← Chapters

အခန်း (၅၉၉-၆၀၀)

Vol. 55 Ch. 599-600

အခန်း (၅၉၉-၆၀၀)

Vol. 55 Ch. 599-600

အပိုင်း (၅၉၉)

ဤကဲ့သို့ အခြေအနေတွေက အင်အားနည်းတဲ့ နိုင်ငံငယ်လေးတွေကနေစပြီး စတင်ဖြစ်ပွားခဲ့တာ ဖြစ်သည်။

ထိုနိုင်ငံငယ်လေးတွေရဲ့ စစ်အင်အားက အလွန်အားနည်းလှပြီး၊ သူတို့ဆီမှာ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် နှစ်ယောက်၊ သုံးယောက်နဲ့ သာမန် ခန္ဓာကိုယ် ‌လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် တချို့ ရှိနေကြပေမဲ့လည်း အုံကြွလာတဲ့ ပြည်သူလူထုကြီးကိုတော့ မယှဉ်နိုင်ခဲ့ကြပေ။

ထို့ပြင် ပြည်သူတွေထဲမှာလည်း အရည်အချင်းရှိလှတဲ့ သိုင်းပညာရှင်တွေ ပါဝင်နေပြီး၊ သူတို့ထဲက အများစုမှာ မတရားမှုကို မကြည့်ရက်တဲ့ စိတ်ရင်းခံဖြင့် ကူညီပေးခဲ့ကြသည်။

ဒါကြောင့်မို့လို့ပဲ နိုင်ငံငယ် အများအပြားဟာ ခဏချင်းအတွင်းမှာတင် ဖြုတ်ချခြင်းကို ခံလိုက်ရတော့သည်။

တိုင်းပြည်တစ်ပြည် ပျက်သုဉ်းသွားတာနဲ့တစ်ပြိုင်နက် သူတို့ဟာ မဟာရှနိုင်ငံတော်ထံ အညံ့ခံပူးပေါင်းပါ့မယ်လို့ ချက်ချင်း ကြေညာကြတော့သည်။

ထို့နောက်တွင်တော့ အင်အားတောင့်တင်းတဲ့ နိုင်ငံကြီးတချို့ပင်လျှင် ဆက်ပြီး တောင့်မခံနိုင်ကြတော့ချေ။

ထိုနိုင်ငံကြီးတွေရဲ့ တော်ဝင်မိသားစုဝင်တွေဟာ ဘေးလွတ်ရာသို့ ထွက်ပြေးကြရသလို၊ အသက်ဘေးက လွတ်မြောက်ဖို့အတွက် မဟာရှနိုင်ငံတော်ထံ တိုက်ရိုက် အညံ့ခံပူးပေါင်းကြောင်း ကြေညာခဲ့ကြရသည်။ မဟုတ်လျှင်တော့ သူတို့အတွက် အသက်ရှင်သန်ဖို့ လမ်းစမရှိတော့ချေ။

နိုင်ငံတော်အင်အား အဘက်ဘက်က ယုတ်လျော့နေတဲ့ မင်းဆက်အချို့ပင်လျှင် ယိမ်းယိုင်ပြိုလဲလုနီးပါး ဖြစ်လာခဲ့ရသည်။

ယခုအချိန်မှာတော့ ကောင်းကင်အဆင့် သိုင်းပညာရှင် ရှိနေတဲ့ အင်ပါယာကြီးတွေသာလျှင် မည်သူ့ခြိမ်းခြောက်မှုကိုမျှ မခံရဘဲ အခြေအနေကို ထိန်းထားနိုင်ကြတော့သည်။

တစ်ကမ္ဘာလုံးက လူတွေအားလုံးလည်း ဒီမြင်ကွင်းကို ကြည့်ပြီး မှင်တက်အံ့ဩကုန်ကြရသည် -

“တောက်... ရိက္ခာပြတ်လပ်တဲ့ ဘေးဒုက္ခတစ်ခုတည်းနဲ့တင် ဒီလောက်များပြားတဲ့ နိုင်ငံတွေက အညံ့ခံကုန်ကြတာလား...”

“အခုဆိုရင် နိုင်ငံငယ် ၁၁ နိုင်ငံနဲ့ နိုင်ငံကြီး ၃ နိုင်ငံတောင် မဟာရှနိုင်ငံတော်ထံ အညံ့ခံပြီးပြီ...၊ တကယ်ကို အဓိပ္ပာယ်မရှိတာပဲ...။ ပြဇာတ်တွေထဲမှာတောင် ဒီလိုဇာတ်ကွက်မျိုးကို ရေးဝံ့မှာ မဟုတ်ဘူး...”

“ဒါဆို မဟာရှနိုင်ငံတော်က စစ်တစ်ချက်မှ တိုက်စရာမလိုဘဲ တခြားနိုင်ငံတွေကို သိမ်းပိုက်နေတာပေါ့...”

“ဒါပေါ့... မင်းတို့ဆီမှာသာ စားစရာ ရိက္ခာတွေ ပေါများနေမယ်ဆိုရင် တခြားလူတွေက မင်းတို့ဆီ လာပြီး ခိုလှုံကြမှာပဲ မဟုတ်လား...”

“မဟာရှနိုင်ငံတော်ကတော့ တကယ်ပဲ အလကားနေရင်း အမြတ် ကြီးကြီးမားမားကို ရလိုက်တာပဲ...”

“ဒါပေမဲ့ ဒါက ကောင်းတဲ့လက္ခဏာတော့ မဟုတ်လောက်ဘူး...၊ ဒီနိုင်ငံတွေအားလုံးရဲ့ လူဦးရေကို ပေါင်းလိုက်ရင် သန်းတစ်ရာကျော် ရှိတယ်...။ အကယ်၍ ကောင်းကောင်းမစီမံနိုင်ရင်တော့ ဒါက အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ်...။ မဟာရှနိုင်ငံတော်က ဘယ်လောက်ပဲ အင်အားကြီးကြီး... ဒီလောက်လူအုပ်ကြီးကို ထိန်းချုပ်နိုင်ပါ့မလား...”

“ပြဿနာရှိမယ် မထင်ပါဘူး...၊ သူတို့ဆီမှာ လူဦးရေ သန်း ၈၀၀ ကိုတောင် ကျွေးမွေးနိုင်တဲ့ ရိက္ခာတွေ ရှိနေတာပဲဥစ္စာ...”

