← Chapters

အခန်း ၅၅၁

Vol. 47 Ch. 551

အခန်း ၅၅၁

Vol. 47 Ch. 551

အပိုင်း (၅၅၁)

ဤမိဖုရားကြီးသည် ယွင်ကျုံးဟဲ့ သားအဖနှစ်ဦးလုံးအား အကြိမ်ကြိမ်အဖန်ဖန် ဒုက္ခပေးခဲ့သည်မှာ ရေတွက်၍ပင် မရနိုင်တော့ဘဲ သေချာပေါက် ကြီးမားလှသော ရန်သူတော်ကြီး ဖြစ်နေတော့သည်။

ထို့အပြင် မင်းသမီး ရှန်ရှန်းကို အကျယ်ချုပ် ချုပ်နှောင်ကာ အဆိပ်ဆေးများ တိုက်ကျွေးပြီး ခန္ဓာကိုယ် ယိုယွင်း ပျက်စီးအောင် ပြုလုပ်ခဲ့သူမှာလည်း မိဖုရားကြီးပင် ဖြစ်၏။

သို့ဖြစ်ရာ မိဖုရားကြီးကို ဖယ်ရှားပြီး သူမ၏ မိသားစုတစ်ဆွေမျိုးလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ခြင်း သည် ကာယကံရှင်အတွက် ကလဲ့စားချေရာ ရောက်ရုံသာမက လက်ရှိဧကရာဇ်ကိုပါ ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးနိုင်မှာဖြစ်သည်။

ထို့အပြင် ယခုအကြိမ်တွင် ယွင်ကျုံးဟဲ့ ကလဲ့စားချေလိုသည်မှာ မိဖုရားကြီး တစ်ဦးတည်းကိုသာ မဟုတ်ဘဲ အောက်မိသားစုလည်း ပါဝင်သည်။ အဘိုးအို အောက်ထင်သည် ယွင်ကျုံးဟဲ့အား အကြိမ်ကြိမ်အဖန်ဖန် နှိပ်စက်ညှင်းပန်းခဲ့သည့်အပြင် ယွင်ကျုံးဟဲ့၏ နေအိမ်ကို စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့သည့် အဓိက တရားခံလည်း ဖြစ်၏။

ယခုအခါ ဧကရာဇ်ဟောင်းက အာဏာကို ပြန်လည်ရယူနိုင်ခဲ့ပြီး ယွင်ကျုံးဟဲ့ကိုယ်တိုင်လည်း အာဏာလက်ဝယ် ရှိလာပြီဖြစ်ရာ ထိုကဲ့သို့သော သေခါနီး အဘိုးအိုကို လုံးဝ ခွင့်လွှတ်သက်ညှာပေးမည် မဟုတ်ဘဲ မရှုမလှ သေလုမျောပါး ဖြစ်သွားအောင် စီရင်ချက် ချတော့မှာဖြစ်သည်။

ဧကရာဇ်ဟောင်းက မေးလိုက်၏။ “မင်း ဘယ်အချိန် လှုပ်ရှားဖို့ စီစဉ်ထားလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မနက်ဖြန် မနက် ညီလာခံမှာပါ။”

ဤသည်မှာ ယွင်ကျုံးဟဲ့ပင် ဖြစ်သည်။ ဧကရာဇ်ဟောင်းက အချုပ်အခြာအာဏာကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့သည်မှာ သိပ်မကြာသေးမီကပင် ဖြစ်သော်လည်း သူကား ချက်ချင်းလက်ငင်းပင် ကလဲ့စားချေရန် စတင်လုပ်ဆောင်တော့မှာဖြစ်၏။

ဧကရာဇ်ဟောင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ ငါ လူလွှတ်ပြီး မင်းကို ကူညီပေးမယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကျုပ်... ဧကရာဇ်ဟောင်းရဲ့ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”

ဧကရာဇ်ဟောင်းက သတိပေးလိုက်သည်။ “အဲဒါဆို မင်း ပြန်တော့။ ဒီနေ့ည ကောင်းကောင်း အနားယူလိုက်ပါ။ မနက်ဖြန် ပြင်းထန်တဲ့ တိုက်ပွဲ တစ်ပွဲ ဆင်နွှဲရအုံးမယ်။ မိဖုရားကြီးရဲ့ မိသားစုက အင်အားကြီးမားတယ်နော်။”

