← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း (၂၃၆) အနာဂတ်မှာ ဘယ်သူက အကျိုးအမြတ် ရသွားမလဲ

"ဟုတ်တယ်”

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်ကာ ပြုံးလိုက်၏။

"ကျွန်တော် ဒီရက်ပိုင်း အားနေတာဆိုတော့

ဒုတိယအစ်မတော် အတွက်လည်း တစ်စုံလောက် ဖန်တီးပေးမယ်လေ”

ထိုစကားကို ကြားချိန်၌ နန်ကုန်းရိုရွှေ၏ မျက်နှာပေါ်တွင် အံ့အားသင့် ဝမ်းသာသွားသော အမူအရာ ထွက်ပေါ်လာပေသည်။

"ကျေးဇူးပါပဲ ရှောင်ယွီ”

ထို့နောက် သူမ ရုတ်တရက် မျက်တောင်ခတ်လိုက်၏။

"ရှောင်ယွီ... ဝိညာဉ် ရတနာ အဝတ်အစားတွေကို ဖန်တီးမယ်ဆိုတော့ ငါ့ရဲ့ ခန္ဓာကိုယ် အရွယ်အစားကို တိုင်းတာချင်လား”

နန်ကုန်းယွီက အနည်းငယ် မျက်တောင်ခတ်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ကျွန်တော် မနေ့က တိုင်းထားပြီးသားလေ... အကုန်လုံး အတိအကျ သိပါတယ်”

နန်ကုန်းရိုရွှေ၏ မျက်နှာ အနည်းငယ် နီမြန်းသွားသော်လည်း သူမ၏ စိတ်ထဲတွင် ဂရုမစိုက်ခဲ့ချေ။

နန်ကုန်းယွီ၏ ရှေ့တွင် သူမ တကယ်ကို လွတ်လပ်စွာ နေနိုင်ပြီး ပို၍ ရှောင်လွှဲမရနိုင်အောင် ဖြစ်လာသည်ကို သူမ တွေ့ရှိခဲ့ရသည်။

သူမက ခပ်ဖွဖွ ရယ်မောလိုက်၏။

"ငါ သိပါပြီ... ဒါဆို မြန်မြန် ငါ့ကို အဝတ်အစား ဝတ်ပေးပါဦး... နင်က ငါ့အတွက် အံကိုက်ဖန်တီးပေးမယ့် ဝိညာဉ် ရတနာ အဝတ်အစားတွေကို တကယ်ကို မျှော်လင့်နေတာနော်”

"ကောင်းပါပြီ”

နန်ကုန်းယွီက သဘောတူလိုက်ပြီး သူမကို အဝတ်အစား မြန်မြန်ဝတ်ပေးကာ ဆံပင်ဖြီးပေးပြီး လက်ဝတ်ရတနာများ ဆင်မြန်းပေးလိုက်ပေသည်။

သူတို့နှစ်ဦး အကျဉ်းချုံး မျက်နှာသစ်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့ကြ၏။

သူတို့နှစ်ဦး ယာဉ်ပျံ၏ ဒုတိယထပ် ကုန်းပတ်ပေါ်သို့ ရောက်ရှိချိန်မှသာ ယာဉ်ပျံသည် ကျွီပေ တောင်ကြားစခန်းမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။

ဤအခိုက်အတန့်တွင် ချန်လီချွန်းသည် ထိုနေရာ၌ ထိုင်ကာ အဝေးသို့ ငေးကြည့်ရင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေပုံရပေ၏။

နန်ကုန်းယွီတို့ နှစ်ဦး ရှေ့သို့ လျှောက်သွားရာ ချန်လီချွန်းက သူတို့ကို မြင်ပြီး အမြန် မတ်တတ်ရပ်ကာ ရယ်မောလိုက်သည်။

"မောင်လေး စစ်ချန်... မင်းတို့ အိပ်ရာထပြီလား... ဒီဘက်လာထိုင်လေ”

နန်ကုန်းယွီတို့ နှစ်ဦး လျှောက်သွားကာ ထိုင်လိုက်ရာ ချန်လီချွန်းက သူတို့နှစ်ဦးအတွက် လက်ဖက်ရည် ချက်ချင်း ငှဲ့ပေးလိုက်၏။

