အခန်း (၅၉၇-၅၉၈)
Vol. 55 Ch. 597-598
အပိုင်း (၅၉၇)
လင်းပိုင်ဖန်၏ အမိန့်တော်ကို ရရှိပြီးနောက် ဟီရှန်းသည် ချက်ချင်းပင် အလုပ်စလုပ်တော့သည်။
ယခုကဲ့သို့ လကုန်ရက်သည် မဟာရှနိုင်ငံတော်၏ ထုံးတမ်းစဉ်လာအရ လစာရိက္ခာ ထုတ်ပေးရမည့် အချိန်ဖြစ်ပေသည်။
ထို့ကြောင့် တစ်နေ့တာ အလုပ်ကိစ္စ ပြီးစီးသွားကြသည့် အလုပ်သမားများသည် လစာထုတ်ယူရန်အတွက် ပျော်ရွှင်တက်ကြွစွာဖြင့် တန်းစီစောင့်ဆိုင်းနေကြသည်။
“လစာထုတ်ရမယ့် အချိန်ကို ပြန်ရောက်ပြီဟေ့...။ ငါ့မိန်းမကတော့ အိမ်ကနေ ပိုက်ဆံယူလာမှာကို မျှော်နေလောက်ပြီ...”
“ဟုတ်ပကွာ...၊ ငါဆိုရင် မကြာသေးခင်ကမှ ငွေပြတ်နေတာ...။ ကုန်ဈေးနှုန်းတွေက အကုန်တက်နေတော့ ရတဲ့လစာနဲ့က ဘယ်လိုမှမလောက်ငဘူး...။ တော်သေးတာက ငါက အိမ်ကို အရစ်ကျစနစ်နဲ့ ကြိုဝယ်ထားလို့ပဲ...။ စျေးနှုန်းက ပုံသေမို့လို့ တော်ပါသေးတယ်...၊ မဟုတ်ရင်တော့ လူဖြစ်ရတာ တကယ်ကို မသက်သာလှဘူး...”
“မှန်တယ်...၊ အိမ်ခြံမြေဈေးတွေက တဟုန်ထိုးတက်နေပြီး နှစ်ဆနီးပါး ဖြစ်နေတာတောင်... နန်းတော်က ဆောက်တဲ့ ဘိလပ်မြေအိမ်ကောင်းတွေကတော့ ဈေးမတက်ဘူးပဲ...”
“ဘာတွေဖြစ်နေမှန်းကို မသိပါဘူးကွာ...၊ တစ်လမပြည့်ခင်မှာတင် ကုန်ပစ္စည်းအမျိုးမျိုးရဲ့ စျေးနှုန်းတွေက ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်လာတယ်...။ လတိုင်း အေးအေးလူလူ နေထိုင်ပြီး ပိုလျှံတာလေးတွေ ရှိခဲ့တဲ့ အရင်ရက်တွေကို တကယ်လွမ်းမိတယ်...။ အခုတော့ တစ်ပြားတစ်ချပ်တောင်မှ မစုမိတော့ဘူး...”
“ ဟုတ်ပါ့ကွာ...”
သူတို့သည် တန်းစီရင်းဖြင့် ညည်းတွားပြောဆိုနေကြသည်။
ထိုအချိန်တွင် သူတို့၏ရှေ့မှောက်၌ ပြင်ဆင်ထားသောအရာမှာ ငွေကြေးများမဟုတ်ဘဲ ဆန်၊ ဆား၊ ဆီ၊ လက်ဖက်ခြောက်၊ သကြား စသည့် နေရာအနှံ့ နေရာယူထားသော ကုန်ပစ္စည်းအမျိုးမျိုး ဖြစ်နေသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိလိုက်ရသည်။
တန်းစီနေသည့်အထဲမှ ပထမဆုံး အလုပ်သမားက စာရင်းကိုင်ထံသို့ ချဉ်းကပ်သွားရာ စာရင်းကိုင်က ခေါင်းမဖော်ဘဲ “မင်း နာမည် ဘယ်သူလဲ...” ဟု မေးလိုက်သည်။
ထိုအလုပ်သမားက ခေါင်းငုံ့လျက် “မင်္ဂလာပါ စာရင်းကိုင်ကြီး... ကျွန်တော့် နာမည်က လင်ဆန်း ပါခင်ဗျာ...” ဟု ပြန်လည်ဖြေကြားလိုက်သည်။
“လင်ဆန်း...”
စာရင်းကိုင်သည် စာရင်းစာအုပ်ထဲတွင် ခေတ္တမျှ ရှာဖွေကြည့်ပြီးနောက် “တွေ့ပြီ...။ မင်းက ဒီလထဲမှာ တစ်ရက်မှ ပျက်ကွက်တာမရှိဘူး၊ နောက်ကျတာ ဒါမှမဟုတ် စောပြန်တာမျိုးလည်း မရှိဘူး...။ ဒါကြောင့် စည်းမျဉ်းအတိုင်း လစာအပြည့်အဝ ရရှိမှာဖြစ်တယ်...။ ရော့... ယူလိုက်တော့...”
