← Chapters

အခန်း ၄၇၁

Vol. 26 Ch. 471

အခန်း ၄၇၁

Vol. 26 Ch. 471

အပိုင်း (၄၇၁) ဝန်ထုတ်ဝန်ပိုးဖြစ်နေသော ဖန်ကျန်းရီ

အသက်အန္တရာယ်ကြုံတွေ့နေရသည့် အခိုက်အတန့်တွင် သူ့ညီအစ်ကိုများ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရင်းနှီးနေသော မျက်နှာအချို့သည် ဖန်ကျန်းရီ၏ ရှေ့မှောက်တွင် ပေါ်လာ၏။ ကျိုးထျဲ့သည် ဖန်ကျန်းရီကို မြင်းကျောပေါ်သို့ ဆွဲတင်လိုက်ပြီး လူအများကိုခေါ်ကာ အနောက်သို့ ရူးသွပ်စွာ ပြေးလွှား၏။

ထိုအချိန်တွင် သင်္ဘောထဲမှ လူများကလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသွားကြပြီး လူအများအပြား သင်္ဘောအပြင်သို့ ပြေးထွက်လာကြသည်။

ဖန်ကျန်းရီတို့၏ အနောက်ဘက်တွင် လိုက်လံဖမ်းဆီးသူများ ပေါ်လာပြီဖြစ်သည်။ လမ်းတစ်ဝက်သို့ ရောက်သောအခါ ကျိုးထျဲ့က အသံကုန် အော်ဟစ်လိုက်သည်။ “အမြောက်ပစ်။ အမြောက်ပစ်။”

တောအုပ်ထဲတွင် ဒုတိယအကြိမ် အမြောက်ပစ်ခတ်မှု စတင်လိုက်၏။

ဘုန်း ... ဘုန်း ... ဘုန်း ... ။

မူလကတည်းက ပျက်စီးနေသော သင်္ဘောကြီးသည် နောက်ထပ်တစ်ကြိမ် အကြမ်းဖက် ပစ်ခတ်ခံရပြန်၏။ မြင်ကွင်းမှာ အလွန်တရာ ဆိုးရွားလှသည်။

သင်္ဘောထဲရှိ လူများသည်လည်း မအလှချေ။ သင်္ဘော၏ အခြားတစ်ဖက်သို့ စောစီးစွာ ဆုတ်ခွာ သွားကြသောကြောင့် လူအသေအပျောက် သိပ်မရှိခဲ့ပေ။

သို့သော်ငြား ဤတစ်ကြိမ် ပစ်ခတ်မှုက အချည်းနှီး ဖြစ်မသွားခဲ့ချေ။

လိုက်လံဖမ်းဆီးသူများသည် ပြင်းပြင်းထန်ထန် ခြောက်လှန့်ခံလိုက်ရပြီး လိုက်ဖမ်းနေသည့် ခြေလှမ်းများ ရပ်တန့်သွားကြသည်။

လူတိုင်းသည် ပါးစပ်အဟောင်းသားဖြင့် အနောက်ဘက်သို့ ထိတ်လန့်တကြား လှည့်ကြည့်နေကြ၏။

ထို့နောက် တောအုပ်ဘက်သို့ ထိတ်လန့်စိုးရွံ့စွာ ကြည့်လိုက်ကြပြီး လူအများအပြားသည် တိတ်တဆိတ် နောက်ဆုတ်ရန် ပြင်နေကြသည်။

ထိုအခွင့်အရေးကို အသုံးချကာ ဖန်ကျန်းရီတို့သည် တောအုပ်ထဲသို့ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး ပင်မ အဖွဲ့ကြီးနှင့် အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့၏။

လိုက်ဖမ်းသူများ မရှိတော့သည်ကို မြင်သောအခါ ကျိုးထျဲ့သည် မြင်းပေါ်မှခုန်ဆင်းပြီး မှန်ပြောင်းကို ယူကာ အခြေအနေကို အကဲခတ်နေခဲ့သည်။

