← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

(၁၉၁)

သူ နိုးလာတော့ မနက်အစောကြီး နှစ်နာရီ ရှိနေပြီ။ မာရူးက စစ်တပ်ထဲက နေ့ရက်တွေကို ပြန်တွေးရင်း အဝတ်အစားတွေကို ကောက်ယူဝတ်ဆင်လိုက်တယ်။ အပြင်ထွက်လိုက်တော့ ဂွတ်ဂျွန်က ဆီးကြိုနေတယ်။

“သွားတော့မလို့လား”

“ဟုတ်ကဲ့၊ အစ်ကို မအိပ်သေးဘူးလား”

“ငါ ပြောသားပဲ၊ ငါက ညမှ မျက်စိပွင့်တဲ့လူစားမျိုးပါဆို။ ညဘက်မှ စာရေးလို့ ပိုကောင်းတာ”

သူ့ရဲ့ တခြားတစ်ဖက်သော လက်ထဲမှာတော့ စီကရက်တိုတစ်လိပ်ကို ကိုင်ထားတယ်။

“နောက်မှ ပြန်တွေ့ကြတယ်။ လမ်းမှာ သတိထားသွားဦး”

ဂွတ်ဂျွန်က နှုတ်ဆက်တဲ့အနေနဲ့ မာရူးကို သူ့ရဲ့ ခွက်ကြီး လှမ်းပြလိုက်တယ်။

“ဝိုး... ကြည့်စမ်း၊ ဒီလူကြီးက တကယ်ပဲ လိုက်နှုတ်ဆက်နေပါလား”

သမ်းဝေရင်း လှမ်းတက်လာတဲ့ ဂွန်ဆူက ဝင်ပြောတယ်။ သူ့ပုံစံက တော်တော်လေး ပင်ပန်းနွမ်းနယ်နေပုံပဲ။

“ကားမောင်းရမှာ အဆင်ပြေပါ့မလား”

“ဘာလဲ... မင်းက ကြောက်လို့လား”

“ပြေတယ်။ ကျွန်တော်က သေဖို့ ငယ်ပါသေးတယ်”

“ဟာဟာ... မပူပါနဲ့။ လမ်းမှာ ပြတင်းပေါက်တွေ ဖွင့်မောင်းသွားမှာပေါ့”

“...ဒီလို ရာသီဥတုကြီးမှာလား”

“မင်းက မသေချင်ဘူး ဆိုလို့လေ”

“ကျွန်တော် အအေးပတ်ပြီး သေသွားနိုင်တယ်”

သူတို့နှစ်ယောက် ရယ်မောရင်း အောက်ထပ်ကို ဆင်းလာခဲ့ကြတယ်။ မီးဖိုချောင်ထဲမှာတော့ ခွက်နှစ်ခွက်ရယ်၊ ချောကလက်ပူပူ တစ်ပုလင်းရယ်က အဆင်သင့် ဆီးကြိုနေတယ်။

“သောက်သွားကြဦးလေ”

ဆူယွန်း ပြင်ဆင်ပေးထားခဲ့တာ နေမှာပါ။

“တစ်ခွက်လောက် သောက်သွားကြစို့”

နွေးထွေးတဲ့ အရည်ပူပူလေးကြောင့် သူတို့နှစ်ယောက်လုံးဆီက အိပ်ချင်စိတ်တွေ လွင့်ပြယ်သွားရတယ်။ အေးစိမ့်နေတဲ့ အချိန်မျိုးမှာ ချမ်းအေးမှုကို မောင်းနှင်ဖို့အတွက် နွေးထွေးတဲ့ သောက်စရာတစ်ခုထက် ပိုကောင်းတာ မရှိဘူးလေ။ လေမတိုက်ပေမဲ့ ပတ်ဝန်းကျင်က လေထုကတော့ အရေပြားတွေ တောင့်ခဲသွားမတတ် အေးစိမ့်နေတယ်။

“ဒီမြို့က အဓိပ္ပာယ်မရှိအောင်ကို အေးလွန်းတယ်”

ဂွန်ဆူက ကားစက်နှိုးလိုက်တော့ ဟီတာကနေ လေပူတွေ ထွက်လာတယ်။

“မင်း အိပ်ချင်ရင် အိပ်လေ”

“အိပ်ချင်မှပဲ အိပ်တော့မယ်။ အဲဒီအချိန်အထိ စကားပြောကြတာပေါ့”

ဂွန်ဆူက ပြုံးရင်း လီဗာကို နင်းလိုက်တယ်။ မြေသားလမ်းအတိုင်း မိနစ်အနည်းငယ်လောက် မောင်းလာပြီးတဲ့နောက်မှာတော့ ကတ္တရာလမ်းမကြီးပေါ်ကို ရောက်ရှိလာခဲ့ပြီ။

“ဂျာမန် အဝေးပြေးလမ်းမကြီးပေါ်မှာဆိုရင် စတီယာရင်ကနေ လက်လွှတ်ထားရင်တောင် အက်ဆီးဒင့် လုံးဝမဖြစ်နိုင်ဘူးလို့ ကြားဖူးတယ်” ဂွန်ဆူက စတီယာရင်ကနေ လက်ကို လွှတ်လိုက်ရင်း ပြောတယ်။

သူတို့ရှေ့က လမ်းမကြီးကတော့ လုံးဝကို ဟာလာဟင်းလင်းပဲ။ အနည်းဆုံးတော့ ဟိုင်းဝေးလမ်းမကြီးပေါ် မရောက်ခင်အထိ ဒီလိုမောင်းတာက တကယ်ပဲ စိတ်ချရနိုင်ပါတယ်။

“ဘဝကသာ အဲဒီအဝေးပြေးလမ်းမကြီးလို ဆိုရင် သိပ်ကောင်းမှာပဲ၊ မဟုတ်ဘူးလား”

“အလှည့်အပြောင်းတွေ၊ အကွေ့အကောက်တွေ မရှိတဲ့ ဘဝက ပျင်းစရာကြီး ဖြစ်နေမှာပေါ့”

“အဲဒါလည်း ဟုတ်တာပါပဲ။ ဒါပေမဲ့ တစ်ခါတလေကျတော့လည်း လမ်းတည့်တည့်ကြီးအတိုင်းပဲ မောင်းသွားချင်မိတယ်”

ဂွန်ဆူက တစ်စုံတစ်ခုကို တွေးတောနေပုံနဲ့ အဝေးကို ငေးမောကြည့်နေတယ်။

“တစ်ခုခု အဆင်မပြေလို့လား”

“အဆင်မပြေဘူးဆိုတာက... အဲဒီလိုတွေးရင်လည်း ဟုတ်တာပေါ့လေ။ ဒါပေမဲ့ မတွေးပြန်ရင်လည်း ဘာမှမဟုတ်ပါဘူး။ ကဲ... ထားပါတော့၊ အဆင်မပြေတာတစ်ခု ရှိတယ်ပဲ ဆိုပါစို့”

“အဲဒီအကြောင်း ပြောပြချင်လား”

“အို... ပြောပြရမှာပေါ့ ဆရာရယ်။ ဒေါက်တာ မာရူးဆီကနေ အကြံဉာဏ်တောင်းရမယ်ဆိုရင် ကျွန်တော် ဘာမဆို လုပ်ဖို့အဆင်သင့်ပဲ”

သူတို့နှစ်ယောက်လုံး တစ်ပြိုင်တည်း တဟားဟား ရယ်မောလိုက်ကြတယ်။

“ငါ့ ညီအကြောင်းပါ”

“ဂွန်ဆော့လား”

“ဟုတ်တယ်။ သူ အဆင်ပြေပြေ ရှိရဲ့လားဆိုတာ နည်းနည်း စိတ်ပူမိလို့”

ဂွန်ဆူက သူ့ရဲ့ လက်ညှိုးနဲ့ စတီယာရင်ကို တောက်တောက် တောက်တောက် တောက်နေမိတယ်။

“ဘာလို့ လှမ်းမမေးကြည့်တာလဲ”

“ငါက သိပ်ပြီး နွေးထွေးတတ်တဲ့ အစ်ကိုမျိုး မဟုတ်ဘူးလေ။ ကိုယ့်အလုပ်နဲ့ကိုယ်ပဲ အသည်းအသန် လုံးပန်းနေခဲ့တာဆိုတော့”

“ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး”

ဂွန်ဆူဟာ ဂွန်ဆော့ကို တကယ်ပဲ စိတ်ရင်းနဲ့ ဂရုစိုက်ခဲ့တဲ့ တစ်ဦးတည်းသောလူ ဖြစ်ပြီး၊ ဂွန်ဆော့ရဲ့ ပြဇာတ်တင်ဆက်မှုကို လာကြည့်ပေးခဲ့တဲ့ တစ်ယောက်တည်းသောလူလည်း ဖြစ်တယ်။ ဒီလိုလူမျိုးက ရက်စက်တတ်မယ့်သူ လုံးဝမဖြစ်နိုင်ပါဘူး။

“လွန်ခဲ့တဲ့ ရက်ပိုင်းက အဖေဆီ သတင်းသွားပို့ဖို့ အိမ်ပြန်ခဲ့သေးတယ်”

“သတင်းပို့ဖို့ ဟုတ်လား”

“ကျွန်တော် အောင်မြင်နေတဲ့အကြောင်း သတင်းသွားပို့တာပါ။ အဖေက ကျွန်တော့်ကို အိမ်ကနေ လိုက်ပို့ပေးတယ်ဆိုကတည်းက သူ ကျေနပ်သွားပုံရတယ်”

“အဖေက တော်တော်လေး စည်းကမ်းကြီးတယ်လို့ ထင်ထားတာ...”

