← Chapters

အခန်း ၄၇၂

Vol. 26 Ch. 472

အခန်း ၄၇၂

Vol. 26 Ch. 472

အပိုင်း (၄၇၂) ရူးသွပ်စွာ သတ်ဖြတ်ခြင်း။

ကျိုးထျဲ့သည် မျက်မှောင်ကုတ်လျက် ဤကိစ္စ၏ ဖြစ်နိုင်ခြေကို စဉ်းစားနေခဲ့၏။

အစပိုင်းက သေချာ မစဉ်းစားမိခဲ့သဖြင့် သခင်လေးကဲ့သို့ စာပေပညာရှင်တစ်ယောက်၏ အားနည်းချက်ကို မေ့လျော့သွားခဲ့သည်။

မှန်သည်။ သူ့ကို ဆက်နားခွင့်ပေးထားလျှင် အနောက်မှ လူများက သေချာပေါက် မှီလာလိမ့်မည်။ ဤအတိုင်း ဆက်သွားနေ၍ မဖြစ်ချေ။

နှစ်ရက်အတွင်း တောင်ပေါ်တောထဲ၌ သေချာပုန်းအောင်းနေသူ တစ်ယောက်ကို ရှာဖွေတွေ့ရှိရန် ဆိုသည်မှာ အလွန်ခက်ခဲလှသည်။

ထို့အပြင် လိုက်လံဖမ်းဆီးသူများ၏ အာရုံကို ဆွဲဆောင်ရန် သူတို့အဖွဲ့လည်း ရှိနေသေးသဖြင့် သခင်လေးကို သီးသန့် လိုက်ရှာမည့်သူ ရှိမည်မဟုတ်ပေ။

ကျိုးထျဲ့က တုံ့ဆိုင်းလျက် ပြောလိုက်သည်။ “သခင်လေး ... သခင်လေး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ဒါပေမဲ့လူဆယ်ယောက်ကို သခင်လေးကို စောင့်ရှောက်ပြီး ခေါ်သွားခိုင်းမယ်။”

“သခင်လေး မြောက်ဘက်ကို သွားပါ။ ကျုပ်တို့လူတွေက ရန်သူတွေကို တောင်ဘက်ကို မျှားခေါ်သွားမယ်။ လမ်းတစ်လျှောက်မှာ ယမ်းမှုန့်တွေ သုံးပြီး သူတို့ရဲ့ အာရုံကို လွှဲထားမယ်။”

“အဲဒီလို လုပ်စရာ မလိုဘူး။” ဖန်ကျန်းရီက ပြတ်သားစွာ ငြင်းဆိုလိုက်၏။

လူဆယ်ယောက်က စောင့်ရှောက်ပေးလျှင်တောင် သူက ဝန်ထုတ်ဝန်ပိုး ဖြစ်နေဆဲပင်။ တကယ်လို့ မိသွားပါက ကိုယ့်လူများကိုပါ ဒုက္ခပေးသလို ဖြစ်သွားလိမ့်မည်။

“ခင်ဗျားတို့ စိတ်ချပါ။ ဝူမင်းသားက ကျုပ်ကို လုံးဝ မသတ်ရဲဘူး။ အဆိုးဆုံး အခြေအနေက အဖမ်းခံရတာပဲ ရှိမယ် ... ကျုပ်တစ်ယောက်တည်း ပြေးတာနဲ့ ဆယ်ယောက် ပြေးတာက ဘာမှ မကွာဘူး။ ပြီးတော့ လူဆယ်ယောက် ဆိုရင် ပိုပြီးတောင် မျက်စိကျစရာ ဖြစ်နေအုံးမယ်။ ခင်ဗျားတို့ သူတို့ကို မျှားခေါ်သွားရင် ရပါပြီ။

တစ်ရက်၊ နှစ်ရက်လောက် တောင့်ခံထားပြီး သူတို့ ဆုတ်သွားတဲ့အခါမှ ကျုပ်ကို လာရှာကြ။ ကျုပ်ကလည်း အဲဒီလောက် အသုံးမကျတဲ့သူ မဟုတ်ဘူးဆိုတော့ စိတ်ချပါ။ တောင်ပေါ်မှာ နှစ်ရက်လေးတောင် မတောင့်ခံနိုင်ဘူး ဆိုတာ မဖြစ်နိုင်ပါဘူး။ ခင်ဗျားက ကျုပ်ကို အရမ်း အထင်သေးလွန်းနေပြီ။”

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် ရင်ဘတ်ထဲမှ သေနတ်တိုကို ထုတ်ယူလိုက်၏။ “ကျုပ်ဆီမှာ သေနတ် ရှိသေးတယ်လေ။ သားရဲတိရစ္ဆာန်တွေနဲ့ တွေ့ရင် ပြဿနာမရှိဘူး။

