အခန်း ၄၆၆
Vol. 26 Ch. 466
အပိုင်း (၄၆၆) အတိုင်းအဆမဲ့ကုသိုလ်တော် အထူးလျှို့ဝှက်ချက် ဖော်စပ်နည်း။
“သူ တကယ်ပဲ အဲဒီလို ပြောလိုက်တာလား။ ကျုပ်ကို အရှင်မင်းကြီးလို့ ခေါ်တယ်ပေါ့။” ဝူမင်းသား၏ မျက်နှာပေါ်တွင် ဝမ်းမြောက်သည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့၏။
အရှေ့တွင်ရပ်နေသော သက်တော်စောင့်တစ်ယောက်သည် ဖန်ကျန်းရီ၏ အခန်းတွင်း ဖြစ်ပျက်ခဲ့သော စကားပြောဆိုမှုများကို သစ္စာရှိစွာ ပြန်လည်ပြောပြနေခြင်း ဖြစ်သည်။
“သူ တကယ်ပဲ အဲဒီလို ပြောခဲ့တာပါ။ အမတ်မင်းဖန်က အရှင်မင်းကြီးနဲ့အတူ ပင်လယ်ရပ်ခြားကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလို့လည်း ပြောပါတယ်။ အိမ်တော်ထိန်းချန်ကိုလည်း အရှင်မင်းကြီးဘေးမှာ လိမ္မာအောင် နေဖို့ သတိပေးလိုက်ပါသေးတယ်။ ပြီးတော့ အိမ်တော်ထိန်းချန်ကို ပါးနှစ်ချက်လောက် ရိုက်လိုက်ပြီး နှစ်ယောက်သား မကျေမနပ်နဲ့ လမ်းခွဲသွားကြပါတယ်။”
ဝူမင်းသားသည် ပြုံးရွှင်စွာဖြင့် ဘယ်ညာ လမ်းလျှောက်နေလိုက်၏။
ကောင်းတယ်။ ပေးလိုက်တဲ့ လက်ဆောင်က အလုပ်ဖြစ်သွားပြီပဲ။ ကြည့်ရတာ ဖန်ကျန်းရီက လက်တွေ့ အခြေအနေကို နားလည်သွားပုံရတယ်။ အခု ပါးစပ်ကသာ မာနေတာပဲ။
“ချန်ကျန့် ထွက်သွားပြီးနောက်ပိုင်းကော … ဖန်ကျန်းရီ ဘာဆက်လုပ်နေလဲ။”
“အမတ်မင်းဖန်က မီးအိမ်တစ်လုံးတောင်းပြီး သင်္ဘောကုန်းပတ်ပေါ် သွားပါတယ်။ သူ့နောက်ကို လူတစ်ယောက် ထည့်ပေးလိုက်ပါတယ်။”
ဝူမင်းသားက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ ကျုပ်နဲ့ သင်္ဘောကုန်းပတ်ပေါ် လိုက်ခဲ့။”
သင်္ဘောကုန်းပတ်ပေါ်တွင် …။
ဖန်ကျန်းရီသည် သင်္ဘောဦးပိုင်းနှင့် နီးသော နေရာတွင် ရပ်နေပြီး လက်တစ်ဖက်က လက်ရန်းကို ကိုင်ထားကာ အခြားတစ်ဖက်က မီးအိမ်ကို ကိုင်ထားသည်။ မီးရောင်က သူ၏ မျက်နှာကို လင်းထိန်စေ၏။
အကယ်၍ အပြောင်းအလဲ မရှိပါက သူ့လူများသည် မနီးမဝေးရှိ တောအုပ်ထဲတွင် ပုန်းအောင်းနေလောက်ပေမည်။
သူတို့ အမြင်အာရုံထဲတွင် သူ့ကို မြင်တွေ့နိုင်မှသာ လှုပ်ရှားရန် အစီအစဉ်ဆွဲနိုင်ပေမည်။
သင်္ဘောဦးတွင် ခေတ္တမျှ ရပ်နေပြီးနောက် ဖန်ကျန်းရီသည် နေရာပြောင်းကာ မျက်နှာပြရန် ဆက်လက် ကြိုးစား နေခဲ့သည်။
အနောက်မှ လိုက်ပါလာသော သက်တော်စောင့်ကတော့ အကြောင်းရင်းကို နားမလည်ပေ။
ဖန်ကျန်းရီ စပ်စုချင်စိတ်ဖြင့် နေရာအနှံ့ လိုက်ကြည့်နေသည်ဟုသာ ထင်မှတ်ကာ မေးခွန်းမထုတ်တော့ချေ။
