အခန်း (၅၉၅-၅၉၆)
Vol. 55 Ch. 595-596
အပိုင်း (၅၉၅)
မြေအောက် အနက်ပေပေါင်း ထောင်ချီကွာဝေးသော ဂူအောက်ခြေတစ်ခုတွင် အဖြူရောင်မီးလျှံတစ်ခုသည် တရွေ့ရွေ့ လွင့်မျောနေပြီး နောက်ဆုံး၌ အဘိုးအိုတစ်ဦး၏ ပုံသဏ္ဌာန်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။
သူသည် မိမိ၏ စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကြက်ကြည့်ရှုလိုက်ပြီးနောက် - "ဒီနေရာက... အရင်နေရာနဲ့ မတူဘဲ အခြားလောကတစ်ခု ဖြစ်နေပုံရတယ်..." ဟု ရေရွတ်လိုက်မိသည်။
လင်းပိုင်ဖန်က လက်ခုပ်တီးလိုက်ရင်း - "အတိတ်က အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ယောက်ပီသပါပေတယ်...။ ဝိညာဉ်သက်သက်ပဲ ကျန်တော့တာတောင်မှ တကယ်ကို လျှော့တွက်လို့မရဘူးပဲ..."
အဘိုးအိုသည် ရှုပ်ထွေးသော မျက်လုံးအစုံဖြင့် လှမ်းကြည့်လိုက်သည်။ သူ့ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့သူမှာ ဤမျက်နှာချင်းဆိုင်တွင် ရှိနေသော လူငယ်ပင် ဖြစ်သည်။
ထိုလူငယ်သည် ရွှေဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။
ကြည့်ရသည်မှာ အသက် ၂၀ ကျော်ဝန်းကျင်မျှသာ ရှိသေးပြီး၊ သူ၏ တပည့်ကျော်နှင့် အသက်အရွယ်ချင်း မကွာခြားလှသော်လည်း အထွတ်အထိပ် ‘စစ်နတ်ဘုရား' အဆင့် ခွန်အားကို ပိုင်ဆိုင်ထားပြီး၊ သူ၏ အထွတ်အထိပ်အချိန်ကထက်ပင် ပိုမိုအစွမ်းထက်နေသေးသည်။
ပါရမီရှင်များ သောင်းသောင်းဖြိုင်ဖြိုင် ရှိလှသော အလယ်ပိုင်းလွင်ပြင် တွင်ပင် ဤကဲ့သို့သောသူကို ဧကန်အမှန် ထူးခြားပြောင်မြောက်သည့် ပါရမီရှင်အဖြစ် သတ်မှတ်ကြရမည် ဖြစ်သည်။
ဒါတင်မကသေးဘဲ ထိုလူငယ်သည် သူ့ကို ဖမ်းဆီးရန်အတွက် လောက၏ စည်းမျဉ်းအတားအဆီးများကိုပင် ရိုက်ချိုးဖျက်ဆီးခဲ့ပုံရသည်။
သူတို့လောကမှ 'စစ်နတ်ဘုရား' များပင်လျှင် ဤကဲ့သို့သော စွမ်းရည်မျိုး ရှိကြလိမ့်မည် မဟုတ်ချေ။
ဤလူငယ်၏ အစွမ်းက အပေါ်ယံ မြင်တွေ့နေရသည်ထက် ပိုမိုနက်နဲကာ အတိုင်းအဆမရှိနိုင်ကြောင်း ထင်ရှားလှပေသည်။
"မင်းက ဘယ်သူလဲ... ငါ့ကို ဘာလို့ ဒီနေရာကို ဖမ်းခေါ်လာတာလဲ..." အဘိုးအိုက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
လင်းပိုင်ဖန်က ပြုံးလိုက်ရင်း - "မင်းတို့လောကကို ငါ့အနေနဲ့ ခက်ခက်ခဲခဲ ရောက်သွားမှတော့... ဘာမှမပါဘဲ လက်ဗလာနဲ့ ပြန်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ...။ အဲဒီတုန်းက ကန္တာရထဲမှာ ငါပေါ်လာတဲ့အချိန်... မင်းရဲ့ ဝိညာဉ်က မီးလျှံတစ်ခုနဲ့ ပေါင်းစပ်နေတာကို အမှတ်မထင် တွေ့လိုက်ရတယ်...။ မင်းရဲ့ ဝိညာဉ်ကလည်း တန်ဖိုးရှိသလို၊ အဲဒီမီးလျှံကလည်း အဖိုးတန်လှတယ်...။ နှစ်ခုစလုံးက အသုံးချစရာ တန်ဖိုးအလွန်ကြီးမားတာမို့... ငါလည်း မင်းကို အမိအရဖမ်းပြီး ခေါ်လာခဲ့တာပေါ့..."
"ဒီလိုကိုး..." အဘိုးအိုက ခါးသက်သက် အပြုံးတစ်ခုကို ပြုံးလိုက်မိသည်။
ခုနတင်ပဲ သူသည် အကြောင်းပြချက်ပေါင်းစုံကို တွေးတောနေခဲ့မိသည်။ သူ့ရဲ့ အရင် အသုံးမကျတဲ့ တပည့်က တစ်ယောက်ယောက်ကို လွှတ်ပြီး ဖမ်းခိုင်းတာလား၊ သို့မဟုတ် ရန်သူဟောင်းတွေ လိုက်ရှာတွေ့သွားတာလား စသည်ဖြင့်ပေါ့။
သို့သော် သူ၏ ‘မြင့်မားသော တန်ဖိုး’ ကြောင့် ဖမ်းဆီးခံလိုက်ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့မိချေ။
ပြောရလျှင် ဤလူငယ်၏ အကဲခတ်သည့် မျက်လုံးက တကယ်ကို ထက်မြက်လှပေသည်။
သူသည် ထူးခြားဆန်းပြားသော မီးလျှံကို ပိုင်ဆိုင်ထားရုံသာမက၊ ကျင့်စဉ်လမ်း အတွေ့အကြုံများနှင့် ဆေးဖော်စပ်ခြင်း ပညာရပ်များကိုလည်း ကြွယ်ဝစွာ တတ်မြောက်ထားသူ ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုသဲကန္တာရထဲတွင် တန်ဖိုးအရှိဆုံး ‘ရတနာ’ ဖြစ်နေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ထိုအချက်ကို သဘောပေါက်သွားပြီးနောက် အဘိုးအို၏ စိတ်ထဲတွင် အတွေးပေါင်းစုံက လည်ပတ်လာခဲ့သည်။
သူ့ရှေ့က လူငယ်က အလွန်အစွမ်းထက်သော်လည်း၊ သူက ထိုလူငယ်နှင့် ဤလောကအကြောင်းကို ဘာမှမသိသေးချေ။
ဖြစ်နိုင်တာကတော့ သူ...
