အခန်း ၅၅၀
Vol. 47 Ch. 550
အပိုင်း (၅၅၀)
ချန်အန်းနန်းဆောင် အတွင်း၌ အောက်ယွီ သည် ဧကရာဇ်ဟောင်းကို ထမင်းစားရန် အဖော်ပြုပေးနေသည်။
“အရင်တုန်းက ရှန်ချင်းနန်းဆောင် အသေးလေးထဲမှာ အကျယ်ချုပ် ချခံထားရတုန်းက နေ့တိုင်း အတင်းအကျပ် ခွံ့ကျွေးခံခဲ့ရလို့ အဲဒါက လုံးဝ အကျိုးမရှိဘူးလို့တော့ မဆိုနိုင်ပါဘူး။ အနည်းဆုံးတော့ ငါ့ရဲ့ အစာအိမ်ကို ကျယ်သွားစေခဲ့လို့ အခုလည်း ပိုစားနိုင်သွားတာပေါ့။”
ဧကရာဇ်ဟောင်းက ပြုံးလျက် ပြောလိုက်၏။ “အောက်ယွီ... မင်း ငါ့ကို ဂရုစိုက်မနေနဲ့။ မင်းဘာသာမင်း စား။”
ယွင်ကျုံးဟဲ့လည်း ဧကရာဇ်ဟောင်းကို ဂရုမစိုက်တော့ဘဲ အားပါးတရ စားသောက်လိုက်ပြီး စားချင်ရာ စားလိုက်တော့၏။ စားပြီးသွားချိန်မှာတော့ လူနှစ်ဦး လက်ဖက်ရည် သောက်ကာ စကားစမြည် ပြောနေကြသည်။
“ဧကရာဇ်ဟောင်း... အရှင့်ရဲ့ ခြေထောက်တွေ အခု ဘယ်လိုနေလဲ။ အရင်တုန်းက ခံစားမှု ရှိနေပြီ မဟုတ်လား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်သည်။ “ခံစားမှုကတော့ နည်းနည်း ရှိလာပါပြီ။ ဒါပေမဲ့ မတ်တတ်ရပ်နိုင်တာက အမြင့်ဆုံး အခြေအနေပါပဲ။ ဒီဘဝမှာ လမ်းလျှောက်နိုင်ဖို့ ဆိုတာကတော့ မဖြစ်နိုင်တော့ပါဘူး။ ခါးအထက်ပိုင်း လှုပ်ရှားလို့ ရတာကိုပဲ ငါ အရမ်းကို ကျေးဇူးတင်နေပါပြီ။ မင်းကြည့်စမ်း... ငါ အခု ဘယ်လောက်တောင် နုပျိုသွားပြီလဲ။ ဒါတွေ အားလုံးက မင်းရဲ့ကျေးဇူးတွေပါ။ မဟုတ်ဘူး... မင်းရဲ့ အကြွေးတွေပါ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “မဟုတ်ပါဘူး။ ဒါတွေ အားလုံးက ဧကရာဇ်ဟောင်းရဲ့ ကံကြမ္မာပါပဲ။”
“ဟား... ဟား...ဟား...”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ပြောတာကောင်းတယ်... ပြောတာကောင်းတယ်။ ဒါက ငါတို့ အဘိုးနဲ့ မြေးရဲ့ ရေစက်ပါပဲ။”
ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်၏။ “အောက်ယွီ... လေဖြတ်နေရတဲ့ ရှစ်နှစ် ဆိုတာ ဘယ်လို ခံစားချက် မျိုးလဲ ဆိုတာကို မင်း စိတ်ကူးယဉ်လို့တောင် ရမှာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ အရေးကိစ္စတွေအတွက် စိုးရိမ်ပူပန်နေရတာ မဟုတ်ရင် တကယ်ကို သေတာကမှ ပိုကောင်းပါသေးတယ်။
အရင်တုန်းက လည်ပင်းအောက်ပိုင်း ဘာမှ ခံစားမှု မရှိဘဲ ဘဝကို ကိုယ်တိုင် မဖြတ်သန်းနိုင်ခဲ့ဘူး။ အခုတော့ လက်နှစ်ဖက် လှုပ်ရှားလို့ ရလာပြီ၊ ခြေထောက်နှစ်ဖက်လည်း ခံစားမှု နည်းနည်း ရှိလာပြီ ဆိုတော့ ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေရရင်တောင် အရမ်းကို ဇိမ်ကျနေပါပြီ။”
