အခန်း ၄၅၉
Vol. 26 Ch. 459
အပိုင်း (၄၅၉) ငှက်ကို တစ်သက်လုံး ပစ်လာတာ။
ဝူမင်းသား၏ အကြောင်း ပေါ်ထွက်လာပြီဖြစ်ရာ ဟိုင်ယွမ်မြို့တွင် ဆက်နေရန် အကြောင်းပြချက် မရှိတော့ချေ။
နောက်တစ်နေ့ နံနက်စောစောတွင်ပင် ဖန်ကျန်းရီသည် ဝမ်ချန်အား ကွပ်မျက်မည့်အကြောင်းကို ပြည်သူများ သိရှိစေရန် အမှုစစ်များကို လမ်းမများပေါ်တွင် အသိပေးကြေညာခိုင်းလိုက်သည်။
ဝမ်ချန် တစ်ယောက်တည်း မဟုတ်ဘဲ သူနှင့်အတူ မကောင်းမှုများ ပြုလုပ်ခဲ့သော အမှုစစ်များကိုပါ ဈေးထဲရှိ ကွပ်မျက်ရာ နေရာသို့ ခေါ်ဆောင်သွားမည် ဖြစ်၏။
ထိုအထဲတွင် ယခင်က ငွေတိုက်၌ ငွေသယ်ခဲ့သူများလည်း ပါဝင်သည်။
ဖန်ကျန်းရီသည် တိတ်တဆိတ် ဖြေရှင်းရန် မရည်ရွယ်တော့ပေ။ မူလက ဤနေရာတွင် အချိန်အတန်ကြာ နေထိုင်ကာ အခြေအနေများကို ဖြည်းဖြည်းချင်း ဖြေရှင်းရန် စဉ်းစားထားသော်လည်း ယခုတော့ အားလုံးသိအောင် ပြင်းပြင်းထန်ထန် အပြစ်ပေးရန် ဆုံးဖြတ်လိုက်၏။
သူ ထွက်သွားသည်နှင့် အာဏာကွက်လပ် ဖြစ်သွားပြီး ပြည်သူများ စိုးရိမ်ပူပန်လာကာ အဖွဲ့အစည်းသစ်များ အခွင့်ကောင်းယူ ကြီးစိုးလာမည်ကို စိုးရိမ်မိသည်။
ယခု ပြစ်မှုကျူးလွန်သူ အားလုံးကို အပြစ်ပေးလိုက်ခြင်းက ပြည်သူများကို စိတ်အေးစေရုံသာမက အခြားသော အရာရှိများနှင့် အမှုစစ်များကိုလည်း သတိပေးရာ ရောက်သည်။
အချိန်အတန်ကြာ တောင့်ခံထားပြီး အထက်မှ လူအသစ် စေလွှတ်လာသည့်အခါ နောက်ရောက်လာမည့်သူက အခြေအနေများကို ဖြည်းဖြည်းချင်း ပြန်လည် စီစဉ်နိုင်မည်။
တစ်မနက်ခင်းလုံး အကြီးအကျယ် ကြေညာပြီးနောက် ဈေးထဲရှိ ကွပ်မျက်ရာနေရာတွင် လူများ ပြည့်နှက်နေပြီး မရေမတွက်နိုင်သော ပြည်သူများက ပခုံးချင်းပွတ်ကာ ကြိတ်ကြိတ်တိုး နေကြသည်။
ဝမ်ချန်၏ ပြစ်မှုများကို ဖန်ကျန်းရီက ကြိုတင် စစ်ဆေးပြီးပြီ ဖြစ်၏။
ပြစ်မှုများစွာ ပေါင်းစပ်ထားသဖြင့် သာမန် ခေါင်းဖြတ်သတ်ခြင်း မဟုတ်ဘဲ ဆွေမျိုးသုံးဆက် ကွပ်မျက်ခြင်း နှင့်အတူ ခါးဖြတ်သတ်ခြင်း ပြစ်ဒဏ် ချမှတ်လိုက်သည်။
ဆွေမျိုးသုံးဆက် ကွပ်မျက်ခြင်းကိုတော့ ဖန်ကျန်းရီ မလုပ်ရက်သဖြင့် ဝမ်ချန်၏ ဆွေမျိုးသုံးဆက်ကို ထောင်ထဲတွင်သာ ဖမ်းဆီးထားပြီး အခြားသူများ ဖြေရှင်းရန် ချန်ထားခဲ့၏။
