← Chapters

အခန်း (၅၉၃-၅၉၄)

Vol. 55 Ch. 593-594

အခန်း (၅၉၃-၅၉၄)

Vol. 55 Ch. 593-594

အပိုင်း (၅၉၃)

ထိုကြီးမားလှတဲ့ ရှာဖွေတွေ့ရှိမှု နှစ်ခုကြောင့် လင်းပိုင်ဖန်တစ်ယောက် အလွန်အမင်း ဝမ်းမြောက်ပျော်ရွှင်သွားခဲ့ပြီး သူချစ်မြတ်နိုးရသော ကြင်ယာတော်များကို တည်ခင်းဧည့်ခံရန်အတွက် နဂါးသားအချို့ကို ယူဆောင်လာခဲ့သည်။

ထိုဧရာမနဂါးကြီး၏ အသားကို ပါးပါးလွှာလွှာ အချပ်လေးများ လှီးဖြတ်ကာ မီးသွေးဖိုပေါ်တွင် အသာအယာ ကင်လိုက်ကြသည်။

မည်သည့် ဟင်းခတ်အမွှေးအကြိုင်မျှ ထည့်စရာမလိုဘဲ ခဏချင်းအတွင်းမှာပင် နဂါးသားမှ ဆီများ တစီစီထွက်လာကာ တစ်နန်းတော်လုံး ပျံ့လွင့်သွားပြီး၊ ထူးခြားဆန်းသစ်ပြီး မွှေးကြိုင်လှသော ရနံ့ကြောင့် လူတိုင်းကို သွားရည်ကျစေခဲ့တော့သည်။

ဒါကပဲ "အဆင့်မြင့်လွန်းတဲ့ ပစ္စည်းတွေဟာ ရိုးရှင်းဆုံး ချက်ပြုတ်နည်းကိုပဲ လိုအပ်တယ်" ဆိုတဲ့ စကားပုံကို သက်သေပြနေခြင်းပင် ဖြစ်ချေ၏။

လင်းပိုင်ဖန်က လက်ဟန်ပြလိုက်ရင်း - "ချစ်ရတဲ့ ကြင်ယာတော်တို့ရေ... အားမနာတမ်း သုံးဆောင်ကြပါ..."

ကြင်ယာတော်များကလည်း - "အရှင်မင်းကြီး... အရင်ဆုံး မြည်းစမ်းကြည့်ပါဦး..." ဟု ပြန်လည် လျှောက်တင်ကြသည်။

နန်းတွင်းကျင့်ဝတ်နှင့်အညီ လင်းပိုင်ဖန်သည်လည်း တွေဝေမနေဘဲ တူဖြင့် နဂါးသားတစ်ဖက်ကို ညှပ်ကာ ပါးစပ်ထဲသို့ ထည့်ပြီး အသာအယာ ဝါးလိုက်သည်။

ထိုအခါ နဂါးသားသည် ပါးစပ်ထဲ၌ပင် အရည်ပျော်သွားခဲ့တော့သည်။ နှစ်ချက်သုံးချက်မျှ ဝါးလိုက်ရုံဖြင့် တစ်ကိုယ်လုံး လန်းဆန်းသွားစေမည့် မွှေးပျံ့ချိုမြိန်လှသော အရသာကို ပေးစွမ်းနိုင်လေသည်။

ဒါကတော့ လင်းပိုင်ဖန် တစ်သက်တာမှာ မြည်းစမ်းဖူးသမျှ အကောင်းတကာ့ အကောင်းဆုံး အစားအစာပင် ဖြစ်ချေတော့သည်။

သူက နောက်နောင်တွင်လည်း ဤအသားကို ပုံမှန်စားသုံးရန် ဆုံးဖြတ်လိုက်သည်။

ကမ္ဘာဦးကတည်းက ယနေ့တိုင် တစ်ဦးတည်းသော နတ်ဘုရားအင်ပါယာ၏ ဧကရာဇ် ဖြစ်သည်နှင့်အညီ နဂါးသားကိုစား၊ နဂါးသွေးကိုသောက်ပြီး လောက၌ အကောင်းဆုံးသော အရသာများကို ခံစားသင့်သည် မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် ထိုနဂါးကြီးက ကြီးလည်းကြီး၊ ဆီလည်းဆူပြီး အသားတွေကလည်း တောင်လိုပုံနေတာ၊ နည်းနည်းလောက် လှီးဖြတ်လိုက်ရင်တောင် ပြန်ပေါက်လာမှာဆိုတော့ နည်းနည်း ပိုစားမိလည်း ပြဿနာမရှိပါဘူးလေ။

မြေအောက်၌ ဝပ်စင်းနေသော ဧရာမနဂါးကြီးမှာမူ မခံမရပ်နိုင်ဖြစ်ကာ နောက်ထပ် နှာချေလိုက်မိပြန်သည်။

လင်းပိုင်ဖန်အတွက်မူ ဤနဂါးသားက ဆာလောင်မှုကို ဖြေဖျောက်ပေးရုံသာ ရှိသော်လည်း အခြားသူများအတွက်မူ အကျိုးအာနိသင်က တခြားစီပင်။

ဥပမာအားဖြင့် ယောင်ယောင်ဆိုလျှင် နဂါးသားကို တစ်လုပ်မျှ စားပြီးသည်နှင့် မျက်လုံးများ ချက်ချင်း တောက်ပသွားကာ မြေပြင်ပေါ်တွင် ထိုင်လျက် တရားထိုင်ကာ ကျင့်စဉ် စတင်လေ့ကျင့်တော့သည်။

ခဏချင်းအတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်မှ 'ဦးခေါင်းထက် ပန်းသုံးပွင့်ပွင့်ကာ စွမ်းအင်ငါးပါး မူလသို့ ပြန်လည်စီးဆင်းခြင်း' ဟူသော ပြင်းထန်လှသည့် ကျင့်စဉ်အခြေအနေကို ထင်ဟပ်လာစေသည်။ သူမ၏ ခွန်အားများသည်လည်း သိသိသာသာ တိုးတက်လာခဲ့ရာ လပေါင်းများစွာ ပင်ပန်းကြီးစွာ ကျင့်ကြံခဲ့ရသလိုမျိုးပင်။

