← Chapters

အခန်း ၄၆၈

Vol. 26 Ch. 468

အခန်း ၄၆၈

Vol. 26 Ch. 468

အပိုင်း (၄၆၈) ဖန်ကျန်းရီကို မရန်စနဲ့။

ကျိုးထျဲ့၏ အခန်းမှ ထွက်လာပြီးနောက် ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားခဲ့၏။

အခြေအနေက သိပ်မကောင်းလှချေ။ ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် ကြီးမားသော စွန့်စားမှုတစ်ခုကို ပြုလုပ်ရပေမည်။ ကျိုးထျဲ့ လှုပ်ရှားတော့မည်ဖြစ်ရာ သူ၏ ဖိအားများ လျော့ကျသွားစေရန် အမြန်ဆုံး နည်းလမ်း တစ်ခု စဉ်းစားရမည်။

သူ၏အခန်းတွင်းသို့ ပြန်ရောက်သောအခါ ဖန်ကျန်းရီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ဝူမင်းသားထံမှနေ၍ အစပြုရမည်ဟု ဆုံးဖြတ်လိုက်သည်။

ပြောဆိုရမည့် စကားများကို ပြင်ဆင်ပြီး အပြင်သို့ ထွက်ရန် ပြင်နေစဉ်မှာပင် တံခါးက ရုတ်တရက် ပွင့်လာခဲ့၏။

အစောင့်နှစ်ယောက်သည် အသက်ဆယ်နှစ်ဝန်းကျင်အရွယ် ကလေးတစ်ယောက်နှင့်အတူ ဝင်ရောက် လာကြသည်။

ကလေး၏ မျက်နှာပေါ်တွင် မောက်မာသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ရွံရှာသည့် အမူအရာများ မထိန်းနိုင်ဘဲ ပေါ်လာခဲ့သည်။

ဒီသင်္ဘောပေါ်က ငါ့အခန်းထဲကို ဝင်ချင်တဲ့ကောင်တွေ အကုန်လုံးက တံခါးကို အတင်းတွန်းဖွင့်ပြီး ဝင်လာကြတာချည်းပဲ။ တံခါးခေါက်ရကောင်းမှန်း သိတဲ့ကောင် တစ်ယောက်မှ မရှိဘူး။

ကလေးပေါက်စလေးကတောင် ဒီလောက် မောက်မာနေတာလား။

စိမ်းသက်နေသော ကလေးကို ကြည့်ကာ ဖန်ကျန်းရီသည် အစောင့်ကို ဒေါသတကြီး မေးလိုက်၏။ “ဒီကလေးက ဘယ်သူလဲ။”

အစောင့်က ခါးကို မတ်ကာ တည်ကြည်လေးနက်စွာ ဖြေလိုက်သည်။ “အမတ်မင်းဖန်... ဒါက ကျုပ်တို့ရဲ့ ပဉ္စမမင်းသားလေ။ သူက ခင်ဗျားကို တွေ့ချင်လို့တဲ့။”

ပဉ္စမမင်းသားသည် မေးကို မော့ကာ ဖန်ကျန်းရီကို စပ်စုချင်စိတ်ဖြင့် အကဲခတ်ကြည့်လိုက်ပြီးနောက် လှောင်ပြောင်လိုက်၏။ “ကျုပ်က ဘာကောင်များလဲလို့။ ခမည်းတော်က ခင်ဗျား အကြောင်း ပြောပြလို့ လာကြည့်တာ။ အခုကြည့်ရတာတော့ သာမန်ပါပဲ။ ဘာမှ ထူးခြားချက် မရှိပါဘူး။ ဒီမနက်တင် ခမည်းတော်က ခင်ဗျားကို အိတ်ဆောင်နာရီ ပေးလိုက်တယ်လို့ ကြားတယ် …ဟုတ်လား။ ဟမ် ... ကျုပ်ကို မြင်တာတောင် ဘာလို့ အရိုအသေမပေးတာလဲ။ ရိုင်းစိုင်းလိုက်တာ။”

