အခန်း ၄၆၉
Vol. 26 Ch. 469
အပိုင်း (၄၆၉) ဉာဏ်ပညာကြီးမားသည့် သိုင်းပညာထူးချွန်သူ
“ဘာ။”
ဝူမင်းသားသည် ချက်ချင်းပင် ဒေါသတကြီးဖြင့် မျက်လုံးပြူးသွားခဲ့၏။ “သူ တစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် ထွက်ပြေးနိုင်ရတာလဲ။”
အစောင့်သည် ထိုအချိန်မှသာ ဝူမင်းသားရှေ့သို့ ရောက်လာပြီး မျက်နှာပေါ်တွင် ထိတ်လန့်စိုးရွံ့သည့် အရိပ်အယောင်များ အပြည့်ဖြစ်နေသည်။ “သူ ... သူက အခန်းတံခါးကို တိုက်ဖွင့်ပြီး လူနှစ်ယောက်ကို လက်ဗလာနဲ့ သတ်သွားတာ။ သူတို့ဆီက ဓားတွေ၊ ဦးထုပ်တွေကို လုပြီး ... တစ်လမ်းလုံး ခုတ်ထစ်ပြီး ထွက်ပြေးသွားတာ။ အရှင်မင်းကြီး... သူ ... သူက ဓားနှစ်လက်ကို သုံးတာ။ အရမ်းမြန်လွန်းလို့ ဘယ်သူမှ မတားနိုင်ဘူး။”
“အခု ... အခုဆိုရင် သင်္ဘောအပြင်ဘက်ကို ရောက်သွားလောက်ပြီ။”
အစောင့်သည် တုန်တုန်ယင်ယင်ဖြင့် ပြောပြနေပြီး ခုနက မြင်ကွင်းကို ပြန်တွေးမိတိုင်း ခြေထောက်များပင် တုန်ယင်နေခဲ့၏။
ကိုယ်တုံးလုံး ချွတ်ထားသော ထိုလူသည် ဓားနှစ်လက်ကို လေတိုက်သကဲ့သို့ မြန်ဆန်စွာ ဝှေ့ယမ်းနေပြီး သူရောက်သွားသော နေရာတိုင်းတွင် သွေးများ စင်ထွက်ကာ အလောင်းများသာ ကျန်ရစ်ခဲ့သည်။ မည်သူမှ မတားဆီးနိုင်ခဲ့ချေ။
အကယ်၍ မိမိသာ အဝေးတွင်ရှိနေပြီး အခြေအနေမကောင်းသဖြင့် ထွက်ပြေးလာခဲ့ခြင်းမဟုတ်ပါက သေချာပေါက် အလောင်းဖြစ်နေလောက်ပြီ။
ဝူမင်းသားသည် ထိုအချိန်မှသာ သတိဝင်လာပြီး ဖန်ကျန်းရီကို ရက်စက်သော အကြည့်များဖြင့် ကြည့်လိုက်၏။ “အမတ်ဖန် ... ကိုယ်တော်နဲ့ ကုန်းပတ်ပေါ် လိုက်ခဲ့။”
“ဟုတ် ... ဟုတ်ကဲ့။” ဖန်ကျန်းရီ၏ ရင်ထဲတွင် စိုးရိမ်ပူပန်နေပြီး ကျိုးထျဲ့အတွက် အလိုလို စိတ်ပူလာမိသည်။
ဝူမင်းသား၏ တုံ့ပြန်မှုကတော့ သူ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်၏။
ဝူမင်းသားနှင့်အတူ ကုန်းပတ်ပေါ်သို့ အလျင်အမြန် ရောက်သွားပြီး အောက်ဘက်ရှိ အခြေအနေကို မြင်သောအခါ ဖန်ကျန်းရီ၏ ရင်ထဲတွင် ပို၍ပင် စိုးရိမ်လာခဲ့သည်။
ကုန်းပတ်ပေါ်တွင် လေးသည်တော် တစ်တန်းသည် အောက်ဘက်သို့ မြားများ ရူးသွပ်စွာ ပစ်ခတ်နေကြ၏။
