← Chapters

အခန်း ၄၆၄

Vol. 26 Ch. 464

အခန်း ၄၆၄

Vol. 26 Ch. 464

အပိုင်း (၄၆၄) - ကုန်းမြေသစ်ကို ဘယ်သူရှာတွေ့ခဲ့တာလဲ

ဖန်ကျန်းရီသည် ဝူမင်းသား သားကို အေးစက်စက် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျား သားဝူ ... ကျုပ်ကို အတင်းအကျပ် ဖိအားပေးနေစရာ မလိုပါဘူး။ ကျုပ်က ဘယ်နေရာပဲ ပျော့ပျော့၊ အရိုးကတော့ မာတယ်။”

ကိုယ့်စကားကိုယ် အနည်းငယ် လွဲချော်နေသည်ဟု ခံစားလိုက်ရသဖြင့် ဖန်ကျန်းရီသည် အလျင်အမြန် စကား ဖြည့်စွက်လိုက်သည်။ သေသေချာချာ စဉ်းစားဆင်ခြင်တတ်ခြင်းက သူ၏ အားသာချက်များထဲမှ တစ်ခုဖြစ်သည်။

ဝူမင်းသားသည် မျက်မှောင်ကုတ်သွားခဲ့သည်။ “ကျုပ် ခင်ဗျား နဲ့ အတူတူ ထမင်း စားပြီး ခင်ဗျား ကို သိမ်းသွင်းဖို့ ကြိုးစားခဲ့တာ အကြိမ်ကြိမ်ပဲ။ ခင်ဗျား ရဲ့ စကားတွေထဲမှာ ငြင်းဆန်တဲ့ အဓိပ္ပာယ်တွေချည်းပဲ။ အခု ကျုပ် လက်ထဲ ရောက်နေတာတောင် အခြေအနေကို နားမလည်သေးဘူးလား။ ကျုပ် ခင်ဗျား ကို မသတ်ရဲဘူးလို့ တကယ် ထင်နေတာလား။”

“ဒါဆိုရင်လည်း သတ်လိုက်လေ။”

ဝူမင်းသားသည် ဒေါသထွက်လွန်း၍ ရယ်မောလိုက်၏။ “ကောင်းပြီလေ။ ကျုပ် ခင်ဗျား ရဲ့ လက်အောက်ငယ်သားကို အရင် သတ်ပစ်လိုက်မယ်။ လူလာကြစမ်း။”

ဖန်ကျန်းရီသည် ကျိုးထျဲ့ အသတ်ခံရမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ဝင်ပြောလိုက်သည်။ “နေ ... နေပါအုံး။ မင်းသားဝူ ... ခင်ဗျားက ကျုပ်ကို ဧကရာဇ်အဖြစ် အသိအမှတ်ပြုခိုင်းမယ်ဆိုရင်တောင် ကျုပ် လက်ခံနိုင်ဖို့ အချိန်နည်းနည်းတော့ ပေးရအုံးမှာပေါ့။ ကျုပ် ဒီရောက်တာ တစ်ရက်ပဲ ရှိသေးတယ်။ ခင်ဗျားက နွားရေမသောက်ချင်တာကို အတင်း ခေါင်းကို ကိုင်ဖိပြီး တိုက်နေသလိုဖြစ်နေပြီ။ ပြီးတော့ ကျုပ် ခင်ဗျားနဲ့အတူ ပင်လယ်ရပ်ခြားကို လိုက်မယ်ဆိုရင်တောင် ကျုပ်အနားမှာ လူတစ်ယောက်၊ နှစ်ယောက်လောက်တော့ ချန်ထားပေးသင့်တယ်လေ။”

ဝူမင်းသားကဲ့သို့ လူမျိုးသည် သူ့အတွက် အသုံးမဝင်သောသူများကို အမှန်တကယ်ပင် သတ်ပစ်လောက်သည်။

