အခန်း ၁၈၆
Vol. 19 Ch. 186
အခန်း။ ၁၈၆
“ဝင်စမ်းကြည့်ချင်လား"
လင်းခယ်ဝူ တစ်ယောက် တွေးတောနေဆဲရှိစဉ် ဝမ်ပင်း၏ အသံက သူ၏နားထဲသို့ တိုးဝင်လာသည်။
သူ မဖြေကြားရသေးမီမှာပင် ဝမ်ပင်းက ဆက်ပြောသည်။
“ဒီဆွဲငင်အားနယ်မြေက မင်းရဲ့ ကျင့်စဉ်လေ့ကျင့်မှုနဲ့ ချီစွမ်းအင်စုဆောင်းမှုအမြန်နှုန်းကို ကိုးဆတိုးမြှင့်ပေးနိုင်တယ်။ အထဲမှာ တစ်နာရီ လေ့ကျင့်တာက အပြင်မှာ ကိုးနာရီလေ့ကျင့်တာနဲ့ ညီမျှတယ်”
ထိုစကားကို ကြားသောအခါ လင်းခယ်ဝူ ခဏတာ ကြောင်အသွားသည်။
“ကိုးနာရီဟုတ်လား မဖြစ်နိုင်တာ” ဟု သူ တွေးလိုက်သည်။
သို့သော်လည်း မသေမျိုးဂိုဏ်းတွင် စားပွဲခုံများ ရွှေ့ပေးနေရသော မွေးရာပါ စင်ကြယ်သောခန္ဓာကိုယ် ပိုင်ရှင်ပါရမီရှင်ကို သတိရလိုက်သောအခါ သူ၏ သံသယများမှာ အဝေးသို့လွင့်သွားသည်။
အပြင်မှာ ရပ်ကြည့်နေရုံဖြင့် ဘာမျှ သိနိုင်မည်မဟုတ်သဖြင့် “ကျွန်တော် ဝင်စမ်းကြည့်လို့ ရမလားခင်ဗျာ” ဟု မေးလိုက်သည်။
ဝမ်ပင်းက “ရပါတယ်” ဟု ဖြေသည်။
ဝမ်ပင်း၏ လမ်းညွှန်ချက်အတိုင်း လင်းခယ်ဝူသည် ရွှေဒင်္ဂါးများကို အမည်းရောင်သေတ္တာထဲ ထည့်လိုက်ပြီးနောက် ဆွဲငင်အားနယ်မြေဆီသို့ လျှောက်သွားလိုက်သည်။
သူ၏အကြည့်များက ကျောက်ချင်းဆီသို့ ရောက်သွားပြီး ခဏမျှ စူးစိုက်ကြည့်မိသောအခါ ထူးဆန်းသော ခံစားချက်တစ်ခု ဝင်လာသည်။
"သူက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် (၇) ဆင့်မြောက်မှာ ရှိနေတာကို ဘာလို့ ဒီလောက်တောင် နှေးကွေးနေရတာလဲ။ ဒီလောက်နှေးတဲ့ အရှိန်အဝါနဲ့ဆိုရင် အဆင့် (၄) ဆင့်မြောက် ကျင့်ကြံသူတစ်ယောက်တောင် သူ့ကို ကျော်တက်သွားနိုင်လောက်တယ် တကယ့်ကို အံ့ဩစရာပဲ"
ထိုသို့ တွေးတောနေရင်းနှင့်ပင် သူသည် နယ်မြေအတွင်းသို့ ခြေလှမ်းလိုက်သည်။
ခြေနှစ်ဖက်စလုံး နယ်မြေထဲ ရောက်သည်နှင့် တစ်ပြိုင်နက် ကျောက်ချင်း၏ မျက်ဝန်းတို့တွင် ထိတ်လန့်ရိပ်များ သန်းသွားသည်ကို သူ မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်မှ ဆွဲငင်အားများက ရုတ်တရက် ဖိချလာသဖြင့် သူ တစ်ကိုယ်လုံး တုန်ခါသွားသည်။ ခြေထောက်များမှာလည်း ချက်ချင်းပင် ခွေကျသွားပြီး စိတ်ထဲတွင် အသင့်ပြင်မထားမိသဖြင့် လက်တစ်ဖက်ဖြင့် ထောက်ကာ မြေပြင်ပေါ်၌ ထိုင်လျက်သား ဖြစ်သွားရသည်။
ဆွဲငင်အား၏ ရုတ်ခြည်း ပြောင်းလဲမှုကို သူ ပြင်းထန်စွာ ခံစားလိုက်ရသည်။
“ဒါက...”
