အခန်း ၅၄၇
Vol. 47 Ch. 547
အပိုင်း (၅၄၇)
ထိုအချိန်တွင်ပင် အောက်ယွီ၏ စကားကို အတည်ပြုပေးသကဲ့သို့ နန်းတော် အပြင်ဘက်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။ “အရေးပေါ် သတင်း... အရေးပေါ် သတင်း... ကျိန့်ဟိုင်မြို့စား စီးပြန်းရဲ့ ရေတပ်က ကျန်းကျိုးမြို့ကို ခိုးကြောင်ခိုးဝှက် ဝင်တိုက်ပါတယ်။ စီးမိသားစုရဲ့ တပ်တော်တွေက ကျန်းကျိုး ပြည်နယ်၊ ထူမန်ခရိုင်ရဲ့ ကုန်းပေါ်တက်ပြီး အမတ်တွေ၊ သူဌေးတွေ၊ ဆားကုန်သွယ်ရေးရုံး၊ တိုင်းတစ်ပါး ကုန်သွယ်ရေး ရုံးတွေကို သတ်ဖြတ်နေပါတယ်။ သေကြေဒဏ်ရာရသူ သောင်းချီ ရှိပါတယ်။”
ဟေးပင်းထိုင်၏ သတင်းပို့သမားသည် အပြေးအလွှား ဝင်ရောက်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
ဤစကား ထွက်ပေါ်လာချိန်မှာတော့ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး လုံးဝ အံ့ဩ တုန်လှုပ်သွားကြပြီး မိမိတို့၏ နားကိုပင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြတော့၏။
‘ကျိန့်ဟိုင်မြို့စား စီးပြန်း ရူးသွားပြီလား။ ဒီလောက်တောင် အလောတကြီး ပုန်ကန်ချင်နေတာလား။ ဧကရာဇ်ကို အတင်းအကျပ် ဖိအားပေးချင်ရင်တောင် ဒီလောက် ပြင်းထန်တဲ့ နည်းလမ်းကို သုံးစရာ မလိုပါဘူး။’
ဧကရာဇ်၏ ခန္ဓာကိုယ်လည်း ပြင်းထန်စွာ ယိမ်းယိုင်သွားပြီး သူ၏နားကိုပင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားတော့သည်။
‘ဒီအထဲမှာ အကြံအစည်တွေ ရှိနေတယ်။ ကြီးမားတဲ့ အကြံအစည်ကြီး ရှိနေတယ်။ စီးပြန်းက ဒီလောက်တောင် ရူးသွပ်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။’
ဤအခြင်းအရာသည်ကား ဧကရာဇ်၏ အသက်အန္တရာယ်ကိုပင် လှုပ်ခတ်သွားစေနိုင်လောက်သည့် ပြင်းထန် လှသော ထိုးနှက်ချက်ကြီး တစ်ခုပင် ဖြစ်သည်။ ဧကရာဇ်သည် အစောပိုင်းကတင် ကျိန့်ဟိုင်မြို့စား စီးပြန်းကို မိမိဘက်ပါအောင် စည်းရုံးသိမ်းသွင်းမည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောခဲ့၏။
သို့သော်လည်း ယခုရလဒ်မှာမူ ချက်ချင်းပင် မျက်နှာကို ဖြတ်ရိုက်ခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်နေ၏။ ထိုစီးပြန်းက ယခုအချိန်၌ ချက်ချင်း ပုန်ကန်ခြားနားတော့မည် ဟူသည့် သတင်းစကားကြောင့် နန်းတော်တစ်ခုလုံး ဆွံ့အ သွားရလေသည်။
ဧကရာဇ် မယုံကြည်နိုင်သောကြောင့် လျှို့ဝှက် စာလွှာကို ယူကြည့်လိုက်ရာ ဤသည်မှာ ဟေးပင်းထိုင် အကြီးအကဲထံမှသာမက ချန်လန်ပြည်နယ် ဘုရင်ခံထံမှ လျှို့ဝှက် စာလွှာ ဖြစ်နေကြောင်းပါ တွေ့ရှိလိုက်ရ၏။
