← Chapters

အခန်း ၄၆၁

Vol. 26 Ch. 461

အခန်း ၄၆၁

Vol. 26 Ch. 461

အပိုင်း (၄၆၁) ဝူမင်းသား .. ကျုပ် ခင်ဗျားဆီကနေ သင်ယူခဲ့တာ။

ချီးတဲ့မှ။ ခင်ဗျားက လူရော ဟုတ်ရဲ့လား။

သက်တော်စောင့် နှစ်ယောက်၏ ရင်ထဲတွင် ဆဲရေးတိုင်းထွာမှုများဖြင့် ပြည့်နှက်သွားသည်။ စကားပြောရန် အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးထားခဲ့သည်ကို ယခု ဤနေရာသို့ရောက်တော့ သူတို့ကို ပြန်ကိုက်လေသည်။

သက်တော်စောင့် နှစ်ယောက်၏ မျက်နှာမှာ အေးစက်စက် ရှိနေသေးသော်လည်း နဖူးမှ ချွေးစေးများ စီးကျလာခဲ့ပြီ ဖြစ်သည်။ မင်းသားက ဤလူ့အား တော်တော်လေး အလေးထားပုံရသဖြင့် သူတို့ကိုများ အပြစ်ပေးလေမည်လား မသိချေ...

ဖန်ကျန်းရီသည်ကား အခြားအရာများကို မတွေးဘဲ ဝူမင်းသား၏ သဘောထားကို ထပ်မံ စမ်းသပ်ချင်ရုံ သတ်သတ်မျှသာ ဖြစ်သည်။ ဝူမင်းသားသည် ထိုစကားကို ကြားသောအခါ မည်သည့် ထူးခြားသော အမူအရာမှ မပြဘဲ အေးအေးဆေးဆေး ပြောလိုက်၏။

“ခင်ဗျားက ခင်ဗျားရဲ့ လက်အောက်ငယ်သားကို သွားရှာတာ နည်းလမ်း ရှာချင်လို့ဆိုတာ ကျုပ်သိပါတယ်။ ကျုပ် ခင်ဗျားကို ပြောပြနိုင်တာက ဒီနေရာက ဟိုင်ယွမ်မြို့နဲ့ တော်တော်လေး ဝေးတယ် .. အင်အားအများကြီးနဲ့ ရှာရင်တောင် ဆယ်ရက်ခွဲလောက် ရှာမှ တွေ့နိုင်မယ် .. ခင်ဗျားဆီမှာ လူဘယ်လောက် ရှိလို့လဲ။

ရှာတွေ့ခဲ့ရင်တောင် ဘာဖြစ်မှာလဲ။ အခု ကျုပ်လက်အောက်မှာ လူဘယ်လောက် ရှိလဲဆိုတာ ခင်ဗျားသိလား .. သုံးထောင်တောင် ရှိတယ်နော်။ ဒါပေမဲ့ ခင်ဗျား လိမ်လိမ်မာမာ နေရင်တော့ ခင်ဗျားရဲ့ လုံခြုံရေးကို ကျုပ်အာမခံပါတယ်။”

လူသုံးထောင်... အခြေအနေက သိပ်မကောင်းလှပေ။ ဖန်ကျန်းရီ၏ ရင်ထဲတွင် လေးလံသွားသည်။

“မင်းသားရဲ့ အကြံအစည်တွေ ပေါ်သွားပြီဆိုတော့ ကျုပ်ကို ဖမ်းထားလည်း ဘာအသုံးဝင်မှာလဲ။ ပြီးတော့ မင်းသားက ခိုးကြောင်ခိုးဝှက်နဲ့ မြို့တော်က ထွက်လာတာ ပုန်ကန်ဖို့ ပြင်ဆင်နေတာလား။”

ဝူမင်းသား၏ မျက်လုံးထဲတွင် မကျေနပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

“ပုန်ကန်တယ် ဟုတ်လား .. ခင်ဗျားက ဘာလို့ ဒီလို မိုက်မဲတဲ့ မေးခွန်းမျိုး မေးရတာလဲ .. အချိန်အခါ .. နေရာ .. လူသူအင်အား ဘာတစ်ခုမှ ကျုပ်ဘက်မှာ မရှိဘဲနဲ့ ဘယ်လိုလုပ် ပုန်ကန်နိုင်မှာလဲ။”

“ဒါဆို မင်းသားက ...”

