← Chapters

အခန်း (၅၉၁-၅၉၂)

Vol. 55 Ch. 591-592

အခန်း (၅၉၁-၅၉၂)

Vol. 55 Ch. 591-592

အပိုင်း (၅၉၁)

လင်းပိုင်ဖန်သည် အင်ပါယာမြေပုံကို ချက်ချင်းပင် ဖွင့်လှစ်ကြည့်ရှုလိုက်သည်။

အင်ပါယာမြေပုံ ( အဆုံးစွန် အဆင့်)

နယ်မြေဧရိယာ: စတုရန်းလီ ၃၉.၂ သန်း (စိုက်ပျိုးနိုင်သောမြေ စတုရန်းကီလိုမီတာ ၂၂.၅ သန်း)

ပြည်တွင်းသယံဇာတ: ငွေတေး ၇ ဘီလီယံ (ရွှေတွင်း ၁၅ တွင်း၊ ငွေတွင်း ၂၇ တွင်း၊ ကြေးတွင်း ၄၃ တွင်း၊ သံတွင်း ၉၀...)

လူဦးရေ: သန်း ၄၂၀ ( လူချမ်းသာ ၁%၊ သာမန်အရပ်သား ၆၀% ၊ ဆင်းရဲသား ၃၉% )

စစ်အင်အား: ၈.၁ သန်း (မဟာကောင်းကင်အဆင့် ၁ ယောက်၊ ကောင်းကင်အဆင့် ၉ ယောက်၊ ချီဖွဲ့တည်ခြင်းအဆင့် ၂၁၄ ယောက်၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် ၄၇,၀၀၀ )

စုစုပေါင်း နိုင်ငံတော် အင်အား: ၇၂,၀၀၀ (နတ်ဘုရားအင်ပါယာအဆင့်)

မှတ်ချက် (၁): ယခုအခါ ကစားသမား၏ နိုင်ငံတော်သည် နတ်ဘုရားအင်ပါယာအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ အင်ပါယာမြေပုံသည်လည်း ၎င်း၏ အဆုံးစွန်သော ပုံစံသို့ အဆင့်မြင့်သွားခဲ့ပြီဖြစ်သည်။ နယ်မြေအတွင်းရှိ အရင်းအမြစ်များနှင့် ပစ္စည်းကိရိယာအားလုံးသာမက လူသားများအပါအဝင် သက်ရှိအားလုံးကိုပါ စိတ်တိုင်းကျ စေခိုင်းလှုပ်ရှားနိုင်ပြီ ဖြစ်သည်။

မှတ်ချက် (၂): အင်ပါယာမြေပုံ အဆင့်တက်သွားပြီးနောက် ‘လောကစည်းကို ဝိုင်းဖြတ်သည့် လက်ဝါး’ဟု ခေါ်ဆိုသော စနစ်သစ်တစ်ခု ထပ်မံပွင့်လာခဲ့သည်။ ဤလက်ဝါးသည် လောကနှစ်ခုကြားရှိ အတားအဆီးများကို ဖြတ်ကျော်ကာ အခြားလောကတစ်ခုဆီသို့ လက်လှမ်း၍ အရင်းအမြစ်များကို ရယူနိုင်စွမ်း ရှိသည်။

(မှတ်ချက် - ဤစွမ်းရည်သည် စွမ်းအားကြီးလွန်းသဖြင့် တစ်နေ့လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး အသုံးပြုချိန်မှာ ရေနွေးကြမ်းတစ်ခွက် သောက်စာ အချိန်သာ ကြာမြင့်မည် ဖြစ်သည်။ ဖြတ်ကျော်မည့် လောကကို ကျပန်းရွေးချယ်မည်ဖြစ်ပြီး ယူဆောင်လာမည့် အရာများသည်လည်း ဤလောက၏ စည်းမျဉ်းများနှင့် ကိုက်ညီရမည်ဖြစ်ကာ ဤလောက၏ ခံနိုင်ရည်အားနှင့် ကစားသမား၏ ခွန်အားထက် ကျော်လွန်၍ မရနိုင်ပါ)

လင်းပိုင်ဖန်သည် အင်ပါယာမြေပုံ၏ အချက်အလက်များကို အလွတ်ရနေပြီ ဖြစ်သဖြင့် အပြောင်းအလဲအသစ်များကို သိရှိနိုင်ရန် မှတ်ချက်များကို အရင်ဆုံး ကြည့်လိုက်သည်။

အမှန်တကယ်ပင် အင်ပါယာမြေပုံက သူ့ကို စိတ်ပျက်မသွားစေခဲ့ဘဲ ကြီးမားလှသော လုပ်ပိုင်ခွင့်အာဏာများကို ပေးအပ်ခဲ့သည်။

ပထမဆုံးအနေဖြင့် မှတ်ချက် (၁) တွင် ယခင်က ပြည်တွင်းရှိ အရင်းအမြစ်များနှင့် အပင်၊ တိရစ္ဆာန်များကိုသာ စေခိုင်းနိုင်ပြီး လူသားများကိုမူ စေခိုင်း၍မရခဲ့ပေ။ ယခုမူ ထိုကန့်သတ်ချက်များ မရှိတော့ဘဲ လူသားများကိုပါ စိတ်တိုင်းကျ စေခိုင်းနိုင်ပြီ ဖြစ်သည်။