ဖန်ကျန်းရီ၏ သဘောထား အနည်းငယ် ပျော့ပျောင်းသွားသည်ကို မြင်သောအခါ ဝူမင်းသား သားသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ “ကောင်းပြီ ... ခင်ဗျား ပြောတာလည်း အကြောင်းပြချက် ရှိပါတယ်။ ကျုပ် အရမ်း လောကြီးသွားတာပါ။ ပင်လယ်ရပ်ခြားကို ရောက်သွားတဲ့အခါ ခင်ဗျား နဲ့ကျုပ်ကြားမှာ မင်းကြီးနဲ့ သစ္စာတော်ခံအဖြစ် အချိန်တွေ အများကြီး ရှိပါသေးတယ်။”

ဟက် ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့လူ။ ဘာ မင်းကြီးနဲ့ သစ္စာတော်ခံလဲ။ ယောက္ခမလောင်းနဲ့ ယှဉ်ရင် အများကြီး ကွာသေးတယ်။ လူ့သဘာဝကို နားမလည်တဲ့ ကောင်ပဲ။

ဖန်ကျန်းရီသည် စိတ်ထဲတွင် အထင်သေးစွာ ကျိန်ဆဲလိုက်သော်ငြား နှုတ်မှတော့ ပြန်ပြောလိုက်သည်။ “မင်းသားဝူ ... အရင်က ခင်ဗျား ပြောခဲ့တဲ့စကားအရဆိုရင် သင်္ဘောအုပ်စု ငါးခု ထွက်သွားတာ နှစ်ခုပဲ ပြန်ရောက်လာတယ်ဆိုတော့ကာ အခု ကျုပ်တို့ ထွက်သွားရင် အန္တရာယ် အရမ်းမများဘူးလား။ လမ်းတစ်ဝက်မှာ သေသွားရင် ဘယ်လိုလုပ်မလဲ။”

ဝူမင်းသားက ပြန်ဖြေလိုက်၏။ “မှန်တယ်။ ပင်လယ်ထဲ ထွက်ရတာ အန္တရာယ် အရမ်းကြီးတယ်။ ကျုပ်ရဲ့ သင်္ဘောအုပ်စု တစ်ခုစီမှာ သင်္ဘော အစင်းလေးဆယ်ကျော်ပါတယ်။ အောင်မြင်စွာ ပြန်ရောက်လာတဲ့ သင်္ဘောအုပ်စု နှစ်ခုမှာတောင် ကျန်ခဲ့တဲ့ သင်္ဘောက အစင်းနှစ်ဆယ်ကျော်ပဲ ရှိတော့တယ်။

အဲဒီ ကုန်သည်သင်္ဘောတွေ ပြန်ရောက်လာတည်းက ကျုပ်ငွေတွေ အများကြီး ရင်းနှီးမြှုပ်နှံပြီး အရည်အချင်းရှိတဲ့ လက်မှုပညာရှင်တွေကို ခေါ်ယူတယ်။ ပြုပြင်မွမ်းမံမှုတွေ လုပ်ခဲ့တယ်။ အခု ကျုပ်တို့ ခြေချနေတဲ့ သင်္ဘောက ပြုပြင် မွမ်းမံထားတဲ့ သင်္ဘောသစ်ပဲ။ အလျား နှစ်ဆယ့်လေးကျန်းနဲ့ ငါးပေ၊ အနံ ဆယ်ကျန်းနဲ့ သုံးပေ ရှိတယ်။

ဒီလို ဧရာမသင်္ဘောကြီးမျိုး တာ့ကျင်းမှာ လုံးဝ မရှိဘူး။ ဒါက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကုန်သွယ်ရေး သင်္ဘောဖြစ်ပြီး စစ်သင်္ဘောအဖြစ် သုံးရင်လည်း လုံးဝ ပြဿနာမရှိဘူး ဆိုတာ ကိုယ်တော် ယုံကြည်တယ်။ ဒါကြောင့် ပင်လယ်ပေါ်က အန္တရာယ်တွေကို ကြောက်စရာ မလိုပါဘူး။ လုံခြုံရေးအတွက် ခင်ဗျား လုံးဝ စိတ်ချထားလို့ ရတယ်။”

