အခန်း ၂၃၅
Vol. 24 Ch. 235
အခန်း (၂၃၅) ကျွန်တော် မိခင်နဲ့ တခြားသူတွေကို လွမ်းနေပြီလေ
ချန်လီချွန်း တစ်စုံတစ်ခုကို တွေးမိပြီး တက်ကြွလာကာ နန်ကုန်းယွီကို ကြည့်၍ မေးလိုက်သည်။
"မောင်လေး စစ်ချန်... ဒီဝိုင်ကို ရောင်းဖို့ အစီအစဉ် ရှိလား”
နန်ကုန်းယွီက အနည်းငယ် ခေါင်းခါယမ်းလိုက်၏။
"ပွင့်ပွင့်လင်းလင်း ပြောရရင် အစ်မ ချန်... ဒီဝိုင်က ချက်လုပ်ရတာ ကုန်ကျစရိတ် မနည်းဘူး... အဲ့ဒါကြောင့် ဝယ်မယ့်သူ သိပ်ရှိမယ် မထင်ဘူး... ပြီးတော့ ကျွန်တော် မကြာခင် မြင့်မြတ်နယ်မြေ ကို သွားတော့မှာဆိုတော့ ဘယ်လိုလုပ် အချိန်ရှိပါ့မလဲ”
ဤစကားကို ကြားချိန်၌ ချန်လီချွန်း သက်ပြင်း ဖွဖွ ချလိုက်ပေသည်။
ပထမ ရှင်းပြချက်သာ ဆိုလျှင် သူမ ပြောစရာ စကားများ ရှိနေသေးသော်လည်း ဒုတိယ ရှင်းပြချက် ထွက်ပေါ်လာချိန်တွင် သူမ၌ ဆက်ပြောစရာ ဘာမှ မရှိတော့ချေ။
သူတို့ မြင့်မြတ်နယ်မြေကို သွားတော့မှာဆိုတော့... နေပါဦး။
မြင့်မြတ်နယ်မြေ။
ချန်လီချွန်း ဤအချက်ကို သတိပြုမိသွားပြီး အံ့အားသင့်စွာ ပြောလိုက်၏။
"မောင်လေး စစ်ချန်... မင်း မြင့်မြတ်နယ်မြေကို သွားမယ်လို့ ပြောလိုက်တာလား”
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"လွန်ခဲ့တဲ့ အချိန်အတန်ကြာက စိတ်ခံစားမှုခုနစ်ပါး လျှို့ဝှက်နယ်မြေကို ရောက်ခဲ့ပြီး ကံကောင်းမှုတချို့ ရခဲ့လို့ ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့်ကို တန်းရောက်သွားတာ... မကြာခင် ဝိညာဉ်အရှင်မြတ် နောက်ပိုင်းအဆင့်ကို ဖောက်ထွက်နိုင်တော့မှာမို့ မြင့်မြတ်နယ်မြေကို သွားဖို့ စီစဉ်နေတာပါ”
ထိုစကားကို ကြားချိန်၌ ချန်လီချွန်း၏ မျက်လုံးများ ပြူးကျယ်သွားပေ၏။ ဘာလဲ။ ကံကောင်းမှု။ ကောင်းကင်ဘုံကိုတောင် အံတုနိုင်လောက်တဲ့ ကံကောင်းမှုမျိုးလား။
အစောပိုင်း အံ့အားသင့်မှုအပြီးတွင် သူမ၏ မျက်လုံးများထဲ၌ စိုးရိမ်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"မောင်လေး စစ်ချန်... ကျင့်စဉ်အဆင့် တိုးတက်တာ အရမ်းမြန်လွန်းရင်လည်း ကောင်းတဲ့အရာတော့ မဟုတ်ဘူးနော်... အခြေခံအုတ်မြစ် မခိုင်မာတာမျိုး ဖြစ်လွယ်တယ်... ကျင့်စဉ်အဆင့်ကို အနည်းငယ် ဖိနှိပ်ထားဖို့ မစဉ်းစားသင့်ဘူးလား”
"မြင့်မြတ်နယ်မြေကို ရောက်မှပဲ အဲ့ဒီအကြောင်း ပြောကြတာပေါ့”
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ မျက်လုံးများတွင် လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေပေ၏။