"မနေ့က ကောင်းကောင်း မဧည့်ခံနိုင်တာ... မောင်လေး စစ်ချန် အစ်မကို အပြစ်မတင်ပါနဲ့နော်”

"အစ်မ ချန်... အများကြီး တွေးမနေပါနဲ့... ကျွန်တော်တို့ အဲ့ဒီလို မခံစားရပါဘူး... တကယ်တော့ ကျွန်တော်တို့ မောင်နှမတွေက ပိုပြီးတော့တောင် အနှောင့်အယှက် ဖြစ်စေခဲ့တာပါ”

ထိုစကားကို ကြားချိန်၌ ချန်လီချွန်းက ပြုံးလိုက်ပေသည်။

"မင်းက အဲ့ဒီလို ပြောလို့ မရဘူးလေ... အစ်မက မင်း အစ်မဆီ မကြာခဏ လာလည်ဖို့တောင် မျှော်လင့်နေတာ”

နန်ကုန်းယွီတို့ ပြုံး၍ ခေတ္တမျှ စကားစမြည် ပြောပြီးနောက် နန်ကုန်းယွီက အဓိက အကြောင်းအရာသို့ ကူးပြောင်းလိုက်၏။

"အစ်မ ချန်... ဒီယာဉ်ပျံမှာ ကျင့်ကြံခြင်း အခန်း ပါလား မသိဘူး”

"မောင်လေး စစ်ချန် က ကျင့်ကြံချင်လို့လား”

ချန်လီချွန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာ ထွက်ပေါ်လာပေသည်။

ဤရှန်ကွမ်စစ်ချန်၏ စွမ်းအားက ဤလောက် မြင့်မားနေပြီပဲကို ကြိုးစားနေတုန်းလား။

သို့သော် ထိုအရာက မှန်ကန်ပေသည်။

သူက အဆင့်တက်လှမ်းတာ အရမ်းမြန်လွန်းတော့ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် အများကြီး ကျင့်ကြံတာက ဘာမှ မမှားဘူးလေ။

နန်ကုန်းယွီက သဘောတူခြင်းလည်း မဟုတ်၊ သဘောမတူခြင်းလည်း မဟုတ်ဘဲ ပြုံးသာ ပြုံးနေခဲ့၏။

ချန်လီချွန်း ထပ်မမေးတော့ဘဲ ပြောလိုက်သည်။

"ဒီ ယာဉ်ပျံပေါ်မှာ ကျင့်ကြံခြင်း အခန်း ဆယ်ခန်းကျော် ရှိတယ်... အဲ့ဒါက အတူပါလာတဲ့လူတွေ အဆင်ပြေစေဖို့အတွက် လုပ်ထားတာ... ပြီးတော့ ဒုတိယထပ်မှာ အစ်မ သီးသန့်သုံးတဲ့ ကျင့်ကြံခြင်း အခန်း တစ်ခန်းလည်း ရှိတယ်... မောင်လေး စစ်ချန် ငါ့နောက်က လိုက်ခဲ့... ငါ ခေါ်သွားပေးမယ်”

"ကျေးဇူးတင်ပါတယ် အစ်မ ချန်”

နန်ကုန်းယွီက ကျေးဇူးတင်စကား တစ်ခွန်းဆိုလိုက်ပြီး နန်ကုန်းရိုရွှေကို ဆွဲကာ သူမနောက်သို့ လိုက်သွားရာ သူမ၏ အခန်းအပြင်ဘက်သို့ ရောက်ရှိသွားပေ၏။

ဤအခိုက်အတန့်တွင် ချန်လီချွန်းက နန်ကုန်းရိုရွှေကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူမ၏ မျက်လုံးထဲတွင် သံသယ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေသည်။

‘မောင်လေး စစ်ချန်... မင်းရဲ့ ဒုတိယအစ်မလည်း ကျင့်ကြံချင်လို့လား... မင်း ငါ့အခန်းကို သုံးလိုက်လေ... ငါ သူမကို အောက်ထပ် ခေါ်သွားပေးမယ်... ဘယ်လိုလဲ’