ဝူမင်းသား၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားနေသည့် အမူအရာများ ပေါ်လွင်နေပြီး ဤဧရာမသင်္ဘောကြီးအပေါ် အပြည့်အဝ ယုံကြည်မှုရှိနေပုံရသည်။

ဖန်ကျန်းရီကတော့ ဂရုမစိုက်သည့်အပြင် နှာခေါင်းရှုံ့ချင်နေသေး၏။

နှစ်ဆယ့်လေးကျန်းဆိုသည်မှာ အမှန်တကယ် မသေးငယ်ချေ။ သို့ပေမည့် သမုဒ္ဒရာပြင်ကျယ်တွင် ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းများကို ခံနိုင်ရည်ရှိသည်ဟု ပြောဆိုခြင်းကတော့ အလွန်အမင်း ဝင့်ကြွားလွန်းရာကျပေသည်။ ပင်လယ်ပြင်၏ အန္တရာယ်များကို လျှော့တွက်လွန်းနေသည်။

ဤသင်္ဘောသည် မင် မင်းဆက် သမိုင်းကြောင်းမှ ကျိန့်ဟယ် ၏ ရတနာသင်္ဘောများနှင့် ယှဉ်လျှင် အများကြီး ကွာဟနေသေး၏။

သူ၏ မှတ်ဉာဏ်ထဲတွင် ဤမျှလောက် ကြွားဝါရဲသည့် နောက်ဆုံးသင်္ဘောမှာ တိုက်တန်းနစ် သင်္ဘောကြီးသာ ဖြစ်သည်။

တိုက်တန်းနစ်သင်္ဘော၏ ဖွဲ့စည်းပုံက မည်သို့ရှိသနည်း။ ခေတ်မီနည်းပညာစစ်စစ်များဖြင့် တည်ဆောက်ထားပြီး အရှည် မီတာသုံးရာနီးပါး၊ သံမဏိများဖြင့် ဖွဲ့စည်းထားကာ အဆင့်မြင့် တည်ဆောက်ပုံနှင့် ရေနွေးငွေ့စွမ်းအင်ဖြင့် မောင်းနှင်ခြင်းဖြစ်၏။

ထို့သို့ဆိုလျှင်တောင်မှ ဘာဖြစ်သွားသနည်း။ ရေခဲတောင်နှင့် တိုက်မိ၍ နစ်မြုပ်သွားခဲ့ရသည် မဟုတ်ပါလား။ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင် အန္တရာယ်မည်မျှ ရှိနေသည်ကို မည်သူ သိနိုင်မည်နည်း။

ဤနေရာသည် ကမ္ဘာမြေကြီးလည်း မဟုတ်ပေ။ လမ်းတစ်ဝက်တွင် ပင်လယ်ထဲမှ ပင်လယ်ဘီလူးကြီးများ၊ သို့မဟုတ် မွန်းစတားကြီးများ ကဲ့သို့သော အရာများ ထွက်ပေါ်လာမည်ဆိုလျှင်လည်း မဆန်းချေ။

သင်္ဘောအကြောင်း ပြောလိုက်သည်နှင့် ဝူမင်းသားသည် စကားရေပက်မဝင်အောင် ဆက်ပြောနေပြန်၏။ “ကျုပ် ငွေတွေ အများကြီး အကုန်အကျခံပြီး နိုင်ငံတစ်ဝန်းက အကောင်းဆုံး သင်္ဘောတည်ဆောက်တဲ့ ပညာရှင်တွေကို ရှာဖွေခဲ့တယ်။ လူပေါင်း ထောင်ချီပြီး ရှိတယ်။ ဒီသင်္ဘောတစ်စင်းရဲ့ ကုန်ကျစရိတ်ကတင် ငွေတုံး ခုနစ်ထောင်ကျော်တယ်။ ကျုပ်က ပွင့်ပွင့်လင်းလင်းနဲ့ အလုပ်လုပ်လို့ မရတဲ့အတွက် ဘာလုပ်လုပ် တခြားသူတွေထက် ပိုဈေးကြီးနေတာ။

တကယ်လို့ ရုံးတော်ကသာ ဆောက်မယ်ဆိုရင် ငွေတုံး လေးငါးထောင်လောက်နဲ့ လုံလောက်တယ်။ အခု အပြင်ဘက်မှာ ဒီလိုသင်္ဘောမျိုး နောက်ထပ် နှစ်စင်းရှိသေးတယ်။ ပြီးတော့ ပိုသေးတဲ့ သင်္ဘောအုပ်စု တစ်ခုကလည်း နောက်တစ်နေရာမှာ ကျုပ်တို့ကို စောင့်နေတယ်။ ဒီလောက်များတဲ့ သင်္ဘောတွေနဲ့ လုံခြုံရေး ပေးထားမှာကို ခင်ဗျား စိတ်ပူနေသေးလို့လား။”

ဖန်ကျန်းရီက မေးလိုက်သည်။ “မင်းသားဝူ ... ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ သင်္ဘောတည်ဆောက်မှုကို ဘယ်သူကမှ သတိမထားမိကြဘူးလား။”

ဝူမင်းသားက ပြုံးကာ ပြောလိုက်၏။ “ကျုပ် ကိုယ်တိုင် ထွက်လုပ်တာမှ မဟုတ်တာ။ ငွေလုံလောက်အောင် ပေးထားရင် ဘယ်သူက ဂရုစိုက်နေမှာလဲ။ ဒီနေရာကနေ အရှေ့ဘက် လီရှစ်ဆယ်အကွာမှာ ရွီတင်းမြို့ ဆိုတဲ့ မြို့တစ်မြို့ရှိတယ်။ အဲဒီမြို့မှာ မျိုးရိုးစဉ်ဆက် သင်္ဘောတည်ဆောက်တဲ့ အလုပ်ကို လုပ်လာတဲ့ မိသားစုတစ်စု ရှိတယ်။ ကျုပ်က သူတို့ရဲ့ နာမည်ကို အသုံးချပြီးတော့ ငွေနဲ့ အစိုးရအရာရှိတွေကို လာဘ်ထိုးထားတော့ အားလုံးက ချောမွေ့နေတာပေါ့။”

“ကောင်းပြီ။ မင်းသားဝူ ပြင်ဆင်ထားတာ တကယ် ပြည့်စုံပါတယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် ပင်လယ်ရပ်ခြားကို ရောက်ရင်ကော ဘယ်လိုလုပ်မလဲ။ ကျုပ်တို့က ဘယ်ကိုသွားမှာလဲ။ ဘယ်နေရာမှာ အခြေချမှာလဲ။”

ဝူမင်းသားသည် ရုတ်တရက် မတ်တပ်ထရပ်ပြီး ဖန်ကျန်းရီကို လက်ယပ်ခေါ်လိုက်၏။ “ကျုပ်နဲ့ လိုက်ခဲ့။ ကျုပ် ခင်ဗျား ကို ပစ္စည်းတချို့ ပြစရာရှိတယ်။”

ဖန်ကျန်းရီက နားမလည်နိုင်ဖြစ်သွား၏။ စကားပြောနေရသည်နှင့် သူ ထမင်းကို ကောင်းကောင်းမစားရသေးချေ။ ထို့ကြောင့် အလျင်အမြန် အသားဟင်းတစ်လုတ်ကို ပါးစပ်ထဲ ကမန်းကတန်း ထည့်ပြီးနောက် လိုက်သွားခဲ့သည်။

ဝူမင်းသားနောက်သို့ လိုက်ကာ အခြားအခန်းသစ်တစ်ခန်းသို့ ထပ်မံပြောင်းရွှေ့သွားခဲ့ပြန်၏။

အခန်းတံခါး ပွင့်သွားသည်နှင့် အထဲတွင် နေရာအနှံ့ ပုံစံမျိုးစုံသော ပစ္စည်းများ ပုံထားသည်ကို မြင်တွေ့လိုက်ရသည်။