ထို့နောက် ဧကရာဇ်ဟောင်းက ပြုံးလျက် ပြောလိုက်သည်။ “ချုံထျန်း ဘုန်းကြီး... ဒီနှစ်တွေ အတွင်းမှာ ခင်ဗျား တကယ် ပင်ပန်းခဲ့ပါတယ်။ ခင်ဗျားကိုလည်း အရမ်း ရွံစရာကောင်းအောင် လုပ်မိပြီ။”
တာအို ဘုန်းကြီး ချုံထျန်းက ပြန်ပြောလိုက်၏။ “ဘာမှ မဖြစ်ပါဘူး... ဘာမှ မဖြစ်ပါဘူး။”
“ဟား... ဟား......”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “မင်း စကား သိပ်မပြောတတ်တာကို ကြည့်ရတာ တကယ်ပဲ ရွံစရာ ကောင်းခဲ့တယ် ဆိုတာ သေချာပါတယ်။ တစ်ကိုယ်လုံး လေဖြတ်နေတဲ့ လူတစ်ယောက်ကို ပြုစုပေးရတာ၊ မစင်တွေ၊ သေးတွေ သိမ်းပေးရတာ ခင်ဗျား မရွံရင်တောင် ငါကိုယ်တိုင် ရွံပါတယ်။”
တာအို ဘုန်းကြီး ချုံထျန်းက ပြန်ပြောလိုက်၏။ “ဘာမှ မဖြစ်ပါဘူး။ အနည်းဆုံးတော့ အခု မလိုတော့ဘူးလေ။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “လူတွေကတော့ ချုံထျန်း ဘုန်းကြီးက ငါ့ဘေးနားမှာ ရှိနေတာ သေချာပေါက် တရားကျင့်ဖို့၊ နတ်ပြည် တက်ဖို့လို့ ထင်နေကြတာ။ မထင်မှတ်ဘဲ ဒီလို ညစ်ပတ်တဲ့ အလုပ်တွေ လုပ်နေရတယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး။”
တာအို ဘုန်းကြီး ချုံထျန်းက ပြန်ပြောလိုက်၏။ “ဘုန်းကြီးလည်း တစ်ခါတလေ ကျမ်းစာ ဖတ်ပါတယ်ဗျာ။”
ဤတာအိုဘုန်းကြီး ချုံထျန်းသည် အေးစက်စက် အမူအရာဖြင့် ဟာသဉာဏ် ရှိသူတစ်ဦး ဖြစ်ကြောင်းကို ယွင်ကျုံးဟဲ့တစ်ယောက် သဘောပေါက်သွားမိတော့သည်။
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အောက်ယွီ... ငါတို့ အခု အနိုင်ရသွားပြီ ဆိုပေမယ့် တိုက်ပွဲ အသစ်တွေက ပြန်စတင်နေပြန်ပြီ။ မင်း ဘယ်လိုလုပ်ရမယ်လို့ ထင်လဲ။ ကျိန့်ဟိုင်မြို့စား စီးပြန်းကို အရင် နှိမ်နင်းရမလား၊ ဒါမှမဟုတ် နန်းတွင်းထဲက ရန်သူတွေကို အရင် ရှင်းလင်းရမလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ပြည်ပရန်ကို မနှိမ်နင်းခင် ပြည်တွင်းရန်ကို အရင် ရှင်းရပါမယ်။ နှစ်ခုလုံးကို တပြိုင်နက်တည်း လုပ်ဆောင်လို့ ရပါတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ပြောကြည့်ပါ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “ဧကရာဇ်ဟောင်းဟာ အာဏာ ပြန်လုတာ အောင်မြင်သွားပေမယ့် အမတ် သုံးပုံနှစ်ပုံက ဧကရာဇ်ကို ထောက်ခံနေဆဲပါ။ ဘာလို့လဲဆိုတော့ သူတို့က ဧကရာဇ်ဟောင်းဟာ အသက် ကြီးနေပြီ၊ ဧကရာဇ်က ငယ်ရွယ်သေးတယ်၊ ပြီးတော့ သူက လောလောဆယ် အစားထိုးလို့ မရဘူးလို့ ထင်နေကြလို့ပါ။
