အခန်း ၄၇၀
Vol. 26 Ch. 470
အပိုင်း (၄၇၀) မိုးကြိုးပျံအမြောက်၏ ကြီးမားသော စွမ်းဆောင်မှု။
မိုးကြိုးပျံအမြောက် ခြောက်လက်စလုံးသည် ကျိုးထျဲ့၏ အမိန့်ပေးမှုအောက်တွင် ချိန်ရွယ်မှု စတင် ပြုလုပ်နေကြ၏။
မိုးကြိုးပျံအမြောက်ဟု ခေါ်သော်လည်း အများစုသိကြသည့် နာမည်မှာ နှလုံးသားမဲ့အမြောက် ဖြစ်သည်။
မိုးကြိုးပျံအမြောက်၏ စွမ်းအားသည် အလွန်အမင်း ကြီးမားသော်ငြား လုပ်ဆောင်ထားမှုက အလွန်ရိုးရှင်းလွန်းလှသည်။ အမြောက်ပြောင်းအဖြစ် ရေနံစည်ပိုင်း ကို သုံးထားသော ယမ်းထုပ်ပစ်လွှတ်သည့် ကိရိယာသာ ဖြစ်၏။
အကြမ်းဖျင်း ပြုလုပ်ထားသော်လည်း အကျိုးသက်ရောက်မှုကတော့ အံ့ဩစရာကောင်းလှသည်။
သာမန်အားဖြင့် စည်ပိုင်း မည်မျှကြီးသနည်းအပေါ် မူတည်၍ အမြောက်ပြောင်းဝလည်း ကြီးမားလေဖြစ်သည်။ ယမ်းထုပ်မှ တစ်ဆင့် ပေါက်ကွဲမှုစွမ်းအားကို ချိန်ညှိနိုင်သည်။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ပြင်းထန်သည့် လှိုင်းလုံးကြီးများသည် ရောက်သွားသည့် နေရာတိုင်းရှိ အဆောက်အအုံများကို ကျိုးပဲ့ပျက်စီးစေပြီး လူနှင့် မြင်းများကို လွင့်စဉ်သွားစေ၏။
ပေါက်ကွဲမှုလှိုင်းကြောင့် ထိခိုက်ခံရသော ရန်သူအများစု၏ ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်ခုမှ မတွေ့ရသော်လည်း မျက်စိ၊ နား၊ နှာခေါင်း စသည့် အပေါက်များမှ သွေးများ ယိုစီးလာတတ်သည်။
ဤသို့သောအခြေအနေမျိုးသည် များသောအားဖြင့် လှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသွားရခြင်းဖြစ်၏။ ဤကဲ့သို့ လူမဆန်သော စွမ်းအားမျိုးကြောင့်သာ နှလုံးသားမဲ့အမြောက်ဟု ခေါ်ဆိုကြခြင်းဖြစ်၏။
အစပိုင်းတွင် ဖန်ကျန်းရီသည် စမ်းသပ်သည့်အနေဖြင့်သာ ဤအရာကို ဖန်တီးခိုင်းခဲ့ခြင်းဖြစ်သည်။
ဤမျှ ရိုးရှင်းသော လက်နက်တစ်ခုက မည်သို့သော အကျိုးသက်ရောက်မှုမှ ရှိလိမ့်မည်မဟုတ်ဟု ထင်မှတ်ခဲ့သော်လည်း စွမ်းအားကတော့ သူမျှော်လင့်ထားသည်ထက် အများကြီး သာလွန်နေခဲ့၏။
တောင်ပေါ်သို့ တစ်ချက်ပစ်လိုက်ရုံဖြင့် တောင်စောင်းများ ပြိုကျကာ ကျောက်ဆောင်များ ပဲ့ကျပြီး ငှက်များနှင့် တိရစ္ဆာန်များစွာကိုပါ သေဆုံးစေခဲ့သည်။
ကုန်ကျစရိတ် သက်သာခြင်း၊ အသုံးပြုရလွယ်ကူခြင်း၊ စွမ်းအားကြီးမားခြင်း စသည်တို့ကြောင့် ပြီးပြည့်စုံသည်ဟုပင် ဆိုနိုင်၏။
ခေတ်မီစစ်ပွဲများတွင်သာ တွေ့ရလေ့ရှိသော ဤကဲ့သို့ လက်နက်မျိုးသည် ဖန်ကျန်းရီ၏ လက်ထဲတွင် အဓိကလက်နက် ဖြစ်လာခဲ့သည်။
ဤတစ်ကြိမ် ဟိုင်ယွမ်မြို့သို့ လာရာတွင် သံစည်ပိုင်းကဲ့သို့ အရာများကို သယ်လာရန် မဖြစ်နိုင်ချေ။ သို့ပေမည့် မိုးကြိုးပျံအမြောက်ကို အခြေခံ၍ တောက်ယွမ်ခရိုင်သည် စစ်ဗျူဟာများကို ကြိုတင်ရေးဆွဲထားပြီးဖြစ်သည်။