ယွင်ကျုံးဟဲ့ ဦးညွတ်လျက် လျှောက်တင်လိုက်၏။ “ကောင်းပါပြီ။”

ယွင်ကျုံးဟဲ့ သည် အိမ်သို့ ပြန်လာပြီး အနားယူလိုက်၏။ နောက်တစ်နေ့ နိုးလာချိန်မှာတော့ အောက်ယွီ သည် ဩဇာတိက္ကမ ကြီးမားသော နုလန်ဟောက်၏ အရာရှိ ဝတ်စုံကို ဝတ်ဆင်လိုက်သည်။

မနက်စာ စားပြီးနောက် လူသတ်လိုသော အရိပ်အယောင်များ ပြည့်နှက်စွာဖြင့် နန်းတော်သို့ လျှောက်သွားတော့၏။

‘ကျုပ် ယွင်ကျုံးဟဲ့က တစ်ရက်တောင် မစောင့်နိုင်တော့ဘူး။ ဒီနေ့ပဲ အံ့ဩတုန်လှုပ်ဖွယ်ရာ အမှုကြီး တစ်ခုကို ဖန်တီးတော့မယ်။ မိဖုရားကြီးရဲ့ မိသားစု၊ ဘိုးဘိုးကြီး အောက်ထင်ရဲ့ မိသားစု အားလုံးကို မြေမြှုပ်ပစ်ပြီး သေလုမျောပါး ဖြစ်သွားအောင် လုပ်ပစ်မယ်။

မိဖုရားကြီး... အဲဒီတုန်းက မင်းသမီး ရှန်ရှန်းနဲ့ တွေ့ဆုံပွဲ လုပ်ပြီးတဲ့နောက် သရဲထုတ်မယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ကျုပ်ကို မိန်းမစိုး လုပ်ပစ်ဖို့ ကြိုးစားခဲ့တုန်းက ဆဋ္ဌမအဆင့် အရာရှိငယ်လေး အောက်ယွီက ခင်ဗျားကို ဒီလောက်တောင် ရူးရူးမူးမူး လက်စားချေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး မဟုတ်လား။’

ယခုအခါ နေ့စဉ် ညီလာခံ တက်ရောက်ရခြင်းမှာ အမတ် အများစုအတွက် နှိပ်စက်မှု တစ်ခု ဖြစ်နေ၏။ ဤသည်မှာ တောင်ပိုင်းကျိုးအင်ပါယာ၏ အရင်က မရှိခဲ့ဖူးသော အချိန်အခါ ဖြစ်ပြီး ညီလာခံတွင် ဧကရာဇ် နှစ်ပါး ထိုင်နေကြသောကြောင့် ပြတ်သားစွာ ရပ်တည်ချက် ရွေးချယ်ပြီးသူများမှလွဲ၍ အခြား မည်သူမဆို စကားတစ်ခွန်း ပြောမည်ဆိုလျှင်တောင် အသေအချာ စဉ်းစားချင့်ချိန်ရန် လိုအပ်သည်။

‘ပြောမယ့် စကားက တခြားလူတွေကို ဘယ်လို အမြင်မျိုး ဖြစ်သွားစေမလဲ။ ဧကရာဇ် ဘက်မှာ ရပ်တည် နေတာလား၊ ဒါမှမဟုတ် ဧကရာဇ်ဟောင်း ဘက်မှာ ရပ်တည်နေတာလား။’

လူတိုင်း သတိထားနေကြပြီး အသေးအဖွဲလေး အမှားအယွင်း ဖြစ်သွားတာနှင့် ဓားစာခံ ဖြစ်သွားမည်ကို စိုးရိမ်နေကြ၏။

ယနေ့လည်း ထိုနည်းတူပင် ဖြစ်၏။ ပုံမှန် ညီလာခံ တက်ရောက်ချိန်တွင် ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ အမတ် အများအပြားသည် ရယ်ရယ်မောမော စကားပြောဆိုလေ့ ရှိကြသော်လည်း ယနေ့တွင်မူ မျက်နှာထား တင်းမာနေကြသည်။

အမှန်တကယ်တော့ အမတ် အများအပြားသည် ညီလာခံသို့ မလာရောက်လိုကြဘဲ အိမ်တွင် နေမကောင်းဘူးဟု အကြောင်းပြချင်ကြသည်။ သို့ပေမည့် ဝန်ကြီးဌာန ခြောက်ခု၏ အကြီးအကဲအဆင့် မဟုတ်ပါက နေမကောင်းဘူးဟု အကြောင်းပြခွင့် မရှိချေ။

“နုလန်ဟောက်...”