အခြားသော သိုင်းပညာကျွမ်းကျင်သည့် အမျိုးသမီးများလည်း ကြီးမားလှသော အကျိုးကျေးဇူးများကို ရရှိခဲ့ကြသည်။

သိုင်းပညာ မတတ်မြောက်သော အမျိုးသမီးများပင်လျှင် ခွန်အားများ တိုးပွားမလာသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းသွားကာ ဆဲလ်တစ်ခုချင်းစီတိုင်း နိုးကြားတက်ကြွလာပြီး ပြည့်လျှံနေသော အသက်စွမ်းအင်များကို ခံစားလိုက်ရသည်။

ကြင်ယာတော် ချူးက မမေးဘဲ မနေနိုင်တော့ဘဲ - "အရှင်မင်းကြီး... ဒါက ဘယ်လို သားရဲရဲ့ အသားမို့လို့ စားပြီးတာနဲ့ ဒီလောက်တောင် အစွမ်းထက်ရတာလဲ... ကျွန်မရဲ့ ကျင့်စဉ်အဆင့်က တစ်ဆင့်ထက်မက တက်လှမ်းသွားတယ်..." ဟု မေးမြန်းလိုက်သည်။

အခြားသော အမျိုးသမီးများကလည်း မချင့်မရဲဖြင့် မေးခွန်းပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်။

လင်းပိုင်ဖန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး - "ချစ်ရတဲ့ ကြင်ယာတော်တို့... ဒီအသားရဲ့ သဘောသဘာဝက နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်ဖြစ်လို့ ထုတ်ဖော်ပြောဖို့ မသင့်တော်ဘူး...။ ဒါပေမဲ့ ဒါက တကယ့်ကို နတ်ဆေးလုံးနဲ့ နှိုင်းယှဉ်လို့ရတဲ့ ရတနာတစ်ခုပဲ...၊ ဒါကို စားသုံးရင် ကိုယ့်ရဲ့စွမ်းအားကို တိုးတက်စေရုံတင်မကဘူး၊ ဒဏ်ရာတွေကို သက်သာစေတယ်၊ ရောဂါတွေကို ပျောက်ကင်းစေပြီး အိုမင်းရင့်ရော်မှုကိုပါ တားဆီးပေးနိုင်တယ်... ပုံမှန်စားသုံးပေးမယ်ဆိုရင် သက်တမ်းကို အနှစ်တစ်ရာလောက် အသာလေး တိုးစေမှာ..."

အမျိုးသမီးများ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကာ - "တကယ်လား အရှင်မင်းကြီး..."

၎င်းတို့အနေဖြင့် အခြားအာနိသင်များကို သိပ်စိတ်မဝင်စားသော်လည်း "အိုမင်းရော်မှုကို တားဆီးပေးတယ်" ဆိုသည့် စကားလုံးကမူ အမျိုးသမီးများဖြစ်သည့်အလျောက် ဆွဲဆောင်မှု အရှိဆုံး ဖြစ်နေသည်။ ဘယ်အမျိုးသမီးက မိမိရဲ့ နုပျိုမှုကို မထိန်းသိမ်းချင်ဘဲ နေပါ့မလဲ။

၎င်းတို့သည် ရုပ်ရည်ကို ထိန်းသိမ်းပေးသည့် 'အလှထိန်းဆေးလုံး' ကို သောက်သုံးထားကြသော်လည်း ထိုဆေးလုံးက တကယ်အလုပ်လုပ်လား၊ မလုပ်လားကို သိနိုင်လောက်သည့် အသက်အရွယ်သို့ မရောက်သေးချေ။

ယခုမူ အိုမင်းရင့်ရော်မှုကိုပါ တားဆီးပေးနိုင်သည့် နတ်ဘုရားအဆင့် ပစ္စည်းတစ်ခု ထပ်မံရရှိလိုက်ပြီဖြစ်ရာ မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

"ဒါပေါ့ တကယ်ပေါ့... ကိုယ်က မင်းတို့ကို ဘာလို့ ညာရမှာလဲ..."

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး - "ကိုယ်လည်း ကိုယ်ချစ်ရတဲ့ ကြင်ယာတော်တို့နဲ့အတူ ထာဝရ လက်တွဲသွားချင်တာပေါ့... ဘယ်တော့မှ မခွဲခွာချင်ဘူး..."

ကြင်ယာတော်များ၏ ရင်ထဲ၌ လှိုက်လှိုက်လှဲလှဲဖြင့် ချိုမြိန်သွားကြတော့သည်။

လောကကြီးတစ်ခုလုံးရဲ့ အာဏာကို ဆုပ်ကိုင်ထားရသည့်တိုင် သူတို့ရဲ့ ခင်ပွန်းသည်က သူတို့ကို ဘယ်တော့မှ လျစ်လျူမရှုဘဲ အလေးအနက်ထား ချစ်ခင်ပေးနေဆဲ မဟုတ်ပါလား။

ဒီဘဝမှာ အရှင်မင်းကြီးလို ကြီးမြတ်တဲ့ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ခွင့်ရတာ တကယ့်ကို တန်ပါပေတယ်။

"အရှင်မင်းကြီး... ကျွန်မတို့က နတ်မိမယ်တွေမှ မဟုတ်တာ... ဘယ်လိုလုပ် ထာဝရ အတူတူ နေနိုင်ပါ့မလဲ... အရှင်မင်းကြီးနဲ့ ဒီတစ်ဘဝလုံး အတူတူ ဖြတ်သန်းခွင့်ရရင်ပဲ လုံလောက်ပါပြီ... လောဘ သိပ်မကြီးချင်ပါဘူး..." ကြင်ယာတော် ယွဲ့က ချစ်စနိုးဖြင့် ရွှန်းရွှန်းဝေအောင် ပြောလိုက်လေသည်။

