← Chapters

အခန်း ၄၆၂

Vol. 26 Ch. 462

အခန်း ၄၆၂

Vol. 26 Ch. 462

အပိုင်း (၄၆၂) ဝူမင်းသား ကံကြမ္မာကို စိန်ခေါ်ခြင်း

“အရင်တုန်းက ကျုပ် ကျန်းကျန်းကို ကယ်ဆယ်ရေး သွားလုပ်တုန်းက လျိုရွှန်းဆီ ရောက်လာမယ်ဆိုတာ မင်းသားက ဘယ်လိုလုပ် ကြိုသိပြီး ငွေတွေကို ကြိုရွှေ့ထားရတာလဲ .. မင်းသားက အနာဂတ်ကို ကြိုမြင်နိုင်တာလား။”

ဤမေးခွန်းမှာ ဖန်ကျန်းရီ၏ ရင်ထဲတွင် ရှိနေခဲ့သည်မှာ တော်တော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

ဝူမင်းသားသည် ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီအား ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေပြီး ဘာမှ မပြောချေ။

ဖန်ကျန်းရီမှာလည်း အကြည့်ခံရသည်ကို အနေရခက်လာသဖြင့် ထပ်မံ၍ မေးလိုက်လေသည်။

“မင်းသား ဘာလို့ စကားမပြောတာလဲ။”

ဝူမင်းသားက ခဏမျှ နှုတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်၏။ “ခင်ဗျားလို ကိုယ့်ကိုယ်ကိုယ် မသိတဲ့သူမျိုး ရှားပါတယ်။”

“…...”

“ခင်ဗျားက မြို့တော်မှာ ကယ်ဆယ်ရေး လုပ်ဖို့အတွက် အရူးတစ်ယောက်လို အမတ်တွေ အကုန်လုံးကို ရန်စခဲ့တာလေ .. အဲဒီလို ရည်ရွယ်ချက်အတွက် ဘာမဆို လုပ်ရဲတဲ့ ခင်ဗျားလို လူမျိုးက နယ်ကို ရောက်သွားရင် လျိုရွှန်း ဘယ်လို အဆုံးသတ် ကောင်းနိုင်မှာလဲ။

ဒါကြောင့် ကျုပ်က ငွေတွေကို ကြိုရွှေ့ထားဖို့ လူလွှတ်လိုက်တာပေါ့။ မူလကတော့ ကပ်ဘေး ကြီးလာရင် ကျုပ်အတွက် အခွင့်အရေး ရလာမယ်လို့ ထင်ထားတာ .. ခင်ဗျားလို အပို အလုပ်လုပ်တဲ့ လူနဲ့ လာဆုံမယ်လို့ ဘယ်သူ ထင်မှာလဲ။”

“......”

“ပြီးတော့ ဟိုင်ယွမ်မြို့မှာလည်း ကျုပ်က အစောကြီးကတည်းက ရောက်နေတာ .. သတိထားပြီး လုပ်ချင်လို့ ဟိုင်ယွမ်မြို့ရဲ့ အခြေအနေကို ကြိုတင် စုံစမ်းဖို့ လူလွှတ်ထားခဲ့တာ။ အဲဒီတော့မှ လွီမိသားစုက တစ်ရက်တောင် မပြည့်ခင်မှာ ခင်ဗျားရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်ဆိုတာ သိရတယ်။ ဟင်း ... တကယ်ကို မယုံနိုင်စရာပဲ .. ခင်ဗျား အဲဒါကို ဘယ်လိုများ လုပ်ခဲ့တာလဲ။”

ကိုယ့်ကိုယ်ကိုယ် မသိဘူးဟု အပြောခံရခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ဖန်ကျန်းရီမှာ မျက်နှာပျက်သွားပြီး သူပြောသည်ကို ပြန်မဖြေတော့ဘဲ ဆက်မေးလိုက်၏။

“အမှန်အတိုင်း ပြောရရင် မင်းသားနဲ့ လွီမိသားစုရဲ့ ပတ်သက်မှုကို လွီမိသားစုရဲ့ စာတွေကလွဲပြီး တခြား ခိုင်မာတဲ့ သက်သေ ဘာမှ မတွေ့ရသေးဘူး။ မင်းသားက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ လျှို့ဝှက်ထားနိုင်ရတာလဲ။ ဘဏ္ဍာရေး ဝန်ကြီးဌာနကို သွားစစ်ရင်တောင် အမှားတစ်ခုမှ မတွေ့ရဘူး။”