ဒီအခြေအနေမှာ အပူပန်ဆုံးကတော့ အင်ပါယာကြီး လေးခုပဲ ဖြစ်သည်။

မဟာရှနိုင်ငံတော်ဟာ ယခုအခါမှာ တစ်ကမ္ဘာလုံးက လေးစားအားထားရတဲ့ အထွတ်မြတ်ဆုံး အင်ပါယာကြီးတစ်ခုအဖြစ် အခိုင်အမာ ရပ်တည်နေပြီ ဖြစ်သည်။

အကယ်၍ သူတို့သာ ဒီထက်မက ဆက်ပြီး ကြီးထွားလာမယ်ဆိုရင် အခြားအင်ပါယာတွေရဲ့ ရပ်တည်မှုက လုံးဝကို ပျက်စီးသွားရပေလိမ့်မည်။

ဒါကြောင့် သူတို့အနေနဲ့ ဒီဖြစ်ရပ်ကို တားဆီးဖို့ တစ်ခုခု လုပ်ရတော့မည် ဖြစ်သည်။

ထို့ကြောင့် သူတို့ဟာ ပြည်သူလူထုကို ဖျောင်းဖျနားချဖို့အတွက် နိုင်ငံအသီးသီးဆီသို့ တော်ဝင်အထူးကိုယ်စားလှယ်တွေကို စေလွှတ်လိုက်ကြသည်။

တော်ဝင်အထူးကိုယ်စားလှယ်တွေက - “မိဘပြည်သူတို့... စိတ်လိုက်မာန်ပါ လုပ်တာက ဘာပြဿနာကိုမှ မဖြေရှင်းနိုင်ပါဘူး...။ သင်တို့ဘက်ကပဲ မဟာရှနိုင်ငံတော်ထဲ ဝင်ပါ့မယ်လို့ တစ်ဖက်သတ် ကြေညာလိုက်ရုံနဲ့... သူတို့က လက်ခံလိမ့်မယ်လို့ တကယ် ထင်နေတာလား...၊ ကျုပ်ကတော့ မထင်ဘူးနော်...” ဟု စည်းရုံးပြောဆိုကြလေသည်။

ပြည်သူတွေကလည်း - “မင်းတို့က ငါတို့ကို စားစရာ ရိက္ခာ ပေးနိုင်လို့လား...” ဟု ပြန်မေးလိုက်ကြသည်။

ကိုယ်စားလှယ်တွေက - “ကျုပ်တို့အားလုံး စိတ်အေးအေးထားပြီး ဖြေရှင်းနည်းကို ဝိုင်းစဉ်းစားကြတာပေါ့...။ အကြမ်းဖက်တဲ့နည်းလမ်းက နောက်ဆုံးမှ သုံးရမယ့် နည်းလမ်းပါ...”

ပြည်သူတွေက ထပ်မံ၍ - “မင်းတို့က ငါတို့ကို စားစရာ ရိက္ခာ ပေးနိုင်လို့လား...”

ကိုယ်စားလှယ်တွေက ဆက်ပြီး - “ကြည့်စမ်းပါဦး... သင်တို့ရဲ့ ဧကရာဇ်ကလည်း အစွမ်းကုန် ကြိုးစားနေရှာတာပဲ... သူ့ကို အခွင့်အရေးတစ်ခုတော့ ပေးသင့်တာပေါ့...”

ပြည်သူတွေကတော့ ဇွတ်အတင်းပင် - “မင်းတို့က ငါတို့ကို စားစရာ ရိက္ခာ ပေးနိုင်လို့လား...”

နောက်ဆုံးတွင်တော့ ကိုယ်စားလှယ်တွေလည်း စိတ်မထိန်းနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်မိသည် - “မင်းတို့က ဗိုက်ဆာတဲ့ အကြောင်းကလွဲရင် တခြားအကြောင်းအရာတွေကို မပြောတတ်ကြတော့ဘူးလား...”

ပြည်သူတွေကလည်း ပို၍ ဒေါသထွက်သွားကြပြီး - “စားစရာအကြောင်းမပြောရင် ဘာအကြောင်းပြောရမှာလဲ... မင်းတို့က ငါတို့အကျိုးအတွက်လို့ ဆင်ခြေပေးနေပြီး... ငါတို့ ဗိုက်ဆာနေတာကိုကျတော့ မဖြေရှင်းပေးဘူး...။ ငါတို့ရဲ့ ငတ်မွတ်မှုကို မဖြေရှင်းပေးနိုင်ရင် အဝေးကို လစ်လိုက်ကြတော့... မင်းတို့မျက်နှာတွေကို မြင်ရတာနဲ့တင် ငါတို့ ရင်ဘတ်ထဲက ဒေါသတွေ ပေါက်ကွဲထွက်လာတော့မယ်...”

ထိုသို့ဖြင့် တော်ဝင်အထူးကိုယ်စားလှယ်များသည် အရှက်တကွဲ အကျိုးနည်းဖြင့် အမြီးကုပ်ကာ ပြန်ဆုတ်ပြေးခဲ့ကြရတော့သည်။

နူးညံ့တဲ့နည်းလမ်းနဲ့ မရမှန်း သိသွားတဲ့အခါမှာတော့ အင်ပါယာကြီး လေးခုဟာ အကြမ်းဖက်တဲ့ နည်းလမ်းကို ပြောင်းလဲအသုံးပြုခဲ့ကြသည်။

သူတို့ဟာ ဒေသခံ တော်ဝင်မိသားစုတွေရဲ့ ပုန်ကန်မှု နှိမ်နင်းရေးကို ကူညီပေးဖို့အတွက် သိုင်းပညာရှင်တွေကို လျှို့ဝှက်စွာ စေလွှတ်လိုက်ကြသည်။ သူတို့ရဲ့ ကြိုးပမ်းမှုကြောင့် အုံကြွမှုတွေဟာ အတန်ငယ် ငြိမ်သက်သွားသလိုမျိုး ရလဒ်ကောင်းတချို့ကို ရရှိခဲ့သည်။

မဟာရှနိုင်ငံတော်ရဲ့ နန်းတော်အတွင်း၌...

သူဖုန်းစားဂိုဏ်းရဲ့ အကြီးအကဲတွေ စုံစုံလင်လင် ရောက်ရှိနေကြပြီး ညီညီညာညာ လျှောက်တင်လိုက်ကြသည် - “အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ကို ဘယ်လိုအကြောင်းကိစ္စကြောင့် အရေးတကြီး ဆင့်ခေါ်လိုက်ရတာပါလဲ ...”