စာရင်းကိုင်က လက်ဝှေ့ယမ်းပြလိုက်ရာ ကုန်ပစ္စည်းပုံကြီးကို သယ်ထုတ်လာခဲ့ကြသည်။
ထိုအထဲတွင် ၁၅ ကီလိုဂရမ်ခန့် ရှိသော ဆန်တစ်အိတ် ပါဝင်သည်။
၁၀၀ ဂရမ်ခန့် ရှိသော ဆားကြမ်းတစ်ထုပ်။
ဆီအိုးအသေးတစ်လုံး။
ထို့အပြင် ပမာဏမများသော်လည်း လုံလောက်လှသည့် လက်ဖက်ခြောက်နှင့် သကြားတို့လည်း ရှိနေသည်။
ထိုအရာများအပြင် ငွေ ၅၀ ဝမ်လည်း ပါသေးသည်။
လင်ဆန်းသည် ဤမြင်ကွင်းကို ကြည့်ပြီး မှင်တက်သွားကာ “စာရင်းကိုင်ကြီး... ကျွန်တော် တို့ကို ငွေကြေးအစား ဘာဖြစ်လို့ ကုန်ပစ္စည်းတွေ ထုတ်ပေးရတာလဲခင်ဗျာ...” ဟု မေးလိုက်သည်။
စာရင်းကိုင်က ခေါင်းမော့ကြည့်လိုက်ကာ “မင်းက ငွေပဲယူချင်တယ်ဆိုရင်လည်း ရပါတယ်...။ ဒါပေမဲ့ ငါ့အနေနဲ့ အကြံပြုချင်တာကတော့ ကုန်ပစ္စည်းတွေကို ယူတာက ပိုကောင်းလိမ့်မယ်...။ ဘာဖြစ်လို့လဲဆိုတော့ ဒီပစ္စည်းတွေကို ယူတာက ပိုပြီး စရိတ်စက သက်သာလို့ပဲ...” ဟု ပြောလိုက်သည်။
အလုပ်သမားအားလုံး ဆွံ့အသွားကြပြီး “အာ... ဒါက ဘာဖြစ်လို့လဲခင်ဗျာ...”
ထိုအချိန်တွင် ဟီရှန်းက လုပ်ငန်းခွင်သို့ ရောက်ရှိလာပြီး ဝေခွဲမရဖြစ်နေသော အလုပ်သမားများကို မြင်လျှင် အသံကျယ်ကျယ်ဖြင့် “ပြည်သူအပေါင်းတို့... မကြာသေးခင်က ကုန်ဈေးနှုန်းတွေ တဟုန်ထိုး တက်လာတာကြောင့်... လူတိုင်းရဲ့ လူနေမှုဘဝက ခက်ခဲလာပြီး ဝင်ငွေထက် ထွက်ငွေက ပိုများနေကြတယ်...။ အရှင်မင်းကြီးအနေနဲ့ ပြည်သူတွေကို သနားကရုဏာ သက်တော်မူတာကြောင့်... မင်းတို့ရဲ့ လစာငွေတွေကို လူသုံးကုန်ပစ္စည်းတွေအနေနဲ့ ပြောင်းလဲပြီး ဝေငှပေးဖို့ ကျုပ်ကို မိန့်ကြားခဲ့တာပဲ ဖြစ်တယ်...”
“ဒီ ကုန်စည်တွေကို အရင်ဈေးနှုန်းဟောင်းအတိုင်း တွက်ချက်ပြီး ထုတ်ပေးထားတာမို့လို့... မင်းတို့ရဲ့ တစ်လစာ လိုအပ်ချက်တွေအတွက် လုံလောက်ပါတယ်...။ အကယ်၍ ကုန်ပစ္စည်းတွေအစား ငွေသားကိုပဲ လက်ခံချင်တယ်ဆိုရင်လည်း ရပါတယ်...။ ကျုပ်တို့အနေနဲ့ လူတိုင်းရဲ့ ရွေးချယ်မှုကို လေးစားပါတယ်...”
“ဪ... ဒါကြောင့်ကိုး...”
လူတိုင်း ချက်ချင်းပင် သဘောပေါက်သွားကြပြီး မျက်ရည်ဝဲလျက် ကျေးဇူးတင်စကား ဆိုကြသည် - “အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကရုဏာတော်အတွက် ကျေးဇူးအနန္တ တင်ရှိပါတယ်...”
ဟီရှန်းက ခေါင်းညိတ်ပြပြီး အခြားနေရာများကို ဆက်လက်စစ်ဆေးရန် ထွက်ခွာသွားသည်။
စာရင်းကိုင်က ထပ်မံမေးမြန်းလိုက်သည် - “လင်ဆန်း... မင်း အခု ငွေပဲယူမလား၊ ကုန်ပစ္စည်းပဲ ယူမလား...”
လင်ဆန်းသည် စားပွဲပေါ်ရှိ ပြည့်နှက်နေသော ကုန်ပစ္စည်းများကို ကြည့်လိုက်ပြီးနောက် ၎င်း၏ဘေးနားရှိ ငွေသားအိတ်အသေးလေးကို ငေးကြည့်လိုက်သည်။
သူသည် တုံ့ဆိုင်းမနေဘဲ ကုန်ပစ္စည်းများကို ကောက်ယူလိုက်ပြီး “ ဒီလို အချိန်မှာ ငွေကို ရွေးတဲ့သူကတော့ အရူးပဲ ဖြစ်လိမ့်မယ်...” ဟု ပြောလိုက်သည်။
ထို့နောက်ပိုင်းတွင် အရာရာက အလွန်အဆင်ပြေ ချောမွေ့သွားခဲ့သည်။
အလုပ်သမားများ၏ ၉၉ ရာခိုင်နှုန်းနီးပါးမှာ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ခဲ့ကြသည်၊ အကြောင်းမှာ ယင်းက ပိုမိုတွက်ခြေကိုက်ကြောင်း ထင်ရှားနေသောကြောင့်ပင် ဖြစ်သည်။
ထိုအကျိုးဆက်ကြောင့် ဈေးကွက်အတွင်းရှိ ဆန်စပါးနှင့် ဆီ ထောက်ပံ့မှုအပေါ် ဝယ်လိုအား ကျဆင်းသွားပြီး၊ စျေးနှုန်းများသည်လည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့သည်။
တစ်ဖက်တွင်လည်း ဟီရှန်းသည် မကြာသေးမီက မဟာရှနိုင်ငံတော်သို့ ရောက်ရှိလာကြသော မှူးမတ်များနှင့် သူဌေးသူကြွယ်များကို စုဝေးစေပြီး... မြေပုံအကြီးကြီးတစ်ခုကို ဖြန့်ခင်းကာ မြို့တော်အနီးရှိ မြေပြန့်လွင်ပြင်တစ်ခုကို ညွှန်ပြလျက် ပြောကြားလိုက်သည် - “လူကြီးမင်းတို့... ဒါကတော့ အရှင်မင်းကြီး တည်ဆောက်ဖို့ စီစဉ်ထားတဲ့ စီမံကိန်းနယ်မြေအသစ်ပဲ ဖြစ်တယ်...။ အကယ်၍ လူကြီးမင်းတို့မှာ ငွေကြေးတတ်နိုင်တယ်ဆိုရင် ဒီနေရာမှာ မြေကွက်တွေ၊ အိမ်တွေကို ဝယ်ယူနိုင်သလို... ရင်းနှီးမြှုပ်နှံမှုတွေလည်း ပြုလုပ်နိုင်ပါတယ်...”
လူအများစုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကိုယ်စားလှယ်တစ်ဦးက “အမတ်ကြီးဟီရှန်း... ဒီနေရာမှာ မြေကွက်တွေ ဒါမှမဟုတ် အိမ်တွေ ဝယ်ရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်မှာလဲ...” ဟု မေးမြန်းလိုက်သည်။
“အကျိုးကျေးဇူးတွေကတော့ အများကြီးပေါ့...”
ဟီရှန်းက ပြုံးလျက် ပြောလိုက်သည် - “ပထမဆုံးအနေနဲ့... ဒီနေရာကို အရှင်မင်းကြီးက ‘သူဌေးရပ်ကွက်’ လို့ အမည်ပေးထားပြီး အရာရှိကြီးတွေနဲ့ မှူးမတ်တွေသာ နေထိုင်ရမယ့် နေရာဖြစ်တယ်...။ အကယ်၍ လူကြီးမင်းတို့မှာ ဒီနေရာက မြေကွက် ဒါမှမဟုတ် အိမ်ရှိနေမယ်ဆိုရင်... မိမိတို့ရဲ့ ဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပြီး အများရဲ့ လေးစားမှုကို ရရှိနိုင်မှာပဲ ဖြစ်တယ်...”
ထိုနေရာရှိ လူတိုင်း၏ မျက်လုံးများက တောက်ပသွားကြသည်။
သူတို့အားလုံးသည် နိုင်ငံအသီးသီးမှ ဤနေရာသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် မှူးမတ်များနှင့် အရာရှိကြီးများ ဖြစ်ကြသည်။
သူတို့တွင် ငွေကြေးအမြောက်အမြား ရှိသော်လည်း ဤနိုင်ငံတွင် တရားဝင်ရာထူးနှင့် ကျော်စောမှု မရှိကြသဖြင့်... သူတို့ အလိုချင်ဆုံးအရာမှာ မိမိတို့၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြုခြင်း ခံရရန် ဖြစ်သည်။
ဤနေရာတွင် အိမ်ခြံမြေ ပိုင်ဆိုင်ခွင့်ရခြင်းက သူတို့အတွက် ဂုဏ်ယူစရာမျက်နှာပန်း လှစေမည် မဟုတ်ပါလော။
“ဒုတိယအချက်အနေနဲ့... ဒီနေရာက ကျယ်ပြန့်ပြီး စျေးနှုန်းကလည်း သင့်တင့်မျှတပါတယ်...။ မြို့တော်ထဲက အိမ်ခြံမြေဈေးနှုန်းတွေ ဘယ်လောက်တောင် ကမောက်ကမဖြစ်နေလဲဆိုတာ ကျုပ် မပြောဘဲနဲ့လည်း လူကြီးမင်းတို့ သိကြမှာပါ... တကယ်ကို မိုးထိအောင် တက်နေတာပါ...။ အဲဒီငွေပမာဏနဲ့ပဲ မြို့တော်ထဲမှာဆိုရင် လူအများကြီး နေလို့မရတဲ့ အိမ်အသေးလေးပဲ ဝယ်နိုင်မှာပါ...။ ဒါပေမဲ့ ဒီနေရာမှာတော့ မိသားစုတစ်ခုလုံး အတူတူ နေထိုင်နိုင်တဲ့ အိမ်ကြီးအိမ်ကောင်းတွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်...။ ဒါက တကယ်ပဲ မကောင်းဘူးလား...”
လူတိုင်းက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
လက်ရှိ မြို့တော်၏ အိမ်ခြံမြေဈေးနှုန်းများမှာ အလွန်မြင့်မားလွန်းသဖြင့် ထိတ်လန့်စရာ ကောင်းလှသည်။
သို့သော် မဝယ်ဘဲနေ၍လည်း မရချေ၊ အကြောင်းမှာ သူတို့ နေထိုင်စရာ နေရာမရှိသောကြောင့် ဖြစ်သည်။
ယခုအခါ မဟာရှနိုင်ငံတော်က သူတို့ကို ဒုတိယမြောက် ရွေးချယ်ခွင့်ကို ပေးအပ်လိုက်ပြီဖြစ်ရာ ပြောင်းရွှေ့နေထိုင်ရန် တကယ်ပင် ထည့်သွင်းစဉ်းစားထိုက်ပေသည်။
“တတိယအချက်ကတော့... ဒီနေရာက ပွင့်လင်းလွင်ပြင်ကြီး ဖြစ်နေသေးပြီး အိမ်တွေကို မဆောက်ရသေးတာကြောင့်... စိတ်ကြိုက် ဖန်တီးနိုင်မယ့် အခွင့်အရေးတွေ အများကြီး ရှိတယ်...”