ဝမ်ချန်ကတော့ ခါးဖြတ်သတ်ခြင်း ခံရမည်။
အမှန်အတိုင်း ပြောရလျှင် ခါးဖြတ်သတ်ခြင်းက အလွန် ရွံစရာကောင်းသဖြင့် ဖန်ကျန်းရီ မူလက မလုပ်ချင်ခဲ့ဘဲ ခေါင်းဖြတ်သတ်ရုံဖြင့် လုံလောက်ပြီဟု ထင်ခဲ့သည်။
သို့သော်ငြား ပြစ်မှု အထောက်အထားများ တစ်ခုပြီးတစ်ခု သူ့ရှေ့ ရောက်လာသောအခါ သူ၏ စိတ်နှလုံးလည်း မာကျောသွား၏။
လွီမိသားစုအတွက် ပြည်သူများ၏ လယ်ယာမြေများကို လုယူပေးခြင်း .. ဆားချက်လုပ်သားများကို အတင်းအဓမ္မ ဖမ်းဆီးခြင်း .. လွီရန်ကျဲအတွက် မိန်းမလှလေးများကို ရှာဖွေပေးခြင်း .. အဘိုးကြီးလွီ၏ မွေးနေ့အတွက် တစ်မြို့လုံးရှိ ပြည်သူများကို အတင်းအကျပ် ဆင်နွှဲခိုင်းခြင်း ...
ထိုအထဲပါ ကိစ္စရပ်တစ်ခုစီတိုင်းသည် လူတို့၏ အသက်များဖြင့် သွေးစွန်းနေခဲ့ရသော အမှုအခင်းများချည်းသာ ဖြစ်သည်။ ပြည်သူပြည်သားတို့၏ သွေးနှင့်ချွေးများသာဖြစ်သည်။ ခါးပိုင်းဖြတ်၍ ကွပ်မျက်မည် ဆိုလျှင်ပင် သတ်သင့်သတ်ထိုက်လှသည်။
အခြားသော ပြစ်မှုကျူးလွန်သည့် အမှုစစ်များကိုတော့ ဝမ်ချန်၏ ဘေးတွင် ကြိုးတုပ်ထားပြီး ထိုလူများကို မနေ့ညကမှ ထောင်ထဲသို့ ဖမ်းဆီးခေါ်ဆောင်လာခြင်း ဖြစ်၏။
အချို့က ငွေတိုက်မှ ရွှေငွေများ ယူပြီးနောက် ရုံးတော်မှ နုတ်ထွက်သွားကြသည်။
ထိုငွေတုံး တစ်သောင်းကျော်တန် ရွှေငွေများကို သူတို့ သေချာ သိမ်းဆည်းထားပြီးပြီ ဖြစ်၏။
ငွေလဲဌာန၌ အပ်နှံထားပါက လုံခြုံစိတ်ချရပြီဟု ထင်မှတ်ထားခဲ့သော်ငြားလည်း မျှော်လင့်မထားဘဲ ညတွင်းချင်းပင် အရာအားလုံး သိမ်းဆည်းခံလိုက်ရ၏။
အလိုတူအလိုပါများမှာသေဒဏ်ကျခံရမည့် အခြေအနေသို့ မရောက်ရှိခဲ့ပေ။ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ လူအများရှေ့မှောက်၌ ကြိမ်ဒဏ်ပေးရန်သာ ဆုံးဖြတ်ချက် ချမှတ်ထားသည်။
ကွပ်မျက်ရာ စင်မြင့်ပေါ်တွင် ပြစ်မှုကျူးလွန်သည့် အမှုစစ်များက မတရားခံရကြောင်း ငိုယိုအော်ဟစ်နေကြပြီး အောက်ဘက်ရှိ ပြည်သူများကလည်း ဆဲဆိုကာ ဟင်းသီးဟင်းရွက် အကြွင်းအကျန်များဖြင့် စင်မြင့်ပေါ်သို့ ပစ်ပေါက် နေကြ၏။