"ကျွန်တော့် အမေနဲ့ တခြားသူတွေကို လွမ်းနေပြီလေ”
ထိုစကားကို ကြားချိန်၌ ချန်လီချွန်း ဘာမျှ ဆက်မပြောတော့သော်လည်း အလွန်အမင်း အံ့အားသင့်နေဆဲပင်။
ဤရှန်ကွမ်စစ်ချန်က အတိအကျ ဘယ်အဖွဲ့အစည်းက တပည့် ဖြစ်နေတာလဲ။
အကြီးအကဲ အတော်များများက မြင့်မြတ်နယ်မြေကို ရောက်နေကြပြီ ထင်တယ်။
ချန်လီချွန်းသည် ဤကဲ့သို့ ကြီးမားလှသော စီးပွားရေးအခွင့်အလမ်းကြီး သူမ၏ မျက်စိရှေ့မှ လွတ်ထွက်သွားသည်ကို ကြည့်ရန် အနည်းငယ် နှမြောနေမိသော်လည်း ယခုအချိန်သည် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးရန် အချိန်မဟုတ်ပေ။
သူမ သေချာစဉ်းစားပြီးနောက် နောက်ပိုင်းမှ ရှန်ကွမ်စစ်ချန်နှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်၏။
အကယ်၍ ယစ်မူးဖွယ်ရာ လေပြေညင်း ဝိုင်အရက်ကိုသာ ရောင်းချနိုင်ပါက ကြီးမားသော အမြတ်အစွန်း ရရှိမည်မှာ သေချာသည်။
ဤအကြောင်းကို တွေးတောရင်း သူမ၏ အသိစိတ် အနည်းငယ် ကြည်လင်လာစေရန် ခေါင်းကို ဖွဖွခါယမ်းလိုက်ပြီး တောင်းပန်မှုများ အပြည့်ဖြင့် ပြောလိုက်ပေသည်။
"မောင်လေး စစ်ချန်... အစ်မက ဝိုင်ကို မခံနိုင်တော့ ကောင်းကောင်း မဧည့်ခံနိုင်ဘူး ဖြစ်သွားတယ်... အစ်မ အရင် သွားနှင့်မှ ရမယ်ထင်တယ်”
"အစ်မ ချန်... အရင် သွားနားလိုက်ပါ... ကျွန်တော်နဲ့ ဒုတိယအစ်မ ခဏလောက် ဆက်ထိုင်နေပါဦးမယ်”
နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ပြောလိုက်၏။
"မောင်လေး စစ်ချန်... နားချင်တယ်ဆိုရင် ယာဉ်ပျံရဲ့ ဒုတိယထပ်ကို သွားလို့ ရတယ်နော်... အဲ့ဒီက အခန်းသုံးခန်းထဲမှာ နောက်ဆုံးအခန်းက အစ်မအတွက်... ကျန်တဲ့ နှစ်ခန်းက ဧည့်သည်တော်တွေအတွက် သီးသန့် ချန်ထားတာ”
ချန်လီချွန်းက မတ်တတ်ထရပ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားကာ အမြန် ပြောလိုက်သည်။
"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် အစ်မ ချန်”
နန်ကုန်းယွီက လက်ခံလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်၏။
ချန်လီချွန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး တောင်းပန်သည့် အပြုံးဖြင့် သီးသန့်အခန်းထဲမှ ထွက်ခွာသွားပေသည်။
သူမ ထွက်သွားသည်နှင့် နန်ကုန်းရိုရွှေ အနားသို့ တိုးကပ်လာပြီး သူမ၏ မျက်မှောင်များ အနည်းငယ် ကြုတ်လျက် ပြောလိုက်၏။
"ရှောင်ယွီ... နင် တကယ်ပဲ မြင့်မြတ်နယ်မြေကို သွားတော့မှာလား”
"အင်း”
နန်ကုန်းယွီက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