“လွီမိသားစုက ဒီလောက်အထိ မှောင်ခိုဆားတွေ ရောင်းနေတာ စာရင်းတွေထဲမှာ ပြဿနာ မရှိဘဲ နေပါ့မလား။ လွီမိသားစုက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ သက်သေတချို့ ချန်ထားမယ်ဆိုတာ ကျုပ်သိပြီးသားပါ .. လွီရန်ကျဲ ... အဲဒီ ဥပဒေမဲ့တဲ့ ခွေးကောင်။”

ဝူမင်းသားက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “စာရင်းတွေကနေ စစ်ရင် ခင်ဗျား သေချာပေါက် ပြဿနာ ရှာတွေ့မှာ မဟုတ်ဘူး .. ဘာလို့လဲဆိုတော့ စာရင်းလိမ်တာကို ချန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက စာရင်းတွေကစပြီး လုပ်ထားတာလေ။ မှောင်ခိုဆား ဝင်ငွေ အများစုက ချန်နိုင်ငံ နယ်မြေဟောင်းကနေ ရတာဆိုတော့ အခြေခံကတည်းက မှားနေတာ .. အရင်းမြစ်ကနေ မစစ်ရင် ခင်ဗျား ဘယ်လိုလုပ် အမှားကို ရှာတွေ့မှာလဲ။”

ဖန်ကျန်းရီက ရုတ်တရက် အော်ပြောလိုက်၏။

“ကျန်းရှီ။”

“ဟုတ်တယ် .. ဒီကိစ္စကို ကျုပ်နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တာ သူတစ်ယောက်ပဲ ရှိတယ် .. သူ့ကို ကျုပ်တစ်နှစ်ကို ငွေတုံး နှစ်သန်း ပေးထားတယ်။ ဒါပေမဲ့ ... ကျန်းရှီက ကျုပ်အတွက် အလုပ်လုပ်ပေးပေမဲ့ သူက ကျုပ်အပေါ် သစ္စာမရှိဘူး .. သူက ငွေကိုပဲ မက်တာ .. သူ့ရင်ထဲမှာတော့ ဧကရာဇ်ကိုပဲ သစ္စာရှိတယ်။ ဟမ့် ... ဒါပေမဲ့ သူ ကျုပ်လှေပေါ် ရောက်လာပြီးမှတော့ ပြန်ဆင်းဖို့ဆိုတာ ခက်သွားပြီလေ။”

ဖန်ကျန်းရီက မျက်နှာကို ပွတ်သပ်လိုက်ပြီး ခေါင်းကိုက်သွားသည်။

“မင်းသားမှာ နန်းတွင်းထဲမှာ တခြား သူလျှိုတွေ ရှိသေးလား။”

ဝူမင်းသားက ခေါင်းခါပြလိုက်၏။ “ဧကရာဇ်က တော်တော် ပါးနပ်တယ် .. အရင်တုန်းက သူ စစ်ပွဲတွေနဲ့ အလုပ်ရှုပ်နေလို့သာ ကျုပ် အခွင့်အရေး ရခဲ့တာ။ လူများများ ဆွဲဆောင်လေလေ ပေါ်သွားနိုင်ခြေ များလေလေပဲ။”

“ဒါဆို မင်းသားက ကိုယ်ပိုင် နိုင်ငံ ထူထောင်မယ် ဆိုတာက ဘယ်လို လုပ်မလို့လဲ။”

ဝူမင်းသားက ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ကမ်းခြေကို လှမ်းကြည့်လိုက်သည်။

“ကျုပ်က မှောင်ခိုဆားနဲ့ တခြားလမ်းကြောင်းတွေကနေ တစ်နှစ်ကို ငွေတုံး သန်းခုနစ်ဆယ်လောက် ရတယ် .. အဲဒီငွေတွေကို ဘယ်မှာ သုံးလဲဆိုတာ ခင်ဗျား သိလား။”