"ကိုယ်က ဖြစ်နိုင်တယ်လို့ ပြောရင်... ဧကန်အမှန် ဖြစ်ကို ဖြစ်ရမယ်..." လင်းပိုင်ဖန်က ခိုင်မာပြတ်သားပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

မဟာရှအင်ပါယာ၏ အင်အားကြီးမားလာမှုနှင့်အတူ သူ၏ ခွန်အားများကလည်း တိုးတက်လာမည်ဖြစ်သည်။

ခွန်အားတွေ တိုးလာတာနဲ့အမျှ သူလည်း ပိုပြီး အသက်ရှည်ရှည် နေနိုင်လာလိမ့်မည် ဖြစ်သည်။

နောက်ဆုံးမှာတော့ ဒဏ္ဍာရီထဲက နတ်ဘုရားတွေလိုမျိုး ထာဝရ အသက်ရှင်သန်ပြီး ကောင်းကင်ကြီးလို သက်တမ်းရှည်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ဒါ့အပြင် အင်ပါယာ မြေပုံကလည်း သူ့ရဲ့ အကန့်အသတ်ကို မရောက်သေးဘဲ ဆက်လက်တိုးတက်နေဦးမှာ ဖြစ်သည်။

လင်းပိုင်ဖန်အနေဖြင့် နတ်ဘုရားအင်ပါယာ၏ အထက်တွင် ‘အင်မော်တယ်အင်ပါယာ' ဆိုတာ ရှိသေးကြောင်း စုံစမ်းသိရှိထားပြီးသား ဖြစ်သည်။

အင်ပါယာမြေပုံတွင် ကောင်းကင်တာအိုဆိုသည့် အခြေအနေလည်း ရှိနေသေးသည်။

အင်မော်တယ်အင်ပါယာ ဆိုသည်မှာ လောကတစ်ခုလုံးကို မိမိ၏ နယ်မြေအဖြစ် ပြောင်းလဲပစ်ပြီး ကောင်းကင်တာအို၏ အလိုဆန္ဒကို မိမိအလိုဆန္ဒဖြင့် အစားထိုးကာ ကောင်းကင်တာအို၏ နှလုံးသားကို မိမိနှလုံးသားအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ထိုအခါ သူက ကောင်းကင်တာအို၏ ကိုယ်ပွားဖြစ်လာပြီး လောကအပေါ် အကြွင်းမဲ့အာဏာကို စိုးမိုးကာ သူပြောသမျှက ဥပဒေဖြစ်လာပြီး မည်သူမျှ မဖီဆန်ဝံ့တော့ချေ။

ထိုအချိန်သို့ ရောက်လျှင် သူ၏ သက်တမ်းသည် ကမ္ဘာလောကကြီးနှင့် တစ်သားတည်း ဖြစ်သွားပေလိမ့်မည်။

လောကကြီး မပျက်သုဉ်းသရွေ့ သူလည်း ပျက်သုဉ်းလိမ့်မည် မဟုတ်ချေ။

ထာဝရ အသက်ရှင်ရုံတင်မကဘဲ သူ၏ ကမ္ဘာလောကကို အခြေစိုက်စခန်းအဖြစ် သုံးကာ အခြားသော ကမ္ဘာလောကများကိုပါ စစ်မက်ပြုပြီး နယ်မြေများ ဆက်လက်ချဲ့ထွင်နိုင်မည် ဖြစ်သည်။

သူသာ ထာဝရ အသက်ရှင်နိုင်မည်ဆိုလျှင် သူ၏ အမျိုးသမီးများကိုလည်း မသေမျိုးအဖြစ်ဖြင့် သူနှင့်အတူ ရှိနေစေချင်သည်။

မဟုတ်လျှင် ထိုခရီးစဉ်ကြီးက အထီးကျန်လွန်းနေလိမ့်မည် မဟုတ်ပါလော။

ဒါပေမဲ့ ဒီကြီးမားလှတဲ့ ရည်မှန်းချက်ကြီးကို မအောင်မြင်ခင်မှာတော့ အရှေ့က အတားအဆီးတွေကို ရှင်းထုတ်ဖို့အတွက် မြင့်မြတ် နတ်သားရဲကြီး လေးကောင်ကို အရင်ဆုံး နှိမ်နင်းဖို့ လိုအပ်ပေလိမ့်မည်။

"လာကြ... လာကြ... ကိုယ့်ရဲ့ ကြင်ယာတော်တို့ရေ... အသားတွေကို ဆက်စားကြရအောင်..."

"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်..."

ဤအချိန်တွင် လင်းပိုင်ဖန်က နတ်ဘုရားအင်ပါယာကို တည်ထောင်ခဲ့သည်မှာ တစ်ပတ်ခန့် ကြာမြင့်သွားခဲ့ပြီဖြစ်ရာ ကမ္ဘာလောကကြီးတစ်ခုလုံးသည် ခေတ္တမျှ ငြိမ်းချမ်းရေးကာလသို့ ရောက်ရှိနေသယောင် ရှိနေသည်။

နိုင်ငံအချင်းချင်းကြားတွင်လည်း ကြီးမားသော စစ်ပွဲများ မရှိတော့ချေ။ လူတိုင်းက မဟာရှမင်းဆက်၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြပုံရသည်။

သို့မဟုတ်လျှင်လည်း နတ်ဘုရားအင်ပါယာ ခေတ်သစ်အောက်က အခြေအနေသစ်ကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်နေကြခြင်းလည်း ဖြစ်နိုင်သည်။

သို့သော်လည်း လင်းပိုင်ဖန်ကမူ ၎င်းတို့ကို စိတ်မဝင်စားချေ။

သူ့ရဲ့ အကျိုးစီးပွားကို မထိခိုက်သရွေ့ ထိုနိုင်ငံတွေ ပျက်စီးပြီး မိသားစုတွေ ပြိုကွဲသွားရင်တောင် သူ လှည့်ကြည့်မည် မဟုတ်ပေ။