နန်ကုန်းရိုရွှေ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး သူမ၏ နှလုံးသားထဲတွင် အကြောင်းပြချက်မရှိဘဲ နှမြောတသမှုကို ခံစားလိုက်ရပေ၏။
"စူးရှင်းမုန်း တို့တောင် မြင့်မြတ်နယ်မြေကို သွားဖို့ ကျင့်စဉ်အဆင့် မရောက်သေးဘူးလေ... နင် သူတို့ကို မစောင့်တော့ဘူးလား”
နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။
"ဒုတိယအစ်မတော်... မနေ့က ကျွန်တော် ထုတ်ပြခဲ့တဲ့ ရတနာမျှော်စင်လေးကို မှတ်မိသေးလား”
"အဲ့ဒီ မျှော်စင်လေး”
နန်ကုန်းရိုရွှေ အနည်းငယ် နားမလည်နိုင် ဖြစ်သွားပေ၏။
ရှောင်ယွီ၏ စကားအပြောင်းအလဲက ဘာလို့ ဤလောက် ထူးဆန်းနေရသနည်း။ နေပါဦး။
သူမ ရုတ်တရက် သဘောပေါက်သွားပြီး မျက်လုံးပြူးကြည့်လိုက်သည်။
"နင်... နင် ပြောချင်တာက အဲ့ဒီမျှော်စင်လေးက သူတို့ကို မြင့်မြတ်နယ်မြေကို ခေါ်သွားပေးနိုင်တယ်ပေါ့”
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်... အဲ့ဒီ မျှော်စင်လေးရဲ့ အဆင့်က အရမ်းမြင့်တယ်လေ... အဲ့ဒါ လုပ်ပေးနိုင်တယ်”
နန်ကုန်းယွီ လိမ်ညာလိုက်ခြင်းပင်။
စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲ ဝိညာဉ်မျှော်စင်သည် တာအို ရတနာ ဖြစ်သော်ငြားလည်း ကောင်းကင်ဘုံကို လှည့်စားပြီး မြင့်မြတ်နယ်မြေသို့ လူများကို ခေါ်ဆောင်သွားရန် မစွမ်းနိုင်ချေ။
သို့သော် သူကတော့ ခြားနားပေသည်။
လူများကို စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲဝိညာဉ်မျှော်စင်အတွင်း ထည့်သွင်းကာ သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီးနောက် လျှို့ဝှက်ချောက်နက်စွမ်းရည်ကို အသုံးပြု၍ ကောင်းကင်ကို လှည့်စားကာ ရေလက်ကြားကို ကျော်ဖြတ်နိုင်ပေ၏။
အကယ်၍ ထိုနည်းလမ်း ကျရှုံးခဲ့သည့်တိုင် စိတ်ခံစားမှုခုနစ်ပါး ဖရိုဖရဲဝိညာဉ်မျှော်စင်ကို ထိုက်ရွှီနယ်ပယ်အတွင်းသို့ ပစ်သွင်းလိုက်ပါကလည်း အလားတူ အကျိုးသက်ရောက်မှုကို ရရှိနိုင်ပေသည်။
ယခုအချိန်တွင် ထိုက်ရွှီ နယ်ပယ်ကို ထုတ်ဖော်ရန် သူ ရည်ရွယ်မထားချေ။
သူ တွေးတောနေသည်မှာ သူ၏ မိခင် ရှန်ကွမ်ယွဲ့ရှီးကို ထိုက်ရွှီ နယ်ပယ် အကြောင်း ပထမဆုံး သိရှိစေလိုခြင်း ဖြစ်ပေ၏။
သို့သော် နန်ကုန်းရိုရွှေ၏ မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
"ရှောင်ယွီ... ငါလည်း မြင့်မြတ်နယ်မြေကို သွားလို့ရမလား... နင် ဘယ်လိုထင်လဲ”
နန်ကုန်းယွီက မျက်တောင်ခတ်ကာ ပြုံးလိုက်၏။