ဖန်ကျန်းရီက တရားသူကြီး စားပွဲနောက်တွင် တိတ်ဆိတ်စွာ ထိုင်လျက် ဤမြင်ကွင်းကို ကြည့်နေပြီး ဘေးတွင်တော့ ရွှေယီပိုင်က အဖော်ပြုပေးနေသည်။
အောက်ခြေလူတန်းစားတို့ မည်သို့သော ဘဝမျိုးဖြင့် ရှင်သန်နေထိုင်ကြရသည်ကို သူ အလွန်တရာ နားလည်သဘောပေါက်သည်။
လူ့သဘာဝတရားသည် လုံးဝဥဿုံ ဖိနှိပ်ချုပ်ချယ်ခံထားရသည့်အလျောက် ယခုကဲ့သို့ ရှားပါးလှသော အခွင့်အရေးလေး ရရှိခိုက်တွင် ရင်ဖွင့်ထုတ်ဖော်ခွင့် ရရှိခြင်းကလည်း ကောင်းမွန်လှသည်။
သို့ရာတွင် ဝမ်ချန်မှာမူ အသက်ရှင်သန်ရန် မျှော်လင့်ချက်ကို လုံးဝ လက်လွှတ်စွန့်လွှတ်လိုက်ပြီဖြစ်ဟန် တူသည်။ ငိုယိုခြင်းလည်း မရှိသကဲ့သို့ အော်ဟစ်ခြင်းလည်း မပြုချေ။ အကျဉ်းထောင်အတွင်း ရက်အနည်းငယ်ကြာ အကျဉ်းကျခံနေရစဉ်ကာလ၌ မည်သူတစ်ဦးတစ်ယောက်ကမှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုခဲ့သော်ငြားလည်း သူသည် လုံးလုံးလျားလျား ထိတ်လန့်ကြောက်ရွံ့နေခဲ့ပြီဖြစ်၏။
သူ ကျူးလွန်ခဲ့သော ပြစ်မှုများအကြောင်းကို သူကိုယ်တိုင်သာလျှင် အသိဆုံးပင် ဖြစ်သည်။
အောက်ဘက်ရှိ ဒေါသထွက်နေသော ပြည်သူများကို ကြည့်ရင်း ဝမ်ချန်၏ မျက်နှာမှာ ထုံကျင်နေပြီး မြန်မြန် အသတ်ခံရရန်ပင် တိတ်တဆိတ် မျှော်လင့်နေမိ၏။
အမိန့်ပေးသစ်သားတုံး မြေပြင်ပေါ် ကျသွားသော အသံကို ကြားလိုက်ရတော့ ဝမ်ချန်၏ မျက်နှာတွင် ထိတ်လန့်မှုများ ထွက်ပေါ်လာသော်လည်း နောက်တစ်စက္ကန့်မှာပင် ထိုထိတ်လန့်မှုများက အလွန်နာကျင်မှုအဖြစ် ပြောင်းလဲသွားသည်။
ဓားကြီး ကျလာသည်နှင့်အမျှ ပျစ်ချွဲသော သွေးများက ခါးမှနေ၍ ပန်းထွက်လာပြီး စင်မြင့်ပေါ်တွင် ဖြည်းညင်းစွာ စီးဆင်းကာ ပျံ့နှံ့သွား၏။
အောက်ဘက်ရှိ ပြည်သူများလည်း ထိုအခိုက်အတန့်တွင် အသက်ရှူရပ်သွားကြပြီး လေထုတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။
သို့ပေမည့် လူအုပ်ထဲရှိ လူအချို့၏ မျက်နှာအမူအရာကတော့ အခြားသူများနှင့် ကွာခြားနေပုံရသည်။
ဖန်ကျန်းရီလည်း အလွန် အနေရခက်လာသည်ဟု ခံစားရသည်။ သူ လူသတ်ဖူးသော်လည်း ဤသို့ သွေးထွက်သံယို ဖြစ်သည့် နည်းလမ်းများကိုတော့ မနှစ်သက်ချေ။
အနေရခက်သော်လည်း သိချင်စိတ်ဖြင့် နှစ်ချက်ခန့် ကြည့်လိုက်မိ၏။
