အခန်း ၅၄၉
Vol. 47 Ch. 549
အပိုင်း (၅၄၉)
ယွင်ကျုံးဟဲ့ အိမ်သို့ ပြန်ရောက်ချိန်မှာတော့ ဝိုင်းရံထားသော ဟေးပင်းထိုင် စစ်သည်များ အားလုံး ပြန်လည် ဆုတ်ခွာသွားကြပြီ ဖြစ်သည်။
တစ်မိသားစုလုံး မျက်ရည်များဖြင့် ပြန်လည် ဆုံတွေ့ကြပြီး ဤကြီးမားသော အိပ်မက်ဆိုးကြီး နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
ဤမုန်တိုင်းကြီးကို နောက်ဆုံး၌ ကျော်လွှားနိုင်ခဲ့ပြီး သက်တံကို မြင်တွေ့ရပြီ ဖြစ်၏။ သို့ပေမည့် မည်သူကမှ ဝမ်းသာအားရ မအော်ဟစ်ကြတော့ချေ။ ညီမလေး အောက်နင်နင် ပင်လျှင် မျက်လုံးထဲတွင် အပြုံးလေးများသာ ရှိနေသည်။
မိခင်ဖြစ်သူသည် ပြောစရာ စကားများ ရှိနေသော်လည်း မျိုသိပ်ထားပုံ ရသည်။ သူမ ဘာပြောချင်သနည်း ဆိုသည်ကို ယွင်ကျုံးဟဲ့ သိရှိ၏။
သူမသည် မြို့တော်၏ ပြဿနာများနှင့် ဝေးကွာသော နေရာသို့ အပြီးအပိုင် ထွက်ခွာသွားချင်ပြီး နိုင်ငံရေး ကိစ္စများတွင် ထပ်မံ မပါဝင်တော့ဘဲ မိသားစုလိုက် အေးချမ်းစွာ နေထိုင်ချင်နေခြင်းပင် ဖြစ်သည်။
ဖခင် အောက်ရှင်း သည် အသံတစ်ချက်မျှ မထွက်သော်လည်း နေ့စဉ်နေ့တိုင်း သိုင်းပညာများ လေ့ကျင့်နေပြီး တစ်နေ့နေ့တွင် အသုံးဝင်လာမည့် အချိန်ကို စောင့်မျှော်နေသကဲ့သို့ ဖြစ်နေ၏။
မိသားစု ထမင်းစားပြီးနောက် အောက်ယွီ နှင့် ဖခင်ဖြစ်သူ လျှို့ဝှက်စွာ စကားပြောဆိုကြတော့သည်။
“ဧကရာဇ်ဟောင်းက အဖေ့ကို နုလန်ဟောက်ဘွဲ့ ပြန်ပေးချင်နေပါတယ်။ သူ့ရဲ့ မူလ ရည်ရွယ်ချက်ကတော့ ဖျောက်ချီ စစ်သူကြီးချုပ် ရာထူးကိုပါ ပြန်ပေးချင်တာပါ။ ဒါပေမဲ့ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေက အဖေ့ကို အရမ်းကြောက်ရွံ့နေကြလို့ မတတ်နိုင်ဘဲ ထားလိုက်ရတာပါ။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
အောက်ရှင်းသည် ရောဂါ ပျောက်ကင်းသွားပြီ ဖြစ်သော်လည်း ဆံပင်နှင့် မုတ်ဆိတ်များ အားလုံး ဖြူဖွေးသွားကာ ဆယ်နှစ်ခန့် ပိုမို အိုမင်းသွားသကဲ့သို့ပင် ဖြစ်နေသည်။
သူသည် သားဖြစ်သူကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်၏။ “သား.. အဖေ အရင်တည်းက ပြောခဲ့ပြီးပါပြီ။ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဘယ်လို ဘွဲ့အမည်၊ ဘယ်လို ရာထူးကိုမှ အဖေ ထပ်ပြီး လက်မခံတော့ပါဘူး။ သာမန်ပြည်သူ တစ်ယောက်အဖြစ် နေရတာ အရမ်းကောင်းပါတယ်။”
ယွင်ကျုံးဟဲ့သည် ယခုအခါ ဧကရာဇ်ဟောင်းက အာဏာ ပြန်လုပြီးပြီဖြစ်ကြောင်း၊ အဖေသည် သူ၏ အယုံကြည်ရဆုံး လူယုံတော် ဖြစ်ခဲ့ကြောင်း ပြောချင်ခဲ့သော်လည်း ဤစကားကို နောက်ဆုံးတွင် ထုတ်မပြောခဲ့ချေ။