ထိုအချိန်တွင် လင်းပိုင်ဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး၊ လက်ကို ဆန့်ထုတ်ကာ မီးလျှံကို ရုတ်တရက် လှမ်းဖမ်းလိုက်သည်။
"မင်း ဘာလုပ်မလို့လဲ..."
"ဘာလို့လဲဆိုတော့ မင်းလို မြေခွေးအိုကြီးမျိုးကို ဘေးမှာထားရတာ စိတ်မချရဘူးလို့ ငါ ရုတ်တရက် ခံစားလိုက်ရလို့ပဲ...။ အဲဒါကြောင့် မင်းကို အပြတ်ရှင်းလိုက်တာကမှ ပိုပြီး စိတ်ချရလိမ့်မယ်..."
"ငါ့ကို သတ်မလို့လား... ငါ့ဆီကနေ အကျိုးအမြတ်တွေ မလိုချင်တော့ဘူးလား...။ ငါ အသက်ရှင်စဉ်တုန်းက အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်တင် မဟုတ်ဘူး...၊ နတ်ဆေးလုံးပေါင်းစုံကို ဖော်စပ်နိုင်တဲ့ အစွမ်းထက် ဆေးပညာရှင်တစ်ယောက်လည်း ဖြစ်ခဲ့တာ..." အဘိုးအိုက အလောတကြီး ကန့်ကွက်လိုက်သည်။
"မင်းကို သတ်လိုက်ရင်လည်း အဲဒါတွေအကုန်လုံးကို ငါရနိုင်တာပဲ..." လင်းပိုင်ဖန်က အေးအေးဆေးဆေး ပြန်ပြောလိုက်သည်နှင့် အဘိုးအိုသည် ချက်ချင်းပင် ခန္ဓာကိုယ်အတွင်းရှိ မီးလျှံများကို ထုတ်လွှတ်ကာ လင်းပိုင်ဖန်ကို တိုက်ခိုက်လိုက်သည်။
သို့သော်လည်း သူ အံ့ဩသွားရသည်မှာ လင်းပိုင်ဖန်ကိုယ်တိုင်ကလည်း မီးလျှံအဖြစ် ပြောင်းလဲသွားပြီး၊ အဘိုးအို၏ မီးများကို စတင် ဝါးမြိုတော့ခြင်းပင် ဖြစ်သည်။
"မင်း... မင်းက ဘယ်လိုလုပ်..." အဘိုးအိုက ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။
လင်းပိုင်ဖန်က တဟားဟား ရယ်မောလိုက်ရင်း - "ဘာလို့လဲဆိုတော့ ငါက 'မီးလျှံ နတ်ဘုရားကျင့်စဉ်' ကို ကျင့်ကြံထားလို့ပဲ...။ အဲဒီကျင့်စဉ်က ငါ့ကို ဘယ်တော့မှ မငြိမ်းနိုင်တဲ့ မီးလျှံအဖြစ် ပြောင်းလဲစေနိုင်ပြီး၊ တခြားမီးလျှံတွေကို ဝါးမြိုစေနိုင်တယ်...။ မင်းရဲ့ ကလေးကလား လှည့်ကွက်တွေက ငါ့အတွက် အသုံးမဝင်ဘူး..."
အဘိုးအိုကမူ အလျှော့မပေးဘဲ သူ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းကာ လင်းပိုင်ဖန်၏ ဝိညာဉ်ကို တိုက်ခိုက်လိုက်ပြန်သည်။
သို့သော် လင်းပိုင်ဖန်၏ ဝိညာဉ်သည် အစိုင်အခဲတစ်ခုကဲ့သို့ ခိုင်မာလှသဖြင့် ဘာဒဏ်ရာမျှ မရရှိခဲ့ချေ။
လင်းပိုင်ဖန်က ထပ်မံ ရယ်မောလိုက်ပြီး - "အပိုတွေ လုပ်မနေပါနဲ့...။ ငါက `တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့ကျင့်စဉ်'၊ ‘မြင့်မြတ်သော နှလုံးသားပညာရပ်' နဲ့ 'ငရဲဘုံလမ်းစဉ် အသွယ်သွယ်' စတဲ့ စိတ်ဝိညာဉ်နဲ့ ပတ်သတ်တဲ့ နတ်ဘုရားကျင့်စဉ်တွေကို ကျင့်ကြံထားတာ...။ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ရုပ်ဝတ္ထုတစ်ခုလို ခိုင်မာနေတာကြာပြီ...၊ မီးမလောင်နိုင်သလို မိုးကြိုးနဲ့ လေမုန်တိုင်းတွေကလည်း မဖျက်ဆီးနိုင်ဘူး..."
