← Chapters

အခန်း ၄၇၃

Vol. 26 Ch. 473

အခန်း ၄၇၃

Vol. 26 Ch. 473

အပိုင်း (၄၇၃) အမတ်မင်းဖန်ပြည်သူတွေကြားထဲ ရောက်သွားခြင်း။

တိုက်ပွဲက ဆက်လက် ပြင်းထန်နေဆဲပင်။

ကျောက်လျဲ့တို့ အဖွဲ့သည် ခေတ္တမျှသာ နားလိုက်ရပြီး မြေမြှုပ်မိုင်းများ ပေါက်ကွဲသံကို ကြားလိုက်ရသည်။

ဤတစ်ကြိမ်တွင် ကျိုးထျဲ့သည် လူများကို တောင်ဘက်သို့ ဆက်လက် ဆုတ်ခွာရန် အမိန့်မပေးတော့ချေ။

ထိုအစား ရန်သူများကို ရင်ဆိုင်ရန် အမိန့်ပေးလိုက်၏။

တောတွင်းတိုက်ပွဲ၊ ညတိုက်ပွဲများသည် တောက်ယွမ်ခရိုင်၏ အားသာချက်များ ဖြစ်ပေသည်။

သာမန် စစ်သည်များ၏ လေ့ကျင့်မှု အဆင့်အတန်းနှင့် စားသောက်မှု အဆင့်အတန်းသည် သူတို့လူများနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေ၏။

ကိုယ့်ဘက်မှ လူများသည် ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်ရုံသာမက ညဘက်အမြင်အာရုံလည်း အလွန် ကောင်းမွန်ကြသည်။

ကျိုးထျဲ့၏ အတွေ့အကြုံအရ သာမန် စစ်သည်များ၏ ညဘက်အမြင်အာရုံသည် အလွန်ညံ့ဖျင်းပြီး တစ်ချို့ဆိုလျှင် အရာဝတ္ထုများကို လုံးဝ မမြင်ရသူများပင် ရှိသည်။ မည်သည့်အကြောင်းကြောင့် ဤသို့ဖြစ်ရသည်ကို သူ သေချာမသိသော်လည်း အမှန်တရားကတော့ ထိုအတိုင်းပင် ဖြစ်၏။

တောက်ယွမ်ခရိုင်မှ လူများ၏ ညဘက်အမြင်အာရုံသည် သာမန်လူများထက် အမြဲတမ်း ပိုကောင်းလေ့ရှိသည်။

ရန်သူများက လူအင်အား များပြားသော်လည်း လူစုကွဲနေကြပြီး ခန္ဓာကိုယ်အခြေအနေ မကောင်းသလို ညဘက် စုစည်းမှု စွမ်းရည်လည်း ပိုဆိုးရွား၏။

ကိုယ့်ဘက်က လူနည်းသော်လည်း ညဘက်အမြင်အာရုံ ကောင်းမွန်ပြီး ခွန်အားများလည်း ပြန်လည် ပြည့်ဖြိုးနေပြီဖြစ်ကာ စုစည်းမှုလည်း လွယ်ကူသည်။

ဤအချက်နှစ်ချက်ကို နှိုင်းယှဉ်ကြည့်လိုက်လျှင် ယခုအချိန်အတွက် အကောင်းဆုံး ရွေးချယ်မှုက အရင်စတင် တိုက်ခိုက်ခြင်းပင်။

ညဘက် တောင်ပေါ်တောထဲသည် အလွန်မှောင်မိုက်နေပြီး ကောင်းကင်ပေါ်မှ ကြယ်ရောင်လေးများနှင့် မီးပုံလေးများမှ လွဲ၍ အခြား အလင်းရောင်ဟူ၍ လုံးဝ မရှိသလောက်ပင်။