အခြားသူများသည် ဖန်ကျန်းရီ၏ မျက်နှာတစ်ခုလုံး သွေးများ ပေကျံနေသည်ကို မြင်သောအခါ ဝိုင်းအုံလာကြပြီး စိုးရိမ်တကြီး မေးမြန်းကြ၏။

“သခင်လေး ... ဘာမှမဖြစ်ဘူးမလား။ အဲဒီ ဝူမင်းသားက သခင်လေးကို တစ်ခုခု လုပ်သေးလား။ ဟုတ်တယ်။ သခင်လေးက ဘယ်လိုလုပ် အဖမ်းခံရတာလဲ။ အမြဲတမ်း ကျုပ်တို့ကပဲ သူများတွေကို ဖမ်းနေကျလေ။ ကျုပ်တို့ ဘယ်တုန်းက ဒီလိုရှုံးဖူးလို့လဲ။ သခင်လေး ... ကျုပ် သေနတ်ယူလာခဲ့တယ်။ အရင်ယူထားလိုက်ပါ။”

မျက်နှာပေါ်ရှိ သွေးစွန်းမှုများက ဖန်ကျန်းရီ၏ နီရဲနေသော မျက်နှာကို ဖုံးကွယ်ပေးထားခဲ့သည်။

တကယ်ကို ရှက်စရာကောင်းလှသည်။ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဤကဲ့သို့ အခြေခံအမှားမျိုး ကျူးလွန်မိခြင်းက လုံးဝ မဖြစ်သင့်ချေ။

နောင်ကျလျှင် လူတွေကို ဘယ်လိုလုပ် မျက်နှာပြရတော့မည်နည်း။

ဖန်ကျန်းရီသည် လူအုပ်ကို ဖယ်ရှားလိုက်ပြီး ဟားတိုက်ရယ်မောလိုက်၏။ “စိတ်မပူကြနဲ့ ... ကျုပ်ဘာမှမဖြစ်ဘူး။ အဲဒီ ဝူမင်းသားက ကျုပ်ကို ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ယောက်လို ဆက်ဆံတာ။ သူ့သမီးကိုတောင် ကျုပ်နဲ့ အတင်းပေးစားပြီး သမက်တော်ချင်နေသေးတာ။ ဟားဟား။”

“……”

တောအုပ်ထဲတွင် လူတစ်စုလုံး မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး ကျိုးထျဲ့နှင့် ဖန်ကျန်းရီကြားတွင် ထူးဆန်းသော အကြည့်များဖြင့် အပြန်အလှန် ကြည့်နေကြသည်။

ကျိုးထျဲ့က အလျင်အမြန် အော်ပြောလိုက်၏။ “သခင်လေး ... ဆက်မပြောပါနဲ့တော့။ ဝတ်ရုံနီနဲ့ လူတစ်ယောက်ကို ကျုပ် တွေ့တယ်။ သူက ဝူမင်းသားဟုတ်မဟုတ် တစ်ချက်ကြည့်လိုက်ပါအုံး။”

အနောက်ဘက်ရှိ လူတစ်စုသည် တီးတိုးစကားပြောနေကြသည်။ အစ်ကိုထျဲ့က ဝူမင်းသားကို မြင်တောင် မမြင်ဖူးဘူးလား။

ဖန်ကျန်းရီ သည် မှန်ပြောင်းကို ယူကာ သင်္ဘောဘက်သို့ လှမ်းကြည့်လိုက်၏။ ဝူမင်းသားသည် အစောင့်များစွာ ခြံရံလျက် သင်္ဘောပေါ်မှ ဆင်းလာပြီး ပျဉ်ပြားတံတားပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။

“မှန်တယ်။ သူက ဝူမင်းသားပဲ။”

“နောက်တစ်ချက် ထပ်ပစ်လိုက်ရအောင်။ သူ့ကို သတ်ပစ်လိုက်ရင် ခေါင်းဆောင်မရှိတော့တဲ့အဖွဲ့ ဖြစ်သွားပြီ ဆိုတော့ ကျုပ်တို့ ဆုတ်ခွာကြတာပေါ့။” ကျိုးထျဲ့က မကျေမနပ်ဖြင့် ပြောလိုက်သည်။