ဤအထဲတွင် မည်ကဲ့သို့သော အကြံအစည်မျိုး ရှိနေပါစေ၊ ဤကိစ္စသည် လုံးဝ သေချာသွားပြီ ဖြစ်သည်။ အနည်းဆုံးတော့ ယခုအချိန်တွင် ကျိန့်ဟိုင်မြို့စား စီးပြန်း၏ ပုန်ကန်မှုကို ဆေးကြော၍ မရနိုင်တော့ချေ။
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “မြင်ပြီလား...ကြားပြီလား... ဒါက ကျိန့်ဟိုင်မြို့စား စီးပြန်းပဲ။ ဒါက သူ့ရဲ့ ဝံပုလွေ စိတ်ဓာတ်ပဲ။ ဒီလိုလူမျိုးကို သွားပြီး စည်းရုံးမယ်လို့ ပြောနေတာ လုံးဝကျားကို အဖော်လုပ်နေတာပဲ။ ကိုယ့်အသားကို ဖြတ်ပြီး ဝံပုလွေကို ကျွေးနေတာပဲ။ အသုံးကျလို့လား။
ဧကရာဇ်မင်းမြတ်... ခင်ဗျားက ကျိန့်ဟိုင်မြို့စား စီးပြန်းကို အလျှော့ပေးလိုက်တာ ဘာအသုံးကျလို့လဲ။ ပြည်နယ် သုံးခုကို စီးပြန်းဆီ ခွဲဝေပေးဖို့ သဘောတူလိုက်တာ ဘာအကျိုးအမြတ် ရလိုက်လို့လဲ။ ဘာရလိုက်လို့လဲ။”
ယွင်ကျုံးဟဲ့က ပြင်းထန်စွာ ပြောလိုက်သည်။ “တောင်ပိုင်းကျိုးမှာ အပြစ်ရှိသူတွေ ရှိနေလို့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခံခဲ့တာ။ အမတ်မင်းတို့... ခင်ဗျားတို့ အားလုံး နားလည်သွားကြပြီလား။ နားလည် သွားကြပြီလား။”
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး တစ်ကိုယ်လုံး တုန်ယင်သွားကြပြီး ပြင်းထန်စွာ တုန်လှုပ်သွားကြတော့၏။
‘ဘာလဲ... အခု ကျုပ်တို့ကို ရွေးချယ်ခိုင်းနေတာလား။ အောက်ယွီ... ခင်ဗျားက ကျုပ်တို့ကို ရပ်တည်ချက် ရွေးချယ်ဖို့ အတင်းအကျပ် ဖိအားပေးနေတာလား။’
ဧကရာဇ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ကျိန့်ဟိုင်မြို့စား စီးပြန်းဟာ နောက်ဆုံးတော့ ပုန်ကန်အောင် ဖိအားပေးခံလိုက်ရပြီ။ ခင်ဗျားတို့က သူ့ကို ပုန်ကန်အောင် ဖိအားပေးလိုက်တာပဲ။ အောက်ယွီ... ဒီကိစ္စမှာ အများစုက ခင်ဗျားရဲ့ အပြစ်တွေချည်းပါပဲ။ အကယ်၍ ခင်ဗျားသာ စီးကွမ်ကို မသတ်ခဲ့ဘူးဆိုရင်ကျိန့်ဟိုင်မြို့စား စီးပြန်းက ဘယ်လိုလုပ် ပုန်ကန်မှာလဲ။”
ဧကရာဇ်၏ ဤစကားမှာ သူ့ဘက်တွင် ရှိနေသော လူများပေးသည့်အမှတ် အနည်းငယ် လျော့သွားစေသည်။
ထို့နောက် ဧကရာဇ်သည် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များထံသို့ ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ကျိန့်ဟိုင်မြို့စား စီးပြန်းသာ ပုန်ကန်ခဲ့ရင် ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ မိုင်သောင်းချီ ကျယ်ဝန်းတဲ့ ပင်လယ်ပြင်ဟာ အမြဲတမ်း ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး။ ကျုပ်တို့ အင်ပါယာရဲ့ တောင်ပိုင်းလည်း အမြဲတမ်း ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး။