ဟီရှန်းက ပြုံးလျက် ဆက်ပြောသည် - “လူကြီးမင်းတို့ ငွေသာ တတ်နိုင်သရွေ့... မြေကွက်တွေကို လိုချင်သလောက် ဝယ်ယူနိုင်ပါတယ်...။ လူကြီးမင်းတို့က ကမ္ဘာ့အရပ်ရပ်က လာကြသူတွေမို့လို့ ထုံးတမ်းစဉ်လာတွေ မတူညီကြသလို... အိမ်တွေအပေါ် လိုလားချက်ချင်းလည်း ကွဲပြားနိုင်ပါတယ်...။ ဒါပေမဲ့ အခု ဒီမြေကို ဝယ်ယူမယ်ဆိုရင်တော့ မိမိတို့ စိတ်ကြိုက်ပုံစံအတိုင်း အိမ်တွေကို ဆောက်လုပ်နိုင်မှာ ဖြစ်ပါတယ်...။ ဒါက တကယ်ကို မကောင်းလွန်းဘူးလား...”
လူတိုင်းကလည်း ဟီရှန်း၏စကားမှာ တကယ်ပင် ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု ခံစားရသဖြင့် ထပ်မံ၍ ခေါင်းညိတ်လိုက်ကြပြန်သည်။
နောက်ဆုံးတွင် မဟာရှနိုင်ငံတော်သည် တန်ဖိုးမရှိလှသော မြေကွက်အချို့ကို စွန့်လွှတ်လိုက်ရုံဖြင့် ထိုငွေကြေးအားလုံးကို ဆွဲယူနိုင်ခဲ့သည်။
ဤအချက်က ဈေးကွက်အတွင်းရှိ အိမ်ခြံမြေဈေးနှုန်းများကိုလည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားစေခဲ့သည်။
ယင်းက ကုန်ပစ္စည်းများကို သိုလှောင်ပြီး တိတ်တဆိတ် ဈေးကစားနေသူများကို အလွန်ပင် စိုးရိမ်ပူပန်သွားစေတော့သည်။
“ငါတို့ အခု ဘာဆက်လုပ်ကြမလဲ...။ ငါတို့ မလှုပ်ရှားရသေးခင်မှာတင် မဟာရှနိုင်ငံတော်က စျေးနှုန်းတွေကို ချပစ်လိုက်ပြီ...။ အခု ငါတို့ဆီမှာ ကုန်ပစ္စည်းတွေ အများကြီး ပုံနေပြီ... အရင်းဈေးနဲ့ ပြန်ရောင်းရင်တောင်မှ အရှုံးက တော်တော်လေး ပြင်းထန်လိမ့်မယ်...”
“အခုအချိန်မှာ ချက်ချင်းထုတ်ရောင်းတာကလွဲလို့ ဘာတတ်နိုင်ဦးမှာလဲ...။ အချိန်ဆွဲထားလေလေ ပိုရှုံးလေလေပဲ...”
“ဟူး...။ ဒီအခြေအနေအထိ ရောက်လာမှတော့ ဒါပဲ လုပ်နိုင်တော့တာပေါ့...”
ထိုစဉ် လူတစ်ယောက်က အလောတကြီး ပြေးဝင်လာပြီး - “ဒုက္ခပဲ...။ ငါတို့ ဂိုဒေါင်ထဲက ဆန်၊ ဆီ၊ လက်ဖက်ခြောက်၊ ဆားနဲ့ တခြားကုန်ပစ္စည်းတွေ အားလုံးက လေထဲမှာတင် ပျောက်ကွယ်သွားပြီ...”
“ဘာ...” လူတိုင်း ထိတ်လန့်သွားကြပြီး ဂိုဒေါင်ဆီသို့ ချက်ချင်း ပြေးသွားကြသည်။
သူတို့ တွေ့ရှိလိုက်ရသည်မှာ ဘာမျှမကျန်တော့ဘဲ လုံးဝ ဗလာကျင်းနေသည့် ဂိုဒေါင်ကြီးပင် ဖြစ်ပေသည်။
“ဘာဖြစ်လို့လဲ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဘယ်သူလုပ်တာလဲ...” သူတို့၏ မျက်နှာများမှာ ပြာနှမ်းသွားကြတော့သည်။
အမှောင်ရိပ်ထဲတွင် လင်းပိုင်ဖန်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ရင်း - “ငါ့ရဲ့ နယ်မြေထဲမှာ လာပြီး လှည့်ကွက် သုံးချင်သေးတယ်လား...။ မင်းတို့ကို ဒေဝါလီခံသွားအောင် ငါ ဘယ်လိုလုပ်ပြမလဲဆိုတာ စောင့်ကြည့်လိုက်...”
ထိုအခိုက်အတန့်တွင် သူ၏ စိတ်အာရုံထဲ၌ ရင်းနှီးလှသော အသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
“ဒင်! ကစားသမားအား ဂုဏ်ပြုပါတယ်။ သင်၏ နိုင်ငံတော်အင်အား မြင့်တက်လာခြင်းကြောင့် သင်၏ ခွန်အားများသည်လည်း တစ်ပြိုင်နက်တည်း အဆင့်မြှင့်တင်ပြီး ဖြစ်ပါသည်။ ဆုလာဒ်အနေဖြင့် ‘ထာဝရနုပျိုခြင်းနှင့် အသက်ရှည်ခြင်း’ စွမ်းရည်ကို ရရှိခဲ့သည်...”
လင်းပိုင်ဖန်မှာ မှင်တက်သွားကာ - “ဘာတွေဖြစ်နေတာလဲ...။ ငါလည်း ဘာမှမလုပ်ရသေးတာကို...”