ဝမ်ချန်က ချက်ချင်း မသေသွားဘဲ စူးရှစွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ် တစ်ဝက်က မြေပြင်ပေါ်တွင် တွဲကျနေကာ လက်နှစ်ဖက်က လေထဲတွင် နှစ်ချက်ခန့် ရမ်းခါနေသည်ကို မြင်လိုက်ရသည်။
Pikachu ၏ လျှပ်စစ်ဓာတ်အား 100,000 ဗို့ဖြင့် အပစ်ခံလိုက်ရသော Geodude နှင့် အနည်းငယ် ဆင်တူနေ၏။
ရွှေယီပိုင်မှာ ထိတ်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး နောက်လှည့်၍ ထွက်သွားရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက သူမ၏ လက်ကို ချက်ချင်း ဖမ်းဆွဲထားလိုက်သည်။
“မြင်လား .. မင်း ဧကရာဇ်ကို လုပ်ကြံလို့ အဖမ်းခံရရင် ဒီလိုပဲ သေရမှာ။ မဟုတ်ဘူး .. ဒါထက်တောင် ဆိုးအုံးမယ် .. အဝတ်အစားတွေ အကုန်ချွတ်ပြီး လူပုံလယ်မှာ အသားတွေကို တစ်လွှာချင်း လှီးထုတ်ပြီး အသတ်ခံရမှာ။”
“...”
ရွှေယီပိုင်က အံကို တင်းတင်းကြိတ်ပြီး နောက်လှည့်ကာ ဝမ်ချန်၏ ခန္ဓာကိုယ် တစ်ဝက်ကို ခေါင်းမာစွာ စိုက်ကြည့်နေလိုက်၏ ။
ဤမြင်ကွင်းကို ကြည့်ပြီး ဖန်ကျန်းရီ လုံးဝကို အရှုံးပေးလိုက်ရသည်။
တကယ်ကို အစွန်းရောက်လွန်းတဲ့ ခေါင်းမာမှုပဲ။ ဒီပုံစံအတိုင်းဆိုရင် နောက်ဆို သူ့ကို အမြဲတမ်း ဘေးမှာ ခေါ်ထားပြီး ဦးနှောက်ဆေးပေးနေမှ ရတော့မယ်။
မဟုတ်ရင် နောက်ကျ ပြဿနာကြီးတွေ လုပ်လာရင် ငါ တကယ် တောင့်ခံနိုင်မှာ မဟုတ်ဘူး။
ကျန်ရှိနေသေးသော အရာများမှာမူ ကြိမ်ဒဏ်ခတ်ခြင်းနှင့် အလုပ်ကြမ်းလုပ်စေခြင်း စသည့် ပြစ်ဒဏ်များသာ ဖြစ်လေရာ ဖန်ကျန်းရီသည်လည်း ဆက်လက်၍ ကြည့်ရှုလိုစိတ် မရှိတော့ချေ။ အဓိက တရားခံကြီးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သူ၏ ရည်ရွယ်ချက်မှာလည်း အောင်မြင်ထမြောက်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ခေါင်းလှည့်ပြီး ရုံးတော်သို့ ပြန်ကာ အခြားသော အလုပ်များကို ဆက်လုပ်နေလိုက်၏။
အလုပ်ရှုပ်နေစဉ် တံခါးအပြင်ဘက်မှ သတင်းပို့သံ ထွက်ပေါ်လာသည်။ “အမတ်ဖန် .. အမတ်မင်းကို မဖြစ်မနေ တွေ့ချင်တယ် .. အရေးကြီး သတင်းပေးစရာ ရှိတယ်လို့ ပြောတဲ့ ပြည်သူတွေ ရောက်နေပါတယ်။”