ဒါကြောင့် တစ်ခါတည်းနဲ့ အပြီးအပြတ် ရှင်းလင်းချင်ရင် အရင်ဆုံး ဧကရာဇ်ရဲ့ နေရာကို လုံးဝ ဖယ်ရှားပစ်ရပါမယ်။ သူ ဧကရာဇ် နေရာမှာ ရှိနေသရွေ့ အချိန်မရွေး ပြန်လည် တိုက်ခိုက်လာနိုင်ပါတယ်။”
ဧကရာဇ်ဟောင်း သည် လက်ဖက်ရည်ခွက်ကို ကိုင်မြှောက်ကာ ပြောလိုက်၏။ “ဒါပေမဲ့ အခုချိန်မှာ ငါ သူ့ကို ဖယ်ရှားလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ နန်းတွင်းက အမတ် သုံးပုံနှစ်ပုံက သူ့ဘက်မှာ ရှိနေသလို နန်းတွင်းရဲ့ စစ်တပ် အများစုကိုလည်း သူက ချုပ်ကိုင်ထားလို့ပဲ။
ဒါကြောင့် သူက မင်းအဖေရဲ့ စစ်အာဏာကို စောစောစီးစီး ရုပ်သိမ်းခဲ့ပြီး သူ့ရဲ့ ဩဇာတိက္ကမတွေကို တစ်ဆင့်ပြီး တစ်ဆင့် ဖျက်ဆီးပစ်ခဲ့တာ။ အဲဒါက ငါ့ကို အစောတည်းက ကြောက်ရွံ့နေခဲ့တယ် ဆိုတာကို ပြသနေတာပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ အခု အနောက်ဘက် နယ်စပ်ရဲ့ စစ်အာဏာက အောက်မင်ရဲ့ အဖေ အောက်တုန်းရဲ့ လက်ထဲမှာ ရှိနေတယ်။ တောင်ပိုင်းရဲ့ စစ်တပ်တွေက ဖူယန်ထူနဲ့ ဒုတိယမင်းသား ကျိုးကျီ တို့ရဲ့ လက်ထဲမှာ ရှိနေတယ်။ မြောက်ဘက် ကျင်းကျိုးကာကွယ်ရေး မျဉ်းက စစ်တပ်တွေကိုတော့ ဘယ်သူမှ မလှုပ်ရှားရဲဘူး၊ သွားမလုရဲဘူး။”
လက်ရှိအချိန်တွင် တောင်ပိုင်းကျိုးအင်ပါယာ၌ စစ်သည်အင်အား တစ်သန်းကျော် ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနက် ထက်ဝက်ခန့်မှာ တာယင်အင်ပါယာ၏ အန္တရာယ်မှ ကာကွယ်ရန်အတွက် မိုင်ရာချီ ရှည်လျားလှသော မြောက်ဘက်ကျင်းကျိုး ကာကွယ်ရေး စစ်မျက်နှာတွင် တပ်စွဲထားကြ၏။
ကျင်းကျိုးစစ်မျက်နှာရှိ စစ်သည်များကို မည်သည့်အကြောင်းနှင့်မှ လှုပ်ရှားခြင်း မပြုရန်နှင့် စစ်အာဏာ လုယူစွက်ဖက်ခြင်း မရှိစေရန် ဧကရာဇ်နှစ်ပါးလုံးက အပြန်အလှန် နားလည်သဘောပေါက်ထားကြသည်။
ထိုသို့မဟုတ်ဘဲ ကျင်းကျိုးတပ်တော် တုန်လှုပ်ချောက်ချားသွားပါက တောင်ပိုင်းကျိုးအင်ပါယာတစ်ခုလုံး ဒုက္ခတွင်းသို့ သက်ဆင်းရလိမ့်မည်ကို ကောင်းစွာသိမြင်ကြသောကြောင့် ဖြစ်သည်။ ကျန်ရှိနေသော စစ်တပ်များကိုမူ မြို့တော်၊ အနောက်ဘက်နယ်စပ်၊ တောင်ပိုင်းဒေသနှင့် လန်ကျိုးပြည်နယ်တို့တွင် စနစ်တကျ ခွဲဝေချထားခဲ့၏။
ဧကရာဇ်ဟောင်း ထိန်းချုပ်ထားနိုင်သော စစ်အင်အားမှာ မြို့တော်တွင် အနည်းငယ်နှင့် လန်ကျိုးပြည်နယ်တွင် စစ်သည်အင်အား သောင်းဂဏန်းခန့်သာ ရှိတော့ပြီး ကျန်ရှိသည့် စစ်တပ်အားလုံးမှာ လက်ရှိဧကရာဇ်ကိုသာ သစ္စာခံ ထောက်ခံကြသည်။