ဖန်ကျန်းရီသည် ပဉ္စမမင်းသားကို စိုက်ကြည့်လိုက်ပြီး နဖူးတွင် သွေးကြောများ ထောင်ထလာခဲ့သည်။

ချီးတဲ့မှ။ ရိုင်းစိုင်းလိုက်တဲ့ ကလေးပေါက်စ။

သူ့ကိုယ်သူ မင်းသားလို့ တကယ် ထင်နေတာလား။

ဖန်ကျန်းရီ၏ အကြည့်ကို ရင်ဆိုင်ရသော်ငြား ပဉ္စမမင်းသားသည် လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင်များပင် ပါဝင်နေသေးသည်။

ရုတ်တရက် ပေါ်လာသော ဤကလေးပေါက်စကို ကြည့်ကာ ဖန်ကျန်းရီက မကျေမနပ်ဖြင့် ပြောလိုက်၏။ “ကျုပ် မင်းသားကို ဂါရဝပြုပါတယ်။ ဒါပေမဲ့ ကြည့်ရတာ မင်းသားကလည်း သာမန်ပါပဲ။ ကျုပ်ကို လာတွေ့တာတောင် အစောင့်နှစ်ယောက် ခေါ်လာရတယ်။ ကျုပ်ကို ကြောက်နေလို့လား။”

ကြောက်တယ် ... ဟုတ်လား။

ပဉ္စမမင်းသားသည် မျက်မှောင်ကုတ်သွားပြီး ဘေးဘယ်ညာရှိ အစောင့်များကို အမိန့်ပေးလိုက်၏။ “ခင်ဗျား တို့ ထွက်သွားကြ။”

အစောင့်များသည် အနည်းငယ် တုံ့ဆိုင်းသွားပြီး ဖန်ကျန်းရီကို သတိထားကာ ကြည့်လိုက်ကြသည်။

“ထွက်သွားလို့။ ကျုပ်စကားက အရာမဝင်ဘူးလား။ သူက သင်္ဘောပေါ်မှာ ကျုပ်ကို အန္တရာယ်ပြုရဲမယ် ထင်နေလို့လား။ ဒုတိယအကြိမ် ထပ်ပြောစရာ မလိုစေနဲ့။”

အစောင့်များသည် အမိန့်ကို မလွန်ဆန်ရဲသဖြင့် အခန်းပြင်သို့ ထွက်သွားကြ၏။ “မင်းသား ... ကိစ္စရှိရင် ကျုပ်တို့ကို ချက်ချင်း ခေါ်လိုက်ပါ။”

“မင်းသားက အသက်သာ ငယ်တာ သတ္တိကတော့ တကယ်ကို ပြောင်မြောက်တာပဲ။ ပြောပါအုံး … ကျုပ်ဆီ ဘာကိစ္စရှိလို့လဲ။”

ပဉ္စမမင်းသားက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ “ကျုပ်က ကြီးလာတဲ့အထိ ဘယ်သူ့ကိုမှ မကြောက်ဖူးဘူး။ ခင်ဗျား ကို ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်။ အဲဒီ အိတ်ဆောင်နာရီကို ကျုပ် သဘောကျတယ်။ အဲဒါကို ပြန်ပေး။”

အိတ်ဆောင်နာရီလား။ ဖန်ကျန်းရီ၏ ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။

ပထမဆုံး အခန်းတံခါးကို တစ်ချက် ကြည့်လိုက်သည်။ တံခါး သေချာပိတ်ထားသည်ကို မြင်သောအခါ အနောက်ဘက်ရှိ ကုတင်ကို လက်ညှိုးထိုးပြလိုက်သည်။

“ကုတင်ပေါ်မှာ ရှိတယ်။ မင်းသား ဘာသာ သွားယူလိုက်ပါ။”

“အင်း ... ခင်ဗျား က လိမ္မာသားပဲ။” ပဉ္စမမင်းသားသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဖန်ကျန်းရီ၏ အနောက်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

