အခန်း ၅၅၄
Vol. 47 Ch. 554
အပိုင်း (၅၅၄)
ချက်ချင်းပဲ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး ခေါင်းငုံ့သွားကြပြီး လူအတော်များများက ယခင်က ထျန်းယန် ဧကရာဇ် နန်းထိုင်စဉ်က အခြေအနေကို အလိုအလျောက် သတိရသွားကြမိ၏။
ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်သည်။ “လန်ကျိုးက ဒုက္ခသည်တွေဟာ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေရတာ အရမ်း သနားစရာကောင်းနေပြီ။ အခု လူလုပ်တဲ့ ဘေးအန္တရာယ်ကိုပါ ထပ်ကြုံတွေ့နေရပြီ။ နိုင်ငံတော်ရဲ့ ဘေးအန္တရာယ်ကနေ ငွေရှာဖို့ ဒီလောက်တောင် လွယ်ကူနေပြီလား။ သေလူတွေဆီကနေ ငွေခိုးဖို့ ဒီလောက်တောင် လွယ်ကူနေပြီလား။
ဒီအမှုကို အဆုံးအထိ စုံစမ်းစစ်ဆေးရမယ်။ ဘယ်သူပဲ ပါဝင်နေပါစေ၊ သူ့ရဲ့ ရာထူး ဘယ်လောက် ကြီးမားပါစေ၊ သူ့ရဲ့ အဆင့်အတန်း ဘယ်လောက် မြင့်မားပါစေ သေချာပေါက် စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။ မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန၊ စုံစမ်းစစ်ဆေးရေးရုံး၊ တရားလွှတ်တော်ချုပ်။”
တရားရုံးသုံးရပ်မှ အမတ်များ ချက်ချင်း ထွက်လာပြီး အရိုအသေပေးလျက် ပြောလိုက်၏။ “ကျုပ်တို့ ရှိပါတယ်။”
ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်သည်။ “ခင်ဗျားတို့ ဒီအမှုကို စစ်ဆေးဖို့ ပြင်ဆင်ကြ။ ဘယ်သူပဲ ပါဝင်နေပါစေ၊ သူ့ရဲ့ ရာထူး ဘယ်လောက် ကြီးမားပါစေ၊ သူ့ရဲ့ အဆင့်အတန်း ဘယ်လောက် မြင့်မားပါစေ အမှန်တရား ပေါ်ပေါက်လာရင် ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။”
“ကျုပ်တို့ အမိန့်တော်ကို ခံယူပါတယ်။”
ထို့နောက် ဧကရာဇ်ဟောင်းက မေးလိုက်၏။ “ဧကရာဇ်... ခင်ဗျား ဘယ်လို ထင်လဲ။”
ဧကရာဇ်က ပြန်ပြောလိုက်သည်။ “ဒီအမှုဟာ အံ့ဩတုန်လှုပ်စရာကောင်းလွန်းလို့ အဆုံးအထိ စုံစမ်းစစ်ဆေးပြီး လောက က ပြည်သူတွေကို ရှင်းပြသင့်တယ်လို့ သားတော်လည်း ထင်ပါတယ်။ ဒါကြောင့် အရည်အချင်းရှိတဲ့ အမတ် တစ်ယောက်ကို လန်ကျိုးကို လွှတ်ပြီး ဒီအမှုကို အဆုံးအထိ စုံစမ်းစစ်ဆေးခိုင်းသင့်ပါတယ်။”
