← Chapters

အခန်း ၄၅၈

Vol. 26 Ch. 458

အခန်း ၄၅၈

Vol. 26 Ch. 458

အပိုင်း (၄၅၈) မိန်းမစိုး မရှိသော ကမ္ဘာ။

ဖန်ကျန်းရီက ဟက်ဟက်ပက်ပက် ရယ်လိုက်၏။

ဤမိန်းမ၏ လှည့်ကွက်လေးတွေကို သူ တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။

သူမသည် လွီမိသားစုမှ ရှဲ့ရှန်းထံသို့ ဆက်သထားသူ ဖြစ်သည်။ သူမ၏ စိတ်အစဉ်၌ လွီမိသားစုကြီး ပြိုလဲပျက်စီးသွားခဲ့ပြီဖြစ်ရာ အားကိုးရာမဲ့ ဘဝသို့ ရောက်ရှိသွားခဲ့ပြီး ဆက်လက် မှီခိုအားထားနိုင်မည့် သူတစ်ဦးအား ရှာဖွေလိုနေခြင်းသာ ဖြစ်တန်ကောင်း၏။

သူတစ်ပါး၏ ကြိုးကိုင်ခြယ်လှယ်မှုကို ခံရသော အမျိုးသမီးတစ်ဦးအနေဖြင့် မိမိဘဝ ရှင်သန်ရပ်တည်ရေးအတွက် ဤကဲ့သို့သော လုပ်ရပ်မျိုးကို ပြုမူခြင်းအပေါ် ဖန်ကျန်းရီက အတော်အတန် နားလည်ပေးနိုင်သည်။

မသမာသော အကြံအစည် အနည်းငယ်မျှ ရှိနေခြင်းမှာလည်း များစွာ အရေးကြီးလှသည်တော့ မဟုတ်ချေ။

“သူက ခင်ဗျားအပေါ် ဘယ်လို စည်းကမ်းမဲ့ပြီး တာဝန်မယူတာလဲ။ ပြီးတော့ ခင်ဗျား ဘာဖြစ်ချင်တာလဲ။”

နုံ့ယွီက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် မျက်ရည်များ တဖြည်းဖြည်း ကျဆင်းလာကာ ငိုယိုလျက် ပြောလိုက်၏။ “လွီရန်ကျဲက ကျွန်မကို ရှဲ့ရှန်းကို ပြုစုဖို့ခိုင်းတာပါ။ ကျွန်မရဲ့ ဆန္ဒအလျောက် မဟုတ်ပါဘူး .. အတင်းအကျပ် ခိုင်းလို့ပါ။ ကျွန်မတို့ နှစ်ယောက် လင်မယားအဖြစ် နေခဲ့ပြီးပြီ။ ဒါပေမဲ့ သူက ကျွန်မကို ဂရုမစိုက်ဘူး .. သူ ကျွန်မကို လက်ထပ်အောင် အမတ်မင်း စီစဉ်ပေးပါ။”

ဖန်ကျန်းရီ၏ ပါးစပ်မှာ နားရွက်အထိပင် ပြဲထွက်သွားသည်။

နုံ့ယွီကို လက်ယပ်ခေါ်လိုက်၏။ “အနားကို လာခဲ့ .. ဒီနားလာပြော။”

နုံ့ယွီက အနီးသို့ ကပ်သွားရာ ဖန်ကျန်းရီက တိုးတိုးလေး မေးလိုက်သည်။ “ရှဲ့ရှန်းက ဘယ်လိုနေလဲ .. သူ .. သူ စွမ်းဆောင်နိုင်ရဲ့လား။”

“……”

နုံ့ယွီမှာ မှင်သက်သွားပြီး ဖန်ကျန်းရီက ဤသို့ မေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ မျက်နှာ အနည်းငယ် နီမြန်းသွားကာ တိုးတိုးလေး ဖြေလိုက်၏။ “သူ တကယ် တော်တော်လေး ကောင်းပါတယ် .. ”

ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီက စားပွဲကို ပုတ်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

လက်အောက်ငယ်သားတွေရဲ့ အတင်းအဖျင်း နားထောင်ရတာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ။ ရှဲ့ရှန်းက ဒီနေရာမှာ ဘယ်လို ခံစားရမလဲတော့ မသိဘူး .. မထင်မှတ်ဘဲ သူက ခန္ဓာကိုယ် တော်တော် ကောင်းတာပဲ။