"ဒုတိယအစ်မ သွားချင်တယ်ဆိုရင် သေချာပေါက် ရတာပေါ့”
"အင်း”
နန်ကုန်းရိုရွှေက အလွန် ဝမ်းသာသွားပြီး ရယ်မောလိုက်သည်။
"ဒါဆို သဘောတူတယ်နော်... ငါတို့ မြင့်မြတ်နယ်မြေကို သွားတဲ့အခါ နင် ငါ့ကို သေချာ ကာကွယ်ပေးရမယ်”
"သေချာတာပေါ့... ကျွန်တော် ဒဏ်ရာရရင်တောင် ဒုတိယအစ်မကို ထိခိုက်ခံမှာ မဟုတ်ပါဘူး”
နန်ကုန်းယွီက ခပ်ဖွဖွ ရယ်မောလိုက်၏။
"ထွီ ထွီ... ဒဏ်ရာရတာတွေ မရတာတွေ ဘာဆိုင်လို့လဲ... ငါတို့ထဲက ဘယ်သူမှ ဒဏ်ရာ မရချင်ဘူးနော်”
နန်ကုန်းရိုရွှေက လျှာလေးထုတ်ကာ ပြောလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ရယ်မောမှုများဖြင့် ပြည့်နှက်နေပေသည်။
သူတို့နှစ်ဦး စကားစမြည်ပြောကာ ရယ်မောရင်း နောက်ထပ် သုံးလေးခွက်မျှ သောက်ကာ ဟင်းပွဲအချို့ကို စားသုံးလိုက်ကြ၏။
နန်ကုန်းယွီက သူ၏ တူကို ချထားလိုက်သည်။
"ဒုတိယအစ်မတော်... ငါတို့ ဆက်မသောက်တော့ဘူး... အပြင်ထွက် လမ်းလျှောက်မလား ဒါမှမဟုတ် နားမလား”
ထိုစကားကို ကြားချိန်၌ နန်ကုန်းရိုရွှေ၏ မျက်လုံးများသည် ဆောင်းဦးရောင်စုံအလင်းများကဲ့သို့ တောက်ပသွားပြီး ယစ်မူးဖွယ်ရာ လေပြေညင်း ဝိုင်အရက် နောက်ထပ် နှစ်ခွက်ကို ငှဲ့၍ သောက်လိုက်ပေ၏။
ချက်ချင်းပင် သူမ၏ ပါးပြင်များ အနည်းငယ် နီမြန်းလာပြီး စိုးရိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။
"ရှောင်ယွီ... ဒုတိယအစ်မ ရေချိုးပြီး နားချင်တယ်... ဒါပေမဲ့ ဖူရုံက ဒီနေရာမှာ မရှိဘူးဆိုတော့ ဘယ်လိုလုပ်မလဲ”
နန်ကုန်းယွီ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပေ၏။
……
ကျန်းပေ့မင်းသား စံအိမ်။
နေမင်းက အနောက်ဘက်သို့ ယိမ်းယိုင်သွားပေပြီ။
စူးရှင်းမုန်းတို့ အဖွဲ့သည် အတူတကွ ထိုင်နေကြပြီး သူတို့၏ အမူအရာက အနည်းငယ် ညည်းတွားနေကာ သူတို့၏ မျက်နှာငယ်လေးများတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေ၏။
သူတို့ သခင်လေး က တစ်ယောက်တည်း ထွက်သွားပြန်ပြီလား။
မဟုတ်သေးဘူး... အဲ့ဒါ မမှန်ဘူး။
သူမကို ထပ်ခေါ်သွားတာ သေချာတယ်။
နန်ကုန်းရိုရွှယ်က ဘေးတွင် ထိုင်ကာ နန်ကုန်းယွီရှင်းကို ပွေ့ချီထားပြီး သူမ၏ အမူအရာက စကားမပြောနိုင်လောက်အောင် ဖြစ်နေကာ အကြောင်းပြချက်မရှိဘဲ စိတ်အနှောင့်အယှက် ဖြစ်နေပေ၏။
သူမ၏ စိတ်ထဲတွင် နန်ကုန်းရိုရွှေက နန်ကုန်းယွီကို ခေါ်သွားသည်မှာ အသေအချာပင်။
ရှောင်ယွီက စိတ်ထားနူးညံ့သဖြင့် ထိုကောင်မလေး၏ ဆွဲဆောင်ဖြားယောင်းမှုများကို ခုခံနိုင်စွမ်း မရှိမည်ကို သူမ စိုးရိမ်နေမိသည်။