သူ့ဘေးမှ ဖြတ်သွားသည်နှင့် ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အလွန်တရာ ရက်စက်ယုတ်မာသော အမူအရာများ ရုတ်တရက် ပေါ်လာခဲ့၏။

ကလေးပေါက်စ ... သွားသေလိုက်တော့။

ဖန်ကျန်းရီသည် ခြေထောက်ကို မြှောက်ကာ ပဉ္စမမင်းသား၏ တင်ပါးကို အားကုန်လွှဲ၍ တစ်ချက် ကန်ချလိုက်သည်။

အသက်ဆယ်နှစ်ကျော်အရွယ် ကလေးတစ်ယောက်သည် ဖန်ကျန်းရီ၏ ကန်ချက်ကြောင့် ကုတင်ပေါ်သို့ လွင့်စင်သွားခဲ့၏။

ပဉ္စမမင်းသား အော်ဟစ်ရန် အချိန်မရလိုက်ခင်မှာပင် ဖန်ကျန်းရီက အပေါ်သို့ ခုန်အုပ်သွားပြီး ခေါင်းအုံးစွန်း တစ်ဖက်ကို ယူကာ ကလေး၏ ပါးစပ်ထဲသို့ အတင်း ဖိသိပ်ထည့်လိုက်သည်။

တစ်ချိန်တည်းမှာပဲ သူ၏ နားနားကပ်၍ ရက်စက်စွာ ပြောလိုက်၏။ “ငါက မင်းဖေကို အနိုင်မကျင့်နိုင်လို့ မင်းကို အနိုင်မကျင့်နိုင်ဘူးများ မှတ်နေလား။”

စကားပြောရင်း ပဉ္စမမင်းသား၏ တင်ပါးကို ဒူးဖြင့် အဆက်မပြတ် တိုက်ချလိုက်သည်။

ဤကဲ့သို့ အောက်တန်းကျသော လုပ်ရပ်မျိုးကို လုပ်နိုင်ခြင်းက ကိုယ်ကျင့်တရားကောင်းမွန်သော ဖန်ကျန်းရီ အနေဖြင့်လည်း တကယ်ကို ဖိအားပေးခံရလွန်း၍ ဖြစ်ပေလိမ့်မည်။

“မင်းအော်ရဲရင် ငါအခုချက်ချင်း မင်းကို သတ်ပစ်မယ်။ ငါတို့ နှစ်ယောက်စလုံး သေဖို့သာ ပြင်ထား။”

“အွန်း ... အွန်း ... ။”

ထိတ်လန့်စိုးရွံ့မှု။ အသက်ဆယ့်တစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်၏ ရင်ထဲတွင် ကြီးမားလှသော ထိတ်လန့်စိုးရွံ့မှုများ ပြည့်နှက်သွားခဲ့၏။

သူ၏ ဖြောင့်ဖြူးလှသော ကြီးပြင်းလာမှု လမ်းခရီးတစ်လျှောက်တွင် ဤမျှ ယုတ်မာလှသော လူမျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသည်မှာ ထင်ရှားလှသည်။

တင်ပါးဆီမှ သည်းခံနိုင်စွမ်းမရှိသော နာကျင်မှုများ ဆက်တိုက် ထွက်ပေါ်လာသောကြောင့် ပဉ္စမမင်းသားသည် ရှက်ရွံ့မှုနှင့်အတူ မျက်ရည်များ ကျဆင်းလာခဲ့၏။

“အွန်း ... အွန်း ... အွန်း ... ဝူးဝူးဝူးဝူးဝူး ... ။”

အနိုင်ကျင့်မှု တစ်ခုလုံးသည် နှစ်မိနစ်နီးပါး ကြာမြင့်ခဲ့ပြီးနောက် ဖန်ကျန်းရီသည် မတ်တပ်ထရပ်ကာ လွှတ်ပေးလိုက်၏။

ဖိနှိပ်ချုပ်ချယ်မှု ပျောက်ကွယ်သွားသည်နှင့် ပဉ္စမမင်းသားသည် ငိုသံပါကြီးဖြင့် အသံကုန် အော်ဟစ် လိုက်တော့သည်။ “လူလာကြပါဦး။ ကယ်ကြပါဦး။”