“စည်းကမ်းကြီးတာလား၊ ဒါမှမဟုတ် သူ့ရဲ့ လောကအမြင်ကပဲ လုံးဝ ပြတ်သားလွန်းနေတာလားတော့ မသိဘူး။ ဇွတ်တရွတ်နိုင်တဲ့ လူတစ်ယောက်ဆိုပေမဲ့ တကယ်တမ်းကျတော့လည်း အဲဒီလောက်ကြီး ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကတော့ နည်းနည်း ရက်စက်ခဲ့တယ်။ ငါ ဝါသနာပါတဲ့အရာကို လုပ်ချင်တယ်လို့ ပြောတုန်းက သူက တားဆီးဖို့အတွက် ရှိသမျှ ခွန်အားအကုန်သုံးပြီး ကြိုးစားခဲ့တာ”

“ဒါပေမဲ့ အစ်ကိုကတော့ ဖြစ်အောင် လုပ်ခဲ့တာပဲလေ။ ဒီလိုကျတော့လည်း အစ်ကိုက သူ့အကျင့်အတိုင်း ရထားတာပဲပေါ့”

“ဇွတ်တရွတ်နိုင်တဲ့ အကျင့်က ငါတို့ သွေးထဲမှာကို ပါလာတာ ထင်ပါရဲ့”

ဂွန်ဆူက သူ့ကိုယ်သူ ရဲ့ရွဲ့ပြီး ပြုံးလိုက်တယ်။

“အထက်တန်းကျောင်း ပြီးကတည်းက ဘဝမှာ ဘာလုပ်ချင်လဲဆိုတာကို ငါ စဉ်းစားခဲ့တယ်။ ကောလိပ်တက်ဖို့ကျတော့လည်း ငါ့အတွက် အဆင်မပြေဘူးလေ။ ပိုက်ဆံက မရှိဘူး။ ဘာလုပ်နိုင်မလဲဆိုတာကို အတော်ကြာ စဉ်းစားခဲ့ရတယ်။ အဲဒီနောက်မှာတော့ စီနီယာ ဂျွန်မင်း ဆီကိုပဲ သွားပြီး ငါ့ကို ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့တာပေါ့”

“...အဲဒါက တော်တော်လေးကို အံ့ဩဖို့ကောင်းတာပဲ။ ကောင်းတဲ့ဘက်ကတော့ မဟုတ်ဘူးပေါ့လေ”

“အဲဒီတုန်းက ငါ တကယ် ကြောက်ခဲ့တာ။ အိမ်ပြင်ပတ်ဝန်းကျင်ကို ခြေချလိုက်တာနဲ့ လက်တွေ့ဘဝကြီးနဲ့ တည့်တည့် တိုးတော့တာပဲ”

“နေစရာ နေရာတောင် မရှိခဲ့ဘူး မဟုတ်လား”

“ဟုတ်ပဗျာ။ အနည်းဆုံးတော့ အထက်တန်းကျောင်းတုန်းက ခေါင်မိုးရှိသေးတယ်။ စားစရာရှိပြီး အိပ်ဖို့ ကုတင်ရှိသေးတာ။ ဒါပေမဲ့ အပြင်ရောက်သွားတဲ့အခါမှာတော့ ငါ့မှာ ဘာမှမရှိတော့ဘူး။ အိမ်မက်တွေနောက်ကိုပဲ ဇွတ်လိုက်ခဲ့တယ်။ အဲဒီလို လုပ်ကြည့်မှပဲ အိမ်မက်ဆိုတာ အဲဒါကို အကောင်အထည်ဖော်ဖို့ ပိုက်ဆံရှိတဲ့ လူတွေအတွက်ပဲ ဆိုတာကို သိလာရတော့တယ်”

“ဒါကြောင့်မို့လို့ စီနီယာ ဂျွန်မင်း ရဲ့ အိမ်ကို ဇွတ်အတင်း ဝင်စီးခဲ့တာပေါ့”

“ဝင်စီးတယ် ဟုတ်လား။ အသုံးအနှုန်းက ပြင်းထန်လှချည်လား။ ငါက သူ့အိမ်မှာ ယဉ်ယဉ်ကျေးကျေးလေး ပြဿနာရှာခဲ့ရုံပါ”

“ဆရာမ မီဆို တုန်းကတော့ သူ့အိမ်မက်တွေအတွက် အရင်းအနှီးရအောင် စက်ရုံထဲအထိ ဝင်လုပ်ခဲ့တာပဲလေ”

“သူက လက်တွေ့ဆန်လွန်းတယ်။ ကျွန်တော့်ရင်ထဲက ရိုမန်တစ်ဆန်တဲ့ စိတ်က သူ့ကို မခံစားနိုင်ဘူး”

ဂွန်ဆူက အဲဒီလိုပြောပြီးပြီးချင်းမှာပဲ “ဒါပေမဲ့ အဲဒါကြောင့်မို့လို့လည်း သူက သိပ်တော်တာပေါ့လေ” လို့ တိုးတိုးလေး ရေရွတ်လိုက်ပြန်တယ်။

“စီနီယာ ဂျွန်မင်း က ငါ့ကို လက်မခံခင်အထိ အိမ်ခြေမဲ့ဘဝနဲ့ အချိန်အနည်းငယ် ဖြတ်သန်းခဲ့ရသေးတယ်။ မနက်တိုင်း အဖေပြောခဲ့တဲ့ စကားတွေက ငါ့ရင်ကို အမြဲတစေ ဒဏ်ရာရစေခဲ့တယ်။ အိမ်မက်တွေနောက် လိုက်မယ့်အပေါ် သူ ဘာဖြစ်လို့ အဲဒီလောက် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့လဲဆိုတာကို အခုမှ သဘောပေါက်သွားတယ်”

“အနုပညာသမားတွေအတွက် ပိုက်ဆံရှာရတာ တကယ်ပဲ ခက်ခဲလွန်းတာကိုး”

“မှန်တယ်။ ဘယ်မိဘကမှ မိမိရဲ့ သားသမီးကို မီးပုံထဲ ဇွတ်တိုးဝင်ခွင့်ပြုမှာ မဟုတ်ဘူးလေ”

“ဒါဆို အစ်ကိုလည်း အဲဒီတုန်းက ရင့်ကျက်သွားခဲ့တာပေါ့”

“ဟား ဟား”

တကယ်လို့ မာရူးရဲ့ သမီးသာ အဆိုတော် လုပ်ချင်တယ်လို့ ပြောလာရင် သူ ဘာပြောမလဲ။ ဒါတင်မကဘဲ အနုပညာအတွက်နဲ့ ကျောင်းစာကိုပါ ပစ်ထားဖို့ ကြိုးစားလာရင်ကော။ ကျောင်းစာကိုပါ သေချာ မလုပ်နိုင်ဘူးဆိုရင်တော့ သူ ချက်ချင်း တားဆီးမိမှာ အသေအချာပဲ။ ဒါပေမဲ့ တကယ်လို့ နှစ်ခုစလုံးကို ကြိုးကြိုးစားစား လုပ်နိုင်ပြီး အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ရင်တော့... သူဟာ ပါရမီရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်။

မိဘတွေကတော့ အမြဲတမ်း လမ်းနှစ်လမ်းကို ယှဉ်ပြီး နှိုင်းယှဉ်တတ်ကြစမြဲပဲ။ ဘယ်လမ်းက အောင်မြင်ဖို့အတွက် ပိုပြီး စိတ်ချရမလဲ။ အဲဒီမေးခွန်းကို ရင်ထဲသွင်းလိုက်မိတဲ့ စက္ကန့်ပိုင်းမှာတင် သူတို့ရဲ့ ခေါင်းတွေက ခဲသွားတတ်ကြတယ်။ အဖြေကတော့ ထွက်ပြီးသားလေ။

နောက်ဆုံးတော့လည်း ညှိနှိုင်းမှုတစ်ခု ဖြစ်လာရတယ်။ မိဘတွေက ပံ့ပိုးမပေးနိုင်ဘူးဆိုတာ သိရက်နဲ့တောင် ကလေးက ခက်ခဲတဲ့ လမ်းကိုပဲ ဇွတ်ရွေးချယ်နေဦးမယ်ဆိုရင်တော့ မိဘတွေအနေနဲ့ လွှတ်ပေးလိုက်ရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ဘူး။ ဒါက လွယ်ကူတဲ့အရာတော့ လုံးဝမဟုတ်တာ အမှန်ပဲ။ လူ့အဖွဲ့အစည်းထဲမှာ ဆိုးဝါးတဲ့ အရာတွေက အများကြီး ရှိနေပြီး၊ အိမ်မက်တွေနောက် လိုက်ရင်းနဲ့ ကြေမွပျက်စီးသွားခဲ့ရတဲ့ လူတွေရဲ့ သာဓကတွေကလည်း အပုံအပင်ပဲလေ။ ဒါတွေအားလုံးကို မြင်တွေ့ထားရတဲ့ မိဘတွေအဖို့ကတော့ သားသမီးအတွက် စိတ်မပူဘဲ မနေနိုင်ကြဘူး။

“အဖေ့အတွက်လည်း တော်တော်လေး ခက်ခဲခဲ့မှာပါ။ သူ့ရဲ့ သားကြီးက အိမ်ကနေ အဲဒီလို ထွက်သွားခဲ့တာဆိုတော့။ ကောင်းကောင်းမွန်မွန် ရှိနေခဲ့ရင်လည်း ရှိနေမှာပေါ့လေ... ဒါပေမဲ့... ငါ့ကြောင့်ပဲ ဂွန်ဆော့အတွက် အရာရာက ပိုပြီး ခက်ခဲသွားစေခဲ့တာ ထင်တယ်”

“အဖေက ဂွန်ဆော့အပေါ် ပိုပြီး တင်းကျပ်သွားခဲ့တယ်လို့ အစ်ကို ထင်လို့လား”

“ဟုတ်တယ်။ ဒါကြောင့်မို့လို့ ငါ့ ညီအပေါ် အားနာမိတာ”

“အခုလို ကြည့်ရသလောက်တော့ အစ်ကိုက တကယ့်ကို သူတော်စင်ကြီးပဲပဲ”

“ငါကလား”