ဖန်ကျန်းရီ စကားမဆုံးခင်မှာပဲ ဝူမင်းသားက ပြတင်းပေါက်ကို ဖွင့်လိုက်ရာ ပင်လယ်လေက မျက်နှာဆီသို့ ဖြတ်သန်း တိုက်ခတ်လာသည်။

“မဟုတ်ဘူး ... ပုန်ကန်တာ မဟုတ်ဘူး .. ကိုယ်ပိုင် နိုင်ငံ ထူထောင်မလို့။”

“ထိုင်ပြီး စကားပြောရအောင် .. ကျုပ်မှာ စကားပြောဖော် မရှိတာ ကြာပြီ .. ဒီနေ့ ခင်ဗျားနဲ့ကျုပ်ရင်ဖွင့်ပြီး စကားပြောကြတာပေါ့။”

ဝူမင်းသားက ဖန်ကျန်းရီအား ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သူကိုယ်တိုင်လည်း မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သို့ပေမည့် သူ၏ အကြည့်များကမူ ပြတင်းပေါက် အပြင်ဘက်ဆီသို့သာ ရောက်ရှိနေဆဲ ဖြစ်၏။

“ဒီနေရာက ဘယ်နေရာလဲဆိုတာ ခင်ဗျား သိလား။”

“မသိပါဘူး။”

“ဒီနေရာက အရင်တုန်းက ကျုပ်ရဲ့ အပိုင်စား နယ်မြေထဲမှာ ပါတယ် .. ချန်နိုင်ငံ နယ်စပ်နဲ့ နီးတယ် .. မင်းသားတွေရဲ့ အပိုင်စား နယ်မြေတွေထဲမှာ အဆိုးဆုံးလို့ ပြောလို့ရတယ် .. သယံဇာတရော .. လူဦးရေရော ဘယ်သူမှ မျက်စိမကျတဲ့ နေရာမျိုး .. ပြီးတော့ နယ်စပ်မှာ ခဏခဏ စစ်ဖြစ်နေသေးတယ်။”

ဝူမင်းသားက အေးအေးဆေးဆေးဖြင့် အတိတ်ကို ပြန်လည် သတိရနေသည့်ဟန်ဖြင့် ပြောပြလိုက်သည်။

“ဖြစ်နိုင်တာက ဒီနေရာရဲ့ တစ်ခုတည်းသော အားသာချက်က သဘာဝ ဆိပ်ကမ်းကောင်း တစ်ခု ရှိနေတာပဲ။ လွန်ခဲ့တဲ့ ရှစ်နှစ်က သင်္ဘောအုပ်စု တစ်စုက ဆိပ်ကမ်းကို မတော်တဆ ရောက်လာတယ် .. ကျုပ်ကိုယ်တိုင် သွားကြည့်တော့ တစ်ခါမှ မမြင်ဖူးတဲ့ လူမျိုးတွေကို တွေ့ခဲ့ရတယ်။

အဲဒီလူတွေကို ကျုပ်ဖမ်းထားလိုက်တယ် .. ဘာသာစကားကလည်း နားမလည်တော့ သုံးလလောက် စစ်ဆေးပြီးမှ ဒီလူတွေက မုန်တိုင်းမိပြီး ကျုပ်တို့ တာ့ကျင်းတိုင်းပြည်ကို မတော်တဆ ရောက်လာတာဆိုတာ သိရတယ်။”

ဖန်ကျန်းရီသည် တိတ်ဆိတ်စွာ နားထောင်နေပြီး ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ ဤဝူမင်းသားမှာ ကံကောင်းလွန်းလှသည်။ ထို့အပြင် နိုင်ငံရပ်ခြားမှ ရေကြောင်းသွားလာရေး နည်းပညာများမှာလည်း အတော်လေး တိုးတက်နေပြီ ဖြစ်၏။ ခရီးရှည် သွားလာနိုင်သော နည်းပညာများ ရှိနေကြသည်။ သို့ပေမည့် တာ့ကျင်းတိုင်းပြည်နှင့် မည်မျှ ဝေးကွာမည် ဆိုသည်ကိုတော့ မသိနိုင်ချေ။

“ကျုပ် သူတို့ရဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို စစ်ဆေးကြည့်တော့ သူတို့ရဲ့ သင်္ဘောတွေက ကျုပ်တို့ သင်္ဘောတွေထက် အများကြီး ပိုအဆင့်မြင့်နေတာကို တွေ့ရတယ် .. ပြီးတော့ အထဲမှာလည်း ကုန်ပစ္စည်းတွေ အပြည့်ပဲ .. ကျုပ်တစ်ခါမှ မမြင်ဖူးတဲ့ ပစ္စည်းတွေ အများကြီးပါတယ် .. အဲဒီအထဲမှာ ကန်စွန်းဥလည်း ပါတာပေါ့။”