ခေတ္တမျှ လျှောက်သွားပြီးနောက် ခြေသံများကို ကြားလိုက်ရသဖြင့် ဖန်ကျန်းရီသည် အနောက်သို့ လှည့်ကြည့် လိုက်၏။ ဝူမင်းသားသည် သက်တော်စောင့် နှစ်ယောက်နှင့်အတူ မီးအိမ်ကိုင်ကာ သူ့ထံသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။
ဝူမင်းသားက တွေ့တွေ့ချင်းပင် စကားစလိုက်၏။ “အမတ်ဖန် ... ညဘက် လရောင်အောက်မှာ စိတ်ကူးယဉ်နေတာလား။ နားတော့မယ်ဆို။”
သူ၏ ပြုံးရွှင်နေသော မျက်နှာကို မြင်သောအခါ ဖန်ကျန်းရီက စိတ်ထဲတွင် တွေးလိုက်၏။
လာတာ အတော်ပဲ။ အခု အခြေအနေကို ပြေလည်အောင်လုပ်ပြီး ဝူမင်းသားကို သတိလက်လွတ်ဖြစ်အောင် လုပ်ရမယ်။
ဖန်ကျန်းရီသည် အရိုအသေပေးလိုက်ပြီး ရင်ဘတ်ကို တမင်တကာ ဖိထားကာ ရှုပ်ထွေးသော မျက်နှာထားဖြင့် ပြောလိုက်၏။ “ကျွန်တော်မျိုး ... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”
ကျွန်တော်မျိုး ... အရှင်မင်းကြီး။
ဝူမင်းသား၏ မျက်လုံးထဲတွင် အံ့အားသင့် ဝမ်းသာသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သံသယ အနည်းငယ်ဖြင့် မေးလိုက်သည်။ “အို ... ခင်ဗျား ဒီလောက်မြန်မြန် သဘောပေါက်သွားတာလား။”
ဖန်ကျန်းရီက ခါးသက်သက် ပြုံးလိုက်ပြီး ရင်ဘတ်ထဲမှ အိတ်ဆောင်နာရီကို ထုတ်ကာ တိုးတိုးလေး ပြောလိုက်၏။ “ကျွန်တော်မျိုးမှာ ရွေးချယ်စရာ လမ်းရှိသေးလို့လား။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို တိုင်းပြည်ရဲ့ ပညာရှိတစ်ယောက်လို ဆက်ဆံနေမှတော့ ကျွန်တော်မျိုးက ဘယ်လိုလုပ် ဆက်ပြီး ခေါင်းမာနေနိုင်တော့မှာလဲ။
ခုနက အရှင်မင်းကြီးရဲ့ စကားတွေကို ကျွန်တော်မျိုး အခန်းထဲ ပြန်ရောက်တဲ့အခါ အကြိမ်ကြိမ် ပြန်တွေးကြည့်မိပါတယ်။ အရှင်မင်းကြီးက တကယ်ကို ကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ ဉာဏ်ပညာကြီးမားတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ဆိုတာကို ခံစားရတယ်။ ဘယ်သူမှ မမီနိုင်တဲ့ အမြင်တွေရှိတယ်။ အခုလို ထူးချွန်တဲ့ ခေါင်းဆောင်မျိုးနဲ့ တွေ့ရလို့ ကျွန်တော်မျိုး ရင်ထဲမှာ အရမ်းကို ဝမ်းသာမိပါတယ်။”
ဖန်ကျန်းရီ၏ ပြောဆိုပုံသည် အကြောင်းပြချက် ခိုင်လုံသော်ငြား ပြောင်းလဲသွားသည့် အမြန်နှုန်းကတော့ သိသိသာသာ မြန်ဆန်လွန်းနေသည်။
ဝူမင်းသားသည် ခေါင်းရှင်းရှင်းနှင့် တွေးတောတတ်သူဖြစ်သော်လည်း ရင်ထဲတွင် အလွန် ဝမ်းသာနေမိ၏။