ဒီအချိန်မှာ မြောက်ဘက်က တာယင်အင်ပါယာကပါ အခွင့်ကောင်းယူပြီး တောင်ဘက်ကို ဆင်းလာခဲ့ရင် ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာက ဘယ်လို လုပ်ရမလဲ။ လန်ကျိုးက ဒုက္ခသည် သန်းချီကလည်း အိမ်ရာမဲ့ ဖြစ်နေဆဲပဲ။ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာဟာ အန္တရာယ် အများဆုံး အချိန်ကို ရောက်ရှိနေပြီ။ အသက်ရှင်ခြင်း သေဆုံးခြင်းကို ရင်ဆိုင်နေရတဲ့ အချိန်ကို ရောက်ရှိနေပြီ။”
ဧကရာဇ် သည် ခေတ္တ ရပ်တန့်သွားပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဒီလို အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ အကျပ်အတည်းကို ဘယ်လိုကျော်ဖြတ်ရမလဲ။ အတွင်းရေး အားပြိုင်မှုတွေ ဆက်လုပ်နေအုံးမှာလား။ နိုင်ငံ နှစ်ခြမ်းကွဲသွားအောင် လုပ်အုံးမှာလား။
ကျုပ် ခမည်းတော်ကို မေးချင်ပါတယ်။ ခမည်းတော်ဟာ တန်ခိုးစွမ်းအင်ကြီးမားတယ် ဆိုပေမယ့် မိုင်သောင်းချီ အဝေးကနေ စီးပြန်းရဲ့ ပုန်ကန်မှုကို နှိမ်နင်းနိုင်ပါ့မလား။ မိုင်ထောင်ချီ အဝေးကနေ တာယင်အင်ပါယာရဲ့ ကျူးကျော်မှုကို ကာကွယ်နိုင်ပါ့မလား။”
မိဖုရားကြီးက အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... အရှင်က အသက်အရမ်းကြီးနေပါပြီ။ လေဖြတ်နေပါပြီ။ မတ်တတ်တောင် မရပ်နိုင်တော့ပါဘူး။ ကျွန်မတို့ တောင်ပိုင်းကျိုးရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းကို ရင်ဆိုင်နေရတဲ့ အချိန်မှာ တောင်ပိုင်းကျိုးက ပြည်သူ သန်းပေါင်းများစွာကို ဦးဆောင်ပြီး ဒီ အကျပ်အတည်းကို ဘယ်သူက ကျော်ဖြတ်ပေးနိုင်မှာလဲ။ သေချာပေါက် ဧကရာဇ်မင်းမြတ်ပေါ့။
ဧကရာဇ်ဟောင်း... အရှင်က မတ်တတ်တောင် မရပ်နိုင်တော့ဘဲ ဘာကို မျှော်လင့်နေသေးတာလဲ။ ကိုယ့်လူတွေကို နာကျင်စေပြီး ရန်သူတွေကို ဝမ်းသာစေမယ့် အလုပ်မျိုး ဆက်လုပ်ချင်နေသေးတာလား။”
မိဖုရားကြီးက ဧကရာဇ်ဟောင်းသည် လေဖြတ်နေပြီး မတ်တတ်မရပ်နိုင်တော့ကြောင်း၊ အသက်ကြီးပြီး အားနည်းနေကာ အသက်ရှင်ရန် အချိန် သိပ်မရှိတော့ကြောင်း အကြိမ်ကြိမ် ပြောဆိုနေခြင်းမှာ အလွန် ရည်ရွယ်ချက် ဆိုးရွားပြီး ရိုင်းစိုင်းလွန်းလေသည်။
ဤသည်မှာ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များကို သတိပေးလိုခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဧကရာဇ် မင်းမြတ်သည် ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာတွင် ရှုံးနိမ့်သွားသော်လည်း သူသည် ဧကရာဇ် ဖြစ်နေဆဲဖြစ်ပြီး အင်အား အကောင်းဆုံး အရွယ်တွင် ရှိနေဆဲ ဖြစ်ကြောင်း မမေ့ရန် ဖြစ်၏။