နန်ကုန်းယွီက အနည်းငယ် ခေါင်းခါယမ်းလိုက်၏။

"အစ်မ ချန်... ကျွန်တော် ဒုတိယအစ်မနဲ့ အတူတူပဲ သွားလိုက်မယ်... အဲ့ဒါက ကျွန်တော့်ကို မထိခိုက်စေပါဘူး”

"သြော်... ကောင်း​ပြီလေ”

ချန်လီချွန်းက အများကြီး မစဉ်းစားတော့ဘဲ သူတို့နှစ်ဦးကို အခန်းထဲသို့ ခေါ်ဆောင်သွားပြီး ဘေးဘက်ရှိ ကျင့်ကြံခြင်း အခန်းထဲသို့ ဝင်သွားပေ၏။

"မောင်လေး စစ်ချန်... ဒီလိုဆို အစ်မ မင်းတို့ကို မနှောင့်ယှက်တော့ဘူး... လိုတာရှိရင်သာ ငါ့ဆီ လာခဲ့လိုက်”

"ကောင်းပါပြီ... ကျေးဇူးပါ အစ်မ ချန်”

"အားနာမနေပါနဲ့”

ချန်လီချွန်းက ပြုံးပြီး ကျင့်ကြံခြင်း အခန်းထဲမှ ထွက်သွားရာ နန်ကုန်းယွီကလည်း ကျင့်ကြံခြင်း အခန်းတံခါးကို ပိတ်လိုက်ပေသည်။

ကျင့်ကြံခြင်း အခန်း အပြင်ဘက်တွင် ချန်လီချွန်းသည် ကုတင်ပေါ်ရှိ ရင်ခံနှင့် အတွင်းခံအဝတ်အစားများကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာ အနည်းငယ် နီမြန်းသွားပေ၏။

"မနက်က အိပ်ရာထတော့ အဲ့ဒါကို ယူဖို့ မေ့သွားတာ... သူတို့များ နားလည်မှု လွဲသွားကြမလား မသိဘူး”

သူမက တိုးတိုးလေး ရေရွတ်လိုက်ပြီး သိုလှောင်လက်စွပ် ထဲသို့ အမြန် သိမ်းဆည်းလိုက်ကာ ကုတင်ကိုလည်း သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။

ဤအခန်းက အမြဲတမ်း သူမ၏ ကိုယ်ပိုင်အခန်းဖြစ်ပြီး မည်သူမျှ မဝင်ရောက်ဖူးသောကြောင့် သူမ အနည်းငယ် ပေါ့ပေါ့ဆဆ နေခဲ့မိသည်။

မထင်မှတ်ထားဘဲ ယနေ့ တစ်ခဏမျှ မေ့လျော့သွားပြီး ဤကဲ့သို့ အဆင်မပြေသော အခြေအနေမျိုး ဖြစ်သွားခဲ့၏။

ချန်လီချွန်းသည် သပ်ရပ်အောင် ပြင်ဆင်ပြီး အနည်းငယ် တည်ငြိမ်သွားပြီးနောက် အခန်းထဲမှ ထွက်ခွာသွားပေသည်။

ကျင့်ကြံခြင်း အခန်းထဲတွင်။

နန်ကုန်းရိုရွှေက ခပ်ဖွဖွ ရယ်မောလိုက်၏။

"ဒီအမျိုးသမီးက ရှောင်ယွီကို တကယ်ပဲ အပြင်လူလို့ မသတ်မှတ်ဘူးပဲ... သူမက နင့်ကို သူမရဲ့ အခန်းထဲ ပေါ့ပေါ့ပါးပါး ခေါ်လာပြီး ရင်ခံတွေ အတွင်းခံတွေလို ကိုယ်ပိုင်ပစ္စည်းတွေကို ပြရဲတယ်ဆိုတော့... သူမက နင့်အပေါ်များ ခံစားချက် ရှိနေတာလား..."