လူတစ်ရာကျော်သည် ဓားကြီးများကို ကိုင်ဆောင်ကာ တောအုပ်ထဲတွင် သွားလာလှုပ်ရှားနေကြပြီး ဆယ်ယောက်တစ်ဖွဲ့ဖွဲ့ကာ ခိုးကြောင်ခိုးဝှက်ဖြင့် အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်နေကြ၏။

ဝူမင်းသားဘက်မှ လိုက်လံဖမ်းဆီးသူများသည် ညဘက်ဖြစ်နေလျှင်တောင် အတူတကွ စုဝေးနေရန် မရဲကြချေ။ ရန်သူများဘက်တွင် ကောင်းကင်မိုးကြိုးကဲ့သို့သော လက်နက်မျိုး ရှိမရှိ သေချာမသိရသေးသောကြောင့်။

မြေမြှုပ်မိုင်းနင်းမိပြီး လွင့်စင်သွားသူများ ရှိနေပြီဖြစ်ရာ မည်သူကမှ စုဝေးမနေရဲပေ။

တိတ်ဆိတ်နေသော တောအုပ်ထဲတွင် နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ တစ်ဖက်သတ် သတ်ဖြတ်မှုကြီး စတင်နေပြီဖြစ်သည်။

အချိန် မည်မျှ ကြာသွားသည်ကိုတော့ မသိရချေ။ ကောင်းကင်ကြီးက တဖြည်းဖြည်း လင်းလာခဲ့ပြီဖြစ်သည်။

ကျိုးထျဲ့သည် ဓားရှည်ကို မှီထားပြီး အောက်ဘက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားသော ရန်သူများကို ကြည့်ကာ ချွေးများကို သုတ်လိုက်၏။

“ဟက်ဟက် ... ဒီလောက်နဲ့ပဲ တော်လိုက်ကြစို့။ ညီအစ်ကိုတွေကို တောင်ဘက်ကို အမြန်ဆုတ်ပြီး နားဖို့ နေရာရှာခိုင်းလိုက်။ ရန်သူက ချက်ချင်း ဆုတ်သွားနိုင်သလို ဆက်ပြီး လိုက်လာနိုင်သေးတယ်။ သတိ မလွတ်စေနဲ့။”

ကျောက်လျဲ့က အော်ဖြေလိုက်ပြီး လူစုကွဲနေသော ညီအစ်ကိုများကို အလျင်အမြန် သွားရောက် စုစည်း လိုက်သည်။

…

ကမ်းခြေတွင်။

ဝူမင်းသားသည် တစ်ညလုံး အိပ်မပျော်ခဲ့သလို သင်္ဘောပေါ်သို့လည်း မတက်ခဲ့ဘဲ ကမ်းခြေရှိ ကျောက်တုံးပေါ်တွင် ထိုင်ကာ ငေးမောနေခဲ့၏။

စိတ်ထဲတွင်လည်း ခံစားချက်များက ပင်လယ်လှိုင်းများကဲ့သို့ လှုပ်ခတ်နေခဲ့သည်။

အနောက်ဘက်တွင် နေဝန်းကြီး ထွက်ပေါ်လာပြီး နေမြင့်လာသည်နှင့်အမျှ အပူရှိန်ကလည်း တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီဖြစ်၏။

ပင်လယ်ရှုခင်းက အလွန်လှပသော်လည်း ဝူမင်းသားသည် ခံစားရန် စိတ်မပါချေ။

မလှမ်းမကမ်းရှိ တောအုပ်ကို ကြည့်နေစဉ် ရုတ်တရက် လူတစ်စုသည် တောအုပ်ထဲမှ စုတ်ပြတ်သတ်စွာ ထွက်လာသည်။ ဝူမင်းသားသည် ထိုသူတို့ကို မြင်သောအခါ အလျင်အမြန် မတ်တပ်ထရပ်ကာ လှမ်းကြည့်လိုက်၏။

တောအုပ်ထဲမှ ထွက်လာသော စစ်သည်များ တဖြည်းဖြည်း များလာသော်လည်း အားလုံး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အလွန်ဆိုးရွားနေသည်ကို မြင်တွေ့ရသည်။