“မင်းသားက လွန်ခဲ့တဲ့ ရှစ်နှစ်တည်းက ကန်စွန်းဥကို တွေ့ခဲ့တာလား။”

ဖန်ကျန်းရီသည် ဝူမင်းသား၏ ကံကောင်းမှုအတွက် ထပ်မံ၍ အံ့အားသင့်သွားရပြန်သည်။ ဤဝူမင်းသားမှာ သူ့ထက်ပင် အချိန်ခရီးသွား၊ ဝိညာဉ်ကူးပြောင်းသူနှင့် ပို၍ တူနေသေးသည်။

သူ့တွင် မည်သည့်အရာမှ မရှိဘဲ အခြားနေရာများသို့ သွား၍ တောင်းစားခဲ့ရ၏။ ဆား... ဆားကိုလည်း မချက်တတ်ပေ။ ကန်စွန်းဥ ဆိုသည်မှာလည်း သူတစ်ပါး၏ စားကြွင်းစားကျန်ကို ကောက်ရခြင်း ဖြစ်သည်။ ချီးလိုဘဝပင်။

“ဟုတ်တယ် .. ဒါပေမဲ့ အဲဒီတုန်းက ကျုပ် ကန်စွန်းဥရဲ့ တန်ဖိုးကို မသိခဲ့ဘူး .. ပြီးတော့ ကန်စွန်းဥက အဖိုးတန်းဆုံး ပစ္စည်းမှ မဟုတ်တာ။

ကျုပ် အဲဒီ နိုင်ငံခြားသားတွေကို တစ်နှစ်လောက် ဖမ်းထားပြီး တန်ဖိုးရှိတဲ့အရာတွေ အကုန်လုံး စုံစမ်း ထုတ်ဖော်ခဲ့တယ် .. အဲဒီအထဲမှာ ဆားချက်တဲ့ နည်းပညာလည်း ပါတာပေါ့။

ဒီလူတွေက နိုင်ငံငယ်လေးတွေက လာတာ .. သူတို့ရဲ့ နိုင်ငံတွေက ကျုပ်တို့ တာ့ကျင်းတိုင်းပြည်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး .. ဒါပေမဲ့ ဆားချက်တဲ့ နည်းပညာကတော့ အရမ်း အဆင့်မြင့်တယ် .. ပင်လယ်ကမ်းစပ်မှာ ဆားချက်တာ ကုန်ကျစရိတ် အရမ်းနည်းပြီး အမြတ်ကတော့ အများကြီး ရတယ်။”

“ဒါကြောင့် အဲဒီအချိန်ကစပြီး မင်းသားက မှောင်ခိုဆားတွေ စရောင်းတာပေါ့။”

ဖန်ကျန်းရီက မေးလိုက်သည်။ ရင်ထဲတွင်လည်း ဝူမင်းသား၏ ကံကောင်းမှုကို ထပ်မံ၍ ချီးကျူးလိုက်မိပြန်၏။

“မဟုတ်ဘူး .. ကျုပ်လက်ထဲမှာ ဆားချက်တဲ့ နည်းပညာ ရှိနေပေမဲ့ အဲဒါတွေကို ရောင်းဖို့ နည်းလမ်း မရှိခဲ့ဘူး .. နှစ်နှစ်လောက် ကြာမှ အခွင့်အရေး ရခဲ့တာ။

ခဏခဏ စစ်ဖြစ်နေတော့ အဲဒီအချိန်တုန်းက ချန်နိုင်ငံရဲ့ နိုင်ငံတော် ဘဏ္ဍာတိုက်က ပြောင်သလင်းခါနေပြီ .. စစ်စရိတ်ရှာဖို့ အစိုးရက ရာထူးတွေကိုတောင် ရောင်းချလာတယ်။ ချန်နိုင်ငံရဲ့ အခြေအနေက စတင် ရှုပ်ထွေးလာတယ် .. အကျင့်ပျက် ခြစားသူတွေ များလာတယ် .. မှောင်ခိုဆားတွေ နေရာတကာ ရောက်လာတယ် .. ဒါက ကျုပ်အတွက် အခွင့်အရေးပဲ။