ဖန်ကျန်းရီက ခေါင်းမမော့ဘဲ ပြောလိုက်၏။ “အင်း .. ခေါ်လာခဲ့။”
ခဏအကြာတွင် အခန်းထဲသို့ လူအနည်းငယ် ဝင်လာသည်။ အဝတ်အစားများက သပ်ရပ်ကာ ချမ်းသာကြွယ်ဝသူများ ဖြစ်ပုံရသည်။
ဖန်ကျန်းရီက သူတို့ကို အထက်အောက် အကဲခတ်လိုက်ပြီး ပြောလိုက်၏။ “ဘာအရေးကြီး ကိစ္စ ရှိလို့ ကျုပ်ကို မဖြစ်မနေ တွေ့ချင်ရတာလဲ .. အပြင်မှာ ခင်ဗျားတို့ အမှုတွေကို စစ်ပေးမယ့်သူတွေ ရှိတယ် မဟုတ်လား။”
ခေါင်းဆောင်ဖြစ်သူက ခေါင်းငုံ့ကာ သူခိုးတစ်ယောက်လို ဘေးဘီဝဲယာကို အရင် ကြည့်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။ “အမတ်ဖန် .. ကျုပ်တို့ဆီမှာ လွီမိသားစုနဲ့ ပတ်သက်တဲ့ အရေးကြီး သက်သေခံ ပစ္စည်း တစ်ခု ရှိပါတယ် .. အမတ်မင်း ကိုယ်တိုင် လာကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်။”
ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်၏။ “ဒီကို ယူလာခဲ့လေ။”
“ယူလာလို့ မရပါဘူး ... ကျုပ်အိမ်မှာပါ .. အရမ်းကို တန်ဖိုးကြီးတဲ့ ပစ္စည်းလေးမို့ပါ။”
“တန်ဖိုးကြီး ပစ္စည်း .. ဘယ်လောက်တောင် တန်ဖိုးကြီးလို့လဲ။” ဖန်ကျန်းရီ အနည်းငယ် စိတ်ဝင်စားသွားသည်။
“တန်ဖိုးဖြတ်လို့ မရပါဘူး .. ပစ္စည်းက အရမ်းကြီးပြီး အတားအဆီးတွေလည်း အများကြီး ရှိပါတယ်” ခေါင်းဆောင်ဖြစ်သူက တည်ကြည်စွာ ပြောလိုက်၏။
“ပြောစရာ ရှိတာ တည့်တည့်ပြောလေ .. ဘာလို့ ဝှက်ထားရတာလဲ။” သူ့ပုံစံကို ကြည့်ပြီး ဖန်ကျန်းရီက စိတ်မရှည်တော့ချေ။
စကားဝှက်တွေ လာလုပ်နေတာလား .. ကျုပ်က အဲဒီလို လုပ်တာကို အမုန်းဆုံးပဲ။
“ဟုတ်ကဲ့ ... လွီမိသားစု သခင်လေးက အော်ဒါမှာထားတဲ့ ကျောက်စိမ်းခွက်ကြီး တစ်ခုပါ .. အရမ်းလှတဲ့ ကျောက်စိမ်းနဲ့ ထုဆစ်ထားပြီး လူတစ်ရပ်လောက် မြင့်ပါတယ် .. ကျုပ်က ကျောက်စိမ်းကုန်သည်ပါ .. လွီမိသားစု သခင်လေးက ကျုပ်တို့ကို အတင်းအကျပ် အော်ဒါမှာခိုင်းတာပါ .. လွီအိမ်တော်ကို မပို့ရသေးပါဘူး။”
ကျောက်စိမ်းခွက်ကြီး။
ဖန်ကျန်းရီ ချက်ချင်း စိတ်ဝင်စားသွား၏။
ဒီပစ္စည်းကို သာမန် ပြည်သူတွေ သုံးလို့မရဘူး .. ဧကရာဇ်ရဲ့ သင်္ကေတလေ .. ပြီးတော့ လူတစ်ရပ်လောက် မြင့်တဲ့ ကျောက်စိမ်းခွက်ကြီးဆိုတော့ ...