ဤသည်မှာ သူသာ အလိုရှိပါက တစ်နိုင်ငံလုံးရှိ စစ်တပ်များကို ချက်ချင်း စုစည်းစေပြီး နိုင်ငံတော်၏ အင်အားအပြည့်ဖြင့် တိုက်ပွဲဝင်နိုင်သည်ဟု အဓိပ္ပာယ်ရသည်။ ဤစွမ်းရည်သည် အလွန်အမင်း အစွမ်းထက်လှပြီး နိုင်ငံတော်၏ စစ်အင်အားကို သိသိသာသာ မြှင့်တင်ပေးလိုက်ခြင်းနှင့် အလားတူပင် ဖြစ်သည်။

ထို့ပြင် ဤစွမ်းရည်က အခြားသော အကျိုးကျေးဇူးတစ်ခုကိုပါ သယ်ဆောင်လာခဲ့သည်။ ယင်းက သူ့ကို ပြည်တွင်း၌ အချိန်မရွေး၊ နေရာမရွေး စိတ်ကြိုက် ရွှေ့ပြောင်းသွားလာနိုင်ခွင့် ပေးထားခြင်းဖြစ်ရာ အလွန်ပင် အဆင်ပြေလှပေသည်။

သို့သော်လည်း လင်းပိုင်ဖန်ကို အတော့်လေးကို အံ့အားသင့်သွားစေခဲ့သည်မှာ ဒုတိယမြောက် မှတ်ချက်ပင် ဖြစ်သည်။ ၎င်းက စနစ်သစ်တစ်ခုလုံး ဖြစ်နေခဲ့သည်။

“‘လောကစည်းကို ဝိုင်းဖြတ်သည့် လက်ဝါး’ က လောကနှစ်ခုကြားက အတားအဆီးတွေကို ဖောက်ထွက်ပြီး အရင်းအမြစ်တွေကို ရယူနိုင်တယ် ဟုတ်လား...”

လင်းပိုင်ဖန်မှာ တစ်ခဏလောက် အံ့ဩမှင်သက်သွားပြီး - "ဒီစွမ်းရည်က တကယ့်ကို အစွမ်းထက်လွန်းတယ်..." ဟု ရေရွတ်လိုက်မိသည်။

မြေကမ္ဘာအင်မော်တယ်များပင်လျှင် အခြားလောကတစ်ခုသို့ ဖောက်ထွက်နိုင်စွမ်း မရှိကြချေ။ သို့သော်လည်း ယခုအခါ သူက ဖောက်ထွက်နိုင်ပြီ ဖြစ်သည်။

သူကိုယ်တိုင် အခြားလောကသို့ သွားရောက်၍ မရသေးသော်လည်း အခြားလောကများဆီသို့ လက်လှမ်းကာ အရင်းအမြစ်များကို ဆွဲယူရန် အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်သည်။ ဤစနစ်သစ်က သယ်ဆောင်လာပေးသည့် အားသာချက်များသည် အတိုင်းအဆမရှိ ကြီးမားလှပေသည်။

လောကတစ်ခု၏ အရင်းအမြစ်များသည် အကန့်အသတ် ရှိနေသည်မှာ အမှန်ပင် ။ သို့သော် ‘လောကစည်းကို ဝိုင်းဖြတ်သည့် လက်ဝါး’ ရှိနေလျှင်မူ သူသည် ကုန်ဆုံးသွားခြင်းမရှိသည့် အရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ပြီး အခြားလောကများမှတစ်ဆင့် မိမိလိုအပ်သမျှကို ရယူနိုင်သဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သည့်အတားအဆီးမျှ ရှိတော့မည်မဟုတ်ချေ။

"အမျိုးမျိုးသော ကန့်သတ်ချက်တွေ ရှိနေပေမဲ့ ကောင်းကောင်း အသုံးချနိုင်ရင် ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်ပြီး အံ့ဖွယ်တွေကို ဖန်တီးနိုင်မှာပဲ..."

လင်းပိုင်ဖန်သည် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ ဤသည်မှာ နတ်ဘုရားအင်ပါယာကို တည်ထောင်ခြင်းမှ ရရှိသည့် အကြီးမားဆုံးသော အကျိုးကျေးဇူးပင် ဖြစ်သည်။ ယခုအခါ သူသည် စမ်းသပ်ကြည့်ရန် မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်နေချေလေပြီ။

"လောကစည်းကို ဝိုင်းဖြတ်သည့် လက်ဝါး..." လင်းပိုင်ဖန်က စွမ်းရည်အသစ်ကို ထုတ်ဖော်လိုက်သည်။

အင်ပါယာမြေပုံအတွင်း၌ ဖန်သားပြင်ကဲ့သို့ တောက်ပနေသော ကြီးမားလှသည့် လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး အင်ပါယာမြေပုံနှင့် ကပ်လျက်ရှိသော မြူခိုးများ ဖုံးလွှမ်းနေသည့် နယ်ပယ်ဆီသို့ ဦးတည်ကာ လှမ်းထွက်သွားခဲ့သည်။ ထိုဘက်အခြမ်းတွင် မြူခိုးများ ဖုံးလွှမ်းနေသော လောကတစ်ခု ရှိနေပုံရပြီး လင်းပိုင်ဖန်အနေဖြင့် သဲသဲကွဲကွဲ မမြင်ရချေ။

သို့သော်လည်း ထိုလောကသည် သူရှိနေသည့်လောကထက် မနိမ့်ကျသော အဆင့်မြင့်သိုင်းလောကတစ်ခု ဖြစ်သည်ကိုမူ သူ ခံစားသိရှိနေသည်။