“နုလန်ဟောက်... နေကောင်းလား။”

အောက်ယွီ ဝင်ရောက်လာသည်ကို မြင်တွေ့ရချိန်မှာတော့ လူတစ်စုသည် အလျင်အမြန် လာရောက် နှုတ်ဆက်ကြပြီး ရင်းနှီးဖော်ရွေသော ပုံစံများ ပြသနေကြသည်။

ဤလူများသည် ပြတ်သားစွာ ရပ်တည်ချက် ရွေးချယ်ပြီးသူများ ဖြစ်ကြပြီး ယမန်နေ့က ငြိမ်းချမ်းရေး ယူလိုသူများကို ပြစ်တင်ဝေဖန်ခဲ့ကြသူများ ဖြစ်၏။

သူတို့သည် သေချာပေါက် အောက်ယွီကို မျက်နှာလိုမျက်နှာရ လုပ်ချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အနာဂတ်၏ နံပါတ်တစ် အာဏာရှင် ဖြစ်လာမည်ကို သိရှိထားသောကြောင့်ပင်။

အောက်ယွီ သည်လည်း အဆင့်မြင့် အရာရှိကြီး တစ်ဦး၏ ခံစားခွင့်များကို အပြည့်အဝ ခံစားနေရပြီဖြစ်ပြီး ညီလာခံ တက်ရောက်ချိန်တွင်ပင် လာရောက် နှုတ်ဆက်သူများ ရှိနေသည်။

သူသည် ပဉ္စမအဆင့် နိုင်ကော် ယွမ်ဝိုက်လန် (ဝန်ကြီးဌာန လက်ထောက်အရာရှိ) တစ်ဦးမျှသာ ဖြစ်သော်လည်း ဤ လူငယ် နုလန်ဟောက်သည် ဧကရာဇ်ဟောင်း၏ နံပါတ်တစ် လူယုံတော် ဖြစ်ကြောင်း မည်သူ မသိဘဲ နေမည်နည်း။

အောက်ယွီ သည်လည်း အလွန် ရင်းနှီးဖော်ရွေစွာဖြင့် တစ်ယောက်ချင်းစီကို လက်သီးဆုပ် နှုတ်ဆက်ပြီး ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ တစ်ဖက်လူ၏ လက်မောင်းကို ကိုင်ကာ ရင်းနှီးသော သူငယ်ချင်း တစ်ယောက်ကဲ့သို့ ပြုမူပြီး ကျုပ် ခင်ဗျားကို အထင်ကြီးတယ်၊ ခင်ဗျားကို မှတ်ထားလိုက်ပြီ ဆိုသည့် ပုံစံမျိုး ပြသလိုက်သည်။

လူတိုင်းကို နှုတ်ဆက်ပြီးနောက် ယွင်ကျုံးဟဲ့ သည် အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီးဌာန ဝန်ကြီး အရှေ့သို့ သွားကာ ပြောလိုက်၏။ “ထျန်းကွမ် (အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီးကို ခေါ်ဆိုသောအမည်) နေကောင်းလား။”

အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီး ရှီထျန်းဖန် သည် အောက်ယွီ၏ လက်မောင်းကို ရင်းနှီးစွာ ကိုင်လိုက်ပြီး ပြောလိုက်သည်။ “နုလန်ဟောက် နေကောင်းလား။ ခင်ဗျားက ဒီလို ခေါ်နေတာ အရမ်း သူစိမ်းဆန်မနေဘူးလား။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “အဘိုးရှီ... နေကောင်းလား။”

အရင်က အောက်ယွီက အခြား အမတ်များ၏ လက်မောင်းကို ကိုင်ကာ ရင်းနှီးမှု ပြသခဲ့သော်လည်း ယခုအခါ အဆင့်မြင့် အရာရှိကြီး တစ်ဦးက သူ၏ လက်မောင်းကို ပြန်ကိုင်ကာ ရင်းနှီးမှု ပြသခြင်းကို ခံလိုက်ရ၏။ ဤ ဇာတ်ကောင် အပြောင်းအလဲမှာ အလွန် သဘာဝကျလေသည်။