သူတို့ရဲ့ နယ်စပ်စောင့် စစ်သည်တွေ လစာမရတဲ့ အချိန်မှာ ကျုပ်က ထောက်ပံ့ပေးခဲ့တာ။ လွီမိသားစုကလည်း ချန်နိုင်ငံ အခြေအနေ မကောင်းတော့ဘူးဆိုတာ သိလို့ ကျုပ်တို့ တာ့ကျင်းတိုင်းပြည်ကို ခိုလှုံဖို့ လူလွှတ်ပြီး ကျုပ်ဆီကို ရောက်လာတာပဲ။

လွီမိသားစု ရှိနေပြီဆိုတော့ ပင်လယ်ဆား ရောင်းဖို့က ပြဿနာ မဟုတ်တော့ဘူး .. မှောင်ခိုဆားကနေ တစ်ဆင့် ကျုပ်က ချန်နိုင်ငံ နန်းတွင်းအထိတောင် လူတွေ ထည့်သွင်းထားနိုင်ခဲ့တယ်။

ချန်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်ဖြစ်တဲ့ အချိန်ကို အနည်းဆုံး ကျုပ်းနှစ်လောက် ကျုပ်လျှော့ချပေးနိုင်ခဲ့တယ် .. ချန်နိုင်ငံ ဧကရာဇ် သေဆုံးတာကိုတောင် ကျုပ်ကိုယ်တိုင် စီစဉ်ခဲ့တာ။ ဒီတာ့ကျင်းတိုင်းပြည်ရဲ့ ထက်ဝက်က ကျုပ် တိုက်ယူပေးခဲ့တာပဲ။”

ဤနေရာသို့ ရောက်သောအခါ ဝူမင်းသား၏ မျက်နှာမှာ နီမြန်းလာပြီး တော်တော်လေး စိတ်လှုပ်ရှားနေပုံ ပေါ်သည်။

ဖန်ကျန်းရီမှာလည်း အလွန်ပင် အံ့အားသင့်သွားရ၏။ ချီးတဲ့မှ .. ဤဝူမင်းသားမှာ တကယ်ကို ရက်စက်သော လူပင်ဖြစ်သည်။ ဤမျှကြီးမားသော ကိစ္စရပ်များကိုပင် လုပ်ဆောင်နိုင်ခဲ့သည်လား။ သို့ပေမည့် ကြည့်ရသည်မှာ သူက ဤကိစ္စရပ်များကို ရင်ထဲတွင် မြိုသိပ်ထားရလွန်းသဖြင့် ပေါက်ကွဲထွက်လာခြင်းနှင့် တူသည်။

မည်သို့ပင်ဖြစ်စေ ဤမျှကြီးမားသော ကိစ္စများကို လုပ်ဆောင်ထားပြီးမှ အခြားသူများအား ကြွားဝါ၍ မရခြင်းမှာ ကိုယ်ချင်းစာကြည့်လိုက်လျှင်ပင် တော်တော်လေး မွန်းကြပ်စရာ ကောင်းနေ၏။

“ဒါပေမဲ့ ဧကရာဇ်က ဘာလုပ်နေလဲ .. ဟမ့် ... ချန်နိုင်ငံရဲ့ အင်အားက လုံးဝကို ကျဆင်းနေတာကို သူက စစ်ပွဲ သုံးပွဲတောင် ရှုံးခဲ့တယ်။ မင်းသားတွေရဲ့ စစ်တပ် အင်အားတွေကို သူ အလဟဿ ဖြုန်းတီးပစ်ခဲ့တယ်။

ချန်နိုင်ငံ မကျသေးဘူး .. အပြင်မှာ ရန်သူ ရှိနေသေးတာကို ဧကရာဇ်က အတွင်းရော အပြင်ပါ တပြိုင်နက်တည်း ရင်ဆိုင်ခဲ့တယ် .. ချန်နိုင်ငံကို တိုက်ခိုက်ရင်းနဲ့ မင်းသားတွေရဲ့ အာဏာကိုပါ လျှော့ချခဲ့တယ်။

မင်းသားတွေ သတိထားမိတဲ့ အချိန်ကျတော့ အသားတုံးလို အလှီးခံရဖို့ပဲ ကျန်တော့တယ်။ ကျုပ် လူသူကင်းမဲ့တဲ့ နေရာတစ်ခုကို စည်ကားတဲ့ နေရာတစ်ခု ဖြစ်အောင် ကိုယ်တိုင် ဖန်တီးခဲ့တာ .. ဒါပေမဲ့ နောက်ဆုံးကျတော့ သူများလက်ထဲ ထည့်လိုက်ရတယ်။”