"ဒေါ်လေး... ဦးရီးတော် ဘယ်ရောက်သွားတာလဲ... ရှင်းအာ အရသာရှိတာလေးတွေ စားချင်လို့”
နန်ကုန်းယွီရှင်းက ဘာဖြစ်သွားမှန်း မသိသေးဘဲ အရသာရှိသော အစားအစာတစ်ခုခုအတွက် သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပေ၏။
ဘေးတွင် ထိုင်နေသော ကျူးကဲချင်းဟွေ့က သူမ၏ သမီးကို အကူအညီမဲ့သော အမူအရာဖြင့် ကြည့်လိုက်သည်။
‘ကောင်မလေး... ဒီလိုအချိန်မှာ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့လေ။
လူတိုင်းက ဒီလောက် မကျေမနပ်ဖြစ်နေကြတာ မတွေ့ဘူးလား။’
နန်ကုန်းရိုရွှယ်က လည်ချောင်းဟန့်လိုက်၏။
"ကောင်းပြီ... အများကြီး တွေးမနေကြနဲ့... ရှောင်ယွီကို ဒုတိယညီမလေးက အလုပ်ကိစ္စလေး ရှိလို့ ဆွဲခေါ်သွားတာ နေမှာပါ... သူ မကြာခင် ပြန်လာလိမ့်မယ်... ပြီးတော့ မင်းတို့ရဲ့ သခင်လေး ကို မေ့သွားကြပြီလား... သူက ဒီ သေမျိုးနယ်ပယ် ထဲမှာ တကယ်ကို မနေချင်တာလေ…မေ့သွားကြပြီလား”
ဤစကားကို ကြားချိန်၌ လူတိုင်း အနည်းငယ် ခေါင်းညိတ်လိုက်ကြပြီး နန်ကုန်းရိုရွှယ်၏ ဆိုလိုရင်းကို နားလည်သွားကြပေသည်။
သခင်လေး၏ ဤခရီးစဉ်က ပြီးခဲ့သည့်အကြိမ်ကဲ့သို့ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားမည် မဟုတ်ချေ။
ဤအကြောင်းကို တွေးတောမိပြီး သူတို့၏ အမူအရာများ အနည်းငယ် ပြေလျော့သွားကာ အသီးသီး ကျင့်ကြံရန် ထွက်ခွာသွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်။
နေရာတွင် နန်ကုန်းရိုရွှယ်၊ ကျူးကဲချင်းဟွေ့ သားအမိ၊ ရှန်ကွမ်ယွင်ယောင် နှင့် ယဲ့ကျင်းလင် တို့သာ ကျန်ရစ်တော့သည်။
ရှန်ကွမ်ယွင်ယောင်က နှုတ်ဆက်ပြီးနောက် အနည်းငယ် စိတ်ပျက်နေသော အမူအရာဖြင့် ထွက်ခွာသွားပေ၏။
ကျူးကဲချင်းဟွေ့က နန်ကုန်းရိုရွှယ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူတို့နှစ်ဦး နန်ကုန်းယွီရှင်းကို ချော့မော့ကာ နန်းဆောင်သို့ ပြန်သွားကြသည်။
ဤအချိန်၌ ကျန်းပေ့မင်းသား စံအိမ်သည် ထပ်မံ၍ လူသူကင်းမဲ့ တိတ်ဆိတ်သွားပြန်ပေ၏။
……
နောက်တစ်နေ့ နံနက်စောစော။
နန်ကုန်းယွီ တစ်ဖက်သို့ လှည့်လိုက်ပြီး စိတ်ကူးလိုက်သည်နှင့် အဝတ်အစားများ ထွက်ပေါ်လာကာ သပ်ရပ်စွာ ဝတ်ဆင်လိုက်ပေသည်။
ဤအရာကို မြင်ချိန်၌ နန်ကုန်းရိုရွှေသည် အနည်းငယ် အံ့အားသင့်သွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
"ရှောင်ယွီ... နင့်ရဲ့ အဝတ်အစား တစ်စုံလုံးက ဝိညာဉ် ရတနာ တွေနဲ့ ပြည့်နေတာလား”