ခင်ဗျားကို တစ်လက် ပေးခဲ့မယ်။ ကျုပ်တစ်လက် ယူသွားရင် လုံလောက်ပြီ။ ရန်သူတွေ လာရှာရင်လည်း အများကြီး ပါလာလို့ အလကားပဲ။”

ဖန်ကျန်းရီ၏ သဘောထား ပြတ်သားနေသည်ကို မြင်သောအခါ ကျိုးထျဲ့က သက်ပြင်းရှည်ကြီး ချလိုက်သည်။ “ကောင်းပါပြီ။”

“မီးရှူးမီးပန်း တစ်ခု ယူသွားပါ။ သန်ဘက်ခါ ညကျရင် ကျုပ်တို့ကို အချက်ပြဖို့ မမေ့နဲ့။ တောင်ပေါ်မှာ အရမ်း ဝေးဝေး သွားလို့မရဘူးဆိုတော့ ကျုပ်တို့ မြင်ရမှာပါ။ အချက်ပြပြီးတာနဲ့ အဲဒီနေရာမှာပဲ သေချာပုန်းနေပါ။ ကျုပ်တို့ လာခဲ့မယ်။ လမ်းမှာ တတ်နိုင်သမျှ အရိပ်ရတဲ့ နေရာတွေမှာ ရှာပြီး ပုန်းနေပါ။”

“သခင်လေးကို စားစရာ နည်းနည်း ပေးလိုက်ကြ။”

ဖန်ကျန်းရီသည် စားစရာများနှင့် မီးရှူးမီးပန်းများကို ယူလိုက်ပြီးနောက် ရင်ထဲတွင် အနည်းငယ် ပေါ့ပါးသွားကာ ခေါင်းညိတ်လိုက်၏။ “အင်း ... ခင်ဗျား တို့ သွားကြတော့။ ကျုပ်လည်း သွားတော့မယ်။ အလကား တိုက်ခိုက်မနေနဲ့။ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ။ ယမ်းမှုန့်တွေကို သူတို့လက်ထဲ လုံးဝ မပါသွားစေနဲ့။

ပြီးတော့ ... မြောက်ဘက်က ဘယ်ဘက်လဲ။”

ကျိုးထျဲ့က လက်ညှိုးထိုးပြကာ လေးနက်စွာ ပြောလိုက်သည်။ “သခင်လေး ... သေချာ ဂရုစိုက်ပါ။ တောင်ပေါ်မှာ အန္တရာယ်တွေ အများကြီး ရှိတယ်။ သေနတ်ကို အမြဲတမ်း ကိုင်ထားပါ။”

“စကားမများနဲ့တော့။ ကျုပ်က တောင်ပေါ် မတက်ဖူးတဲ့သူ ကျနေတာပဲ။ သွားတော့။”

ဖန်ကျန်းရီသည် မတ်တပ်ထရပ်ကာ ယိမ်းယိုင်လျက် ထွက်သွား၏။ ကျိုးထျဲ့တို့သည် ထိုနေရာတွင် ကျန်ရစ်ခဲ့ပြီး ဖန်ကျန်းရီကို လိုက်ကြည့်နေကြသည်။

သူ၏ ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ကျောက်လျဲ့က စကားစလိုက်၏။ “အစ်ကိုထျဲ့ ... သခင်လေး တစ်ယောက်တည်း သွားတာကို တကယ် စိတ်ချလို့လား။”

“ဒီလိုအခြေအနေမျိုးမှာ သခင်လေးက ကျုပ်တို့နဲ့ လိုက်လာတာကမှ ပိုပြီး အန္တရာယ်များတာ။ တောင်ပေါ်မှာ နှစ်ရက်လောက်နေတာ ပြဿနာ သိပ်မရှိလောက်ပါဘူး။”

“အခု ဒီနေရာမှာ စခန်းချမယ်။ ယမ်းမှုန့်တွေ အဆင်သင့် ပြင်ထားကြ။ ဒီမှာ သူတို့နဲ့ တစ်ပွဲ အရင်တိုက်မယ်။ ပြီးမှ သူတို့ကို တောင်ဘက်ကို မျှားခေါ်သွားမယ်။”

“ဟုတ်ကဲ့။”

…

ကမ်းခြေတွင် ဝူမင်းသားသည် ပျက်စီးနေသော သင်္ဘောကြီးရှေ့၌ တိတ်ဆိတ်စွာ ရပ်နေ၏။

မိုးကြိုးပျံအမြောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ခေါင်းထဲတွင် အခါခါ ပြန်လည ်ပေါ်လာနေဆဲပင်။