ကမ်းခြေတွင်တော့ ကိုယ်တုံးလုံး ချွတ်ထားသော လူတစ်ယောက်သည် မြင်းကို အလျင်စလို စီးနှင်နေသည်။
အလွန်မြန်ဆန်စွာ စီးနှင်နေစဉ်အတွင်း ကျိုးထျဲ့သည် ခါးကိုကိုင်းကာ ခြေနင်းကွင်းကို နင်း၍ မြင်းကျောပေါ်တွင် တစ်ဝက်တစ်ပျက် မတ်တပ်ရပ်နေ၏။ တင်ပါးအဖြူကြီးသည် အပြင်ဘက်တွင် ထင်ထင်ရှားရှား ပေါ်လွင်နေပြီး အထက်အောက် တုန်ခါနေခဲ့သည်။
ဖန်ကျန်းရီသည် ကြည့်ရင်းဖြင့် ရင်ထဲတွင် ထိတ်လန့်လာပြီး စိတ်ထဲတွင်လည်း အဆက်မပြတ် ကျိန်ဆဲနေမိ၏။
အရူးကောင်။ ခင်ဗျား က အဲဒီလိုကြီး ကုန်းနေတော့ ပစ်မှတ်ကြီး ဖြစ်မနေဘူးလား။ အလယ်တည့်တည့်ကိုတောင် ပြထားသေးတယ်။ အဲဒါ သူတို့ကို ပစ်ဖို့ ဖိတ်ခေါ်နေတာလား။
ကံကောင်းစွာဖြင့် ကျိုးထျဲ့သည်လည်း ထိုပြဿနာကို သတိထားမိသွားပုံရသည်။
နောက်တစ်စက္ကန့်တွင် သူသည် တည့်တည့်မတ်မတ် ပြန်ထိုင်လိုက်၏။
အမွှေးထူသော ခြေထောက်နှစ်ဖက်ဖြင့် မြင်း၏ ဗိုက်ကို အဆက်မပြတ် ပုတ်ခတ်နေခဲ့သည်။
လေးသည်တော်များ၏ ပစ်ခတ်မှုကလည်း လုံးဝ အရာမထင်သည်တော့ မဟုတ်ချေ။ ထိုအချိန်တိုလေးအတွင်း မြားသုံးစင်းသည် ကျိုးထျဲ့၏ ကျောကို မှန်သွားခဲ့သည်။ သိပ်မနက်၍ ကိစ္စရှိမည် မဟုတ်ပေ။ မြားတွေက အောက်သို့ ပြုတ်ကျသွား၏။
(ပထမ ဖန်ကြီးပေးခဲ့သော သံချပ်ကာ အင်္ကျီ ဘယ်ရောက်သွားလဲမသိပါ။ မူရင်း စာရေးဆရာ မေ့ကျန်ခဲ့တယ် ထင်ပါတယ်။ - ဘာသာပြန်သူ)
နောက်ထပ် မြားနှစ်စင်းက မြင်း၏ တင်ပါးကို မှန်သွားသောကြောင့် မြင်းသည် ပို၍ပင် မြန်မြန် ပြေးသွား၏။
ထို့အပြင် သူ့နောက်တွင် မြင်းစီးကာ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးနေသူ ရှစ်ယောက်ခန့် ရှိနေသေးသည်။
အခြားတစ်ဖက်ရှိ ကျောက်လျဲ့တို့သည်လည်း ပြဿနာကို သတိထားမိသွားကြ၏။
“အစ်ကိုထျဲ့ … ထွက်ပြေးလာပြီ။ သူ့ကို သွားကြိုကြဖို့ လူလွှတ်လိုက်။”
ကျောက်လျဲ့သည် မှန်ပြောင်းကို မချဘဲ လက်ကာပြလိုက်သည်။ “နေအုံး … ခဏစောင့်။”
“သူက တခြားတစ်ဖက်ကို ပြေးသွားတာ။ ညက အချက်ပြတာကို သူ ကြားလောက်တယ်။ အစ်ကိုထျဲ့က တခြားဘက်ကို တမင်ရွေးပြေးတာ။”
“သူ့နောက်မှာ လိုက်နေတာ ရှစ်ယောက်ပဲ ရှိတယ်။ ရန်သူတွေဘက်က အင်အားထပ်မဖြည့်ဘူး။ ညီအစ်ကိုတွေကို ကင်းစောင့်ခိုင်းထား။ အလောတကြီး မလှုပ်ရှားကြနဲ့။”