နန်ကုန်းယွီက ရယ်မောကာ ခေါင်းခါလိုက်သည်။

"အဲ့ဒီလို မဟုတ်လောက်ပါဘူး... သူ မနက်က ယူဖို့ မေ့သွားတာ ဖြစ်ပါလိမ့်မယ်”

"အဲ့ဒါက မရိုးရှင်းဘူးနော်... သူက နင့်လို အပြင်လူ ယောကျ်ားလေးတစ်ယောက်ကို သူမရဲ့ ကိုယ်ပိုင်အခန်းထဲတောင် ဝင်ခွင့်ပြုတာလေ”

နန်ကုန်းရိုရွှေက ခပ်ဖွဖွ ရယ်မောလိုက်၏။

"အဲ့ဒီအကြောင်း မပြောကြရအောင်”

နန်ကုန်းယွီက အနည်းငယ် ခေါင်းခါယမ်းလိုက်သည်။

"ဒုတိယအစ်မတော်... အရင် ဘေးမှာ ခဏ စောင့်နေ... အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေအတွက် ဘာတွေလိုချင်လဲဆိုတာ ကျွန်တော့်ကို ပြောပြ... ကျွန်တော် စဉ်းစားကြည့်မယ်”

"ကောင်းပါပြီ”

ဤအကြောင်းကို ပြောလိုက်သည်နှင့် နန်ကုန်းရိုရွှေက အမြန် သဘောတူလိုက်ပြီး သူမ၏ တောင်းဆိုချက်များကို စတင် ရှင်းပြလေသည်။

မကြာမီ နန်ကုန်းယွီသည် တိကျသော အစီအစဉ်တစ်ခု ရရှိသွားပြီး ဝိညာဉ်ပစ္စည်း ဒါဇင်ပေါင်းများစွာကို ထုတ်ယူရန် လက်ဝှေ့ယမ်းလိုက်ကာ ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက် ကို ထုတ်လွှတ်၍ ဝိညာဉ်ပစ္စည်းများကို စတင် သန့်စင်လေတော့၏။

ဤအရာကို မြင်ချိန်၌ နန်ကုန်းရိုရွှေ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ထွက်ပေါ်လာပြီး ရှောင်ယွီက တကယ်ပဲ ဤလောက် ချမ်းသာနေတာလား ဟု တိတ်တဆိတ် တွေးတောနေမိသည်။

‘ပြီးတော့ အဲ့ဒါက ဆေးမီးတောက် မဟုတ်ဘူး... ဝိညာဉ်မီးတောက် ဖြစ်ပုံရတယ်။’

‘ရှောင်ယွီက ခြောက်နှစ်ကြာ ထွက်သွားပြီး အခု ကြီးပြင်းလာတော့ ဝိညာဉ်မီးတောက်ကို ရဖို့ ကံကောင်းမှု ရခဲ့တာပဲ... ကံတရား က မဆိုးဘူး။’

‘ပြီးတော့ သူ ဘယ်လောက် ကျွမ်းကျင်သလဲဆိုတာ ကြည့်ရရင် ဝိညာဉ်ပစ္စည်း ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း သန့်စင်နိုင်တာဆိုတော့ လက်နက်သွန်းလုပ်ခြင်း ပညာရပ်မှာ ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ အရည်အချင်းမျိုးများလား။’

နန်ကုန်းရိုရွှေ အံ့အားသင့်ပြီးနောက် နန်ကုန်းယွီ လက်နက်သွန်းလုပ်ခြင်း ပြုလုပ်နေသည်ကို အလေးအနက် စတင် ကြည့်ရှုနေသော်လည်း သူမ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ လွင့်မျောနေပေ၏။

သူမက သေးသွယ်သော မေးစေ့ကို ပွတ်သပ်ကာ နန်ကုန်းယွီကို အကဲခတ်ရင်း တိတ်တဆိတ် ရေရွတ်လိုက်သည်။

‘ဒီလောက် ထူးချွန်တဲ့ ရှောင်ယွီနဲ့ အနာဂတ်မှာ ဘယ်သူက အကျိုးအမြတ် ရသွားမလဲ မသိဘူး’

နန်ကုန်းယွီက တစ်စုံတစ်ခုကို ခံစားမိပြီး သူမကို တစ်ချက်လှမ်းကြည့်လိုက်၏။

"ဒုတိယအစ်မတော်... ခင်ဗျား အများကြီး တွေးနေသလို ခံစားနေရတယ်... စိတ်ထဲမှာ တစ်ခုခု ဖန်တီးနေတာများလား”