တွက်ချက်မှုနှင့် ချိန်ရွယ်မှုများကို တာဝန်ယူမည့်သူများ ရှိပြီး သံကွင်းများ တပ်ဆင်ထားသည့် အထူး ဒိုင်းလွှာများကို ပေါင်းစပ်လိုက်လျှင် သံစည်ပိုင်းတစ်ခု ဖြစ်လာနိုင်၏။
အမြောက်တင်စင် ကဲ့သို့သော အရာများလည်း လုံးဝ မလိုအပ်ချေ။ ထောင့်ချိုးကို သေချာချိန်ညှိပြီး သံစည်ပိုင်းကို မြေကြီးထဲတွင် စောင်း၍ မြှုပ်လိုက်ရုံဖြင့် ပစ်လွှတ်နိုင်ပြီဖြစ်သည်။
ကျိုးထျဲ့သည် သင်္ဘောပေါ်ရှိ နေရာအသီးသီးကို မျက်စိဖြင့် မှန်းဆကြည့်ရင်း ပါးစပ်မှ အမိန့်များကို အဆက်မပြတ် ပေးနေခဲ့၏။
အမြောက်နေရာများ အားလုံး ချိန်ညှိပြီးသွားသောအခါ ကျိုးထျဲ့က လက်ကိုမြှောက်လိုက်သည်။ “ချက်ချင်း အချက်ပြလိုက်။ ငှက်လေချွန်သံနဲ့ သခင်လေးကို အကြောင်းကြားလိုက်။ ဘာမှ ဂရုစိုက်နေစရာ မလိုတော့ဘူး။ အသံထွက်နိုင်သမျှ အကျယ်ဆုံးမှုတ်လိုက်။”
…
သင်္ဘောခန်း ဒုတိယထပ်တွင် ဖန်ကျန်းရီသည် အခန်းထဲရှိ အစောင့်နှင့် မျက်လုံးချင်းဆုံကာ ကြည့်နေကြ၏။
ဝူမင်းသားက သူ့ကို စိတ်မချသဖြင့် အခန်းထဲတွင် တစ်ယောက် အစောင့်ချထားပြီး အနားမှ လုံးဝမခွာစေချေ။
သူတို့နှစ်ယောက် တိတ်ဆိတ်နေစဉ်မှာပင် စူးရှပြီး ပုံမှန်မဟုတ်သော ငှက်အော်သံသည် အခန်းထဲသို့ ပျံ့လွင့်လာခဲ့သည်။
အစောင့်သည် တံခါးပေါက်ဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်၏။ ဤအသံသည် ငှက်များမှ ထွက်ပေါ်လာနိုင်သော အသံပမာဏမဟုတ်ကြောင်း သူ သတိထားမိသွားသည်မှာ ထင်ရှား၏။
တံခါးအပြင်ဘက်မှ လျင်မြန်သော ခြေသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ လူအများအပြား သင်္ဘောအပြင်ဘက် သို့မဟုတ် ကုန်းပတ်ပေါ်သို့ အခြေအနေ သွားကြည့်ရန် သွားနေကြခြင်း ဖြစ်ပေမည်။
ဖန်ကျန်းရီသည် အစောင့်ကို မျက်နှာသေဖြင့် ကြည့်လိုက်ပြီးနောက် အပေါ်ဝတ်ရုံ၏ ကြယ်သီးများကို ဖြုတ်ကာ ဖြည်းဖြည်းချင်း ချွတ်နေလိုက်၏။
အစောင့်သည် အနောက်သို့ လှည့်ကြည့်လိုက်ပြီး တစ်ကိုယ်လုံး တုန်ခါသွားကာ အံ့ဩတကြီး မေးလိုက်သည်။ “ဘာလုပ်မလို့လဲ။”
“ပျင်းနေလို့လေ ... ငါတို့ ပျော်ကြရအောင်။” ဖန်ကျန်းရီသည် စကားကို လွယ်လွယ်ကူကူ ပြန်ဖြေရင်း ဆက်လက်၍ ချွတ်နေခဲ့သည် ... မကြာမီ အပေါ်ပိုင်းတွင် အင်္ကျီပါးလေးတစ်ထည်သာ ကျန်တော့၏။
အစောင့်၏ မျက်နှာသည် ထိုအခိုက်အတန့်တွင် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် နီရဲသွားခဲ့သည်။
တံတွေးနှစ်ချက်ခန့် မြိုချပြီး တိုးတိုးလေး ပြောလိုက်၏။ “အမတ်မင်းဖန်... ကျုပ်တို့ ပင်လယ်ထဲရောက်မှ လုပ်ကြရင် မကောင်းဘူးလား။”
“ .....”