အတိုင်းအဆမဲ့ ကုသိုလ်တော်၏ တောင်ဖြိုကျောက်ခွဲစွမ်းအားကို သူ စိတ်ကူးယဉ်ကြည့်ဖူးသော်လည်း ဤကဲ့သို့ ကြီးမားလှသော လက်နက်မျိုးကို တကယ်တမ်း ရင်ဆိုင်ရချိန်မှာတော့ သူ၏စိတ်ကူးယဉ်မှုက မည်မျှ အားနည်းနေသနည်းကို သတိထားမိလိုက်သည်။

ဝူမင်းသားသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး မျက်လုံးများထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေ၏။

တစ်ရက်စောရင် ... တစ်ရက်လောက် စောပြီး ပင်လယ်ထဲထွက်နိုင်ခဲ့ရင် ဖန်ကျန်းရီကို ခေါ်ပြီး အောင်မြင်စွာ ထွက်ပြေးနိုင်လောက်ပြီ။

ပင်လယ်ရပ်ခြားကို ရောက်သွားလျှင် ဖန်ကျန်းရီမှာ ရွေးချယ်စရာ လမ်းမရှိတော့ဘဲ သူနှင့်အတူ ကမ္ဘာသစ်ကို တည်ဆောက်ရုံသာ ရှိတော့မည်။

ထိုကဲ့သို့ နတ်လက်နက်မျိုး ရှိနေပါက ပင်လယ်ရပ်ခြားရှိ နိုင်ငံငယ်လေးများသည် လုံးဝ ယှဉ်နိုင်မည်မဟုတ်ပေ။

ခြေတစ်လှမ်းပဲ လိုတော့တာ ... ခြေတစ်လှမ်းပဲ လိုတော့တာ ... ပျက်စီးခဲ့ရပြီ။ အမြဲတမ်း ဖန်ကျန်းရီကြောင့်ပဲ။

သူ့ကို စောစောကတည်းက သတ်ပစ်ခဲ့သင့်တာပဲ။

ဝူမင်းသား၏ မျက်နှာ ပို၍ပို၍ ဆိုးရွားလာသည်ကို မြင်သောအခါ ချန်ကျန့်က ရှေ့သို့တိုးလာပြီး တိုးတိုးလေး ပြောလိုက်၏။ “အရှင်မင်းကြီး... တခြားလူတွေ ပြန်လာတဲ့အထိစောင့်ရင်း မြို့တော်က ကျုပ်တို့လူတွေကို ထပ်စောင့်အုံးမလား။”

ထိုစကားကို ကြားသောအခါ ဝူမင်းသားသည် ချန်ကျန့်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ မျက်လုံးများတွင် သွေးကြောများ နီရဲနေသည်။ “စောင့်မယ် ... ဟုတ်လား။ ဖန်ကျန်းရီဆီမှာ ဒီလောက် အစွမ်းထက်တဲ့ လက်နက်တွေ ရှိနေမှတော့ အဲဒီလူတွေ ပြန်လာနိုင်အုံးမယ်လို့ ခင်ဗျား ထင်နေတာလား။

ကျုပ်တို့မှာ အချိန်မရှိတော့ဘူး ... နှစ်ရက်အတွင်း ဖန်ကျန်းရီကို မဖမ်းမိရင် ချက်ချင်း ပင်လယ်ထဲ ထွက်မယ်။ ဒီတစ်ကြိမ် လူဘယ်လောက် သေသွားလဲ။ သင်္ဘောပေါ်မှာ စောင့်နေတဲ့သူ ဘယ်လောက် ကျန်သေးလဲ။”

“အရှင်မင်းကြီးကို သတင်းပို့ပါတယ်။ စုစုပေါင်း နှစ်ရာသုံးဆယ့်ခုနစ်ယောက် သေသွားပါတယ်။ သင်္ဘောနှစ်စီး ပေါ်မှာ စောင့်နေတဲ့သူ ငါးရာ ရှိပါတယ်။”

ဝူမင်းသားသည် မျက်လုံးမှိတ်ကာ ကောင်းကင်ကို မော့ကြည့်၍ သက်ပြင်းရှည်ကြီး ချလိုက်၏။ “ဒီလောက် ကြီးမားတဲ့ စွမ်းအားမျိုး ... ပျက်စီးနေတဲ့ ဒီသင်္ဘောကို မီးရှို့ပစ်ဖို့ လူလွှတ်လိုက်။ ပြောင်စင်နေအောင် ရှို့ပစ်။ သင်္ဘော နှစ်စီးပဲ ကျန်တော့ လူအကုန်လုံးကို ခေါ်သွားဖို့ မဖြစ်နိုင်တော့ဘူး။ ခင်ဗျား သွားပြီး ရှင်းလိုက်တော့။”