ဝူမင်းသား၏ စိတ်ဓာတ်များသည် ချက်ချင်း အောက်ခြေအထိ ထိုးကျသွားခဲ့၏။

သိပ်မကြာခင်မှာပဲ ခေါင်းဆောင်တပ်မှူးသည် ဝူမင်းသားရှေ့သို့ ရောက်လာပြီး ဝိညာဉ်လွင့်နေသည့် အမူအရာမျိုး ဖြစ်နေသည်။ ပြီးနောက် ခေါင်းငုံ့၍ စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး... ကျွန်တော်မျိုး အရည်အချင်းမရှိလို့ သူ ... သူတို့ကို ထွက်ပြေးခွင့် ပေးလိုက်ရပါတယ်။”

ဝူမင်းသား၏ နှုတ်ခမ်းများ လှုပ်ခါသွားပြီး တုန်ရီသော အသံဖြင့် မေးလိုက်သည်။ “ရန်သူက တကယ်တမ်း လူဘယ်လောက် ရှိလို့လဲ ... ကျုပ်ကြည့်ရတာ ပြန်လာတဲ့သူတွေက တစ်ဝက်တောင် မပြည့်တော့ပါလား။”

“ရန်သူက လူတစ်ရာကျော်ပဲ ... ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကောင်းကင်မိုးကြိုးတွေက တကယ်ကို အစွမ်းထက်လွန်းလို့ ကျုပ်တို့ အနားတောင် ကပ်လို့မရခဲ့ပါဘူး ... လူတစ်ထောင့်နှစ်ရာက တောင်ပေါ်ကို လိုက်ဖမ်းဖို့ တာဝန်ယူခဲ့တာ ... သေဆုံးသူ ... ခုနစ်ရာကျော် ရှိပါတယ်။ တချို့လူတွေဆိုရင် အလောင်းတောင် အပြည့်အစုံ ပြန်ရှာလို့ မရတော့ပါဘူး။”

ခေါင်းဆောင်တပ်မှူး၏ လည်ချောင်းများ ခြောက်သွေ့နေပြီး မျက်လုံးများလည်း နီရဲနေ၏။

မတတ်သာသည့်အဆုံး သူ လိမ်ပြောလိုက်ရသည်။

ယမ်းထုပ်များက အစွမ်းထက်သော်လည်း ထိုမျှလောက် အများကြီး မရှိချေ။

အဓိက အကြောင်းရင်းက ရန်သူများ၏ ရက်စက်ကြမ်းကြုတ်မှုက အလွန်အမင်း ထိတ်လန့်စရာ ကောင်းနေခြင်းပင်။

ယမန်ညက ရန်သူများသည် သရဲတစ္ဆေများကဲ့သို့ ပေါ်လာပြီး နေရာအနှံ့ လူသတ်ကာ ပြီးသည်နှင့် အမှောင်ထဲသို့ ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားကြသည်။ သူတို့မှာလည်း စုစည်းပြီး လိုက်ဖမ်းရန် မရဲကြသဖြင့် ကာကွယ်စရာနည်းလမ်း၊ ရှောင်လွှဲစရာနည်းလမ်း လုံးဝ မရှိခဲ့ချေ။

ကိုယ့်ဘက်မှ စိတ်ဓာတ်များ အောက်ခြေအထိ ထိုးကျသွားခဲ့ပြီး အားလုံး ထိတ်လန့်သွားကြကာ ဆက်လက် တိုက်ခိုက်ရန် ခွန်အား မရှိတော့ပေ။

ထို့အပြင် စားနပ်ရိက္ခာလည်း မပါလာသဖြင့် နောက်ထပ် တစ်ရက်သာ ထပ်ဆွဲထားမည်ဆိုပါက လူတစ်ထောင်ကျော်သ ည် လူတစ်ရာကျော်၏ သတ်ဖြတ်ခြင်းကို အကုန်အစင် ခံရလိမ့်မည်။