လင်းပိုင်ဖန်က လေးနက်တည်ကြည်သော မျက်နှာထားဖြင့် - “ငါကိုယ်တော် ကြားသိရသလောက်တော့... တိုင်းတစ်ပါးက ပြည်သူအများအပြားဟာ ငါတို့ မဟာရှနိုင်ငံတော်ကို မျှော်ကိုးပြီး လာရောက်ပူးပေါင်းချင်နေကြတယ်...။ ဒါပေမဲ့ လူယုတ်မာတချို့က သူတို့ကို အနှောင့်အယှက်ပေးပြီး ဒုက္ခပေးနေကြတယ်လို့ သိရတယ်...၊ ဒါကို မြင်ရတာ ငါကိုယ်တော် တကယ်ကို စိတ်မကောင်းဖြစ်ရတယ်...။ ဒါကြောင့်မို့လို့ မောင်မင်းတို့ရဲ့ သူဖုန်းစားဂိုဏ်းရဲ့ အင်အားကို သုံးပြီးတော့... အဲဒီလူယုတ်မာတွေကို နှိမ်နင်းပေးဖို့နဲ့ ပြည်သူတွေကို လွတ်လပ်ခွင့် ပြန်ပေးနိုင်ဖို့အတွက် ငါကိုယ်တော် ဆင့်ခေါ်လိုက်ရတာပဲ...”

“အမိန့်အတိုင်းပါ အရှင်မင်းကြီး...” သူဖုန်းစားဂိုဏ်းရဲ့ အကြီးအကဲတွေအားလုံး အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားကြသည်။

ဧကရာဇ်မင်းမြတ်က သူတို့ကို တာဝန်တစ်ခု ပေးအပ်လိုက်ပြီ မဟုတ်ပါလား။

တာဝန်ရှိရင် ဆုလာဘ်လည်း ရှိရပေမည်။

ဧကရာဇ်မင်းမြတ်ဆီက ရရှိမယ့် များပြားလှတဲ့ ဆုလာဘ်တွေကို တွေးတောရင်း သူတို့အားလုံး ရင်ခုန်စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။

“စိတ်ချတော်မူပါ အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ ဒီတာဝန်ကို အောင်မြင်အောင် ဧကန်မုချ ဆောင်ရွက်ပေးပါ့မယ်...”

အကြီးအကဲ ချန်က ယုံကြည်မှုအပြည့်ဖြင့် ကတိပေးလိုက်ရာ အခြားသော အကြီးအကဲများကလည်း သဘောတူကြောင်း ခေါင်းငြိတ်ပြလိုက်ကြသည်။

လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ လင်းပိုင်ဖန်ရဲ့ ပံ့ပိုးကူညီမှုကြောင့် သူတို့ရဲ့ သိုင်းအဆင့်တွေဟာ တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။

သူဖုန်းစားဂိုဏ်းရဲ့ အကြီးအကဲအားလုံးဟာ ကြယ်တာရာချီအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ထို့ပြင် အကြီးအကဲ အနည်းငယ်ဆိုလျှင် အင်ပါယာချီအဆင့်သို့ပင် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။

လင်းပိုင်ဖန် ပေးသနားထားတဲ့ နတ်ဆေးများ၊ အစွမ်းထက်လှတဲ့ လက်နက်များနှင့် သူတို့လေ့ကျင့်ထားတဲ့ ဆန်းကြယ်တဲ့ သိုင်းပညာရပ်တွေကြောင့် သူတို့ဟာ အဆင့်တူ သိုင်းပညာရှင်တွေကြားထဲမှာ ပြိုင်ဘက်ကင်း ဖြစ်နေကြပြီ ဖြစ်သည်။

“ငါကိုယ်တော်အနေနဲ့ အကြီးအကဲတို့ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ယုံကြည်ပြီးသားပါ...”

လင်းပိုင်ဖန်က အနည်းငယ် ပြုံးလိုက်ပြီး လက်ကို ညင်သာစွာ ဝေ့ယမ်းလျက် - “သွားကြတော့ အကြီးအကဲတို့... ငါကိုယ်တော် သင်တို့ဆီက သတင်းကောင်းကို စောင့်မျှော်နေမယ်...”

“အမိန့်အတိုင်းပါ အရှင်မင်းကြီး...” အကြီးအကဲများအားလုံး ဦးညွှတ်နှုတ်ဆက်ပြီး ထွက်ခွာသွားကြတော့သည်။

မကြာခင်မှာပဲ သူဖုန်းစားဂိုဏ်းရဲ့ အင်အားစုတွေဟာ နိုင်ငံအသီးသီးဆီသို့ ပျံ့နှံ့သွားပြီး၊ မီးလောင်ရာလေပင့်ကာ ပြည်တွင်းစစ်ပွဲတွေ ပိုမိုပြင်းထန်လာအောင် မြှောက်ပင့်ပေးခဲ့ကြသည်။

ထို့ကြောင့်ပင် အတန်ငယ် ငြိမ်သက်လုနီးပါး ဖြစ်သွားခဲ့တဲ့ အခြေအနေဟာ တစ်ဖန် ပြန်လည် ဆူပူအုံကြွလာခဲ့ရပြန်သည်။

ဒီအခြေအနေကြောင့် အင်ပါယာကြီး လေးခုကတော့ အလွန်အမင်း စိတ်ပျက်ဒေါသထွက်နေကြရသည်။

မဟာဝူအင်ပါယာရဲ့ နန်းတော်အတွင်း၌...

မဟာဝူဧကရာဇ်သည် အလွန်အမင်း ဒေါသထွက်နေပြီး - “ဘာဖြစ်လို့ အခြေအနေတွေက တစ်ခါပြန်ပြီး ရှုပ်ထွေးကုန်ရတာလဲ... မင်းတို့တွေ တရားဥပဒေကို ထိထိရောက်ရောက် မကျင့်သုံးကြလို့လား...” ဟု အော်ဟစ်လိုက်သည်။

အောက်တွင် ဒူးထောက်နေကြသော အမတ်အချို့က တုန်တုန်ရင်ရင်ဖြင့် လျှောက်တင်လိုက်ကြသည် - “အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ အစွမ်းအစမရှိလို့ မဟုတ်ပါဘူး...၊ လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင်တွေက ပုန်ကန်သူတွေဘက်ကနေ ပူးပေါင်းပြီး ကူညီပေးနေကြလို့ပါ...။ သူတို့ရဲ့ ခွန်အားက ကြီးမားလွန်းလို့ ကျွန်တော်မျိုးတို့ဘက်က မယှဉ်နိုင်လို့ပါ...”

“သိုင်းပညာရှင်တွေ ပါဝင်နေတယ် ဟုတ်လား...”

မဟာဝူဧကရာဇ်က အနည်းငယ် စိတ်အေးသွားပြီးနောက် - “မဟာရှနိုင်ငံတော်က လူတွေများ ဖြစ်နေမလား...” လို့ မေးလိုက်သည်။

“အရှင်မင်းကြီး... အဲဒီလိုတော့ မဖြစ်နိုင်ပါဘူး ...”