သောက်ကျိုးနည်း။ ဒီနေ့ တကယ် အခြောက်အစစ်နဲ့ လာတွေ့နေတာပဲ။
ဖန်ကျန်းရီသည် အလွန်အမင်း အနေရခက်သွားပုံဖြင့် ကုတင်ဘေးတွင် တိတ်တဆိတ် ထိုင်ကာ နားနှစ်ဖက်ကို ပိတ်ထားလိုက်၏။
နားပိတ်ထားတာ ဘာအဓိပ္ပာယ်လဲ။ သူ နားမထောင်ချင်ဘူးလား။
အစောင့်သည် မျက်မှောင်ကုတ်သွားပြီးနောက် ပြန်လည်ပြေလျော့သွားကာ ယုတ်မာသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“အမတ်မင်းဖန်... ကျုပ်... ”
“ဘုန်း ... ဘုန်း ... ဘုန်း ... ။”
အစောင့် စကားမဆုံးခင်မှာပင် ကောင်းကင်ယံကို တုန်လှုပ်စေသော အမြောက်သံကြီးများသည် ကမ်းခြေ တစ်ခုလုံး၌ ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
ဧရာမ ယမ်းထုပ် ခြောက်ထုပ်သည် ကောင်းကင်ယံတွင် မျဉ်းကွေးတစ်ခု ဖန်တီးကာ သင်္ဘောကိုယ်ထည်ကို တိကျစွာ ထိမှန်သွားခဲ့သည်။
သင်္ဘောကိုယ်ထည်သည် ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ ဘယ်ညာ ယိမ်းယိုင်သွားပြီး ရေလှိုင်းကြီးများကို ဖြစ်ပေါ်စေခဲ့သည်။
ကမ်းခြေဘက်ရှိ သင်္ဘောဘေးဘက်တွင် ကြီးမားသော အပေါက်ကြီး ခြောက်ပေါက် ပွင့်ထွက်သွားပြီဖြစ်သည်။
ကုန်းပတ်ပေါ်ရှိ လေးသည်တော် တစ်တန်းလုံး သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်ကုန်ကြ၏။ ပေါက်ကွဲမှုဒဏ် မထိခိုက်မိသူများပင်လျှင် အသံလှိုင်းကြောင့် နားများကို ပိတ်ကာ ကုန်းပတ်ပေါ်တွင် အော်ဟစ် ညည်းတွားနေကြ၏။
စာကြည့်ခန်းမှ ကုန်းပတ်ပေါ်သို့ ငှက်အော်သံကို သွားရောက် စစ်ဆေးရန် ပြင်နေသော ဝူမင်းသားနှင့် ချန်ကျန့်တို့သည် သင်္ဘောခန်းထဲတွင်ပင် လဲကျသွားခဲ့၏။
တစ်ခဏအတွင်းမှာပဲ သင်္ဘောခန်းထဲတွင် ရှုပ်ယှက်ခတ်သွားခဲ့သည်။ သေသူသေ၊ အော်ဟစ်သူ အော်ဟစ် ဖြစ်ကုန်ကြ၏။
အခန်းထဲရှိ အစောင့်သည်လည်း ထိုနည်းတူပင်။ ကြီးမားလှသော အသံကြီးအပြင် လေထုထဲမှ ဖြတ်သန်းလာသော တုန်ခါမှုများပါ ရှိနေသေးသည်။ နှလုံးကို ရုတ်တရက် အထုခံလိုက်ရသကဲ့သို့ပင်။
ဤကဲ့သို့ တစ်ခါမှ မကြုံဖူးသော ခံစားမှုကြောင့် သူ၏ စိတ်ဝိညာဉ်များ လွင့်စင်သွားပြီး ယိမ်းယိုင်သွားကာ နားများကို အလိုအလျောက်ပိတ်၍ တံခါးပေါက်ဘက်သို့ ကြည့်လိုက်မိ၏။