အပိုင်း (၅၉၈)
လင်းပိုင်ဖန်သည် အကြောင်းရင်းကို သိရှိနိုင်ရန်အတွက် ချက်ချင်းပင် အင်ပါယာ မြေပုံကို ဖွင့်လှစ်၍ စစ်ဆေးကြည့်လိုက်သည်။
ထိုအခါ မြေပုံပေါ်တွင် အလွန်အမင်းလည်း မကြီးမား၊ အလွန်အမင်းလည်း မသေးငယ်လှဘဲ အကျယ်အဝန်းအားဖြင့် စတုရန်းလီ ခြောက်သိန်းခန့် ရှိသော နယ်မြေအသစ်တစ်ခု တိုးလာသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။ ထိုနေရာမှာ နိုင်ငံတော်၏ အနောက်တောင်ဘက် အစွန်းတွင် တည်ရှိနေသည်။
လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လိုက်မိပြီး - “မဟာကွမ်းနိုင်ငံတော်... ဒါက ဘယ်တုန်းက မဟာရှနိုင်ငံတော်ရဲ့ နယ်နိမိတ်ထဲ ရောက်လာတာလဲ...”
သူသည် စိတ်အာရုံကို မဟာကွမ်းနိုင်ငံတော်၏ နယ်မြေဆီသို့ အာရုံပြောင်းလိုက်သည်။
မဟာကွမ်းနိုင်ငံတော်၏ မြို့တော်အတွင်း၌ သန်းနှင့်ချီသော ပြည်သူများသည် နန်းတော်ကြီးကို ဝိုင်းရံပိတ်ဆို့ထားကြပြီး၊ ၎င်းတို့ထဲတွင် သိုင်းပညာရှင် ကျွမ်းကျင်သူ အများအပြားလည်း ပါဝင်နေသည်။
သူတို့၏ မျက်နှာများပေါ်တွင် ဒေါသရိပ်များ ပြည့်နှက်နေပြီး အစိုးရအဖွဲ့ကို အချိန်မရွေး ဖြုတ်ချပစ်ရန် အသင့်ဖြစ်နေသည့် ပုံစံမျိုး ဖြစ်နေသည်။
မဟာကွမ်းဧကရာဇ်သည် မြို့ရိုးထက်တွင် ရပ်နေပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ ချွေးစေးများ တဖြန်းဖြန်း ကျနေလျက် အောက်ရှိ ပြည်သူများကို အော်ဟစ်ပြောဆိုနေသည် - “မိဘပြည်သူတို့... ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါဦး... ငါကိုယ်တော်ရဲ့ စကားကိုလည်း နားထောင်ပေးကြပါဦး...”
ချက်ချင်းပင် လူတစ်ယောက်က ဒေါသတကြီးဖြင့် စူးစူးဝါးဝါး အော်ပြောလိုက်သည် - “ငါတို့မှာ စားစရာ ဆန်တစ်စေ့တောင် မရှိတော့ဘူး... ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မှာလဲ...”
“ဟုတ်တယ်... ကျုပ်ဆိုရင် ငတ်ပြတ်နေတာ ခုနစ်ရက်ရှိပြီ... ဒီရက်ပိုင်းတွေမှာ ကျုပ် ဘယ်လို အသက်ဆက်ခဲ့ရလဲ သိလား... သစ်ခေါက်တွေကို ဝါးစားနေခဲ့ရတာ...”
“ငါတို့ စားစရာမရရင် အကုန်လုံး ငတ်ပြတ်ပြီး သေကုန်တော့မှာ...”
“မင်းက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဧကရာဇ် ဖြစ်ပြီးတော့... ဒီပြဿနာကိုတောင် မဖြေရှင်းပေးနိုင်ရင် မင်းက ဘာအသုံးကျလို့လဲ...”
“ဒါတင်မကသေးဘူး... မင်းက ငါတို့ဆီက ရိက္ခာတွေကိုတောင် အဓမ္မ သိမ်းယူချင်နေသေးတယ်... တောက်...”
ပျာပျာသလဲ ဖြစ်နေသော ဧကရာဇ်က သူတို့ကို စိတ်ငြိမ်စေရန် ထပ်ဖန်တလဲလဲ ကြိုးစားနေရှာသည် - “ကျေးဇူးပြုပြီး... စိတ်အေးအေးထားကြပါ... သင်တို့ရဲ့ ဆင်းရဲဒုက္ခတွေကို ငါကိုယ်တော် သိပါတယ်... အခုလည်း ငါကိုယ်တော် ဒီပြဿနာကို ဖြေရှင်းနေတာပဲ မဟုတ်လား...”
“မင်း ဘယ်လို ဖြေရှင်းနေတာလဲ... ဒါကို ဖြေရှင်းတယ်လို့ ခေါ်တာလား...” လူအုပ်ကြီးက ပို၍ပင် ဆူပူအုံကြွလာကြသည်။
“ငါတို့သာ အချိန်မီ မရိပ်မိရင်... မင်းက ထွက်ပြေးသွားလောက်ပြီ...”
“ရည်မှန်းချက် မရှိဘဲ စည်းစိမ်ခံပြီး အပျော်အပါး မက်တာက တစ်ပိုင်းပေါ့...၊ အခုလို အရေးကြီးတဲ့ အချိန်ကျမှ ထွက်ပြေးဖို့ ကြံရသလား... တကယ်ကို တာဝန်မဲ့လွန်းတယ်... မင်းက ဧကရာဇ်တစ်ပါး ဖြစ်ဖို့ မထိုက်တန်ဘူး...”
“သူ့ရဲ့ ဆင်ခြေတွေကို နားမထောင်ကြနဲ့တော့... အတင်းဝင်စီးပြီး ဂိုဒေါင်တွေကို သိမ်းကြမယ်... ပြီးရင် သူ့အသက်ကိုပါ ယူပစ်ကြမယ်...”
“ဟုတ်တယ်... ဟုတ်တယ်... လုပ်ကြဟေ့...”