အောက်ရှင်းက ဆက်ပြောလိုက်၏။ “အခု တောင်ပိုင်းကျိုးအင်ပါယာကသာ ငါ့အပေါ် အကြွေးတင်နေတာပါ။ ငါက တောင်ပိုင်းကျိုးအင်ပါယာအပေါ် ဘာအကြွေးမှ မရှိပါဘူး။ ဒါကြောင့် အနာဂတ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာရင်တောင် ငါဟာ ပုန်ကန်သူ တစ်ယောက် မဟုတ်တော့ပါဘူး။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့ အနည်းငယ် တုန်လှုပ်သွားတော့၏။ ဖခင်ဖြစ်သူသည် အပြင်ပန်းတွင် ရိုးသားဖြောင့်မတ်သူ တစ်ဦးကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင်မူ ကိစ္စအချို့ကို အလွန် ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိသည်။
နောက်တစ်နေ့ ညီလာခံ...
ဤသည်မှာ ဧကရာဇ်ဟောင်း အာဏာ ပြန်လုပြီးနောက် ပထမဆုံး နေ့ရက် ဖြစ်သည်။ ဧကရာဇ်ဟောင်းသည် အမြင့်ဆုံး ဧကရာဇ် ပလ္လင်ပေါ်တွင် ထိုင်နေပြီး ဧကရာဇ်ကတော့ ညာဘက် အောက်ခြေတွင် ထိုင်နေ၏။
ကောင်းကင်တွင် နေနှစ်စင်း မရှိသလို၊ ပြည်သူတွေမှာလည်း အရှင်သခင် နှစ်ယောက် မရှိဟု ဆိုကြသော်လည်း ယခုအခါ ညီလာခံတွင် ဧကရာဇ် နှစ်ပါး အမှန်တကယ် ထိုင်နေကြပြီ ဖြစ်သည်။
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး စိတ်နှလုံးများ တုန်ယင်နေကြပြီး အလွန် သတိထားနေကြကာ စကားတစ်ခွန်းမှပင် အမှား မပြောဝံ့ကြချေ။
သို့ပေမည့် မြို့တော်ရှိ ပြည်သူများမှာမူ အလွန် ဝမ်းသာပျော်ရွှင်နေကြပြီး သတင်းများကို တစ်ဦးနှင့် တစ်ဦး လက်ဆင့်ကမ်း ပြောဆိုနေကြသည်။
မည်သို့ပင်ဆိုစေ ယမန်နေ့က ကောင်းကင်ဘုံ၏ အပြစ်ပေးမှုသည် သူတို့အပေါ် အရင်က မရှိခဲ့ဖူးသော ရိုက်ခတ်မှုကို ဖြစ်စေခဲ့ပြီး ဧကရာဇ်ဟောင်းက ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ပေါ်လာမည်ကို ကြိုတင် ဟောကိန်းထုတ်နိုင်ခဲ့သည် မဟုတ်ပါလား။
ထို့အပြင် ကောင်းကင်ဘုံ၏ အပြစ်ပေးမှု အပြီးတွင် လေဖြတ်နေသော ဧကရာဇ်ဟောင်းသည် အမှန်တကယ်ပင် မတ်တတ်ရပ်နိုင်ခဲ့ပြီး လက်နှစ်ဖက်လည်း လှုပ်ရှားနိုင်လာခဲ့သည်။
‘ဒါက ကောင်းကင်ဘုံရဲ့ အလိုတော် မဟုတ်ရင် ဘာဖြစ်နိုင်အုံးမလဲ။ အခု တောင်ပိုင်းကျိုးအင်ပါယာဟာ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဧကရာဇ်ဟောင်းက တောင်ပိုင်းကျိုးကို ကယ်တင်ဖို့ ထွက်ပေါ်လာတာပဲ။’
“ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်... လျှောက်တင်စရာ ရှိရင် လျှောက်တင်ပါ။” မိန်းမစိုးအိုကြီး ဟောက်ချန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
ယွင်ကျုံးဟဲ့ ထွက်လာပြီး ပြောလိုက်သည်။ “ကျုပ်မှာ လျှောက်တင်စရာ ရှိပါတယ်။”
ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်၏။ “ပြော။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း... ကျုပ်ရဲ့အဖေက သူဟာ ဘာအကျိုးဆောင်မှုမှ မရှိလို့ ဆုချီးမြှင့်တာကို လက်မခံဝံ့ဘူး၊ နုလန်ဟောက်ဘွဲ့ကို လက်ခံရမှာ ရှက်ရွံ့မိတယ်လို့ ပြောပါတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “သူက တိုင်းပြည်အတွက် အကျိုးဆောင်ခဲ့တာပဲ။ မြောက်ဘက်ကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ အမှားအယွင်းတွေ ရှိခဲ့ရင်တောင် အပြစ်ပေးခံရပြီးပြီပဲလေ။ သူ့ကို အများကြီး မတွေးဖို့ ပြောလိုက်ပါ။ ပြီးတော့ သူက ကိုယ်တော့်ရဲ့ လူဟောင်းတစ်ယောက်ဖြစ်လို့ အားတဲ့အခါ နန်းတော်ကို လာပြီး ကိုယ်တော်နဲ့ စကားလာပြောဖို့ ပြောလိုက်ပါ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းရဲ့ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်အဖေရဲ့ အကျင့်စရိုက်ကို အရှင်လည်း သိပါတယ်။ အဲဒီတုန်းက သူ့ရဲ့ ဘွဲ့ကို ရုပ်သိမ်းလိုက်တဲ့ အချိန်မှာ သူက တစ်သက်လုံး ဘယ်ဘွဲ့ကိုမှ ထပ်မခံယူတော့ဘူးလို့ ပြောခဲ့ပါတယ်။”
ဤစကားမှာလည်း လျှို့ဝှက်စွာဖြင့် ဧကရာဇ်ကို ပြစ်တင်ဝေဖန်နေခြင်းပင် ဖြစ်၏။
ဧကရာဇ်ဟောင်းက သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။ “အဲဒီလိုဆိုရင်လည်း... ဒီ နုလန်ဟောက်ဘွဲ့ကို ဒီအတိုင်း ပျောက်ကွယ်သွားအောင် လုပ်လို့ မရဘူးလေ။ ကျိုးတော်ဝင်မိသားစုက အကျိုးဆောင် အမတ်တွေ အပေါ်မှာ ရက်စက်တယ်လို့ လောကက လူတွေ ထင်သွားအောင် လုပ်လို့ မရဘူး။ အမတ်ကြီး လျန်ချင်ဝမ်... ခင်ဗျား ဘယ်လိုလုပ်ရမယ်လို့ ထင်လဲ။”
ယခုအခါ မည်သူက တော်ဝင်တရားရုံး အကြီးအကဲ ဖြစ်သနည်း။ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတည်းသော အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော လျန်ချင်ဝမ် ပင်ဖြစ်သည်။ သူ၏ မျိုးရိုးမှာ အလွန် မြင့်မားသောကြောင့် ညီလာခံတွင် နေရာတစ်ခု ရရှိထားပြီး ဒူးထောက်စရာ မလိုချေ။
ဤ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော လျန်ချင်ဝမ်ကို တော်ဝင်တရားရုံး အကြီးအကဲအဖြစ် ခန့်အပ် လိုက်ခြင်းမှာ ကြီးမားသော အကျိုးကျေးဇူး ရှိသည်။