“ရပြီ .. ခင်ဗျား ပြန်တော့။ ကျုပ် လူလွှတ်ပြီး ခင်ဗျား ဆက်အသက်ရှင်ဖို့ ငွေတစ်ထုပ် ပေးလိုက်မယ်။ ရှဲ့ရှန်းက ခင်ဗျားကို လက်ထပ်မလား မထပ်ဘူးလား ဆိုတာကတော့ ခင်ဗျားတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ။ ပျော်ရွှင်မှု ဆိုတာ ကိုယ်တိုင် ကြိုးစားယူရတာပဲ .. နုံ့ယွီ .. ကျုပ် ခင်ဗျားကို အားပေးပါတယ်။”

နုံ့ယွီ၏ မျက်နှာတွင် ဝမ်းသာသော အမူအရာ ပေါ်လာပြီး ဒူးထောက် အရိုအသေပေးကာ ဆက်မနေတော့ဘဲ ထွက်သွား၏။

သူမ ထွက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီလည်း နောက်ထပ် အမှုလာတိုင်သူများကို ဆက်မစစ်ချင်တော့ဘဲ နောက်ဖေးသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။

မထင်မှတ်ဘဲ နောက်ဖေးသို့ ရောက်သည်နှင့် ရေတွင်းဘေးတွင် ထိုင်ကာ ငိုကြွေးနေသော ချန်တယ်ရှန်းကို တွေ့လိုက်ရ၏။

ဖန်ကျန်းရီမှာ အံ့အားသင့်သွားပြီး အနီးသို့ ကပ်သွားကာ တစ်ချက် ကန်လိုက်သည်။ “သူတို့ ခင်ဗျားကို တကယ်ပဲ သင်းကွပ်လိုက်တာလား။ ဘာလို့ ငိုနေတာလဲ။”

ချန်တယ်ရှန်းက မျက်ရည်များကို သုတ်လိုက်၏။ “ခင်ဗျားတို့က ကျုပ်လို မိန်းမစိုး တစ်ယောက်ကို မိန်းကလေး တစ်ယောက်အပေါ် အဓမ္မကျင့်တယ်လို့ စွပ်စွဲတာ အရမ်း လွန်လွန်းတယ်။ ကျုပ်မိန်းမစိုး ဖြစ်နေလို့ ခင်ဗျားက ကျုပ်ကို အထင်သေးတာ သိပါတယ်။”

“သခင်လေး .. ကျုပ် ဒီရက်ပိုင်း အိပ်တောင် မအိပ်ရဘူး .. အဲဒီမိန်းမ အပြင်ထွက်ပြီး ပြဿနာ ရှာမှာကို ကြောက်လို့။ အခု သူက ကျုပ်ကို ပြန်ကိုက်တယ်။ ခင်ဗျားတို့ကလည်း သူ့ကို ကူညီသေးတယ်။ ကျုပ်မှာလည်း ဂုဏ်သိက္ခာ ရှိတယ်နော်။”

ဖန်ကျန်းရီမှာ ချက်ချင်း သဘောပေါက်သွားပြီး ကြည့်ရသည်မှာ ကောင်းကောင်း မအိပ်ရသောကြောင့် စိတ်ဖိစီးမှုတွေ များပြီး စိတ်ဓာတ်ကျနေတာ ဖြစ်မည်။

ထို့ကြောင့် သူ့ပခုံးကို အမြန်ပုတ်ကာ ပြောလိုက်၏။ “ဘယ်သူက မိန်းမစိုးတွေကို အထင်သေးလို့လဲ .. လျှောက်မပြောနဲ့နော်။”

ဒီစကားက ရင်ထဲကလာတဲ့ စကားအမှန်ပဲ။ ဖန်ကျန်းရီက ပါးစပ်ကသာ နည်းနည်း ကြမ်းတာ .. မိန်းမစိုးတွေကို တကယ် အထင်မသေးပါဘူး။

အဘယ်ကြောင့်ဆိုသော် သူ၏ ယခင်ဘဝက ဖြတ်သန်းခဲ့ရသော နေ့စဉ်ဘဝမှာလည်း မိန်းမစိုးတစ်ဦးနှင့် တစ်စုံတစ်ရာမျှ ကွာခြားခြင်း မရှိသောကြောင့်ပင်။