ဖန်ကျန်းရီသည် သေသေချာချာ အကဲခတ်ကြည့်လိုက်သည်။ အထဲတွင် ဖယောင်းတိုင်စင်များ၊ စားသောက်ရာတွင် သုံးသော ပန်းကန်ခွက်ယောက်များ၊ ဆီဆေးပန်းချီကားများ စသည်တို့ ရှိသည်။ ယခင်ဘဝက အနောက်တိုင်း အနုပညာပစ္စည်းများနှင့် အနည်းငယ် တူသယောင်ရှိသော်လည်း လုံးဝ တူညီနေခြင်းတော့ မဟုတ်ချေ။ သေချာသည်မှာ ထိုအရာများ၏ ဟန်ပန်သည် တာ့ကျင်း၏ ပစ္စည်းများနှင့် လုံးဝ မတူညီခြင်းပင်။

ဝူမင်းသားသည် အခန်းထဲသို့ ဝင်သွားရင်း စကားပြောလိုက်၏။ “ဒါတွေက ကျုပ် ပင်လယ်ရပ်ခြားကနေ စုဆောင်းလာတဲ့ ပစ္စည်းတွေပဲ။ ဒီအရာတွေက ကျုပ်တို့ တာ့ကျင်းရဲ့ သီးသန့်ပစ္စည်းတွေနဲ့ အများကြီး ကွာခြားတယ်။ ခင်ဗျား သေချာ လေ့လာကြည့်လို့ရတယ်။”

အခန်းအတွင်းပိုင်းထဲသို့ သိပ်မဝင်ခင်မှာပဲ ဝူမင်းသားသည် စင်တစ်ခုရှေ့သို့ လျှောက်သွားပြီး သိုးသားရေ စာလိပ်တစ်ခုကို ယူကာ ဖန်ကျန်းရီရှေ့သို့ ကမ်းပေးလိုက်သည်။

“ဒီပစ္စည်းကိုလည်း ပင်လယ်ရပ်ခြားကနေ ရလာတာပဲ။ ဒါက ဒီကမ္ဘာကြီးရဲ့ မြေပုံလို့ ပြောကြတယ်။ အထဲက အရာတွေက ရှုပ်ယှက်ခတ်နေအောင် ဆွဲထားပေမဲ့ တချို့နေရာတွေကတော့ တော်တော်လေး တိကျတယ်။”

ထိုအခါ ဖန်ကျန်းရီ၏ ရင်ထဲတွင် ရုတ်တရက် မျှော်လင့်ချက်အချို့ ဖြစ်ပေါ်လာခဲ့၏။

ဤကမ္ဘာကြီး၏ ကမ္ဘာ့မြေပုံလား။ ဤကမ္ဘာကြီး၏ အပြည့်အစုံကို သူ မမြင်ဖူးသေးချေ။ ယခုအချိန်တွင် ကမ္ဘာ့မြေပုံကို ရေးဆွဲနိုင်စွမ်းရှိသော နိုင်ငံများ ရှိနေပြီလား။

သူ အလျင်အမြန် လက်လှမ်းယူလိုက်သော်လည်း ဖြန့်ကြည့်လိုက်သည်နှင့် ချက်ချင်း စိတ်ပျက်သွားခဲ့ရသည်။

ဤမြေပုံသည် တကယ်ကို ရှုပ်ယှက်ခတ်နေပြီး ဘာမှန်းကို မသိရချေ။

မြေပုံကို ကြည့်ရသည်မှာ လက်ရှိ အနောက်တိုင်းသားများသည် အလွန်ကို အသိပညာနည်းပါးနေသေးပုံရသည်။ သို့မဟုတ် ဝူမင်းသား စုဆောင်းထားသော မြေပုံမှာ အလွန်ဟောင်းနွမ်းပြီး အရည်အသွေးညံ့ဖျင်းနေခြင်းလည်း ဖြစ်နိုင်၏။

မြေပုံ၏ နယ်နိမိတ်တစ်ခုလုံးသည် စတုရန်းပုံစံဖြစ်နေပြီး ပုံဆွဲလက်ရာကတော့ အလွန်ကို သပ်ရပ်လှသည်။ ခဲခြစ်ပန်းချီဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။