“ဟုတ်တယ်။ ကျွန်တော်သာဆိုရင်တော့ အဲဒီနေရာတင် လမ်းခွဲလိုက်ပြီ”

ဂွန်ဆူက မာရူးဘက်ကို လှည့်ကြည့်လာတယ်။

“မကြာခင်တုန်းကအထိတော့ ဂွန်ဆော့က ပြဇာတ်အသင်းအတွက် မရှိမဖြစ် လိုအပ်တဲ့လူတစ်ယောက်လို့ ကျွန်တော် ထင်ခဲ့တာ။ ကျွန်တော်တို့ကြားမှာ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ပေမဲ့ အဲဒီကောင်လေးက ပြဇာတ်အပေါ်မှာတော့ တကယ်ကို စိတ်နှစ်ထားခဲ့တာလေ။ ဒါကြောင့်မို့လို့ သူ ဥက္ကဋ္ဌဖြစ်လာတုန်းက ကျွန်တော် ပံ့ပိုးပေးခဲ့တာပေါ့”

“ဒါပေမဲ့ အခုကျတော့ကော”

“မကြာသေးခင်က မနှစ်မြို့စရာ ဖြစ်ရပ်အချို့ ဖြစ်ပျက်ခဲ့လို့ပါ။ သူ့ရဲ့ လုပ်ရပ်အချို့ကို ကျွန်တော် နားလည်ပေးနိုင်ပေမဲ့ ကျန်တဲ့အရာတွေကျတော့... သူက စည်းကျော်သွားခဲ့တာ ဘာမှမဟုတ်သလိုပဲ”

“ဂွန်ဆော့ကလား”

မာရူးက ခေါင်းညိတ်ပြလိုက်တယ်။

“ဘဝမှာ ကျွန်တော့်ရဲ့ စည်းကမ်းချက်ကတော့ မိန်းကလေးတွေကို ရိုက်နှက်တတ်တဲ့ ကောင်တွေ၊ ဒါမှမဟုတ် လူတွေက သတ္တိမွေးပြီး ပြောလာတဲ့ စကားတွေကို လျစ်လျူရှုတတ်တဲ့ ကောင်မျိုးတွေနဲ့ လုံးဝ ပတ်သက်မှုမရှိဖို့ပဲ။ ဂွန်ဆော့က အဲဒီနှစ်ခုစလုံးကို ကျူးလွန်ခဲ့တာ။ အရင်တုန်းကတော့ သူက ကလေးဆိုး ဆိုးနေတုန်းပဲလို့ ထင်ခဲ့တာ။ အခုတော့ မဟုတ်တော့ဘူး။ သူက အနှစ်သာရအထိကို ပုပ်ပွနေပြီ”

“...အဲဒီလို ကြားရတာ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်”

“အားနာပါတယ်ဗျာ။ ကျွန်တော်ကတော့ ဒီလိုအရာမျိုးနဲ့ ပတ်သက်လာရင် တတ်နိုင်သမျှ မလိမ်ညာချင်ဘူးလေ”

“သိတယ်။ ဒါကြောင့်မို့လို့လည်း ကျေးဇူးတင်တာပါ။ စိတ်သက်သာရာရစေမယ့် အလိမ်အညာ စကားလုံးတွေက ပြောရတာ အမြဲတမ်း လွယ်ကူတာကိုး”

ကားက တိုးဂိတ်ကို ဖြတ်ကျော်မောင်းနှင်သွားခဲ့ပြီး ဂွန်ဆူက ပြတင်းပေါက်ကို အနည်းငယ် ဖွင့်လိုက်တယ်။ ဖြတ်သန်းသွားတဲ့ ကုန်တင်ကားကြီးတွေရဲ့ အသံနဲ့အတူ အေးစိမ့်တဲ့ လေထုက ဝင်ရောက်လာတယ်။

“ဂွန်ဆော့က ပြဇာတ်အသင်းကနေ ထွက်သွားပြီလို့ အစ်ကို ပြောတယ်နော်”

“ဟုတ်တယ်”

“သူ့အလိုလို ထွက်သွားတာလား”

“ငါလည်း အဲဒီသတင်းကို ရုတ်တရက်ကြီး ကြားလိုက်ရတာ။ သူက ဒီလိုအရာမျိုးကို စိတ်မဝင်စားတော့ဘူးလို့ ပြောတယ်တဲ့”

“ဟား... အခြေအနေတွေ ပြောင်းလဲသွားပြီလို့ ထင်နေခဲ့တာ။ နောက်ဆုံးတော့လည်း အဖေ့ရဲ့ လက်ခုပ်ထဲက ရေပဲ ဖြစ်နေတုန်းပဲပေါ့”

“အဲဒါက သူ့အတွက်တော့ အလွယ်ကူဆုံး ဖြစ်မှာပေါ့လေ၊ ဘာနာကျင်မှုမှ မရှိဘူးမဟုတ်လား”

“တကယ်လို့ ငါ့ညီက ပြဇာတ်အသင်းကို ပြန်ဝင်ဖို့ လာခဲ့မယ်ဆိုရင် မင်း သူ့ကို လက်ခံမှာလား”

“အဲဒီလို ဖြစ်နိုင်ခြေမျိုး ရှိလို့လားဗျာ။ သူကိုယ်တိုင်လည်း ပြဇာတ်က ပျင်းစရာကောင်းတယ်လို့ ပြောခဲ့တာပဲကို”

“ဥပမာ အနေနဲ့ ပြောကြည့်တာပါ”

“...တကယ်လို့ သူ ပြန်ဝင်ချင်တယ်ဆိုရင်တော့ လူအများကြီးကို တောင်းပန်ရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရတော့ ကန့်ကွက်ချင်တာပေါ့လေ။ တကယ်လို့ မလွှဲမရှောင်သာလို့ လက်ခံရမယ်ဆိုရင်တောင် ဟန်ဆောင်အပြုံးနဲ့ပဲ ကြိုဆိုမိမှာပါ။ ဒါပေမဲ့ အဲဒီလိုမျိုး ဖြစ်မလာနိုင်ဘူးလို့ ထင်တာပဲ”

“ငါ အရင်ကတည်းက ခံစားမိတယ်၊ မင်းက တော်တော်လေးကို အေးစက်လွန်းတယ်”

“ကျွန်တော်က လူတွေကို အခွင့်အရေးတွေ အများကြီး ပေးပြီးမှပဲ နောက်ဆုံး လက်လျှော့တတ်တာပါဗျာ။ ဒါနဲ့ အစ်ကိုက ဘာဖြစ်လို့...”

ဂွန်ဆူက ပခုံးတွန့်ပြလိုက်တယ်။ တစ်ခုခုတော့ အမှန်အကန် ဖြစ်ပျက်နေတာ အသေအချာပဲ...

“ကျောင်းရောက်ရင် သိရမှာပေါ့။ ဒါမှမဟုတ်လည်း မသိရဘဲ နေမှာပေါ့လေ”

“ဘာကိုလဲ”

“ဒါနဲ့ ပတ်သက်ပြီး ငါ့မှာ ဘာမှ ပြောပိုင်ခွင့် မရှိဘူးနော်။ ပြောချင်ရင် စီနီယာ ဂျွန်မင်း ကိုပဲ အပြစ်တင်လိုက်ပါ။ သူက တစ်ခါတလေကျရင် ဒီလို ထူးထူးဆန်းဆန်းတွေ လုပ်တတ်တာမျိုး”

“အစ်ကိုက ဘာကို...”

“သူက ငါ့ အဖေနဲ့ စကားပြောခဲ့တယ်လို့ ပြောတယ်။ ပြီးတော့ အဖေက ဂွန်ဆော့ကို ပြဇာတ် ဆက်လုပ်ဖို့ တကယ်ပဲ ခွင့်ပြုပေးလိုက်တယ်တဲ့”

“အာ... အဲဒါကြောင့်မို့လို့ ဂွန်ဆော့က ရုတ်တရက်ကြီး လက်လျှော့လိုက်တာကိုး။ သူ့အဖေ သိသွားတာ နေမှာပေါ့။ ဒါပေမဲ့ ဘာဖြစ်လို့ ရုတ်တရက်ကြီး သဘောထား ပြောင်းလဲသွားရတာလဲ”

“မသိဘူးလေ။ ငါ့အဖေရော စီနီယာ ဂျွန်မင်း ပါ ရင်ထဲမှာ မြွေတွေအကောင်တစ်သိန်းလောက် မွေးထားတဲ့ လူစားမျိုးတွေ။ သူတို့ ဘာတွေးနေလဲဆိုတာကို လုံးဝ ခန့်မှန်းလို့ မရနိုင်ပေမဲ့ သူတို့မှာ အကြောင်းပြချက်တော့ ရှိမှာပေါ့”

“ဒါက ပိုပြီး စိတ်ရှုပ်စရာ ကောင်းလာတော့မယ်လို့ ခံစားနေရတယ်”

“စီနီယာဂျွန်မင်း က မင်းကို တကယ်ပဲ အကြီးအကျယ် သဘောကျနေပုံရတယ်။ ဆရာ ယွန်းမွန်ဂျောင် က မင်းအကြောင်း တတွတ်တွတ် ပြောနေတုန်းကလည်း သူက ထူးဆန်းတဲ့ မျက်နှာပေးမျိုး လုပ်နေခဲ့တာ... အခုလည်း ဒါမျိုး ဖြစ်လာပြန်ပြီ”

“သူက ကျွန်တော့်ကို သဘောကျလို့ ဂွန်ဆော့ကို ဇွတ်တွန်းပို့နေတာ ဟုတ်လား”

“အဲဒါ အကုန်လုံးတော့ မဟုတ်နိုင်ပါဘူး။ သူက ဂွန်ဆော့ကို ဒီအတိုင်း လွှတ်မပေးချင်တာလည်း ပါမှာပေါ့။ ငါထင်တာကတော့... နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် မဟာဗျူဟာမျိုး နေမှာပါ”