နံနက် ၇ နာရီကျော်အချိန်တွင် အိပ်ရာမှ နိုးထကာ ဘတ်စ်ကားမှတစ်ဆင့် မြေအောက်ရထားသို့ ပြောင်းစီးရပြီး ၉ နာရီခွဲတိတိတွင် ရုံးသို့ရောက်ရှိကာ လက်ဗွေနှိပ်ရသည်။

ထို့နောက် အလုပ်တာဝန်များ ခွဲဝေချထားပေးခြင်းကို ခံယူရပြီး အထက်လူကြီးနှင့် ဆုံတွေ့ပါက ခေါင်းငုံ့၍ အရိုအသေ ပေးရပြန်၏။

အကယ်၍ အထက်လူကြီးက ဓာတ်လှေကားအတွင်းသို့ အလျင် ဝင်ရောက်သွားပါက သူသည် လိုက်ပါစီးနင်းမည် မဟုတ်ပေ။ သို့မဟုတ်ပါက အနေရခက်သော အခြေအနေနှင့် ရင်ဆိုင်ရပေမည်။

ည ၉ နာရီတိုင်အောင် အချိန်ပို အလုပ်ဆင်းရပြီးနောက် မြေအောက်ရထားမှတစ်ဆင့် ဘတ်စ်ကားသို့ ပြောင်းစီးကာ အိမ်ပြန်ရပြန်သည်။

လမ်းခရီးတစ်လျှောက်၌ လူဆိုးလူမိုက်များက မိန်းကလေးတစ်ဦးအား အနိုင်ကျင့် နှောင့်ယှက်နေသည်ကို မြင်တွေ့ရပါက ကူညီလိုစိတ်များ ပေါ်ပေါက်လာသော်ငြားလည်း ပြန်လည်မတိုက်ခိုက်နိုင်မည်ကို စိုးရွံ့မိသည်။ ထိုထက်ပို၍ ကြောက်ရွံ့မိသည်မှာ သူ့ကို လူဆိုးက ပြန်လည်နှိမ်နင်းနိုင်သွားမည့် အရေးကိုပင် ဖြစ်သည်။ သို့ဖြစ်ရာ စိတ်အစဉ်၌သာ ထိုလူဆိုးများအား ဓားဖြင့် နှစ်ချက်ခန့် ထိုးသွင်းလိုက်ပြီးနောက် မည်သည့်အရာမျှ မဖြစ်ပွားခဲ့သည့်အလား ခပ်သုတ်သုတ်သာ လျှောက်လှမ်း ထွက်ခွာလာခဲ့ရ၏။

ခြေကုန်လက်ပန်းကျလျက် ခွေးသေတစ်ကောင်ပမာ ပင်ပန်းနွမ်းနယ်စွာဖြင့် အိမ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက်၊ မျက်နှာသစ် သွားတိုက်ကာ တစ်တော့ ဗီဒီယိုများကို ကြည့်ရှုရသည်။ သတင်းများကို ဖတ်ရှုရင်း ဒေါသအမျက် ထွက်လာသောအခါ ကျိန်ဆဲလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။

မှတ်ချက်ရေးသားရာ နေရာတွင် အချိန်ယူကာ ရှည်လျားစွာ ရေးသားပြီးနောက် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် ရေးသားထားသမျှကို အကုန်ပြန်ဖျက်ပစ်ပြီး အပြုံးပုံစံ အီမိုဂျီလေးတစ်ခုကိုသာ ပေးပို့ခဲ့ရသည်။ တော်ကြာ အိမ်သို့လိုက်လာပြီး ပါးရိုက်မည်ကို စိုးရသေး၏။

စိတ်အပန်းပြေစေရန် အလို့ငှာ ကုတင်ပေါ်၌ လှဲလျောင်းရင်း အွန်လိုင်းဝတ္ထုများကို ဖတ်ရှုပြန်သည်။ အမှန်စင်စစ် ထိုဝတ္ထုများမှာလည်း ဆင်ဆာဖြတ်တောက်ခံထားရသော အရာများချည်းသာ ဖြစ်နေသည်။

သူ၏ ယခင်ဘဝက ဖြတ်သန်းခဲ့ရပုံမှာ ဤကဲ့သို့သော ဘဝမျိုးပင် ဖြစ်လေရာ... မိန်းမစိုးများအပေါ် အထင်အမြင် သေးရန် လုံးဝ အရည်အချင်း မရှိခဲ့ပေ။