ဧကရာဇ်ဟောင်းသည် ကိုယ်ကျင့်တရားအရ အနိုင်ရရှိသွားလျှင်တောင်မှ သူသည် သေခါနီး လူတစ်ယောက် ဖြစ်နေပြီဖြစ်ရာ ကိုယ်ကျင့်တရား၏ အမြင့်ဆုံး နေရာမှာ ရပ်တည်နိုင်လျှင်တောင် ဘာအသုံးကျတော့ မည်နည်း။
ဤသည်မှာလည်း ထိုနေရာတွင် ရှိနေသော အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး၏ အတွေးပင် ဖြစ်သည်။ ဧကရာဇ်ဟောင်း သည် မည်မျှပင် ထူးချွန်ထက်မြက်ပါစေ လေဖြတ်နေပြီး အသက်ရှင်ရန် နှစ်အနည်းငယ်မျှသာကျန်ရှိတော့သည် မဟုတ်ပါလား။
သို့ပေမည့် ထိုအချိန်တွင် ဧကရာဇ်ဟောင်း သည် ရုတ်တရက် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး အရင်က မရှိခဲ့ဖူးသော တောက်ပသည့် အလင်းရောင်များ ထွက်ပေါ်လာတော့၏။
ထို့နောက် အမြဲတမ်း လေဖြတ်နေပြီး မလှုပ်ရှားနိုင်သော သူ၏ လက်နှစ်ဖက်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ကျယ်လောင်စွာ အောက်ငေါက်လိုက်၏။ “ငါ မတ်တတ်မရပ်နိုင်ဘူးလို့ ဘယ်သူ ပြောတာလဲ။”
ဤအသံသည် အားအင် အပြည့်ပါပြီး အသံကျယ်လောင်ကာ အားနည်းသည့် ပုံစံမျိုး လုံးဝ မရှိချေ။ ထို့နောက် ဧကရာဇ်ဟောင်းသည် ဧကရာဇ်၊ မိဖုရားကြီး၊ မယ်တော်မိဖုရားခေါင်ကြီးနှင့် အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး၏ အရှေ့တွင် ဘီးတပ်ကုလားထိုင်ပေါ်မှ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်တော့သည်။
တစ်ခဏအတွင်းမှာပဲ သူ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေလည်း လုံးဝ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။
မှော်ပညာကဲ့သို့၊ နတ်ဘုရား၏ အစွမ်းအစကဲ့သို့ပင် ဧကရာဇ်ဟောင်း မတ်တတ်ရပ်လိုက်သည့် အချိန်တွင် အလွန် နုပျိုသွားသကဲ့သို့ ဖြစ်သွား၏။
ယခင်က အိုမင်းရင့်ရော်နေသည့် ပုံစံများ လုံးဝ ပျောက်ကွယ်သွားပြီး အလွန် တက်ကြွလန်းဆန်းကာ ထက်မြက်လာတော့၏။ မတ်တတ်ရပ်လိုက်သော ဧကရာဇ်ဟောင်းသည် လှံတံ တစ်ခုကဲ့သို့ မတ်မတ် ရပ်နေပြီး အကြည့်များမှာ ဓားတစ်လက်ကဲ့သို့ ထက်မြက်နေသည်။
မျက်နှာပေါ်ရှိ အရေးအကြောင်းများပင် မီးပူတိုက် ခံလိုက်ရသကဲ့သို့ ပြေပြစ်သွားတော့သည်။ ဤအချိန်တိုလေး အတွင်းမှာပင် ဧကရာဇ်ဟောင်းသည် အသက်ဆယ်နှစ်ခန့် ပိုမို နုပျိုသွားသကဲ့သို့ ဖြစ်နေ၏။
ဤမြင်ကွင်းသည် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၊ ဧကရာဇ်နှင့် မိဖုရားကြီး တို့ကို အရင်က မရှိခဲ့ဖူးသော အံ့ဩတုန်လှုပ်မှုများ ဖြစ်စေခဲ့သည်။
ဧကရာဇ်ဟောင်း ဘီးတပ်ကုလားထိုင်ပေါ်မှ မတ်တတ်ရပ်လိုက်သည့် အချိန်တွင် လူတိုင်းကို အရင်က မရှိခဲ့ဖူးသော ရိုက်ခတ်မှုကို ဖြစ်စေခဲ့ပြီး ဤသည်မှာ ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရပြီးနောက် အမေရိကန် သမ္မတ ရုစဗဲ့က လောကတစ်ခုလုံး၏ အရှေ့တွင် ဘီးတပ်ကုလားထိုင်ပေါ်မှ မတ်တတ်ရပ်ကာ ဂျပန်ကို စစ်ကြေညာခဲ့သည့် အရှိန်အဝါအောက် လုံးဝ မလျော့နည်းချေ။