ဖန်ကျန်းရီသည် အခွင့်ကောင်းကို စောင့်ကြည့်ပြီးနောက် ဖိနပ်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်ကာ အရှေ့သို့ ရုတ်တရက် ခုန်အုပ်လိုက်ပြီး အစောင့်၏ လည်ပင်းကြားသို့ အနောက်ဘက်မှနေ၍ တည်ငြိမ်ပြီး ပြင်းထန်သော ဓားချက်ဖြင့် ထိုးသွင်းလိုက်သည်။
မတော်တဆမှုများ မဖြစ်စေရန် အထဲသို့ တွန်းသွင်းရင်း အားကုန်သုံးကာ နှစ်ပတ်ခန့် လှည့်ပစ်လိုက်သေး၏။
ဓားမြှောင်သည် အဓိကသွေးကြောကြီးကို ထိုးမိသွားသည်မှာ ထင်ရှားလှပေသည်။ သွေးများသည် အပြင်ဘက်သို့ ပန်းထွက်လာပြီး ဖန်ကျန်းရီ၏ မျက်နှာပေါ်သို့ပင် အတော်များများ စင်လာခဲ့သည်။
အစောင့်၏ မျက်လုံးထဲမှ အရောင်အဝါများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည် ... ထိုအကြည့်ထဲတွင် အံ့ဩမှုများ ပြည့်နှက်နေပြီး အခြေအနေကို သဘောမပေါက်သေးသည်မှာ ထင်ရှား၏။
လူသေသွားပြီဖြစ်ကြောင်း သေချာသောအခါ ဖန်ကျန်းရီသည် ဓားမြှောင်ကို ဆွဲနှုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “တောင်းပန်ပါတယ် ညီအစ်ကိုရာ။”
ထိုသို့ပြောပြီးနောက် အစောင့်၏ အင်္ကျီကို ချွတ်ကာ လဲဝတ်လိုက်သည်။
ထို့နောက် သူ၏အင်္ကျီကို အစောင့်ကိုယ်ပေါ်သို့ ဖြစ်သလို စွပ်ပေးလိုက်ပြီး သူ့ကို ကုတင်ထောင့်သို့ ဆွဲယူကာ ခန္ဓာကိုယ် ကွေးထားသည့် ပုံစံမျိုး လုပ်ပေး၍ စောင်ဖြင့် ဖုံးထားလိုက်၏။
အရာအားလုံး စီစဉ်ပြီးစီးရန် နှစ်မိနစ်ပင် မကြာလိုက်ချေ။
အပြင်ဘက်ရှိ လူများသည် သတိဝင်လာကြပြီဖြစ်ပြီး ထိတ်လန့်တကြား အော်ဟစ်သံများ နေရာအနှံ့ ထွက်ပေါ်နေခဲ့သည်။
အခန်းရှေ့ရှိ အစောင့်များသည် သိပ်ပြီး ထိခိုက်မှု မရှိလောက်သော်လည်း ယခုအချိန်တွင် သူတို့၏ စိတ်များ ရှုပ်ထွေးနေလောက်ပြီဖြစ်သည်။
ဖန်ကျန်းရီသည် အံကြိတ်လိုက်ပြီး ခေါင်းငုံ့ကာ တံခါးကိုဖွင့်၍ အပြင်သို့ ထွက်ပြေးသွားခဲ့၏။
“ရန်သူတွေ တိုက်ခိုက်နေပြီ။ ရန်သူတွေ တိုက်ခိုက်နေပြီ။ အရှင်မင်းကြီးကို ကာကွယ်ကြ။ ဖန်ကျန်းရီကို အခွင့်ကောင်းယူပြီး ထွက်ပြေးခွင့် မပေးကြနဲ့။ မြန်မြန် လူလာကြစမ်း။” အသံကုန် အော်ဟစ်လိုက်သည်။