ဧကရာဇ်ဟောင်းက မေးလိုက်၏။ “အမတ်မင်းတို့... ဒီဆန်တွေ အစားထိုးခံရတဲ့ အမှုကို အဆုံးအထိ စုံစမ်း စစ်ဆေးဖို့ ဘယ်သူ သွားချင်လဲ။”
ယခုမှ အသစ် ခန့်အပ်ခံရသော တော်ဝင်တရားရုံး အကြီးအကဲ ယွီကျန်းက လျှောက်တင်လိုက်သည်။ “ဧကရာဇ်ဟောင်း... ကျုပ်က လန်ကျိုးကို သွားပြီး ဒီအမှုကို အဆုံးအထိ စုံစမ်းစစ်ဆေးချင်ပါတယ်။ ရှင်းရှင်းလင်းလင်း ဖြစ်အောင် စုံစမ်းစစ်ဆေးပြီး နိုင်ငံတော်ရဲ့ ဘေးအန္တရာယ်ကနေ ငွေရှာတဲ့သူ ဘယ်သူပဲ ဖြစ်ဖြစ် ဖော်ထုတ်ပြပါ့မယ်။”
အမတ်ချုပ်ကြီး လင်ကုန်းက ပြောလိုက်၏။ “အမတ်ကြီး ယွီကျန်း ဟာ တရားမျှတမှုကို ကိုင်စွဲထားသူ ဖြစ်လို့ ဒီအမှုကို သွားစစ်ဆေးတာ အရမ်း သင့်တော်ပါတယ်။ ဒါပေမဲ့ လန်ကျိုးကို ပို့မယ့် အထူးကိုယ်စားလှယ်ရဲ့ အဆင့်အတန်းဟာ ပိုမြင့်သင့်ပါတယ်။ ဒါကြောင့် မှုခင်းစုံစမ်းရေး ဝန်ကြီးကို အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်တာက ပိုသင့်တော်မယ်လို့ ကျုပ် ထင်ပါတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ မှုခင်းစုံစမ်းရေး ဝန်ကြီး ဝမ်ကျိုး က ထွက်လာပြီး ပြောလိုက်သည်။ “ကျုပ် သွားရောက် လိုပါတယ်။”
ဤ မှုခင်းစုံစမ်းရေး ဝန်ကြီးသည်လည်း လင်ကုန်း၏ အဖွဲ့အစည်းမှဖြစ်ပြီး သေချာပေါက် ဧကရာဇ်ကို ထောက်ခံသူ ဖြစ်၏။
ထို့ကြောင့် လင်ကုန်းသည် တတိယမြောက် ဝန်ကြီးချုပ်သာ ဖြစ်သော်လည်း ညီလာခံတွင် သူ၏ အင်အားမှာ အလွန်ကြီးမား၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဧကရာဇ်၏ လူယုံတော် ဖြစ်ပြီး ဤကဲ့သို့သော အဆင့်မြင့် အမတ်များ ခန့်အပ်ရာတွင် ဧကရာဇ်၏ သဘောတူညီချက် လိုအပ်သောကြောင့် ဖြစ်သည်။
အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီးနှင့် စစ်ဖက်ဆိုင်ရာ ဝန်ကြီးတို့သည် ဧကရာဇ်ဟောင်း နန်းထိုင်စဉ်တည်းက ဤရာထူးများကို ရယူထားခဲ့ခြင်းဖြစ်ပြီး အမှားအယွင်း မရှိသောကြောင့် ဧကရာဇ် အနေဖြင့် အားလုံးကို အစားထိုး၍ မရနိုင်ခဲ့ချေ။
ထို့အပြင် ပုံမှန် အချိန်များတွင် ဤဝန်ကြီး နှစ်ဦးသည်လည်း အလွန် စကားနားထောင်ပုံ ရသော်လည်း မထင်မှတ်ဘဲ အရေးကြီးသော အချိန်တွင် နောက်ကျောကို ဓားဖြင့် ထိုးကာ ဧကရာဇ်ဟောင်းကို ထောက်ခံ ခဲ့ကြခြင်း ဖြစ်သည်။