ထိုအဆင့်မြင့်သိုင်းလောကတွင် ကောင်းကင်အဆင့်နှင့် မဟာကောင်းကင်အဆင့် သိုင်းပညာရှင် အချို့သည် နတ်ဘုရားလက်နက်များကို ကိုင်စွဲကာ ကြီးမားလှသော နဂါးကြီးတစ်ကောင်ကို ဝိုင်းဝန်းသတ်ဖြတ်နေကြသည်။

သူတို့ ရင်ဆိုင်နေရသော နဂါးကြီးသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ခန္ဓာကိုယ်အရှည်သည် ပေပေါင်း ထောင်ချီမျှ ရှိကာ ဓားမတိုး၊ လှံမစိုက်နိုင်ဘဲ အမြီးကို တစ်ချက်ခါယမ်းရုံမျှဖြင့် တောင်တန်းများကို ဖြိုချကာ လှိုင်းတံပိုးကြီးများကို ထကြွစေနိုင်သည်။ ၎င်းသည် နတ်ဘုရားလက်နက်များကိုပင် အရည်ပျော်စေနိုင်သည့် ပူပြင်းလှသော နဂါးမီးများကိုပါ မှုတ်ထုတ်နိုင်စွမ်း ရှိသည်။

လင်းပိုင်ဖန်၏ ခန့်မှန်းချက်အရ ဤနဂါးကြီးသည် မဟာကောင်းကင်အဆင့်၏ အထွတ်အထိပ် ခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ၎င်း၏ မွေးရာပါ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် သာမန်မဟာကောင်းကင်အဆင့် အထွတ်အထိပ်ထက်ပင် ပိုမိုအစွမ်းထက်ပြီး မြင့်မြတ်ကောင်းကင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းအလိုမျှသာ လိုတော့သည့် အခြေအနေ ဖြစ်သည်။

နဂါးကြီးက အလွန်အမင်း သန်မာလွန်းလှသဖြင့် အားကောင်းလှသော ထိုသိုင်းပညာရှင်အုပ်စုသည် ပင်ပန်းကြီးစွာ တိုက်ခိုက်နေကြရသည်။

"နဂါးတစ်ကိုယ်လုံးက ရတနာတွေချည်းပဲ... ပထမဆုံးအကြိမ် လောကကို ဖြတ်ကျော်တာမှာ ဒီလို မမျှော်လင့်ထားတဲ့ လက်ဆောင်မျိုးနဲ့ တိုးလိမ့်မယ်လို့ မထင်ထားမိဘူး... ကောင်းပြီ... မင်းကိုပဲ ရွေးချယ်လိုက်မယ်..." လင်းပိုင်ဖန်သည် နဂါးကြီးကို ဖမ်းဆီးရန်အတွက် ‘လောကစည်းကို ဝိုင်းဖြတ်သည့် လက်ဝါး’ ကို ချက်ချင်း အသုံးပြုလိုက်သည်။

"နေဦး... အဲဒါ ဘာကြီးလဲ..." တိုက်ပွဲဖြစ်ပွားနေသော သိုင်းပညာရှင်များနှင့် နဂါးကြီးသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိကြသည်။

ကြည်လင်နေသော ကောင်းကင်ပြာကြီးထက်တွင် ဖန်သားပြင်ကဲ့သို့ တောက်ပနေသည့် ဧရာမလက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး နဂါးကြီးရှိရာသို့ အောက်သို့ ရောက်လာခဲ့သည်။

အန္တရာယ်ကို အာရုံခံမိသော နဂါးကြီးသည် ပူပြင်းလှသော မီးများကို ချက်ချင်း မှုတ်ထုတ်လိုက်တော့သည်။ သို့သော်လည်း မြစ်ချောင်းများကို ခန်းခြောက်စေပြီး ပင်လယ်ရေများကို ဆူပွက်စေကာ ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသည့် နဂါးမီးများသည်ပင် ထိုဖန်သားပြင်လက်ဝါးကြီးကို အနည်းငယ်မျှ ပွန်းပဲ့အောင် မစွမ်းနိုင်ခဲ့ချေ။ ၎င်းလက်ဝါးကြီးက နဂါးကြီးရှိရာသို့ ဆက်လက်၍ လျင်မြန်စွာ ဆင်းသက်လာခဲ့သည်။

နဂါးကြီးသည် ကြောက်ရွံ့မှုကို ခံစားလိုက်ရသဖြင့် ပင်လယ်ရေနက်ပိုင်းသို့ ချက်ချင်း ပုန်းအောင်းလိုက်သော်လည်း ဖန်သားပြင် ဧရာမလက်ဝါးကြီးက နောက်သို့ မပြတ် လိုက်လံဖမ်းဆီးခဲ့သည်။

ထိုစဉ်မှာပင် ခက်ထန်သော မျက်နှာထားနှင့် မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်က ဒေါသတကြီး ကြုံးဝါးလိုက်သည် - "မတရားဘူး... တစ်ယောက်ယောက်က ငါတို့ တိုက်ခိုက်နေတာကို အခွင့်ကောင်းယူပြီး ကြားဝင် ဖြတ်တောက်ချင်နေတာပဲ... ဒီလူ့ရဲ့ ခွန်အားက ငါ့ထက် မနိမ့်ဘူး... အားလုံးပဲ ငါနဲ့အတူ လက်တွဲပြီး ကွယ်ရာက နှောက်ယှက်နေတဲ့လူကို ဆွဲထုတ်ကြစို့..."