သူသည် ပင်လယ်ပြင်ကို မျက်နှာမူကာ အသံထွက် ရယ်မောလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ “အမတ်ဖန် ပြောတာ အရမ်းကောင်းတယ်။ လောကလူသားတွေက မိုက်မဲပြီး အမြင်ကျဉ်းကြတယ်။ နောင်တော်တောင်မှ ဒီအတိုင်းပဲ။ ကျုပ်နဲ့ လိုက်ခဲ့မှသာ ခင်ဗျား ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပြီး အောင်မြင်မှုတွေ ရနိုင်မှာ။ ဒီကမ္ဘာကြီးရဲ့ ကောင်းကင်က ဘယ်လောက်မြင့်လဲ၊ လမ်းခရီးက ဘယ်လောက်ရှည်လဲဆိုတာကို ကျုပ်ကိုယ်တိုင် ခင်ဗျား ကို ခေါ်သွားပြီး ပြသပေးမယ်။”
ဝူမင်းသား၏ ဂုဏ်ယူဝင့်ကြွားသော စကားများကို ကြားရသောအခါ ဖန်ကျန်းရီသည် ရယ်ချင်စိတ်ကို ထိန်းထားလိုက်ရသည်။ သို့ပေမည့် ရင်ထဲတွင်တော့ အနည်းငယ် ခံစားသွားရ၏။
ဒီလောက် နှစ်တွေကြာလာတာတောင် ငါ့ကို ဒီလိုစကားမျိုး ပြောဖူးတဲ့သူဆိုလို့ သူတစ်ယောက်ပဲ ရှိသေးတယ်။
ဒေသခံတစ်ယောက်က ၂၁ ရာစုက ခေတ်မီလူငယ်တစ်ယောက်ကို အပြင်လောကကို ခေါ်သွားပြီး ကောင်းကင်ဘယ်လောက်မြင့်လဲ၊ လမ်းခရီးဘယ်လောက်ရှည်လဲဆိုတာကို ပြပေးမယ်တဲ့။
ဤကမ္ဘာကြီးတွင် ဉာဏ်ကောင်းသော သူများစွာ ရှိကြသည်။ သူတစ်ခါတစ်ရံတွင် စာမေးပွဲကျသွားသော အရူး တစ်ချို့၏ ထိတ်လန့်ဖွယ် ကောင်းသော စကားများကိုလည်း ကြားဖူးခဲ့၏။
ဥပမာ - ကျားမ တန်းတူညီမျှရေး၊ ဒီမိုကရေစီစနစ်ကို ဖြုတ်ချရေး စသည့် ခေတ်မီ စကားမျိုးများဖြစ်သည်။
အချို့သော ရှုထောင့်များမှ ကြည့်လျှင် ရှေးလူများနှင့် ခေတ်သစ်လူများကြားတွင် သိပ်ပြီး ကြီးမားသော ကွာခြားချက် မရှိနိုင်ချေ။ နေရောင်အောက်တွင် အသစ်အဆန်းဟူ၍ မရှိပေ။
ထမင်းစားပြီး ဗိုက်ဝသွားချိန်တွင် သာမန်ပြည်သူများပင် ကောင်းကင်ယံကို မော့ကြည့်ကာ အနာဂတ်နှင့် ပတ်သက်၍ ထူးဆန်းသော အတွေးအမြင်များ ရရှိလာနိုင်သည်။
သို့ပေမည့် အသိပညာနှင့် အတွေ့အကြုံပိုင်းတွင်တော့ ကျော်ဖြတ်၍ မရနိုင်သော ကွာဟချက်ကြီးတစ်ခု ရှိနေဆဲပင်။
ဝူမင်းသား တစ်ယောက်တည်း သာမက ဝူမင်းသားပေါင်း တစ်သောင်း ပေါင်းလိုက်လျှင်ပင် ဖန်ကျန်းရီ၏ အသိပညာကို မမီနိုင်ချေ။
နှစ်ရာပေါင်း၊ ထောင်ပေါင်းများစွာ ကွာဟနေသော အသိပညာကို ဉာဏ်ရည်နှင့် ကြိုးစားအားထုတ်မှုဖြင့် ဖြည့်ဆည်း၍ မရနိုင်ပေ။