“ဒီရှစ်ယောက်ကတော့ သေဖို့သာ ပြင်ထားတော့။ အစ်ကိုထျဲ့က ခဏနေရင် ကျုပ်တို့ဆီ လာပူးပေါင်းလိမ့်မယ်။”
ကျိုးထျဲ့ဘက်တွင် ဘေးကင်းလောက်ပြီဖြစ်ကြောင်း မြင်သောအခါ ကျောက်လျဲ့သည် ကုန်းပတ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် စိုးရိမ်သည့် အရိပ်အယောင်များ ပေါ်လွင်သွားခဲ့၏။
ရုတ်တရက် ဘေးနားမှ လူတစ်ယောက်က ပြောလိုက်သည်။ “ဆရာကျိုးထျဲ့က ဘာလို့ ဘောင်းဘီ မဝတ်ထားတာလဲ။ ဟီးဟီး ... ဖင်က ဖွေးနေတာပဲနော်။”
“အသေးစိတ်တွေကို အရမ်း ဂရုမစိုက်နေနဲ့။”
ကျိုးထျဲ့၏ ပုံရိပ် တောအုပ်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီ၏ စိုးရိမ်နေသော စိတ်များ အလုံးစုံ သက်သာရာရသွားခဲ့၏။
ဤဘက်မှနေ၍ လူအင်အား ထပ်မံစေလွှတ်ခြင်း မရှိသလို ဟိုဘက်တွင်လည်း မိမိလူများ ရှိနေသည်။ ကျိုးထျဲ့၏ သိုင်းစွမ်းရည်က မဆိုးလှသဖြင့် ကြီးကြီးမားမား ပြဿနာ မရှိနိုင်တော့ချေ။
သို့ပေမည့် ခဏသာ စိတ်အေးရသေးသည်၊ သူ၏ ရင်ထဲတွင် ထပ်မံ၍ စိုးရိမ်လာပြန်၏။
ကျိုးထျဲ့ အောင်မြင်သွားပြီ။ နောက်တစ်ဆင့်က သူ့အလှည့်ပင်။
ကျိုးထျဲ့ အောင်မြင်စွာ ထွက်ပြေးသွားသည်ကို မြင်သောအခါ ဝူမင်းသား၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက်သွားပြီး ဖန်ကျန်းရီကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။ “အမတ်ဖန် ... ခင်ဗျား လူက ခင်ဗျား ကို ထားခဲ့ပြီလား။”
ဖန်ကျန်းရီသည် သတိလက်လွတ် မနေရဲဘဲ မိမိ၏ ပေါင်ကို တိတ်တဆိတ် အားကုန် ညှစ်လိုက်၏။
ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ မျက်နှာသည် ဖြူရော်သွားပြီး စိတ်ဓာတ်ကျသည့်ဟန်ဖြင့် ပြောလိုက်သည်။ “ဟုတ်တယ် ... ဒီသစ္စာဖောက်။ ဒီနေ့မနက်လေးတင် အရှင်မင်းကြီးအတွက် အတူတူ အမှုထမ်းကြမယ်လို့ ပြောထားတာကို။ ဒီကောင်စုတ်က တစ်ယောက်တည်း ထွက်ပြေးသွားတယ်။”
“အရှင်မင်းကြီး... သူက ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားဆိုတော့ အပြစ်တွေက ကျွန်တော်မျိုး ခေါင်းပေါ်ကိုပဲ ကျရောက်ရမှာပါ။ အရှင်မင်းကြီး အပြစ်ပေးပါ။”