ထို့နောက် ယွင်ကျုံးဟဲ့သည် ပထမ ဝန်ကြီးချုပ် ဝူကျစ် ထံသို့ သွားကာ အရိုအသေပေးလျက် မေးလိုက်၏။ “ဝန်ကြီးချုပ်ဝူ.... နေကောင်းပါရဲ့လား။”

“အောက်ယွီ... နေကောင်းလား။” ပထမ ဝန်ကြီးချုပ်ကမူ နာမည်ကို တိုက်ရိုက် ခေါ်ဆိုလိုက်ရုံသာ ဖြစ်၏။ မည်သို့ပင်ဆိုစေ အောက်ယွီ သည် နာမည်ခံအားဖြင့် သူ၏ လက်ထောက်အရာရှိ ဖြစ်နေသည် မဟုတ်ပါလား။

“စစ်သေနာပတိကျိုး... နေကောင်းလား။” ယွင်ကျုံးဟဲ့သည် အခြား အဆင့်မြင့် အရာရှိကြီး တစ်ဦးကို အရိုအသေ ပေးလိုက်ပြန်သည်။

ဤလူမှာ တောင်ပိုင်းကျိုးအင်ပါယာ၏ နိုင်ကော် လက်ဝဲ ဒု-အမတ်ကြီးဖြစ်သည့် မြို့စား ကျိုးလျန် ဖြစ်ပြီး သူနှင့် ယွင်ကျုံးဟဲ့တို့ ကြားတွင် ရေစက် ရှိခဲ့ဖူး၏။

ထိုစဉ်က တောင်ပိုင်း ပုန်ကန်မှု ဖြစ်ပွားစဉ် အောက်ရှင်းသည် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲခံရပြီး အောက်ယွီ တစ်မိသားစုလုံးကို မြို့တော်သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့စဉ်က မြို့စား ကျိုးလျန်သည် အထူးကိုယ်စားလှယ်အဖြစ် ကိုယ်တိုင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သို့ပေမည့် လမ်းခုလပ်တွင် အောက်ယွီ သည် မြို့စား ကျိုးလျန်ကို အရေးပေါ် တွေ့ဆုံခွင့် တောင်းခဲ့ပြီး တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းနိုင်မည့် အကြံအစည် ရှိကြောင်း ဧကရာဇ်ထံသို့ တင်ပြပေးရန် တောင်းဆိုခဲ့၏။

ထိုစဉ်က မြို့စား ကျိုးလျန် အနေဖြင့် ဤကိစ္စကို လုံးဝ လက်မခံဘဲ နေနိုင်သော်လည်း သူက အောက်ယွီကို ဧကရာဇ် ထံသို့ အမြန်ဆုံး ခေါ်ဆောင်သွားပေးခဲ့၏။ ဤကိစ္စ တစ်ခုတည်းဖြင့်ပင် ယွင်ကျုံးဟဲ့ သည် ဤမြို့စား ကျိုးလျန်၏ ကိုယ်ကျင့်တရားကို လေးစားရမှာ ဖြစ်သည်။

ထို့နောက် မြို့စား ကျိုးလျန်သည် အနောက်ဘက် နယ်စပ်သို့ သွားရောက်ကာ ကျန်းရှီး စစ်သေနာပတိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တာ့ရှီး အင်ပါယာ၏ ကျူးကျော်မှုကို ကာကွယ်ရန် ပြင်ဆင်ခဲ့၏။

မည်သို့ပင်ဆိုစေ ထိုစဉ်က တောင်ပိုင်းကျိုးအင်ပါယာသည် နေရာအနှံ့ စစ်မီးများ တောက်လောင်တော့မည့် အခြေအနေ ရှိနေခဲ့သည်။

ရလဒ်အနေဖြင့် တောင်ပိုင်း ပုန်ကန်မှုကြီးမှာ အလျင်အမြန် နှိမ်နင်းခံလိုက်ရသော်လည်း မြို့စား ကျိုးလျန်သည် အနောက်ဘက် နယ်စပ်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေခဲ့၏။