ဤ အဘိုးအိုသည် မျက်စိမှုန်နေသကဲ့သို့ ထင်ရသော်လည်း လက်တွေ့တွင်မူ စိတ်ထဲ၌ အလွန် ရှင်းလင်းနေပြီး ဘာကိုမှ မကြောက်ရွံ့တော့ချေ။ သူ ရှိနေခြင်းဖြင့် ဧကရာဇ်ဟောင်း နှင့် ဧကရာဇ်ကြားတွင် ကြားခံတစ်ခု ဖြစ်လာပြီး ဧကရာဇ်ဟောင်းကိုယ်တိုင် ထွက်၍ တိုက်ခိုက်ရန် မလိုအပ်တော့ချေ။
တော်ဝင်တရားရုံး အကြီးအကဲ အသစ်ဖြစ်သူ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော လျန်ချင်ဝမ်က ပြောလိုက်၏။ “ဒီကိစ္စက အရမ်း ရိုးရှင်းပါတယ်။ အောက်ယွီကိုပဲ ဆက်ခံခိုင်းလိုက်ပေါ့။”
ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “ဧကရာဇ်... မင်း ဘယ်လို ထင်လဲ။”
ဧကရာဇ်က ပြန်ပြောလိုက်၏။ “ဧကရာဇ်ဟောင်း သဘောအတိုင်းပါပဲ။”
ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်သည်။ “အဲဒါဆိုရင် အမိန့်တော် ရေးလိုက်.... အောက်ယွီကို နုလန်ဟောက်ဘွဲ့ ဆက်ခံစေ။ ချက်ချင်း အတည်ပြုတယ်။”
ယွင်ကျုံးဟဲ့ ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “ကျုပ်... ဧကရာဇ်ဟောင်းရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”
ထို့နောက် မိန်းမစိုးကြီး ဟောက်ကျန့်သည် အဝတ်အစား အသစ်များကို ယူဆောင်လာပြီး အောက်ယွီအား ဩဇာတိက္ကမ ရှိသော နုလန်ဟောက် ဝတ်ရုံကို ဝတ်ဆင်ပေးလိုက်တော့သည်။
ထို့ကြောင့် ယခုအခါ ယွင်ကျုံးဟဲ့သည် နိုင်ကော်၏ ယွမ်ဝိုက်လန် သာမက နုလန်ဟောက်ဘွဲ့ကိုပါ ပူးတွဲ ရရှိသွားပြီဖြစ်ရာ တစ်ဟုန်ထိုး ရာထူးတက်သွားပြီဟု ဆိုရမှာဖြစ်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အောက်မင်၏ ခေါင်းပေါ်သို့ ရောက်ရှိသွားတော့၏။
ထို့နောက် တော်ဝင်တရားရုံး အကြီးအကဲ လျန်ချင်ဝမ်က ထပ်ပြောလိုက်သည်။ “အရှင်မင်းမြတ် နှစ်ပါး... ကျုပ်မှာ နောက်ထပ်ကိစ္စတစ်ခု ရှိပါသေးတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “တော်ဝင်တရားရုံး အကြီးအကဲ ပြောပါ။”
လျန်ချင်ဝမ်က ပြောလိုက်သည်။ “စီးပြန်းက ပုန်ကန်သွားပြီဆိုတော့ မင်းသမီး ရှန်ရှန်းနဲ့ စီးကွမ် တို့ရဲ့ အိမ်ထောင်ရေးဟာ သေချာပေါက် ပျက်ပြယ်သွားရမှာပေါ့။ ပြီးတော့ စီးကွမ်လည်း သေသွားပြီဆိုတော့ ရှန်ရှန်း အတွက် နောက်ထပ် အိမ်ထောင်ဖက် တစ်ယောက် ရှာပေးဖို့ လိုအပ်လာပါပြီ။”
ဧကရာဇ်ဟောင်းက ပြုံးလျက် ပြောလိုက်၏။ “အရည်အချင်း ရှိသူက ပိုပြီး အလုပ် လုပ်ရတာပေါ့။ ခင်ဗျားက တော်ဝင်တရားရုံး အကြီးအကဲလည်း ဖြစ်သလို ကျုပ်တို့ တောင်ပိုင်းကျိုး တော်ဝင်မိသားစုရဲ့ ဘိုးဘိုးကြီးလည်း ဖြစ်နေတော့ ဒီကိစ္စကို ခင်ဗျားပဲ ကိုယ်စား လုပ်ပေးလိုက်ပါတော့။”