ထိုစဉ်က ဧကရာဇ်မင်းမြတ်သည် နန်းတက်ပြီးသည်နှင့်တပြိုင်နက် အောက်ရှင်း၏ စစ်အာဏာကို ရုပ်သိမ်းခဲ့ပြီး မိမိ၏ ယုံကြည်စိတ်ချရသော လူယုံတော်များကို အစားထိုးခန့်အပ်ခဲ့သောကြောင့် တစ်နိုင်ငံလုံး၏ စစ်အာဏာကို အလုံးစုံ ချုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်၏။
သို့ဖြစ်ရာ အိမ်ရှေ့စံမင်းသား ကျိုးလီ အနေဖြင့် ယခုအကြိမ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများကို အကြောင်းပြနိုင်ခဲ့မှသာ လန်ကျိုးပြည်နယ်ရှိ စစ်အာဏာအချို့ကို အနည်းငယ်မျှ ပြန်လည်လုယူ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျိန့်ဟိုင်မြို့စား စီးပြန်းရဲ့ ပုန်ကန်မှုနဲ့ပတ်သက်ပြီး ဧကရာဇ်က ငြိမ်းချမ်းရေး ယူချင်ပြီး ကျုပ်တို့က စစ်တိုက်ချင်ကြတယ်။ ဒါပေမဲ့ စီးပြန်းကို နှိမ်နင်းဖို့ မြေပြင် စစ်တပ်တွေကို အားကိုးလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ တောင်ပိုင်းရဲ့ စစ်တပ်တွေက ဖူယန်ထူနဲ့ ဒုတိယမင်းသားတို့ရဲ့ လက်ထဲမှာ ရှိနေလို့ပါ။ ပင်လယ်ပြင်မှာ ကျိန့်ဟိုင်မြို့စားရဲ့ အဓိက ရေတပ်အင်အားကို ဖျက်ဆီးပစ်နိုင်မှသာ ဒီ ပုန်ကန်မှုကို အောင်မြင်စွာ နှိမ်နင်းနိုင်မှာပါ။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ စီးပြန်းရဲ့ ရေတပ် အင်အားက ငါတို့ထက် ဆယ်ဆလောက် သာလွန်ပါတယ်။ သူ့ရဲ့ ရေတပ်ကို အနိုင်ယူဖို့ဆိုတာ ကောင်းကင်ဘုံကို တက်ရတာထက် ပိုခက်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါကြောင့် အကယ်၍ ကျုပ်တို့က စီးပြန်းကို နှိမ်နင်းတဲ့ စစ်ပွဲမှာ ရှုံးနိမ့်သွားရင် ဧကရာဇ်က ရူးရူးမူးမူး ပြန်လည် တိုက်ခိုက်လာပါလိမ့်မယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ပြန်လည် တိုက်ခိုက်တာလောက်တင် မကပါဘူး။ အကယ်၍ စစ်ရှုံးသွားရင် ငါက နန်းတော်ထဲမှာ ထာဝရ အကျဉ်းချခံရတော့မှာပါ။ ငါ့နောက်ကိုလိုက်တဲ့ သူတွေ အားလုံးလည်း ဒုက္ခရောက်ကြမှာပါ။ အနည်းဆုံး မိုင်ထောင်ချီ အဝေးကို နယ်နှင်ဒဏ် ပေးခံရမှာ ဖြစ်ပြီး အဆိုးဆုံး ဆိုရင်တော့ မျိုးဆက် အားလုံး သတ်ဖြတ်ခံရမှာပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါကြောင့် ကျိန့်ဟိုင်မြို့စား စီးပြန်းနဲ့ ဖြစ်မယ့် ရေတပ်တိုက်ပွဲဟာ ဧကရာဇ်ဟောင်းရဲ့ကံကြမ္မာ၊ အိမ်ရှေ့စံမင်းသား