လူအုပ်ကြီး၏ ဒေါသမီးက အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။
မဟာကွမ်းဧကရာဇ်က သူတို့ကို ထပ်မံ၍ ဖျောင်းဖျပြန်သည် - “မိဘပြည်သူတို့... ဒီလိုလုပ်တာက ပြဿနာကို မဖြေရှင်းနိုင်ဘူး...၊ သင်တို့ ငါ့ကို သတ်ပစ်လိုက်ရင်တောင်မှ... ဆန်စပါးတွေ ထွက်လာမှာ မဟုတ်ဘူးဆိုတာကို နားလည်ပေးကြပါ...”
“ဒါဆို ပြောလေ... ငါတို့ ဘာလုပ်ရမလဲ...” ပြည်သူများသည် ဒေါသလည်းထွက်၊ အားလည်းကိုးရာမဲ့ ဖြစ်နေကြသည်။
“မိဘပြည်သူတို့... တကယ်တော့ ငါက ကောင်းမွန်တဲ့ ဖြေရှင်းနည်းတစ်ခုကို စဉ်းစားထားပြီးသားပါ...”
မဟာကွမ်းဧကရာဇ်က ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်သည် - “ငါတို့ဆီမှာ စားစရာ ရိက္ခာမရှိပေမဲ့... မဟာရှနိုင်ငံတော်မှာတော့ ရှိတယ်...၊ သူတို့မှာ တစ်နိုင်ငံလုံးကို ကျွေးမွေးဖို့ လုံလောက်တာထက်ကို ပိုလျှံနေတာ...၊ ဒါကြောင့် ငါတို့သာ မဟာရှနိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီး... သူတို့ရဲ့ ပြည်သူတွေ ဖြစ်သွားမယ်ဆိုရင်... သူတို့က ငါတို့ကို မကျွေးမွေးဘဲ နေပါ့မလား... အဲဒီကျရင် ငါတို့အားလုံး စားစရာ ရိက္ခာတွေ အဝစားရတော့မှာပေါ့...”
ဤစကားကို ကြားသောအခါ ပြည်သူများ၏ စိတ်ထဲတွင် လှုပ်ခတ်သွားကြသည်။
တကယ်ပဲ ကျိုးကြောင်းဆီလျော်လှပေသည်။
မဟာရှနိုင်ငံတော်ရဲ့ ပြည်သူတွေ ဖြစ်သွားရင် စားစရာ ရိက္ခာတွေ ရလာလိမ့်မည်။
မဟာရှဧကရာဇ်သည် ကရုဏာတရား ကြီးမားလှပြီး မိမိ၏ ကြိုးပမ်းအားထုတ်မှုဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူများကို ထောက်ပံ့ပေးထားသဖြင့် လူတိုင်း၏ ချီးမွမ်းထောပနာပြုခြင်းကို ခံရသူ ဖြစ်သည်။
အကယ်၍ သူတို့သာ ထိုမင်း၏ ပြည်သူများ ဖြစ်သွားခဲ့လျှင် သူတို့အပေါ် ဧကန်မုချ စောင့်ရှောက်ပေးမည်သာ ဖြစ်သည်။
“ဒါတင်မကသေးဘူး... မဟာရှနိုင်ငံတော်ရဲ့ ပြည်သူဖြစ်ရတာက အကျိုးကျေးဇူးတွေ အများကြီး ရှိတယ်...။ သူတို့က ငါတို့ကို အလုပ်အကိုင်၊ အစားအသောက်၊ အဝတ်အထည်နဲ့ နေထိုင်စရာတွေပါ ပေးတယ်...၊ သင်တို့သာ မဟာရှနိုင်ငံတော်ရဲ့ ပြည်သူတွေ ဖြစ်သွားရင်... ငတ်မွတ်ခေါင်းပါးမှု၊ အအေးဒဏ် ခံရမှုနဲ့ ဆင်းရဲမွဲတေမှုတွေကို ထာဝရ နှုတ်ဆက်လိုက်ရတော့မှာ...” မဟာကွမ်းဧကရာဇ်က လက်ဟန်ခြေဟန်ဖြင့် စည်းရုံးပြောဆိုလိုက်သည်။
“အင်း... မင်းပြောတာ တကယ်ပဲ ဟုတ်တယ်...” ပြည်သူများသည် အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ကြသည်။
“ငါကိုယ်တော်က သင်တို့ ဆင်းရဲဒုက္ခရောက်ပြီး ငတ်ပြတ်နေတာကို မကြည့်ရက်လို့ပဲ... ငါတို့ရဲ့ နယ်မြေတွေကို မဟာရှနိုင်ငံတော်ဆီ လွှဲပြောင်းပေးဖို့နဲ့... သင်တို့ကို ဦးဆောင်ပေးနိုင်ဖို့ မဟာရှဧကရာဇ်ထံ နန်းပလ္လင် အပ်နှင်းဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတာပါ...”
မဟာကွမ်းဧကရာဇ်က ဝမ်းနည်းပူဆွေးပြီး မကျေမချမ်းဖြစ်ရသည့် လေသံမျိုးဖြင့် - “ကြည့်စမ်း... ငါကိုယ်တော်က သင်တို့အတွက် ဒီလောက်တောင် လုပ်ပေးခဲ့တာကို... သင်တို့က ငါကိုယ်တော်ရဲ့ စေတနာကို နားမလည်ကြဘူး... ငါ... ငါ တကယ်ပဲ ရင်ကျိုးရတယ်...”
ပြည်သူများသည် ရုတ်တရက် ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။
“အရှင်မင်းကြီး... ဒါက ကျွန်တော်မျိုးတို့ ငတ်ပြတ်နေတာ ကြာပြီဖြစ်လို့... ဒေါသအရမ်းထွက်သွားမိလို့ပါ...”
“ကျွန်တော်မျိုးတို့ အရှင်မင်းကြီးရဲ့ စေတနာကောင်းကို နားမလည်မိခဲ့ပါဘူး... တောင်းပန်ပါတယ် အရှင်မင်းကြီး...”
“ကျွန်တော်မျိုးတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးတော်မူပါ...”