လင်းခယ်ဝူ စကားတို့ ဆွံ့အသွားရသည်။
အရပ်မျက်နှာပေါင်းစုံမှ ဖိအားပေးနေသော ဆွဲငင်အားကို ခံစားနေရသဖြင့် သူသည် နေပူထဲ၌ ကြောင်တောင်တောင် ဖြစ်နေသည့်အလား ခဏတာ မင်သက်သွားမိသည်။
ဤဆွဲငင်အားနယ်မြေက တကယ်ပင် ကျင့်ကြံမှုအရှိန်ကို ကိုးဆ တိုးမြှင့်ပေးနိုင်သလားဆိုသည်ကို ပဓာနမထားဘဲ နဂါးတိုင် ကိုးတိုင်၏ ထူးခြားမှုမှာ တောက်ပနေသောမှန်ရေကန် သို့မဟုတ် အခြားနေရာများတွင် မရှိဖူးသည့် အရာမျိုးဖြစ်သည်။
ကြယ်သုံးပွင့်အဆင့် ဂိုဏ်းတိုင်းတွင်ပင် ဤကဲ့သို့သော လေ့ကျင့်ခန်းနေရာမျိုး သူ မကြားဖူးခဲ့ပေ။ ဝမ်ပင်း၏ စကားကို ပြန်တွေးကြည့်မိသောအခါ သူ၏စိတ်ထဲတွင် မျှော်လင့်ချက်များ စတင် ပွင့်လန်းလာသည်။
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် အရှိန်အဟုန်မှာ ကျင့်စဉ်စက်ဝန်း လည်ပတ်မှုနှင့် ချီစွမ်းအင်
စုဆောင်းမှုအပေါ် မူတည်သည်။
သံသယနှင့် မျှော်လင့်ချက် ရောထွေးနေသော စိတ်ဖြင့် လင်းခယ်ဝူသည် မြေပြင်ပေါ်တွင် ထိုင်ခွေချလိုက်ပြီး ကျင့်စဉ်စက်ဝန်းကို စတင်လည်ပတ်စေလိုက်သည်။
မလည်ပတ်ခင်ကတော့ တစ်မျိုးဖြစ်နေပေမဲ့ လည်ပတ်လိုက်သည်နှင့် လင်းခယ်ဝူ ထိတ်လန့်သွားရသည်။ သူ၏ ကျင့်စဉ်လည်ပတ်မှုမှာ ချောမွေ့နေပြီး အလွန်ပင် မြန်ဆန်လှသည်။
အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် ကိုးဆ တိုးမြှင့်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း သူ အတည်ပြုနိုင်လိုက်သည်။
ယခင်က ကျင့်စဉ်တစ်ပတ် လည်ပတ်ရန် ကြာမြင့်သောအချိန်တွင် ယခု ကိုးပတ်တောင် လည်ပတ်နိုင်နေပြီဖြစ်သည်။
လင်းခယ်ဝူ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။
“ဒီနေရာမှာ လေ့ကျင့်ရင် ငါ တစ်နှစ်အတွင်း နက်နဲသောနယ်ပယ်ကို ရောက်အောင် တကယ်ပဲ လုပ်နိုင်တော့မှာပဲ”
ထိုသို့ တွေးလိုက်ပြီးနောက် ဒန်တျန်အတွင်း ချီစွမ်းအင်စုဆောင်းမှုကို ထပ်မံစမ်းသပ်ကြည့်ရာ အံ့အားသင့်ဖွယ် မြန်ဆန်နေဆဲပင်။
ယခုအခါတွင် သူသည် မိသားစုကို လွမ်းဆွတ်နေရမည့် အခြေအနေ မဟုတ်တော့ပေ။