လူတိုင်းက ခေါင်းငြိမ့်လိုက်ကြပြီး မဆိုင်းမတွဘဲ သူတို့၏ ထူးခြားလှသော သိုင်းကွက်များကို ထုတ်ဖော်လိုက်ကြသည်။

လင်းပိုင်ဖန်ကမူ တည်ငြိမ်စွာဖြင့် - “ပိုးမွှားလေးတွေကများ... ငါ နဂါးဖမ်းတာကို တားဆီးချင်နေကြသေးတယ်... ကိုယ့်အဆင့်ကိုယ် မသိကြဘူးပဲ..."

ဧရာမလက်ဝါးကြီးသည် လမ်းကြောင်းကို အနည်းငယ် ပြောင်းလဲလိုက်ပြီး သူတို့ရှိရာသို့ ဖိနှိပ်ချလိုက်သည်။

နားကွဲမတတ် ထစ်ချုန်းသံကြီးနှင့်အတူ သူတို့ရပ်နေသည့် ဧရာမကျွန်းကြီးသည် ပင်လယ်ရေနက်ပိုင်းသို့ နစ်မြုပ်သွားခဲ့လေသည်။ ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်သွားခဲ့ကြသော သိုင်းပညာရှင်များသည် သူတို့၏ မျက်စိရှေ့မှောက်တွင် ကျွန်းကြီး နစ်မြုပ်သွားသည်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှူရ ခက်နေကြတော့သည်။

"ဒီလူက ဘယ်သူလဲ... ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းရတာလဲ..."

"သူက ဒဏ္ဍာရီထဲက အင်မော်တယ်နတ်ဘုရားတွေနဲ့တောင် မခြားဘူးပဲ..."

"ဧကရာဇ် ရှီထျန်း... မင်းက သက်တမ်းအရှည်ဆုံးပဲ... ဒီလူက ဘယ်သူလဲ၊ ဘယ်ကလဲဆိုတာ မင်း သိလား..."

လူတိုင်းက မျက်နှာပျက်နေသော ထိုလူ့ထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများတွင် မေးခွန်းများဖြင့် ပြည့်နှက်နေသည်။

ထိုမျက်နှာပျက်နေသော လူသည် ပင်လယ်ရေပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်နေသော်လည်း သူ၏ နှလုံးသားထဲတွင်မူ ဗြောင်းဆန်နေခဲ့ချေ‌လေပြီ။

နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းတစ်လျှောက်တွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လူသားမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ တစ်ချိန်က သူ့ကို အနိုင်ယူခဲ့ဖူးသော ‘ဝူဝူဒီ’ ပင်လျှင် ဤမျှအထိ ပြင်းထန်သော ခြိမ်းခြောက်မှုကို မပေးနိုင်ခဲ့ဖူးချေ။ တစ်ဖက်လူက လက်ဝါးတစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် သူ့ကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်သကဲ့သို့ ခံစားနေရသည်။

"ငါ့ကို မကြည့်ကြနဲ့... ငါလည်း ဒီလူက ဘယ်သူလဲဆိုတာ မသိဘူး..."

ထိုစဉ်မှာပင် ဧရာမလက်ဝါးကြီးသည် ပင်လယ်ရေပြင်မှ ပြန်လည်ထွက်ပေါ်လာပြီး ထိုသိုင်းပညာရှင်အုပ်စုကို ဆက်လက် နှိမ်နင်းတော့သည်။ သိုင်းပညာရှင်များသည် အသည်းထိအောင် ကြောက်လန့်သွားကြသဖြင့် မဆိုင်းမတွဘဲ လှည့်ပြန်ပြေးကြရာ သူတို့ဘဝတွင် တစ်ခါမျှ မပြေးဖူးသည့် အရှိန်နှုန်းများဖြင့် အသက်လု ထွက်ပြေးကြတော့သည်။

သို့သော်လည်း သူတို့ မည်မျှပင် မြန်ပါစေဦးတော့ ထိုလက်ဝါးကြီး၏ ဖမ်းဆီးမှုမှ မလွတ်မြောက်နိုင်ခဲ့ကြချေ။ တစ်ယောက်ပြီးတစ်ယောက် စကျင်ကျောက်လုံးများပမာ လွှင့်ပစ်ခြင်း ခံလိုက်ရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ကြရာ အသက်ရှင်သန်ခြင်း ရှိမရှိကိုပင် မသိနိုင်တော့ချေ။

ထိုယင်ကောင်တအုပ်ကို ရှင်းလင်းပြီးနောက် လင်းပိုင်ဖန်သည် နဂါးကြီးကို ဖမ်းဆီးရန် လက်ကို ထပ်မံဆန့်တန်းလိုက်သည်။

ထိုလူများ၏ အဖြစ်ဆိုးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသော နဂါးကြီးသည် အသည်းတုန်လှုပ်မတတ် ကြောက်လန့်သွားခဲ့ပြီး နဂါးတို့၏ ဂုဏ်သိက္ခာကိုပင် မငဲ့ကွက်နိုင်တော့ဘဲ ငါးရှဉ့်တစ်ကောင်ကဲ့သို့ လျှောခနဲ ထွက်ပြေးပုန်းအောင်းတော့သည်။

"ငါ့နောက်ကို သိမ်သိမ်မွေ့မွေ့လေး လိုက်ခဲ့စမ်း..."