အဘိုးအိုသည် လွန်စွာပင် အံ့ဩတုန်လှုပ်သွားခဲ့ရသည်။
ဒီလူငယ်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကောင်းကင်ကို ဆန့်ကျင်တဲ့ အစွမ်းတွေ ရှိနေရတာလဲ။ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကအစ ဘာလို့များ ဒီလောက်အထိ ထိတ်လန့်စရာ ကောင်းနေရတာပါလိမ့်။
ဒီလိုလူမျိုးကို သူ ဘယ်လိုလုပ်ပြီး ပြန်တိုက်ခိုက်နိုင်တော့မှာလဲ။
"အတင်းရုန်းမနေပါနဲ့တော့... အေးအေးဆေးဆေးပဲ ငါ့ရဲ့ ဝါးမြိုခြင်းကို ခံလိုက်စမ်းပါ..."
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းပိုင်ဖန်သည် အဘိုးအို၏ ဝိညာဉ်ကို ဝါးမြိုလိုက်ပြီး၊ အဖြူရောင် မီးလျှံသည်လည်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားခဲ့တော့သည်။
ရေနွေးကြမ်းတစ်ခွက် သောက်စာခန့် အချိန်ကြာပြီးနောက်တွင် လင်းပိုင်ဖန်သည် အားလုံးကို အောင်မြင်စွာ စုပ်ယူပြီးသွားခဲ့သည်။
"ဒါနဲ့... သူ့နာမည်က 'ယောင်ချန်' ကိုး...။ အသက်ရှင်စဉ်တုန်းက အစွမ်းထက်တဲ့ စစ်အရှင်တစ်ယောက် ဖြစ်ခဲ့ရုံတင်မကဘူး...၊ တကယ့်ကို ရှားပါးတဲ့ ဆေးပညာရှင်ကြီးတစ်ယောက်ပဲ...။ ဒါပေမဲ့ အခုတော့ ဒါတွေအကုန်လုံးက ငါ့အတွက် အကျိုးအမြတ် ဖြစ်သွားပြီ...၊ ဟားဟား..." လင်းပိုင်ဖန်က အလွန်အမင်း အားရကျေနပ်သွားသည်။
ထူးခြားဆန်းပြားသော မီးလျှံကို စုပ်ယူပြီးနောက် သူ၏ ခွန်အားသည် ယခင်ကထက် သုံးပုံတစ်ပုံခန့် ပိုမိုတိုးတက်လာခဲ့သည်။
ယခုဆိုလျှင် နတ်ဘုရားလက်နက်များကိုပင် မျက်စိတစ်မှိတ်အတွင်း ပြာချနိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။
သို့သော်လည်း အကြီးမားဆုံးသော အကျိုးအမြတ်မှာ အဘိုးအို၏ မှတ်ဉာဏ်များပင် ဖြစ်သည်။
သူ့ရဲ့ မှတ်ဉာဏ်တွေက အလွန်တရာ ကြွယ်ဝလှပြီး၊ ဆန်းကြယ်တဲ့ နတ်ဘုရားကျင့်စဉ်တွေနဲ့ လျှို့ဝှက်နည်းပညာတွေတင်မကဘဲ... ရာစုနှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ ဆေးလုံးဖော်စပ်ခြင်း အတွေ့အကြုံတွေလည်း ပါဝင်နေသည်။
ဒါက လင်းပိုင်ဖန်ကို ဆေးဖော်စပ်ခြင်းပညာရပ်မှာ အခြေခံမရှိတဲ့ လူတစ်ယောက်အဖြစ်ကနေ ချက်ချင်းဆိုသလို မာစတာအဆင့် ပညာရှင်ကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားစေပြီး အတိုင်းအဆမရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေခဲ့သည်။
လင်းပိုင်ဖန် လှည့်ကြည့်လိုက်သောအခါ နဂါးကြီးသည် တုန်တုန်ယင်ယင်ဖြင့် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးကို အလုံးလိုက် လိပ်ထားသည်ကို တွေ့လိုက်ရသည်။
လင်းပိုင်ဖန်က ရန်သူကို အသာလေး နှိမ်နင်းလိုက်သည့် မြင်ကွင်းသည် ထိုနဂါးကြီးကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်မှာ ထင်ရှားလှပေသည်။
"ဒီနေရာမှာပဲ ငြိမ်ငြိမ်သက်သက် နေစမ်း...၊ ငါ့ကို ပြဿနာ လာမရှာနဲ့... ကြားလား..." လင်းပိုင်ဖန်က ခြိမ်းခြောက်လိုက်သည်။
နဂါးကြီးက တုန်တုန်ရင်ရင်ဖြင့် လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်ပြရင်း - "နားလည်ပါပြီ... အရှင်..."
လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
နန်းတော်သို့ ပြန်ရောက်ပြီးနောက် လင်းပိုင်ဖန်သည် သူရရှိလာသော ဆေးဖော်စပ်ခြင်း ပညာရပ်ကို မည်သို့ အသုံးချရမလဲဆိုသည်ကို စဉ်းစားနေမိသည်။
အကယ်၍ အသုံးချနိုင်ပါက သူ၏ မဟာရှာ နိုင်ငံတော်အတွင်းမှ အစွမ်းထက် ပုဂ္ဂိုလ်များသည် မိုးရွာပြီးစ မှိုပွင့်သကဲ့သို့ တဖွဲဖွဲ ပေါ်ထွက်လာကြမည် ဖြစ်သည်။
သို့သော်လည်း သူက နိုင်ငံတော်ကို အုပ်ချုပ်ရဦးမည်ဖြစ်ရာ ဤအရာအတွက် အချိန်ပေးနေဖို့ အားလပ်ခြင်း မရှိချေ။
ထို့ကြောင့် သူက သူ၏ ဆေးဖော်စပ်ခြင်း အတွေ့အကြုံအားလုံးကို သူ၏ ချစ်လှစွာသော မိဖုရား လျိုဝမ်ချင်း ထံသို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်သည်။
တစ်ညတွင် လျိုဝမ်ချင်းနှင့် ကြင်နာယုယမှု အချိန်ပိုင်းလေး ပြီးဆုံးသွားပြီးနောက်... သူက အိပ်မက်အတွင်းသို့ ဝင်ရောက်ခြင်း နည်းလမ်း ကို အသုံးပြုကာ ဆေးဖော်စပ်ခြင်း ပညာရပ်များကို သူမထံသို့ ကူးပြောင်းပေးလိုက်သည်။
ဆေးလုံးဖော်စပ်ခြင်းဆိုင်ရာ အသိပညာ အသစ်များနှင့် တွေ့ဆုံလိုက်ရသောအခါ လျိုဝမ်ချင်းသည် စိတ်လှုပ်ရှားသွားပြီး အိပ်မက်ထဲတွင်ပင် တက်ကြွစွာ လေ့လာဆည်းပူးနေခဲ့သည်။
ထိုအကျိုးဆက်ကြောင့် ပုံမှန်ဆိုလျှင် အချိန်မှန်လှသော လျိုဝမ်ချင်းသည် ယနေ့တွင်မူ နေမင်းကြီး ကောင်းကင်အလယ် ရောက်သည်အထိ အိပ်ရာမထနိုင်ဘဲ အိပ်ပျော်နေခဲ့တော့သည်။
"မိဖုရား... အဆင်ပြေရဲ့လား..." လင်းပိုင်ဖန်က ဂရုတစိုက် မေးလိုက်သည်။
လျိုဝမ်ချင်းက ခေါင်းခါလိုက်ပြီး - "အရှင်မင်းကြီး... ဘာမှမဖြစ်ပါဘူး... အိပ်မက်တစ်ခု မက်နေလို့ပါ...။ အိပ်မက်ထဲမှာ ဆေးဖော်စပ်ခြင်း ပညာရပ်က အကြီးအကဲတစ်ယောက်နဲ့ ဆုံပြီး သူ့ဆီကနေ ပညာတွေ သင်ယူနေမိလို့ သတိမထားမိဘဲ အိပ်ပျော်သွားတာပါ..."
"အော်... ဒီလိုကိုး..."
လင်းပိုင်ဖန်က အံ့ဩသွားဟန် ဆောင်လိုက်ရင်း - "ဒါနဲ့... ဘယ်လောက်အထိ တတ်မြောက်သွားလဲ..."
လျိုဝမ်ချင်းက စိတ်လှုပ်ရှားစွာဖြင့် - "အဲဒါက ကျွန်မ အရင်က သင်ယူခဲ့တဲ့ ပညာရပ်တွေနဲ့ လုံးဝကို ကွဲပြားပြီး နက်နဲကျယ်ပြန့်လွန်းတယ်...။ တကယ်ကို လက်တွေ့ကျလွန်းလို့ အချိန်ကုန်သွားတာတောင် မသိလိုက်ဘူး...။ အကယ်၍ ကျွန်မသာ ဒီပညာရပ်တွေကို တကယ် ကျွမ်းကျင်သွားရင်... ကျွန်မရဲ့ ဆေးဖော်စပ်ခြင်း အစွမ်းက အများကြီး တိုးတက်လာလိမ့်မယ်...၊ နတ်ဆေးလုံးတွေ ဖော်စပ်ရတာက ထမင်းစား ရေသောက်သလောက် လွယ်ကူသွားလိမ့်မယ်..."
"ဒါဆို တကယ်ကောင်းတာပေါ့..." လင်းပိုင်ဖန်က စိတ်လှုပ်ရှားစွာဖြင့် လျိုဝမ်ချင်းကို ပွေ့ချီလိုက်သည်။
"အရှင်မင်းကြီး... ကျွန်မကို အောက်ချပေးပါဦး..." လျိုဝမ်ချင်းက ရှက်သွေးဖြန်းကာ အော်လိုက်မိသည်။
ထိုအချိန်တွင် လင်းပိုင်ဖန်သည် လျိုဝမ်ချင်းက သူ့မျက်နှာကို တစ်ခုခု ရှာဖွေနေသည့်အလား စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။
သူက ဇဝေဇဝါဖြင့် - "ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေရတာလဲ... မနေ့ညက မြင်ရတာ အားမရသေးဘူးလား..."
"မဟုတ်ပါဘူး အရှင်မင်းကြီး..."
လျိုဝမ်ချင်းက လင်းပိုင်ဖန်၏ မျက်နှာကို ကိုင်လိုက်ရင်း - "ဘာလို့လဲတော့ မသိဘူး... အရှင်မင်းကြီးကို ကြည့်ရတာ ကျွန်မ အိပ်မက်ထဲက ဆရာနဲ့ တော်တော်လေး တူနေသလို ခံစားရလို့ပါ...။ ဆန်းတော့ ဆန်းတယ်... ကျွန်မ ဘာလို့ ဒီလို ခံစားနေရတာပါလိမ့်..."
"ငါ အကြောင်းရင်းကို သိတယ်..." လင်းပိုင်ဖန်က တဟားဟား ရယ်မောလိုက်သည်။
"အရှင်မင်းကြီး... ဘာဖြစ်လို့လဲဟင်..."