“ဒါပေမဲ့ ကျွန်တော့်ဘက်ကတော့ ဘာအကျိုးအမြတ်မှ ရစရာ မရှိဘူးလေ”

“အင်း... ကံကောင်းပါစေဗျာ။ ငါကိုယ်တိုင်လည်း ဒါ ဘယ်လိုဖြစ်လာမလဲဆိုတာ လုံးဝ မသိဘူး”

“သူ ဇွတ်အတင်း ပြန်ဝင်လာရင်တောင် ကျွန်တော့်ဘက်ကတော့ ရင်းရင်းနှီးနှီး ဆက်ဆံဖို့ အစီအစဉ် မရှိဘူး။ တစ်ယောက်ယောက်အပေါ် အသင်းအဖွဲ့ နိုင်ငံရေးကို သုံးပြီး တိုက်ခိုက်တာက သိမ်ဖျင်းတယ်ဆိုပေမဲ့ လိုအပ်လာရင်တော့ ကျွန်တော် လုပ်ရမှာပဲ”

“ဟေ့၊ ဟေ့။ အဲဒီလောက်ကြီး မကြောက်စရာကောင်းပါနဲ့ဦး။ သူက ငါ့ညီ ဖြစ်နေသေးတယ်လေ၊ ဟုတ်တယ်မလား”

ဂွန်ဆူက နေရခက်တဲ့ အပြုံးမျိုးနဲ့ ပြုံးလိုက်တယ်။ တကယ်ပဲ သွေးက ရေထက် ထူပြစ်တာပဲ မဟုတ်လား။ ဂွန်ဆော့ဆီကနေ အဲဒီလောက်အထိ အထင်သေးတာကို နှစ်ပေါင်းများစွာ ခံခဲ့ရတာတောင် ဂွန်ဆူက ဒီလိုမျိုး ပြုံးနိုင်သေးတာပဲ။

“ကျွန်တော် သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံမှာ မဟုတ်ပေမဲ့ ချက်ချင်းကြီးတော့ မောင်းထုတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့... အသင်းထဲက တခြားလူတွေကလည်း သူ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမယ် မထင်ဘူး”

“တ-တကယ်လား”

“ဟုတ်တယ်”

ပြဇာတ်အသင်းကို ပြန်လာမယ် ဟုတ်လား။ မာရူးအနေနဲ့ အဲဒီကောင်လေးကို ပြန်ပေးဝင်ဖို့ စိတ်ကူး လုံးဝမရှိဘူး။ ဂွန်ဆော့နဲ့ လီဂျီယွန်း ကြားမှာ ဖြစ်ပျက်ခဲ့တာတွေကို တွေးမိရင် မာရူးက အဲဒီကောင်လေးကို ဝေးဝေးမှာပဲ ထားဖို့ ဘာမဆို လုပ်ဖို့ အဆင်သင့်ပဲ။ ဒီလို သေးငယ်တဲ့ အသင်းလေးထဲမှာ အတွင်းပဋိပက္ခတွေ ဖြစ်မလာစေချင်ဘူးလေ။ ဂွန်ဆော့ ဝင်ခွင့်ကို ငြင်းပယ်လိုက်တာက မာရူးအတွက်တော့ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။

“ကဲ... အဲဒါကတော့ တော်တော်လေး စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ ပြဇာတ်ဆိုတာက အဖွဲ့လိုက် လုပ်ဆောင်ရတာမျိုးဆိုတော့ မင်းပြောတာကို ငါ နားလည်ပါတယ်”

“မှန်တယ်။ အခုတင်ပဲ ကျွန်တော်တို့မှာ ခက်ခဲလှပါပြီ။ ဒီထက် ပိုပြီး ပဋိပက္ခတွေ ရှိလာရင် အရာအားလုံး ပျက်စီးသွားလိမ့်မယ်”

“ဒါဆို အားလုံး ပြီးသွားပြီပေါ့။ ကျွန်တော့်ညီအတွက် သွားစရာ နေရာမရှိတော့ဘူး။ တကယ်လို့ သူက ပြဇာတ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် တကယ် လုပ်ချင်တယ်ဆိုရင်တော့ ကျောင်းပြင်ပက နေရာတစ်ခုခုကို အားကိုးရမှာပေါ့လေ။ သူ ပြိုင်ပွဲတွေ ဝင်ပြိုင်လို့ ရမှာမဟုတ်တော့ပေမဲ့ ဘာအရေးလဲ၊ ဟုတ်တယ်မလား၊ ဟုတ်ပါတယ်”

“အစ်ကိုက ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး နားချဖို့ ကြိုးစားနေတဲ့ ပုံစံမျိုးပဲ”

ဂွန်ဆူက ခပ်ဖွဖွလေး ပြုံးလိုက်တယ်။

“အင်း... သနားစရာကောင်းတဲ့ ငါ့ညီလေး ရယ်”

“အဲဒီလို လာလုပ်လည်း ကျွန်တော့်ကို နားချလို့ ရမှာမဟုတ်ဘူးနော်။ ကျွန်တော် သူ့ကို ပေးမဝင်ဘူး”

“အို... မအောင်မြင်ဘူးပဲ။ ကဲ... ထားပါတော့။ တောက်... အဲဒီပြဇာတ်အသင်းကို တည်ထောင်ခဲ့တာလည်း ငါကိုယ်တိုင်ပါပဲ”

မာရူးက ဂွန်ဆူကို ကြည့်ရင်း ခေါင်းခါလိုက်မိတယ်။

“ကျောင်းထဲမှာ ပြဇာတ်အသင်း နှစ်ခု ရှိမနေဘူးဆိုရင်တော့ ဂွန်ဆော့အတွက် သွားစရာ နေရာမရှိပါဘူး”

“...အိုဟို”

“အိုဟို လို့ ပြောတာ ဘာအဓိပ္ပာယ်လဲ”

“အဲဒါက တကယ် ဖြစ်လာနိုင်ခြေ ရှိပုံရလို့ပါ”

“အသင်း နှစ်ခု ဟုတ်လား”

“ကျွန်တော့်ခေတ်တုန်းကတောင် အသင်းကြီးအချို့က အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားကြတာမျိုး ရှိဖူးတယ်။ အခုခေတ်လည်း အဲဒီလိုပဲ မဟုတ်ဘူးလား”

“အဲ... ဟုတ်တော့ ဟုတ်ပါတယ်... အနည်းငယ်တော့ ရှိတာပေါ့”

“ဒါဆို ပြဇာတ်အသင်းလည်း အဲဒီလို လုပ်လို့ ရတာပဲလေ”

“ဘာလဲ”

ဂွန်ဆူက ပြုံးလိုက်တယ်။ သူ့ရဲ့ အပြုံးက တကယ်တော့ ဂျွန်မင်း ရဲ့ အပြုံးနဲ့ တော်တော်လေး တူနေတာပဲ။

“အစ်ကိုက ဆရာ ဂျွန်မင်း နဲ့ တစ်ခုခု ကြံစည်နေတာ မဟုတ်လား”

“ဘာလဲ... ကြံစည်တယ် ဟုတ်လား... ငါကလား”

“အစ်ကို ခုနက ပြောခဲ့တာတွေက အကြောင်းမဲ့ သက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်”

“မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ရပါဘူးဗျာ”

“ဒါဆို ဘာဖြစ်လို့ ပြုံးနေရတာလဲ”

“အာ... ပျော်လို့ပါ”

“...ဒါဟာ တိုက်ဆိုင်မှုအဆန်းကြီးတစ်ခုပဲ ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ”

“မပူပါနဲ့ဗျာ”

ဂွန်ဆူရဲ့ လေသံက လုံးဝ ယုံကြည်လို့ မရနိုင်တဲ့ ပုံစံမျိုးပဲ။ အဲဒီလူက ဘာစကားမှ ထပ်မပြောဘဲ ကားကို အတော်ကြာ မောင်းနှင်နေခဲ့ပြီး၊ မာရူးလည်း အပြင်ဘက်က ဖြတ်သန်းသွားတဲ့ ရှုခင်းတွေကို အချိန်အနည်းငယ်ကြာ ငေးမောကြည့်ရှုနေမိတယ်။ သူ့ဆီမှာ အိပ်ချင်စိတ်တွေ တရိပ်ရိပ် ဝင်ရောက်လာတဲ့ အချိန်မှာတင်...

“ထူးဆန်းတယ်၊ မဟုတ်ဘူးလား”

“ဘာကလဲ”

“နောက်ဆုံးတော့ ဒီလို ဖြစ်လာခဲ့တာကိုး။ ပြဇာတ်လုပ်ဖို့ ဝေခွဲမရဖြစ်နေခဲ့တဲ့ ကောင်လေးက အခုဆို ဇာတ်ကောင်တစ်ခုအတွက် လူရွေးပွဲမှာ ဝင်ပြိုင်နေပြီလေ”

“မှန်တာပေါ့”

“ငါ မင်းကို ပြောခဲ့သားပဲ မဟုတ်လား။ ပြဇာတ်ရဲ့ ကမ္ဘာကြီးက သူ သဘောကျတဲ့ လူတွေကို ဝါးမြိုပစ်တတ်တယ်ဆိုတာ။ အခုဆို အဲဒီထဲကို ခြေတစ်ဖက် ဝင်နေပြီဆိုတော့ ဘယ်လို ခံစားရလဲ”

“ပျော်ဖို့ကောင်းပါတယ်။ ပြီးတော့ ရင်လည်း တုန်ရတယ်”

“သိပ်ကောင်းတာပေါ့”

“ကျွန်တော်ကတော့ အဲဒီအတိုင်း အလွယ်တကူ အဝါးမြိုခံမှာ မဟုတ်ပါဘူး။ အဲဒါကို ယဉ်ပါးအောင် လုပ်ပြီး ပြန်ရောင်းစားပစ်ဦးမှာ။ ပြဇာတ်လောကကြီးတစ်ခုလုံးကို သိမ်းပိုက်ပစ်ချင်တာ”