ဝါရင့်အမတ်ကြီးတစ်ဦးက ဦးညွှတ်လျက် - “မဟာရှနိုင်ငံတော်ရဲ့ သိုင်းပညာရှင်တွေ အားလုံးကို ကျွန်တော်မျိုးတို့ စောင့်ကြည့်နေတာပါ...၊ လက်ရှိအချိန်မှာ သူတို့အားလုံး မဟာရှနိုင်ငံတော်အတွင်းမှာပဲ ရှိနေကြပြီး... ဒီအရေးအခင်းထဲကို ပါဝင်ပတ်သက်ဖို့ အခွင့်အရေး လုံးဝမရှိပါဘူး ...”

“ဒါတင်မကသေးပါဘူး... အခု ပူးပေါင်းလာတဲ့ သိုင်းပညာရှင်တွေက နာမည်မရှိတဲ့ သိုင်းလောကအသိုင်းအဝိုင်းက လူတွေနဲ့ ပိုတူပါတယ်...။ သူတို့ထဲက တချို့ဆိုရင် သူဖုန်းစားဂိုဏ်းက သိုင်းပညာရှင်တွေ ဖြစ်ပုံရပါတယ်..။ သူဖုန်းစားဂိုဏ်းက မဟာရှနိုင်ငံတော်နဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး...”

မဟာဝူဧကရာဇ်ဟာ တစ်ဖန် ပြန်လည် ဒေါသထွက်သွားပြီး - “အောက်တန်းကျတဲ့ သူတောင်းစားတွေ... သူတို့က တကယ်ပဲ တစ်ကမ္ဘာလုံးကို ပရမ်းပတာ ဖြစ်အောင် လုပ်ချင်နေတာပဲ...”

“အရှင်မင်းကြီး မိန့်ကြားတာ မှန်ပါတယ်...၊ သူတို့တွေက ဆူပူအုံကြွမှုတွေ ရှိမှ အသက်ဆက်နိုင်ကြတဲ့ လူမိုက်အုပ်စုတွေပါ...။ တောင်းရမ်းသူတွေ များလေလေ... သူဖုန်းစားဂိုဏ်းက ပိုပြီး အင်အားကြီးလေလေပါပဲ...။ သူတို့က ဒီကမ္ဘာကြီးရဲ့ ကင်ဆာအကြိတ်တစ်ခုလိုပါပဲ...” အမတ်တစ်ဦးကလည်း ဒေါသတကြီးဖြင့် ထောက်ခံလိုက်သည်။

“ဘာပဲဖြစ်ဖြစ်... သူတို့ရဲ့ လုပ်ရပ်တွေက ငါတို့ကို ရန်စနေတာပဲ...”

မဟာဝူဧကရာဇ်က အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည် - “သူတို့ကို နှိမ်နင်းဖို့အတွက် အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေကို ထပ်ပြီး စေလွှတ်လိုက်စမ်း...။ သာမန် သူဖုန်းစားဂိုဏ်းလေး တစ်ခုလောက်ကတော့ ကောင်းကင်ကြီးကို ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မယ်လို့ ငါကိုယ်တော် လုံးဝမယုံကြည်ဘူး...”

“အမိန့်အတိုင်းပါ အရှင်မင်းကြီး...”

ထိုသို့ဖြင့် မဟာဝူအင်ပါယာသည် ပိုမိုအစွမ်းထက်သော သိုင်းပညာရှင်များကို ထပ်မံစေလွှတ်လိုက်တော့သည်။ အခြားသော ထိပ်တန်းအင်ပါယာ သုံးခုကလည်း ထိုနည်းတူစွာ ဆောင်ရွက်ခဲ့ကြသည်။

ထို့ကြောင့်ပင် ပဋိပက္ခများသည် ပိုမိုပြင်းထန်လာခဲ့တော့သည်။

မဟာရှနိုင်ငံတော်ရဲ့ နန်းတော်အတွင်း၌ လင်းပိုင်ဖန်သည် ပြင်ပက ရောက်ရှိလာတဲ့ နောက်ဆုံးရသတင်းတွေကို ဖတ်ရှုပြီးနောက် ဘေးနားမှာရှိနေတဲ့ ဓားအဖိုးအိုကို လှည့်ကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်သည် - “ တပည့်ကြီး... မင်း သူဖုန်းစားဂိုဏ်းရဲ့ ‘နဂါးနိုင်လက်ဝါး တစ်ဆယ့်ရှစ်ကွက်’ သိုင်းကို ဘယ်လောက်အထိ တတ်မြောက်ထားပြီလဲ...”

ဓားအဖိုးအိုက အနည်းငယ် ဝေခွဲမရဖြစ်သွားသော်လည်း ရိုသေသမှုဖြင့် ပြန်လည်လျှောက်တင်လိုက်သည် - “ဆရာ... ကျွန်တော်က လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဓားသိုင်းကိုပဲ အဓိက လေ့ကျင့်ခဲ့ပေမဲ့လည်း... နဂါးနိုင်လက်ဝါး တစ်ဆယ့်ရှစ်ကွက်ကိုလည်း လေ့ကျင့်ထားပါတယ်...။ လက်ရှိအချိန်မှာတော့ ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းလောက်အထိ ကျွမ်းကျင်နေပါပြီ ဆရာ...”

လင်းပိုင်ဖန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး - “သိပ်ကောင်းတယ်...”

ဘေးနားရှိ လှံနတ်ဘုရားမှာမူ ဝေခွဲမရဖြစ်သွားပြီး - “အစ်ကိုကြီး... မင်းက ဘာဖြစ်လို့ သူဖုန်းစားဂိုဏ်းရဲ့ သိုင်းပညာဖြစ်တဲ့ နဂါးနိုင်လက်ဝါး သိုင်းကို လေ့ကျင့်ထားရတာလဲ... ဒါက ဘယ်လိုလုပ်ပြီး...”

ဓားအဖိုးအိုက လင်းပိုင်ဖန်ကို လှည့်ကြည့်လိုက်ပြီး ဆရာဖြစ်သူရဲ့ ခွင့်ပြုချက် ခေါင်းညိတ်ပြမှုကို ရရှိပြီးတဲ့နောက်မှာတော့ ပြုံးပြီး ပြောလိုက်သည် - “ညီလေး... မင်း မသိသေးတဲ့ အကြောင်းအရာတစ်ခု ရှိသေးတယ်...”