သူ့ရဲ့ အကြည့်တို့က ဒီကမ္ဘာလေးတစ်ခုတည်းတင်မကဘဲ ကြယ်တာရာပေါင်းစုံနဲ့ မရေမတွက်နိုင်တဲ့ လောကတွေအထိ ကျယ်ပြောလှသည်။

မဟာရှအင်ပါယာဘက်က ဘာလှုပ်ရှားမှုမှ မရှိတာကို မြင်တော့မှ အခြားနိုင်ငံတွေလည်း နောက်ဆုံးမှာ သက်ပြင်းချနိုင်တော့သည်။

ရိက္ခာပြဿနာတွေကြောင့် နိုင်ငံအချင်းချင်းကြား ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာပြီး ပြည်တွင်းပုန်ကန်မှုတွေနဲ့ တိုင်းပြည်ချင်း မသင့်မြတ်မှုတွေက အဆုံးမရှိ ဖြစ်လာခဲ့သည်။ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေပြီး မည်သည့်နိုင်ငံမျှ ငြိမ်းချမ်းမှုမရှိဘဲ လောကကြီးတစ်ခုလုံး ဆန်ပြုတ်အိုးလို ပွက်ပွက်ညံအောင် ရှုပ်ထွေးနေခဲ့တော့သည်။

မဟာရှ နတ်ဘုရားအင်ပါယာတစ်ခုတည်းသာလျှင် လောက၏ ရာဇပလ္လင်ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။

ထို့ကြောင့် နိုင်ငံအသီးသီးမှ ဒုက္ခသည်များသည် ခိုလှုံခွင့်ရရန် ရောက်ရှိလာကြသည်။

ထိုဒုက္ခသည်များထဲတွင် နိုင်ငံအသီးသီးမှ တော်ဝင်မျိုးနွယ်စုဝင်များ၊ မှူးမတ်များနှင့် ဩဇာအာဏာရှိသော အရာရှိကြီးအမြောက်အမြား ပါဝင်ပြီး ၎င်းတို့၏ ရွှေငွေရတနာများကို ယူဆောင်ကာ မဟာရှမင်းဆက်အတွင်း လာရောက်အခြေချ နေထိုင်ကြသည်။

မဟာရှမင်းဆက်သည် မည်သူနှင့်မျှ မပြိုင်ဆိုင်ဘဲ လောကကြီးတစ်ခုလုံးကို အပိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း မဟာရှမင်းဆက်၏ အလားအလာက ကောင်းမွန်နေသော်လည်း လင်းပိုင်ဖန်ကမူ သိပ်ပြီး ပျော်မနေချေ။

ဒါတွေအားလုံးက လောကစည်းကို ပိုင်းဖြတ်သည့် လက်ဝါးကြောင့် ဖြစ်ရသည့် ဒုက္ခပင် ဖြစ်လေ၏။

အခြားလောကမှ နဂါးကြီးတစ်ကောင်ကို ဖမ်းဆီးရန် ထိုလက်ဝါးကို ပထမဆုံးအကြိမ် အသုံးပြုခဲ့စဉ်ကတည်းက လင်းပိုင်ဖန်သည် ဤစွမ်းရည်ကို အလွန်သဘောကျသွားခဲ့သည်။

ထို့ကြောင့် နေ့တိုင်း ထိုစွမ်းရည်အချိန်ပြည့်တိုင်း ထပ်မံအသုံးပြုရန် သူ အမြဲ စိတ်အားထက်သန်နေခဲ့သည်။

သို့သော်လည်း သူ၏ ကံကောင်းမှုအားလုံးကို ပထမအကြိမ်မှာတင် ကုန်ဆုံးအောင် သုံးလိုက်ရပုံရသည်။ တစ်ပတ်ခန့် ကြာမြင့်သွားသည့်တိုင် သူ ဘာအကောင်းစားပစ္စည်းမှ ထပ်မံမရရှိခဲ့ချေ။

"ငါ့ရဲ့ ကံက တကယ်ဆိုးတာပဲ... ကံဆိုးတာတွေ ပြေပျောက်သွားအောင် လက်ကို အရင်ဆေးရမယ်..."

ထိုနေ့တွင် လင်းပိုင်ဖန်သည် ရေမိုးချိုး၊ ဝတ်လဲတော်လဲကာ ရွှေဇလုံကြီးထဲ၌ လက်ကို စင်ကြယ်စွာဆေး၍ ကံကောင်းစေရန် နတ်ဘုရားများထံ အမွှေးတိုင်ထွန်းကာ ဆုတောင်းတော့သည်။

သူ့ရှေ့တွင်တော့ ဧကရာဇ်ဝတ်ရုံကို ဆင်မြန်းကာ နတ်ဓားကို ကိုင်ဆောင်လျက် အရှေ့သို့ စူးစိုက်ကြည့်နေသည့် ကျောက်စိမ်းရုပ်တုကြီး တစ်ခု ရှိနေပြီး ထိုရုပ်တု၏ မျက်နှာသွင်ပြင်က လင်းပိုင်ဖန်နှင့် ကိုးပုံခန့် တူညီနေလေသည်။

မှန်ပေသည်... သူသည် တခြားဘယ်သူ့ကိုမှ ဆုတောင်းနေခြင်းမဟုတ်ဘဲ မိမိကိုယ်ကိုယ်သာ ပြန်လည်ဆုတောင်းနေခြင်း ဖြစ်သည်။

“အစ်ကိုကြီးဖန်ရေ... ဒီတစ်ခေါက်တော့ ကောင်းကောင်းမွန်မွန် ရတနာလေးတစ် ခုလောက် မိပါစေကြောင်း စောင့်ရှောက်တော်မူပေးပါ..."