ဘေးနားရှိ လူများက လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ဖန်ကျန်းရီက လက်ကာပြလိုက်၏။ “အလကား သတ္တိတွေ ပြမနေနဲ့။ သူ အသက်ရှင်နေတာက ပိုပြီး တန်ဖိုးရှိတယ်။ သူ့ကို အသက်ရှင်ခွင့် ပေးလိုက်။ ကျုပ်တို့လူတွေကို ပစ္စည်းတွေ သိမ်းခိုင်းလိုက်။ ယမ်းမှုန့်နဲ့ ပတ်သက်တဲ့ ပစ္စည်းမှန်သမျှကို ပြောင်စင်နေအောင် သိမ်းပြီး ချက်ချင်း ဆုတ်ခွာမယ်။”

လူတိုင်းသည် လက်နက်ပစ္စည်းများကို စတင်သိမ်းဆည်းကြတော့သည်။

အဝေးမှ ဝူမင်းသား၏ လူများသည် ရှေ့သို့ မတိုးရဲကြသေးချေ။ မိုးကြိုးပျံအမြောက်၏ ဖျက်ဆီးနိုင်စွမ်းက သူတို့ကို ထိတ်လန့်တုန်လှုပ်စေဆဲပင်။

ဝူမင်းသားသည် လုံခြုံသော ထောင့်တစ်နေရာတွင် ပုန်းနေပြီး မျက်လုံးများထဲတွင် လောဘနှင့် ကြောက်ရွံ့မှုများ ရောယှက်နေ၏။ ပျက်စီးနေသော သင်္ဘောကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် လက်အောက်ငယ်သားများကို အသံကုန် အော်ဟစ်လိုက်၏။

“အားလုံး ချက်ချင်း လှုပ်ရှားကြ။ တစ်ဖွဲ့က လမ်းမကြီးကို သွားပိတ်၊ တစ်ဖွဲ့က ကွေ့ပတ်ပြီး ဝိုင်းထား။ ကျန်တဲ့သူတွေ အကုန်လုံး တောထဲကို လူစုခွဲပြီး လိုက်ဖမ်းကြ။

ဖန်ကျန်းရီကို အရှင်ဖမ်းမိတဲ့သူကို ငွေတုံး တစ်သောင်း ဆုချမယ်။ ရန်သူတစ်ယောက်ကို သတ်နိုင်ရင် ငွေတုံး တစ်ထောင် ဆုချမယ်။ မင်းတို့ ကြောက်စရာမလိုဘူး။ သူတို့ တောထဲမှာ အဲဒီလက်နက်ကို ကောင်းကောင်း သုံးနိုင်မှာ မဟုတ်ဘူး။

အချိန် နှစ်ရက် ပေးမယ်။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ဒီနေရာကို ချက်ချင်း ပြန်လာခဲ့ကြရမယ်။”

ဆုငွေကြီးကြီး ပေးလျှင် ရဲရင့်သူများ ထွက်ပေါ်လာစမြဲပင်။

ထို့အပြင် ဤလူများသည် မူလတည်းက ဝူမင်းသားအပေါ် သစ္စာရှိသော၊ လမ်းဆုံးနေပြီဖြစ်သည့် အသက်စွန့်သူများ ဖြစ်ကြသည်။

အမိန့်ကို လက်ခံရရှိပြီးနောက် အချိန်မဆိုင်းဘဲ တပ်ဖွဲ့ကြီးသည် လူစုခွဲကာ လမ်းသုံးသွယ်ခွဲ၍ ရှေ့သို့ ချီတက်ကြတော့၏။

ကျိုးထျဲ့သည် ထိုဘက်မှ အခြေအနေကို အကဲခတ်နေဆဲဖြစ်ပြီး ရန်သူတပ်ကြီးကို မြင်သောအခါ အလျင်စလို ပြောလိုက်သည်။ “ပစ္စည်းသိမ်းပြီးရင် ချက်ချင်း ထွက်ကြမယ်။ ရန်သူတွေက လူစုခွဲပြီး ကျုပ်တို့ကို ဝိုင်းဖို့ ကြိုးစားနေပုံရတယ်။ လမ်းမကြီးကနေ သွားလို့ မရတော့ဘူး ... တောင်ပေါ် တက်ကြမယ်။”