အစောင့်များ အခန်းထဲသို့ မဝင်လာခင်မှာပင် ဖန်ကျန်းရီက သူ့ကို အရင် ပွေ့ချီလိုက်ပြီး ပေါင်ခြံကို အားကုန်ညှစ်ကာ နားနားကပ်၍ ခြိမ်းခြောက်လိုက်၏။ “ထပ်အော်ရဲရင် မင်းကို သတ်ပစ်မယ်။ ငါလည်း ဒီနေ့ အသက်ရှင်ဖို့ မစဉ်းစားထားဘူး ... မင်းဘာသာ စဉ်းစားကြည့်တော့။”

အစောင့်များ အခန်းထဲသို့ အလောတကြီး ဝင်လာကြပြီး ရှည်လျားသော ဓားများကို ကိုင်ဆောင်ကာ ဖန်ကျန်းရီကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ “အမတ်မင်းဖန်... ဘာလုပ်မလို့လဲ။ မင်းအမြန်လွှတ်ပေးလိုက်။”

ဖန်ကျန်းရီသည် မျက်နှာပေါ်တွင် မတတ်သာသည့် အမူအရာကို ပြသရင်း လက်တစ်ဖက်က ပဉ္စမမင်းသားကို ပွေ့ချီထားကာ အခြားလက်တစ်ဖက်ဖြင့် ကလေး၏ ပေါင်ကို တိတ်တဆိတ် အတင်းညှစ်ထားလိုက်၏။ အခြား လက်တစ်ဖက်ဖြင့် တံခါးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “ကျုပ်က မင်းသားကို အန္တရာယ်ပေးမယ့် ပုံစံပေါက်နေလို့လား။ ကျုပ်ကို အရှင်မင်းကြီးဆီ ခေါ်သွားပေးပါ။ နားလည်မှုလွဲနေတာပါ။ အားလုံးက နားလည်မှုလွဲနေတာပါ။”

ပဉ္စမမင်း သားသည် ပေါင်အတွင်းပိုင်းမှ ဆက်တိုက် ထွက်ပေါ်လာသော ဖိအားများကို ခံစားရသဖြင့် လုံးဝ မအော်ရဲတော့ဘဲ အစောင့်များကို တောင်းပန်သည့် အကြည့်များဖြင့်သာ ကြည့်နေရှာ၏။

သူသည် ကလေးတစ်ယောက်သာ ဖြစ်သည်။ ဖန်ကျန်းရီကဲ့သို့ ထိပ်တန်း လူယုတ်မာမျိုးနှင့် ကြုံတွေ့ရခြင်းက သူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို အများကြီး ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

သူ တကယ်ကို ကြောက်ရွံ့နေပြီဖြစ်သည်။ ဒီလူက အရူးတစ်ယောက်ပဲ။ သူ တကယ် သတ်ပစ်လောက်တယ်။

အစောင့်များသည် စိုးရိမ်နေကြသော်ငြား ခေါင်းထဲတွင်တော့ ဇဝေဇဝါ ဖြစ်နေကြ၏။ ပုံစံကို ကြည့်ရသည်မှာ ဓားစားခံ ဖမ်းထားသည့် ပုံစံမျိုးလည်း မပေါက်ပေ။

“အမတ်မင်းဖန်... မင်းသားကို အရင် ချပေးလိုက်ပါ။ ပြီးမှ အရှင်မင်းကြီးဆီ သွားကြတာပေါ့။”

ဖန်ကျန်းရီက ဂရုမစိုက်ဘဲ ပဉ္စမမင်းသားကို ပွေ့ချီထားရင်း တံခါးအပြင်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့၏။ “အာ ... ခင်ဗျားတို့က ဘာတွေ စိုးရိမ်နေတာလဲ။ ဘယ်နှစ်ခေါက် ပြောပြရမှ နားလည်မှာလဲ။ မင်းသားက ကျုပ်ကို နားလည်မှုလွဲနေလို့ ကျုပ်က ချော့နေတာ။ အရှင်မင်းကြီးနဲ့ တွေ့မှပဲ ရှင်းပြတော့မယ်။ ခင်ဗျားတို့ စိတ်မချရင် လူတစ်ယောက်ကို သွားပြီး သတင်းပို့ခိုင်းလိုက်လေ။”