ဖန်ကျန်းရီသည် အစဉ်အမြဲ တွေးတောမိသည်။ ဤလောကကြီး၌ မိန်းမစိုးဟူသည် လုံးဝ မရှိပေ။ အမှန်စင်စစ်အားဖြင့် လူတိုင်းသည် မိန်းမစိုးများပင် ဖြစ်ကြသည်။ လူသားများ၌ လိုအပ်နေသော အစိတ်အပိုင်းများမှာ အစစ်အမှန်နှင့် အတုအယောင်ဟူ၍ မတူညီ ကွဲပြားနေကြခြင်းသာ ဖြစ်ပေသည်။

ချန်တယ်ရှန်း ဝမ်းနည်းနေဆဲ ဖြစ်သည်ကို ကြည့်ကာ ဖန်ကျန်းရီက မတတ်နိုင်ဘဲ နှစ်သိမ့်လိုက်၏။ “ရပြီ .. တော်လောက်ပြီ .. ကျုပ်တောင်းပန်ပါတယ်။”

“မဝံ့ရဲပါဘူး။” ဖန်ကျန်းရီက တောင်းပန်သည်ကို ကြားလိုက်ရသောအခါ ချန်တယ်ရှန်းက လန့်ဖျပ်သွားပြီး ပုံမှန် ပြန်ဖြစ်သွားသည်။

“ယီပိုင်က ကျုပ်နဲ့အတူ ပါလာတယ်။ ခင်ဗျား ပျောက်နေတဲ့ ရက်ပိုင်းအတွင်းမှာ သူ အမြဲတမ်း စိတ်ပူနေတာ .. သွားကြည့်လိုက်အုံး။”

ချန်တယ်ရှန်းက အလျင်အမြန် ခုန်ထလိုက်၏။ “မင်းသမီးလေးလည်း ပါလာတယ် ဟုတ်လား။”

“အင်း ... ရုံးတော်အပြင်ဘက်က အနီးဆုံး အိမ်မှာ .. သွားတော့။”

ချန်တယ်ရှန်းက နောက်ဖေးမှ အလျင်စလို ပြေးထွက်သွားသည်။ သူ နောက်ဖေးမှ ထွက်သွားသည်နှင့် ပိုင်ရွေ့က ခြေလှမ်းသုတ်သုတ်ဖြင့် အပြင်မှ ဝင်လာ၏။

လက်ထဲတွင် စာအိတ်တစ်ထပ်ကို ကိုင်ထားပြီး ဖန်ကျန်းရီကို တွေ့သည်နှင့် အလျင်အမြန် ကပ်သွားကာ ပြောလိုက်သည်။ “သခင်လေး .. အရေးကြီးတဲ့ သဲလွန်စ တွေ့ထားတယ်။”

“ဒီစာတွေက လွီရန်ကျဲရဲ့ မယားငယ် အခန်းထဲကနေ ရှာတွေ့ခဲ့တာ။ ဒီကောင်က လျှို့ဝှက်အခန်းကို ဘေးခန်းမှာ လုပ်ထားတာ .. ကျုပ် တော်တော်လေး ရှာလိုက်ရတယ်။ သခင်လေး ကြည့်ကြည့်ပါ။”

ဖန်ကျန်းရီ အလွန် ဝမ်းသာသွား၏။

ယနေ့တော့ ဝမ်းသာစရာ ကိစ္စတစ်ခုပြီးတစ်ခု ဖြစ်လာတာပဲ။ ကြည့်ရတာ အမှုပြီးလို့ မြို့တော်ကို ပြန်ရတော့မည် ထင်သည်။

သူက စာအိတ်များကို ယူကာ ဖွင့်ဖတ်ကြည့်ပြီး ငါးစောင် ဆက်တိုက် ဖတ်ပြီးနောက်တွင် ချွေးစေးများ အလိုလို ထွက်လာ၏။

သူ၏ မျက်နှာ အလွန် လေးနက်နေသည်ကို မြင်သောအခါ ပိုင်ရွေ့က မေးလိုက်သည်။ “သခင်လေး .. ဒီအထဲမှာ လျိုရွှန်းရဲ့ သဲလွန်စတွေ ပါလား။”

“ပါတာပေါ့ ... လျိုရွှန်း အကြောင်းတင် မဟုတ်ဘူး။”

ဖန်ကျန်းရီက တံတွေးမြိုချလိုက်ပြီး စာအိတ်များကို ထပ်မံ သေချာ ကြည့်လိုက်၏။

စာနှစ်စောင်က ဝူမင်းသားနဲ့ ပတ်သက်နေတယ်။ တစ်စောင်က ဝူမင်းသားရဲ့ အကြောင်းပြန်စာတောင် ဖြစ်နေသေးတယ်။

လျိုရွှန်းရဲ့ ငွေတွေက ၊ လွီမိသားစုရဲ့ ငွေတွေက ၊ ဆားကုန်သည်တွေက .. ဒါ ဝူမင်းသားခိုင်းတာပဲ ...