…

ဘုန်း ... ဘုန်း ... ဘုန်း ... ။

တောင်ပေါ်တောထဲတွင် ပေါက်ကွဲသံများ နေရာအနှံ့ ထွက်ပေါ်လာခဲ့၏။

လိုက်လံဖမ်းဆီးသူများသည် နောက်ဆုံးတွင် ကျိုးထျဲ့တို့ကို မီလာပြီဖြစ်ပြီး နှစ်ဖက်စလုံးသည် ခေတ္တမျှ အခြေအနေ တင်းမာနေကြသည်။

တောက်ယွမ်ခရိုင်မှ လူတစ်ရာကျော်သည် တောင်ဘက်ရှိ ကုန်းမြင့်နေရာကို ယူထားပြီး ယမ်းထုပ်များကို အောက်ဘက်သို့ အဆက်မပြတ် ပစ်ချနေကြ၏။

လိုက်လံတိုက်ခိုက်သော ရန်သူများသည်လည်း အရည်အသွေးမြင့် စစ်သည်များ ဖြစ်ကြသည်မှာ ထင်ရှားပေသည်။

အချိန်တိုလေးအတွင်းမှာပဲ ပေါက်ကွဲသံများကြောင့် ဖြစ်ပေါ်လာသော ဖိအားကို တဖြည်းဖြည်း ကျင့်သားရလာကြသည်။

လူစုလူဝေးဖြင့် တိုက်ခိုက်ခြင်းကို မပြုလုပ်တော့ဘဲ တစ်ယောက်၊ သို့မဟုတ် နှစ်ယောက် တစ်ဖွဲ့ခွဲကာ တိုက်ခိုက်လာကြ၏။

အရင်ကထက် ပို၍ တည်ငြိမ်လာကြသော်ငြား ဒုက္ခရောက်သွားသော လုပ်ဖော်ကိုင်ဖက်များကို မြင်ရသောအခါ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများတော့ ပြည့်နှက်နေဆဲပင်။

ယမ်းထုပ်များ အသုံးပြုမှု အလွန်မြန်ဆန်သောကြောင့် ပစ်ချသည့် အကြိမ်အရေအတွက်က တဖြည်းဖြည်း လျော့ကျလာခဲ့သည်။

ရန်သူဘက်မှ တပ်မှူးကလည်း ဤအခြေအနေကို သတိထားမိသွားသည်မှာ သေချာ၏။ သူက ဓားကို မြှောက်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ “သူတို့ဆီမှာ ကောင်းကင်မိုးကြိုးတွေ ကုန်တော့မယ်။ ညီအစ်ကိုတို့ ... ငါ့နောက်ကနေ လိုက်တိုက်ကြ။ ဖန်ကျန်းရီကို အရှင်ဖမ်းမိတဲ့သူကို ငွေတုံး တစ်သောင်း ဆုချမယ်။ ရန်သူတစ်ယောက် ကို သတ်နိုင်ရင် ငွေတုံး တစ်ထောင် ဆုချမယ်။”

သစ်ပင်ကြီးများ အနောက်တွင် ပုန်းအောင်းနေသော ရန်သူများသည် အခြေအနေ အနည်းငယ် ကောင်းမွန်လာသည်ကို မြင်သောအခါ သတ္တိမွေး၍ ခေါင်းထွက်လာကြ၏။

ထို့နောက် ကုန်းမြင့်ဆီသို့ အပေါ်ဘက်သို့ စတင် တိုက်ခိုက်လာကြတော့သည်။

ကျိုးထျဲ့သည် ပတ်ဝန်းကျင်ကို အမြဲတမ်း သတိထားနေပြီး ရန်သူများ တဖြည်းဖြည်း များပြားလာသည်ကို မြင်သောအခါ အမိန့်ပေးလိုက်၏။ “ထပ်မပစ်ကြနဲ့တော့ ... ယမ်းထုပ်တချို့ကို ချန်ထားပြီး လက်နက်ချင်း ယှဉ်တိုက်ဖို့ ပြင်ကြ။ သေချာ မှတ်ထား ... အလကား မတိုက်ခိုက်နဲ့။ ကိုယ့်ဘက်က အရင် မတိုက်နဲ့ ... တောင်ဘက်ကို ဆုတ်ခွာရင်းနဲ့ ခုခံကြ။”

ရန်သူများ တက်လာသည်နှင့်အမျှ ကျိုးထျဲ့တို့ အဖွဲ့သည်လည်း တောင်ဘက်သို့ တဖြည်းဖြည်း ဆုတ်ခွာ သွားကြ၏။