နောက်ဆုံးတွင် သူတို့သည် မျှော်လင့်ချက် ပြည့်နှက်နေသော မျက်လုံးများဖြင့် မေးမြန်းလိုက်ကြသည် - “အရှင်မင်းကြီး... အခု အခြေအနေက ဘယ်လိုရှိပါသလဲ... အောင်မြင်သွားပြီလား...”
မဟာကွမ်းဧကရာဇ်က အနည်းငယ် ပြုံးလိုက်ပြီး - “တစ်ဝက်တော့ အောင်မြင်ပြီ...”
လူတစ်ယောက်က မေးလိုက်သည် - “တစ်ဝက်ဆိုတာ ဘာကို ပြောတာလဲ...”
မဟာကွမ်းဧကရာဇ်က ဆက်လက် ပြုံးရွှင်လျက် - “ငါတို့ဘက်ကတော့ သဘောတူလိုက်ပြီ... ဒါပေမဲ့ သူတို့ဘက်ကတော့ သဘောမတူရသေးဘူး...”
မဟာကွမ်းပြည်သူများ - “ . . . ”
လူအုပ်ကြီး၏ ဒေါသမီးက တစ်ဖန် ပြန်လည် မြင့်တက်လာသည်ကို မြင်လျှင် မဟာကွမ်းဧကရာဇ်က ချက်ချင်းပင် ကမန်းကတန်း ဖျောင်းဖျပြန်သည် - “မိဘပြည်သူတို့... စိတ်ချကြပါ... ငါတို့အားလုံး မဟာရှနိုင်ငံတော်ရဲ့ ပြည်သူတွေ ဖြစ်လာစေဖို့အတွက်... ငါ့အနေနဲ့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်...”
အဆုံးသတ်တွင် မဟာကွမ်းဧကရာဇ်ကို ဖမ်းဆီးပြီး နန်းတော်အတွင်းရှိ ဆောင်တော်တစ်ခု၌ အကျယ်ချုပ် ချထားလိုက်ကြသည်။
ပြည်သူများက ၎င်းပြောခဲ့သည့်စကားများ အမှန်တကယ် ဖြစ်လာမှသာ လွှတ်ပေးမည်ဟု ကတိပြုကြသည်။
မဟုတ်ပါက သူတို့၏ ဒေါသကို ဖြေသိမ့်ရန်အတွက် ၎င်း၏ ခေါင်းကို ဖြတ်ပစ်မည် ဖြစ်သည်။
ဤမြင်ကွင်းအားလုံးကို ကြည့်ရှုပြီးနောက် လင်းပိုင်ဖန်မှာ ဆွံ့အသွားကာ - “ဪ... ဒီလိုကိုး...”
သူသည် ယခင်ကလည်း ထိုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ဖူးသည်။
မဟာရှနိုင်ငံတော် အားနည်းနေစဉ်အချိန်တုန်းက ဖန်နိုင်ငံတော်သည် မဟာယွဲ့နိုင်ငံတော်၏ ကျူးကျော်မှုကို ခံခဲ့ရပြီး၊ ဖန်နိုင်ငံတော် ဧကရာဇ်သည် မဟာယွဲ့နိုင်ငံတော် စစ်သူကြီး၏ စော်ကားမှုကို ခံခဲ့ရသည်။
ထိုစဉ်က ဖန်နိုင်ငံတော်၏ ဧကရာဇ်သည် အရှက်ရပြီး ဒေါသထွက်လွန်းသဖြင့် မိမိ၏ တိုင်းပြည်ကို မဟာရှနိုင်ငံတော်ထံ အပ်နှင်းပစ်ခဲ့သည်။
ကံကောင်း၍ သူက ပြတ်သားခဲ့လို့သာပေါ့ မဟုတ်လျှင် သူသည် ယခုကဲ့သို့ မဟာရှနိုင်ငံတော်တွင် မြို့စား၊ နယ်စားတစ်ဦး ဖြစ်လာပြီး ပူပန်စရာမရှိဘဲ အေးဆေးလူလူ နေထိုင်နိုင်မည် မဟုတ်ချေ။
လေးရက်ခန့် ကြာပြီးနောက်တွင်... မိုင်ပေါင်း ၈၀၀ အပြင်းနှင်၍ ပေးပို့လာသော အရေးပေါ် စစ်မြေပြင် သတင်းလွှာတစ်ခု လင်းပိုင်ဖန်ထံသို့ ရောက်ရှိလာခဲ့သည်။
“အရှင်မင်းကြီး... မဟာကွမ်းနိုင်ငံတော်က လာတဲ့ အရေးပေါ် အစီရင်ခံစာအရ... တော်ဝင်မိသားစုကနေ ပြည်သူအပေါင်းအထိ အားလုံးက မဟာရှနိုင်ငံတော်ထဲကို သဘောဆန္ဒအလျောက် ပူးပေါင်းဝင်ရောက်လာကြပါတယ်...”
“ဟင်... ဒါက...” အမတ်ကြီးများ အပါအဝင် နန်းတော်တစ်ခုလုံး ဆွံ့အမှင်တက်သွားကြသည်၊ အကြောင်းမှာ သူတို့သည် ယခင်က ယခုကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ဖူးသောကြောင့် ဖြစ်သည်။
နိုင်ငံတစ်ခုလုံးက အထက်မှအောက်အထိ မဟာရှနိုင်ငံတော်ထံ သဘောဆန္ဒအလျောက် အညံ့ခံ ပူးပေါင်းချင်ကြသည်မှာ အံ့ဩစရာပင်။
တော်သေးတာက လင်းပိုင်ဖန်သည် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် တည်ငြိမ်သော မျက်နှာဖြင့် မိန့်ကြားလိုက်သည် - “သဘောတူတယ်...”