ထို့နောက်တွင်တော့ သူက လှံနတ်ဘုရားကို အဖြစ်အပျက် ဇာတ်ကြောင်းအားလုံးကို ရှင်းပြလိုက်တော့သည်။

ဇာတ်ကြောင်းအားလုံးကို ကြားပြီးတဲ့နောက်မှာတော့ လှံနတ်ဘုရားရဲ့ မျက်နှာတစ်ခုလုံး သရဲတစ္ဆေကို မြင်လိုက်ရသလိုမျိုး မှင်တက်သွားရတော့သည်။

သူသည် တစ်ကမ္ဘာလုံးတွင် နံပါတ်တစ်ဂိုဏ်းကြီးတစ်ခုဖြစ်သည့် သူဖုန်းစားဂိုဏ်းဟာ လွန်ခဲ့တဲ့ အချိန်တွေကတည်းက သူ့ ဆရာ၏ လက်အောက်ခံ ဖြစ်နေခဲ့လိမ့်မယ်လို့ လုံးဝမထင်မှတ်ထားခဲ့ပေ။

ထို့ပြင် လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ သူ့ရဲ့ အစ်ကိုကြီးဟာ သူဖုန်းစားဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် ဟန်ဆောင်ပြီး တစ်ကမ္ဘာလုံးက လူတွေကို လှည့်စားထားခဲ့တာ ဖြစ်သည်။

သူ့ရဲ့ ရင်ထဲမှာတော့ ဆရာ နှင့် အစ်ကိုကြီးတို့အပေါ် အတိုင်းထက်အလွန် ကြည်ညိုလေးစားမှုတွေ ပြည့်နှက်သွားရတော့သည်။ သူတို့နှစ်ယောက်ဟာ တကယ်ကို ပါးနပ်လွန်းလှပြီး တစ်ကမ္ဘာလုံးကို ကောင်းကောင်းကြီး လှည့်စားထားနိုင်ခဲ့ကြပေသည်။

အပိုင်း (၆၀၀)

“တပည့်ကြီး... အခုဆိုရင် ထိပ်တန်းအင်ပါယာကြီး လေးခုက တခြားနိုင်ငံတွေ မဟာရှနိုင်ငံတော်ထံ အညံ့ခံဖို့ လာရောက်တာကို တားဆီးဖို့အတွက် ကျွမ်းကျင်သူတွေကို စေလွှတ်ထားကြပြီ။ သူဖုန်းစားဂိုဏ်းရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ဒီအခြေအနေကို ထိန်းချုပ်ဖို့ ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက် ရှိနေမှ ဖြစ်မယ်။ ဒါကြောင့် မင်းကို သူဖုန်းစားဂိုဏ်းချုပ်အဖြစ် နောက်တစ်ကြိမ် ဟန်ဆောင်ပေးစေချင်တယ်” ဟု လင်းပိုင်ဖန်က မိန့်ကြားလိုက်သည်။

“ပြဿနာမရှိပါဘူး ဆရာ” ဓားအဖိုးအိုက ပြန်လည်လျှောက်တင်လိုက်သည်။

သူ့အတွက်မူ ယခုလိုလုပ်ရသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့သဖြင့် တော်တော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။

ထိုစဉ်မှာပင် လှံနတ်ဘုရားက တည်ကြည်သော မျက်နှာထားဖြင့် ဖြတ်ပြောလိုက်သည် - “ဆရာ...၊ အစ်ကိုကြီး... ဒီလို ပျော်စရာ... အဟမ်း... ဒီလောက် အရေးကြီးတဲ့ ကိစ္စမျိုးကို ကျွန်တော်က ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်မှာလဲ။ ကျွန်တော်လည်း ပါဝင်ခွင့်ပြုပါ ဆရာ... ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ”

လင်းပိုင်ဖန်နှင့် ဓားအဖိုးအိုတို့နှစ်ဦးစလုံး မှင်တက်သွားကြသည်။

လှံနတ်ဘုရားကပါ ဒီအပျော်အပါးထဲ ဝင်ရှုပ်ချင်နေတာလား။

လင်းပိုင်ဖန် မော့ကြည့်လိုက်သောအခါ လှံနတ်ဘုရား၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားပြီး မျှော်လင့်တောင့်တနေသည့် အရိပ်အယောင်များကို တွေ့လိုက်ရသဖြင့် ပို၍ပင် ဝေခွဲမရ ဖြစ်သွားတော့သည်။

`ဒါ တကယ်ပဲ ငါ့တပည့် ဟုတ်ရဲ့လား။ တစ်ချိန်က တည်ငြိမ်အေးဆေးပြီး ရင့်ကျက်တဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးကကော ဟုတ်ရဲ့လား´

`သူ ဒီလို ကလေးကလားဆော့တတ်တဲ့ အကျင့်တွေကို ဘယ်သူ့ဆီက သင်လာတာလဲ´

ထိုအချိန်တွင် လင်းပိုင်ဖန်သည် ချိုင်ယွီရှင်း တစ်ခါက ပြောခဲ့ဖူးသည့် စကားကို သတိရမိသွားသည်။

သူ့ဆရာသည် တစ်ချိန်က အင်မတန် အဆော့သန်ပြီး အမြဲလှည့်စားတတ်သည့် မြေခွေးအိုကြီး ဖြစ်ခဲ့ဖူးသော်လည်း၊ နောက်ပိုင်းတွင် တပည့်များစွာကို လက်ခံခဲ့သဖြင့် ဆရာတစ်ယောက်၏ သိက္ခာကို ထိန်းသိမ်းရန်အတွက် အတင်းအကျပ် တည်ငြိမ်အောင် နေခဲ့ရခြင်း ဖြစ်သည်ဟူ၍ပင်။

ယခုမူ သူသည် မိမိ၏ ပင်ကိုယ်သဘာဝအမှန်ကို ပြန်လည်ထုတ်ဖော်နေခြင်းလော။

“ရတော့ ရပါတယ်... ဒါပေမဲ့ မင်းပါဝင်ချင်တယ်ဆိုရင် မင်းရဲ့ ရုပ်သွင်ကို ဖျောက်ဖျက်ထားရမယ်... မင်းရဲ့ ပုံစံအမှန်ကို လုံးဝ အသိခံလို့ မရဘူး။ ဒါပေမဲ့ ကြည့်ရတာ သူဖုန်းစားဂိုဏ်းထဲမှာ မင်းဟန်ဆောင်ဖို့ သင့်တော်တဲ့သူ မရှိသလိုပဲ...”