တဖြည်းဖြည်း နီးကပ်လာသော ရန်သူများကို ကြည့်ကာ ကျိုးထျဲ့သည် အံ့ဩစရာကောင်းလောက်အောင် ပြုံးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ညီအစ်ကိုတို့ ... ဒီလောက်ကြာအောင် လေ့ကျင့်ထားခဲ့ရတာ ဒီနေ့တော့ သွေးထွက်သံယို ဖြစ်ရမယ့်အချိန် ရောက်လာပြီ။ အခု ဘယ်ကောင်မှ နောက်မဆုတ်နဲ့။ နောက်ဆုတ်ရင် ကျုပ်မျက်နှာကို အိုးမည်းသုတ်တာပဲ။”

ယခု ရန်သူများနှင့် အကြိမ်အနည်းငယ် ရင်ဆိုင်ခဲ့ဖူးသဖြင့် သူတို့၏ အခြေအနေကို သိထားပြီးဖြစ်၏။

အဆင့်အတန်းက မဆိုးလှသော်ငြား သူဦးဆောင်သော စစ်သည်များနှင့် ယှဉ်လျှင်တော့ အများကြီး ကွာခြားသည်။

“ကျုပ်နောက်ကနေ လိုက်တိုက်ကြ ... သောက်ကျိုးနည်း။”

ဒုတိယအကြိမ် စစ်ပွဲကို ဦးဆောင်ခြင်းဖြစ်သည်။ ကျိုးထျဲ့သည် စိတ်လှုပ်ရှားစွာဖြင့် နီးကပ်လာသော ရန်သူများထံသို့ ပြေးဝင်သွားမိ၏။

သို့ပေမည့် မတ်စောက်သော ကုန်းဆင်းဖြစ်နေသဖြင့် ... ကျောက်ခဲများကို နင်းမိကာ ခြေချော်ပြီး ရန်သူ၏ ရင်ခွင်ထဲသို့ လဲကျသွားကာ ... နှစ်ယောက်သား ကုန်းဆင်းအတိုင်း လိမ့်ဆင်းသွားကြတော့သည်။

သို့ပေမည့် ကံကောင်းစွာဖြင့် သိုင်းပညာ အခြေခံကောင်းရှိသဖြင့် ရန်သူ၏ လက်နက်ကို ရှောင်တိမ်းနိုင်ခဲ့ပြီး ဓားရှည်ဖြင့် ရန်သူ၏ နှလုံးတည့်တည့်သို့ ထိုးသွင်းနိုင်ခဲ့၏။

ကျိုးထျဲ့သည် သိပ်မဝေးလှသော နေရာသို့ ရောက်ချိန်တွင် လိမ့်ဆင်းနေမှုကို ရပ်တန့်လိုက်နိုင်ပြီး အလျင်အမြန် ထလာကာ ပတ်ဝန်းကျင်ရှိ ရန်သူများကို စတင် သတ်ဖြတ်တော့သည်။

သူသည် ဓားနှစ်လက်ကို အလွန်လျင်မြန်စွာ ဝှေ့ယမ်းနေသဖြင့် ဘယ်ညာ နှစ်ဖက်စလုံးသို့ ရန်သူများ လုံးဝ အနားကပ်၍ မရနိုင်ချေ။

ထိုမြင်ကွင်းကို မြင်သောအခါ ကျောက်လျဲ့က ဒေါသတကြီး အော်ဟစ်လိုက်၏။ “သတ်ဟေ့။”

“သတ် ... သတ်။”

နှစ်ဖက်စလုံးမှ လူများသည် အော်ဟစ်နေကြပြီး တစ်ခဏအတွင်းမှာပင် တိုက်ခိုက်သံများ နေရာအနှံ့ ထွက်ပေါ်လာခဲ့သည်။

လူတစ်ယောက်သည် ကျောက်လျဲ့ရှေ့သို့ ပြေးလာ၏။ ကျောက်လျဲ့သည် ဓားကြီးကို မြှောက်ကာ အပေါ်မှနေ၍ အားကုန်သုံးကာ ခုတ်ချလိုက်သည်။

ရန်သူက ဓားဖြင့် ကာကွယ်၏။

သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာပြီး ရန်သူ၏ ဓားရှည်သည် ကျိုးပဲ့သွားကာ ... ကျောက်လျဲ့သည် ဓားကြီးကို ကိုင်၍ ရန်သူ၏ ပခုံးမှနေ ဝမ်းဗိုက်အထိ ဆွဲခုတ်ချလိုက်သည်။

ရန်သူ၏ ခန္ဓာကိုယ်တစ်ခြမ်းသည် တွဲကျသွားပြီး သွေးများ ပန်းထွက်လာသည်။ မျက်နှာပေါ်တွင် ထိတ်လန့်နေသော အမူအရာများ ရှိနေဆဲပင်။