“ဟေ့... တကယ်လို့ အစီအစဉ်အတိုင်း ဖြစ်လာခဲ့ရင် ငါ့ကိုလည်း ပိုက်ဆံအချို့ ခွဲပေးဦးနော်”

“အစ်ကို့ကို တိုင်းဒေသကြီး ဥက္ကဋ္ဌ ရာထူးလောက် ပေးရမှာပေါ့”

မာရူးက အဲဒီလိုပြောရင်း မျက်လုံးတွေကို မှိတ်လိုက်တယ်။ ကားရဲ့ တုန်ခါသံ သဲ့သဲ့လေးက သူ့ကို ဖြည်းဖြည်းချင်း အိပ်စက်ခြင်းဆီ သွေးဆောင်ခေါ်ယူသွားခဲ့တော့တယ်။

* * * * * * * * *

အခန်း(၁၉၂)

"အမေ... သား သွားတော့မယ်နော်"

ဒေးမြောင်က သူ့အမေကို နှုတ်ဆက်ပြီး အိမ်ပြင် ထွက်ခဲ့တယ်။ မိုးကောင်းကင်ကြီးက လှပတဲ့ မိုးပြာရောင် သန်းနေတယ်။ ပုံမှန်ဆိုရင်တော့ ဒီလိုရာသီဥတုမျိုးမှာ သူ တစ်ကိုယ်လုံး ဆန့်ပြီး အကြောဆန့်မိမှာ သေချာပေမဲ့ အခုအချိန်မှာတော့ အဲဒီလိုလုပ်ဖို့ စိတ်မပါနိုင်လောက်အောင် ဖြစ်နေရတယ်။

'အစ်ကိုကြီးမင်တေး အဆင်ပြေရဲ့လားမသိဘူး'

သူက ယွန်မင်တေးနဲ့အတူ သူတို့ရဲ့ ပြဇာတ်ထုတ်လုပ်ရေးပရောဂျက် တိုးတက်လာအောင် အစွမ်းကုန် ကြိုးစားနေတာပါ။ ဒါပေမဲ့ စိတ်ပျက်စရာကောင်းတာက သူတို့ အလုပ်တွေ ရှေ့မဆက်နိုင်ဘဲ တစ်ဆို့နေကြတယ်။ လောလောဆယ် ဒီပရောဂျက်မှာ ဒေးမြောင်ရဲ့ ရည်မှန်းချက်က ရင်းနှီးမြှုပ်နှံသူတွေကို မဖိတ်ခေါ်ခင် လူသုံးယောက်တည်းနဲ့ ပြဇာတ်တစ်ခု အရင်ကပြနိုင်ဖို့ပဲ ဖြစ်နေတယ်။

ဒေးမြောင်က ကျောင်းကိုသွားမယ့် ဘတ်စ်ကားပေါ် တက်ခဲ့တော့ ကျောင်းသားတွေနဲ့ ပြည့်နှက် ညပ်ပိတ်နေတယ်။ တကယ်တော့ သူ့ရှေ့တည့်တည့်မှာတင် ကျောင်းသူ အနည်းငယ် ရှိနေတယ်။ အရင်ကဆိုရင်တော့ သူ စိတ်လှုပ်ရှားပြီး ခေါင်းငုံ့ထားမိမှာ သေချာတယ်။ အဲဒီမိန်းကလေးတွေက စိတ်ထဲကနေ သူ့ကို လှောင်ရယ်နေမလားဆိုတဲ့ အကြောက်တရားကြောင့်ပေါ့။ ဒါပေမဲ့ အခုအချိန်မှာတော့ လူတွေက သူတစ်ပါးအကြောင်းကို သိပ်ပြီး ဂရုမစိုက်ကြပါလားဆိုတာ သူ နားလည်သွားခဲ့ပြီလေ။

'ဂရုစိုက်တယ်ပဲ ထားဦးတော့... ဘာဖြစ်လဲ၊ သူတို့နဲ့ ရေစက်ဆုံဖို့ လိုနေတာမှ မဟုတ်ဘဲ'

ဒေးမြောင်က ဘတ်စ်ကားပေါ်က လူတွေကို ဖြည်းဖြည်းချင်း အကဲခတ်နေမိတယ်။ ဆံပင်ကို ဂျဲလ်တွေနဲ့ သေသပ်အောင် ဖြီးထားပြီး ဝတ်စုံပြည့် ဝတ်ထားတဲ့ အမျိုးသားတစ်ယောက် ရှိနေတယ်၊ ကြည့်ရတာ အလုပ်ဝင်ခါစ လူသစ် ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် သူ့အထက်လူကြီးက တော်တော်လေး ပြဿနာရှာတတ်လို့လည်း ဖြစ်နိုင်တယ်။ အဲဒါမှမဟုတ်ရင် အရာရာကို အပစ်အနာအဆာမရှိ စုံလင်နေမှ ကြိုက်တတ်တဲ့ စေ့စပ်လွန်းသူတစ်ယောက်လား။

'အရာရာ စေ့စပ်လွန်းတဲ့ ဇာတ်ကောင်စရိုက်မျိုးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမှာပဲ'

ဒီတစ်ကြိမ်မှာတော့ ဒေးမြောင်ရဲ့ မျက်လုံးတွေက မိန်းကလေးတစ်ယောက်ဆီ ရောက်သွားပြန်တယ်။ သူက နာမည်ကြီးကျောင်းတစ်ကျောင်းရဲ့ အထက်တန်းကျောင်းဝတ်စုံကို ဝတ်ထားတယ်။ လက်တစ်ဖက်က ဘတ်စ်ကားလက်ကိုင်ကွင်းကို ကိုင်ထားပြီး နောက်လက်တစ်ဖက်ကတော့ မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်ထားတယ်။ ပြီးတော့ ဘေးက စီးပွားရေးလုပ်ငန်းရှင် အမျိုးသားနဲ့ တစ်ခါတစ်ရံ စကားပြောနေတယ်။ သူမရဲ့ စာကျက်နေတဲ့အကြောင်းတွေကို ပြောနေတာပါ

"သင်္ချာလား"

"မဟုတ်ဘူး၊ အင်္ဂလိပ်စာ အရင်"

"ရူပဗေဒကကော"

"အဲဒါက နောက်ဆုံးမှ။ တကယ်ကို ခေါင်းခြောက်ရတယ်"

"အဲဒီအချိန်ကျရင် ကိုရီးယားစာပေကို ဖတ်လိုက်လေ။ အမောပြေသွားအောင်"

"ဟုတ်ကဲ့"

ဒေးမြောင်က သူကြားနေရတဲ့ စကားဝိုင်းကို နှုတ်ခမ်းလေး လှုပ်ရုံမျှနဲ့ ဖြည်းဖြည်းချင်း လိုက်ဆိုနေမိတယ်။ ပြဇာတ်တစ်ခုရဲ့ ဇာတ်ညွှန်းစကားလုံးတွေက အချိန်အတော်များများမှာ လက်တွေ့ဘဝနဲ့ အတတ်နိုင်ဆုံး တူညီနေဖို့ လိုအပ်တာကြောင့်လေ။ ဒီလိုမျိုး လေ့ကျင့်တာက နောက်ပိုင်းကျရင် အဘက်ဘက်က ပြည့်စုံတဲ့ ဇာတ်ကောင်စရိုက်တစ်ခု ဖန်တီးဖို့အတွက် သူ့ကို အများကြီး အထောက်အကူပြုမှာ သေချာတယ်။

"ဘာလဲဟ... အဲဒီလူက ငါတို့ပြောတာတွေကို လိုက်ဆိုနေတာလား"

"မဖြစ်နိုင်တာ"

ဒေးမြောင်က လန့်သွားပြီး ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်မိတယ်။ နောက်ဆုံးတော့ ဘတ်စ်ကားက သူ့ကျောင်းနားက မှတ်တိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က ဆင်းပြီးတာနဲ့ သူ နာရီကို ကြည့်လိုက်တော့ မနက် ၈ နာရီ တိတိ။ သူ့မှာ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ ကျောင်းဝင်းအဝင်ဝဆီ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တဲ့အချိန်မှာတင် သူ့ကျောပြင်ကို ဖြုန်းခနဲ ပုတ်လိုက်တဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရတယ်။

"မင်္ဂလာနံနက်ခင်းပါ"

"အာ... မင်္ဂလာနံနက်ခင်းပါ"

အမြဲတမ်း ပြုံးရွှင်နေတတ်တဲ့ မိန်းကလေး အီဆိုးလ် ဖြစ်နေတယ်။

"ဒိုဂျင်ကော ဘယ်မှာလဲ"

"ငါ ဘယ်လိုသိမှာလဲ"

"အာ... ဟုတ်သားပဲ"

ဟန်ဒိုဂျင်နဲ့ အီဆိုးလ်က ဒီစာသင်နှစ်အစမှာတင် တွဲခဲ့ကြတာဖြစ်ပြီး အစတုန်းကတော့ အီဆိုးလ်က တော်တော်လေး ဝေခွဲမရဖြစ်ပြီး တုံ့ဆိုင်းနေခဲ့ပုံပဲ။ ဒါပေမဲ့ ဟန်ဒိုဂျင်က သူမရဲ့ မိသားစုကို တကယ်တမ်း အစွမ်းကုန် ကူညီပေးခဲ့တဲ့အချိန်မှာတော့ စိတ်ပြောင်းသွားခဲ့တာ ထင်ရှားပါတယ်။

"ပြဇာတ်ကလပ်ကော ဘယ်လိုလဲ။ မင်းတို့ တစ်ပတ်ပဲ ကျန်တော့တယ် မဟုတ်လား"

"လောလောဆယ်တော့ ဂျူနီယာအသစ် နှစ်ယောက်ပဲ ရှိသေးတယ်"

"ပြီးတော့ကော"

"...ဒါပါပဲ၊ ကုန်ပြီ"