ဖန်ကျန်းရီက ခြေအောက်သို့ ငုံ့ကြည့်လိုက်သည်။ ဝူမင်းသားသည် နိုင်ငံခြားသားများထံမှတစ်ဆင့် ငွေကြေး အမြောက်အမြား ရှာဖွေနိုင်ခဲ့ပြီး ထိုအကျိုးအမြတ်များကို သေချာပေါက် မြင်တွေ့ခဲ့ရမည်။ ယခု လမ်းဆုံးသို့ ရောက်ရှိနေပြီဖြစ်ကာ ကိုယ်ပိုင်နိုင်ငံ ထူထောင်မည်ဟု ပြောနေသည်ကို ကြည့်လျှင် နိုင်ငံခြားသို့ ထွက်ပြေးရန် အစောကြီးတည်းက စဉ်းစားထားပြီးသား ဖြစ်ရပေမည်။

တာ့ကျင်းတိုင်းပြည်မှ ထွက်ပြေးသည့် ပထမဆုံးသောသူဟုပင် ခေါ်ဆိုနိုင်သည်။

“သင်္ဘောဆောက်တာလား။”

“တော်တယ်”

ဝူမင်းသားက နောက်လှည့်ကာ ဖန်ကျန်းရီအား လေးစားသည့် အကြည့်ဖြင့် ကြည့်လိုက်၏။

“ဟုတ်တယ် .. ငွေ အမြောက်အများကို သင်္ဘောဆောက်တာနဲ့ ပင်လယ်ကူး သင်္ဘောတွေ ဝယ်တဲ့နေရာမှာ သုံးခဲ့တာ။ လုပ်ငန်းစဉ် မြန်ဆန်ဖို့အတွက် ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ ငွေတွေ အများကြီး ရင်းနှီး မြှုပ်နှံခဲ့တယ်။

နှစ်အနည်းငယ်အတွင်းမှာ ကျုပ် နိုင်ငံခြားကို လွှတ်လိုက်တဲ့ သင်္ဘောအုပ်စု ငါးစု ရှိသွားပြီ .. သင်္ဘောဆောက်တာအပြင် ပင်လယ်ကြောင်း ရှာဖွေတာနဲ့ နိုင်ငံခြားမှာ မြေနေရာ ဝယ်တာတွေလည်း လုပ်ခဲ့တယ်။ ပင်လယ်ထွက်ရတာ အန္တရာယ် အရမ်းများတယ် .. သင်္ဘောအုပ်စု ငါးစုမှာ နှစ်စုပဲ အောင်မြင်စွာ ပြန်ရောက်လာတယ် .. ကျုပ်လည်း အများကြီး ဆုံးရှုံးခဲ့တယ် .. ဒါပေမဲ့ အောင်မြင်ခဲ့တယ်ဆိုတော့ အရာအားလုံးက တန်ပါတယ်။

ကျုပ်တို့ တာ့ကျင်းတိုင်းပြည်က ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့အလယ်ဗဟို နိုင်ငံလို့ ထင်နေကြတာ .. တကယ်တော့ အမြင်ကျဉ်းလွန်းတယ် .. ဒီကမ္ဘာကြီးက ကျုပ်တို့ ထင်ထားတာထက် အများကြီး ပိုကျယ်ဝန်းတယ်။ ဆားချက်တဲ့ နည်းပညာ .. အထွက်နှုန်းကောင်းတဲ့ သီးနှံတွေ .. နိုင်ငံခြားသားတွေရဲ့ လက်မှုပညာတွေကလည်း ကျုပ်တို့ ကြီးမြတ်တဲ့ ကျင်းတိုင်းပြည်ထက် မညံ့ဘူး .. နိုင်ငံခြားမှာ တန်ဖိုးရှိတဲ့ အရာတွေ အများကြီး ရှိနေနိုင်သေးတယ်။

ပြီးတော့ နိုင်ငံခြားမှာက နိုင်ငံငယ်လေးတွေချည်းပဲ .. သမိုင်းကြောင်းလည်း မရှည်ဘူး .. ကျုပ်အမြင်မှာတော့ အလွယ်လေး တိုက်ခိုက်လို့ ရတယ်။

နိုင်ငံခြားကိုသာ အောင်မြင်စွာ သွားနိုင်ရင် အနာဂတ်မှာ လုပ်စရာတွေ အများကြီး ရှိတယ်။”