လင်းပိုင်ဖန်က သူ့ဘာသာ ရေရွတ်လိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် လောကစည်းကို ပိုင်းဖြတ်သည့် လက်ဝါးကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။

အင်ပါယာ မြေပုံ အနီးရှိ မြူခိုးများ လွင့်စင်သွားပြီးနောက် ကမ္ဘာလောကအသစ်တစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

အပိုင်း (၅၉၄)

လွင့်စင်သွားသော မြူခိုးများကြားမှတစ်ဆင့် အခြားလောကတစ်ခုတွင် လူအချို့ အပြင်းအထန် တိုက်ခိုက်နေကြသည်ကို လင်းပိုင်ဖန် မြင်တွေ့လိုက်ရသည်။

သူသည် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်မိရင်း - "လူတွေ ရှိနေတာပဲ... ဒီတစ်ခေါက်တော့ တစ်ခုခုတော့ ရမှာ သေချာတယ်..."

အရင်တုန်းကမူ သူ၏ ကံဇာတာက တကယ်ကို ဆိုးဝါးလှသဖြင့် မည်သည့်တန်ဖိုးမျှမရှိသော လောကပျက်ကြီးများကိုသာ ဆက်တိုက် ဖမ်းဆီးမိခဲ့သည်။

သူက လောကပေါင်းစုံသည် အလွန်တရာ စိတ်လှုပ်ရှားဖွယ် ကောင်းလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း၊ တကယ်တမ်း ခြေလှမ်းလှမ်းလိုက်မိမှသာ သူကိုယ်တိုင် အကောင်းမြင်လွန်းခဲ့ကြောင်း သဘောပေါက်သွားခဲ့ရသည်။

လောကစကြဝဠာပေါင်းစုံသည် ဂင်္ဂါဝါဠု သဲစုမက ကျယ်ပြောလှပြီး မရေမတွက်နိုင်အောင် များပြားလှသည်။

သို့သော်လည်း အများစုမှာမူ မည်သည့်တန်ဖိုးမျှမရှိသည့် သာမန် အမှိုက်သာသာ လောကများသာ ဖြစ်ကြလေသည်။

လူနေဖို့ နေနေသာသာ၊ တခါတရံတွင် တိရစ္ဆာန်တစ်ကောင်ကိုပင် ရှာမတွေ့နိုင်ချေ။

ထိုကဲ့သို့သော လောကပျက်ကြီးများက သူ့အတွက် ဘာအသုံးဝင်မှာလဲ။

ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်တွင်မူ သူ၏ ကံတရားက မဆိုးလှဘဲ လူသားများရှိသည့် လောကတစ်ခုကို နောက်ဆုံးတွင် ဖမ်းဆီးရမိခဲ့ပြီ ဖြစ်သည်။

လူသားများကို မွေးထုတ်ပေးနိုင်သည့် လောကတစ်ခုသည် ဧကန်အမှန် မညံ့ဖျင်းနိုင်ချေ။ ပြန်လည်ယူဆောင်သွားရန် တန်ဖိုးရှိသော အရာတစ်ခုခုတော့ ရှိနေရမည် ဖြစ်သည်။

လင်းပိုင်ဖန်သည် ဤလောကမှ အကြီးမားဆုံးသော အကျိုးအမြတ်ကို မည်သို့ဆွဲထုတ်ရမည်နည်းဟု သေချာစွာ အကဲခတ် စဉ်းစားနေသည်။

သူသည် ယခုအခါ ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခု၏ အလယ်ဗဟိုသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

ထိုသဲကန္တာရထဲတွင် ကောင်းကင်အဆင့် ခွန်အားရှိသည့် လူအချို့သည် ပြင်းထန်သော စစ်ပွဲတစ်ခုကို ဆင်နွှဲနေကြသည်။

ထူးဆန်းသည်မှာ ၎င်းတို့သည် မိမိတို့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို အတောင်ပံများအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံထက်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ ပျံသန်းနိုင်ကြခြင်းပင် ဖြစ်သည်။

လင်းပိုင်ဖန် နေထိုင်ရာ လောကတွင်မူ မဟာကောင်းကင်အဆင့်အထိ ကျင့်ကြံထားသူများပင်လျှင် ပျံသန်းနိုင်စွမ်း မရှိကြချေ။

ဒါက လင်းပိုင်ဖန်လောကမှ ကောင်းကင်အဆင့်များက အခြားသူများထက် ညံ့ဖျင်း၍တော့ မဟုတ်ပေ။

အမှန်စင်စစ် ကောင်းကင်အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်သူတိုင်းသည် ထူးချွန်ထက်မြက်သည့် ပါရမီရှင်များသာ ဖြစ်ကြပြီး၊ အဆင့်အတန်း အနိမ့်အမြင့် ကွာခြားချက် မရှိချေ။

ဤမျှကြီးမားသော ကွာခြားချက်များ ရှိနေရခြင်းမှာ လောကတစ်ခုစီ၏ စည်းမျဉ်းဥပဒေသများ မတူညီကြခြင်းကြောင့်သာ ဖြစ်သည်။

လောကကြီးများသည် ဆန်းပြားအံ့ဩဖွယ် ကောင်းလှပြီး၊ တစ်ခုစီတွင် မိမိတို့၏ ကိုယ်ပိုင် စည်းမျဉ်းများ ရှိကြသည်။

အချို့လောကများတွင် လောက၏ စွမ်းအင်က အလွန်တရာ အားနည်းလွန်းသဖြင့် မည်မျှပင် ကျင့်ကြံပွားများစေကာမူ ကောင်းကင်အဆင့်သို့ မရောက်ရှိနိုင်ချေ။

အချို့လောကများမှာမူ သာမန်မျှသာ ဖြစ်သော်လည်း လူသားများကို 'ထာဝရနီးပါး' အသက်ရှည်စေနိုင်သည်။

အချို့လောကများတွင် ကျင့်စဉ်လမ်းကို ကျင့်ကြံ၍ မရနိုင်သော်လည်း ကောင်းကင်ကြီးကိုပင် ဆန့်ကျင်နိုင်သည့် အစွမ်းထက်သော နည်းပညာများကို တီထွင်ထားကြသည်။