တံခါးရှေ့တွင် အစောင့်နှစ်ယောက် ရှိနေသေးသည်ကို တွေ့လိုက်ရ၏။ ဖန်ကျန်းရီ၏ အော်သံကို ကြားသောအခါ တုံ့ဆိုင်းခြင်းမရှိဘဲ အခန်းထဲသို့ ချက်ချင်း ပြေးဝင်သွားကြသည်။
ထိုအခြေအနေကို မြင်သောအခါ ဖန်ကျန်းရီသည် သင်္ဘောအောက်ဘက်သို့ အလျင်အမြန် ပြေးဆင်းသွားရင်း ခေါင်းငုံ့ကာ အော်ဟစ်နေခဲ့၏။ “အရှင်မင်းကြီးရဲ့ အမိန့်ပဲ။ မြန်မြန် သွားကာကွယ်ကြ။ ကာကွယ်ကြ။”
ဘေးနားရှိ အစောင့်အများအပြားသည် ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီနှင့် ဆန့်ကျင်ဘက်သို့ ရူးသွပ်စွာ ပြေးသွားကြသည်။
သင်္ဘောခန်းထဲတွင် ဝူမင်းသားသည် သွေးဆုတ်နေသော မျက်နှာဖြင့် လဲကျရာမှ ထလာသည်။ နားထဲတွင် အူနေသော အသံများ မပျောက်သေးချေ။
သူလောကဓံကို အများကြီး ကြုံဖူးသော်ငြား ဤအခြေအနေကတော့ သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။
ဘယ်ဘက်ရှိ သင်္ဘောခန်းသည် အနည်းငယ် ပွင့်ထွက်သွားပြီဖြစ်သည်။ ပျက်စီးနေသော သင်္ဘော ပျဉ်ချပ်များကြားမှ အပြင်ဘက် ရှုခင်းကိုပင် မြင်နေရ၏။
ဝူမင်းသားသည် တုန်ယင်နေသော ချန်ကျန့်ကို ဖမ်းဆွဲလိုက်သည်။ “အတိုင်းအဆမဲ့ကုသိုလ်တော် ... ဒါ သေချာပေါက် အတိုင်းအဆမဲ့ကုသိုလ်တော်ပဲ။ ဖန်ကျန်းရီ နောက်တစ်ကွက် ချန်ထားခဲ့တာပဲ။ မြန်မြန် ... မြန်မြန် သွားပြီး ဖန်ကျန်းရီကို ကိုယ်တော့်ဆီ ဖမ်းခေါ်လာခဲ့။ မြန်မြန်သွားစမ်း။”
“အရှင်မင်းကြီးဒါက အပြစ်ပေးခံရတာ ... ဒါက ကောင်းကင်ဘုံက အပြစ်ပေးတာ။” ချန်ကျန့်၏ မျက်နှာသည် ဖြူရော်နေ၏။ သူသည် သိုင်းစွမ်းရည် မြင့်မားပြီး လူပေါင်းများစွာကို သတ်ဖူးသော်လည်း ဤကဲ့သို့ အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ချေ။
“ဖောင်း”
ဝူမင်းသားသည် ချန်ကျန့်၏ မျက်နှာကို အားကုန်ဖြတ်ရိုက်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မြန်မြန်သွားစမ်း။ ဖန်ကျန်းရီ အခန်းထဲမှာ ရှိမရှိ သွားကြည့်စမ်း။ ကိုယ်တော့်ဆီ ခေါ်လာခဲ့။ သင်္ဘောပြောင်းမယ်။ အခုချက်ချင်း ... ချက်ချင်း ပင်လယ်ထဲ ထွက်ကြမယ်။”
“ကျွန်တော်မျိုး သွားမယ် ... အရှင်မင်းကြီးအရင်ဆုံး ဘေးလွတ်ရာကို သွားပါ။” ချန်ကျန့်သည် သတိဝင်လာပြီး ညာဘက်ရှိ သင်္ဘောခန်းဆီသို့ အလောတကြီး ပြေးသွားခဲ့၏။