လျန်ချင်ဝမ်က ပြောလိုက်သည်။ “နုလန်ဟောက် အောက်ယွီဟာ ပါရမီရှိပြီး စိတ်ထားလည်း ကောင်းမွန်တဲ့အတွက် အလိုက်ဖက်ဆုံး သူတစ်ယောက်လို့ ကျုပ် ထင်ပါတယ်။”
ဧကရာဇ်ဟောင်းက ပြုံးလျက် ပြောလိုက်၏။ “နုလန်ဟောက်... တော်ဝင်တရားရုံး အကြီးအကဲက ခင်ဗျားကို နေရာပေးနေပြီနော်။ ခင်ဗျား ဘယ်လို ထင်လဲ။”
ယွင်ကျုံးဟဲ့ ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “ကျုပ်က မင်းသမီး ရှန်ရှန်းကို အရမ်းကြည်ညို လေးစားပါတယ်။ ဒါပေမဲ့ မထိုက်တန်မှာကို စိုးရိမ်မိပါတယ်။”
ဧကရာဇ်ဟောင်းက ထပ်မေးလိုက်၏။ “ဧကရာဇ်... ငါ မှတ်မိသလောက် ရှန်ရှန်း နဲ့ အောက်ယွီ တို့ဟာ အရင်က တွေ့ဖူးကြပြီး အပြန်အလှန် သဘောကျခဲ့ကြတယ် မဟုတ်လား။ ခင်ဗျား ဘယ်လို ထင်လဲ။”
ဧကရာဇ်က ပြန်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်း သဘောအတိုင်းပါပဲ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အဲဒါဆိုရင် ဒီကိစ္စကို သတ်မှတ်လိုက်ပြီ။ အောက်ယွီ နဲ့ မင်းသမီး ရှန်ရှန်းကို လက်ထပ်ပေးလိုက်တယ်။ အချိန်ကောင်း နေ့ကောင်း ရွေးပြီး အမြန်ဆုံး မင်္ဂလာဆောင် ပေးလိုက်ပါ။”
ယွင်ကျုံးဟဲ့ ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “ကျုပ် ဧကရာဇ်ဟောင်းရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”
ဤ အသေးအဖွဲကိစ္စ နှစ်ခု ပြီးဆုံးသွားပြီဖြစ်ရာ နောက်ဆက်တွဲ အနေဖြင့် အရေးကြီးသော ကိစ္စများကို ဆွေးနွေးရတော့မှာဖြစ်၏။
ပထမဆုံး အရေးကြီးသောကိစ္စမှာ ကျိန့်ဟိုင်မြို့စား စီးပြန်းကို နှိမ်နင်းသင့်သလား၊ သို့မဟုတ် ငြိမ်းချမ်းရေး ယူသင့်သလား ဆိုသည်ပင် ဖြစ်သည်။
ဒုတိယ အရေးကြီးသောကိစ္စမှာ လန်ကျိုး ပြန်လည် တည်ဆောက်ရေး ဖြစ်သည်။ ဒုက္ခသည် သန်းချီကို အမြဲတမ်း အိမ်ရာမဲ့ ဖြစ်နေအောင် ထား၍ မရနိုင်ချေ။ အိမ်များ ပြန်လည် တည်ဆောက်ပေးရမှာဖြစ်၏။
ထို့အပြင် ချန်လန်မြစ်၏ မိုင်ရာချီ ရှည်လျားသော တာတမံကိုလည်း ငွေမရှိသောကြောင့် ပြန်လည် တည်ဆောက်ခြင်းကို ယာယီ ရပ်နားထားရ၏။ ဤကိစ္စ နှစ်ခုစလုံးကို အဆုံးအထိ ဆွေးနွေးကြည့်မည်ဆိုပါက ငွေမရှိခြင်း၏ ပြဿနာ ဖြစ်သည်။