အချို့လောကများ၌ လူသားဟူ၍ လုံးဝမရှိဘဲ ဆန်းပြားသော မိစ္ဆာများနှင့် သားရဲတို့သာ ကြီးစိုးနေကြသည်။

ထို့ကြောင့် ၎င်းတို့အားလုံးသည် ကောင်းကင်အဆင့်များ ဖြစ်ကြသော်လည်း သူတို့ပြသနိုင်သည့် စွမ်းရည်များသည် မွေးဖွားရာ လောကအပေါ် မူတည်ပြီး အလွန်အမင်း ကွာခြားသွားရခြင်း ဖြစ်သည်။

လင်းပိုင်ဖန်သည် ထိုသူတို့ ထုတ်ဖော်ပြသနေသည့် ဖျက်ဆီးမှုစွမ်းအားကို ကြည့်ပြီး ကောင်းကင်အဆင့်များ ဖြစ်ကြောင်း အကဲဖြတ်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း လမ်းမချော်စေရန်အတွက် လင်းပိုင်ဖန်က ဆက်လက် အကဲခတ်ကြည့်ရှုရာ သဲကန္တာရ အနက်ပိုင်းတွင် မီးတောင်တစ်ခု ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုမီးတောင်အတွင်း၌ စွဲမက်ဖွယ်ကောင်းသော အပြာရောင် မီးလျှံတစ်ခုသည် ကြာပန်းတစ်ပွင့်ကဲ့သို့ ဖူးပွင့်နေပြီး၊ ကြည့်ရသည်မှာ လှပလွန်းသော်လည်း ဧရာမ ဖျက်ဆီးမှုစွမ်းအားများ ပြည့်နှက်နေသည်။ ၎င်းက နတ်ဘုရားလက်နက်များကိုပင် ပြာချနိုင်စွမ်းရှိပြီး၊ ဧရာမနဂါးကြီး၏ မီးထက်ပင် ပိုမိုပြင်းထန်လှပေသည်။

ထိုမီးတောင်အတွင်း၌ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့်ရှိသော လူငယ်တစ်ဦး ပုန်းကွယ်နေပြီး၊ ထိုမီးလျှံကို စိုက်ကြည့်နေသည်ကိုလည်း တွေ့လိုက်ရသည်။

လင်းပိုင်ဖန်က အလွန်အားရကျေနပ်သွားကာ - "ဒီတစ်ခေါက် ခရီးစဉ်က တကယ်ကို အသီးအပွင့် ဝေဆာတာပဲ...။ ငါသာ ဒီမီးလျှံကို ရရင် ငါ့ရဲ့ ခွန်အားကို နည်းနည်းလောက် ပိုတိုးစေမှာပဲ...။ ဒါတင်မကဘူး၊ ဒါကို နတ်ဘုရားလက်နက်တွေ သွန်းလုပ်ဖို့နဲ့ နတ်ဆေးလုံးတွေ ဖော်စပ်ဖို့အတွက်လည်း သုံးလို့ရသေးတယ်..."

သူ လက်လှမ်းပြီး အရေးယူဆောင်ရွက်တော့မည့် အချိန်မှာပင် စိတ်ဝင်စားစရာ အခြားအရာတစ်ခုကို ထပ်မံသတိပြုမိသွားကာ သူ၏ မျက်နှာထက်တွင် အဓိပ္ပာယ်ပါပါ ပြုံးလိုက်မိသည်။

"ဟမ်... ခန္ဓာကိုယ်မရှိတော့ဘဲ ဝိညာဉ်သက်သက်ပဲ ကျန်တော့တဲ့ အဘိုးကြီးတစ်ယောက်ကလည်း ဒီကောင်လေးနဲ့ အတူ ရှိနေပါလား..."

ထိုအချိန်တွင် အပြာရောင်မီးလျှံကို မျက်တောင်မခတ် စိုက်ကြည့်နေသော လူငယ်၏ စိတ်ထဲ၌ လေးနက်တည်ကြည်သော အသံတစ်သံ ပဲ့တင်ထပ်သွားသည်။

"တပည့် လောလောဆယ် အခြေအနေက နည်းနည်း အန္တရာယ်များနေပုံရတယ်..."

"ဆရာ... ဘာဖြစ်လို့လဲ..." လူငယ်က လန့်ဖြန့်ကာ မေးလိုက်သည်။

"ခုနတင်ပဲ ဒီနေရာကို ပြင်းထန်တဲ့ စိတ်ဝိညာဉ်စွမ်းအားတစ်ခု ဖြတ်သန်းသွားတာကို ဆရာ ခံစားလိုက်ရတယ်...။ အဲဒီအစွမ်းက မင်းနဲ့ အဇူရာကြာပန်း မြေကမ္ဘာမီးလျှံကိုပါ ရှာဖွေတွေ့ရှိသွားပြီ...။ တစ်ဖက်လူရဲ့ အစွမ်းက အတိုင်းအဆမရှိ နက်နဲလွန်းတယ်...၊ ငါတို့ ဒီနေရာကနေ မြန်မြန် ထွက်သွားရမယ်..."

လူငယ်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ - "ဆရာ... ဒါ မယ်ဒူဆာ နဲ့ သူမရဲ့ နောက်လိုက်တွေ ကျွန်တော်တို့ကို သတ်ဖို့ လာတာများလား..."

“မယ်ဒူဆာနဲ့ သူမရဲ့ နောက်လိုက်တွေ မဟုတ်ဘူး...၊ တခြား အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ..."

"ဘယ်လောက်တောင် အစွမ်းထက်လို့လဲ... ဆရာ့ရဲ့ အခုခွန်အားနဲ့တောင် သူ့ကို မယှဉ်နိုင်ဘူးလား..."