ဘေးနားရှိ ရှေ့သို့တိုးလာသော လူနှစ်ယောက်သည် ဤရက်စက်သော မြင်ကွင်းကို မြင်သောအခါ ချက်ချင်း ကြောင်အမ်းသွားကြ၏။

ကျောက်လျဲ့လည်း ကြောင်အမ်းသွားခဲ့သည်။ ဓားချက်က ဤမျှ ပြင်းထန်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ရန်သူ၏ ဓားကလည်း အလွန်ကျိုးလွယ်ပြီး အားနည်းလွန်းနေသည်။

ဒါက ... ဝက်သတ်တာထက် အများကြီး ပိုလွယ်နေပါလား။

သို့သော်ငြား တုံ့ဆိုင်းနေရန် အချိန်အများကြီး မရှိချေ။ ဘေးနားမှ လူများက ထပ်မံ၍ တိုက်ခိုက်လာသောကြောင့် သူသည် အလျင်အမြန် ဓားကို ဆွဲထုတ်ကာ ပြန်လည်ရင်ဆိုင်ရသည်။

အခြား တောက်ယွမ်ခရိုင်မှ လူများသည်လည်း ဓားကြီးများဖြင့် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းနေကြ၏။

ရန်သူများ ကာကွယ်ချိန်တွင် ဓားရှည်များ ကျိုးပဲ့သွားသည်က များပေသည်။

ဝူမင်းသားဘက်မှ တပ်ဖွဲ့ဝင်များသည် အလွန်အမင်း ထိတ်လန့်သွားကြပြီး စိတ်ဓာတ်များ အောက်ခြေအထိ ထိုးကျသွားကြ၏။ သို့ပေမည့် လူအင်အား များပြားသောကြောင့် ဘေးနားရှိ ညီအစ်ကိုများ ဆက်တိုက် တက်လာသည်ကို ကြည့်ရင်း အားတင်းထားနိုင်ကြ၏။

ကျိုးထျဲ့တို့ဘက်တွင်တော့ တစ်ခဏအတွင်းမှာပဲ စိတ်ဓာတ်များ တက်ကြွလာကြ၏။ လူတစ်ရာကျော်ဖြင့် လူတစ်ထောင်ကျော်၏ အရှိန်အဝါမျိုးကိုပင် ထုတ်ဖော်ပြသနိုင်ခဲ့သည်။ ထို့အပြင် ရန်သူများကိုပါ ပြန်လည်လိုက်လံ တိုက်ခိုက်ရန်ပင် ပြင်နေကြသေးသည်။

သို့ပေမည့် ဤအချိန်တွင် ရန်သူများ၏ နောက်တန်းမှ လူများ တဖြည်းဖြည်း ပိုများလာခဲ့ပြီဖြစ်၏။

အားလုံးက သွေးဆာလာပြီး ရူးသွပ်စွာ တိုက်ခိုက်နေကြသည်ကို မြင်သောအခါ ကျိုးထျဲ့က အသံကုန် အော်ဟစ်လိုက်သည်။ “အလကား တိုက်ခိုက်မနေနဲ့။ တိုက်ခိုက်မနေနဲ့။ မြန်မြန် ဆုတ်ကြ။”

“အကုန်လုံး ဆုတ်ကြလို့ ပြောနေတယ်မဟုတ်လား။”

သို့သော်ငြား အားလုံးက သွေးဆူနေကြသဖြင့် စကားကို သေချာနားထောင်နိုင်သူ အလွန်နည်းပါးသည်။ အများစုကတော့ ဓားကို ကိုင်ကာ ရှေ့သို့ဆက်လက် ပြေးဝင်ပြီး တိုက်ခိုက်နေကြဆဲပင်။

ရန်သူများက ဆုတ်ခွာကာ ကာကွယ်နေရင်း စိတ်ထဲတွင် ကျိန်ဆဲနေကြ၏ ... မတိုက်နဲ့တော့လို့ ပြောနေတာကို ဘာလို့ ဆက်ပြီး ခုတ်နေကြတာလဲ။

“အလကား တိုက်မနေပါနဲ့ဗျာ။” ခုခံနိုင်စွမ်းမရှိတော့သော ရန်သူတစ်ယောက်က ငိုသံပါကြီးဖြင့် အော်ပြောလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ဓားဖြင့် ရင်ဘတ်ကို ပြင်းထန်စွာ ခုတ်ခံလိုက်ရပြီး မြေပေါ်သို့ လဲကျသေဆုံးသွားခဲ့သည်။

ကျိုးထျဲ့သည် ဒေါသထွက်လာပြီး ဘယ်ညာ ပြေးလွှားကာ အော်ဟစ်နေခဲ့၏။ “မြန်မြန် ဆုတ်ကြ။ ဆုတ်ကြ။ အမတ်မင်းဖန် အားကုန်နေပြီ။”