စင်္ကြံလမ်းပေါ်ရှိ အစောင့်များသည် ထိုအချိန်တွင် ဝိုင်းအုံလာကြပြီး လူအချို့က ဝူမင်းသားထံ သတင်းပို့ရန် အလျင်အမြန် ပြေးသွားကြသည်။

ဖန်ကျန်းရီသည် စင်္ကြံလမ်းပေါ်တွင် ဖြည်းဖြည်းချင်း လျှောက်သွားရင်း လက်ထဲတွင် အဆက်မပြတ် အားထည့်ကာ ပါးစပ်မှလည်း တတွတ်တွတ် ပြောနေခဲ့၏။ “မင်းသား ... မကြောက်ပါနဲ့။ ငါ မင်းကို ကာကွယ်ပေးမှာပါ။”

ပဉ္စမမင်းသား၏ မျက်နှာသည် ဖြူရော်နေပြီး အသံတစ်သံမှ မထွက်ရဲချေ။

သိပ်မဝေးလှသော နေရာသို့ ရောက်ချိန်တွင် ဝူမင်းသားသည် သတင်းကြားသဖြင့် အလောတကြီး ရောက်လာခဲ့ပြီဖြစ်သည်။

ဖန်ကျန်းရီသည် စင်္ကြံလမ်း၏အဆုံးကို စိုက်ကြည့်နေခဲ့၏။ ဝူမင်းသားသည် အကွေ့မှ ထွက်လာသည့် အခိုက်အတန့်တွင်။

သူ၏ အခြားလက်တစ်ဖက်က ပဉ္စမမင်းသား၏ ပေါင်ကြားသို့ တိတ်တဆိတ် ရောက်သွားခဲ့ပြီး လက်ညှိုးနှင့် လက်မကို အသုံးပြုကာ အားကုန်သုံး၍ လိမ်ဆွဲလိုက်သည်။

“အား ... ။”

စူးရှလွန်းလှသော၊ ရင်ကို ထိုးခွဲသွားသည့်အလား နာကျင်နေသော အော်သံကြီးသည် သင်္ဘောခန်းတစ်ခုလုံးတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။

မရေမတွက်နိုင်သော စစ်သည်များသည် အသံထွက်ပေါ်လာရာဆီသို့ ပြေးလာကြသည်။

“ခမည်းတော် ... ကယ်ပါအုံး။ ကယ်ပါအုံး။” ပဉ္စမမင်းသား၏ အော်သံများသည် ကွဲအက်နေခဲ့ပြီဖြစ်၏။

ကလေးဘဝ၏ ဤအခိုက်အတန့်တွင် ဖော်ပြ၍မရနိုင်သော ကြီးမားလှသည့် အရိပ်မည်းကြီးတစ်ခု ကျန်ရစ်ခဲ့ပြီဖြစ်သည်။

ဖန်ကျန်းရီသည် သူ့ကို အလျင်အမြန် မြေပေါ်ချပေးလိုက်ပြီး ကျောကို အဆက်မပြတ် ပုတ်ပေးကာ အလွန် စိုးရိမ်ပူပန်သည့်ဟန်ဖြင့် မေးလိုက်၏။ “မင်းသား ... ဘာဖြစ်သွားတာလဲ။ မင်းသား ဘာမှမဖြစ်ပါဘူးနော်။”

ပဉ္စမမင်းသားသည် ရူးသွပ်မတတ် ငိုကြွေးနေပြီး မျက်ရည်များကို သုတ်ကာ ဘေးနားရှိ အစောင့်များဘေးသို့ ဝင်ရောက် ပုန်းအောင်းနေခဲ့သည်။