ဖန်ကျန်းရီက ပြုံးလိုက်ပြီး အိတ်ဆောင်နာရီကို ကိုင်ကာ ပြောလိုက်၏။ “အရှင်မင်းကြီးက ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိရုံသာမက သိမ်မွေ့တဲ့ စိတ်ထားလည်း ရှိပြီး လက်အောက်ငယ်သားတွေအပေါ်မှာလည်း ဂရုစိုက်တတ်တယ်။ ကျွန်တော်မျိုး ဒီအိတ်ဆောင်နာရီကို သဘောကျတာ သိလို့ အထူးတလည် လာပို့ပေးတာ တကယ်ကို ဝမ်းသာမိပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ရှက်မိတယ် ... ”
“ရှက်မိတယ် ... ဘာလို့ ရှက်ရတာလဲ။” ဝူမင်းသားက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
ဖန်ကျန်းရီ၏ လေသံသည် တည်ငြိမ်သွားခဲ့၏။ “အရှင်မင်းကြီး... ပွင့်ပွင့်လင်းလင်း ပြောရရင် ခုနက ကျွန်တော်မျိုး အရှင်မင်းကြီးကို လိမ်ပြောခဲ့မိတယ်။”
ဝူမင်းသားက မျက်မှောင်ကုတ်လိုက်သည်။ “ပြောစမ်းပါ။ ရပါတယ်။”
“အရင်တုန်းက ဂေါ်ဘလင် တောက်ယွမ်ခရိုင်ကို ရောက်လာတုန်းက ပန်းချီရေးဆွဲနည်းကလွဲပြီး တခြား ဘာမှမရခဲ့ဘူးလို့ အရှင်မင်းကြီးကို ကျွန်တော်မျိုး ပြောခဲ့တယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ အဲဒီ အတိုင်းအဆမဲ့ ကုသိုလ်တော်ဆိုတဲ့ အရာက ဂေါ်ဘလင်နဲ့ ခွဲခြားလို့မရတဲ့ ဆက်စပ်မှု ရှိနေတယ်။”
အတိုင်းအဆမဲ့ကုသိုလ်တော်။
ဝူမင်းသား၏ မျက်လုံးများ အရောင်လက်သွားခဲ့၏။ “မြန်မြန်ပြောစမ်း။”
ဖန်ကျန်းရီသည် လည်ချောင်းရှင်းလိုက်ပြီး အတွေးများကို စုစည်းကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဂေါ်ဘလင် က အနောက်တိုင်းက ကျီနီ ဆိုတဲ့ နိုင်ငံငယ်လေးကနေ လာတာပါ။ အတိုင်းအဆမဲ့ ကုသိုလ်တော်ရဲ့ ဖော်စပ်နည်းကိုလည်း ကျီနီနိုင်ငံကနေ ခိုးယူလာခဲ့တာ။ အဲဒီနိုင်ငံမှာ တိုက်တေနီယမ် ကျောက်မီးသွေးလို့ ခေါ်တဲ့ ကျောက်မီးသွေး တစ်မျိုးရှိတယ်။ အတိုင်းအဆမဲ့ကုသိုလ်တော်အတွက် အရေးအကြီးဆုံး ပါဝင်ပစ္စည်းက အဲဒီ တိုက်တေနီယမ် ကျောက်မီးသွေးပဲ။ တောက်ယွမ်ခရိုင်မှာလည်း အဲဒီ ကျောက်မီးသွေးမျိုး ရှိနေတာလေ။”
“ကျီနီ ... တိုက်တေနီယမ် ကျောက်မီးသွေး။”
ဝူမင်းသားက တီးတိုးရေရွတ်လိုက်ပြီး မေးလိုက်၏။ “ဒီကျီနီနိုင်ငံက အတိအကျ ဘယ်နေရာမှာလဲ။ ခင်ဗျား သိလား။”
“အဟမ်း ... မသိပါဘူး။ ကျုပ်တို့နဲ့ ဂေါ်ဘလင်ကြားမှာ ဘာသာစကား အခက်အခဲ ရှိခဲ့လို့ပါ။ ဒါပေမဲ့ ကျီနီနိုင်ငံက ပင်လယ်ကမ်းစပ်မှာ ရှိပြီး ပင်လယ်ထဲမှာ ပင်လယ်ငါးဘီလူးကြီးတွေ မကြာခဏ ပေါ်လာတတ်တယ်လို့တော့ သိရတယ်။ ပြီးတော့ သူတို့ဆီမှာ လိုင်ချီးသီးတွေ အများကြီး ထွက်တယ်။ လိုင်ချီးသီးတွေ အများကြီး ထွက်တယ်ဆိုတော့ ကျီနီနိုင်ငံက ပင်လယ်ရပ်ခြားမှာ တော်တော်လေး နာမည်ကြီးလောက်မယ် ထင်တယ်။”