ဧကရာဇ်ဟောင်းက အမိန့်ပေးလိုက်၏။ “အဲဒါဆိုရင် ဝမ်ကျိုးက အဓိက၊ ယွီကျန်းက အကူအနေနဲ့ ဒီအမှုကို အဆုံးအထိ စုံစမ်းစစ်ဆေးကြ။”
မှုခင်းစုံစမ်းရေးဝန်ကြီး ဝမ်ကျိုး နှင့် တော်ဝင်တရားရုံး အကြီးအကဲ ယွီကျန်း တို့ ချက်ချင်း ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “ကျုပ်တို့ အမိန့်တော်ကို ခံယူပါတယ်။”
“ညီလာခံ သိမ်းပြီ။”
မြို့တော် စစ်သေနာပတိ နင်ဟွိုင်အန်း သည် မိဖုရားကြီးကို လျှို့ဝှက်စွာ တွေ့ဆုံခွင့် တောင်းခဲ့၏။
“မိဖုရားကြီး... ပြဿနာကြီးသွားပါပြီ။ အောက်ယွီ ဆိုတဲ့ ခွေးကောင်က အံ့ဩတုန်လှုပ်စရာ အမှုကြီး တစ်ခုကို ဖန်တီးတော့မယ်။”
နင်ဟွိုင်အန်းက တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “ဒီ ပုပ်သိုးနေတဲ့ ဆန်တွေကြောင့် ဒုက္ခသည်တွေ သေဆုံးရတဲ့ အမှု၊ ဆန်တွေ အစားထိုးခံရတဲ့ အမှုဟာ သေချာပေါက် အောက်ယွီ ဖန်တီးလိုက်တာပါပဲ။ သူ့ရဲ့ ပစ်မှတ်က မိဖုရားကြီး ကိုယ်တိုင်ပါပဲ။”
မိဖုရားကြီးက အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။ “ကျွန်မနဲ့ ဘာဆိုင်လို့လဲ။ အောက်ယွီ ဟာ အဘိုးကြီးရဲ့ ထောက်ခံမှုကို ရထားရင်တောင် ကျွန်မ မိဖုရားကြီးကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ညီလာခံက အမတ် အများစုက ဧကရာဇ်မင်းမြတ်ဘက်မှာ ရပ်တည်နေဆဲပါ။”
နင်ဟွိုင်အန်းက တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “မိဖုရားကြီး... ဒီတစ်ကြိမ် လန်ကျိုးကို ဆန်တွေ ပို့ပေးတဲ့ သင်္ဘောအဖွဲ့က ထိုက်ခန်းဟောက် အိမ်တော်ကပါ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ မိဖုရားကြီးလည်း ပြင်းထန်စွာ တုန်ယင်သွားတော့သည်။ ထိုက်ခန်းဟောက် သည် မိဖုရားကြီး၏ ဖခင် ဖြစ်ပြီး ယခုလက်ရှိ ဧကရာဇ်၏ ယောက္ခမ လည်းဖြစ်၏။
မိဖုရားကြီးက တုန်ယင်စွာဖြင့် မေးလိုက်သည်။ “ဒါဆို ဆန်တွေ အစားထိုးလိုက်တဲ့ ကိစ္စကကော...”
နင်ဟွိုင်အန်းက ပြန်ဖြေလိုက်၏။ “ကျုပ်တို့ ပင်လယ်ပြင်မှာ လုပ်လိုက်တာပါ။”
မိဖုရားကြီးက မေးလိုက်သည်။ “ဆန် ဘယ်လောက်တောင် အစားထိုးလိုက်တာလဲ။”