ဝူမင်းသားသည် ပြောပြီးနောက် ပြန်လည် တိတ်ဆိတ်သွား၏။ ခဏအကြာမှ ဆက်ပြောသည်။

“ကျုပ်အခု နေနေရတဲ့ ဘဝကို ရွံရှာနေပြီ .. ပုန်းအောင်းနေရတယ် .. သူများ ကြိုးကိုင်ရာ ခံနေရတယ်။ နိုင်ငံခြားကို သွားဖို့ဆိုတာကလည်း အစောကြီးတည်းက စဉ်းစားထားတာပါ .. ဒါပေမဲ့ ဆုံးဖြတ်ချက် မချနိုင်ခဲ့ဘူး .. ခင်ဗျားကပဲ ကျုပ်ကို တွန်းအားပေးလိုက်တာပါ။”

“မင်းသားက တကယ်ကို ကမ္ဘာကြီးကို မျက်စိဖွင့်ကြည့်တဲ့ ပထမဆုံးသူပါပဲ .. ကျုပ် လေးစားပါတယ်။”

ဖန်ကျန်းရီမှာ တကယ်ပင် လေးစားသွားသည်။ သမိုင်းဝင်မည့် လူတစ်ယောက်ပင် ဖြစ်သည်။ သို့သော်ငြား လမ်းမှားကို ရွေးချယ်သွားခဲ့သည်မှာ နှမြောစရာ ကောင်းလှ၏။

“ကျုပ်နဲ့ ဧကရာဇ် ဘယ်သူက ပိုသာလဲ။”

ဝူမင်းသားက ဖန်ကျန်းရီအား မျှော်လင့်ချက်များဖြင့် ကြည့်ကာ မေးလိုက်သည်။

“နှိုင်းယှဉ်စရာ မရှိပါဘူး ..ကျုပ် အမြင်မှာတော့ မင်းသားက ရေနစ်နေတဲ့ လူတစ်ယောက် သတ်သတ်ပါပဲ။” ဖန်ကျန်းရီက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။

ဝူမင်းသားမှာ မှင်သက်သွားရသည်။ မူလက သူ၏ ရင်ထဲတွင် အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေခဲ့သော်လည်း ဖန်ကျန်းရီ ဤသို့ ပြန်ဖြေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဖန်ကျန်းရီ ပြောလိုက်သည်မှာ သူ၏ ရင်တွင်းမှ စကားအမှန်ပင် ဖြစ်၏။ ဝူမင်းသား ယခု ပြသနေသော သာမန်ထက် ထူးကဲသည့် အမြော်အမြင်များက သူ့ကို အံ့အားသင့်စေခဲ့သော်လည်း အလွန်အမင်းကြီး အံ့ဩသွားခြင်းမျိုးတော့ မဟုတ်ပေ။

အကြောင်းရင်းမှာ အခြားမဟုတ်ပေ။ တစ်ဖက်တစ်လမ်းမှ ကြည့်မည်ဆိုလျှင် သူနှင့် ဝူမင်းသားမှာ လူတစ်မျိုးတည်းပင် ဖြစ်သည်။ ရေနစ်နေသောသူ၊ လမ်းဆုံးရောက်နေသောသူ... အသက်ရှင်ရန် မျှော်လင့်ချက် တစ်စက်ကလေးကို တွေ့လိုက်သည်နှင့် လက်မလွှတ်တော့ချေ။

ဝူမင်းသားကဲ့သို့ တော်ဝင်မိသားစုတွင် အပယ်ခံရသောသူ၌ ရည်မှန်းချက် အနည်းငယ် ရှိသည်။ သူတစ်ပါး ကြိုးကိုင်ရာ ခံနေရသည့် ကံကြမ္မာကို ကျေနပ်မနေဘဲ မျှော်လင့်ချက် တစ်စက်ကလေးကို မြင်လိုက်သည်နှင့် ဖမ်းဆုပ်ထားတော့ခြင်း ဖြစ်၏။

ကမ္ဘာကြီးကို မျက်စိဖွင့်ကြည့်သည် ဆိုသည်မှာလည်း ဖွင့်ကြည့်ရမည့် အခြေအနေသို့ ရောက်ရှိ နေသောကြောင့်ပင်။

