိုပါက သူမ၏ခန္ဓာကိုယ်ပေါ်ရှိ နိယာမ စွမ်းအားများကို ရှင်းလင်းရန် သူက ကူညီပေးနိုင်ကောင်းပါသည် ဟူသော အိပ်မက်တစ်ခု ဖြစ်ပေ၏။

ကျိုယောင်ယောင် တွေးတောနေစဉ် သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး မျက်နှာထားမှာ တုန်လှုပ်စွာဖြင့် ပြောင်းလဲသွားခဲ့သည်။

All Chapters