သို့ပေမည့် တာ့ကျင်းနှင့် ပတ်သက်သော အမှတ်အသားများ မပါဝင်ဘဲ အရှေ့ဘက်နှင့် တောင်ဘက်တွင် ကြီးမားလှသော မြူခိုးဖုံးလွှမ်းနေသည့် နေရာများသာ ရှိသည်။ ထို့အပြင် ပင်လယ်ဘီလူးများ၊ နတ်ဆိုးများ၊ သရဲတစ္ဆေများကဲ့သို့သော ပုံများလည်း ပါဝင်နေ၏။

တချို့နေရာများတွင် အင်္ဂလိပ်အက္ခရာများနှင့် အလွန်ဆင်တူသော သင်္ကေတများဖြင့် မှတ်သားထားသော်လည်း အင်္ဂလိပ်စာ မဟုတ်ကြောင်း ဖန်ကျန်းရီ သေချာပေါက် ပြောနိုင်သည်။

ယခင်ဘဝက သူသည် အင်္ဂလိပ်စာ ညံ့ဖျင်းသူတစ်ယောက် ဖြစ်ခဲ့သော်ငြား ထိုအချိန်က ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် နိုင်ငံခြား ဝဘ်ဆိုက်တစ်ခုကို အထူးလေ့လာခဲ့ဖူးသည်။

ထိုစဉ်က ဝဘ်ဆိုက်တွင် ကြိုးကိုအသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးသတ်ပညာရပ်များကို လေ့လာခဲ့သည်။ ဥပမာ - ကယ်ဆယ်ခံရမည့်သူကို မထိခိုက်စေဘဲ မည်သို့ ကြိုးဖြင့်ဆွဲတင်ရမည်နည်း၊ အဝတ်လျှော်စက်ထဲတွင် ညပ်နေသော ကောင်မလေးကို မည်သို့ မှန်ကန်စွာ ကယ်ဆယ်ရမည်နည်း စသည်တို့ ဖြစ်သည်။

အင်္ဂလိပ်စာတန်းထိုးများကို မကြာခဏ ကြည့်ခဲ့ဖူးသဖြင့် အင်္ဂလိပ်စာ ဟုတ်၊ မဟုတ် ဆိုသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်၏။

မြေပုံအရဆိုလျှင် အနောက်တိုင်း၏ ရေကြောင်းသွားလာမှုသည် အနည်းငယ် တိုးတက်နေပြီဖြစ်သော်ငြား လက်ရှိ အခြေအနေကို ကြည့်ရသည်မှာ ကမ္ဘာကြီးကို ရှာဖွေစူးစမ်းမှုက အများကြီး လိုအပ်နေသေးကြောင်း ထင်ရှားသည်။

တာ့ကျင်း၏ မြေပုံနှင့် ယှဉ်လျှင် အများကြီး ကွာဟနေသေး၏။ အယူသည်းမှုများနှင့် စိတ်ကူးယဉ်မှုများက အရမ်းများနေ၏။

ဖန်ကျန်းရီ ကြည့်နေစဉ်မှာပဲ ဝူမင်းသားက မြေပုံ၏ ဘယ်ဘက်အပေါ်ထောင့်ကို လက်ညှိုးထိုးပြလိုက်၏။ “အနောက်ဘက်မှာ နိုင်ငံငယ်လေးတွေ အများကြီးရှိတယ်။ ဒီနေရာကို ဆန်ဂျာကာ လို့ခေါ်တယ်။ သတိထားစရာ မလိုတဲ့ နိုင်ငံငယ်လေးတစ်ခုပေါ့။ ကျုပ်က ဒီနေရာမှာ မြေနေရာတွေနဲ့ ရဲတိုက်တွေကို ငွေကြေးအများကြီးသုံးပြီး ဝယ်ယူထားခဲ့တယ်။ အခုဆိုရင် ဆန်ဂျာကာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြေပိုင်ရှင်က ကျုပ်ပဲ။”

“လီသောင်းချီ ကွာဝေးနေတာကို မင်းသားဝူက ငွေတွေ အလကားဖြစ်သွားမှာ မကြောက်ဘူးလား။”