မလှမ်းမကမ်းရှိ တောင်တန်းများကို ကြည့်ကာ ဖန်ကျန်းရီက မေးလိုက်၏။ “လမ်းဖြတ်သွားလို့ မရဘူးလား။”

“မရဘူး။ ကျုပ်တို့က ဒီပတ်ဝန်းကျင်ကို လုံးဝ မကျွမ်းကျင်ဘူး။ ရန်သူက ကျုပ်တို့ထက် အများကြီး ပိုများတယ်။ တောင်ပေါ်တက်မှပဲ သူတို့ကို ဖြတ်ချနိုင်မယ့် အခွင့်အရေးရှိမယ်။ တောင်ပေါ်ရောက်ရင် မြင်းတွေကို စွန့်ပြီး သွားရမယ်။ ရန်သူတွေက လေ့ကျင့်မှု ကောင်းကောင်း ရထားတယ်ဆိုပေမဲ့ တောင်ပေါ်မှာဆိုရင် ကျုပ်တို့ရဲ့ အားသာချက်က သေချာပေါက် ပိုများတယ်။ ရန်သူတွေက လူစုခွဲထားတော့ ယမ်းမှုန့်က သိပ်အသုံးဝင်မှာ မဟုတ်ဘူး။ တောင်ပေါ်တက်ပြီး သူတို့နဲ့ ပြောက်ကျားစစ် ဆင်ကြမယ်။”

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ အားလုံးကို ခင်ဗျား ပဲ စီစဉ်လိုက်တော့။”

ခဏအကြာတွင် လူတစ်ရာကျော်သည် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ အဝေးသို့ ရူးသွပ်စွာ ထွက်ပြေး ကြတော့သည်။

နာရီဝက်ခန့် အသက်လု၍ ပြေးလွှားပြီးနောက် ဖန်ကျန်းရီတို့သည် မြင်းများဖြင့် တောင်ပေါ်သို့ ရောက်ရှိလာကြပြီဖြစ်သည်။

တပ်ဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်ပြီး ဖန်ကျန်းရီ ဦးဆောင်သော အဖွဲ့ကြီးက ရှေ့ဆုံးမှသွားကာ လူနှစ်ဆယ်ပါဝင်သော ပိုင်ရွေ့ ဦးဆောင်သည့် အဖွဲ့ငယ်က နောက်ချန်နေခဲ့ပြီး ရန်သူ၏ အခြေအနေကို စောင့်ကြည့်ရ၏။

ရှေ့နောက် နှစ်ဖွဲ့သည် ငှက်လေချွန်သံဖြင့် အပြန်အလှန် သတင်းပို့ကြသည်။

တောင်တက်လမ်းသည် တဖြည်းဖြည်း ခက်ခဲလာသောကြောင့် ကျိုးထျဲ့သည် နောက်သို့ လက်ကာပြလိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။ “ညီအစ်ကိုတို့ ... မြင်းပေါ်ကဆင်း၊ လမ်းလျှောက်သွားကြမယ်။”

ဖန်ကျန်းရီသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး အနောက်ကို တစ်ချက် ကြည့်လိုက်၏။ “မြင်းနဲ့ သွားလို့ မရတော့ဘူးလား။”

“ရတယ် ... ဒါပေမဲ့ မလိုအပ်ဘူး။ တောင်ပေါ်ကို လမ်းလျှောက်တက်မယ်။ မတ်စောက်တဲ့ မြေမျက်နှာသွင်ပြင်က ကျုပ်တို့အတွက် ပိုပြီး အကျိုးရှိတယ်။ ဒီမြင်းတွေက ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်နေပြီ။”

ကျိုးထျဲ့သည် မျက်လုံးမှိတ်ကာ အဝေးမှ လွင့်ပျံလာသော ငှက်အော်သံကို သေချာနားထောင်လိုက်ပြီး မျက်မှောင်ကုတ်လျက် ပြောလိုက်၏။ “ရန်သူတွေက ထပ်ကြပ်မကွာ လိုက်လာတယ်။ လူအင်အားကလည်း များနေသေးတော့ အချိန်လုရမယ်။”