ဝူမင်းသား၏ တစ်ကိုယ်လုံး ယိမ်းယိုင်သွားပြီး တစ်ခဏအတွင်းမှာပင် ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ ဖြစ်သွားခဲ့၏။

ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေခဲ့သည်။ “ဆယ်ဆလောက် များတဲ့ စစ်သည်အင်အားနဲ့တောင် နည်းတဲ့သူကို အရှုံးပေးလိုက်ရတယ် ... ကောင်းကင်ဘုံရဲ့ အလိုတော် ... ဒါ ကောင်းကင်ဘုံရဲ့ အလိုတော်များလား။”

ချန်ကျန့်က အလျင်အမြန် တွဲဖေးထားပြီး တောင်းပန်လိုက်၏။ “အရှင်မင်းကြီး... ကျုပ်တို့ မြန်မြန် ဆုတ်ခွာကြပါစို့။”

“ဆုတ်မယ် ... လမ်းမကြီးကို ပိတ်ဆို့ထားတဲ့ လူတွေကို ပြန်ခေါ်လိုက်။ ကျုပ်တို့ ချက်ချင်း ပင်လယ်ထဲ ထွက်ကြမယ်။”

…

လေးရက်ကြာပြီးနောက်။

အဝတ်အစားများ စုတ်ပြတ်သတ်နေသော သူတောင်းစားတစ်ယောက်သည် လမ်းမကြီးပေါ်တွင် ပေါ်လာခဲ့၏။

ကိုယ်ပေါ်ရှိ အဝတ်အစားများသည် အမြှောင်းမြှောင်း စုတ်ပြဲနေပြီး နေရာအနှံ့ ညစ်ပတ်ပေရေနေကာ ပင်လယ်ရေမှော်များ ခြုံထားသကဲ့သို့ ဖြစ်နေသည်။

ခြေတရွတ်ဆွဲကာ တုတ်ကောက်အစုတ်လေးကို ထောက်၍ ဆံပင်ဖားလျားနှင့် မျက်လုံးများ ဝိညာဉ်ကင်းမဲ့စွာ လမ်းပေါ်တွင် လျှောက်သွားနေ၏။

တစ်ခါတစ်ရံ သူ့ဘေးမှ ဖြတ်သွားသော လူများသည်လည်း သူ့ကို အလောတကြီး ရှောင်ဖယ်သွားကြသည်။

ဤလူကတော့ ဖန်ကျန်းရီပင် ဖြစ်၏။

ငါးရက်။ တိတိကျကျ ငါးရက်။ ပါလာသော စားစရာအနည်းငယ်နှင့်အတူ ပိုးကောင်အချို့ကို ကောက်စားပြီး တောထဲရှိ ရေအိုင်များမှ ရေကို သောက်ကာ အသက်ရှင်သန်ခဲ့ရသည်။

ပထမနေ့မှာပင် တောဝက်နှင့် ထိပ်တိုက်တိုးခဲ့၏။

ဖန်ကျန်းရီသည် ကြောက်လန့်တကြား တောထဲတွင် ဘယ်ညာ ပြေးလွှားခဲ့ရသည်။

ကံကောင်းစွာဖြင့် သေနတ်တစ်လက် ပါလာခဲ့သည်။ သေနတ်ဖြင့် တစ်ချက်ပစ်လိုက်ရာ တောဝက်ကို တည့်တည့်မှန်သွားခဲ့၏။

တောဝက်သည် အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီး သူ့ကို အသေလိုက်သတ်တော့သည်။ ကံကောင်းစွာဖြင့် ဒုတိယအချက် ပစ်လိုက်မှသာ ထွက်ပြေးသွားခဲ့သည်။

ထိုအချိန်မှစ၍ ဖန်ကျန်းရီသည် ဘယ်ညာ လျှောက်မသွားရဲတော့ဘဲ သစ်ပင်ပေါ်တွင် တစ်ရက်လုံး နေခဲ့ရသည်။