ဧရာမလက်ဝါးကြီးသည် ဟင်းလင်းပြင်ကိုပင် ဖောက်ထွက်သွားပုံရပြီး နဂါးကြီးကို ဖမ်းဆီးကာ ပင်လယ်ရေပြင်မှ တဖြည်းဖြည်း ဆွဲထုတ်လိုက်တော့သည်။ နဂါးကြီးသည် မည်မျှပင် ရုန်းကန်ပါစေဦးတော့ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ချေ။ နောက်ဆုံးတွင်မူ ၎င်းသည် လက်ဝါးကြီးနှင့်အတူ ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားခဲ့လေတော့သည်။

အပိုင်း (၅၉၂)

ခန့်ညားထည်ဝါလှသော နဂါးကြီးတစ်ကောင်သည် နတ်ဘုရားအင်ပါယာ၏ မြေအောက် နက်ရှိုင်းလှသော ဂူကြီးတစ်ခုအတွင်း၌ တုန်တုန်ရင်ရင်ဖြင့် ဝပ်စင်းနေခဲ့သည်။

ဤနဂါးကြီးသည် လင်းပိုင်ဖန် အခြားလောကမှ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် နဂါးကြီးပင် ဖြစ်သည်။

၎င်းကို ခေါ်ဆောင်လာပြီးနောက် လင်းပိုင်ဖန်သည် အင်ပါယာမြေပုံ၏ စွမ်းအားကို အသုံးပြုကာ ထိုမြေအောက်နက်ရှိုင်းရာအရပ်ကို နဂါးကြီးအား အထူးပိတ်လှောင်ရန်အတွက် ခိုင်ခံ့လှသော အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ထိုဂူကြီး၏ နံရံများကို အလွန်တရာမာကြောကာ အပူဒဏ်ခံနိုင်သည့် ထူထဲလှသော သံမဏိများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

မြင့်မြတ်ကောင်းကင်အဆင့် တစ်ယောက်ပင်လျှင် ဤနေရာမှ ဖောက်ထွက်ရန် အတော်လေး အားစိုက်ထုတ်ရမည်ဖြစ်ရာ မဟာကောင်းကင်အဆင့် ခွန်အားမျှသာရှိသော နဂါးကြီးတစ်ကောင်ကို ပိတ်လှောင်ထားရန်အတွက်မူ လုံလောက်သည်ထက်ပင် ပိုနေချေတော့သည်။

ထို့ပြင် ထိုမျှနှင့်မလုံလောက်သေးလျှင်ပင် သူ ရှိနေသေးသည်။

နဂါးကြီးအနေဖြင့် ထူးဆန်းသော လှုပ်ရှားမှုတစ်စုံတစ်ရာ ပြုလုပ်သည်နှင့် သူ ချက်ချင်း သိရှိသွားမည်ဖြစ်ပြီး ကိုယ်တိုင်လာရောက် ရှင်းလင်းမည် ဖြစ်သည်။

"နောက်ဆိုရင် မင်း ဒီနေရာမှာပဲ လိမ်လိမ်မာမာနဲ့ နေရမယ်... ဘယ်မှ လျှောက်သွားလို့မရဘူး... ကြားလား... ငါ့စကားကို မနာခံရင်တော့ အကျိုးဆက်ကို မင်း ခံစားရလိမ့်မယ်..."

လင်းပိုင်ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော်လည်း နဂါးကြီးမှာမူ တစ်ကိုယ်လုံး စိမ့်တက်သွားကာ တုန်တုန်ရင်ရင်ဖြင့် - "ဒီနဂါး... ဒီနဂါး နားလည်ပါပြီ... အရှင်... အရှင်က ကျွန်ုပ်ကို သတ်မလို့လား..."

လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး - "မသတ်ပါဘူး..."

နဂါးကြီးသည် စိတ်ထဲမှနေ၍ သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည် - "တော်သေးတာပေါ့..."

လင်းပိုင်ဖန်က ပြုံးလျက် - "နဂါးတစ်ကိုယ်လုံးက ရတနာတွေချည်းပဲဟာ...၊ မင်းကို သတ်ပစ်လိုက်ရင် နှမြောစရာကြီး ဖြစ်သွားမှာပေါ့... ၊ ငါက မင်းကို ဒီအတိုင်း မွေးထားပြီး တစ်ခါတလေကျရင် အသားလေး နည်းနည်းလှီး၊ သွေးလေး နည်းနည်းထုတ်မလို့လေ...၊ ဒါမှ ငါ့အတွက် အမြဲတမ်း အထောက်အပံ့ ရနေမှာ..."

နဂါးကြီးမှာ ဒေါသအိုး ပေါက်ကွဲသွားတော့သည်။ တစ်ဖက်လူက သူ့ကို အချိန်မရွေး အသုံးချခံရမည့် တိရစ္ဆာန်တစ်ကောင်လို ဆက်ဆံဖို့ ကြံစည်နေသည် မဟုတ်ပါလား။

သူသည် နှစ်ပေါင်းများစွာ အသက်ရှင်သန်လာခဲ့သည့်တိုင် မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို ဤကဲ့သို့ စော်ကားဝံ့ခြင်း မရှိခဲ့ဖူးချေ။ ဒါက တကယ့်ကို လွန်လွန်းလှသည်။

နဂါးကြီးသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးရှိ အကြေးခွံများပင် ထောင်ထလာကာ အမြီးကို ဝှေ့ယမ်း၍ ခေါင်းကို မြင့်နိုင်သမျှ မြင့်အောင် မော့လျက် လင်းပိုင်ဖန်အား မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည် - "နဂါးတို့ရဲ့ ဂုဏ်သိက္ခာကို စော်ကားလို့ မရဘူးကွ..."