နန်ကုန်းယွီက သူမဘက် လှည့်ကာ စကားပြောသည်ကို မြင်လိုက်ရသဖြင့် နန်ကုန်းရိုရွှေ အနည်းငယ် လန့်သွားပေသည်။

"ရှောင်ယွီ... နင် အာရုံစိုက်နေတဲ့ကြားက တခြားဟာတွေပါ လုပ်နိုင်သေးတာလား”

"အဲ့ဒါက ထင်ရှားနေတာပဲ မဟုတ်ဘူးလား”

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး လုပ်ငန်းစဉ်ကို ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်ကာ ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက် ဖြင့် ထိုဝိညာဉ်ပစ္စည်းများကို ဆက်လက် သန့်စင်နေပေ၏။

နန်ကုန်းရိုရွှေ၏ အမူအရာက အံ့အားသင့်သွားသော်လည်း မီးတောက်များအတွင်းရှိ ဝိညာဉ်ပစ္စည်း ဒါဇင်ပေါင်းများစွာကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ... အခုလောလောဆယ် နင့်ကို စကားမပြောတော့ဘူး... နင့်အလုပ်ကိုပဲ အာရုံစိုက်လိုက်ပါ”

"အင်း”

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ဝိညာဉ်ပစ္စည်းများကို ဆက်လက် သန့်စင်ရန် လှည့်လိုက်ရာ သူ၏ အမူအရာက ပို၍ လေးနက်လာပေသည်။

အချိန်အတော်ကြာပြီးနောက်။

နန်ကုန်းယွီ၏ ထိန်းချုပ်မှုအောက်တွင် ထိုဝိညာဉ်ပစ္စည်းများသည် တစ်ခုပြီးတစ်ခု အရည်ပျော်သွားပြီး သူ၏ နတ်ဘုရားအာရုံ ထိန်းချုပ်မှုအောက်တွင် အဝတ်အစားနှင့် လက်ဝတ်ရတနာများအဖြစ် လျင်မြန်စွာ ပေါင်းစည်းဖြစ်ပေါ်လာ၏။

ပြီးတော့ ဓားတွေလည်း ပါသေးတယ်။

နန်ကုန်းရိုရွှေသည် မီးတောက်များအတွင်းရှိ အဝတ်အစားနှင့် လက်ဝတ်ရတနာများကို ကြည့်ရင်း သူမ၏ လှပသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပေသည်။

ရှောင်ယွီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။

သူမ စကားအနည်းငယ်သာ ပြောခဲ့ရသော်လည်း သူက ဤလှပသော အဝတ်အစားများနှင့် လက်ဝတ်ရတနာများကို ဖန်တီးပေးခဲ့သည်။ သူမ၏ အလှအပခံစားမှုနှင့် လုံးဝ အံဝင်ခွင်ကျ ဖြစ်နေပေ၏။

ဤတင့်တယ်လှပသော အဝတ်အစားများနှင့် လက်ဝတ်ရတနာများ သက်သက်ကပင် သူမကို အလွန်သဘောကျစေခဲ့သည်ဖြစ်ရာ သူမအတွက် ဝိညာဉ် ရတနာ အဖြစ် သန့်စင်ပေးမည့် အချက်ကိုတော့ ဆိုဖွယ်ရာ မရှိတော့ချေ။

နန်ကုန်းရိုရွှေ၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိဖြစ်နေပြီး သူမ၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက် တစ်စွန်းတစ်စ ကြီးထွားလာ၏။

ဤ ဝိညာဉ် ရတနာ များ၏ အဆင့်ကို မျှော်လင့်နေမိပေသည်။

သို့သော် ထိုအခိုက်အတန့်တွင် နန်ကုန်းယွီက သူမကို လှည့်ကြည့်လိုက်သည်။

"ဒုတိယအစ်မတော်... ဒီပစ္စည်းတွေကို ဘယ်လိုထင်လဲ... ပြောင်းလဲဖို့ လိုအပ်တာ ရှိသေးလား”

All Chapters