“ခင်ဗျားပြောတာ တကယ်လား။”
“တကယ်ပါ .. ကျုပ်တို့က အပြင်ကို ထုတ်မလာရဲပါဘူး .. ဖျက်ဆီးပစ်ရမှာလည်း နှမြောလို့ အမတ်မင်းကို ဖြေရှင်းပေးဖို့ လာတောင်းဆိုတာပါ။”
ငါ့ကို ဖြေရှင်းပေးဖို့ လာတောင်းဆိုတာ ဟုတ်လား ...
လူတစ်ရပ်လောက် မြင့်တဲ့ ကျောက်စိမ်းခွက်ကြီး .. အရမ်းလှတဲ့ ကျောက်စိမ်း .. ဒီပစ္စည်းကို နန်းတော်ထဲ သယ်သွားပြီး တင်တောင်းတဲ့ ပစ္စည်းအဖြစ် ပေးလိုက်ရင် .. အခု လုပ်ခဲ့တဲ့ ကုသိုလ်တွေနဲ့ ပေါင်းလိုက်ရင် ဧကရာဇ် ယောက္ခမကြီး သဘောကျပြီး သမီးတစ်ယောက် ထပ်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ။
ပြီးတော့ ဒီလောက်ကြီးတဲ့ ကျောက်စိမ်းကို ငါ့ရဲ့ အရင်ဘဝက တီဗီထဲမှာပဲ မြင်ဖူးတာ။
အခုဆို တစ်မြို့လုံးက ငါ့ရဲ့ လက်အောက်မှာ ရောက်နေပြီ .. အရေးကြီး ကိစ္စတွေလည်း သိပ်မရှိတော့ဘူးဆိုတော့
...
စဉ်းစားနေရင်းနှင့် ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်မှ အပြုံးများက တဖြည်းဖြည်း မောက်မာလာ၏။
“ကောင်းပြီ .. သက်သေခံ ပစ္စည်းကို ကိုယ်တိုင် လာအပ်တာဆိုတော့ ကုသိုလ် အကြီးကြီး ရမှာပေါ့ .. ကျုပ် နည်းနည်း ပြင်ဆင်လိုက်အုံးမယ် .. ပြီးရင် ခင်ဗျားတို့နဲ့အတူ အဲဒီ ကျောက်စိမ်းခွက်ကြီးကို သွားကြည့်ကြမယ်။”
မကြာမီမှာ ဖန်ကျန်းရီသည် ကျိုးထျဲ့နှင့်အတူ ကျောက်စိမ်းကုန်သည် အချို့ကို ခေါ်ကာ ကျောက်စိမ်းခွက်ကြီးကို သွားကြည့်ရန် ထွက်လာခဲ့သည်။
ကျန်းပြောင် မပါတော့ အရံသက်တော်စောင့်တွေကိုသာ ခေါ်သွားရတာပေါ့။
ခြံဝင်းထဲသို့ ရောက်သောအခါ ဖန်ကျန်းရီက လက်နှစ်ဖက်ကို ပွတ်သပ်ကာ မျှော်လင့်တကြီး မေးလိုက်၏။ “ခွက်ကြီးက ဘယ်မှာလဲ။”
“ဟိုမှာပါ .. အမတ်မင်း ကြည့်ကြည့်ပါ ...”
ဖန်ကျန်းရီနှင့် ကျိုးထျဲ့တို့ နှစ်ယောက်စလုံးက ကျောက်စိမ်းကုန်သည် ညွှန်ပြရာဘက်သို့ တပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။
ခေါင်းလှည့်လိုက်သည့် အခိုက်အတန့်မှာပဲ နောက်စေ့ကို အပြင်းအထန် အရိုက်ခံလိုက်ရသလို ခံစားလိုက်ရ၏။
ဖန်ကျန်းရီ၏ မျက်လုံးများ ပြာဝေသွားပြီး အသိစိတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“ချီးတဲ့မှ …”