"ဒါက မင်းက ငါ့ကို နေ့နေ့ညည တမ်းတနေလို့... အိပ်မက်ထဲမှာတောင် ငါ့ကို မေ့လို့မရ ဖြစ်နေတာပေါ့...။ ကဲ... အချိန်က စောပါသေးတယ်... နောက်တစ်ချီလောက် ထပ်ဆွဲကြဦးစို့..." သူက လျိုဝမ်ချင်းကို ပွေ့ဖက်ပြီး ကုတင်ပေါ်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့တော့သည်။
"အရှင်မင်းကြီး…." လျိုဝမ်ချင်းမှာမူ စကားပင် မဆိုနိုင်တော့ဘဲ အလွန်အမင်း ရှက်သွေးဖြာသွားခဲ့သည်။
အပိုင်း (၅၉၆)
ထို့နောက်ပိုင်းတွင် လင်းပိုင်ဖန်သည် ညစဉ်ညတိုင်း လျိုဝမ်ချင်း၏ အိပ်မက်ထဲသို့ ဝင်ရောက်ကာ သူမအား အခြားစနစ်တစ်ခုမှ ဆေးဖော်စပ်ခြင်း ပညာရပ်များကို ထပ်မံ သင်ကြားပြသပေးခဲ့သည်။
လျိုဝမ်ချင်းသည်လည်း ပညာသင်ယူလိုစိတ် အလွန်ထက်သန်ပြီး မောပန်းရိုး တော်ရုံမရှိသဖြင့် ယင်းအချက်ကပင် သူမကို မကြာခဏဆိုသလို နေ့ဖင်ထိုးသည့်အထိ အိပ်ရာမထနိုင်ဘဲ မှေးစက်နေမိစေတော့သည်။
သူမအနေဖြင့် အဘယ်ကြောင့် ဤကဲ့သို့သော အရာများကို အိပ်မက်မက်နေရသည်ကို မသိသော်လည်း၊ ရရှိလာသော ပညာရပ်များကို စွဲမြဲစွာ မှတ်သားထားပြီး ဤအခြေအနေကို အခွင့်ကောင်းတစ်ခုအဖြစ် မှတ်ယူထားခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် သူမ၏ ဆေးဖော်စပ်ခြင်းအဆင့်က တိုးတက်လာရုံသာမက ဆေးလုံးဖော်စပ်ရသည်မှာလည်း ယခင်ကထက် ပိုမိုလွယ်ကူလာခဲ့သည်။ သူမသည် အံ့ဩဖွယ်ရာ အာနိသင်ရှိသော နတ်ဆေးလုံးများကို မကြာခဏ ဖော်စပ်နိုင်ခဲ့ပြီး မဟာရှနိုင်ငံတော်၏ ဆေးလုံးသိုလှောင်မှုကို ပိုမိုကြွယ်ဝလာစေခဲ့သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက မဟာရှနိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာလာစေမည်မှာ ဧကန်အမှန်ပင် ဖြစ်သည်။
ထိုအကျိုးဆက်ကြောင့် လင်းပိုင်ဖန်သည် "လောကစည်းကို ပိုင်းဖြတ်သည့် လက်ဝါး" ကို ပိုမို၍ မျှော်လင့်တကြီး ဖြစ်လာခဲ့ပြီး နေ့တိုင်း မသုံးဘဲ မနေနိုင်အောင် ဖြစ်နေခဲ့ရသည်။
သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ ကံဇာတာဟာ ယခင်အတိုင်းပင် ဆိုးဝါးနေဆဲဖြစ်ပြီး၊ ဆွဲယူမိသမျှ လောကအသစ် အားလုံးမှာ မည်သည့်တန်ဖိုးမျှမရှိသော အရာများသာ ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် ကံကောင်းလာစေရန် အစ်ကိုကြီးဖန်ကို ရည်စူး၍ ရေချိုးသန့်စင်ကာ ဝတ်လဲတော်လဲလှည့်ခြင်း စသည့် နည်းလမ်းမျိုးစုံ သုံးခဲ့သော်လည်း အလုပ်မဖြစ်ခဲ့သဖြင့် သူ၏မျက်နှာမှာ အတော်လေး စိတ်ပျက် အလိုမကျဖြစ်နေခဲ့ရသည်။
"ဒီ 'လက်ဝါး' က တကယ်ကို အစွမ်းထက်ပေမဲ့ ကံအပေါ်မှာ အလွန်အမင်း အမှီသဟဲပြုလွန်းတယ်...။ တစ်လတောင် ကုန်သွားပြီ၊ တန်ဖိုးရှိတဲ့အရာဆိုလို့ နှစ်ခုပဲ ပြန်ယူလာနိုင်သေးတယ်...။ ဒီအားနည်းချက်ကို ကုစားနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ငါ ရှာရမယ်..."
ထိုအတောအတွင်း ပြင်ပလောကတွင်မူ အခြားနိုင်ငံများ၌ ရိက္ခာပြဿနာကြောင့် ပြည်တွင်းစစ်များ သို့မဟုတ် နိုင်ငံအချင်းချင်း ပဋိပက္ခများဖြင့် စစ်မီးများ မကြာခဏ တောက်လောင်နေခဲ့ရာ အခြားနိုင်ငံမှ သာမန်အရပ်သား အမြောက်အမြားမှာ မဟာရှနိုင်ငံတော်အတွင်းသို့ ပိုမိုဝင်ရောက် ခိုလှုံလာကြသည်။
မဟာရှနိုင်ငံတော်သည် ကျယ်ပြန့်ပြီး သယံဇာတ ကြွယ်ဝသည့်အပြင်၊ အစိုးရနှင့် ပြည်သူသည် တသားတည်းရှိကာ အေးချမ်းသာယာလှသော်လည်း၊ ဤအခြေအနေကပင် နောက်ဆက်တွဲ ပြဿနာအချို့ကို ဖြစ်ပေါ်လာစေခဲ့သည်။
"အရှင်မင်းကြီး... နတ်ဘုရားအင်ပါယာအဖြစ် တည်ထောင်ပြီးကတည်းက ကျွန်တော်မျိုးတို့ နိုင်ငံရဲ့ အိမ်ခြံမြေနဲ့ မြေကွက်စျေးနှုန်းတွေဟာ တဟုန်ထိုး တက်နေပါတယ်...။ တစ်လမပြည့်ခင်မှာတင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းကျော် တက်သွားပါတယ်...။ အချက်အချာကျတဲ့ မြို့ကြီးတွေမှာဆိုရင် တိုးတက်မှုနှုန်းက ၆၀ ရာခိုင်နှုန်းအထိ ရှိနေပြီး၊ ကျွန်တော်မျိုးတို့ရဲ့ မြို့တော်မှာတော့ အိမ်ခြံမြေစျေးနှုန်းတွေက ၈၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်သွားပါတယ်...။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက ကြီးမားတဲ့ ပြဿနာတွေ မလွဲမသွေ ပေါ်ပေါက်လာနိုင်တာမို့ အရှင်မင်းကြီးအနေနဲ့ အလေးထားတော် မူပါရန် လျှောက်တင်အပ်ပါတယ်ဘုရား..." ဟု ဟီရှန်းက နန်းတွင်းစာကြည့်ဆောင်၌ လင်းပိုင်ဖန်အား လျှောက်တင်လိုက်သည်။