ကျိုးလီရဲ့ကံကြမ္မာနဲ့ ကျုပ်တို့ တစ်မိသားစုလုံးရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးမှာပါ။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “မင်း ဆက်ပြောပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါပေမဲ့ ကျုပ်တို့က အလုပ်နှစ်ခုကို တပြိုင်နက်တည်း လုပ်ဆောင်လို့ ရပါတယ်။ ဧကရာဇ်က သူ့ကိုယ်သူ အစားထိုးလို့ မရဘူးလို့ ထင်နေလို့ မကြောက်မရွံ့ ဖြစ်နေတာလေ။ ဧကရာဇ်ဟောင်း အနေနဲ့ သူ့ကို ချက်ချင်း ဖယ်ရှားဖို့ ခက်ခဲနေတယ် မဟုတ်လား။ ဒါဆိုရင် သူ့ရဲ့ ဩဇာတိက္ကမကို ထိခိုက်အောင် လုပ်ပြီး သူ့ရဲ့ အတောင်ပံတွေကို ဖြတ်တောက်လိုက်တာပေါ့။”
“အင်း...”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “စီးပြန်းရဲ့ ပုန်ကန်မှုနဲ့ ပတ်သက်ပြီး ဧကရာဇ်က ငြိမ်းချမ်းရေး ယူချင်ပြီး ကျုပ်တို့က စစ်တိုက်ချင်ကြတယ်။ ဒါပေမဲ့ ဧကရာဇ်က ကျုပ်တို့ စစ်တိုက်ချင်တဲ့ လှိုင်းလုံးကြီးကို တားဆီးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ကျုပ်တို့ စစ်ရှုံးဖို့ မျှော်လင့်နေပြီး ကျုပ်တို့ကို လုံးဝ ရှင်းလင်းပစ်ဖို့ စောင့်နေလို့ပါ။ ကျုပ်တို့ စစ်မတိုက်ရင် ဘယ်လိုလုပ် စစ်ရှုံးနိုင်မှာလဲ။
ဒါကြောင့် ဒီကာလအတွင်းမှာ ကျုပ်တို့ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါစေ ဧကရာဇ်က အံကြိတ်ပြီး သည်းခံနေမှာပါ။ ဒါကြောင့် ကျုပ်တို့က ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို ရူးရူးမူးမူး တိုက်ခိုက်ကာ နာမည်ဂုဏ်သတင်းတွေ ဆက်လက် ပျက်စီးသွားအောင် လုပ်ရမယ်။ သူ့ရဲ့ အတောင်ပံတွေကို ဖြတ်တောက် ပြီးသွားရင် အနာဂတ်ရဲ့ အရေးကြီးတဲ့ အချိန်မှာ သူ့ရဲ့ ဧကရာဇ် နေရာကို လုံးဝ ဖယ်ရှားပစ်လို့ ရပါပြီ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အဲဒါအတွက် ကြိုတင်ပြုလုပ်ရမယ့် အခြေအနေ တစ်ခု လိုအပ်ပါတယ်။ ကျိုးလီကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ဖို့ပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဒါက အရေးကြီးတဲ့ ခြေလှမ်း တစ်ခုပါ။ မင်းသား ကျိုးလီရဲ့ နာမည်ဂုဏ်သတင်းဟာ အခုချိန်မှာ ကြီးမားနေပေမယ့် မလုံလောက်သေးပါဘူး။ သူက ကြီးမားပြီး ခမ်းနားတဲ့ အောင်ပွဲ တစ်ခု လိုအပ်နေပါသေးတယ်။ လောက က ပြည်သူ သန်းချီကို သူဟာ ထီးနန်းကို ဆက်ခံနိုင်တယ် ဆိုတာ မြင်တွေ့စေဖို့ပါ။