လင်းမိသားစုမှာ ကြယ်သုံးပွင့်အဆင့်သာရှိသည့် မိသားစုဖြစ်ရာ အရင်းအမြစ်များကိုသာ ထောက်ပံ့ပေးနိုင်သော်လည်း အချိန်ကိုတော့ ထိန်းချုပ်ပေးနိုင်မည် မဟုတ်ပေ။
ယခုမူ မသေမျိုးဂိုဏ်းက ထိုအရာကို လုပ်ပေးနိုင်နေပြီဖြစ်သည်။
ဆွဲငင်အားနယ်မြေပြင်ပတွင် ရပ်နေသော ဝမ်ပင်းသည် လင်းခယ်ဝူ၏ ဝမ်းသာအားရဖြစ်နေသည့် အမူအရာကို မြင်သောအခါ စိတ်ကျေနပ်စွာ ပြုံးလိုက်မိသည်။
လင်းခယ်ဝူတစ်ယောက်တော့ ကျိန်းသေပေါက် ဂိုဏ်းထဲသို့ ဝင်လာတော့မည်ပင်။
သို့သော် ကျင့်ကြံမှုအရှိန် ကိုးဆတိုးမြှင့်မှုကို တွေ့ကြုံရသည့် မည်သူမဆို စိတ်လှုပ်ရှားနေမည်မှာ အသေအချာဖြစ်၍ သူ အထဲကနေ အလွယ်တကူ ထွက်လာမည်မဟုတ်ပေ။
ဆွဲငင်အားနယ်မြေက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၌သာ အကျိုးသက်ရောက်မှုရှိသည်မှာ ကံကောင်းသည်။
သို့မဟုတ်ပါက သူကိုယ်တိုင်ပင် တစ်နေ့တာလုံး ထိုနေရာ၌သာ နေထိုင်ကာ လေ့ကျင့်နေမိပေလိမ့်မည်။
ထိုအခြေအနေကို ကြည့်ပြီးနောက် ဝမ်ပင်းက ဘေးမှ ချင်ရှန်းကို လှည့်ကြည့်ကာ “သူ ထွက်လာရင် ငါ့ဆီကို ပို့ပေးလိုက်ပါ။ ပင်မခန်းမဆောင်မှာ စောင့်နေမယ်” ဟု မှာလိုက်သည်။
ချင်ရှန်းက ခေါင်းညိတ်ပြသည်။
ဆွဲငင်အားနယ်မြေမှ ထွက်ခွာလာပြီးနောက် ဝမ်ပင်းသည် အဆောင်နေရာ၌ အခန်းလွတ်မရှိတော့သည်ကို သတိရသွားသည်။
ထို့ကြောင့် အဆောင်ကို အဆင့်မြှင့်တင်ရန်အတွက် စျေးနှုန်းကို စစ်ဆေးလိုက်ရာ ရွှေဒင်္ဂါး သုံးသောင်း ကုန်ကျမည်ပင်။
“စနစ် အဆောင်ကို အဆင့်မြှင့်လိုက်ရင် အခန်း ဘယ်နှစ်ခန်း တိုးလာမှာလဲ”
ဝမ်ပင်းက မေးသည်။
“အဆင့်မြှင့်ပြီးသွားရင် အခန်း ၂၀ အထိ တိုးမြှင့်နိုင်ပါတယ်”
“အဆင့်မြှင့်ဖို့ ဘယ်လောက်ကြာမလဲ”
“နှစ်နာရီ ကြာပါမယ်”
စနစ်၏ အဖြေကို ကြားရသောအခါ ဝမ်ပင်းသည် အဆောင်နေရာသို့ သွားရောက်ကာ ချက်ချင်းပင် အဆင့်မြှင့်တင်မှုကို စတင်လိုက်သည်။ ငွေကြေးသုံးစွဲရမည့်နေရာတွင် ချွေတာနေ၍ မဖြစ်ပေ။
အဆောင်ကို ချဲ့ထွင်ခြင်းမှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည်။