လင်းပိုင်ဖန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး - "မင်း အခု ဘာပြောလိုက်တာလဲ... ငါ သိပ်မကြားရလိုက်ဘူး... နောက်တစ်ခေါက် ပြန်ပြောကြည့်စမ်း..."

နဂါးကြီးက ဆက်လက်၍ ဟိန်းဟောက်လိုက်သည် - "နဂါးတို့ရဲ့ ဂုဏ်သိက္ခာကို စော်ကားလို့ မရဘူး... အရှင်ကလွဲလို့ပေါ့..."

လင်းပိုင်ဖန်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပြီး - "မင်းက အခြေအနေကို ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း သဘောပေါက်တာပဲ... တကယ့်ကို ဒဏ္ဍာရီထဲက နဂါးပီသပါပေတယ်..."

နဂါးကြီးက ထပ်မံ ကြုံးဝါးလိုက်သည် - "ဒါပေါ့... ပညာရှိတဲ့နဂါးပဲ အခြေအနေကို နားလည်တာ..."

"အလွန်ကောင်းတယ်..."

လင်းပိုင်ဖန်သည် တောက်ပနေသော 'ရွှမ်ရှောင်' နတ်ဓားကို ထုတ်ယူလိုက်ပြီး - "ဒါဆို ငါ စတော့မယ်နော်... နည်းနည်းတော့ နာလိမ့်မယ်... အောင့်ခံလိုက်ဦး..."

ထို့နောက်တွင်တော့ နဂါးကြီး၏ ဒေါသထွက်သော်လည်း တတ်နိုင်ခြင်းမရှိသည့် အကြည့်များအောက်တွင် လင်းပိုင်ဖန်သည် အကြေးခွံတစ်ခုကို ခွာယူ၊ နဂါးသားအချို့ကို လှီးဖြတ်ကာ နဂါးသွေးအချို့ကိုပါ ထုတ်ယူပြီးနောက် ကျေနပ်အားရစွာဖြင့် ထွက်ခွာသွားခဲ့တော့သည်။ "ဒီမှာပဲ ငြိမ်ငြိမ်လေးနေပြီး ငါ့အစီအစဥ်တွေမှာ ပူးပေါင်းပါဝင်ပေးပါ၊... ငါ့ကို ပြဿနာမရှာနဲ့... ကောင်းကောင်းမွန်မွန် နေမယ်ဆိုရင် မင်းကို လွှတ်ပေးရုံတင်မကဘူး၊ မင်းရဲ့ ကျင့်စဉ်အဆင့် တက်လှမ်းနိုင်ဖို့ပါ ငါ ကူညီပေးဦးမှာ..."

လင်းပိုင်ဖန် ချက်ချင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း နဂါးကြီးသည်လည်း ရင်ထဲ၌ ခဲနေသော အပူတုံးကြီး ကျသွားတော့သည်။

"ဒီလူက ဘယ်သူလဲဆိုတာတောင် ငါ မသိဘူး... တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်..."

သူသည် နှစ်ပေါင်းထောင်ချီ အသက်ရှင်သန်ခဲ့ပြီး ပါရမီရှင် အမြောက်အမြားကို မြင်တွေ့ဖူးခဲ့သော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လူသားမျိုးကိုမူ တစ်ခါမျှ မကြုံဖူးခဲ့ချေ။

တစ်ဖက်လူ၏ အကြည့်တစ်ချက်တည်းနှင့်ပင် သူ့ကို သတ်ပစ်နိုင်စွမ်း ရှိပုံရသည်။

ကျိန်စာသင့်သလိုပဲ... ကြောက်စရာကောင်းလိုက်တာ။

သူ စဉ်းစားလေလေ ပို၍ စိတ်ရှုပ်ထွေးလေလေ ဖြစ်လာသဖြင့် ဆက်မတွေးရန်သာ ဆုံးဖြတ်လိုက်တော့သည်။

နဂါးကြီးသည် ၎င်း၏ ဧရာမခေါင်းကြီးကို ခါယမ်းကာ ခန္ဓာကိုယ်ကို ခွေလိပ်လျက် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့လေသည်။

ဤအချိန်တွင် လင်းပိုင်ဖန်သည် နဂါးကြီး၏ ခန္ဓာကိုယ်မှ ရရှိလာသော ရတနာများကို ယူဆောင်၍ လူတစ်ယောက်ထံသို့ သွားရောက်ရှာဖွေနေခဲ့သည်။

"ဆရာကြီး အိုးယမ်ဇီ... ငါကိုယ်တော် မောင်မင်းကို ပြစရာ အကောင်းစားအရာတစ်ခု ယူလာတယ်..."

မီးတောင်အနီးတွင် ဓားများကို သွန်းလုပ်နေသော အိုးယမ်ဇီသည် အလွန်ပင် အံ့အားသင့်သွားပြီး - "အရှင်မင်းကြီး... ဘယ်လို အကောင်းစားအရာမို့လို့ အရှင်ကိုယ်တိုင် လာရောက် ပို့ဆောင်ပေးရတာလဲ..."