ဝေခွဲမရဖြစ်နေသော အမတ်တစ်ဦးက မေးမြန်းလိုက်သည် - “အရှင်မင်းကြီး... ဒီအထဲမှာ တစ်စုံတစ်ယောက်ရဲ့ လှည့်ကွက်တွေ ပါဝင်နေမလား မသိပါဘူး...”
လင်းပိုင်ဖန်က ရယ်မောကာ ပြောလိုက်သည် - “အမတ်မင်းတို့... သင်တို့ အလွန်အကျွံ စိုးရိမ်ပူပန်နေကြပြီ... ငါကိုယ်တော် အမြင်အရတော့... သူတို့တွေ ရိက္ခာပြတ်လပ်သွားလို့ ခိုလှုံဖို့အတွက် ငါတို့ မဟာရှနိုင်ငံတော်ထဲကို မလွှဲမရှောင်သာ ဝင်ရောက်လာကြတာ နေမှာပါ...၊ သူတို့က အညံ့ခံ ပူးပေါင်းချင်တယ်ဆိုမှတော့... ငါတို့ဘက်က လက်ခံပေးရမှာပေါ့... ၊ ဘာပဲဖြစ်ဖြစ် ငါတို့ဆီမှာ အပေါများဆုံးအရာက ဆန်စပါးနဲ့ ရိက္ခာတွေပဲ မဟုတ်လား...”
“အမိန့်အတိုင်းပါ အရှင်မင်းကြီး...” အမတ်များအားလုံး အမိန့်ကို နာခံလိုက်ကြသည်။
လင်းပိုင်ဖန်၏ တော်ဝင်အမိန့်တော်သည် မဟာကွမ်းနိုင်ငံတော်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
မဟာကွမ်းနိုင်ငံတော် တစ်ခုလုံး အတိုင်းထက်အလွန် ဝမ်းမြောက်ပျော်ရွှင်သွားခဲ့ကြသည်။
“သိပ်ကောင်းတယ်ဟေ့... မဟာရှနိုင်ငံတော်က ငါတို့ကို လက်ခံလိုက်ပြီ...၊ ငါတို့တွေ ငတ်ပြတ်ပြီး ချမ်းအေးတဲ့ ဒုက္ခတွေကို မခံစားရတော့ဘူး...”
“ဒီနေ့ကစပြီး... ငါတို့က မဟာရှအင်ပါယာကြီးရဲ့ ပြည်သူတွေ ဖြစ်သွားပြီ...”
“ဧကရာဇ်မင်းမြတ်က တကယ်ကို ကရုဏာကြီးမားလှတယ်...၊ ခေတ်အဆက်ဆက်ရဲ့ အနှိုင်းမဲ့တဲ့ မင်းကောင်းမင်းမြတ် တစ်ပါးပဲ...”
မဟာကွမ်းဧကရာဇ်ပင်လျှင် ဝမ်းသာမျက်ရည်များ ဝဲလျက် ညည်းတွားလိုက်သည် - “အဆင်ပြေသွားပြီ... ငါတို့ နောက်ဆုံးတော့ အသက်ဘေးက လွတ်မြောက်သွားပြီ... သစ်ခေါက်တွေကို ထပ်ပြီး ဝါးစားနေစရာ မလိုတော့ဘူး...”
ဒီသတင်းက ကမ္ဘာတစ်ဝှမ်းကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းမှာ မှင်တက်သွားကြရသည်။
“ဒီလိုမျိုးလည်း ရတာပဲလား...”
“မဟာရှနိုင်ငံတော်က စစ်တပ်တောင် မလွှတ်ရဘဲ နယ်မြေတွေ တိုးချဲ့လိုက်နိုင်တာလား...”
“စစ်ပွဲတွေကို ဒီလိုနည်းနဲ့ တိုက်လို့ရတာပဲလား...”
“မဟာရှနိုင်ငံတော်က ကံကောင်းလွန်းတာပဲ မဟုတ်လား... ၊ ဒီလိုလည်း ဖြစ်နိုင်တာပဲလား...”
ဤဖြစ်ရပ်သည် အခြားသော နိုင်ငံများအတွက် အသိဉာဏ်ပွင့်လင်းစရာ အကြီးအကျယ် ဖြစ်သွားစေခဲ့သည်။
သူတို့ စစ်ပွဲတွေဆင်နွှဲပြီး တော်လှန်ရေးတွေ လုပ်နေကြတာက... အခြေခံအားဖြင့် စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းဖို့သက်သက်သာ ဖြစ်သည်။
ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းနှစ်ခုသာ ရှိသည် - ပထမတစ်ခုက အစားစားမည့် လူဦးရေကို လျှော့ချရန် လူများကို သတ်ပစ်ခြင်း၊ ဒါမှမဟုတ် လုံလောက်သော ရိက္ခာကို ရှာဖွေခြင်း ဖြစ်သည်။
ယခုအခါတွင်မူ တောက်ပသော လမ်းပြကြယ်တစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်၊ အချင်းချင်း တိုက်ခိုက်နေစရာမလိုဘဲ မဟာရှနိုင်ငံတော်ထံ ပူးပေါင်းလိုက်ရုံဖြင့် ရိက္ခာများကို ရရှိနိုင်မည် ဖြစ်သည်။
ထိုအကျိုးဆက်ကြောင့် အခြားနိုင်ငံများအတွင်းရှိ တော်လှန်ရေးအုံကြွမှုများသည် ပိုမိုပြင်းထန်လာခဲ့တော့သည်။
“မင်းတို့ တော်ဝင်မိသားစုကပဲ မဟာရှနိုင်ငံတော်ထံ အညံ့ခံမလား... ဒါမှမဟုတ် ငါတို့ကပဲ မင်းတို့ကို ဖြုတ်ချပြီးမှ မဟာရှနိုင်ငံတော်ထံ သွားပြီး အညံ့ခံရမလား... မင်းတို့ဘာသာမင်းတို့ပဲ ရွေးချယ်ကြတော့...”