ပေါင်ကို အားကုန်ညှစ်ထားလွန်းသဖြင့် ဖန်ကျန်းရီ၏ နဖူးမှ ချွေးစေးများပင် ကျလာခဲ့၏။
ဝူမင်းသားသည် သူ၏ မျက်နှာအမူအရာကို အေးအေးဆေးဆေး အကဲခတ်နေခဲ့သည်။ ဖြူရော်ပြီး အလွန်အမင်း ထိတ်လန့်နေသည့် သူ့ပုံကို မြင်သောအခါ ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်သည်။ “အမတ်ဖန် ... ကျုပ ခင်ဗျားကို အပြစ်မတင်ပါဘူး။ ဒီလို လူယုတ်မာမျိုးနဲ့ ကြုံရတာ ခင်ဗျားရဲ့ ကံဆိုးမှုပါပဲ။ အရင်ဆုံး ပြန်နားလိုက်ပါ။”
“အရှင်မင်းကြီး... ကျွန်တော်မျိုးကို အခန်းပြောင်းပေးလို့ ရမလား။ အရင်အခန်းက နေရတာ သိပ်အဆင်မပြေလို့ပါ။”
“ရတယ် …. သွားတော့။”
ဖန်ကျန်းရီ ကုန်းပတ်ပေါ်မှ ထွက်သွားပြီးနောက် ဝူမင်းသားဘေးတွင် အမြဲရှိနေသော ချန်ကျန့်က စကားစလိုက်၏။ “အရှင်မင်းကြီး... ဖန်ကျန်းရီဘက်မှာ ပြဿနာရှိနေနိုင်မလား။”
“ကိုယ်တော်လည်း တစ်ခုခု မှားနေတယ်လို့ ခံစားရတယ်။ လူနည်းနည်း ပိုရှာပြီး သူ့ကို သေချာစောင့်ကြည့်ထား။ ထွက်ပြေးခွင့် မပေးနဲ့။”
“အရှင်မင်းကြီး... ကျုပ်တို့ အခုပဲ ပင်လယ်ထဲထွက်ပြီး ဒီကနေ ထွက်သွားရင် မကောင်းဘူးလား။” ချန်ကျန့်က မေးလိုက်သည်။
ဝူမင်းသားက မျက်မှောင်ကုတ်လိုက်၏။ “ဖန်ကျန်းရီကို ယုံလို့မရဘူး။ မြို့တော်ထဲမှာ ကျုပ် ချန်ထားခဲ့တဲ့ စစ်သည် နှစ်ထောင်က ဘာအကျိုးအမြတ်မှ မရလိုက်ဘူးဆိုတာ မဖြစ်နိုင်ဘူး ... ဒါပေမဲ့ ကျုပ်ရင်ထဲမှာ မအေးချမ်းဘူး။ ထွက်ပြေးသွားတဲ့ ဓားစာခံက သတင်းသွားပို့နိုင်တယ်။ လိုက်ဖမ်းတဲ့ ရှစ်ယောက်ဆိုရင် လုံလောက်, လောက်ပါတယ်။ ဒီနေ့ တစ်ရက် ထပ်စောင့်မယ်။ မနက်ဖြန် မနက်စောစော ဒီကနေ ထွက်သွားမယ်။ သင်္ဘောခန်းတံခါးစောင့်ဖို့ လူပိုချထားပြီး ဖန်ကျန်းရီကို သေချာ စောင့်ကြည့်ထား။”
…
တောအုပ်အနီးတွင် ငှက်အော်သံများ အနိမ့်အမြင့် ဆက်တိုက် ထွက်ပေါ်နေခဲ့၏။
ကျိုးထျဲ့သည် ဓားနှစ်လက်ကို ကိုင်ဆောင်ကာ တစ်ကိုယ်လုံး သွေးများပေကျံနေလျက် တောအုပ်ထဲတွင် ရူးသွပ်စွာ ပြေးလွှားနေခဲ့သည်။ ငှက်လေချွန်သံ၏ လမ်းညွှန်မှုဖြင့် သူ့လူများကို အောင်မြင်စွာ ရှာတွေ့သွားခဲ့သည်။
လိုက်ဖမ်းသူ အနည်းငယ်ကို သတ်ဖြတ်ပြီးနောက် ဘောင်းဘီကိုလည်း လမ်းကြုံ ဝတ်ဆင်လာခဲ့၏။