ဒုတိယနေ့ ညဘက်အထိ အသက်လု၍ တောင့်ခံခဲ့ပြီး ချမ်းလွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။ အစောင့်၏ အဝတ်အစားက အတော်လေး ထူနေ၍သာ တော်တော့သည်။

မီးရှူးမီးပန်းကို ထုတ်ကာ အချက်ပြရန် ပြင်လိုက်သော်လည်း ... မီးမပါလာကြောင်း သတိထားမိလိုက်သဖြင့် လူကို ပြန်ရှာရန် အနောက်သို့ လှည့်ပြန်ရတော့၏။

သစ်သားပွတ်ပြီး မီးမွှေးရန်လား။ နေ့တိုင်း ကြိုးစားကြည့်ခဲ့သည်။

ဖန်ကျန်းရီ၏ လက်တစ်ဖက်လုံး အရည်ကြည်ဖုများ ထွက်နေပြီး တစ်ခါမှ အောင်မြင်ခဲ့ခြင်း မရှိချေ။

လမ်းကြောင်းကိုလည်း လုံးဝ ခွဲခြားမသိတော့ပေ။ ခေါင်းမရှိသော ယင်ကောင်ကဲ့သို့ နေရာအနှံ့ လျှောက်သွားနေပြီး ထိုသို့လုပ်နေခြင်းက ဘာမှအရာမထင်ကြောင်း သတိထားမိသောအခါ မတတ်သာသည့် အဆုံး လမ်းတစ်လမ်းကို ရွေးချယ်ကာ နောက်လှည့်မကြည့်ဘဲ လျှောက်သွားခဲ့ရ၏။

ကျိုးထျဲ့တို့ သူ့ကို ရှာတွေ့နိုင်စေရန် အဝတ်အစားများကို ဆုတ်ဖြဲကာ လမ်းတစ်လျှောက် အမှတ်အသားများ ချန်ထားခဲ့၏။

သို့ပေမည့် အဝတ်အစားစများက သိပ်မလုံလောက်ပေ။ အအေးဒဏ်ကြောင့် သေသွားမည်ကို စိုးရိမ်သဖြင့် နောက်ပိုင်းတွင် ဆက်မဖြဲရဲတော့ချေ။

ကံကောင်းစွာဖြင့် ... နောက်ဆုံးတွင် တောင်ပေါ်မှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည်။

လမ်းမကြီးပေါ်တွင် လျှောက်သွားနေသော ဖန်ကျန်းရီသည် ယခုအခါ နောက်ဆုံး မျှော်လင့်ချက်လေးဖြင့်သာ တောင့်ခံထားရခြင်း ဖြစ်၏။

ပုံမှန်အချိန်များတွင် ကောင်းကောင်းမွန်မွန် စားသောက်နေထိုင်ခဲ့ပြီး အဆီပိုများ ရှိနေ၍သာ တော်တော့သည်။ သို့မဟုတ်ပါက တောင်ပေါ်မှာတင် သေသွားလောက်သည်။

ယခုအခါ နှုတ်ခမ်းများ ခြောက်သွေ့ကွဲအက်နေပြီး သွေးများ အဆက်မပြတ် စိမ့်ထွက်နေ၏။ သူသည် နောက်ဆုံး ခွန်အား အနည်းငယ်သာ ကျန်တော့ပြီး အားကုန်သွားမည်ကို စိုးရိမ်သဖြင့် စကားတစ်ခွန်းပင် ပိုမပြောရဲတော့ချေ။

ကံကောင်းစွာဖြင့် ဘေးနားရှိ ခရီးသွားများက သူ့အတွက် မျှော်လင့်ချက်များစွာ ပေးစွမ်းနိုင်ခဲ့သည်။

လူတွေ ရှိနေတယ်ဆိုတာ ... အနီးအနားမှာ မြို့တစ်မြို့ ဒါမှမဟုတ် ရွာတစ်ရွာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