အဲဒီလိုဆိုရင် ဧကရာဇ်ဟာ အစားထိုးလို့ မရတဲ့သူ မဟုတ်တော့ဘဲ မင်းသား ကျိုးလီက သူ့နေရာကို လုံးဝ အစားထိုးနိုင်သွားပြီ ဆိုတာကို သိသွားပါလိမ့်မယ်။ အဲဒီအချိန်ကျမှသာ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေဟာ ဧကရာဇ်ကို တကယ် စွန့်ခွာသွားကြမှာပါ။”
ဧကရာဇ်ဟောင်းက မေးလိုက်၏။ “ဒါဆို အခုလောလောဆယ် မင်း ဧကရာဇ်ကို ဘယ်လို တိုက်ခိုက်မလဲ။ သူ့ရဲ့ အတောင်ပံတွေကို ဘယ်လို ဖြတ်တောက်မလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မိဖုရားကြီးကို ဖယ်ရှားပြီး မိဖုရားကြီးရဲ့မိသားစု မျိုးဆက်အားလုံးကို သတ်ပစ်ဖို့ပါ။”
ဧကရာဇ်ဟောင်း မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး မိဖုရားကြီး၏ လုပ်ရပ်များကို ပြန်လည် စဉ်းစားမိ သွားကာ သူ့လို ဧကရာဇ်ဟောင်း တစ်ပါးအတွက် ကြီးမားသော အရှက်တကွဲ ကိစ္စကြီးတစ်ခု ဖြစ်ခဲ့ကြောင်း သတိရသွားတော့၏။
သူသည် ရှန်ချင်းနန်းဆောင်ငယ်အတွင်း၌ အကျယ်ချုပ် ကျခံနေရစဉ်က မိဖုရားကြီးသည် ချွေးမတစ်ဦး ဖြစ်လင့်ကစား အလွန်ပင် ရိုင်းစိုင်းစော်ကားခဲ့သည်။
ဧကရာဇ်ဟောင်းက ဘီးတပ်ကုလားထိုင်ပေါ်မှ ထရပ်ကာ အချုပ်အခြာအာဏာကို တရားဝင် ပြန်လည်သိမ်းပိုက် ခဲ့သည့်ည၌မူ မိဖုရားကြီးသည် ပိုမိုမောက်မာရိုင်းစိုင်းလာပြီး ဧကရာဇ်ဟောင်းအား အသက်ကြီး၍ မိုက်မဲနေသူဟု လူသိရှင်ကြား စွပ်စွဲပုတ်ခတ်ခဲ့၏။
ထို့အပြင် ခန္ဓာကိုယ်တစ်ခြမ်း သေနေသည့် အသုံးမကျသောသူ ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ယခုကဲ့သို့ ပြဿနာရှာနေရသနည်း ဟုလည်း အကြိမ်ကြိမ် ပြောခဲ့ဖူးသည်။
စင်စစ် ယွင်ကျုံးဟဲ့သည် မိဖုရားကြီးအပေါ် အရိုးတွင်းထိ နာကျည်းမုန်းတီးနေခြင်း ဖြစ်သည်။ ထိုစဉ်က သူနှင့် မင်းသမီး ရှန်ရှန်းတို့ တွေ့ဆုံပွဲပြုလုပ်စဉ် မင်းသမီးက အောက်ယွီကို သဘောကျနှစ်သက်သွားသည်နှင့် မိဖုရားကြီးသည် ချက်ချင်း မျက်နှာပျက်သွားခဲ့၏။
ထို့နောက် နတ်ဆိုးနှင်ထုတ်မည် ဟူသော အကြောင်းပြချက်ဖြင့် မင်းသမီး ရှန်ရှန်းကို အကျယ်ချုပ်ချခဲ့သည့်အပြင် အောက်ယွီကိုပါ မိန်းမစိုးအဖြစ် အတင်းအကျပ် ပြုလုပ်ရန် ကြံစည်ခဲ့သည်။
ထိုတင်မကသေးချေ။ ထိုအဖြစ်အပျက် နောက်ပိုင်းတွင်လည်း တာ့ဖာရှန့်ကျွင်း ဘုရားကျောင်း၌ အောက်ယွီနှင့် စုတိုက်တို့ ဖောက်ပြန်နေကြသည်ဟု မဟုတ်မမှန် စွပ်စွဲကာ ယွင်ကျုံးဟဲ့အား အသက်ဘေးအန္တရာယ် ကြုံတွေ့ရသည်အထိ ဒုက္ခပေးခဲ့သည့် နောက်ကွယ်က ကြိုးကိုင်သူမှာလည်း မိဖုရားကြီးပင် ဖြစ်၏။