ဖန်ကျန်းရီက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ကျွမ်းကျင်သော အလုပ်ကို ကျွမ်းကျင်သူလက်သို့ အပ်ခြင်းက အကောင်းဆုံးပင်။

ကျိုးထျဲ့သည် စစ်ပွဲတစ်ပွဲသာ ရှုံးဖူးသော်ငြား သူသည် ကျွမ်းကျင်သော လေ့ကျင့်မှုများကို ရရှိထားသူဖြစ်သည်။ သိုင်းစာမေးပွဲတွင် စာတွေ့စာမေးပွဲပင် ရှိသေးသည် မဟုတ်ပါလား။ စာတွေ့အရ စစ်ဗျူဟာ ခင်းကျင်းခြင်းက လုံးဝ မကျွမ်းကျင်သူထက်စာလျှင် ပိုကောင်းပေမည်။

တောင်ပေါ်လမ်းလျှောက်ခြင်းသည် ပုံမှန်လိုပင်။ တောက်ယွမ်ခရိုင်မှ အထူးတပ်ဖွဲ့ဝင်များအတွက် အလေးအပင်များ သယ်ဆောင်ထားလျှင်တောင် သိပ်အရေးမကြီးလှချေ။

မည်သူတစ်ဦးတစ်ယောက်ကမှ ညည်းညူခြင်းမရှိဘဲ မြင်းပေါ်မှဆင်းကာ လမ်းလျှောက်သွားကြသည်။

တစ်နာရီခန့် ကြာပြီးနောက် ငှက်အော်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး အဝေးမှ ပေါက်ကွဲသံ တစ်ချို့ကိုလည်း ကြားလိုက်ရ၏။

ကြည့်ရသည်မှာ ပိုင်ရွေ့တို့အဖွဲ့သည် ရန်သူများနှင့် ထိပ်တိုက်တွေ့သွားပြီး ရန်သူကို ဆုတ်ခွာစေရန် ယမ်းမှုန့်များကို အသုံးပြုနေရပုံရသည်။

ကံကောင်းစွာဖြင့် နောက်ပိုင်းတွင် သတင်းပြန်ပို့လာရာ ရန်သူများ မီှမလာသေးကြောင်း သိရသဖြင့် အားလုံး အဆင်ပြေသွားခဲ့၏။

သို့ပေမည့် မထင်မှတ်ထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဖန်ကျန်းရီသည် ချွေးသံတရွဲရွဲဖြင့် မောဟိုက်နေပြီး ဖြူရော်နေသော မျက်နှာဖြင့် ကျောက်တုံးကို မှီထားလိုက်ရ၏။

ဘေးနားရှိ လူတစ်စုသည် သူ့ကို တိတ်တဆိတ် စောင့်နေကြ၏။

ကျိုးထျဲ့က စိုးရိမ်တကြီး မေးလိုက်သည်။ “သခင်လေး ... နားလို့ ဝပြီလား။ သုံးခါတောင် နားပြီးပြီ။ လိုက်လာတဲ့သူတွေက မဆုတ်သေးဘူး။”

“မ ... မရတော့ဘူး။ ကျုပ်တကယ် မရတော့ဘူး။ ကျုပ်ကို ဂရုမစိုက်နဲ့တော့ ... ခင်ဗျားတို့ဘာသာ ထွက်ပြေးကြတော့။” ဖန်ကျန်းရီသည် လက်ကို ဆက်တိုက် ခါယမ်းကာ တံတွေးတစ်ချက် မြိုချလိုက်၏။

မြေကြီးကို စိုက်ကြည့်နေရင်း ခေါင်းထဲတွင် မူးဝေလာသလို ခံစားလာရသည်။

ချီး .. ဒီနှစ်နှစ်အတွင်း သက်တောင့်သက်သာ နေခဲ့ရလို့ လေ့ကျင့်ခန်းမလုပ်ဖြစ်တော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အရမ်း ကျဆင်းသွားတာပဲ။