လွန်ခဲ့သော လေးလခန့်က တာ့ရှီး အင်ပါယာ၏ အိမ်ရှေ့စံမင်းသား လီကျိုးသည် စစ်သည် သုံးသိန်းကို ဦးဆောင်ကာ ရိုလန်နိုင်ငံကို တိုက်ခိုက်ခဲ့သော်လည်း မီးလောင်ကျွမ်းခံရပြီး လုံးဝ ပျက်စီးသွားခဲ့သောကြောင့် အနောက်ဘက် နယ်စပ်သည် အလုံးစုံ ဘေးကင်းလုံခြုံသွားခဲ့သည်။

နိုင်ကော်၏ ဒု-အမတ်ကြီး တစ်ဦး အနေဖြင့် မြို့စား ကျိုးလျန်သည် သေချာပေါက် နန်းတွင်းသို့ ပြန်လည် ရောက်ရှိလာမှာဖြစ်ပြီး ယခုအခါ သူသည် ဧကရာဇ်ဟောင်း အာဏာ ပြန်လုခြင်းကို ထောက်ခံသူများအနက် အဓိက ခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့၏။

သို့ပေမည့် သိပ်မကောင်းသော သတင်းတစ်ခုလည်း ရှိနေသည်။ အောက်မင်၏ ဖခင် အောက်တုန်းသည် ရာထူး တိုးမြှင့်ခံလိုက်ရခြင်း ဖြစ်သည်။

အောက်တုန်း သည် အေးစက်ပြီး ထက်မြက်သူ တစ်ဦး ဖြစ်ကာ အောက်ရှင်း လောက် နာမည်မကြီးသော်လည်း ညီအစ်ကို နှစ်ဦးမှာ အမြဲတမ်း ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်။ သူသည် ရှီးခန်း ပြည်နယ်၏ စစ်သေနာပတိ အဖြစ် နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မူလက ရာထူးတိုးရန် မလွယ်ကူခဲ့ချေ။

သို့ပေမည့် အောက်ရှင်း နှင့် အောက်ယွီ တို့ ဧကရာဇ်ကို လုံးဝ စော်ကားမိသွားသောကြောင့် ယခင်က ဧကရာဇ်သည် နုလန်ဟောက် ဘွဲ့ကို အောက်တုန်း ထံသို့ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မြို့စား ကျိုးလျန် သည် အနောက်ဘက် နယ်စပ်မှ ထွက်ခွာသွားပြီးနောက် နန်းတွင်းက စစ်သေနာပတိ အသစ် တစ်ဦး ခန့်အပ်ရန် လိုအပ်လာပြီး ဧကရာဇ်၏ မျက်နှာသာပေးမှုကြောင့် အောက်တုန်းသည် ကျန်းရှီး စစ်သေနာပတိ အသစ် ဖြစ်လာခဲ့၏။

စစ်သေနာပတိဖြစ်ပြီး စစ်သေနာပတိချုပ် မဟုတ်ပေ။ မြို့စား ကျိုးလျန် ထွက်ခွာသွားပြီးနောက် ကျန်းရှီး စစ်သေနာပတိချုပ်ရုံး၏ အဆင့်အတန်း တစ်ဆင့်ကျဆင်းသွားသော်လည်း ယခုအခါ အောက်တုန်း သည် အနောက်ဘက် နယ်စပ်၏ နံပါတ်တစ် စစ်သူကြီး ဖြစ်လာခဲ့ပြီး အမှန်တကယ်ပင် ရာထူး တစ်ဆင့် တိုးမြှင့် ခံလိုက်ရခြင်း ဖြစ်သည်။

ပထမ ဝန်ကြီးချုပ် ဝူကျစ်က ပြောလိုက်၏။ “အမတ်ကြီး ရှီ... ဒီရက်ပိုင်းကိစ္စတွေ အရမ်းများတော့ လစ်လပ်နေတဲ့ နေရာတွေကို အစားထိုးဖို့ အချိန်မရဘူး ဖြစ်နေတယ်။ တရားလွှတ်တော်ချုပ် အကြီးအကဲနဲ့ တော်ဝင်တရားရုံး အကြီးအကဲ နေရာတွေက အရမ်း အရေးကြီးတယ်။ ခင်ဗျားက အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီး တစ်ယောက် အနေနဲ့ စိတ်ထဲမှာ ရွေးချယ်ထားတဲ့သူ ရှိလား။”

အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီး ရှီထျန်းဖန်က ပြုံးလျက် မေးလိုက်သည်။ “နုလန်ဟောက်... ခင်ဗျားမှာ ရွေးချယ်ထားတဲ့သူ ရှိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ်က ပဉ္စမအဆင့် အရာရှိငယ်လေး တစ်ယောက်ပါ။ ဒီနေရာ နှစ်ခုလုံးက တတိယအဆင့် အရာရှိကြီးတွေ ဖြစ်ပြီး နန်းတွင်းရဲ့ အရေးကြီးတဲ့ နေရာတွေ ဖြစ်နေတော့ ဘယ်လိုလုပ် ရမ်းသမ်း ပြောရဲမှာလဲ။”

သူသည် နှုတ်မှ ထိုသို့ ပြောဆိုနေသော်လည်း စိတ်ထဲတွင်မူ အစောတည်းကပင် လျာထားရွေးချယ်ပြီးသား လူများ ရှိနေခဲ့ပြီ ဖြစ်၏။။ တရားလွှတ်တော်ချုပ်ဟူသည် တရားစီရင်ရေးအာဏာကို အလုံးစုံကိုင်တွယ်ရသည့် ဌာနဖြစ်ရာ အန္တရာယ် ပြုလိုသူများကို အကွက်ကျကျ နှိပ်ကွပ်နိုင်ရန်အတွက် ဤနေရာကို မဖြစ်မနေ သိမ်းပိုက်ရယူရမည် ဖြစ်သည်။

တော်ဝင်တရားရုံးအကြီးအကဲ ရာထူးနေရာမှာမူ ပြောနေရန်ပင် မလိုတော့ပေ။ ထိုရာထူးသည် အရာရှိများကို ပြစ်တင်ဝေဖန်ရန်နှင့် ညီလာခံအတွင်း တိုက်ခိုက်နှိမ်နင်းရန်အတွက် သီးသန့်ရည်ရွယ်ထားသော နေရာ ဖြစ်၏။

ယွင်ကျုံးဟဲ့သည် လက်ရှိတွင် ပြည်တွင်းရေးရာဝန်ကြီးဌာန၏ ယွမ်ဝိုက်လန် (အရာရှိငယ်)မျှသာ ဖြစ်သောကြောင့် ကိစ္စရပ်အတော်များများတွင် ကိုယ်တိုင် တိုက်ရိုက် ပြစ်တင်ဝေဖန်ရန် မသင့်တော်လှပေ။

သို့ဖြစ်ရာ တော်ဝင်တရားရုံးအကြီးအကဲ ရာထူးအတွက် အကောင်းဆုံး ရွေးချယ်မှုမှာ သူ၏ ပြည်နယ်စာမေးပွဲတွင် စစ်ဆေးသူအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသော ယွီကျန်း ပင်ဖြစ်သည်။

ထိုအမတ်ကြီးသည် အောက်ထင် ဟူသော အဘိုးအို၏ လာဘ်ပေးလာဘ်ယူမှုဖြင့် မဟုတ်မမှန် စွပ်စွဲခြင်းကို ခံခဲ့ရသောကြောင့် ရာထူးမှ ထုတ်ပယ်ခြင်းခံရကာ လက်ရှိတွင် နေအိမ်၌ပင် အနားယူနေရသူ ဖြစ်၏။

ထိုအမတ်ကြီးသည် တရားမျှတမှုကို အမြဲတမ်း ဦးထိပ်ပန်ဆင်ထားပြီး သံမဏိကဲ့သို့ မာကျောသော စိတ်ဓာတ်ရှိသူလည်း ဖြစ်သည်။

ယခင်က တော်ဝင်တရားရုံးအကြီးအကဲ ဖြစ်ခဲ့ဖူးသော်လည်း အလွန်အမင်း ဖြောင့်မတ်မှန်ကန်လွန်း လှသောကြောင့် ရာထူးများ တဖြည်းဖြည်း နိမ့်ကျသွားခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သူ့အား တော်ဝင်တရားရုံး အကြီးအကဲ နေရာတွင် ပြန်လည်ခန့်အပ်လိုက်ခြင်းကသာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။

All Chapters