သူ ပေါ်လာသည်နှင့် ကျောက်လျဲ့က ချက်ချင်း ကြိုဆိုလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ “အစ်ကိုထျဲ့ ... အခြေအနေ ဘယ်လိုလဲ။ လိုက်ဖမ်းတဲ့သူတွေကော။”
“အကုန်သတ်ပစ်လိုက်ပြီ။ မိုးကြိုးပျံအမြောက်တွေ အကုန်ပါလား။”
“သင်္ဘောကြီးကို ချိန်ပြီး အကုန်မြှုပ်ထားပြီးပြီ။”
ကျိုးထျဲ့က ပြုံးကာ ခေါင်းညိတ်လိုက်၏။ “ကောင်းတယ်။ အရမ်းကောင်းတယ်။ အရင်က ကျုပ် သင်ပေးထားတာတွေ အလကား မဖြစ်ဘူးပဲ။ ခဏ ... အမောလေး ဖြေပါရစေအုံး။ သခင်လေးဘက်ကလည်း အချိန်ယူ ပြင်ဆင်ရအုံးမယ်။”
“အစ်ကိုထျဲ့ ... တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ။ သခင်လေးကို ဘယ်သူက ဖမ်းသွားတာလဲ။ ဘာလို့ ဖမ်းတာလဲ။”
“ဝူမင်းသားပဲ။ သခင်လေးက ဘာလို့ဖမ်းလဲဆိုတာ ငါ့ကို မပြောပြဘူး။ ဒါပေမဲ့ ဒီလူက သေချာပေါက် ရည်ရွယ်ချက်တစ်ခုခု ရှိတယ်။ ဒီလောက်များတဲ့ ပုဂ္ဂလိက စစ်တပ်ကို မွေးထားတာ ပုန်ကန်ဖို့ပဲ။ သူက ပင်လယ်ရပ်ခြားကို ထွက်ပြေးဖို့ ပြင်နေတာ။” ကျိုးထျဲ့က သက်ပြင်းချကာ ဖြေလိုက်သည်။
“အစ်ကိုထျဲ့ ... ခင်ဗျားက သခင်လေးနဲ့ အမြဲတမ်း အတူတူရှိနေတာ မဟုတ်ဘူးလား။ မြို့ထဲမှာ ဘယ်လိုလုပ် အဖမ်းခံရတာလဲ။ ပြီးတော့ ခုနက ဘာလို့ ကိုယ်တုံးလုံးနဲ့ ထွက်လာတာလဲ။”
ကျောက်လျဲ့၏ အဆက်မပြတ် မေးခွန်းများက ကျိုးထျဲ့၏ ရှက်ရွံ့မှုကို အတိအကျ ထိမှန်သွားစေခဲ့၏။
ကျိုးထျဲ့က ဟန်လုပ်ကာ ရယ်မောလိုက်သည်။ “ဟားဟား ... တကယ်တော့ သခင်လေးကို မကောင်းကြံနေတဲ့သူတွေ ရှိနေတယ်ဆိုတာ ကျုပ် အစောကြီးကတည်းက သတိထားမိခဲ့တာ။ ဒါပေမဲ့ ဒီကောင်တွေက ဒီလောက်ထိ အောက်တန်းကျပြီး သခင်လေးကို ထောင်ချောက်ဆင် ဖမ်းဆီးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
အဲဒီအချိန်တုန်းက သခင်လေးနဲ့အတူ အမှုကိစ္စတစ်ခုအတွက် သက်သေခံပစ္စည်း သွားယူတာ။ လူတစ်စုက ဝိုင်းထားကြတယ်။ အဲဒီလူတွေကို ရင်ဆိုင်ရတာက ကျုပ်အတွက်တော့ ဟင်းရွက်လေးတွေ လှီးဖြတ်ရသလို လွယ်ကူပါတယ်။ ဒါပေမဲ့ သခင်လေးက သိုင်းမတတ်တော့ သူတို့က ဓားနဲ့ ဓားစာခံလုပ်ထားတယ်။ အဲဒီအချိန်မှာ အကြမ်းဖက်ပြီး တိုက်ခိုက်လို့ မရဘူးလေ။ ဉာဏ်သုံးရတော့မှာပေါ့။ ဒါကြောင့် ကျုပ်က မနိုင်ချင်ယောင်ဆောင်ပြီး သူတို့ကို တမင်တကာ ဖမ်းခွင့်ပေးလိုက်တာ။