“ပင်လယ်ထဲမှာ ပင်လယ်ငါးဘီလူးကြီးတွေ ပေါ်တယ် ... ဒီကမ္ဘာပေါ်မှာ တကယ်ပဲ ပင်လယ်ငါးဘီလူးကြီးတွေ ရှိတာလား။” ဝူမင်းသားက မျက်မှောင်ကုတ်လိုက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။
အဲဒါက ဒဏ္ဍာရီထဲက အကောင်တွေ မဟုတ်ဘူးလား။
“တကယ်ရှိပါတယ်။ ဒါပေမဲ့ ဒဏ္ဍာရီထဲကလောက်တော့ မကြီးပါဘူး။ ဆယ်ကျန်းလောက်ပဲ ရှိမယ်ထင်တယ်။ သူ့ကျောကနေ ရေတွေ ပန်းထုတ်နိုင်သေးတယ်။ ကျုပ်လည်း ပင်လယ်ထဲ မထွက်ဖူးတော့ အဲဒါ အမှန်လား အမှားလား မသိဘူး ... ဒါတွေအကုန်လုံးက ဂေါ်ဘလင် ပြောပြထားတာချည်းပဲ။”
အသေးစိတ်ကို ကြားလိုက်ရသောအခါ ဝူမင်းသား၏ မျက်မှောင်ကြုတ်မှု ချက်ချင်း ပြေလျော့သွားခဲ့၏။ “ဒါကို ကျုပ်သိတယ်။ ပင်လယ်ရပ်ခြားက ပြန်လာတဲ့ သင်္ဘောအုပ်စုက ကျုပ်ကို ပြောပြဖူးတယ်။ သူတို့ ပင်လယ်ထဲမှာ အရမ်းကြီးမားတဲ့ ငါးကြီးတွေကို တွေ့ခဲ့ရတယ်တဲ့။ ကျောကနေလည်း ရေတွေ ပန်းထုတ်နိုင်တယ်တဲ့။ ကိုယ်တော်က သိပ်မယုံခဲ့ဘူး။ တကယ်ရှိနေတာပဲ။ အဲဒီ အနောက်တိုင်းသားတွေက ထူးဆန်းတဲ့ ငါးကြီးတွေကို ပင်လယ်ငါးဘီလူးကြီးတွေလို့ ထင်နေကြတာကိုး။”
ဝူမင်းသားသည် ဖန်ကျန်းရီ၏ မျက်နှာအမူအရာကို အမြဲတမ်း သေသေချာချာ အကဲခတ်နေခဲ့သည်။ သူ ပြောဆိုနေပုံက လေးနက်ပြီး ဟန်ဆောင်နေပုံမပေါ်သော်လည်း ပါဝင်သည့် အကြောင်းအရာများကတော့ အနည်းငယ် ရယ်စရာကောင်းနေ၏။
လက်ရှိအချိန်တွင် အနောက်တိုင်းနှင့် ပတ်သက်၍ အသိပညာ နည်းပါးနေသေးသောကြောင့် ဖန်ကျန်းရီ ပြောစကားများ အမှန်၊ အမှားကို ခွဲခြား၍မရနိုင်ပေ။
ဖန်ကျန်းရီက တည်ကြည်လေးနက်စွာ ပြောနေသော်ငြား သူ၏ စိတ်ထဲတွင်တော့ သုံး၊ လေးပုံလောက်သာ ယုံကြည်ရဲသည်။
သို့ပေမည့် ပင်လယ်ငါးဘီလူးကြီးများ၏ အသေးစိတ် အချက်အလက်ကို ပြောလိုက်ချိန်တွင်တော့ ဝူမင်းသား၏ ယုံကြည်မှုသည် ချက်ချင်းပင် ခုနစ်ပုံ၊ ရှစ်ပုံခန့်အထိ မြင့်တက်သွားခဲ့၏။
ကျောကနေ ရေပန်းထုတ်နိုင်တဲ့ ငါးကြီးတွေ။ သူတောင် မတွေးမိခဲ့ဘဲ သင်္ဘောသားတွေ ပြန်ပြောပြလို့သာ သိခဲ့ရတာ။ တောက်ယွမ်ခရိုင်မှာ အမြဲနေတဲ့ ဖန်ကျန်းရီက ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒါဆိုရင် ဂေါ်ဘလင်ဆိုတာ တကယ်ရှိခဲ့လို့ပဲ။ ကျီနီ တိုက်တေနီယမ် ကျောက်မီးသွေးဆိုတာလည်း တကယ်ရှိမှာ သေချာတယ်။
………..