နင်ဟွိုင်အန်းက ပြန်ဖြေလိုက်၏။ “ဆန် ရှစ်သိန်းလောက်ပါ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ မိဖုရားကြီးသည် ပြင်းထန်စွာ တုန်ယင်သွားပြီး သူ၏ နားကိုပင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားတော့သည်။
‘ဆန် ရှစ်သိန်း ဟုတ်လား။ ဒါက ငွေသား တစ်သန်းကျော် တန်ဖိုးရှိတယ်လေ။’
မိဖုရားကြီးက တုန်ယင်စွာဖြင့် မေးလိုက်၏။ “အိမ်မှာ ပုပ်သိုးနေတဲ့ ဆန်တွေ ဒီလောက် အများကြီး ဘယ်ကနေ ရလာတာလဲ။ လုံးဝ မဖြစ်နိုင်ပါဘူး။”
နင်ဟွိုင်အန်းက ပြန်ဖြေလိုက်သည်။ “ဒီ ဆန်ဟောင်းတွေ အားလုံးက ကျိန့်ဟိုင်မြို့စားအိမ်တော်ကပါ။ စီးပြန်းက သူ့ရဲ့ ရည်မှန်းချက်တွေအတွက် ဆန်တွေ အများကြီး စုဆောင်းထားခဲ့ပါတယ်။ တိုင်ဖွန်း မုန်တိုင်း တစ်ခု ဝင်တိုက်လို့ စပါးကျီကြီး အတော်များများ ရေဝင်သွားပြီး ဆန်တွေ အားလုံး မှိုတက်သွားတာပါ။
ကျုပ်တို့က သိပ်မဆိုးတဲ့ ဆန်တွေကို စစ်တပ်တွေကို ကျွေးဖို့လုပ်ပြီး အရမ်း ဆိုးနေတဲ့ ဆန်တွေကို ဒုက္ခသည်တွေကို ကျွေးဖို့ လုပ်လိုက်တာပါ။ လူတွေ ဒီလောက် အများကြီး သေသွားလိမ့်မယ်လို့ မထင်ထား ခဲ့ပါဘူး။”
‘ဒါ... ဒါက ပြစ်မှု ပိုကြီးသွားပြီလေ။’
ဆိုလိုသည်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနက လန်ကျိုးပြည်နယ်သို့ ထောက်ပံ့ရန်အတွက် ဆန်ကောင်းများကို စနစ်တကျ ပေးပို့လိုက်သော်လည်း မိဖုရားကြီး၏ မိသားစုက ပင်လယ်ရေကြောင်းခရီးတွင် ကြားဖြတ်ကာ အစားထိုးလဲလှယ်ပစ်ခဲ့ကြခြင်းပင်။
သူတို့သည် ဆန်ကောင်းများကို ကျိန့်ဟိုင်မြို့စားထံသို့ သွားရောက်ရောင်းစားခဲ့ပြီး ကျိန့်ဟိုင်မြို့စား အိမ်တော်ဘက်က လုံးဝပုပ်သိုးဆွေးမြည့်နေသော ဆန်ညံ့များကိုသာ လန်ကျိုးပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များ ထံသို့ လွှဲပြောင်းပေးပို့ခဲ့ခြင်း ဖြစ်၏။
ယခုအခါ ကျိန့်ဟိုင်မြို့စားသည် အင်ပါယာအပေါ် ပုန်ကန်ခြားနားနေပြီဖြစ်ရာ ဤလုပ်ရပ်သည် နိုင်ငံတော်၏ သဘာဝဘေးအန္တရာယ်ကို အခွင့်ကောင်းယူ၍ စီးပွားရှာခြင်း၊ အကျင့်ပျက်ခြစားခြင်းမျှသာ မကတော့ဘဲ ရန်သူနှင့် ပူးပေါင်းကြံစည်သည့် ကြီးလေးသော နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ပြစ်မှုကြီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ဤပြစ်မှုကြီးသာ လူသိရှင်ကြား ပေါ်ပေါက်ဖော်ထုတ်ခြင်း ခံလိုက်ရပါက မိဖုရားကြီး၏ ဆွေစဉ်မျိုးဆက်သည် ဂုဏ်သိက္ခာကျဆင်းကာ သေဆုံးရတော့မှာဖြစ်ပြီး၊ သူမကိုယ်တိုင်လည်း မိဖုရားကြီး ဟူသော ဂုဏ်ဒြပ် အဆင့်အတန်းနေရာကိုပင် ဆက်လက်ထိန်းသိမ်း ကာကွယ်နိုင်ရန် အလွန်ခက်ခဲသွား ပေလိမ့်မည်။
မိဖုရားကြီးက မေးလိုက်၏။ “ဘယ်သူတွေ ပါသေးလဲ။ ကျွန်မတို့ မိသားစု တစ်ခုတည်းပဲ ဒီကိစ္စမှာ ပါဝင်ခဲ့တာလား။”
နင်ဟွိုင်အန်းက ပြန်ဖြေလိုက်သည်။ “အောက်ထင် လည်း ပါတယ်။ သူက ကျုပ်တို့ မိသားစုကို မျက်နှာလို မျက်နှာရ လုပ်ချင်လို့ ပင်လယ်ကူး သင်္ဘော တချို့ လက်ဆောင် ပေးခဲ့ပါတယ်။”
မိဖုရားကြီးက တုန်ယင်စွာဖြင့် ပြောလိုက်၏။ “အောက်ယွီ ဆိုတဲ့ ခွေးကောင်က အရမ်းကို ရက်စက်လွန်းတာပဲ။ သူက လက်စားချေတော့မယ်။ ကျွန်မနဲ့ အောက်ထင်ရဲ့ မိသားစုတွေကို တစ်ခါတည်းနဲ့ အမြစ်ပြတ် ရှင်းလင်းပစ်ဖို့ လုပ်နေတာပဲ။”
နင်ဟွိုင်အန်းက ပြောလိုက်သည်။ “မိဖုရားကြီး... ဘယ်လို လုပ်ရမလဲ။ သူတို့ကို တကယ် စစ်ဆေးခွင့် ပြုလိုက်ရင်တော့ တကယ့်ကောင်းကင်ကြီး ပြိုကျလောက်တဲ့ ဘေးအန္တရာယ်ကြီးပါပဲ။”
‘ကောင်းကင်ကြီး ပြိုကျလောက်တဲ့ ဘေးအန္တရာယ်တင် ဘယ်ကမလဲ။ မျိုးဆက် အားလုံး သတ်ဖြတ်ခံရမယ့် ဘေးအန္တရာယ်ကြီးလေ။’
“ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထား တစ်ခုခု ကျန်ခဲ့သေးလား။” မိဖုရားကြီးက မေးလိုက်၏။
နင်ဟွိုင်အန်းက ပြန်ဖြေလိုက်သည်။ “တကယ့်ကို သိသာထင်ရှားတဲ့ သက်သေ အထောက်အထားတွေတော့ မရှိဘူးလို့ ပြောလို့ ရပါတယ်။ ကျုပ်တို့ မိသားစုရဲ့ သင်္ဘောအဖွဲ့တွေက ပင်လယ်ပြင်မှာရှိတဲ့ ယင်ကျိုးကျွန်း ဆိပ်ကမ်းကို အရင် သွားပြီး အဲဒီမှာ ဆန်တွေကို လဲလှယ်ခဲ့တာပါ။
အဲဒီနေရာက ကျိန့်ဟိုင် မြို့စား စီးပြန်းရဲ့ နယ်မြေ ဖြစ်ပြီး အပြင်လူ ဘယ်သူမှ အနားကပ်လို့ မရပါဘူး။ ဒါကြောင့် ပင်လယ်ပြင်မှာ ဆန်လဲလှယ်တာကို ဘယ်သူမှ မြင်တွေ့မှာ မဟုတ်ပါဘူး။ မကြာသေးခင်က ကျိန့်ဟိုင်မြို့စား ပုန်ကန်သွားလို့ အရောင်းအဝယ်လုပ်တဲ့ နည်းလမ်းကို ပြောင်းလဲလိုက်ပေမယ့် ပိုပြီးတော့တောင် လျှို့ဝှက်သွားပါသေးတယ်။”