"ကျောင်းသားအသစ်တွေ အများကြီးလာတယ်လို့ မင်းပြောဖူးတယ် မဟုတ်လား"

"ဝင်ဖို့ စိတ်ဝင်စားတဲ့သူက နှစ်ယောက်ပဲ ရှိတာလေ။ ငါလည်း တော်တော်လေး ရင်ခုန်သွားခဲ့ပေမဲ့ မတတ်နိုင်ဘူးပေါ့"

"အဲဒီတော့ စုစုပေါင်းမှ လူလေးယောက်ပဲ ရှိတာပေါ့"

ဒေးမြောင်က ခေါင်းညိတ်ပြလိုက်တယ်။ လူလေးယောက်တည်း... တတိယနှစ် စီနီယာတွေကတော့ နာမည်ခံသက်သက်ပဲ ရှိတာလေ။

"ဒုက္ခပါပဲ။ လူလေးယောက်တည်းနဲ့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး"

"လူနည်းနည်းပဲ လိုမယ့် ပြဇာတ်မျိုးကို ရှာရမှာပေါ့။ ဒါမှမဟုတ် တစ်ယောက်တည်းကပဲ အခန်းကဏ္ဍ အများကြီးကို ခွဲပြီး သရုပ်ဆောင်ရမလားပဲ"

"မင်းတို့ အဲဒါကို လုပ်နိုင်မယ် ထင်လို့လား"

"...မသိဘူးလေ။ မာရူးဆိုရင်တော့ လုပ်နိုင်မယ် ထင်တာပဲ"

"ဘာလဲ... ကြောက်နေပြီလား။ မင်းက ဂျူနီယာတွေအတွက် စံပြဖြစ်ရမှာလေ"

"ငါက ဒီလိုအလုပ်မျိုးတွေမှာ မကျွမ်းကျင်မှန်း မင်းလည်း သိသားနဲ့"

"ကဲပါ... ဒါဆိုရင်လည်း အပြင်းအထန် လေ့ကျင့်ဖို့ပဲ လိုတော့တယ်။ အခု ကလပ်မှာ မင်းနဲ့ မာရူးပဲ အားကိုးစရာ ရှိတော့တာလေ"

အီဆိုးလ်က သူ့ကျောကို နောက်ထပ်တစ်ကြိမ် ပုတ်ပေးပြန်တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက အဲဒီအချက်က ဒေးမြောင်ကို ပိုပြီး သက်ပြင်းချချင်စိတ် ပေါက်လာစေတာပဲ။ လူလေးယောက်တည်းနဲ့ သူတို့ တကယ်ကော ရှေ့ဆက်နိုင်ပါ့မလား။ တကယ်ကို စိတ်ပျက်စရာကောင်းလောက်အောင် နည်းပါးလွန်းတဲ့ အရေအတွက်မို့ စင်မြင့်တစ်ခု ဖန်တီးနိုင်ပါ့မလားဆိုတာတောင် သူ မသေချာတော့ဘူး။

"ဟေး... အဲဒီလို မျက်နှာကြီး မလုပ်ပါနဲ့။ မင်း အဲဒီလိုလုပ်တော့ ငါ့မှာ အားနာစရာကြီး ဖြစ်လာပြီ"

အီဆိုးလ်က သူ့ကို စိတ်မကောင်းတဲ့ မျက်နှာပေးနဲ့ ကြည့်နေတာကို မြင်တော့ ဒေးမြောင်က မဟုတ်ပါဘူးဆိုတဲ့ သဘောနဲ့ လက်ခါပြလိုက်မိတယ်။ သူ စိတ်ထဲကနေ တွေးတောနေမိတဲ့ အချိန်မှာ သူ့ရဲ့ ခံစားချက်တွေက မျက်နှာပေါ် ပေါ်သွားခဲ့တာ ထင်ရှားတယ်။

"မဟုတ်တာ... မဟုတ်တာ၊ စိတ်မပူပါနဲ့။ တကယ်ပါ"

"ငါက ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ။ တကယ်လို့ မင်းတို့ ပစ္စည်းကိရိယာတွေ လုပ်ဖို့ လူလိုရင် ငါ့ကိုသာ ပြောလိုက်နော်။ မပြောရင် ငါ တကယ် စိတ်ဆိုးမှာဒေးမြောင်"

"အင်း... အင်းပါ"

သူတို့မှာ အခုကစပြီး အမြဲတမ်း လူအင်အား ပြတ်လပ်နေတော့မှာပေါ့၊ လူလေးယောက်တည်းနဲ့ ပြီးမြောက်အောင် လုပ်နိုင်တာ များများစားစား မရှိဘူးလေ။ ဒါပေမဲ့ တခြားလူတွေကို အမြဲတမ်း အကူအညီတောင်းနေဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။ မာရူးကလည်း တစ်ကြိမ်တစ်ခါလောက် တခြားသူဆီက အကူအညီယူတာကတင် တော်တော်လေး ဆိုးရွားနေပြီလို့ သူ့ကို ပြောထားပြီးသားလေ။

* ငါတို့သာ အကူအညီတောင်းရင် သူတို့က အမြဲတမ်း လာကူညီပေးကြမှာပဲ။ အဲဒါကြောင့်မို့လို့ပဲ ငါတို့ဘာသာငါတို့ပဲ ဖြေရှင်းရမယ်။ သူတို့က အခုချိန်မှာ အပြင်လူတွေ ဖြစ်နေပြီလေ။ ငါတို့ဘက်က လူအင်အား လိုအပ်နေရုံနဲ့ သူတို့တွေကို မလိုအပ်ဘဲ အလုပ်မရှုပ်စေချင်ဘူး။

မာရူး ပြောတာ မမှားပါဘူး၊ ပြဇာတ်ကလပ်က သူ့ဘာသာသူပဲ ရပ်တည်နိုင်ရမယ်လေ

"ဟင်... အဲဒီ ကုန်တင်ကားကြီးက ဘာလဲ"

သူတို့ ကျောင်းထဲကို ဝင်ခါနီးအချိန်မှာတင် အီဆိုးလ်က လှမ်းပြောလိုက်တယ်၊ ကွန်တိန်နာသေတ္တာကြီးတစ်လုံးကို ဆွဲလာတဲ့ ကုန်တင်ကားတစ်စီးက ကျောင်းထဲကို ဖြည်းဖြည်းချင်း မောင်းဝင်လာတယ်။ ကျောင်းအဝင်းဝမှာ စောင့်နေတဲ့ ဆရာက မျက်လုံးအပြူးသားနဲ့ ကြည့်နေတယ်၊ ကြည့်ရတာ အဲဒီဆရာလည်း ဒီအကြောင်းကို ဘာမှ ကြိုတင်သိထားပုံမပေါ်ဘူး။

"ကျွန်တော်တို့ကို အထဲပေးဝင်ပါဦး ခင်ဗျာ" လို့ ကုန်တင်ကားဒရိုင်ဘာက ပြောလိုက်တယ်။

ဆရာက ဒရိုင်ဘာနဲ့ ချက်ချင်းပဲ စကားပြောလိုက်တယ်။ ခေါင်းအနည်းငယ် ငြိမ့်ပြပြီးတဲ့နောက်မှာတော့ ဆရာက ကုန်တင်ကားကို အထဲကို လမ်းပြခေါ်သွားခဲ့တယ်၊ ကုန်တင်ကားနောက်က ဖော့ကလစ် မော်တော်ယာဉ်တစ်စီးကလည်း သူတို့နောက်ကနေ လိုက်သွားတယ်။ ဒေးမြောင်က အဲဒီမြင်ကွင်းကို ကြောင်အမ်းအမ်းနဲ့ ကြည့်နေမိပြီးမှ တစ်စုံတစ်ခုကို သတိရသွားပြီး ဖုန်းထုတ်ကာ မာရူးရဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်တယ်။ ခေတ္တစောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ တစ်ဖက်က ဖုန်းကို ကိုင်လိုက်တယ်။

"မာရူး... ဟိုလေ..."

* ဆောရီးပဲ၊ ငါက မာရူး မဟုတ်ဘူး။

"ဗျာ..."

* မာရူးက စတိုးဆိုင်ကို ခဏသွားလို့။ သူ မကြာခင် ပြန်လာလိမ့်မယ်။ ငါးမိနစ်လောက်နေရင် ပြန်ခေါ်လိုက်နော်။

"အာ... ဟုတ်ကဲ့ပါ"

သူ ဒီအသံကို တစ်နေရာရာမှာ ကြားဖူးပါတယ်၊ ဒါပေမဲ့ နောက်ခံဆူညံသံတွေကြောင့် ဘယ်သူလဲဆိုတာ သေချာမခွဲခြားနိုင်ခဲ့ဘူး။ ဒေးမြောင်က အီဆိုးလ်ကို နှုတ်ဆက်လိုက်ပြီး ကုန်တင်ကားနောက်ကို လိုက်ကာ ကျောင်းရဲ့ အနောက်ဘက်ဆီ ထွက်ခဲ့တယ်၊ ဖော့ကလစ်ယာဉ်က ကွန်တိန်နာသေတ္တာကို နေရာချဖို့ ပြင်ဆင်နေတဲ့ အချိန်ပေါ့။

"မဖြစ်နိုင်တာ... ဟုတ်တယ်မလား"

မာရူးက ကွန်တိန်နာအကြောင်းကို ပြောခဲ့ဖူးတာ မှန်ပေမဲ့ အခုလိုမျိုး ကျောင်းထဲကို ရောက်နှင့်နေဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူးလေ။ သူတို့မှာ ကျောင်းရဲ့ ခွင့်ပြုချက် လိုအပ်တယ်။ အဲဒါထက် ပိုအရေးကြီးတာက ငွေကြေး လိုအပ်တယ်လေ။

"ကောင်းပြီဒေးမြောင် အဲဒီနားမှာပဲ ချလိုက်ပါဒေးမြောင်"