ထို့နောက် ဧကရာဇ်ဟောင်းက စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။ “ကိုယ်တော် မတ်တတ်မရပ်နိုင်ဘူးလို့ ဘယ်သူ ပြောတာလဲ။”
ယခုအချိန်တွင် ဧကရာဇ်ဟောင်းသည် ငါ ဟု မသုံးနှုန်းတော့ဘဲ ကိုယ်တော်ဟု ပြောင်းလဲ သုံးနှုန်းလိုက်ပြီ ဖြစ်သည်။
သူ၏ အသံသည် ညကောင်းကင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး နားကန်းလုမတတ် ဖြစ်သွားစေတော့၏။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ဧကရာဇ်ဟောင်း... အာဏာ ပြန်လည် ရယူပြီး နိုင်ငံတော်ကို အုပ်ချုပ်ပေးဖို့ လျှောက်တင်ပါတယ်။”
ယွင်ကျုံးဟဲ့၏ အော်ဟစ်သံနှင့်အတူ ဧကရာဇ်ဟောင်းသည် တရားဝင် အာဏာ ပြန်လုလိုက်ပြီ ဖြစ်၏။
ယခင်က ချန်လုံဧကရာဇ် နန်းစွန့်ပြီးနောက် ကျားချင့်ဧကရာဇ် နန်းတက်လာခဲ့သော်လည်း ချန်လုံ ဧကရာဇ်ဟောင်းသည် သုံးနှစ်တိုင်တိုင် နိုင်ငံတော်ကို ဆက်လက် အုပ်ချုပ်ခဲ့ပြီး အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားခဲ့သည်။
ယွင်ကျုံးဟဲ့၏ အော်ဟစ်သံသည် အချက်ပြမှု တစ်ခုကဲ့သို့ ဖြစ်နေသည်။ နောက်ဆက်တွဲ အနေဖြင့် နိုင်ကော်၏ ပထမ ဝန်ကြီးချုပ်သည် ဧကရာဇ်ဟောင်း၏ အရှေ့သို့ ဒူးထောက်ကာ ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... အာဏာ ပြန်လည် ရယူပြီး နိုင်ငံတော်ကို အုပ်ချုပ်ပေးဖို့ လျှောက်တင်ပါတယ်။”
လူတိုင်း တုန်လှုပ်သွားကြတော့၏။ နိုင်ကော်၏ ပထမ ဝန်ကြီးချုပ်ပင်လျှင် ဧကရာဇ်ဟောင်းကို ရွေးချယ်လိုက်သည် မဟုတ်ပါလား။
ထို့နောက် နိုင်ကော်၏ ဒုတိယ အမတ်ကြီး ဒူးထောက်ကာ ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... အာဏာ ပြန်လည် ရယူပြီး နိုင်ငံတော်ကို အုပ်ချုပ်ပေးဖို့ လျှောက်တင်ပါတယ်။”
ချက်ချင်းပဲ ဒိုမီနို အကျိုးသက်ရောက်မှုကဲ့သို့ ဖြစ်သွားတော့၏။ နောက်ဆက်တွဲ အနေဖြင့် အမတ် ဆယ်ယောက်ကျော်ခန့် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ကာ ပြောလိုက်ကြသည်။ “ဧကရာဇ်ဟောင်း... အာဏာ ပြန်လည် ရယူပြီး နိုင်ငံတော်ကို အုပ်ချုပ်ပေးဖို့ လျှောက်တင်ပါတယ်။”
ထို့နောက် အမတ် ရာချီခန့် ဒူးထောက်ကာ ပြောလိုက်ကြ၏။ “ဧကရာဇ်ဟောင်း... အာဏာ ပြန်လည် ရယူပြီး နိုင်ငံတော်ကို အုပ်ချုပ်ပေးဖို့ လျှောက်တင်ပါတယ်။”