အဆင့်မြှင့်တင်မှုကို စတင်လိုက်သည်နှင့် အဆောင်တစ်ဝိုက်တွင် မြူခိုးဖြူများ ဖုံးလွှမ်းသွားပြီး ဝမ်ပင်းသည် ပင်မခန်းမဆောင်သို့ ဆက်လက်ထွက်ခွာခဲ့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် လင်းခယ်ဝူသည် ချင်ရှန်းနောက်သို့ လိုက်ပါကာ ပင်မခန်းမဆောင်သို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် လင်းခယ်ဝူမှာ ရွှေဒင်္ဂါး တစ်ထောင်တန် လက်မှတ်ကို ကိုင်ထားရင်း အလွန်ပျော်
ရွှင်နေသည်။
ဝမ်ပင်းကို မြင်သည်နှင့် “ဂိုဏ်းချုပ် ကျွန်တော် ဂိုဏ်းထဲကို ဝင်ချင်ပါတယ်။ ကျွန်တော့်နာမည် လင်းခယ်ဝူပါ ဒါက ကျွန်တော့်ရဲ့ ဝင်ကြေးပါ” ဟု ပြောလိုက်သည်။
လင်းခယ်ဝူ၏ စိတ်အားထက်သန်မှုကို မြင်သောအခါ ဝမ်ပင်းက ရွှေလက်မှတ်များကို လက်ခံယူလိုက်ပြီး “ကောင်းပြီ မသေမျိုးဂိုဏ်းကနေ ကြိုဆိုပါတယ်။ ဒီနေ့ညနေကျရင် ဂိုဏ်းတူစီနီယာအစ်ကိုတွေနဲ့ မိတ်ဆက်ပေးမယ်” ဟု ပြောသည်။
လင်းခယ်ဝူက ခေါင်းညိတ်ကာ “ဂိုဏ်းချုပ် ဒီဆွဲငင်အားနယ်မြေကလွဲရင် တခြားဘာတွေများ ရှိသေးလဲခင်ဗျာ” ဟု မေးသည်။
သူသည် ဂိုဏ်းသို့ ရောက်စဉ်ကပင် ကြေညာချက်ဘုတ်ကို သေချာကြည့်ခဲ့သည်။ ထိုနေရာတွင် အခကြေးငွေပေးရသော လေ့ကျင့်ခန်းနေရာ အမျိုးမျိုးကို ရေးသားထားသည်။
တစ်ကြိမ်လျှင် ရွှေတစ်ရာ ကျသင့်သည့်နေရာများ၊ တစ်နာရီလျှင် ရွှေတစ်ရာ ကျသင့်သည့် ရုပ်ရှင်ကြည့်ခန်းမများ၊ နှစ်နာရီလျှင် ရွှေတစ်ထောင် ကျသင့်သည့် နေရာများ စသဖြင့် များပြားလှသည်။
ထိုအရာများက လင်းခယ်ဝူ၏ စိတ်ဝင်စားမှုကို အလွန်ပင် နှိုးဆွပေးလိုက်သည်။
ဝမ်ပင်းက ခေါင်းညိတ်ကာ “ရှိတာပေါ့” ဟု ဖြေသည်။
လင်းခယ်ဝူက ချက်ချင်းပင် “ဂိုဏ်းချုပ် ကျွန်တော့်ကို လိုက်ပြပေးလို့ ရမလားခင်ဗျာ” ဟု မေးသည်။
ဝမ်ပင်းက ပြုံးလိုက်ပြီး ဘေးမှ ချင်ရှန်းကို လက်ညှိုးထိုးပြကာ “အဘိုးကြီးချင်က မင်းကို လိုက်ပြပေးလိမ့်မယ်” ဟု ပြောသည်။
လင်းခယ်ဝူ ဝမ်းသာသွားပြီး ချင်ရှန်းအား အရိုအသေပြုကာ “အဘိုးကြီးချင် လမ်းပြပေးပါဦးခင်ဗျာ” ဟု ပြောလိုက်သည်။
“ဒါက ကျွန်တော့်တာဝန်ပါ”