ပထမအချက်က သခင်လေးကို ကာကွယ်ဖို့၊ ဒုတိယအချက်က နောက်ကွယ်က တရားခံအစစ်ကို ဖော်ထုတ်ဖို့ပဲ။”
ကျိုးထျဲ့၏ ရှင်းပြချက်ကို နားထောင်နေသူ များပြားလာပြီး လူများစွာ၏ မျက်လုံးထဲတွင် လေးစားသည့် အရိပ်အယောင်များ ပေါ်လွင်လာကြ၏။
ကျိုးထျဲ့က ဆက်လက်၍ စကားရေပက်မဝင်အောင် ပြောနေခဲ့သည်။ “ကျုပ်ထင်တဲ့အတိုင်းပဲ နောက်ကွယ်က ကြိုးကိုင်နေတဲ့ ဝူမင်းသားကို ကျုပ် ရှာတွေ့သွားတယ်။ အဲဒီဝူမင်းသားကလည်း အရမ်း ဉာဏ်ကောင်းတဲ့သူဆိုတော့ ကျုပ် ထောင်ချောက်ဆင်နေတာကို ရိပ်မိသွားတယ်။
သင်္ဘောပေါ်ရောက်တာနဲ့ သူကိုယ်တိုင် ကျုပ်ကို ကြိုးဖြည်ပေးပြီး သိမ်းသွင်းဖို့ ကြိုးစားတယ်။ ရာထူးကြီးကြီးတွေ၊ ရွှေငွေတွေနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးမယ်လို့ ကတိပေးခဲ့တယ်။
ပိုပြီး အရှက်မရှိတာက အဲဒီဝူမင်းသားက ကျုပ်ကို သမက်တော်ချင်နေတာပဲ။ ကျုပ်ကို သူ့သမီးနဲ့ အတင်း ပေးစားတယ်။ သူ့ရဲ့ ဟန်ဆောင်မှုတွေကို ကျုပ်က မသိဘဲ နေပါ့မလား။ ကျုပ်က ဘယ်လိုလုပ် သခင်လေးကို သစ္စာဖောက်နိုင်မှာလဲ။ ဒါကြောင့် ဟန်ဆောင်ပြီး လက်ခံလိုက်တာ။ ဒီမနက်တင် သူ့သမီးနဲ့ မင်္ဂလာဆောင်ပြီး အခန်းထဲမှာ အတူနေပြီးတာနဲ့ လူတွေသတိမထားမိတဲ့အချိန် ချက်ချင်းပဲ အပြင်ကို ထွက်ပြေးလာတာ။ ဒါကြောင့် ဘောင်းဘီဝတ်ဖို့တောင် အချိန်မရလိုက်တာပေါ့။ အဖြစ်အပျက်က အဲဒီလိုပါပဲ။”
အဖွဲ့ဝင်များသည် အံ့သြတကြီး ဖြစ်သွားကြပြီး ကျိုးထျဲ့၏ စကားထဲမှ ကွက်လပ်များကို လုံးဝ သတိ မထားမိကြချေ။
ကျောက်လျဲ့ကတော့ ပို၍ပင် အားကျနေ၏။
အရည်အချင်းရှိတဲ့သူက ဘယ်နေရာရောက်ရောက် အဆင်ပြေတာပဲ။ အဖမ်းခံရတာတောင် မိန်းမတစ်ယောက် ရလာသေးတယ်။
“အစ်ကိုထျဲ့ ... တကယ် ကြမ်းတာပဲ။”
“အစ်ကိုထျဲ့ ... ကြမ်းတယ်။”
ကျိုးထျဲ့သည် မေးကို မော့ကာ ဂုဏ်ယူစွာ ပြုံးလိုက်၏။ “ခင်ဗျားတို့ သင်ယူစရာတွေ အများကြီး လိုသေးတယ်။ ကဲ ... လေးလေးနက်နက် လုပ်ကြတော့။ ယမ်းထုပ်တွေ အဆင်သင့်ပြင်ထား။ အမြောက်နဲ့ပစ်ဖို့ ပြင်ကြ။”