အခု ဆုတောင်းနေရတာက ... ရွာ မဟုတ်ဖို့ပဲ။

လက်တွေ့ဘဝက ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး။ ရွာသားတွေက ကိုယ့်ဝမ်းကိုယ်ဝဖို့တောင် ခက်ခဲနေကြတာ၊ ဘယ်သူကများ စေတနာကောင်းနဲ့ သူတောင်းစားကို ကျွေးမွေးဖို့ ဆန္ဒရှိမှာလဲ။ ဒီအတိုင်း ဆက်တောင့်ခံနေရင် ရွာထိပ်မှာတင် သေသွားလောက်တယ်။

တကယ်လို့ မြို့တစ်မြို့သာ ဆိုရင်တော့ အခြေအနေက အများကြီး ပိုကောင်းသွားလိမ့်မယ်။

ခွေးကောင် ကျိုးထျဲ့ … ငါ့ကို အချက်ပြဖို့ ပစ္စည်းပေးပြီး မီးမပေးဘူး။ သောက်ကျိုးနည်း။

ဖန်ကျန်းရီသည် စိတ်ထဲတွင် အဆက်မပြတ် ကျိန်ဆဲနေမိပြန်၏။

ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ခမ်းနားကြီးကျယ်သော မြို့ကြီးတစ်မြို့သည် ဖန်ကျန်းရီ၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။

ဖန်ကျန်းရီ၏ မျက်နှာသေကြီးပေါ်တွင် ရုတ်တရက် အသက်ဝင်လှုပ်ရှားမှုလေး တစ်ခု ပေါ်လာခဲ့၏။

သူ ပြုံးလိုက်သည်။ ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် ခွန်အားတစ်ခု ပေါ်ထွက်လာခဲ့၏။

မျက်လုံးများ အရောင်လက်သွားပြီး မလှမ်းမကမ်းကို ကြည့်လိုက်သည်။

တောင်ပေါ်မှာတော့ ... မစွမ်းဘူး။ ဒါပေမဲ့ လူတွေရှိတဲ့ နေရာကို ရောက်သွားရင် ငါက ဆရာကြီးပဲ။

“ဟက်ဟက်ဟက်ဟက် ... ဟားဟားဟားဟားဟား ... ။”

ဖန်ကျန်းရီသည် အရူးတစ်ယောက်လို ရယ်မောလိုက်ရာ ဘေးနားရှိ လူများက ကြောက်လန့်တကြား ရှောင်ဖယ်သွားကြ၏။

သို့ပေမည့် သူက ဂရုမစိုက်ဘဲ တုတ်ကောက်ကို ထောက်ကာ မြို့တံခါးဆီသို့ ယိမ်းယိုင်လျက် အပြေးကလေး သွားသည်။

နောက်ဆုံးတွင် မြို့တံခါးသို့ ရောက်သောအခါ ဖန်ကျန်းရီသည် တစ်ကိုယ်လုံး တုန်ယင်နေအောင် စိတ်လှုပ်ရှားနေပြီး ဘာမှမစဉ်းစားဘဲ မြို့တံခါးထဲသို့ ဝင်ရန် ပြင်လိုက်၏။

ရုတ်တရက် ကြီးမားသော လက်တစ်စုံက ဖန်ကျန်းရီကို အားကုန် တွန်းထုတ်လိုက်သည်။

ဖန်ကျန်းရီ မြေပေါ်သို့ လဲကျသွားပြီး လက်ပိုင်ရှင်ကို အသက်ဝိညာဉ်ကင်းမဲ့စွာ ကြည့်လိုက်၏။

မြို့တံခါးစောင့်သည် လက်ပိုက်ထားပြီး ဖန်ကျန်းရီကို လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ဘယ်က သူတောင်းစားလဲ။ ထွက်သွားစမ်း။”

“ ... ”

All Chapters