"ကြည့်လိုက်စမ်း..." လင်းပိုင်ဖန်က လူများကို ယူဆောင်လာခိုင်းလိုက်သည်။

ဒိုင်းတစ်ခုနီးပါး ကြီးမားလှသော နဂါးအကြေးခွံတစ်ခုသည် အိုးယမ်ဇီ၏ ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။

"ဒါက..." အိုးယမ်ဇီသည် လက်ထဲမှ ကိရိယာကို ချလိုက်ပြီး လင်းပိုင်ဖန်ထံသို့ အပြေးအလွှား ချဉ်းကပ်လာခဲ့သည်။

ထိုအရာကို မျက်မှောင်ကုတ်လျက် အသေအချာ စစ်ဆေးပြီးနောက် သူက - "ဒါက အကြေးခွံတစ်ခုနဲ့ တူတယ်... ဒါပေမဲ့ ဘယ်လို ကြောက်မက်ဖွယ် သားရဲမျိုးရဲ့ အကြေးခွံလဲ... ဧရာမကြီးပါလား...၊ ဒါ့ပြင် ဒီအကြေးခွံကနေ အလွန်အမင်း ပြင်းထန်လှတဲ့ ဖိအားကိုတောင် ခံစားနေရတယ်... နဂါးတစ်ကောင်ဆီက ဖြစ်နိုင်မလား..." လင်းပိုင်ဖန်သည် စိတ်ထဲမှ ကျေနပ်သွားပြီး အိုးယမ်ဇီ၏ အမှန်တရားကို တစ်ချက်တည်းနှင့် ထိုးထွင်းသိမြင်နိုင်သော စူးရှသည့် မျက်လုံးကို ချီးကျူးမိသည်။

သို့သော်လည်း အိုးယမ်ဇီအနေဖြင့် သူ၏ ဦးနှောက်ကို မည်မျှပင် သုံးပါစေဦးတော့ ဤအရာသည် အမှန်တကယ် နဂါးအကြေးခွံ ဖြစ်လိမ့်မည်ဟုကား စိတ်ကူးမိမည် မဟုတ်ချေ။

"လောကကြီးက ကျယ်ပြောလှတာပဲ... မရှိတာထက် ရှိတာက ပိုများပါတယ်... ငါတို့လောကမှာတောင် မြေကမ္ဘာအင်မော်တယ်တွေ ပေါ်ထွန်းနိုင်သေးတာပဲ... ရှေးဦးသားရဲအချို့ ရှိနေတာကလည်း မဆန်းပါဘူး...၊ ဒါကို ငါကိုယ်တော် အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တာပဲ...၊ လက်နက်လုပ်ဖို့ ကောင်းတဲ့ ပစ္စည်းတစ်ခုလို့ တွေးမိလို့လေ...၊ ဒါကို သုံးလို့ရမယ်လို့ ထင်လား..."

အိုးယမ်ဇီသည် ထိုအကြေးခွံကို လက်နှစ်ဖက်ဖြင့် ပင့်မကာ အသာအယာ တောက်ခေါက်၍ သေချာစွာ စစ်ဆေးပြီးနောက် ဝမ်းသာအားရ ပြောလိုက်သည် - "အရှင်မင်းကြီး... ဒါပေါ့ သုံးလို့ရတာပေါ့... ဒါက လက်နက်သွန်းလုပ်ဖို့အတွက် အလွန် အဖိုးတန်ပြီး ရှားပါးတဲ့ ပစ္စည်းပဲ...။ အလွန်အမင်း မာကြောလွန်းလို့ နတ်ဘုရားလက်နက်တွေတောင် ဒါကို ပျက်စီးအောင် လုပ်ဖို့ ခက်ခဲလိမ့်မယ်... ဒါကိုသာ နတ်ဘုရားလက်နက်တစ်ခုအဖြစ် သွန်းလုပ်မယ်ဆိုရင် နတ်ဘုရားအဆင့် လက်နက်ဖြစ်လာဖို့ ရာနှုန်းပြည့် သေချာပါတယ်..."

လင်းပိုင်ဖန်သည်လည်း ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည် - "ကောင်းပြီ..."

ထိုနဂါးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံပေါင်း သောင်းချီ၍ ရှိနေသည်ကို သိထားရမည် ဖြစ်သည်။

သူ့တစ်ကိုယ်လုံးက အကြေးခွံတွေကိုသာ အကုန် ခွာယူလိုက်ရင် နတ်ဘုရားလက်နက်တွေ ဘယ်လောက်တောင် သွန်းလုပ်နိုင်လိုက်မလဲ။

ထို့ပြင် သူ၏ ဖန်ဆင်းခြင်းလက်ဝါးနှင့်သာ ထပ်မံ အဆင့်မြှင့်တင်လိုက်မည်ဆိုလျှင်...

ထိုအခြင်းအရာကို တွေးမိရုံမျှဖြင့် လင်းပိုင်ဖန်တစ်ယောက် အလွန်ပင် ပျော်ရွှင်သွားခဲ့ရသည်။

ထိုစဉ်မှာပင် ဂူအကျဉ်းထောင်ထဲ၌ အိပ်ပျော်နေသော ဧရာမနဂါးကြီးသည် မခံမရပ်နိုင်ဖြစ်ကာ နှာချေလိုက်မိတော့သည်။

အိုးယမ်ဇီကို နှုတ်ဆက်ပြီးနောက် လင်းပိုင်ဖန်သည် လေးရာသီချိုင့်ဝှမ်းသို့ ရောက်ရှိလာခဲ့သည်။

"အရှင်မင်းကြီး... ဘာကိစ္စရှိလို့ ဒီကို ကြွလာရတာပါလဲ..." လျိုဝမ်ချင်းက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