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီပေးထားသော သေနတ်တိုကို ထုတ်ကာ ရန်သူများကို ဖောက် ... ဖောက် နှစ်ချက် ပစ်ချလိုက်သည်။

ကျိုးထျဲ့၏ ဖန်ကျန်းရီဟု ခေါ်လိုက်သံနှင့်အတူ သေနတ်သံကို ကြားသောအခါ လူအများစု သတိဝင်လာကြပြီး တောင်ဘက်သို့ စနစ်တကျ အလျင်အမြန် ဆုတ်ခွာကြ၏။

ရန်သူများသည် တောက်ယွမ်ခရိုင်မှ လူများ ဆုတ်ခွာသွားသည်ကို မြင်သောအခါ ရင်ထဲတွင် သက်ပြင်းချ လိုက်မိကြသည်။

“ဖန်ကျန်းရီ အထဲမှာ ရှိနေသေးတယ်။ မြန်မြန် လိုက်ကြ။” ရုတ်တရက် လူတစ်ယောက်က အသံကုန် အော်ဟစ်လိုက်၏။

ရန်သူများသည် သတင်းကြားသည်နှင့် ချက်ချင်း လှုပ်ရှားကြပြီး နောက်ထပ်တစ်ကြိမ် လိုက်လံတိုက်ခိုက်မှု စတင်ပြန်တော့သည်။

…

သန်းခေါင်ယံအချိန်။

ကျိုးထျဲ့သည် မီးပုံကို စိုက်ကြည့်နေ၏။

ကျောက်လျဲ့က တိုက်ပွဲအခြေအနေကို သတင်းပို့နေသည်။ “သေဆုံးသူ မရှိဘူး။ ဒဏ်ရာအနည်းငယ် ရတဲ့သူ သုံးဆယ့်ခြောက်ယောက် ရှိပါတယ်။ ယမ်းထုပ်ကတော့ ဒီလောက်ပဲ ကျန်ပါတော့တယ်။ ဖြတ်သွားရမယ့် နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ပြီးပါပြီ။”

“အင်း ... ကျုပ်တို့ နှစ်ရက်အထိ စောင့်စရာ မလိုလောက်ဘူး။ အဲဒီ လိုက်လာတဲ့သူတွေက မနက်ဖြန်ဆိုရင် ဆုတ်သွားလောက်ပြီ။”

“ဘာဖြစ်လို့လဲ။” ကျောက်လျဲ့က မေးလိုက်၏။

“နေ့လယ်တုန်းက ကျုပ် သတိထားမိလိုက်တယ်။ အဲဒီလူတွေက ကမန်းကတန်း လိုက်လာရလို့ စားနပ်ရိက္ခာ လုံးဝ မပါလာကြဘူး။ တောင်ပေါ်မှာက ခွန်အား အများကြီး သုံးရတော့ သူတို့ ခံနိုင်မှာ မဟုတ်ဘူး။ အများဆုံး မနက်ဖြန် နေမဝင်ခင် သူတို့ စဆုတ်သွားလိမ့်မယ်။”

“အစ်ကိုထျဲ့ တကယ် တော်တာပဲ။ ဒါကိုတောင် ကြည့်ပြီးသိနေတယ်။”

ကျိုးထျဲ့သည် ကျောက်လျဲ့ကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်၏။ “ခင်ဗျား တို့က ကျုပ်ကို အရမ်း စိတ်ပျက်စေတာပဲ။ ခင်ဗျားတို့သာ အလကား တိုက်ခိုက်မနေဘူးဆိုရင် ဒီလောက် လူအများကြီး ဒဏ်ရာရမှာ မဟုတ်ဘူး။”

“ဒါပေမဲ့... ရန်သူတွေကလည်း သိပ်အစွမ်းထက်တဲ့ ပုံစံမပေါ်ပါဘူး။ အစ်ကိုထျဲ့ ... ကျုပ် ဒီနေ့ ခြောက်ယောက်တောင် သတ်ပစ်လိုက်တယ်။” ကျောက်လျဲ့၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး ကျေနပ်ပုံမပေါ်သေးချေ။

“ခင်ဗျားတို့က လက်နက် အားသာချက် ရှိနေလို့ပါ။ သူတို့ သုံးတာက ငန်းတောင်ပုံစံ ဓားတွေ၊ ဓားကိုယ်က သေးသွယ်ပြီး ရှည်တယ်။ ခင်ဗျားတို့ သုံးတဲ့ ဓားကြီးတွေက တောင့်တင်းပြီး လေးလံတော့ ရန်သူက သဘာဝအရ ကာကွယ်နိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ ခင်ဗျားတို့က ခွန်အားလည်း ကြီးတယ်။ ဒါကို ဂုဏ်ယူနေစရာ မလိုပါဘူး။ ခွန်အားကြီးတော့ကော ဘာဖြစ်လဲ။ ခင်ဗျားတို့က သူများတွေထက် အသား နည်းနည်း ပိုစားရုံတင်ပဲလေ။

ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းတာက ကောင်းတာပဲ။ အမိန့်ကို သေချာ မနာခံနိုင်ရင် စစ်သည်ကောင်း မဟုတ်ဘူး။ ခင်ဗျားတို့ နောက်ဆိုရင် ကျန်းပြောင်နဲ့ ဝေးဝေးနေကြ။ ဒါတွေအကုန်လုံးက သူ့ဆီကနေ သင်လာတဲ့ အကျင့်ဆိုးတွေချည်းပဲ။

အင်း ... ဒါပေမဲ့ ခင်ဗျားတို့ သတ္တိမကြောင်ဘူးဆိုတဲ့ အချက်ကတော့ ကျုပ်နဲ့ တူတယ်။ စွမ်းဆောင်ရည် မဆိုးပါဘူး။”

ထိုစကားကို ကြားသောအခါ ကျောက်လျဲ့သည် ဓားကို ယူ၍ သေချာ ကြည့်လိုက်၏။

“အစ်ကိုထျဲ့ ... သူတို့က စစ်သည်အစစ်တွေ ဖြစ်ပါလျက်နဲ့ ဘာလို့ အဲဒီလို ဓားသေးသေးလေးတွေကို သုံးတာလဲ။ ဘာလို့ ကျုပ်တို့လို ဓားမျိုး မသုံးတာလဲ။ ဓားကြီးက ပိုသုံးလို့ ကောင်းတာကို။”

ကျိုးထျဲ့သည် ကျောက်လျဲ့၏ ဓားကြီးကို ယူကာ တစ်ချက် ဝှေ့ယမ်းကြည့်လိုက်သော်လည်း သိပ်အဆင်မပြေသဖြင့် ပြန်ပေးလိုက်သည်။

သူက ဓားမြန်ကို အသုံးပြုသူဖြစ်ရာ ဤဓားမျိုးကို သုံးရသည်မှာ သိပ်အဆင်မပြေချေ။

“ဒီလိုဓားမျိုးက အပြင်လောကမှာ လုံးဝ မရှိဘူး။ တောက်ယွမ်ခရိုင်မှာပဲ ရှိတာ။ သခင်လေး ကိုယ်တိုင် ကြီးကြပ်ပြီး ဖန်တီးထားတဲ့ ဓားကြီးတွေပဲ။ ဂျပန်တော်လှန်ရေးဓားကြီး လို့ ခေါ်တယ်။ အကောင်းဆုံး သံမဏိတွေကို သုံးထားတာ။ သာမန် ငန်းတောင်ပုံစံ ဓားတွေဆိုရင် ဒီလိုပစ္စည်းမျိုးနဲ့ လုံးဝ မလုပ်နိုင်ဘူး။ ပြီးတော့ ဓားကြီးက လေးလံတော့ သုံးရတာ အလွယ်တကူ ပင်ပန်းနိုင်တယ်။ သာမန် စစ်သည်တွေက ဘယ်လိုလုပ် ခင်ဗျားတို့လို ခွန်အားမျိုး ရှိမှာလဲ။”

ထိုစကားကို ကြားသောအခါ ကျောက်လျဲ့သည် ဓားကိုယ်ထည်ကို မထိန်းနိုင်ဘဲ ပွတ်သပ်လိုက်မိ၏။ ဤဓားသည် ရတနာတစ်ပါး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အဖွဲ့ဝင်တိုင်းကို ထုတ်ပေးထားသဖြင့် သာမန် လက်နက်ဟုသာ ထင်မှတ်ခဲ့မိသည်။

“အစ်ကိုထျဲ့ ... တကယ်လို့ သခင်လေးက အရမ်းဝေးဝေးကို ရောက်သွားပြီး ကျုပ်တို့ အချက်ပြတာကို မမြင်ရရင် ဘယ်လိုလုပ်မလဲ။”

“သခင်လေးရဲ့ ခွန်အားနဲ့ဆိုရင် အရမ်းဝေးဝေးကို လုံးဝ သွားနိုင်မှာ မဟုတ်ဘူး။ စိတ်ချပါ။ ဒါနဲ့ ... သခင်လေးက မီးရှူးမီးပန်း ယူသွားတယ်ဆိုတော့ မီးခြစ်ကော ပါသွားလို့လား။”

“ဟင်။”

All Chapters