အသက်ရှင်ရန် လမ်းကြောင်းတစ်ခုကို တွေ့လိုက်သည်နှင့် ထိုလမ်းကြောင်းအတိုင်း အသေအလဲ လျှောက်ရတော့သည်။ မိမိ၏ အယူအဆများ၊ အမြင်များကို အတင်းအကျပ် ပြောင်းလဲပစ်ရခြင်း စသည့် ထိုအရာများ အားလုံးမှာ ရွေးချယ်စရာမရှိ၍သာ လုပ်ဆောင်ရခြင်းများပင် ဖြစ်သည်။ အခြေအနေက သူရဲကောင်းများကို ဖန်တီးသည်ဆိုသော စကားမှာ ဤအရာကို ဆိုလိုခြင်းပင်ဖြစ်သည်။

ဖန်ကျန်းရီသည်ကား မူလက သာမန် ရုံးဝန်ထမ်း တစ်ယောက်မျှသာ ဖြစ်၏။ သူ့ကို ပြည်သူများကို အုပ်ချုပ်ခိုင်းသည်။ အုပ်ချုပ်နိုင်ပါမည်လား။

မိမိဘဝကိုပင် မိမိ ကောင်းကောင်း မနေနိုင်ခဲ့ချေ။ သို့ပေမည့် လူနှစ်ထောင်ကျော်၏ အသက်မှာ သူ၏လက်ထဲတွင် ရှိနေသည်။ ထိုလူများက သူ့ကို လုပ်ကျွေးနေခြင်းဖြစ်ရာ သူ မကြိုးစား၍ မရပေ။

တောင်းစားသည်။ ဓားပြတိုက်သည်။ လူများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် မိမိ၏ ဂုဏ်သိက္ခာကိုပင် အရှက်မရှိ ခွာချပစ်ခဲ့ရသည်။ နာကျင်ရသော အပြောင်းအလဲများကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖြတ်သန်းခဲ့ရသောကြောင့်သာ ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

သူလည်း ဤကဲ့သို့ပင် ဖြစ်ပြီး ဝူမင်းသားမှာလည်း ဤအတိုင်းပင် ဖြစ်သည်။ သို့ပေမည့် ဖန်ကျန်းရီက ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ သူက ဝိညာဉ်ကူးပြောင်းရောက်ရှိလာသူ တစ်ယောက်အနေဖြင့် မိမိကိုယ်ကိုယ် ဘုရားသခင်၏ အမြင်မျိုးဖြင့် ပို၍ အကဲဖြတ်နိုင်သောကြောင့် ဖြစ်သည်။

ဤစကားတစ်ခွန်းတည်းဖြင့်ပင် ဝူမင်းသား၏ စိတ်ကို ထိခိုက်သွားစေခဲ့သည်။ သူ၏ ရင်ထဲတွင် ဒေါသများ ထွက်ပေါ်လာသော်လည်း နောက်တစ်စက္ကန့်မှာပင် လေလျှော့သွားသော ဘောလုံးသဖွယ် ဖြစ်သွားသည်။ သို့နှင့် ခါးသက်စွာ ပြုံး၍ ပြောလိုက်၏။

“ဟုတ်တယ် .. ခင်ဗျားပြောတာ မှန်တယ်။ ကျုပ်ငယ်ငယ်တည်းက နန်းတော်မှာ နန်းကျဧကရာဇ်ရဲ့ ချစ်ခင်မှုကို မရခဲ့ဘူး။ ကျုပ်က နက္ခတ္တဗေဒ .. စက်မှုပညာတွေကို ငယ်ငယ်တည်းက ဝါသနာပါတယ် .. ဒါလေး တစ်ခုကြောင့်ပဲ အမတ်တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတယ် .. နန်းကျဧကရာဇ်ရဲ့ အပယ်ခံ ဖြစ်ခဲ့ရတယ်။ သူတို့က ကျုပ်ရဲ့ စာအုပ်တွေ .. တီထွင်ထားတဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့တယ်။

အပိုင်စား နယ်မြေ ရရင် လွတ်လပ်ခွင့် ရပြီလို့ ထင်ခဲ့တာ .. ဒါပေမဲ့ ရလဒ်ကရော … ကျုပ်မှာ အဆိုးဆုံး အခြေအနေတွေပဲ ရခဲ့တယ်။ အားကြိုးမာန်တက် ကြိုးစားပြီး ပြုစုပျိုးထောင်ပြီးမှ ဧကရာဇ်က အတင်းအဓမ္မ လုယူသွားပြန်တယ်။