ဝူမင်းသားသည် လူအုပ်ရှေ့သို့ ရောက်လာပြီဖြစ်ပြီး အေးစက်သော မျက်နှာဖြင့် ပဉ္စမမင်းသားကို ကြည့်ကာ မေးလိုက်၏။ “ဘာဖြစ်တာလဲ။”

“ခမည်းတော် ... သူ သားကို ရိုက်တယ်။ သတ်လည်း သတ်မလို့လုပ်တယ်။ မြန်မြန် ... ဖန်ကျန်းရီကို သတ်ပစ်လိုက်။ ခမည်းတော် ကယ်ပါအုံး။” ပဉ္စမမင်းသားက ငိုယိုကာ အော်ဟစ်လိုက်သည်။

“အမတ်ဖန် ... ဘာဖြစ်တာလဲ။” ဝူမင်းသားသည် ဖန်ကျန်းရီဘက်သို့ လှည့်ကြည့်လိုက်၏။

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည့် အမူအရာများ အပြည့်ဖြစ်နေပြီး အိတ်ဆောင်နာရီကို တုန်တုန်ယင်ယင်ဖြင့် ထုတ်ပေးလိုက်သည်။ “အရှင်မင်းကြီး... ခွင့်လွှတ်ပေးပါ။”

“မင်းသားက ဒီအိတ်ဆောင်နာရီကို သဘောကျလို့ သူ့ကို ပေးဖို့ ပြောတယ်။ ဒါပေမဲ့ ဒါက အရှင်မင်းကြီးရဲ့ ပစ္စည်းဖြစ်နေတော့ ... ကျွန်တော်မျိုးက အလွယ်တကူ မပေးရဲလို့ မင်းသား ဒေါသထွက်သွားတာပါ။ အရှင်မင်းကြီး... အပြစ်ပေးပါ။”

ဝူမင်းသားသည် ပဉ္စမမင်းသားကို တစ်ချက် ပြန်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် ဒေါသများ ပါဝင်လာခဲ့၏။ အငယ်ဆုံးသားက ဤအိတ်ဆောင်နာရီကို လိုချင်နေသည်ကို သူ သိသည်။ သို့ပေမည့် တစ်လုံးတည်းသာ ရှိသောကြောင့် မပေးခဲ့ခြင်းဖြစ်သည်။

“ငါ မေးမယ်။ အမတ်ဖန် အခုပြောတာ အမှန်ပဲလား။ ငါပေးထားတဲ့ အိတ်ဆောင်နာရီကို သူ့ဆီ သွားတောင်းတာလား။”

ပဉ္စမမင်းသားသည် အစောင့်၏ ခြေထောက်ဘေးတွင် ပုန်းနေပြီး ကြောက်လန့်တကြား ဖြေလိုက်၏။ “ဟုတ်တယ်။ ဒါပေမဲ့ သူ သားတော်ကို ရိုက်တယ်။ သတ်လည်း သတ်မလို့လုပ်တယ်။”

“အရှင်မင်းကြီး... အဲဒါ ... အဲဒါက ... ကျွန်တော်မျိုးက ... ” ဖန်ကျန်းရီသည် စကားထစ်နေပြီး အလွန်အမင်း စိတ်ရှုပ်ထွေးနေသည့်ပုံစံ ဖမ်းလိုက်သည်။

ဘေးနားရှိ အစောင့်များ၏ အကြည့်များပင် ပြောင်းလဲသွားခဲ့၏။

ဒီကလေးပေါက်စက ဒီနေရာမှာ လာပြီး ပြဿနာရှာနေတာကိုး။ မင်းသားက တကယ်ကို နားလည်မှုမရှိတာပဲ။

“ဖောင်း”

ဝူမင်းသားသည် ပဉ္စမမင်းသားရှေ့သို့ လျှောက်သွားကာ မျက်နှာကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်လိုက်၏။ “မိုက်ရိုင်းတဲ့ကောင်။ ငါ အမတ်ဖန်ကို ပေးထားတဲ့ ပစ္စည်းကို သွားတောင်းဖို့ ဘယ်သူက မင်းကို အခွင့်အရေးပေးလိုက်တာလဲ။”