အတွေ့အကြုံရှိပြီးသား လင်းပိုင်ဖန်က ချက်ချင်းပင် - “ကိုယ်ချစ်ရသူလေးရယ်... တစ်ရက်ကွာဝေးရတာ တစ်ဘဝ ပြောင်းလဲသွားသလို ခံစားရလို့ပေါ့...၊ ဒါကြောင့် မင်းကို တွေ့ချင်လို့ သီးသန့်လာခဲ့တာ...၊ ပြီးတော့ မင်း သဘောကျမယ်လို့ မျှော်လင့်ရတဲ့ အကောင်းစားပစ္စည်းလေးလည်း ယူလာခဲ့တယ်..." လို့ ပြောလိုက်သည်။

လျိုဝမ်ချင်းသည် ပျားရည်ကျွေးခံလိုက်ရသလို စိတ်ထဲ၌ အလွန်ပင် ချိုမြိန်သွားခဲ့ရသည်။

ဧကရာဇ်သည် အရာရာတိုင်းတွင် ပြည့်စုံလွန်းလှသည်။ သို့သော် သူ၏ စကားလုံးများက အလွန်ပင် ယစ်မူးစရာကောင်းလှသဖြင့် အချိန်တိုင်း လူကို အရည်ပျော်သွားစေကာ ရုန်းမထွက်နိုင်အောင် ဖမ်းစားနိုင်လွန်းလှသည်။

လျိုဝမ်ချင်းက ဝမ်းသာအားရဖြင့် - "အရှင်မင်းကြီး... ဘယ်လို အကောင်းစားအရာကို ယူလာပေးတာလဲ..." လို့ မေးလိုက်သည်။

လင်းပိုင်ဖန်က လူများကို ယူဆောင်လာခိုင်းလိုက်ရာ လူတစ်ဖက်စာခန့် ပွေ့ဖက်ရလောက်သည့် ဂျင်တစ်ရာနီးပါးရှိသော အိုးကြီးတစ်လုံး ပေါ်လာခဲ့သည်။

အိုးအဖုံးကို ဖွင့်၍ အထဲသို့ ကြည့်လိုက်သောအခါ ရွှေနီရောင် သန်းနေသော အရည်များကို တွေ့လိုက်ရသည်။

နေရောင်အောက်တွင် ထိုအရည်များသည် စွဲမက်ဖွယ်ကောင်းသော အလင်းတန်းများဖြင့် တောက်ပနေလေသည်။

"ဒါက... သွေးနဲ့ တူတယ်..."

လင်းပိုင်ဖန်က ခေါင်းငြိမ့်ပြကာ - "ဒါက သွေးပဲ..."

"ဒီသွေးက သာမန်လူသားတွေ ဒါမှမဟုတ် တိရစ္ဆာန်တွေရဲ့ သွေးနဲ့ မတူဘူး... ကျွန်မလည်း တစ်ခါမျှ မမြင်ဖူးတဲ့ သွေးမျိုးပဲ...၊ ဒါ့အပြင် ဒီသွေးက ပြင်းထန်လှတဲ့ အသက်စွမ်းအင်တွေနဲ့ ပြည့်နှက်နေပြီး နတ်ဘုရားဆေးလုံး တစ်လုံးနဲ့တောင် နှိုင်းယှဉ်လို့ရတယ်...၊ ဒါကို သောက်သုံးရင် ခန္ဓာကိုယ်အင်အားကို ချက်ချင်း ပြန်လည်ပြည့်ဖြိုးစေနိုင်ပြီး အရေးကြုံလာရင် အသက်ကိုတောင် ကယ်ဆယ်နိုင်လိမ့်မယ်...။ ဆေးဝါးတွေ ဖော်စပ်ရာမှာလည်း ဆေးစွမ်းကို မြှင့်တင်ဖို့အတွက် ဆေးကူပစ္စည်းအနေနဲ့ သုံးလို့ရသေးတယ်..."

လျိုဝမ်ချင်းသည် စကားပြောရင်း ပို၍ ပို၍ စိတ်လှုပ်ရှားလာကာ - "အရှင်မင်းကြီး... ဒါက အဖိုးဖြတ်မရတဲ့ ရတနာပဲ... ဒါကို ဘယ်ကနေ ရခဲ့တာလဲ..." လို့ မေးလိုက်သည်။

လင်းပိုင်ဖန်က ပြုံးလျက် - "အမှတ်မထင် ရရှိခဲ့တာပါ... ဒီသွေးရဲ့ အသုံးဝင်ပုံတွေကို မင်း ထပ်ပြီး ပြောပြပါဦး..."

လျိုဝမ်ချင်းက ဆက်လက် ရှင်းပြပြီးနောက် နောက်ဆုံးတွင် - "အရှင်မင်းကြီး... ကျွန်မအနေနဲ့ ဒီသွေးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်လို့ အပြည့်အဝတော့ နားမလည်သေးဘူး...၊ သူ့ရဲ့ တိကျတဲ့ အာနိသင်ကို သိရဖို့အတွက် နောက်ထပ် သုတေသနပြုလုပ်ဖို့ လိုအပ်ပါသေးတယ်... ခွင့်လွှတ်ပေးပါ..." လို့ ဆိုလိုက်သည်။

"ကိစ္စမရှိဘူး... အေးအေးဆေးဆေးပဲ သုတေသနလုပ်ပါ...။ ငါ့မှာ ဒီသွေးတွေ အများကြီးရှိတယ်... မလောက်ရင် ငါ့ကိုသာ အသိပေးလိုက်..." လင်းပိုင်ဖန်က ရက်ရက်ရောရော ပြောလိုက်သည်။

ထိုအချိန်တွင် အိပ်မောကျနေဆဲဖြစ်သော ဧရာမနဂါးကြီးသည် နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ နှာချေလိုက်မိပြန်သည်။

All Chapters