“ဒုတိယဂိုဏ်းချုပ် ရှိတာပဲဥစ္စာ။ သူ ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့တာ နှစ်တွေတောင် အတော်ကြာပြီလေ...၊ အခုဆိုရင် သိုင်းလောကထဲကို သူ ပြန်လည်ထွက်ပေါ်လာဖို့ အချိန်တန်ပြီပေါ့” ဟု လှံနတ်ဘုရားက တဟဲဟဲ ရယ်မောရင်း ပြောလိုက်သည်။

နောက်ဆုံးတွင်တော့ လင်းပိုင်ဖန်လည်း လှံနတ်ဘုရား၏ တောင်းဆိုမှုကို သဘောတူလိုက်ရတော့သည်။

ထို့နောက်တွင် လှံနတ်ဘုရားသည် ဓားအဖိုးအိုထံမှ သူဖုန်းစားဂိုဏ်း၏ သိုင်းကွက်အချို့ကို သင်ယူခဲ့ပြီး၊ သူဖုန်းစားဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် ‘ဝမ်ထုံကျန်း’ အဖြစ် ရုပ်ဖျက်ကာ စိတ်လှုပ်ရှားစွာဖြင့် ဓားအဖိုးအိုနှင့်အတူ တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားခဲ့ကြသည်။

မကြာမီမှာပင် သူတို့သည် မဟာလျန်နိုင်ငံရှိ သူဖုန်းစားဂိုဏ်းခွဲတစ်ခုသို့ ရောက်ရှိသွားကြသည်။

သူဖုန်းစားဂိုဏ်း၏ အကြီးအကဲ အချို့သည် သိုင်းလောကထဲ ပြန်လည်ပေါ်ပေါက်လာသည့် ဂိုဏ်းချုပ် ‘ဟုန်ချီဟိုင်’ ကို နားလည်မှုရှိသော အပြုံးများဖြင့် ခရီးဦးကြိုဆိုကြပြီး တညီတညွတ်တည်း လျှောက်တင်လိုက်ကြသည် - “ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်...”

သူဖုန်းစားဂိုဏ်းချုပ်က တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး - “အကြီးအကဲတို့... အခမ်းအနားတွေ လုပ်နေဖို့ မလိုပါဘူး...”

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...” ဟု အကြီးအကဲများက ဆိုရင်း ဂိုဏ်းချုပ်၏ ဘေးနားတွင် ရှိနေသည့် ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသော လူကို ဝေခွဲမရသည့် မျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။

ထို့နောက် အကြီးအကဲတစ်ဦးက - “ဂိုဏ်းချုပ်... ဒါက ဘယ်သူပါလဲ...” ဟု မေးလိုက်သည်။

ထိုလူက အော်ဟစ်ရယ်မောလိုက်ပြီး - “အကြီးအကဲတို့... ငါတို့တွေ အတူတူ အလုပ်လုပ်ခဲ့ကြတာ နှစ်တွေ ဒီလောက်တောင် ကြာပြီကို ငါ့ကို တောင် မမှတ်မိကြတော့ဘူးလား... ငါက ဒုတိယဂိုဏ်းချုပ် ဝမ်ထုံကျန်းလေ...”

သူဖုန်းစားဂိုဏ်း အကြီးအကဲများ၏ မျက်နှာများက ပို၍ပင် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

“ကျွန်တော်တို့က ဒါကို တကယ်ပဲ ကျွန်တော်တို့ သူဖုန်းစားဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် ဝမ်ထုံကျန်း လို့ သတ်မှတ်ထားတာပါ... ဒါပေမဲ့ အဲဒီမျက်နှာဖုံးအောက်မှာ ဘယ်သူ ပုန်းနေလဲဆိုတာကိုပဲ သိချင်တာပါ...”

ဒုတိယဂိုဏ်းချုပ်သည် သူ၏ မူလပုံစံကို ထုတ်မပြဘဲ ရုပ်ဖျက်ထားသည့် အတတ်ပညာကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြသနေခဲ့သည်။

ဂိုဏ်းချုပ်က သက်ပြင်းချရင်း မတတ်နိုင်တော့သည့် လေသံဖြင့် - “ညီလေး... မဆော့နဲ့တော့... ငါတို့ လုပ်စရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ်...” ဟု ပြောလိုက်သည်။

ထိုအခါမှ သူဖုန်းစားဂိုဏ်း အကြီးအကဲများလည်း သဘောပေါက်သွားကြပြီး - “ဩော်... အရှင် လှံနတ်ဘုရားကြီး ဖြစ်နေတာကိုး... အခုမှပဲ ကျွန်တော်တို့ စိတ်အေးရပါတော့တယ်...”

“အရေးကြီးတဲ့ ကိစ္စကို စပြောကြရအောင်...” သူဖုန်းစားဂိုဏ်းချုပ်က တည်ကြည်စွာ ပြောလိုက်သည်။

“ဆရာက ငါတို့ကို ဒီကို လွှတ်လိုက်တာ... ဘာဖြစ်လို့လဲဆိုတော့ သူဖုန်းစားဂိုဏ်းက ဒုက္ခနဲ့ ရင်ဆိုင်နေရလို့ပဲ... အခြေအနေက ဘာလဲ... ငါ့ကို အမြန်ဆုံး တင်ပြစမ်း...”

“ကျွန်တော်တို့ အဓိက ရင်ဆိုင်နေရတာက မဟာဝူအင်ပါယာက လူတွေပါ...၊ ပြီးခဲ့တဲ့ အချိန်က မဟာဝူအင်ပါယာဟာ ပုန်ကန်မှုတွေကို နှိမ်နင်းဖို့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ငါးယောက်၊ ခြောက်ယောက်လောက် စေလွှတ်ခဲ့ပေမဲ့... ကျွန်တော်တို့က သူတို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ရရှိတဲ့ သတင်းအရ မဟာဝူဧကရာဇ်က အလွန်အမင်း ဒေါသထွက်ပြီး ပိုပြီး အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေကို ထပ်လွှတ်လိုက်တယ်လို့ သိရပါတယ်...။ မဟာဝူ၏ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်လည်း ကျွန်တော်တို့ဆီ ဦးတည်လာနေတယ်...၊ ဒါပေမဲ့ ဒီကိစ္စအတွက်လားဆိုတာတော့ မသေချာဘူး...။ ဘာပဲဖြစ်ဖြစ် ဘေးကင်းအောင်လို့ ကျွန်တော်တို့ အရှင်မင်းကြီးဆီ စစ်ကူတောင်းထားတာပါ...”

“အင်း... ငါ သိပြီ...” သူဖုန်းစားဂိုဏ်းချုပ်က ပြောလိုက်သည်။

“မင်းတို့အားလုံး အစီအစဉ်အတိုင်း ဆက်လုပ်ပြီး ဆရာ့ရဲ့ တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ကြ...။ အကယ်၍ တစ်ဖက်မှာ တကယ်ပဲ ကောင်းကင်အဆင့် ရှိနေမယ်ဆိုရင်တော့ ငါနဲ့ ငါ့ညီလေးက ကိုင်တွယ်ဖြေရှင်းပေးမယ်...”