အဲဒီကွန်တိန်နာက တော်တော်လေး သန့်ရှင်းပြီး ကြီးလည်း ကြီးတယ်။ တကယ်လို့သာ သူတို့ အဲဒါကို သုံးနိုင်ရင် ဘယ်လောက်ကောင်းမလဲ... ဒေးမြောင်က မိနစ်အနည်းငယ်လောက် ထပ်ကြည့်နေပြီးမှ စာသင်ခန်းဆီ ပြန်ခဲ့တော့တယ်။

"ကုန်တင်ကားတစ်စီး ဝင်လာတာ ငါမြင်လိုက်တယ်၊ အဲဒါ ဘာလဲဟ။ ငါ့စိတ်ထဲမှာ ကာယပညာခန်းမ ဆောက်တာ ပြီးသွားပြီ အောက်မေ့လို့" လို့ ဟန်ဒိုဂျင်က မေးလိုက်တယ်။

"သူတို့ ကျောင်းအနောက်ဘက်မှာ ကွန်တိန်နာသေတ္တာကြီးတစ်လုံး လာချနေတာလေ"

"ကွန်တိန်နာ ဟုတ်လား။ မာရူး လုပ်တာလား"

"မထင်ပါဘူး။ သူက စနေနေ့တုန်းက အဲဒီအကြောင်းကို ပြောရုံပဲ ပြောခဲ့တာ။ နှစ်ရက်တည်းနဲ့ ခွင့်ပြုချက်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးတော့ အဲဒါက ဝမ် နှစ်သန်းလောက်တောင် တန်တာလေ"

"ဝမ် နှစ်သန်း ဟုတ်လား။ အေးလေ... ဒါဆိုရင်တော့ လုံးဝမဖြစ်နိုင်တာ သေချာတာပေါ့"

အဲဒီအချိန်မှာတင် ကန်ဒိုဝူးက စာရေးခုံပေါ်ကနေ ခေါင်းထောင်လာတယ်။

"ကွန်တိန်နာ ဟုတ်လား။ မင်းတို့ တစ်လုံး လိုနေလို့လား"

"အင်း... အင်း။ လိုရင်လည်း လိုမှာပေါ့"

"လိုတယ်ဆိုရင် ငါ့ကိုပြောလေ။ ငါ့အဖေကို လှမ်းမေးပေးလို့ရတယ်"

"တကယ်ကြီးလား။ မင်းတို့ဆီမှာ ကွန်တိန်နာ ရှိလို့လား"

"ဓာတ်ဆီဆိုင်ရဲ့ အနောက်တည့်တည့်မှာ အသုံးမပြုဘဲ ပစ်ထားတဲ့ ကွန်တိန်နာတစ်လုံး ရှိတယ်။ တကယ်လို့ မာရူးအတွက် လိုတာဆိုရင် ငါ့အဖေက ဈေးပေါပေါနဲ့ ရောင်းပေးမှာ သေချာတယ်"

အဲဒါက သတင်းကောင်းပဲ ဖြစ်နေတယ်။ အဲဒီလူက ဘယ်လောက်နဲ့ ရောင်းမလဲဆိုတာကတော့ ပဟေဠိဖြစ်နေပေမဲ့ ပေါက်ဈေးထက် နည်းနေသရွေ့တော့...

"ဝါး... သူဌေးတွေကျတော့လည်း တစ်မျိုးပဲနော်"

"သူဌေးဆိုတာကြီးကလည်း ကွာ..."

ဟန်ဒိုဂျင်က ရယ်မောရင်း ကန်ဒိုဝူးကို ကလိထိုးတော့တယ်။ ကန်ဒိုဝူးက ချက်ချင်း ထရပ်ပြီး ဟန်ဒိုဂျင်ကို ပြန်ဖမ်းဖို့ ကြိုးစားတော့ အခြားကောင်လေးက အော်ဟစ်ပြီး စာသင်ခန်းပြင်ကို ထွက်ပြေးသွားခဲ့တယ်။ တကယ့် သူငယ်ချင်းကောင်းတွေပါပဲ။ သူတို့အားလုံး အစပိုင်းမှာ အဆင်မပြေမှုတွေနဲ့ စတင်ခဲ့ကြပေမဲ့ အခုတော့ တကယ့်ကို ရင်းနှီးတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေကြပြီလေ။

"တက်ကြွလှချည်လား။ မနက်စောစောစီးစီး ပြေးလွှားနေကြတာလား"

သူ့နောက်ကျောဘက်ကနေ မာရူးရဲ့ အသံကို ကြားလိုက်ရတာမို့ ဒေးမြောင်က အံ့ဩတုန်လှုပ်စွာနဲ့ လှည့်ကြည့်လိုက်မိတယ်။

"...မင်း ညဖက် မအိပ်ဘူးလား"

"ဟင်... အာ၊ အဲဒီလိုမျိုးပါပဲ"

မာရူးရဲ့ ပုံစံက ကြည့်ရဆိုးနေတယ်။ သူ့ရဲ့ ဆံပင်တွေကလည်း အိပ်ရာထစအတိုင်း ထောင်ထိုးနေပြီး အဝတ်အစားတွေကလည်း တော်တော်လေး ပေရေနေတယ်။ သေချာကြည့်လိုက်တော့ အဲဒီအဝတ်အစားတွေက စနေနေ့တုန်းကတည်းက သူ ဝတ်ထားတဲ့ အဝတ်တွေ ဖြစ်နေတယ်

"အာဒေးမြောင် ခုနက ဖုန်းကိုင်တာ စီနီယာ ဟောင်ဂွန်ဆူ မဟုတ်လား။ မင်းတို့ စနေနေ့ကတည်းက အတူတူ ရှိနေကြတာလား"

"အင်း။ ငါ အကျဉ်းချခံထားရတာလေ"

"အ... အကျဉ်းချခံထားရတယ် ဟုတ်လား"

"ဒါပေမဲ့ ပျော်ဖို့တော့ ကောင်းသား"

မာရူးက သန်းဝေရင်း ထိုင်လိုက်ပြီး သူ့ရဲ့ အိတ်အမည်းရောင်ထဲကနေ စတိုးဆိုင်က ဝယ်လာတဲ့ အစားအစာတွေကို ထုတ်ပြီး စားတော့တယ်။

"မင်း မနက်စာတောင် မစားရသေးဘူးလား"

"မိုးမလင်းခင်ကတည်းက ကားပေါ်မှာပဲ ရှိနေတာလေ။ အချိန်မရလိုက်ဘူး"

"မင်း ပိတ်ရက်မှာ ဘာတွေ သွားလုပ်နေတာလဲဟ"

"ငါ ပြောပြီးပြီလေ... အကျဉ်းချခံထားရတာလို့"

မာရူးက ပြုံးဖြဲဖြဲလုပ်ရင်း အစားစားပြီးရင် အကျိုးအကြောင်း ရှင်းပြမယ်လို့ ဒေးမြောင်ကို ပြောလိုက်တယ်။

"ဒါနဲ့... ဟို ကွန်တိန်နာအကြောင်းက ဘာလဲ။ ခုနက ကန်ဒိုဝူး ပြေးသွားရင်းနဲ့ ငါ့ကို လှမ်းပြောသွားသေးတယ်"

"ကျောင်းမှာ ကွန်တိန်နာ ရောက်နေတယ်လေ"

"ဒီအတိုင်းကြီး ရောက်လာတာလား"

"ဒီအတိုင်းကြီးပဲ။ မင်း လုပ်လိုက်တာ မဟုတ်ဘူးလား"

"ငါ့မှာ အစီအစဉ်တော့ ရှိပေမဲ့ မဟုတ်ပါဘူး။ ငါတို့က ဘာဖြစ်လို့..."

အဲဒီအချိန်မှာတင် မာရူးရဲ့ ဖုန်းက မြည်လာခဲ့တယ်။ မာရူးက ဖုန်းကို ချက်ချင်းကိုင်လိုက်ပြီး တစ်ဖက်ကလူကို စကားပြောတဲ့အချိန်မှာ သူ့အသံကို နှိမ့်လိုက်တယ်။ သူ့ရဲ့ မျက်နှာပေးက တော်တော်လေး ထူးဆန်းနေတယ်။

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုလို စီစဉ်ပေးတာကို ဝမ်းသာပါတယ်"

မာရူးက ဖုန်းချလိုက်ပြီးနောက် သာယာစွာ ပြုံးလိုက်တယ်။

"ဘာလဲ... ဘာဖြစ်လို့လဲ"

"အဲဒီကွန်တိန်နာက ဆရာ လီဂျွန်မင်းဆီက လက်ဆောင်တဲ့လေ။ သူက ကျောင်းဘက်ကိုလည်း ကြိုတင်ပြီး စကားပြောထားပြီးသားဖြစ်နေတာ။ ဟား... စီနီယာ ဟောင်ဂွန်ဆူက တစ်ခုခု ဖြစ်တော့မယ်လို့ ငါ့ကို ပြောခဲ့ဖူးပေမဲ့..."

"ဒါဆို ကျောင်းအနောက်ဘက်က ကွန်တိန်နာက..."