“ဒါပေမဲ့ ခမည်းတော် ... သူ သားတော်ကို သတ်မလို့လုပ်တယ်။ ပြီးတော့ အဲဒီနေရာကို ညှစ် ... ”

“ဖောင်း”

နောက်ထပ် ပြင်းထန်သော ပါးရိုက်ချက်တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။“မင်းလို အရူးကောင်မျိုးကို ငါဘယ်လိုလုပ် မွေးမိတာလဲ။ လိမ်တောင် မလိမ်တတ်ဘူး။”

ဤပါးရိုက်ချက်က ကလေးပေါက်စ၏ ဝိညာဉ်ကို လွင့်ထွက်သွားစေခဲ့၏။

မျက်လုံးထဲမှ အရောင်အဝါများသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

မလှမ်းမကမ်းတွင် နှာခေါင်းရဲနေသော အစောင့်နှစ်ယောက်သည် ပွဲကြည့်နေကြပြီး တစ်ယောက်က အခြား တစ်ယောက်ကို တံတောင်ဖြင့် တွတ်ကာ တိုးတိုးလေး မေးလိုက်၏။ “ဖန်ဆိုတဲ့လူက မင်းသားကို တကယ် ရိုက်လိုက်တာလို့ ထင်လား။”

“ရိုက်တာပေါ့။ သေချာပေါက် ရိုက်တာ။ မရိုက်ရင် သူက ငါ့သားပဲ။”

ဝူမင်းသားက တော်တော် ရက်စက်တာပဲ။ ကိုယ့်သားကိုယ်ရိုက်တာ လီမိသားစုရဲ့ ရိုးရာလား။

ဖန်ကျန်းရီသည် ဝူမင်းသားကို တစ်ချက် ကြည့်လိုက်ပြီးနောက် တိတ်တဆိတ် မျက်ရည်ကျနေသော မင်းသားကို ထပ်ကြည့်လိုက်၏။

အဖေမေတ္တာတော့ ရှိပါတယ်။ ဒါပေမဲ့ သိပ်မများဘူး။ နောက်တစ်ချက် ထပ်ရိုက်လိုက်အုံး ... ။

ဝူမင်းသားသည် တောင်းပန်သည့် လေသံဖြင့် ပြောလိုက်၏။ “အမတ်ဖန် ... ဒါက ကျုပ်သားကို ကောင်းကောင်း မဆုံးမနိုင်ခဲ့လို့ပါ။ စိတ်ထဲ မထားပါနဲ့။”

ဖန်ကျန်းရီကလည်း တောင်းပန်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။ “အရှင်မင်းကြီး... တကယ်တော့ အားလုံးက ကျွန်တော်မျိုးရဲ့ အမှားပါ။ ဒီလိုလုပ်ရအောင်လေ ... မင်းသားက ဒီအိတ်ဆောင်နာရီကို သဘောကျနေမှတော့ မင်းသားကိုပဲ ပေးလိုက်ပါတော့။”

“ကျုပ်ပေးပြီးရင် ခင်ဗျား ပစ္စည်းပဲ။ ဘယ်သူမှ ယူလို့မရဘူး။ သိမ်းထားလိုက်။”

“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။” ဖန်ကျန်းရီသည် အိတ်ဆောင်နာရီကို ရင်ဘတ်ထဲသို့ ပြန်ထည့်လိုက်၏။

စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် စင်္ကြံလမ်း၏ အခြားတစ်ဖက်မှ အစောင့်တစ်ယောက် ရူးသွပ်မတတ် ပြေးလာပြီး အဝေးမှနေ၍ အသံကုန် အော်ဟစ်လိုက်သည်။ “သတင်းပို့ပါတယ်။ အရှင်မင်းကြီး... ဓားစာခံ တစ်ယောက် ထွက်ပြေးသွားပါပြီ။”

All Chapters