“အမိန့်အတိုင်းပါ ဂိုဏ်းချုပ်...” ဟု သူဖုန်းစားဂိုဏ်း အကြီးအကဲများက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။

ထို့ကြောင့်ပင် သူတို့သည် မီးလောင်ရာလေပင့်သည့် အလုပ်ကို ဆက်လက်လုပ်ဆောင်ကြပြီး ဒေသခံ ပြည်သူလူထုကို လွတ်လပ်ခွင့် ကြေညာရန်နှင့် အစိုးရကို ဖြုတ်ချရန်အတွက် ဆက်လက် မြှောက်ပင့်ပေးခဲ့ကြသည်။

မြို့တော်အတွင်း၌ အစွမ်းထက်သော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အချို့ ထွက်ပေါ်လာသော်လည်း၊ ၎င်းတို့အားလုံးကို သူဖုန်းစားဂိုဏ်း အကြီးအကဲများက တွန်းလှန်မောင်းထုတ်နိုင်ခဲ့ကြသည်။

ထိုစဉ်မှာပင် အစွမ်းထက်လှသော ပုဂ္ဂိုလ်တစ်ဦးက မြို့ထဲသို့ ဇွတ်အတင်း ဝင်ရောက်လာပြီး၊ တွေ့သမျှလူကို သတ်ဖြတ်ရင်း အော်ဟစ်လိုက်သည် - “သူဖုန်းစားဂိုဏ်း... မင်းတို့က မဟုတ်မမှန် သတင်းတွေ ဖြန့်ပြီး ကမ္ဘာကြီးကို ပရမ်းပတာ ဖြစ်အောင် လုပ်နေတာပဲ...။ ဒီနေ့တော့ ငါက ကောင်းကင်ဘုံကိုယ်စား မင်းတို့ကို အရင်ဆုံး သုတ်သင်ပစ်မယ်... ပြီးမှ မင်းတို့ ဂိုဏ်းချုပ်ဆီကနေ ရှင်းလင်းချက် တောင်းမယ်...”

သူသည် သူဖုန်းစားဂိုဏ်း အကြီးအကဲတစ်ဦးကို သတ်ဖြတ်ရန် အရှိန်ယူလိုက်စဉ်မှာပင်၊ ရုပ်ဖျက်ထားသည့် ဂိုဏ်းချုပ် ‘ဓားအဖိုးအို’ က ကြားဖြတ်ဝင်ရောက် တားဆီးလိုက်သည်။

သူသည် တိုက်ခိုက်သူကို ခုခံကာကွယ်ပြီး လက်ဝါးတစ်ချက်ဖြင့် နောက်သို့ ဆုတ်သွားစေကာ ကျယ်လောင်စွာ ဟောက်လိုက်သည် - “ငါတို့ သူဖုန်းစားဂိုဏ်းက မင်းကို ဘာဖြစ်လို့ ရှင်းလင်းချက် ပေးရမှာလဲ...၊ ဝူထျန်းဝမ်... မင်းတို့ မဟာဝူအင်ပါယာက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ငါတို့ရဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာက လွန်လွန်းရာ မကျဘူးလား...”

“ဟုန်ချီဟိုင်... မင်းပဲကိုး...” မဟာဝူအင်ပါယာ၏ ကောင်းကင်အဆင့် သိုင်းပညာရှင်၏ မျက်နှာက ချက်ချင်း ညိုမည်းသွားတော့သည်။

“ဟုတ်တယ်... ငါပဲ...” သူဖုန်းစားဂိုဏ်းချုပ်က ဂိုဏ်း၏ အာဏာကို ကိုယ်စားပြုသည့် ‘ခွေးရိုက်တုတ်’ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ‌လေးနက်စွာ ပြောလိုက်သည်။

လွန်ခဲ့သည့် နှစ်များအတွင်း ဓားအဖိုးအိုသည် သူဖုန်းစားဂိုဏ်းချုပ် ဟုန်ချီဟိုင်၏ အပြုအမူနှင့် အလေ့အထများကို သေချာစွာ လေ့လာခဲ့သဖြင့် ယခုအခါတွင် သူ၏ ဟန်ဆောင်မှုက အပြည့်အဝ ပြည့်စုံနေပြီ ဖြစ်သည်။

သူနှင့် အလွန်နီးစပ်သူ မဟုတ်ပါက သူ၏ မူလပုံစံကို လုံးဝ ခွဲခြားနိုင်မည် မဟုတ်ပေ။

“မင်း လာတာ အချိန်ကိုက်ပဲ...၊ ငါ မင်းကို မေးစရာ ရှိတယ်...” ဟု မဟာဝူ၏ ကောင်းကင်အဆင့်သိုင်းပညာရှင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မင်းက မဟာရှနိုင်ငံတော်နဲ့ ရန်ငြိုးရှိထားတာ မဟုတ်လား...၊ ဒါပေမဲ့ အခု မဟာလျန်နိုင်ငံရဲ့ ပြည်သူတွေက မဟာရှနိုင်ငံတော်ထံ အညံ့ခံဖို့ လုပ်နေတာကို မင်းက မတားဆီးတဲ့အပြင် အကူအညီတောင် ပေးနေသေးတယ်...။ ဒါက လူယုတ်မာကို မြှောက်ပင့်ပေးနေတာ မဟုတ်ဘူးလား...”

သူဖုန်းစားဂိုဏ်းချုပ်က တရားမျှတမှုရှိသော ဒေါသများဖြင့် တုံ့ပြန်လိုက်သည် - “မှန်တာက မှန်တာပဲ... မှားတာက မှားတာပဲ...။ ငါက မဟာရှနိုင်ငံတော်နဲ့ ပုဂ္ဂိုလ်ရေး ရန်ငြိုးရှိတာ မှန်ပေမဲ့... ဒါက ပုဂ္ဂိုလ်ရေး ကိစ္စပဲ...။ အခုအချိန်မှာ တိုင်းပြည်က ဒုက္ခရောက်နေပြီး ပြည်သူတွေမှာ စားစရာ ရိက္ခာမရှိကြဘူး...။ ငါတို့ သူဖုန်းစားဂိုဏ်းက ဖြောင့်မတ်တဲ့ သိုင်းပညာရှင်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ဒုက္ခတွေကို မကြည့်ရက်ဘူး...။ ဒါကြောင့် ငါတို့ ကူညီပေးရတာပဲ...။ တစ်ကမ္ဘာလုံးက ငါတို့ကို နားလည်မှု လွဲရင်တောင်မှ... ငါတို့ လက်ခံတယ်...”