ခေတ်သစ်က ရုံးခန်းထဲက လူတွေထက် အများကြီး ပိုသန်မာသေးတယ် ဆိုပေမဲ့ နှစ်နာရီလောက် တောင်ပေါ်မှာ ဆက်တိုက် လမ်းလျှောက်ရတာက ငါ့ကို တကယ် အားကုန်သွားစေခဲ့တာပဲ။

ဒီလိုအရေးကြီးတဲ့အချိန်မှာမှ အသုံးမကျဖြစ်ရတယ်လို့။

အသက်အန္တရာယ်ကြုံနေရချိန်တွင် လူတစ်စုလုံးက သူ့ကို စောင့်နေရသောကြောင့် မျက်နှာပြောင်တိုက်တတ်သော ဖန်ကျန်းရီပင်လျှင် အနည်းငယ် အားနာလာမိသည်။

ထိုအချိန်မှာပင် ပိုင်ရွေ့၏ အဖွဲ့ငယ် ရောက်လာပြီး လောဆော်လိုက်၏။ “ဘာလို့ ဒီမှာ ရှိနေကြသေးတာလဲ။ ကျုပ် ယမ်းထုပ်တွေ ကုန်သွားပြီ။ ရန်သူတွေက ပိုမြန်မြန် လိုက်လာနေပြီ။ မကြာခင် မှီလာတော့မယ်။”

“ကျုပ် သခင်လေးကို ကုန်းပိုးမယ်။” ကျိုးထျဲ့သည် ရှေ့သို့တိုးလာပြီး ဖန်ကျန်းရီကို ကုန်းပိုးရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက တွန်းဖယ်လိုက်သည်။

“ကျုပ်ဘာသာ ပုန်းနေဖို့ နေရာတစ်ခု ရှာလိုက်မယ်။ ခင်ဗျားတို့ဆီမှာ လက်နက်ပစ္စည်းတွေလည်း ပါသေးတယ်။ ကျုပ်ကို ကုန်းပိုးသွားရင် အမြန်နှုန်းက နှေးသွားလိမ့်မယ်။ ခင်ဗျား တို့ အရင်ပြေးကြ ... ”

မြေကြီးပေါ်ရှိ သစ်ရွက်ခြောက်များကို ကြည့်ကာ ဖန်ကျန်းရီသည် မျှော်လင့်ချက် ကင်းမဲ့သွားခဲ့၏။

ပြဿနာရှိလာလျှင် အမြဲတမ်း သူက ရှေ့ဆုံးမှ ရင်ဆိုင်ခဲ့သည်။ ယနေ့တော့ သူက ဝန်ထုတ်ဝန်ပိုး ဖြစ်နေခဲ့သည်။ အဖွဲ့နောက်သို့ ဆက်လိုက်သွားပါက ညီအစ်ကိုများအတွက် အန္တရာယ် ပိုများလာစေလိမ့်မည်။ ထပ်ပြီး အချိန်ဆွဲနေ၍ မဖြစ်တော့ချေ။ သူတို့ ထွက်သွားပြီးလျှင် သစ်ရွက်တွေကြားထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် မြှုပ်ပြီး အိပ်နေလိုက်တော့မည်။

“ဝူမင်းသားက ကျုပ်တို့လူတွေ ပြန်ပြီး စစ်ကူခေါ်သွားမှာကို ကြောက်နေမှာ သေချာတယ်။ သူက အရမ်း သတိကြီးတဲ့သူဆိုတော့ လိုက်ဖမ်းရင်တောင် တစ်ရက်၊ နှစ်ရက်ထက် ပိုမှာမဟုတ်ဘူးလို့ ကျုပ်ရဲရဲကြီး ပြောရဲတယ်။ ခင်ဗျားတို့ နှစ်ရက်လောက် တောင့်ခံထားနိုင်ရင် သူတို့ ဆုတ်သွားလိမ့်မယ် ... ကျုပ်လိုက်လာတာက ခင်ဗျား တို့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေလိမ့်မယ်။ ကျုပ်ကို ထားခဲ့တော့။”

All Chapters