"မှန်တယ်... ငါ မယှဉ်နိုင်ဘူး...။ သူက ငါ့ရဲ့ အထွတ်အထိပ် ရောက်ခဲ့တဲ့ အချိန်ကထက်တောင် ပိုပြီး အစွမ်းထက်တယ်...၊ သူက အနည်းဆုံးတော့ စစ်နတ်ဘုရား အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်နေလောက်ပြီ..."

"စစ်နတ်ဘုရားအဆင့်ရဲ့ ထိပ်ဆုံး ဟုတ်လား...။ ဆရာ့ရဲ့ အထွတ်အထိပ်အချိန်ထက်တောင် ပိုအစွမ်းထက်တယ်ဆိုတော့..." လူငယ်က တုန်လှုပ်ခြောက်ခြားစွာဖြင့် အသက်ရှူပင် မှားသွားခဲ့သည်။

သူ့ဆရာ၏ အထွတ်အထိပ်အချိန်က မည်မျှစွမ်းသည်ကို သူ သေချာမသိသော်လည်း၊ စစ်နတ်ဘုရားအဆင့်၏ အစွမ်းကိုမူ သူ ကောင်းကောင်းနားလည်သည်။ ၎င်းက သူ ဘယ်လိုမှ စိတ်ကူးကြည့်လို့မရနိုင်သည့် အစွမ်းမျိုး ဖြစ်သည်။

လက်ဟန်တစ်ချက် ပြလိုက်ရုံမျှဖြင့် ပင်လယ်ကို ပြောင်းလဲပစ်နိုင်ပြီး ကောင်းကင်ကြီးကိုပါ တုန်လှုပ်စေနိုင်သူများ မဟုတ်ပါလား။

သူ၏ လက်ရှိ ကျင့်စဉ်အဆင့်နှင့်ဆိုလျှင် စစ်နတ်ဘုရားအဆင့်သို့ ရောက်ရန် မိုင်ပေါင်းကုဋေကုဋာ ဝေးကွာနေသေးသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးအတွက် သူ့ကို သတ်ရသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်ရသလောက်ပင် လွယ်ကူပေလိမ့်မည်။

လူငယ်က အနည်းငယ် ပျာယာခတ်သွားကာ - "ဆရာ... ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."

"တစ်ဖက်လူကလည်း အဇူရာကြာပန်း မြေကမ္ဘာမီးလျှံကို လိုချင်နေတာ ဖြစ်ရမယ်...။ ငါတို့ ဒါကို လက်လွှတ်ပြီး မြန်မြန်ပဲ ထွက်သွားကြစို့...။ မဟုတ်လို့ ဒီလို အစွမ်းထက် ပုဂ္ဂိုလ်ကြီးကို သွားပြစ်မှားမိရင်... အခုအချိန်မှာ ငါလည်း မင်းကို မကာကွယ်ပေးနိုင်တော့ဘူး..."

"နားလည်ပါပြီ..." လူငယ်က မချင့်မရဲဖြင့် ခေါင်းညိတ်လိုက်ရသည်။

သူသည် ဤမီးလျှံကို ရရှိရန်အတွက် အချိန်အကြာကြီး ပြင်ဆင်ခဲ့ရပြီး မရေမတွက်နိုင်သော ဆင်းရဲဒုက္ခများကို ကျော်ဖြတ်ခဲ့ရခြင်း ဖြစ်သည်။

မည်သူက ထင်ထားပါမည်နည်း၊ သူ မရခင်မှာပဲ တစ်ယောက်ယောက်က ကြားဖြတ်နှိုက်လိမ့်မည်ဟု။

သူ ဘယ်လိုမှ လက်မခံချင်သော်လည်း လက်ရှိအခြေအနေက သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့သဖြင့် လက်လွှတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ဘာပဲဖြစ်ဖြစ်... အသက်သာ ပျောက်သွားရင် ဒီမီးလျှံကို ရလည်း ဘာထူးမှာလဲ။

သူသည် မီးတောင်ဝမှ ချက်ချင်း နောက်ဆုတ်လိုက်ပြီး လမ်းကြောင်းတစ်ခုအတိုင်း အသက်လုကာ ထွက်ပြေးတော့သည်။

ကွက်တိပင်... ထိုအချိန်၌ ကောင်းကင်ယံတွင် ဖန်သားကဲ့သို့ ကြည်လင်တောက်ပသော ဧရာမ လက်ဝါးကြီးတစ်ပြင် ပေါ်ထွက်လာခဲ့သည်။

တိုက်ခိုက်နေကြသော ကောင်းကင်အဆင့်များသည် သူတို့ခေါင်းထက်မှ လက်ဝါးကြီးကို မော့ကြည့်လိုက်ကြပြီး၊ ၎င်းတို့၏ ရင်ထဲ၌ ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကြတော့သည်။

"...အဲဒါ... အဲဒါ ဘာကြီးလဲ..."

"တကယ်ကို ထိတ်လန့်စရာကောင်းတဲ့ လက်ဝါးကြီးပဲ... ငါ့ကို အသာလေး အမှုန့်ချေပစ်နိုင်တယ်လို့ ခံစားနေရတယ်...။ ဒီလူက စစ်ဘိုးဘေးအဆင့်များလား..."

"မဖြစ်နိုင်တာ... ငါ စစ်ဘိုးဘေးအဆင့်တွေကို မြင်ဖူးပါတယ်... ဘယ်သူကမှ ငါ့ကို ဒီလောက်အထိ ခြိမ်းခြောက်မှု မပေးနိုင်ခဲ့ဘူး..."

"ဒါဆိုရင်... စစ်နတ်ဘုရားအဆင့်ပဲ ဖြစ်ရမယ်...”

"ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးက ဘာလို့ ဒီနေရာကို ရောက်လာရတာလဲ..."

"မီးလျှံ ကြောင့်ပဲ..."