“သူဖုန်းစားဂိုဏ်းချုပ်က တကယ်ပဲ ‌ဖြောင့်မတ်မှန်ကန်တဲ့သူပဲ။ သူဖုန်းစားဂိုဏ်းက တကယ့်ကို သူရဲကောင်းတွေပဲ...” ဒေသခံ ပြည်သူများက ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာကြတော့သည်။

“ပေါက်ကရတွေ...” မဟာဝူ၏ ကောင်းကင်အဆင့်သိုင်းပညာရှင်က ဒေါသတကြီး ဆဲရေးလိုက်သည်။

“မင်းက ဘယ်လိုလူစားမျိုးလဲ... မင်းတို့ သူဖုန်းစားဂိုဏ်းက ဘယ်လိုအဖွဲ့အစည်းလဲဆိုတာ... ငါမသိဘူးလို့ ထင်နေလား...။ အခု ငါ မင်းကို တစ်ခုပဲ မေးမယ်... မင်းတို့ သူဖုန်းစားဂိုဏ်းက ဆုတ်ခွာမလား... မဆုတ်ခွာဘူးလား...”

“တစ်ကမ္ဘာလုံးရဲ့ နံပါတ်တစ် ဂိုဏ်းကြီးတစ်ခုအနေနဲ့... ငါတို့ရဲ့ အဘိဓာန်မှာ ‘ဆုတ်ခွာတယ်’ ဆိုတဲ့ စကားလုံး မရှိဘူး...” ဟု သူဖုန်းစားဂိုဏ်းချုပ်က ပြတ်ပြတ်သားသား ကြေညာလိုက်သည်။

“...မင်းတို့တွေ ငါတို့ မဟာဝူအင်ပါယာကို မကြောက်ဘူးလား...” မဟာဝူ၏ ကောင်းကင်အဆင့်သိုင်းပညာရှင်က စိန်ခေါ်လိုက်သည်။

“ဘာကို ကြောက်ရမှာလဲ...” သူဖုန်းစားဂိုဏ်းချုပ်က နှာခေါင်းရှုံ့လိုက်ပြီး - “အင်ပါယာအဆင့်သာသာ နိုင်ငံတစ်ခုပဲကို။ မင်းတို့ဆီမှာ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် ရှိနေရုံနဲ့ ဒီလောက်အထိ ဆရာကြီးလုပ်နိုင်မယ်လို့ မထင်နဲ့... ငါကတော့ မင်းတို့ကို လုံးဝ မကြောက်ဘူး...”

“ဂိုဏ်းချုပ်ကြီးက ခွန်အားအကြီးဆုံးပဲ...၊ သူဖုန်းစားဂိုဏ်းက ဘယ်သူ့ကိုမှ မကြောက်ဘူး...” သူဖုန်းစားဂိုဏ်းသားများက ကြည်ညိုလေးစားမှုများဖြင့် တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

သို့သော် မဟာဝူ၏ ကောင်းကင်အဆင့်သိုင်းပညာရှင်ကမူ လုံးဝ ကြောင်အမ်းသွားရတော့သည်။

ဂိုဏ်းငယ်လေးတစ်ခု၏ ဂိုဏ်းချုပ်မျှသာ ရှိသေးသည့်သူက သူတို့၏ မဟာဝူအင်ပါယာကို အထင်သေးရဲသည်လား။

ထို့ပြင် သူတို့၏ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်ကိုပင် ရန်စရဲသေးသည်လော။

သူ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်သည်။

ယခုအချိန်တွင် သူသာ လက်မပါခဲ့လျှင် မိမိကိုယ်ကိုယ် အရှက်ရစေမည်သာ ဖြစ်သည်။

“ဟုန်ချီဟိုင်... ဒီနေ့တော့ မင်းနဲ့ငါ... တစ်ယောက်မဟုတ် တစ်ယောက်တော့ သေမှရမယ်...”

“လာစမ်းပါ...”

ထိုသို့ဖြင့် ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးသည် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲကြရာ၊ ကောင်းကင်ကြီး တစ်ပြင်လုံး ညို့မှိုင်းသွားပြီး နေမင်းပင် အရောင်အဝါ မှိန်ဖျော့သွားရတော့သည်။

အမှောင်ထဲတွင် ပုန်းအောင်းနေသည့် လှံနတ်ဘုရားသည် မနေနိုင်မထိုင်နိုင် ဖြစ်လာခဲ့သည်။

သူသည် ယခုတစ်ခေါက်တွင် ပြဿနာရှာရန်အတွက် ထွက်လာခြင်း ဖြစ်ပြီး၊ ယခုလို ကောင်းမွန်သော အခွင့်အရေးမျိုး ရောက်ရှိလာရာ မည်သို့လျှင် လက်လွတ်ခံနိုင်ပါမည်နည်း။

ဝှစ်... ခနဲ အသံနှင့်အတူ သူသည် ချက်ချင်း ဝုန်းကနဲ ထွက်လာပြီး - “ဝူထျန်းဝမ်... ငါ့ရဲ့ လက်ဝါးတစ်ချက်ကို ခံစမ်း...” ဟု အော်ဟစ်လိုက်သည်။

မဟာဝူ၏ ကောင်းကင်အဆင့်သိုင်းပညာရှင်သည် မမျှော်လင့်ဘဲ တိုက်ခိုက်ခံလိုက်ရသဖြင့် လက်ဝါးချက် ထိမှန်ကာ ပေတစ်ရာကျော်အကွာသို့ လွင့်ထွက်သွားရတော့သည်။ သူ၏ မျက်နှာတွင် တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်သွားပြီး၊ မိမိရှေ့က လူကို ကြည့်ကာ မေးလိုက်သည် - “မင်း... မင်းက ဘယ်သူလဲ...”

“ငါက သူဖုန်းစားဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် ဝမ်ထုံကျန်း ပဲ...” လှံနတ်ဘုရားက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။

“F**k...” မဟာဝူ၏ ကောင်းကင်အဆင့်သိုင်းပညာရှင်သည် လုံးဝကို ဆွံ့အသွားရတော့သည်။

သူဖုန်းစားဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် ဝမ်ထုံကျန်းကပါ ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်လာခဲ့ပြီလား။

ဒါဆိုလျှင် သူဖုန်းစားဂိုဏ်းမှာ ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ယောက်တောင် ရှိနေပြီပေါ့။

သောက်ကျိုးနည်း... ဒီလောက်ထိ အင်အားတောင့်တင်းတဲ့ သူဖုန်းစားဂိုဏ်းကို သာမန် အင်ပါယာတစ်ခုပင်လျှင် ရန်စရဲတော့မည် မဟုတ်ချေ။

All Chapters