ဝူမင်းသား... လွီမိသားစု နောက်ကွယ်က ဝူမင်းသားလား .. ဒီလူ ကျားသည်းဝက်သည်း စားထားတာလား .. ဒီလိုငွေမျိုးတောင် ရှာရဲတယ်ပေါ့ ...

စာလွှာပါ အပြန်အလှန် ပြောဆိုချက်များကို ထောက်ရှုကြည့်ပါက လွီမိသားစု၏ မှောင်ခိုဆားလုပ်ငန်း အများစုကို ဝူမင်းသားကိုယ်တိုင် စီစဉ် ညွှန်ကြားပေးထားသည်နှင့် တူသည်။

ပြဿနာအရပ်ရပ်မှာ ရုတ်ခြည်းပင် ကြီးမားကျယ်ပြန့်သွားသည်။ မူလက သူ၏ ထင်မြင်ချက်မှာ မြို့တော်ရှိ ရာထူးအာဏာ ကြီးမားသော မှူးမတ်တစ်ဦးဦး၏ မိသားစုက နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေခြင်း ဖြစ်မည်ဟု မှတ်ယူထားခဲ့ခြင်း ဖြစ်သည်။

ယခုမူ တော်ဝင်အနွယ်ဝင်များနှင့်ပါ ပတ်သက်ဆက်နွှယ်လာပြီဖြစ်ရာ ဤကိစ္စရပ်အပေါ် သူကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ရန် အလျဉ်း ဖြစ်နိုင်တော့မည် မဟုတ်ချေ။

“ပိုင်ရွေ့ .. ကျုပ်တို့လူတွေကို အကြောင်းကြားလိုက် .. ဒီရက်ပိုင်း ပစ္စည်းတွေသိမ်းထားပြီး လူအင်အား ထပ်ရှာ။ ငွေတိုက်ထဲက ငွေတွေကို မြို့တော်ကို ပို့ဖို့ ပြင်ဆင်ထား။”

ပိုင်ရွေ့က မေးလိုက်၏။ “သခင်လေး .. ဒါဆို ဒီက ပြည်သူတွေရဲ့ အမှုတွေကရော ...”

“ကိုယ်တိုင် ဆက်စစ်နေစရာ မလိုတော့ဘူး။ မထွက်သွားခင်မှာ လူတချို့ချန်ထားပြီး ဆက်စစ်ခိုင်းလိုက်။ ဝမ်ချန် ဆီကလည်း ဘာမှ ထပ်သိစရာ မရှိတော့ဘူး။ ပြည်သူတွေ စိတ်အေးသွားအောင် မနက်ဖြန် ဥပဒေအတိုင်း လူပုံလယ်မှာ ကွပ်မျက်မယ် .. ကျုပ်ကိုယ်တိုင် ကြီးကြပ်မယ်။”

ပိုင်ရွေ့က ခေါင်းညိတ်ပြီး ပြန်ထွက်သွား၏။

ဖန်ကျန်းရီက စာများကို ဆက်ဖတ်နေပြီး ဖတ်လေဖတ်လေ ပိုအံ့သြလေ ဖြစ်လာသည်။

ငွေကြေးနှင့် ပတ်သက်သည့် အကြောင်းအရာများ များစွာ ပါဝင်ခြင်း မရှိသော်ငြားလည်း လူပုဂ္ဂိုလ် နေရာချထားမှုများနှင့် မှောင်ခိုဆား ရောင်းဝယ်ရေး အဆက်အသွယ် ပြောင်းလဲမှုများက အဓိက နေရာယူထားသည်။

သို့ရာတွင် ခြုံငုံသုံးသပ်ကြည့်ပါက တောက်ယွမ်ခရိုင်၏ လုပ်ငန်းစဉ် ပုံစံနှင့် ပိုမို တူညီလာသကဲ့သို့ ရှိ၏။

တစ်ဆင့်ပြီးတစ်ဆင့် အချိတ်အဆက်မိမိ ဆောင်ရွက်ထားပုံကို ထောက်ရှုလျှင် ဝူမင်းသားသည် စီးပွားရေးအမြင် အတော်အတန် စူးရှထက်မြက်သူ ဖြစ်ကြောင်း ပေါ်လွင်နေသည်။