ပထမဆုံးကိစ္စအတွက် ညီလာခံတွင် အလွန် ပြင်းထန်သော အချေအတင် ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ တစ်ဖက်ကမူ ကျိန့်ဟိုင်မြို့စား စီးပြန်းသည် ရူးသွပ်မိုက်မဲလွန်းပြီး ကျန်းကျိုး ဆိပ်ကမ်းကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ကာ တိုင်းတစ်ပါးကုန်သွယ်ရေးရုံး၊ ဆားကုန်သွယ်ရေးရုံး၊ ကျန်းကျိုး ရေတပ်နှင့် သက်ဆိုင်ရာ အရာရှိများကို သတ်ဖြတ်ခဲ့သောကြောင့် လူသောင်းချီ သေဆုံးခဲ့ရကြောင်း၊ ဤကဲ့သို့သော လုပ်ရပ်မှာ အလွန်ကြီးမားသော ပြစ်မှု ဖြစ်ပြီး ခွင့်လွှတ်၍ မရနိုင်သောကြောင့် နှိမ်နင်းသင့်ကြောင်း ယူဆကြ၏။
အခြား တစ်ဖက်ကမူ ကျိန့်ဟိုင်မြို့စား စီးပြန်းသည် သားဖြစ်သူ အသတ်ခံရသောကြောင့် ရုတ်တရက် စိတ်လွတ်သွားခြင်းသာ ဖြစ်ကြောင်း၊ တောင်ပိုင်းကျိုးအင်ပါယာ၏ ရေတပ်သည် အသက်အန္တရာယ် ရှိလောက်သော တိုက်ခိုက်မှု နှစ်ကြိမ် ခံခဲ့ရသောကြောင့် ယခုအခါ လေးပုံတစ်ပုံမျှသာ ကျန်ရှိတော့ကြောင်း၊ ဤကဲ့သို့သော ရေတပ် အင်အားမှာ ကျိန့်ဟိုင်မြို့စား စီးပြန်း၏ ဆယ်ပုံတစ်ပုံမျှပင် မရှိသောကြောင့် နှိမ်နင်းနိုင်မည် မဟုတ်ဟု ယူဆကြသည်။
ကုန်းမြေပေါ်ရှိ စစ်တပ်များဖြင့် ကျိန့်ဟိုင်မြို့စား စီးပြန်းကို အနိုင်ယူရန်မှာ သိပ်မခက်ခဲလှသော်လည်း ကျိန့်ဟိုင် မြို့စား၏ အဓိက အင်အားမှာ ပင်လယ်ပြင် ရေတပ်တွင် ရှိနေပြီး နန်းတွင်း ရေတပ်သည် ကျိန့်ဟိုင်မြို့စားကို လုံးဝ မယှဉ်နိုင်သောကြောင့် စစ်ပွဲ စတင်သည်နှင့် တပြိုင်နက် တောင်ပိုင်းကျိုး၏ မိုင်သောင်းချီကျယ်ဝန်းသော ပင်လယ်ပြင်သည် အမြဲတမ်း ငြိမ်းချမ်းတော့မည် မဟုတ်ချေ။
ထို့အပြင် စစ်ပွဲ စတင်ပါက တာယင်အင်ပါယာက အခွင့်ကောင်းယူ၍ ဝင်ရောက်လာမည်ဆိုလျှင် အင်ပါယာသည် တောင်နှင့် မြောက်ညှပ်၍ တိုက်ခိုက်ခံရမည်ဖြစ်ပြီး ပို၍ပင် အန္တရာယ် များသွားမှာဖြစ်သည်။
ယခုအခါ ဤအခြေအနေကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့နေကြပြီ ဖြစ်သည်။ ထွက်တိုက်ရန် ထောက်ခံသူများသည် ဧကရာဇ်ဟောင်း၏ အင်အားစုများ ဖြစ်ကြပြီး ကျိန့်ဟိုင်မြို့စား စီးပြန်းနှင့် ငြိမ်းချမ်းရေး ယူရန် ထောက်ခံသူများ သည် ဧကရာဇ်၏ အင်အားစုများ ဖြစ်ကြ၏။
သို့ပေမည့် ယခုအချိန်အထိ ညီလာခံတွင် အချေအတင် ဆွေးနွေးနေကြသူများမှာ အလယ်အလတ် အဆင့်ရှိ အရာရှိများသာ ဖြစ်ပြီး အဆင့်မြင့် အရာရှိကြီးများမှာမူ ဘာမှ မပြောကြသေးချေ။
ထို့ကြောင့် နာရီအတော်ကြာအောင် ဆွေးနွေးခဲ့သော်လည်း ရလဒ် မထွက်ပေါ်လာသောကြောင့် ညီလာခံကို ရပ်နားရန်သာ ကြေညာလိုက်ရသည်။
ဧကရာဇ်ဟောင်း အာဏာ ပြန်လုပြီး ပထမဆုံး နေ့ရက်သည် ဤသို့ပင်ကုန်ဆုံးသွားခဲ့၏။
………………