ချင်ရှန်းက ပြန်ဖြေသည်။ ဝမ်ပင်း၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် သူတို့သည် ချူးရောက်
တောင်ဆီသို့ ဦးတည်သွားကြသည်။
သို့သော် မီးဖိုချောင်လမ်းကြောင်းမှ ဖြတ်သွားစဉ် လင်းခယ်ဝူသည် လမ်းဘေးတစ်ဖက်တစ်ချက်စီရှိ လမင်းသစ်ပင်များကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာဖြင့် လှုပ်ရှားမရအောင် ဖြစ်သွားသည်။
သူသည် သူအတွေး မှန်မမှန် မသေချာသဖြင့် ဘာမျှ မပြောရဲပေ။
ထို့နောက် သူသည် ဘေးမှ ရွှေရောင်လင်းယုန်ကို ကြည့်လိုက်သည်။
အသက်တစ်ရာကျော် နေထိုင်လာခဲ့သည့် ရွှေရောင်လင်းယုန်မှာလည်း ထိုသစ်ပင်များကို စိုက်ကြည့်ရင်း အံ့ဩမှင်သက်နေကာ လမ်းလျှောက်ဖို့ပင် မေ့သွားသည်။
လင်းခယ်ဝူ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး ချင်ရှန်းကို မေးလိုက်သည်။
“အဘိုးကြီးချင် ဒါတွေက လမင်းသစ်ပင်တွေ ဟုတ်တယ်မလား"
ချင်ရှန်းက ခေါင်းညိတ်ကာ “ဟုတ်တယ် ဂိုဏ်းချုပ်ပြောတာက ဒါတွေအားလုံးက လမင်းသစ်ပင်တွေပဲတဲ့” ဟု ပြန်ဖြေသည်။
ချင်ရှန်း၏ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ လင်းခယ်ဝူ၏ ရင်ထဲတွင် မတည်ငြိမ်နိုင်တော့ပေ။ လမင်းသစ်ပင်၏ အရွက်တစ်ရွက်လျှင်ပင် တောက်ပနေသောမှန်ရေကန်တွင် ရွှေထောင်ပေါင်းများစွာ တန်ဖိုးရှိပြီး ဝယ်ယူရန်ပင် ခက်ခဲလှသည်။
သူသည် တစ်ချိန်က လေလံပွဲတစ်ခုတွင် လမင်းသစ်ပင်အရွက် ၁၀ ရွက်ကို ဝယ်ယူရန် ကြိုးစားခဲ့သော်လည်း စျေးနှုန်းမှာ ရွှေငါးသောင်းအထိ ရောက်သွားခဲ့သည်။
ယခုမူ မသေမျိုးဂိုဏ်းတွင် ဤလမင်းသစ်ပင်များမှာ လမ်းဘေး၌ အစီအရီ ပေါက်နေသည်။ မြေပြင်ပေါ်၌ ကြွေကျနေသော အရွက်များပင် လမင်းသစ်ပင်အရွက်များ ဖြစ်နေသည်။ ဤမြင်ကွင်းမှာ အလွန်ပင် ခမ်းနားလွန်းလှသည်။
သူ တွေးမိသည်မှာ... “ဒါကသာ ကြယ်အဆင့်မရှိတဲ့ ဂိုဏ်းဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းတွေအားလုံးကတော့ အဓိပ္ပာယ်မရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေတော့မှာပဲ” ဟုပင်။