“မဖြစ်ပါဘူး။ ကျုပ်က ဆန်ဂျာကာမှာ လူရာဂဏန်းလောက် ချန်ထားခဲ့တယ်။ ဆန်ဂျာကာက လူဦးရေ သောင်းဂဏန်းလောက်ပဲရှိတဲ့ နိုင်ငံငယ်လေးပါ။ လူရာဂဏန်းလောက် တိုက်ခိုက်တာကိုပဲ စစ်ပွဲလို့ ခေါ်ကြတယ်။ ဒီလို နိုင်ငံငယ်လေးက တကယ်ကို ရယ်စရာကောင်းတယ်။

ကျုပ် ကိုယ်တိုင်ရောက်သွားတဲ့အခါ အဲဒီ အရိုင်းအစိုင်းတွေကို စစ်ပွဲဆိုတာ ဘာလဲ နားလည်အောင် လုပ်ပေးမယ်။” ဝူမင်းသား၏ မျက်နှာပေါ်တွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့၏။

ဝူမင်းသားက စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။ “ကျုပ်ရင်ထဲမှာ အမြဲတမ်း မေးခွန်းတစ်ခု ရှိနေတယ်။ ချန်ကျန့် တောက်ယွမ်ခရိုင်နဲ့ အရောင်းအဝယ်လုပ်တုန်းက ခင်ဗျားတို့က ပုံတူပန်းချီကား ဆွဲပေးလိုက်တယ်ဆို။ နောက်ပိုင်း ချန်ကျန့် ပြန်ပြောပြချက်အရဆိုရင် ခင်ဗျားတို့ သုံးခဲ့တဲ့ ပန်းချီရေးဆွဲနည်းက ဒီမြေပုံပေါ်က ရေးဆွဲနည်းနဲ့ အတူတူပဲတဲ့။

ကျုပ်တို့ တာ့ကျင်းမှာ ဒီလိုပန်းချီမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ ခင်ဗျားတို့လူတွေ ဘယ်ကနေ သင်လာတာလဲ။ ခင်ဗျား လည်း ဒီပင်လယ်ရပ်ခြားက လူတွေနဲ့ တွေ့ဖူးတာလား။”

ခဲခြစ်ပန်းချီဆိုသည်မှာ တာ့ကျင်းတွင် တကယ် မရှိပေ။ ဖန်ကျန်းရီအနေဖြင့်လည်း ကိုယ်တိုင် တီထွင်ထားသည်ဟု ပြောရန် မဖြစ်နိုင်ချေ။

ထို့ကြောင့် လိမ်ပြောလိုက်ရသည်။ “မှန်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်လည်း အနောက်တိုင်းသား တစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ဖူးတယ်။ သူ့ကို ခရိုင်ထဲ ခေါ်လာခဲ့ပြီး ဒီပန်းချီရေးဆွဲနည်းကို အဲဒီ အနောက်တိုင်းသားက သင်ပေးခဲ့တာပါ။”

ဝူမင်းသား၏ အကြည့်များ စူးရှသွားခဲ့၏။ “အဲဒီလူက ဘယ်သူလဲ။ ဘယ်ကနေ လာတာလဲ။ တခြား ဘာတွေရလိုက်သေးလဲ။”

ဖန်ကျန်းရီသည် စိတ်မကောင်းသည့်ဟန်ဖြင့် ပြောလိုက်သည်။ “ထူးထူးခြားခြားတော့ မရလိုက်ပါဘူး။ သူ့နာမည်က ဂေါ်ဘလင် တဲ့။ ကျုပ်တို့ စစ်ဆေးမေးမြန်းကြည့်တော့မှ သိရတာက သူက နိုင်ငံရဲ့ သူတော်စင်မလေးကို စော်ကားမိလို့ စစ်သည်တွေရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရတာတဲ့။ ပင်လယ်ဓားပြတွေနဲ့ အတူ နိုင်ငံခြားကနေ ထွက်ပြေးလာတာ။ သူလည်း ပင်လယ်ပေါ်မှာ မုန်တိုင်းမိပြီး တာ့ကျင်းကို မတော်တဆ ရောက်လာတာပဲ။”

All Chapters