"ဒါဆို... ဆန်၊ ဆီ၊ ဆားနဲ့ အဝတ်အထည်လိုမျိုး အခြေခံ စားသောက်ကုန် စျေးနှုန်းတွေကရော ဘယ်လိုရှိလဲ..." လင်းပိုင်ဖန်က စိုးရိမ်တကြီး မေးလိုက်သည်။
"အရှင်မင်းကြီး... ဆန်နဲ့ ဆားလိုမျိုး အခြေခံ လူမှုစီးပွား ကုန်စည်စျေးနှုန်းတွေကတော့ ၁၀ ရာခိုင်နှုန်းကျော်လောက်ပဲ တက်သေးတာမို့ ထိန်းချုပ်လို့ရတဲ့ အခြေအနေမှာ ရှိပါသေးတယ်...။ ဒါကလည်း အဓိကအားဖြင့် ဒီကုန်ပစ္စည်းတွေကို နန်းတော်ကပဲ တိုက်ရိုက် ကိုင်တွယ်နေတာကြောင့် စျေးနှုန်းသိပ်မတက်တာ ဖြစ်ပြီး၊ အခုတက်နေတဲ့ ငွေကြေးဖောင်းပွမှု အများစုက ပုဂ္ဂလိက ကဏ္ဍမှာပဲ ဖြစ်နေတာပါ...။ ဒါပေမဲ့ ကျွန်တော်မျိုးတို့ဘက်ကသာ မထိန်းချုပ်ဘူးဆိုရင် မကြာခင်မှာ လက်လွန်သွားပြီး အရပ်သားပြည်သူတွေ ဒုက္ခရောက်ကုန်မှာကို စိုးရိမ်ရပါတယ်ဘုရား..." ဟု ဟီရှန်းက စိုးရိမ်ပူပန်သော စိတ်ဖြင့် လျှောက်တင်လေသည်။
"အမတ်မင်း ပြောတာ တကယ်ကို မှန်ပေတယ်..." လင်းပိုင်ဖန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ရှေးယခင်ကတည်းက မဟာရှနိုင်ငံတော်ရှိ လူမှုစီးပွားကုန်စည် အမျိုးမျိုးကို နန်းတော်ကသာ တိုက်ရိုက်ထိန်းချုပ်ထားပြီး၊ လစာများကိုလည်း နန်းတော်ကပင် ထုတ်ပေးထားခြင်းဖြစ်ရာ စျေးနှုန်းများမှာ အတော်အတန် တည်ငြိမ်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ တစ်လမပြည့်သေးသည့် အချိန်အတွင်းမှာပင် အိမ်ခြံမြေစျေးနှုန်းများသာမက ကုန်စည်မျိုးစုံ၏ စျေးနှုန်းများမှာလည်း ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး၊ ပျမ်းမျှအားဖြင့် ၂၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနေခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ သာမန်အရပ်သားပြည်သူများ၏ နေထိုင်မှုစရိတ်စက ၂၀ ရာခိုင်နှုန်း မြင့်တက်သွားသည်ဟု အဓိပ္ပာယ်ရပေသည်။
ယခင်ရရှိနေကျ လစာငွေသည် ယခုအခါ ယခင်ကထက် ၈၀ ရာခိုင်နှုန်းခန့်သာ ဝယ်ယူနိုင်စွမ်း ရှိတော့သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားပြီး ငွေကြေးတန်ဖိုး စဉ်ဆက်မပြတ် ကျဆင်းနေပါက သာမန်အရပ်သားများ ဒုက္ခပင်လယ်ဝေကြရမည် မဟုတ်ပါလော။
ထို့အပြင် ဤအချက်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပြီး မဟာရှနိုင်ငံတော်၏ စီးပွားရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။
"အမတ်မင်း... ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းက ဘာလဲ..." လင်းပိုင်ဖန်က မေးမြန်းလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး သေချာ စိစစ်ဆန်းစစ်ကြည့်ပြီးတဲ့နောက် အဓိက အကြောင်းရင်း အနည်းငယ်ကို တွေ့ရှိရပါတယ်..." ဟု ဟီရှန်းက တည်ငြိမ် လေးနက်စွာ ပြောကြားလိုက်သည်။
"ပထမအချက်အနေနဲ့... မဟာရှနိုင်ငံတော်ဟာ နတ်ဘုရားအင်ပါယာအဖြစ် ထူထောင်ပြီး ကမ္ဘာ့ထိပ်သီးနိုင်ငံ ဖြစ်လာကတည်းက လူအများစုရဲ့ လိုချင်တမ်းတရာ မြေဖြစ်လာခဲ့ပါတယ်...။ ဤအချက်က တစ်ဖက်တစ်လမ်းကနေ ကုန်စည်မျိုးစုံရဲ့ စျေးနှုန်းတွေကို မြင့်တက်စေတာ ဖြစ်ပါတယ်..."
လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်ပြီး - “ဆက်ပြောပါဦး..."
"ဒုတိယအချက်အနေနဲ့... ယခုနှစ် ဆောင်းဦးရိတ်သိမ်းချိန်ကစပြီး အခြားနိုင်ငံတွေရဲ့ ဆန်စပါး အထွက်နှုန်းက ယေဘုယျအားဖြင့် ဆိုးဆိုးရွားရွား ကျဆင်းနေခဲ့ပေမဲ့ ကျွန်တော်မျိုးတို့ မဟာရှနိုင်ငံတစ်ခုပဲ ထူးထူးခြားခြား အဆင်ပြေခဲ့တာပါ...။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရိက္ခာပြတ်လပ်မှုကြောင့် ကျွန်တော်မျိုးတို့ရဲ့ ဆန်စပါးနဲ့ အခြားကုန်စည်စျေးနှုန်းတွေ သိသိသာသာ မြင့်တက်လာရခြင်း ဖြစ်ပါတယ်..."