ကျုပ်မှာ ဘာရွေးချယ်စရာ ရှိသေးလို့လဲ။”

ဤနေရာသို့ ရောက်သောအခါ ဝူမင်းသား၏ ရင်တွင်းမှ မကျေနပ်ချက်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည့်အလား ဒေါသတကြီး ပြောလိုက်သည်။

“သူများတွေရဲ့ ဓားစာခံ ဖြစ်နေရတာ။ ကျုပ်တစ်သက်လုံး သူများ ကြိုးကိုင်ရာ ခံနေရတာ .. ဒါက ကောင်းကင်ဘုံက ကျုပ်အတွက် စီစဉ်ထားတဲ့ ကံကြမ္မာဆိုရင် ကျုပ်လုံးဝ လက်မခံဘူး။ လူက ကောင်းကင်ကို အနိုင်ယူနိုင်တယ် .. ကျုပ်ရဲ့ ကံကြမ္မာက ကျုပ်လက်ထဲမှာပဲ ရှိရမယ်။

နန်းကျဧကရာဇ်က နတ်ဆေး စားချင်တယ် .. ကျုပ်သူ့ကို နတ်ဆေးတွေ ပေးမယ် .. စားချင်သလောက် စားပါစေ။ ဧကရာဇ်က ကျုပ်ရဲ့ နယ်မြေကို လုယူမယ် .. ကျုပ်တစ်နေ့ကျရင် ပြန်ယူပြမယ်။

နိုင်ငံခြားသား ကုန်သည်တွေနဲ့ ဆုံတာက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ။ အဲဒီအချိန်ကစပြီး ကျုပ်ရဲ့ ကံကြမ္မာ ပြောင်းလဲသွားခဲ့တယ် .. ခင်ဗျား သိလား။ အဝေးသွားတဲ့ နိုင်ငံခြား သင်္ဘောတွေပေါ်မှာ ပြည်တည်နာလို့ ခေါ်တဲ့ ကျိန်စာတစ်ခု ရှိတယ် .. အဲဒီရောဂါ ကူးစက်ခံရတဲ့ သင်္ဘောအုပ်စုဆိုရင် အသက်ရှင်တဲ့သူ ဆယ်ယောက်မှာ တစ်ယောက်တောင် မရှိဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ သင်္ဘောအုပ်စုကရော .. ဘယ်သူမှ အဲဒီရောဂါ မဖြစ်ဖူးဘူး .. ဒါက ဘာလဲ။ ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ .. ကျုပ်က ကောင်းကင်ဘုံက ရွေးချယ်ခံရတဲ့သူပဲ။”

ဝူမင်းသားက နတ်ပူးနေသကဲ့သို့ ညည်းတွားနေသည်ကို နားထောင်ရင်းဖြင့် ဖန်ကျန်းရီမှာ စကားပင် မပြောနိုင်တော့ချေ။ ထိုအရာက Scurvy ရောဂါပင် မဟုတ်ပါလား။

(Scurvy ဆိုသည်မှာ ဗီတာမင် စီ ချို့တဲ့သောကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။ - ဘာသာပြန်သူ)

ကျင်းတိုင်းပြည်မှ လူများသည် လက်ဖက်ရည် သောက်သုံးရသည်ကို နှစ်သက်ကြသည်။ ထို့အပြင် အစားအစာများမှာလည်း စုံလင်လှသဖြင့် ဗီတာမင်စီ လုံလောက်ကာ ဤရောဂါ မဖြစ်ပွားခြင်း နေပေလိမ့်မည်။ သို့ပေမည့် လူသားဆိုသည်မှာ ကိုယ့်အတွက် အကျိုးမရှိလျှင် လူက ကောင်းကင်ကို အနိုင်ယူမည်ဟုဆိုပြီး ကိုယ့်အတွက် အကျိုးရှိလာလျှင်တော့ ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူ ဖြစ်သွားရသည်။

အတွေးအခေါ်များမှာ တကယ်ကိုပင် ရိုးရာဆန်လွန်းလှပေ၏။

All Chapters