မိဖုရားကြီးက မေးလိုက်၏။ “ဒါဆို သိပ်မသိသာတဲ့ သက်သေ အထောက်အထားတွေကော။”
နင်ဟွိုင်အန်းက ပြန်ဖြေလိုက်သည်။ “ဒီဆန်တွေ လန်ကျိုးကို ရောက်သွားပြီးတဲ့နောက် အရင်ဆုံး လန်ကျိုး ဆိပ်ကမ်းက ယာယီ ကုန်လှောင်ရုံမှာ စုပုံထားပြီး စစ်ဆေးမှုတွေ လုပ်ပြီးမှ စပါးကျီကြီးထဲကို ဝင်ရတာပါ။ စစ်ဆေးတဲ့ အရာရှိတွေကို လာဘ်ထိုးထားပြီးသားမို့လို့ ဆန်ကောင်းတွေကိုပဲ ရွေးပြီး စစ်ဆေးမှာပါ။ ဒါပေမဲ့ လန်ကျိုးကို အခု ကျိုးလီက အုပ်ချုပ်နေတာဆိုတော့ ဆန်တွေ ပုပ်သိုးနေတာကို စစ်ဆေးတွေ့ရှိတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ မိဖုရားကြီးလည်း သိတဲ့အတိုင်း ဒါတွေက ဒုက္ခသည်တွေကို ကယ်တင်တဲ့ ဆန်တွေဆိုတော့ စားစရာ ရှိတာကိုပဲ ကျေးဇူးတင်သင့်တာ၊ ဘာတွေ ရွေးချယ်နေသေးတာလဲ ဆိုပြီး ဖြစ်သွားတာပါ။ ပြီးတော့ အရင်က ဧကရာဇ်မင်းမြတ်က ကျိုးလီကို သိပ်သဘောမကျတော့ ဒီကိစ္စက ကြီးကြီးမားမား ဖြစ်မလာခဲ့ပါဘူး။”
မိဖုရားကြီးက မေးလိုက်၏။ “ဆိုလိုတာက ဒီကိစ္စမှာ ဘာသက်သေမှ မရှိဘူးပေါ့။”
နင်ဟွိုင်အန်းက ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ ဘာသက်သေမှ မရှိပါဘူး။ ဒါပေမဲ့ ကိစ္စတိုင်းက သေချာ စုံစမ်းစစ်ဆေးတာကို ကြောက်ရတာပါပဲ။ ဒီလိုကိစ္စမျိုးကို သေချာ စစ်ဆေးရင် အမှားအယွင်းတွေ ထွက်ပေါ် လာဖို့ လွယ်ကူပါတယ်။”
မိဖုရားကြီးက ပြောလိုက်၏။ “ဒီတစ်ကြိမ် ဒီအမှုကို အဆုံးအထိ စုံစမ်းစစ်ဆေးမယ့် သူက အဓိက အထူး ကိုယ်စားလှယ်ဖြစ်တဲ့ မှုခင်းစုံစမ်းရေး ဝန်ကြီး ဝမ်ကျိုးပါ။ သူက ကျွန်မတို့ လူပါ။ ဒါပေမဲ့ ယွီကျန်း ကတော့ အောက်ယွီရဲ့ လူဖြစ်ပြီး လုံးဝ လာဘ်ထိုးလို့ ရမှာ မဟုတ်ပါဘူး။”
နင်ဟွိုင်အန်းက မေးလိုက်၏။ “ဒါဆို... သူ့ကို သတ်ပစ်လိုက်ရင်ရော။”
မိဖုရားကြီး၏ မျက်လုံးများ အေးစက်သွားတော့၏။ အထူး ကိုယ်စားလှယ်ကို သတ်ပစ်ခြင်းမှာ သေချာပေါက် အလွန် ကြီးမားသော ကိစ္စကြီး တစ်ခုဖြစ်ပြီး အခြေအနေကို လုံးဝ ဆိုးရွားသွားစေနိုင်သည်။
“မဖြစ်ဘူး... အထူး ကိုယ်စားလှယ်ကို သတ်လို့ မဖြစ်ဘူး။”
မိဖုရားကြီးက ပြောလိုက်၏။ “ရှင် သွားပြီး အောက်မင်နဲ့ မှုခင်းစုံစမ်းရေး ဝန်ကြီး ဝမ်ကျိုး တို့ကို လျှို့ဝှက် ခေါ်ခဲ့။”