လင်းပိုင်ဖန်က ထပ်မံခေါင်းညိတ်ပြရင်း နောက်ထပ် ဆက်ပြောရန် အချက်ပြလိုက်သည်။
"တတိယအချက်အနေနဲ့ကတော့... ရိက္ခာပြဿနာကြောင့် ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီး အခြားနိုင်ငံတွေက အရပ်သားအမြောက်အမြားဟာ မဟာရှနိုင်ငံတော်ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာကြလို့ပါပဲ...။ သူတို့ ရောက်ရှိလာတာက ဆန်စပါး၊ အိမ်ခြံမြေနဲ့ မြေကွက်စျေးနှုန်းတွေကို ပိုမိုမြင့်တက်စေပါတယ်..."
ဟီရှန်းက လေးနက်စွာ ဆက်လက်လျှောက်တင်သည် - "ကျွန်တော်မျိုး စုံစမ်းစစ်ဆေးကြည့်ရာမှာ... အခုလို ကျွန်တော်မျိုးတို့ နတ်ဘုရားအင်ပါယာထဲကို ရောက်လာကြတဲ့ အရပ်သားအများစုဟာ အခြားနိုင်ငံတွေက မှူးမတ်မျိုးနွယ်စုတွေနဲ့ သူဌေးသူကြွယ်တွေ ဖြစ်နေကြပါတယ်...။ သူတို့မှာ မိသားစုအမွေအနှစ်အဖြစ် အိမ်ခြံမြေနဲ့ လယ်ယာမြေတွေကို ဝယ်ယူစုဆောင်းတတ်တဲ့ အလေ့အထ ရှိကြပါတယ်..."
"ဒါပေမဲ့ အိမ်ခြံမြေနဲ့ လယ်ယာမြေ အများစုက ကျွန်တော်မျိုးတို့ နန်းတော်ရဲ့ လက်ထဲမှာပဲ ရှိနေပြီး ပြည်သူတွေကြားထဲမှာ လည်ပတ်နေတာက အလွန်နည်းပါတယ်...။ ဒါကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတမှုကြောင့် အိမ်ခြံမြေနဲ့ လယ်ယာမြေစျေးနှုန်းတွေ အလွန်ကို မြန်မြန် ဆန်ဆန် တက်လာခဲ့တာပါ...။ ဆန်စပါးနဲ့ အခြား ကုန်စည်စျေးနှုန်းတွေကိုတော့ နန်းတော်က ထိန်းချုပ်ထားပြီး လုံလောက်တဲ့ ထောက်ပံ့မှုတွေ ရှိတာကြောင့် လက်ရှိ တိုးတက်မှုက အကန့်အသတ်ပဲ ရှိပါသေးတယ်..."
"စတုတ္ထအချက်ကတော့... ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကုန်ပစ္စည်းတွေကို သိုလှောင်ပြီး အမြတ်ကြီးစားကာ ဈေးကွက်ကို ကမောက်ကမဖြစ်အောင် လုပ်နေတဲ့သူတွေလည်း ရှိနေပါတယ်..."
"အမတ်မင်း... သင့်ဆီမှာ ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်း ရှိလား..." လင်းပိုင်ဖန်က မေးလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ရဲ့ သာမန်အရပ်သား ၄၀ ရာခိုင်နှုန်း နီးပါးဟာ နန်းတော်မှာ အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်...။ ဒါကြောင့် သူတို့ရဲ့ လစာငွေတွေကို ဆန်နဲ့ ဆားလိုမျိုး လက်တွေ့ကျတဲ့ ကုန်ပစ္စည်းတွေအနေနဲ့ ပြောင်းလဲထုတ်ပေးပြီး ပြည်သူတွေကို ထောက်ပံ့ပေးနိုင်ပါတယ်ဘုရား...။ ဤနည်းအားဖြင့် သူတို့ရဲ့ နေထိုင်မှုစရိတ်ကို လျှော့ချနိုင်သလို ကုန်စည်စျေးနှုန်းတွေကိုပါ ကျဆင်းစေပြီး တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်..."
"အိမ်ခြံမြေနဲ့ မြေကွက်စျေးနှုန်း ပြဿနာကတော့... အဓိကအားဖြင့် ကျွန်တော်မျိုးတို့ အင်ပါယာမှာ လာရောက်အခြေချတဲ့ မှူးမတ်သူဌေးတွေကြောင့် ဖြစ်ရတာပါ...။ ဈေးကွက်ထဲမှာ မြေကွက်အရောင်းအဝယ် ဖြစ်တာက အလွန်နည်းပြီး အများစုက ကျွန်တော်မျိုးတို့ နန်းတော်လက်ထဲမှာပဲ ရှိတာကြောင့် မြေကွက်စျေးနှုန်းကိုတော့ လျစ်လျူရှုထားလို့ ရပါတယ်ဘုရား...။ စျေးနှုန်းတွေ ဘယ်လောက်ပဲ မိုးပျံနေပါစေ အခြေအနေတစ်ခုလုံးကို ထိခိုက်စေမှာ မဟုတ်ပါဘူး...။ ကျွန်တော်မျိုးတို့ ကိုင်တွယ်ဖြေရှင်းရမှာက အိမ်ခြံမြေစျေးနှုန်းပါဘုရား..."
"မဟာရှနိုင်ငံတော်က အိမ်အများစုကို ဘိလပ်မြေနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး နန်းတော်ကပဲ သတ်မှတ်စျေးနှုန်း ငွေ ၂၅ တေးနဲ့ ပုံသေရောင်းချပေးနေတာပါ...။ ဒါပေမဲ့ ဒီဘိလပ်မြေအိမ်တွေက အဲဒီသူဌေးတွေ ရှာဖွေနေတဲ့ အိမ်အမျိုးအစား မဟုတ်ကြပါဘူး..."