သို့သော်လည်း နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအပေါ် အခြေခံ၍ ပူးပေါင်းထားခြင်းသာ ဖြစ်သောကြောင့် ၎င်းတို့၏ ဆက်ဆံရေးမှာ များစွာ ခိုင်မာလှသည် မဟုတ်ကြောင်း ယူဆရသည်။ သို့မဟုတ်ပါက ဤကဲ့သို့သော စာလွှာများကို အထောက်အထားအဖြစ် ချန်ရစ်ထားခဲ့လိမ့်မည် မဟုတ်ချေ။

စဉ်းစားနေစဉ်မှာပင် ချန်တယ်ရှန်းက ချွေးသီးချွေးပေါက်များဖြင့် ပြန်ပြေးလာ၏။ “သခင်လေး .. ကိစ္စကြီး ဖြစ်ပြီ။”

“ဘာဖြစ်ပြန်ပြီလဲ။” ဖန်ကျန်းရီက စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

“ကျုပ် ခုနက မင်းသမီးလေးကို သွားတွေ့တာ .. သူက ပြောတယ် ဒီတစ်ခေါက် ခင်ဗျားနဲ့အတူ လိုက်လာတာ .. အိမ်ပြန်ရောက်ရင် တောက်ယွမ်ခရိုင်ကနေ ထွက်သွားပြီး ကလဲ့စားချေဖို့ ဆက်လုပ်မယ်တဲ့။”

“မဆုံးနိုင်တော့ဘူးလား။”

ဖန်ကျန်းရီက မတတ်နိုင်ဘဲ ဒေါသတကြီး ပြောလိုက်၏။ “ကျုပ်သူ့ကို နှစ်ကြိမ်လောက် ရိုက်နှက်လိုက်မှ ငြိမ်သွားမှာလား .. အသက်ရှင်ရတာ မကောင်းလို့လား။”

ဤကိစ္စရပ်များနှင့် ခေါင်းခဲနေရသည့်အထဲ ယခုအခါ ခေါင်းခဲစရာ ကိစ္စရပ် နောက်တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။

ရွှေယီပိုင်၏ ခေါင်းမာတတ်သော အကျင့်စရိုက်မှာ ဤမျှတိုင် ဆိုးရွားပြင်းထန်လှပြီး ကလဲ့စားချေရန် စိတ်ကူး ကြံစည်နေလိမ့်ဦးမည်ဟု ထင်မှတ်မထားခဲ့မိပေ။ ဤသည်မှာ ပြဿနာကို တမင်သတ်သတ် ရှာကြံနေခြင်းပင် မဟုတ်ပါလား။

သူ ဒေါသထွက်နေသည်ကို မြင်သောအခါ ချန်တယ်ရှန်းက အလျင်အမြန် ဖျောင်းဖျလိုက်၏။ “သခင်လေး စိတ်လျှော့ပါ .. မင်းသမီးလေးက ငယ်သေးလို့ နားမလည်သေးတာပါ။ ဒီကိစ္စကို ဖြေရှင်းဖို့ ကျုပ်မှာ နည်းလမ်း ရှိပါတယ်။”

ဖန်ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ “ဘာနည်းလမ်းလဲ။”

ချန်တယ်ရှန်းက ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး လူမရှိသည်ကို သေချာမှ နားနားကပ်ကာ ပြောလိုက်၏။ “ဒီည ကျုပ် မင်းသမီးလေးကို ဆေးခတ်ပြီး ခင်ဗျားရဲ့ အခန်းထဲ ပို့ပေးမယ် .. ခင်ဗျားတို့ နှစ်ယောက် လင်မယား ဖြစ်သွားရင် ... မင်းသမီးလေး ကိုယ်ဝန်ရသွားရင် ကလဲ့စားချေဖို့ စဉ်းစားတော့မှာ မဟုတ်ဘူး။”

“...”

ဖန်ကျန်းရီက ခေါင်းမော့ကာ ချန်တယ်ရှန်းကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

ချန်နိုင်ငံ ပျက်သုဉ်းသွားတာ အံ့သြစရာ မရှိဘူးပဲ ... ဧကရာဇ် ဘေးမှာ ဒီလို လူတော်တွေ ရှိနေတာကိုး …. တကယ် မလွန်ပါဘူး။

All Chapters