ဘာပဲဖြစ်ဖြစ် ဖန်ကျန်းရီ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုဘက်က သေချာပေါက် ပိုလုံခြုံပေမည်။ ဤဘက်တစ်ခြမ်းကတော့ နေလို့မရတော့ချေ။ ခဏနေ နောက်ထပ် ကောင်းကင်ဘုံက အပြစ်ပေးတာ ထပ်လာလျှင် သေချာပေါက် သေပေလိမ့်မည်။
ဖန်ကျန်းရီသည် တစ်လမ်းလုံး ပြေးရင်း အော်ဟစ်လာရာ သင်္ဘောအပြင်ဘက်ရှိ ပျဉ်ပြားတံတားပေါ်သို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် သင်္ဘောကိုယ်ထည်သည် ယိမ်းယိုင်နေဆဲဖြစ်ပြီး ကမ်းခြေတွင် ထိတ်လန့်နေသော အစောင့် သုံးယောက်နှင့် ရေထဲတွင် လူငါးယောက် ရှိနေသည်။ သူတို့အားလုံးသည် သင်္ဘောကြီးကို ထိတ်လန့်စွာ ကြည့်နေကြ၏။
သို့ပေမည့် သူတို့လည်း ထိတ်လန့်နေကြသော်ငြား သင်္ဘောထဲရှိ လူများထက်စာလျှင် စိတ်ပိုင်းဆိုင်ရာ အခြေအနေက အများကြီး ပိုကောင်းနေသည်မှာ ထင်ရှားသည်။
ဖန်ကျန်းရီသည် အရင်နည်းလမ်းကို ထပ်သုံးကာ ဆက်လက်အော်ဟစ်လိုက်သည်။ “မြန်မြန် ... သင်္ဘောထဲမှာ လုပ်ကြံသူတွေ ရှိတယ်။ အရှင်မင်းကြီးကို မြန်မြန် သွားကာကွယ်ကြ။”
အစောင့်သုံးယောက်သည် အလျင်အမြန်ပင် ဖန်ကျန်းရီကို ကြည့်လိုက်ကြပြီး စိုးရိမ်တကြီး မေးလိုက်၏။ “ဘယ်သူ လုပ်ကြံတာလဲ။ ခင်ဗျား က ဘယ်သူလဲ။”
“အများကြီး မမေးနဲ့တော့။ မြန်မြန် သွားကာကွယ် ... ”
“သူက ဖန်ကျန်းရီပဲ …မြန်မြန် သူ့ကို ဖမ်းကြ။” သုံးယောက်ထဲမှ တစ်ယောက်က ဖန်ကျန်းရီကို မှတ်မိသွားသည်။
ချီးတဲ့မှ …။
ဖန်ကျန်းရီသည် ထိုသူကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူတို့သတိမဝင်ခင်မှာပဲ ခေါင်းငုံ့ကာ ကမ်းခြေဘက်သို့ အသက်လု၍ ထွက်ပြေးတော့၏။
အစောင့်သုံးယောက်သည် သတိဝင်လာပြီးနောက် အနောက်မှ ချက်ချင်း ပြေးလိုက်ကြရာ ခြေလှမ်းသုံးလှမ်းခန့်ဖြင့် သူ၏ အနောက်သို့ ရောက်လာကြသည်။
ဓားမြှောက်၍ ခုတ်ရန် ပြင်လိုက်စဉ်မှာပင်။
နောက်တစ်စက္ကန့်တွင် မြားအစင်းပေါင်းများစွာသည် အစောင့်သုံးယောက်၏ မျက်နှာကို တည့်တည့်မှန်သွားခဲ့ပြီး ... အစောင့်များသည် မြေပေါ်သို့ လဲကျသေဆုံးသွားကြ၏။
“သခင်လေး ... မြင်းပေါ် မြန်မြန်တက်။”