ထို့နောက် မြင်ကွင်းမှာ တိတ်ဆိတ်သွားတော့၏။ အမတ် သုံးပုံတစ်ပုံခန့်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဧကရာဇ်ဟောင်းကို အာဏာ ပြန်လည် ရယူပြီး နိုင်ငံတော်ကို အုပ်ချုပ်ပေးရန် လျှောက်တင်နေကြသည်။
အခြား အမတ် သုံးပုံနှစ်ပုံခန့်မှာမူ တစ်ချက်လေးမှ မလှုပ်ရှားဘဲ မတ်မတ် ရပ်နေကြသည်။ နိုင်ကော်၏ ဝန်ကြီးချုပ် သုံးဦးအနက် ပထမ ဝန်ကြီးချုပ် သည် ဒူးထောက်ကာ ဧကရာဇ်ဟောင်း အာဏာ ပြန်လုခြင်းကို ထောက်ခံသော်လည်း အခြား ဝန်ကြီးချုပ် နှစ်ဦးမှာမူ မတ်မတ် ရပ်နေကြ၏။
အမတ်ချုပ်ကြီး လင်ကုန်း သည် ဧကရာဇ် ဝမ်ယွင်၏ ရာထူးတိုးပေးခြင်းကို ခံထားရသူ ဖြစ်သောကြောင့် ဧကရာဇ်ဟောင်း အာဏာ ပြန်လုခြင်းကို မထောက်ခံခြင်းမှာ ပုံမှန်သာ ဖြစ်သည်။ သို့ပေမည့် နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်မှာမူ ဧကရာဇ်ဟောင်း၏ ရာထူးတိုးပေးခြင်းကို ခံထားရသူ ဖြစ်သော်လည်း သူသည်လည်း ဒူးမထောက်ဘဲ ဧကရာဇ်ဟောင်း အာဏာ ပြန်လုခြင်းကို မထောက်ခံခဲ့ချေ။
နိုင်ကော်၏ အမတ်ကြီး သုံးဦးအနက် ဒုတိယမြောက် ဖြစ်သော လက်ဝဲ ဒု-အမတ်ကြီး သည် ဧကရာဇ်ဟောင်း အာဏာ ပြန်လုခြင်းကို ထောက်ခံခဲ့သည်။
ဝန်ကြီးဌာန ခြောက်ခု၏ ဝန်ကြီးများအနက် စစ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် အရာရှိ ရွေးချယ်ခန့်ထားရေး ဝန်ကြီးဌာန ဝန်ကြီးတို့ နှစ်ဦးသည် ဧကရာဇ်ဟောင်း အာဏာ ပြန်လုခြင်းကို ထောက်ခံခဲ့ကြ၏။
သေချာပေါက် ဤအထဲတွင် အရေးကြီးသော ပုဂ္ဂိုလ် တစ်ဦး ပါဝင်နေသေး၏။ ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့ ပင်ဖြစ်သည်။
သူသည် လျှို့ဝှက်စွာဖြင့် ဧကရာဇ်ဟောင်းကို အများကြီး ထောက်ခံပေးခဲ့ပြီး ဧကရာဇ်ဟောင်း အတွက် ကိစ္စများစွာကို လုပ်ဆောင်ပေးခဲ့သော်လည်း ဤလူသိရှင်ကြား နေရာတွင်မူ ဒူးမထောက်ဘဲ ဧကရာဇ်ဟောင်း အာဏာ ပြန်လုခြင်းကို မထောက်ခံခဲ့ချေ။
အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ပျက်နေရသနည်း။ နန်ကုန်းချော့သည် ဧကရာဇ်မင်းမြတ်၏ အားကိုးရဆုံးသော လူယုံတော်တစ်ဦး ဖြစ်သည့်အပြင် ယခင်ကလည်း ဆရာတစ်ဦးတည်းထံ၌ သိုင်းပညာ အတူတကွ ဆည်းပူးခဲ့ဖူးသောကြောင့် ၎င်းတို့၏ ဆက်ဆံရေးမှာ အလွန်ပင် ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။
ယခုကဲ့သို့ ဖောက်ပြန်ပျက်ပြားသွားခြင်းမှာ ဤအကြောင်းပြချက် တစ်ခုတည်းကြောင့်လား။ သို့မဟုတ် ဤအရာထက်ပို၍ နက်ရှိုင်းလှသော နောက်ကွယ်မှ လျှို့ဝှက်ချက်များ ရှိနေသေး၍လားဟု တွေးတောစရာ ဖြစ်လာရ၏။
သို့သော်ငြားလည်း မျက်စိရှေ့မှောက်၌ အထင်အရှား မြင်တွေ့နေရသော မြင်ကွင်းတစ်ခုတည်းနှင့်တင် အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေပြီဖြစ်သည်။