ထိုအချိန်တွင် အဝိုင်းခံထားရသော မြွေအောက်ပိုင်း ခန္ဓာကိုယ်နှင့် စွဲမက်ဖွယ်ကောင်းလှသည့် မိန်းမလှလေးသည် လက်ဝါးကြီးရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး မျက်နှာပျက်သွားခဲ့သည်။

"မကောင်းတော့ဘူး... အဲဒါ မီးတောင်ရှိတဲ့ ဘက်ပဲ...။ သူက အဇူရာကြာပန်း မြေကမ္ဘာမီးလျှံကို လိုချင်နေတာ..."

အခြားသူများ၏ မျက်နှာအမူအရာများလည်း ချက်ချင်း ပြောင်းလဲသွားကြသည်။ ၎င်းတို့သည်လည်း ဤနေရာသို့ အဇူရာကြာပန်း မြေကမ္ဘာမီးလျှံအတွက် လာခဲ့ကြခြင်း မဟုတ်ပါလား။

အကယ်၍ အခြားသူတစ်ယောက်က အရင်ဦးအောင် ယူသွားပါက မည်သို့လုပ်ရပါ‌တော့မည်နည်း။

၎င်းတို့သည် ချက်ချင်းပင် မိမိတို့၏ သိုင်းကွက်များကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။

သို့သော်လည်း ဖန်သားလက်ဝါးကြီးက ၎င်းတို့ကို ဖိနှိပ်ရန်အတွက် အသာအယာမျှသာ တုန်ခါလိုက်သည်။ ထိုအခါ လူတိုင်း သွေးအန်ကာ ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားခဲ့ကြပြီး၊ နောက်ဆုံးတွင်တော့ မချင့်မရဲဖြင့် လက်လျှော့လိုက်ကြရတော့သည်။

ထိုစွဲမက်ဖွယ်ကောင်းသော မိန်းမလှလေးတစ်ဦးတည်းသာ လက်မလျှော့ဘဲ မဆုတ်မနစ် လိုက်လံတားဆီးနေခဲ့သည်။

သို့သော်လည်း မကြာမီမှာပင် သူမ ဆွံ့အသွားခဲ့ရသည်။ ထိုဧရာမ လက်ဝါးကြီးသည် မီးတောင်ထဲရှိ အပြာရောင်ကြာပန်း မြေကမ္ဘာမီးလျှံကို နှိုက်ယူခြင်းမပြုဘဲ... အသက်လုကာ ထွက်ပြေးနေသည့် လူငယ်လေးတစ်ယောက်နောက်သို့သာ ဆက်လက် လိုက်လံဖမ်းဆီးနေခြင်းကြောင့် ဖြစ်သည်။

လူငယ်လေးမှာမူ ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေကာ - "ဆရာ... ဆရာပဲ အဲဒီအစွမ်းထက် ပုဂ္ဂိုလ်ကြီးက အဇူရာကြာပန်း မြေကမ္ဘာမီးလျှံကို လိုချင်နေတာဆို...။ အခု ဘာလို့ ‌ကျွန်တော်တို့နောက်ကို လိုက်ဖမ်းနေရတာလဲ..."

သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အဘိုးကြီးလည်း ပျာယာခတ်နေကာ - "ဆရာလည်း ဘာဖြစ်နေမှန်း မသိတော့ဘူး..."

လူငယ်က ဆက်လက်ပြီး - "ဆရာ... လက်ဝါးကြီးက မိတော့မယ်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."

"မင်းရဲ့ ခန္ဓာကိုယ်ကို ဆရာ့ကို လွှဲပေးလိုက်... ဆရာ မင်းကိုခေါ်ပြီး ထွက်ပြေးမယ်..."

"ကောင်းပါပြီ ဆရာ... အမြန်လုပ်ပါ..."

မျက်စိတစ်မှိတ်အတွင်းမှာပင် လူငယ်၏ အရှိန်က မြန်ဆန်သွားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင်မူ သူ ထွက်မပြေးနိုင်ခဲ့ချေ။

ထိုဖန်သားပြင်ကဲ့သို့ ဧရာမ လက်ဝါးကြီးသည် လူငယ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ အတွင်းထဲမှ ဆန်းကြယ်ပြီး ထိတ်လန့်စရာကောင်းလှသော အဖြူရောင် မီးလျှံတစ်ခုကို ဆွဲထုတ်သွားခဲ့သည်။

လူငယ်လေးမှာမူ အမှိုက်တစ်ခုကဲ့သို့ အောက်သို့ လွှင့်ပစ်ခြင်းခံလိုက်ရပြီး၊ ကောင်းကင်အဆင့် အချို့၏ ရှေ့မှောက်သို့ ဘုန်းခနဲ ပြုတ်ကျသွားခဲ့တော့သည်။

သူ့ကို မစာမနာ မျက်လုံးများဖြင့် စိုက်ကြည့်နေကြသော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများကို ရင်ဆိုင်ရင်း... လူငယ်က ပခုံးလေးတွန့်ကာ ရှက်ကိုးရှက်ကန်း အပြုံးလေးဖြင့် - "အမှန်အတိုင်း ပြောရရင်... ကျွန်တော်က ဒီအတိုင်း လမ်းကြုံလို့ ဖြတ်လာတာပါ...၊ အဲဒီ လက်ဝါးကြီးက ဘာလို့ ကျွန်တော့်ကို ပစ်မှတ်ထားလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး...။ ဒါ တကယ့်ကို နားလည်မှုလွဲတာပါ...၊ ခင်ဗျားတို့ ကျွန်တော့်ကို ယုံကြရဲ့လား..."

ကောင်းကင်အဆင့် တစ်ယောက်က ခေါင်းညိတ်ပြလိုက်ရင်း - "ငါတို့ မင်းကို ယုံပါတယ်... ဒါပေမဲ့ စစ်ဆေးကြည့်ဖို့အတွက် မင်းကို အရင်ဆုံး ဖမ်းဆီးထားဖို့တော့ စီစဉ်ရလိမ့်မယ်...။ စိတ်မပူပါနဲ့... ငါတို့ မင်းအပေါ် ဘာမကောင်းတဲ့ စိတ်မှ မရှိပါဘူး..."

လူငယ် : "..."

All Chapters