"ငါတို့ဟာ ဖြစ်သွားပြီပေါ့"

"တကယ်ကြီးလား"

ဒေးမြောင်ရဲ့ ကမ္ဘာကြီးက ချက်ချင်းပဲ လင်းလက်တောက်ပသွားသလို ခံစားလိုက်ရတယ်။ တကယ်လို့ အဲဒီကွန်တိန်နာက သူတို့ဟာသာ ဆိုရင်တော့ ပစ္စည်းကိရိယာတွေ သိမ်းဆည်းဖို့ ပြဿနာက ပြေလည်သွားပြီလေ။ အဲဒီအချက်တစ်ခုတည်းတင် အများကြီး အဆင်ပြေသွားစေတယ်။

"ဒီနေ့ကစပြီး ငါတို့ ပစ္စည်းတွေ စရွှေ့ကြစို့။ အခုကတည်းက စလုပ်ရင် ဒီအပတ်ကုန်မှာ အပြီးသတ်နိုင်မှာ သေချာတယ်"

မာရူးက ကင်ဘတ်အိတ်အခွံကို ခွာရင်း စကားပြောလိုက်တယ်။

* * * * * * * * *

ဟောင်ဂွန်ဆော့က မေးစေ့ကို လက်နဲ့ထောက်ပြီး တွေးတောနေမိတယ်၊ သူ့အဖေက သူ့ကို သရုပ်ဆောင်အလုပ် ဆက်လုပ်လို့ရတယ်လို့ ရုတ်တရက်ကြီး ပြောလာခဲ့တာကြောင့်လေ။ အခြေအနေတစ်ရပ်တော့ ရှိနေပေမဲ့ အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သူက ဒီအချိန်အထိ ကျောင်းမှာ အဆင့် အကောင်းဆုံး သုံးယောက်ထဲမှာ အမြဲတမ်း ပါဝင်နေခဲ့တာကိုး။

'ဆရာ လီဂျွန်မင်းကတော့ တကယ်ပဲ လူတော်ကို သိတတ်တဲ့ မျက်လုံးရှိတာပဲ'

လီဂျွန်မင်းက သူ့အဖေကို ဖျောင်းဖျပေးခဲ့တာဖြစ်ပြီး အဲဒီလူက ဟောင်ဂွန်ဆော့ကို တော်တော်လေး တန်ဖိုးထားတာ ထင်ရှားပါတယ်။

'ဒါပေမဲ့ ငါ ဘာလုပ်ရမလဲ'

ဟောင်ဂွန်ဆော့က ကလပ်ကို ပြန်သွားဖို့ စိတ်ကူး လုံးဝမရှိပါဘူး၊ သရုပ်ဆောင်အလုပ်ကို အပြီးတိုင် စွန့်လွှတ်လိုက်တာကမှ ပိုကောင်းဦးမယ်။ မာရူးဆီကနေ သူ ခံခဲ့ရတဲ့ အရှက်ကွဲမှုတွေကို ပြန်တွေးမိတိုင်း စိတ်ထဲကနေ မသိမသာ သွားကြိတ်မိနေရတယ်။ အဲဒီလို မာနကြီးလွန်းတဲ့ မျက်လုံးတွေ... အဲဒီတုန်းက သူ ပြန်ပြီး လက်သီးနဲ့ ထိုးခဲ့သင့်တာ။

“တစ်ခုခုကို လုပ်မယ်ဆိုရင် အဆုံးအထိ ရောက်အောင် လုပ်စမ်း”

အဲဒါက သူ့အဖေက သူ့ကို ပြောခဲ့တဲ့ စကားလုံးတွေပဲ ဖြစ်နေတယ်။ အခုတော့ သူ ခွင့်ပြုချက် ရခဲ့ပြီဆိုတော့ သူ့လမ်းကြောင်းကို တားဆီးနိုင်တာ ဘာမှ မရှိတော့ဘူး။ သူ လုပ်ရမှာက သူ့ရဲ့ ပါရမီကို ထုတ်ပြဖို့ပဲလေ။

“မင်းလည်း လိမ်ညာတတ်ဖို့ သင်ယူရမယ်။ သူတစ်ပါးကို မြှောက်ပင့်ပြောဆိုတတ်ဖို့ သင်ယူရမယ်။ လိုအပ်ရင် မင်းရဲ့ အစ်ကိုကြီးလိုမျိုး နှိပ်စက်ညှဉ်းပန်းခံတတ်ဖို့လည်း သင်ယူရမယ်”

အဲဒီစကားကို ကြားရတာက မာရူးနဲ့ ဖြစ်ခဲ့တဲ့ အချိန်တုန်းကထက် ပိုပြီး အရှက်ရဖို့ ကောင်းနေတယ်။ သူ့ရဲ့ အစ်ကိုကြီးနဲ့ နှိုင်းယှဉ်ခံရတာက... ပိုပြီး ပါရမီရှိတဲ့ ညီအစ်ကိုတစ်ယောက်အနေနဲ့ ဒီလိုအတွေးမျိုးက တကယ်ကို အရှက်ရစရာပဲ ဖြစ်နေတယ်။ ဟောင်ဂွန်ဆော့က ပိုပြီး တော်တယ်ဆိုတာ ထင်ရှားလွန်းတာပဲ၊ အထူးသဖြင့် လီဂျွန်မင်းကတောင် သူ့ကို မျက်စိကျနေတာကြောင့်ပေါ့။

ဟောင်ဂွန်ဆော့က ပြုံးလိုက်တယ်။

"လူကောင်းတစ်ယောက် ဖြစ်လာရမယ်... ဟုတ်လား"

သူက ဒီအဖြစ်အပျက်ကနေတစ်ဆင့် ဘဝအကြောင်းကို တစ်ခု သို့မဟုတ် နှစ်ခုလောက် သင်ယူခဲ့ရပြီလေ၊ သူက မာရူးလိုမျိုး ပါးပါးနပ်နပ် သရုပ်ဆောင်တတ်ဖို့ သင်ယူဖို့ လိုအပ်တယ်။ လောလောဆယ်တော့ သူက အတန်းဖော်တွေကို သူ့ဘက်ပါအောင် အရင်ဆုံး စည်းရုံးရမှာပေါ့။ ဟောင်ဂွန်ဆော့က စာသင်ခန်းထဲကို လျှောက်သွားပြီး ဟိုတစ်ခွန်း ဒီတစ်ခွန်း စကားလှမ်းပြောနေမိတယ်။ သူ့အပေါ်မှာ ကောင်းမွန်တဲ့ အထင်အမြင်တွေ ရှိနေကြတဲ့အတွက် အတန်းဖော် အများစုက သူ့စကားကို နားထောင်ကြတယ်။

"သူတို့က တရားလွန်လွန်းတာပဲ။ အဲဒီအချက်ကလေးနဲ့တင် မင်းကို မောင်းထုတ်လိုက်ကြတာလား"

"အေးလေ... တကယ်ပါပဲ။ ဂွန်ဆော့... မင်းက စိတ်သဘောထား ကောင်းလွန်းတယ်။ မင်း ဒီထက်ပိုပြီး ပြတ်ပြတ်သားသား လုပ်ခဲ့သင့်တာ"

"ငါဆိုလိုတာက... မင်းရှိလို့သာ အဲဒီကလပ်က ပထမဆုံးအကြိမ် အောင်မြင်မှု ရခဲ့တာလေ"

ဟောင်ဂွန်ဆော့က ပြုံးလိုက်တယ်၊ တကယ်တော့ အရာရာက ဒီလောက်အထိ လွယ်ကူနေတာပဲ။ အစတုန်းက သူ အတင်းအဓမ္မ နည်းလမ်းတွေကို လုံးဝ မသုံးခဲ့သင့်ဘူး။

'အဖေ ပြောတာ မှန်တာပဲ'

လူသားတွေက ခေါင်းငုံ့တတ်ဖို့ သင်ယူရမယ်၊ မြှောက်ပင့်တတ်ဖို့ သင်ယူရမယ်။ အပြုံးအနည်းငယ်နဲ့ ဟိုတစ်ခွန်း ဒီတစ်ခွန်း ပြောလိုက်ရုံရုံမျှနဲ့တင် ဟောင်ဂွန်ဆော့က သူ့ဘက်တော်သားတွေကို အများကြီး ရရှိသွားခဲ့ပြီလေ။

"ဒါနဲ့... မင်းမှာ လူအနည်းငယ် ရှိနေသရွေ့တော့ ကိုယ်ပိုင်ကလပ်တစ်ခု အသစ်ဆောက်လို့ရတယ် မဟုတ်လား"

"အင်း။ လမ်းညွှန်ပေးမယ့် ဆရာတစ်ယောက်နဲ့ အဖွဲ့ဝင် အနည်းငယ် ရှိနေသရွေ့တော့ ရတာပေါ့"

အတန်းခေါင်းဆောင်ရဲ့ စကားကို ဟောင်ဂွန်ဆော့က ခေါင်းညိတ်ပြလိုက်တယ်၊ လီဂျွန်မင်းကလည်း အရင်က သူ့ကို ဒီအကြောင်း ပြောပြဖူးတာပဲ။ ကြည့်ရတာ အဲဒီလူက ဟောင်ဂွန်ဆော့ကို အောင်မြင်စေချင်တာ ထင်ရှားတယ်။

"တကယ်ကြီးလား။ ဒါဆိုရင် ငါ့ကို ကူညီပေးလို့ရမလား။ ငါ မင်းကို အားကိုးလို့ရမယ် ထင်တယ်"

"ရတာပေါ့"

အတန်းခေါင်းဆောင်က ကြီးမားတဲ့ အပြုံးတစ်ခုနဲ့အတူ ရှေ့ကို တက်လာခဲ့တယ်။ အဲဒါပါပဲ... ဒါက လူတွေကို ဘယ်လိုအသုံးချရမလဲဆိုတဲ့ နည်းလမ်းပဲလေ

"ကျေးဇူးတင်ပါတယ်"

ဟောင်ဂွန်ဆော့က နောက်ပိုင်းမှာ ဒီစကားလုံးကို ပိုပြီး အများကြီး သုံးဖြစ်လိမ့်မယ်လို့ စိတ်ထဲကနေ ခံစားနေရတယ်။ တကယ်တော့ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေတယ်။ ဒါကလည်း သရုပ်ဆောင်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။

'တော့်တော်လေး လွယ်ကူတာပဲ'

ကောက်ကျစ်တဲ့ အပြုံးတစ်ခုက သူ့ရဲ့ နှုတ်ခမ်းအစုံပေါ်မှာ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့တယ်။

ကျေးဇူးတင်ပါတယ်... တကယ်ကို အခွင့်ကောင်းယူဖို့ လွယ်ကူလွန်းတဲ့ စကားလုံးပဲ ဖြစ်နေတော့တယ်။

* * * * * * * * *

All Chapters