တစ်နာရီကျော်ခန့် အကြာတွင် အောက်မင် နှင့် မှုခင်းစုံစမ်းရေး ဝန်ကြီး ဝမ်ကျိုးတို့သည် စာကြည့်ဆောင် အတွင်းသို့ ရောက်ရှိလာကြတော့သည်။
မိဖုရားကြီးက မေးလိုက်၏။ “အောက်မင်... ရှင့်ရဲ့ မိသားစုလည်း မီးတွင်းထဲ ရောက်နေပြီ။ ဘယ်လို လုပ်ရမလဲ။ ရှင့်လို ဉာဏ်ကြီးရှင်ရဲ့ အကြံဉာဏ်ကို နားထောင်ကြည့်ချင်ပါတယ်။”
အောက်မင်က ဦးညွတ်လျက် ပြောလိုက်လိုက်သည်။ “မိဖုရားကြီးရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး။”
အမှန်တကယ်တော့ အောက်မင်၏ စိတ်ထဲတွင်လည်း ပြစ်တင်ဝေဖန်နေမိသည်။ ဤကိစ္စကို သူ တကယ် မသိခဲ့ချေ။
မိဖုရားကြီ၏ မိသားစု သည်လည်း ရာစုနှစ်ချီ သက်တမ်းရှိသော သူဌေးကြီး မိသားစု ဖြစ်သည်။ ‘ခင်ဗျားတို့က ဆင်းရဲလွန်းလို့ ရူးနေကြတာလား။ ဒီငွေတွေကိုတောင် ရှာချင်နေသေးတာလား။’
သေချာပေါက် ငွေသားပမာဏ တစ်သန်းကျော်ဟူသည် လူတိုင်း မက်မောလိုချင်ကြမည့် အရာဖြစ်သော်လည်း အနည်းဆုံး ဆန်ကောင်းများနေရာတွင် ဖွဲနုများကိုသာ အစားထိုး၍ အသုံးပြုသင့်သည်။ ထိုသို့ပြုလုပ်ပါက အနည်းဆုံးအားဖြင့် လူအများအသက်ဘေးမှ လွတ်မြောက်နိုင်သေး၏။
ယခုမူ လုံးဝပုပ်သိုးဆွေးမြည့်နေသော ဆန်ညံ့များကို အသုံးပြုခဲ့ကြသည့်အပြင်၊ ပုန်ကန်ခြားနားနေသူ ကျိန့်ဟိုင်မြို့စား စီးပြန်း နှင့်ပါ ပူးပေါင်းကြံစည်ကာ နိုင်ငံတော်၏ ဘေးအန္တရာယ်အပေါ် အခွင့်ကောင်းယူ၍ စီးပွားရှာခဲ့ကြသည်။
ဘိုးဘိုးကြီး အောက်ထင်အနေဖြင့်မူ ဤငွေကြေးကို ရယူရန် အစတည်းက ရည်ရွယ်ချက် မရှိခဲ့ပေ။ မိဖုရားကြီး၏ မိသားစုအပေါ် မျက်နှာလိုမျက်နှာရ ပြုလုပ်လိုသည့် စိတ်သက်သက်ဖြင့်သာ မိမိ၏ သင်္ဘောအုပ်စုကို ဧကရာဇ်၏ ယောက္ခမတော် ထိုက်ခန်းဟောက် ထံသို့ ငှားရမ်းပေးခဲ့ခြင်း ဖြစ်၏။
သို့သော်ငြား ရလဒ်အနေဖြင့် အရောင်းအဝယ် ကိစ္စရပ်များ ပြီးမြောက်သွားသည့်အခါတွင် ဧကရာဇ်၏ ယောက္ခမတော် ထိုက်ခန်းဟောက်က အောက်ထင်ထံသို့ ငွေသားတစ်သိန်း ခွဲဝေပေးအပ်ခဲ့သည်။
အဆုံးသတ်၌ ထိုငွေသားတစ်သိန်းသည်ပင် အောက်ထင်အား ရုန်းမထွက်နိုင်သော ချောက်နက်ကြီးထဲသို့ တိုက်ရိုက်ဆွဲချသွားသည့် သေတွင်းတစ်ခု ဖြစ်သွားခဲ့တော့၏။