မှန်သွားပြီ။ အသေးစိတ်အချက်အလက်တွေက အောင်မြင်မှုနဲ့ ကျရှုံးမှုကို ဆုံးဖြတ်ပေးတာပဲ။
ဝေလငါးအကြောင်း ခင်ဗျား ကြားဖူးမှာ သေချာတယ်လို့ ကျုပ်ထင်သားပဲ။
ဖန်ကျန်းရီသည် ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။
ဝူမင်းသားက အလျင်စလို မေးလိုက်သည်။ “ဒါဆိုရင် ကျီနီ တိုက်တေနီယမ် ကျောက်မီးသွေးကလွဲပြီး အတိုင်းအဆမဲ့ ကုသိုလ်တော်ရဲ့ တခြား ပါဝင်ပစ္စည်းတွေက ဘာတွေလဲ။”
“အရှင်မင်းကြီး... ဒီလောက်ပဲ ပြောခွင့်ပြုပါ။ ဆန်ဂျာကာကို ရောက်တဲ့အခါ အရှင်မင်းကြီးအတွက် အတိုင်းအဆမဲ့ ကုသိုလ်တော်ကို ကျွန်တော်မျိုး သေချာပေါက် ဖန်တီးပေးပါ့မယ်။”
ဖန်ကျန်းရီက ပြတ်သားစွာ ငြင်းဆိုလိုက်၏။ ဤမျှအထိ ပြောလိုက်ခြင်းက အကျိုးသက်ရောက်မှု ရှိသွားပြီ ဖြစ်သည်။ အများကြီးပြောလျှင် အများကြီး မှားနိုင်သည်။
တောင်းဆိုမှုကို ငြင်းဆန်ခံလိုက်ရသောအခါ ဝူမင်းသား၏ ရင်ထဲတွင် ဒေါသအနည်းငယ် ထွက်သွားသော်လည်း ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။ စိတ်ထဲတွင်လည်း တွေးလိုက်၏။
ဒါက မှန်တာပေါ့။ သူသာ အကုန်လုံးကို တစ်ခါတည်း ပြောပြလိုက်ရင် ပိုပြီး သံသယဖြစ်စရာ ကောင်းနေလိမ့်မယ်။
ဝူမင်းသားက သဘောထားကြီးဟန် ဆောင်ကာ ပြောလိုက်သည်။ “ဟားဟား ... ရပါတယ်။ အမတ်ဖန်ရဲ့ စိတ်ထဲမှာ စိုးရိမ်နေတာတွေကို ကျုပ်နားလည်ပေးနိုင်ပါတယ်။ ပင်လယ်ရပ်ခြားကို ရောက်တဲ့အခါ ကျီနီ တိုက်တေနီယမ် ကျောက်မီးသွေးကို ရှာဖွေဖို့ ခင်ဗျား ကို အာဏာအပြည့်အဝ ပေးမယ်။”
ဟက်ဟက် ... လူလည်ကျချင်နေတာလား။
ဖန်ကျန်းရီက စိတ်ထဲတွင် ကျိန်ဆဲလိုက်သော်လည်း နှုတ်မှတော့ ပြန်ပြောလိုက်၏။ “အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ တောင်းဆိုစရာလေး တစ်ခုရှိပါသေးတယ်။ သင်္ဘောထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုနိုင်မလား။”
ဝူမင်းသားက လက်ကို ဝှေ့ယမ်းကာ ပြုံးပြီး ပြောလိုက်သည်။ “အမတ်ဖန်က ဒီနေ့ ကိုယ်တော့်ကို ရိုးရိုးသားသား ပြောပြတဲ့အတွက် ကျုပ်အရမ်းဝမ်းသာပါတယ်။ ဒီလောက် ကိစ္စလေးကတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ... သင်္ဘောပေါ်ကနေတော့ ဆင်းခွင့်မပြုနိုင်ဘူး။”