"ကျွန်တော်မျိုးတို့အနေနဲ့ အဲဒီမှူးမတ်သူဌေးတွေအတွက် သီးသန့် ‘ သူဌေး ရပ်ကွက်’ တစ်ခု သတ်မှတ်ပေးနိုင်ပါတယ်...။ အိမ်တွေကို သူတို့ စိတ်ကြိုက် ပုံစံဖော်ခိုင်းပြီး ငွေကြေးတတ်နိုင်သရွေ့ သူတို့လိုချင်သလောက် အကျယ်အဝန်း ပေးနိုင်ပါတယ် အရှင်မင်းကြီး..."
"ဒီလိုနည်းနဲ့ သူတို့ရဲ့ ငွေတွေကို ဈေးကွက်ထဲကနေ ဆွဲထုတ်ပြီး အဲဒီ ရပ်ကွက်ထဲကို စီးဝင်စေမှာဖြစ်သလို၊ ကျွန်တော်မျိုးတို့ နန်းတော်အနေနဲ့လည်း အဲဒီကနေ အခကြေးငွေ အမြောက်အမြား ရရှိမှာဖြစ်လို့ အိမ်ခြံမြေစျေးနှုန်းတွေကိုလည်း ပြန်လည်ကျဆင်းသွားစေမှာ ဖြစ်ပါတယ်..."
"ဈေးကွက်ကို ကစားပြီး မတရားသိုလှောင်ကာ အမြတ်ကြီးစားတဲ့ သူတွေကိုတော့ တွေ့ရှိတာနဲ့ ညှာတာထောက်ထားခြင်းမရှိဘဲ အပြတ်ရှင်းပစ်ရပါမယ် အရှင်မင်းကြီး..."
လင်းပိုင်ဖန်က အလွန်အမင်း ဝမ်းမြောက်သွားပြီး - "ဒီအကြံဉာဏ်က တကယ်ကောင်းတယ်... ငါကိုယ်တော် တွေးထားတာနဲ့ ကွက်တိပဲ...။ အမတ်မင်း... ဒီလောက် ရှုပ်ထွေးတဲ့ ပြဿနာတစ်ခုက မောင်မင်းလက်ထဲရောက်မှပဲ အလွယ်တကူ ရှင်းလင်းသွားတော့တယ်... တကယ်ကို ငါကိုယ်တော် အားအကိုးရဆုံး အမတ်ကြီးပီသပါပေတယ်..."
ဟီရှန်းက နှိမ့်ချသောလေသံဖြင့် - "ကျွန်တော်မျိုး အမှန်အတိုင်း မောက်မာပြီး အကောင်းမယူဝံ့ပါဘူးဘုရား...။ ဒါက တကယ်တော့ အရှင်မင်းကြီးရဲ့ စွမ်းဆောင်ချက်တွေကြောင့်သာ ဖြစ်ပါတယ်...။ အကယ်၍ အရှင်မင်းကြီးသာ ထူးခြားဆန်းပြားတဲ့ ‘မဟာရှ’ ကို ဖော်ဆောင်ပြီး ခိုင်မာတဲ့ အုတ်မြစ်ကို ချမပေးခဲ့ဘူးဆိုရင်... ကျွန်တော်မျိုးလည်း ဒီကိစ္စကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး...။ အရှင်မင်းကြီးရဲ့ ကုသိုလ်ကံကသာ အတိုင်းအဆမရှိ ကြီးမားလှတာဖြစ်ပြီး ကျွန်တော်မျိုးကတော့ အနည်းငယ်လေးပဲ ပြုပြင်ပြောင်းလဲပေးခဲ့တာပါ..."
ဤစကားမှာ အသားလွတ် ဖားယားနေခြင်းဖြစ်သော်လည်း သူ၏ ရင်ထဲကလာသော စစ်မှန်သည့် အတွေးလည်း ဖြစ်ပေသည်။
အရှင်မင်းကြီး ချမှတ်ပေးခဲ့သော အခြေခံအုတ်မြစ်သာမရှိလျှင် ဤကိစ္စကို ဤမျှလောက် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ရန် ဘယ်လိုမှ မဖြစ်နိုင်ချေ။
လင်းပိုင်ဖန်က ရယ်မောရင်း ဆူပူလိုက်သည် - “မောင်မင်းကတော့ မြောက်ပင့်ပေးရာမှာ တကယ် ပရိယာယ်ကြွယ်ဝတာပဲ...၊ ငါကိုယ်တော်ကို ဖားဖို့ အမြဲတမ်း အခွင့်အရေး ရှာနေတော့တာပဲ...။ နှစ်တွေ ဒီလောက်ကြာသွားတာတောင် မောင်မင်းက နည်းနည်းမှ မပြောင်းလဲသေးဘူး...။ ငါကိုယ်တော် မောင်မင်းကို ဆူချင်တာတောင် ဆူစရာ အကြောင်းပြချက် ရှာမရအောင် ဖြစ်နေပြီ..."
ဟီရှန်းက ချက်ချင်းပင် ခေါင်းငုံ့ကာ လိမ္မာယဉ်ကျေးဟန် ဆောင်နေလိုက်သည်။
လင်းပိုင်ဖန်က လက်ဝှေ့ယမ်းလိုက်ရင်း - "အမတ်မင်း... မောင်မင်းရဲ့ အစီအစဉ်အတိုင်းသာ ဆက်လုပ်ပါ...။ အောင်အောင်မြင်မြင် ပြီးဆုံးသွားရင် မောင်မင်းကို ထိုက်ထိုက်တန်တန် ချီးမြှင့်ရမှာပေါ့..."
ဟီရှန်းက အလွန်အမင်း ဝမ်းမြောက်သွားပြီး - " ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."