ဝူမင်းသား၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

“တော်သေးတာက လွီမိသားစုက ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးလို့ .. သူတို့ကလည်း မှောင်ခိုဆား ဆိုတဲ့ အဆီအနှစ်ကို လက်မလွှတ်ချင်တော့ ကျုပ်တို့ ဆက်ပြီး ပူးပေါင်းနေခဲ့ကြတယ်။”

“ပြောရရင် ဒီထဲမှာ ခင်ဗျားရဲ့ ကျေးဇူးလည်း ပါပါတယ်။”

“ကျုပ်ရဲ့ ကျေးဇူး။” ဖန်ကျန်းရီက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

ဝူမင်းသားက ပြုံး၍ ပြောလိုက်၏။

“မှောင်ခိုဆား ရောင်းတာက အရင်က စနစ်မကျဘူး .. ဒါပေမဲ့ ကျုပ်တောက်ယွမ်ခရိုင်ကို သတိထားမိပြီး နောက်ပိုင်း ခင်ဗျားတို့ စီးပွားရေး လုပ်တဲ့ပုံစံက အပြင်လူတွေနဲ့ မတူဘူးဆိုတာ တွေ့ခဲ့ရတယ်။ အဆင့်ဆင့် ချိတ်ဆက်ပြီး ဈေးကွာဟချက်နဲ့ လူတွေကို ဆွဲဆောင်တာလေ .. ခင်ဗျားရဲ့ အဲဒီနည်းလမ်းကို မှောင်ခိုဆား ရောင်းတဲ့နေရာမှာ သုံးလိုက်တာ အကွက်ဆိုက်သွားတာပဲ။”

ဖန်ကျန်းရီမှာ ဆွံ့အသွားရသည်။ “...”

“ဒါပေမဲ့ အဲဒီလိုလုပ်တော့လည်း ပြဿနာတွေ အများကြီး ရှိလာတယ် .. ခင်ဗျားရဲ့ နည်းလမ်းက ငွေရလွယ်ပေမဲ့ ထိန်းချုပ်ရ အရမ်းခက်တယ် .. မှောင်ခိုဆားတွေ အရမ်းများလာပြီး ထိန်းချုပ်လို့ မရတော့ဘူး။ ခင်ဗျား အမှု လာမစစ်ရင်တောင် နောက်နှစ်နှစ်လောက်နေရင် အစိုးရက မှောင်ခိုဆား ပြဿနာကို သေချာပေါက် သတိထားမိမှာပဲ။”

“မင်းသားက တောက်ယွမ်ခရိုင်ကို အမြဲတမ်း စောင့်ကြည့်နေတာလား။”

“ဟုတ်တယ် .. ခင်ဗျားက တကယ့်ကို ထူးဆန်းတဲ့ လူပဲ .. ကျုပ် ခင်ဗျားဆီကနေ အများကြီး သင်ယူခဲ့ရတယ်။”

ဝူမင်းသားသည် ဖန်ကျန်းရီအား ကြည့်ကာ ပြုံးလိုက်၏။

“ခင်ဗျားကိုယ်ခင်ဗျား သေချာ ပုန်းကွယ်ထားနိုင်တယ်လို့ ထင်နေမှာပေါ့ .. ဒါပေမဲ့ ဂရုတစိုက် စောင့်ကြည့်နေတဲ့ သူရှိရင် ဒီလောကကြီးမှာ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး။

ကျုပ်လိုပဲပေါ့ .. မှောင်ခိုဆား လုပ်ငန်းက အရမ်း ကြီးထွားလာပြီဆိုတော့ ဧကရာဇ်ကသာ စုံစမ်းချင်စိတ် ရှိရင် ဘယ်သူပဲဖြစ်ဖြစ် ကျုပ်ဆီကို သေချာပေါက် ရောက်လာမှာပဲ။”

ဖန်ကျန်းရီက မျက်နှာကို ပွတ်သပ်လိုက်ပြီး စိတ်ရှုပ်ထွေးသွားသည်။

ချီးတဲ့မှ... မသိမသာ ခိုးကြည့်နေသည့် လူတစ်ယောက်၏ ပစ်မှတ် ဖြစ်သွားခဲ့ရသည်။ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှ၏။

“မင်းသား အများကြီး ပြောပြီးပြီဆိုတော့ ကျုပ် မေးခွန်း နည်းနည်းလောက် မေးလို့ ရမလား။”

“မေးပါ .. ကျုပ်သိတာတွေ အကုန် ဖြေပေးပါ့မယ်။”

All Chapters